အခန်း (၂၀၈-၂၁၀)
Vol. 14 Ch. 208-210
အခန်း(၂၀၈) နတ်ဆိုးဂိုဏ်း
ချူးယွင်ဖန်းက တွက်ချက်ကြည့်လိုက်သောအခါ လေ့ကျင့်ရေးစခန်းသည် နှစ်လခန့်ကြာရှည်မည်ဖြစ်သဖြင့် လေ့ကျင့်ရေးစခန်းပြီးဆုံးသွားလျှင် ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် တစ်လခန့်အတိအကျကျန်မည်ဖြစ်၏။
ဟွာချန်ရှန်စကားအနည်းငယ်ပြောပြီးနောက်တွင် ကျောင်းသားများအား ပြန်ခွင့်ပေးခဲ့သည်။ ရွှယ်ပိုင်လုံကမူ ချူးယွင်ဖန်းအားခေါ်၍
“ချူးယွင်ဖန်း၊ မပြန်နဲ့ဦး၊ ငါမင်းနဲ့ဆွေးနွေးစရာရှိသေးတယ်။”
နှစ်ဦးသားသည် ကျောင်းဧည့်ခန်းသို့သွားကာ မျက်နှာချင်းဆိုင်၍ ထိုင်လိုက်ကြသည်။
“ခင်ဗျား ကျွန်တော့်ကို ဘာလို့ရှာနေတာလဲမသိဘူး။ စစ်တပ်ထဲ ဝင်ဖို့တော့ မပြောနဲ့ဦးနော်။ လောလောဆယ် အဲ့အကြောင်းစဥ်းစားဖို့အချိန်မရှိသေးဘူး”
ချူးယွင်ဖန်းသည် ရွှယ်ပိုင်လုံးအား ချက်ချင်းပင် စကားဖြတ်ပြောလိုက်သည်။
“ဒီကောင်လေး…” ရွှယ်ပိုင်လုံက ရယ်ရမည်ငိုရမည်မသိတော့ပေ။
“စိတ်မပူပါနဲ့ မင်းကို တပ်သားသစ်စုဆောင်းဖို့ လာရှာတာမဟုတ်ဘူး။ ငါမင်းကို ပြောစရာရှိတယ်”
ရွှယ်ပိုင်လုံသည် စကားပြောရင်းဖြင့် လေးနက်လာ၏။
“အဲ့တာ နတ်ဆိုး ကိုးကွယ်ဂိုဏ်းအကြောင်းပါ”
ချူးယွင်ဖန်းလည်း ဤသည်ကို ကြားသောအခါ သူ၏ ပျင်းရိသော အမူအယာကို ချက်ချင်းပင်ဖယ်လိုက်၍ လေးနက်လာသည်။ နတ်ဆိုးနှင့် ပတ်သက်သည့် အကြောင်းအရာသည် အသေးအဖွဲ့မဟုတ်ကြောင်း သူသိသည်။ ထို့အပြင် ဤဂိုဏ်းအဖွဲ့သည် သူ့ညီမကို ပစ်မှတ်ထားခဲ့သောကြောင့် ၎င်းတို့အကြောင်းနှင့်ပတ်သက်၍ အလွန်အကဲဆတ်သည်။
“ဗိုလ်ကြီးရွှယ်၊ ကျေးဇူးပြုပြီး ဆက်ပြောပါ”
ရွှယ်ပိုင်လုံက ခဏတာရပ်ကာ “မင်းရဲ့ ကျောင်းအုပ်ကြီးဆီကနေ အပြင်းအထန်လေ့ကျင့်ရေးအကြောင်း မင်းအခုလေးတင် ကြားခဲ့ပြီးပြီနော်။ အဲ့ထဲမှာ အဲ့ဒီ့ဂိုဏ်းလည်းပါတယ်လို့ငါပြောရင် ဘယ်လိုလဲ”
“ဘာလဲ” ချူးယွင်ဖန်း အနည်းငယ်ထိတ်လန့်သွားသည်။
လေ့ကျင့်ရေးစခန်းတွင် တည်ငြိမ်သမုဒ္ဒရာမြို့ရှိ ကျောင်းတစ်ကျောင်းစီမှ ထိပ်တန်းကျောင်းသားအယောက်နှစ်ဆယ်ပါဝင်မည်ဖြစ်သည်။ တစ်ခုခုသာဖြစ်ခဲ့လျှင် အကျိုးဆက်သည် မှန်းဆ၍ပင်ရနိုင်မည်မဟုတ်ပေ။
“ဒါက ဘယ်လောက် အန္တရာယ်ကြီးတယ်ဆိုတာ မင်းနားလည်သင့်တယ်”
“အဲ့လောက် အန္တရာယ်များရင် ဘာလို့ အဲ့အစီအစဥ်ကို လုပ်ထားတာလဲ” ချူးယွင်ဖန်းက မေး၏။
ရွှယ်ပိုင်လုံသည် ချူးယွင်ဖန်းအား ကြည့်ကာ၊
“ဘာလို့လည်းဆိုတော့ အဲ့တာက တားလို့မရဘူးလေ။ ပြည်ထောင်စုအစိုးရအတွက်တော့ အဲ့ဂိုဏ်းက မျက်မှောက်ခေတ်တုန်းက အကြမ်းဖက်သမားတွေလိုပဲ။ ငါတို့က သူတို့နဲ့ အပေးအယူမလုပ်နိုင်ဘူး။ ဒါ့ကြောင့် ကိစ္စတွေက ပိုပိုပြီးတင်းမာလာတယ်။ ပထမအကြိမ်ရှိရင် ဒုတိယအကြိမ်၊ တတိယအကြိမ်၊ နောက်ဆုံး စတုတ္ထအကြိမ်တွေအထိရှိလာမှာပဲ။ ငါတို့က ဒီခြိမ်းခြောက်မှုတွေကို ကြောက်ရုံနဲ့ ဒီတိုင်းအကုန်လုံးကို အလွတ်ပေးလိုက်ရမှာလား။ မဖြစ်နိုင်ဘူးလေ။ ဒါ့ကြောင့် အန္တရာယ်ရှိမှန်းသိပေမယ့် ငါတို့ ဒီလေ့ကျင့်ရေးစခန်းကို ဆက်လုပ်ဖို့လိုတယ်”
ချူးယွင်ဖန်းက ချက်ချင်းသဘောပေါက်သွားသည်။ လူ့အဖွဲ့အစည်းတွင် လူတစ်ဦးသေဆုံးသည်ဖြစ်စေ၊ လူဆယ်ယောက် သေဆုံးသည်ဖြစ်စေ၊ လူအယောက်တစ်ရာသေဆုံးသည်ဖြစ်စေ၊ ယင်းသည် ကြီးမားသော ကိစ္စရပ်တစ်ခုဖြစ်ပေလိမ့်မည်။ သို့သော် အကယ်၍ ထောင်ပေါင်းများစွာသေဆုံးလျှင်မူ ၎င်းသည် ကိန်းဂဏန်းများသာဖြစ်ပေလိမ့်မည်။ ပြည်ထောင်စုအစိုးရသည် ဤကျောင်းသားများကြောင့်တော့ ထိုဂိုဏ်းနှင့် အပေးအယူမလုပ်နိုင်၊ မညှိနှိုင်းနိုင်ပေ။ ဤသို့မှမဟုတ်လျှင် ဂိုဏ်းကို တားမြစ်နိုင်မည်မဟုတ်ဘဲ ပို၍ပင် ရဲတင်းလာကြပေမည်ဖြစ်၏။
ပြည်ထောင်စုအစိုးရ၏ လက်ရှိသဘောထားအရ သူတို့သည် ထိုဂိုဏ်းမှ ခေါင်းထောင်လာသည်နှင့် ချက်ချင်းပင်တိုက်ခိုက်မည်ဖြစ်သည်။ တစ်နည်းဆိုရလျှင် သူတို့ပေါ်လာသည်နှင့်၊ ပေါ်လာရဲသည်နှင့် အသတ်ခံရမည်ဖြစ်၏။
တည်ငြိမ်သမုဒ္ဒရာမြို့မှ ကျောင်းသားများအားလုံးကို စတေးရလျှင်ပင် ၎င်းသည် အရေးမကြီးပေ။ အကယ်၍ ဤကျောင်းသားများ အားလုံး သေဆုံးသွားကြပါက နောက်တစ်နှစ်တွင် အစားထိုးရန်ကျောင်းသားများ ထပ်မံရောက်လာပေလိမ့်မည်ဖြစ်သဖြင့် သက်ရောက်မှု များများစားစားရှိလိမ့်မည်မဟုတ်ပေ။ ထို့အပြင် တည်ငြိမ်သမုဒ္ဒရာမြို့သည် တုန်ဟွာမြို့၏ သြဇာခံမြို့တစ်ခုသာဖြစ်သဖြင့် လုံးဝအရေးမပါသလောက်ရှိသည်။
ဤကိစ္စသည် လျို့ဝှက်ချက်များထဲမှ အကြီးမားဆုံးလျှို့ဝှက်ချက်တစ်ခုဖြစ်ကြောင်း
ချူးယွင်ဖန်း ရုတ်တရက် သဘောပေါက်လိုက်သည်။ ထို့ကြောင့် ယခုအချိန်မှတော့ ဘာမှမသိချင်ယောင်ဆောင်၍မရတော့ပေ။
ချူးယွင်ဖန်း၏ တုံ့ပြန်မှုကို မြင်လိုက်ရသောအခါ ရွှယ်ပိုင်လုံမှာ မရယ်ဘဲမနေနိုင်တော့ပေ။ သူသည် ရွှယ်ပိုင်လုံအား စနောက်နေခြင်းသာဖြစ်၏။ ချူးယွင်ဖန်းအား သူ့လက်ထဲတွင် ဉာဏ်ပညာပုလဲတစ်လုံးရှိသကဲ့သို့ စဥ်းစားတွေးခေါ်တတ်စေရန် မည်သူက တောင်းဆိုထားသနည်း။
“ကျွန်တော့်မှာ ရွေးချယ်စရာမရှိဘူးလို့ဆိုလိုတာလား” ချူးယွင်ဖန်းက မေးသည်။
“ဒါပေါ့ မင်းမှာ ရွေးချယ်စရာမရှိဘူး၊ ဒီကိစ္စက မင်းကြောင့်ဖြစ်ရတာ”
“ကျွန်တော့်ကြောင့်၊ ဟုတ်လား။ ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ၊ ကျွန်တော်ပါဝင်ပတ်သက်နေလို့လား” ချူးယွင်ဖန်းသည် မည်သို့ပြောရမည်မှန်းမသိတော့ပေ။
“ဒါပေါ့၊ မင်းနဲ့ဆိုင်တာပေါ့။ မင်းညီမကို နတ်ဆိုးကိုးကွယ်ဂိုဏ်းက ဘယ်လိုပြန်ပေးဆွဲခဲ့တာလဲ မင်းမှတ်မိသေးလား”
“အဲ့တာနဲ့ ဘာဆိုင်လို့လဲ”
“ဆိုင်တာပေါ့၊ မင်းကြောင့် စစ်တပ်က ဂိုဏ်းရဲ့လမ်းကြောင်းတွေကို လိုက်သွားပြီး အဖွဲ့ဝင်တွေအများကြီးကို ဖမ်းနိုင်ခဲ့တယ်။ တည်ငြိမ်သမုဒ္ဒရာမြို့ရဲ့ ဌာနခွဲခေါင်းဆောင်ကိုတောင် ငါကိုယ်တိုင် သတ်ခဲ့ရတာ။ အဲ့ဒီနောက် မြို့တွင်း ဂိုဏ်းက နောက်ထပ်အုပ်စုတစ်ခုအဖြစ်ပြောင်းသွားပြီး နောက်ခေါင်းဆောင်ဆောင်တစ်ယောက်တင်လိုက်တယ်။ ဒီကောင်က ရည်မှန်းချက်ကြီးပြီးတော့ ဒီကိစ္စကို အလုပ်ဖြစ်စေချင်တာ။ ငါတို့ကိုလည်း လက်စားချေချင်ကြတယ်။ ဒါကြောင့် ဒီစစ်ဆင်ရေးကို ငါတို့ လုပ်ခဲ့တာပဲ။ ဒါက မင်းနဲ့မသက်ဆိုင်ဘူးလို့ ထင်သေးတာလား” ရွှယ်ပိုင်လုံက အပြုံးဖြင့်ပြောသည်။
ချူးယွင်ဖန်းက မျက်လုံးလှန်ကာ ပြောလိုက်သည်။
“ဒါက ဆက်စပ်မှုပါနော် အကြောင်းအရင်းမဟုတ်ဘူးဗျ”
ဤသည်က ကျိုးကြောင်းစီလျော်မှုရှိသည်။ ချူးယွင်ဖန်းကြောင့်သာမဟုတ်ပါက ဤအဖြစ်အပျက်များ ဆက်တိုက်ဖြစ်လာလိမ့်မည်မဟုတ်ပေ။ သို့သော် ရွှယ်ပိုင်လုံ၏ စကားများသည် ချူးယွင်ဖန်းမရှိပါက နတ်ဆိုးဂိုဏ်းသည် ဥပဒေများကို လိုက်နာကာ၊ ပြဿနာမမရှာဘဲ နေမည့်ပုံပေါက်နေ၏။
“ဒီအချက်အလက်ကို ခင်ဗျားဘယ်ကရမှန်းမသိပေမယ့်၊ ဒီလိုအချက်အလက်တွေက လျှို့ဝှက်ထားသင့်တယ်မဟုတ်ဘူးလား။ ခင်ဗျား ကျွန်တော့်ကို ဒီအတိုင်းပြောပြနေတာလား”
“ဒါပေါ့၊ အဲ့တာက အကြောင်းပြချက်မရှိတာတော့မဟုတ်ပါဘူး။ ငါတို့ မင်းဆီမလာခင် သေချာစဥ်းစားခဲ့ပါတယ်”
“ဒါဆို ကျွန်တော့်ကို လာရှာဖို့ ဘာလို့ဆုံးဖြတ်ချက်ချခဲ့တာလဲ။ ကျွန်တော့်ခွန်အားက အဲ့ဒီဂိုဏ်းနဲ့ မယှဥ်နိုင်မှာ စိုးရိမ်တယ်”
“ငါရှင်းပြမယ် ။သူတို့ကို ထိပ်တိုက်ရင်ဆိုင်ဖို့မဖြစ်နိုင်ဘူး။ ကျောင်းသားတွေကြားမှာ သူလျှိုတွေရှိနေမယ်ထင်လို့ လေ့ကျင့်ရေးစခန်းထဲမှာ မင်းတို့ သတိထား၊ စောင့်ကြည့်ပြီး ငါတို့ကို ကူညီပေးနိုင်မယ်လို့မျှော်လင့်ထားတယ်။ ငါတို့ မစွက်ဖက်နိုင်တဲ့အရာတွေအများကြီးရှိတဲ့အပြင် ရန်သူကို သတိပေးသလိုလည်းဖြစ်မှာစိုးလို့ မင်းတို့ကူညီမှရမယ်” ရွှယ်ပိုင်လုံသည် နောက်ဆုံးတွင် လေးနက်သောအသံဖြင့်ပြောလိုက်သည်။
“မင်းတို့တွေ၊ ဟုတ်လား။ ကျွန်တော့်အပြင် တခြားသူတွေရှိသေးတာလား” ချူးယွင်ဖန်းကမေးသည်။
“ဒါပေါ့၊ ဒီလောက်အရေးကြီးတဲ့ ကိစ္စနဲ့ ငါ့ဆီရောက်လာတာ မင်းတစ်ယောက်တည်းဘယ်ဟုတ်မလဲကွ” ရွှယ်ပိုင်လုံက အမှန်အတိုင်းပြောလိုက်သည်။
“သတိထားပါ၊ တစ်ခုခုမှားနေတယ်လို့ ခံစားရရင် ငါ့ကို ချက်ချင်းဆက်သွယ်ပါ။ မင်း ဂိုဏ်းအကြောင်းမသိခဲ့ရင် ဂရုစိုက်ဖို့မလိုပေမယ့် အခု မင်းသိပြီဆိုတော့ ငါတို့ အဲ့ဂိုဏ်းကို လွယ်လွယ်နဲ့ မလွှတ်ထားပေးနိုင်ဘူး။ သေချာပေါက် တောင်းစရာရှိတာတောင်းရမယ်”
ရွှယ်ပိုင်လုံကာ ဤသို့ပြောနေစဥ်တွင် သူ့မျက်လုံးထဲ၌ ရက်စက်သော အရိပ်အယောင်များတောက်ပလာ၏။
“ကောင်းပြီ၊ ကိစ္စတစ်ခုခုရှိရင် ငါ့ကို အကြောင်းကြားဖို့မမေ့ပါနဲ့။ ငါ့မှာ လုပ်စရာတွေရှိသးတယ်။ တစ်လခွဲလောက်နေရင် ပြန်တွေ့ကြတာပေါ့”
ချူးယွင်ဖန်းက ဤကိစ္စကို လျှို့ဝှက်ထားပေးမည်ဖြစ်ကြောင်း ကတိပေးပြီးနောက်တွင် ရွှယ်ပိုင်လုံထွက်ခွာသွားသည်။
ချူးယွင်ဖန်း၏ အမူအရာသည်မူ ဆိုးရွားလျက်ရှိကာ၊ ရွှယ်ပိုင်လုံ၏ စကားများသည် သူ့အတွက် သတိပေးခေါင်းလောင်းကဲ့သို့ ထွက်ပေါ်လျက်ရှိ၏။ ဤနှစ်၏ အပြင်းအထန်လေ့ကျင့်ရေးစခန်းသည် ဤမျှ ရိုးရှင်းလိမ့်မည်မဟုတ်ပေ။ ဂိုဏ်းနှင့် စစ်တပ်တွင် ကိုယ်စီကိုယ်စီ အစီအစဥ်များ ရှိကြသည်။ လေ့ကျင့်ရေးစခန်းတွင် ပြင်းထန်သည့် တိုက်ပွဲတစ်ခု ဖြစ်ပွားလာနိုင်၏။
ဂိုဏ်းဖြစ်စေ စစ်တပ်ဖြစ်စေ၊ ချူးယွင်ဖန်း၏ လက်ရှိအင်အားဖြင့်ယှဥ်လျှင် ခွန်အားကြီးမားလွန်း၏။ ယခု ဤအဖွဲ့ကြီးနှစ်ဖွဲ့ကြား ကြားညပ်ခံနေရပြီဖြစ်သဖြင့် သူပို၍ပင် သတိထားရပေလိမ့်မည်။
သို့သော် သူ့တွင် ရွေးချယ်စရာမရှိပေ။ သူ့ညီမလေးကြောင့် သူသည် ဂိုဏ်းနှင့် အတူတကွ ငြိမ်းငြိမ်းချမ်းချမ်း ယှဥ်တွဲနေနိုင်မည့် ကံမပါလာပေ။ ထို့အပြင်၊ နတ်ဆိုးများသည် လူသားမျိုးနွယ်ကို ဖြိုခွဲလိုသည့်အချက်သည့်အကြောင်းကိုလည်း ချူးယွင်ဖန်း သည်းမခံနိုင်ပေ။
“အခြားရွေးချယ်စရာမရှိဘူးဆိုတော့၊ မုန်တိုင်းဆိုလည်း တိုးရတော့မှာပဲ”
အခန်း(၂၀၉) ပိုက်ဆံကို ရေလိုဖြုန်းတယ်ဆိုတာ ဒါပေါ့
ရွှယ်ပိုင်လုံသည် နတ်ဆိုးကိုးကွယ်ဂိုဏ်းအကြောင်း ချူးယွင်ဖန်းအားပြောပြခဲ့သည်။ လာမည့် လေ့ကျင့်ရေးသင်တန်းတွင် ဂိုဏ်းသည် ဤအခွင့်အရေးကို လက်လွတ်မခံလိမ့်မည်မှာ သေချာသလောက်ရှိ၏။
ချူးယွင်ဖန်းသည် မုန်တိုင်းမှာ ရွှယ်ပိုင်လုံသောသလောက်မရိုးရှင်းကြောင်း ခံစားမိသည်။ ဂိုဏ်းသည် နှစ်ပေါင်းများစွာကြာ မြေပြင်၌လှုပ်ရှားနေခဲ့သော်လည်း ပြည်ထောင်စုအစိုးရမှ သုတ်သင်ရှင်းလင်းခြင်းမရှိခဲ့သည့်အချက်မှာ အလွန်သိသာ၏။ သို့သော် ချူးယွင်ဖန်းသည် ထိုသို့သွားရန်အပြင် ရွေးချယ်စရာမရှိပေ။ ထို့အပြင် ဂိုဏ်းသည် ချူးချင်ရွှမ်အား ကျားချောင်းချောင်းနေသည့်အချက်မှာ သူ့အား အလွန်စိတ်မသက်မသာဖြစ်စေသည်။ စခန်းသွင်းလေ့ကျင့်ရန် တစ်လခွဲခန့်သာကျန်တော့သဖြင့် ထိုအချိန်ရောက်လျှင် သူသည် တည်ငြိမ်သမုဒ္ဒရာမြို့ရှိ ပါရမီရှင်လူငယ်အားလုံးနှင့် တိုက်ခိုက်ရတော့မည်ဖြစ်သည်။
မသိလိုက်ခင်တွင်ပင် သူသည် ဤအဆင့်သို့ရောက်ရှိခဲ့ပြီဖြစ်ကာ သူ့ခွန်ခွန်အားကို ဤထက်မက တိုးတက်အောင်လုပ်ရမည်ဖြစ်သည်။
ချူးယွင်ဖန်းသည် မကြာသေးမီက ချီပင်လယ် အဠမအဆင့်သို့ ဝင်ရောက်တက်လှမ်းခဲ့သဖြင့် နဝမအဆင့်သို့ရောက်ရန် အချိန်အနည်းငယ်သာလိုတော့သည်။ ယခု စွမ်းအင်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ရန် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်နေရပြီဖြစ်၏။ ချီပင်လယ်အဆင့်သည် လူတစ်ယောက်၏ စွမ်းအားကို စုစည်းကာ ချီပင်လယ် ဒျန်တျန် ကိုအားကောင်းစေသည်။ ထို့နောက်စွမ်းအင်သန့်စင်ခြင်းအဆင့်သည်မူ စွမ်းအားကို လက်အပိုတစ်ချောင်းကဲ့သို့ အသုံးပြုနိုင်ရန် သန့်စင်ခြင်းဖြစ်သည်။
လူတစ်ယောက်သည် စွမ်းအင်သန့်စင်ခြင်းအဆင့်သို့ရောက်သောအခါ ၎င်းတို့၏ စွမ်းအားများပိုမိုမြင့်မာလာကာ ပြောင်းလဲမှုအမျိုးမျိုးကို ခံစားလာရသည်။ ထိုအချိန်ရောက်လျှင် တံစက်မြိတ်ကို ခုန်ကာ နံရံများပေါ်တွင် ရောက်လှမ်းနိုင်မည်ဖြစ်ကာ တောင်များ၊ မြစ်များကိုပင် ဖြတ်ကျော်ရန် ခက်ခဲ့လိမ့်မည်မဟုတ်ပေ။ စွမ်းအားကို အပ်များကဲ့သို့ပင် ပစ်လွှတ်နိုင်လာလိမ့်မည်ဖြစ်သဖြင့် တစ်နည်းအားဖြင့် ဆိုရလျှင်၊ ချီပင်လယ်အဆင့်သည် အရေအတွက်ကို အဓိကထားကာ၊ စွမ်းအင်သန့်စင်ခြင်းအဆင့်သည်မူ အရည်အသွေးကို အဓိကထား၏။ ဤသည်မှာ နှစ်မျိုးကို ပြတ်ပြတ်သားသားပိုင်းခြားထားခြင်းဖြစ်သည်။
ဆေးဧကရာဇ်၏ မှတ်ဉာဏ်များတွင် စွမ်းအင်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများအသုံးပြုရန် ရည်ရွယ်ထားသည့် ချီစုစည်းဆေးလုံးဟုခေါ်သော အခြားဆေးတစ်မျိုးလည်းရှိသည်။ အပြင်းအထန်ကျင့်ကြံခြင်းနှင့်အတူ ဤဆေးကို အားကိုးခြင်းဖြင့် ချူးယွင်ဖန်းသည် သိပ်မကြာမီအချိန်တွင် စွမ်းအင်သန့်စင်ခြင်းအဆင့်သို့ရောက်ရှိနိုင်ရန် ယုံကြည်ချက်ရှိသည်။
သို့သော် ချီစုစည်းဆေးလုံးသည် စျေးမပေါပေ။ အလုပ်သမားခများမပါလျှင်ပင် ဆေးတစ်လုံးဖော်စပ်ရန် ချူးယွင်ဖန်းသည် ယွမ်သုံးသန်းအသုံးပြုရမည်ဖြစ်သည်။ ထို့အပြင် စျေးကွက်တွင် ရောင်းချလျက်ရှိသော ချီစုစည်းဆေးလုံးများအားလုံးသည် ချို့ယွင်းချက်ရှိသည်။ ၎င်းတို့ကို သောက်သုံးရုံဖြင့် အဆင့်တက်နိုင်လိမ့်မည်ဟု အာမခံချက်မရှိသည့်အပြင် အချို့ဆေးများသည်မူ အဆင့်တက်ရန် အကြိမ်ပေါင်းများစွာ သောက်သုံးရန်လိုအပ်သည်။ သို့သော်လည်း ဤဆေးလုံးများ၏ စျေးနှုန်းသည် မြင့်မားနေဆဲဖြစ်သည်။ လူချမ်းသာမိသားစုမှ သားသမီးများအတွက် ဤစျေးသည် ဘာမှမဟုတ်သည့်အပြင် စွမ်းအင်သန့်စင်ခြင်းအဆင့်ကို ဖြတ်ကျော်နိုင်စေရန် ငွေအနည်းငယ် ပိုသုံးခြင်းသည် ကြီးကြီးမားမားသက်ရောက်မှုမရှိပေ။
ထို့အပြင် စွမ်းအင်သန့်စင်ခြင်းအဆင့်ကို ဖြတ်ကျော်ပြီးသည့်တိုင် ၎င်းတို့၏ စွမ်းအင်ကို ပြန်လည်သန့်စင်ရန်အတွက် ချီစုစည်းဆေးလုံးများကို ဆက်လက်သောက်သုံးနိုင်သည်။ ထို့ကြောင့် ချီစုစည်းဆေးလုံးများသည် အလွန် ရေပန်းစားသဖြင့် စျေးကွက်တွင် ပစ္စည်းပြတ်လျက်ရှိ၏။
ချူးယွင်ဖန်းသည် တစ်ထိုင်တည်း ဆေးဆယ်လုံးဖော်စပ်ရန် စီစဥ်ထားသည်။ အမြှီးသုံးချောင်းငွေမြေခွေးကို ရောင်းချပြီးလျှင် သူ့တွင် အပိုအသုံးငွေ ယွမ်သန်းဆယ်ချီရှိဦးမည်ဖြစ်သည်။ ချူးချင်ရွှမ်အတွက် ဆေးများ၊ သိုင်းကျမ်းများနှင့် သူမ၏ လေ့ကျင့်မှုအတွက်အထောက်အပံ့အဖြစ် လက်နက်များဝယ်ယူရန် ယွမ်သန်းနှစ်ဆယ်ကို မိဘများအတွက်ဖယ်ထားပေးရန် ဆုံးဖြတ်ထားသည်။ သူမိဘမျာသည် ပိုက်ဆံကို လိုသလောက်အသုံးပြု၍ရမည့်အပြင် သူ့လက်ထဲတွင်လည်း ယွမ်သန်းငါးဆယ်ကျော်ရှိဦးမည်ဖြစ်သည်။ ချီစုစည်းဆေးလုံးများဖော်စပ်ရန် ယွမ်သန်းသုံးဆယ်သာ ကုန်ကျမည်ဖြစ်သဖြင့် သူ့တွင် ယွမ်သန်းနှစ်ဆယ်ကျော်ကျန်နေဦးမည်ဖြစ်သည်။
ထို့အပြင် ချူးယွင်ဖန်းသည် အင်တာနက်ပေါ်တွင် အလေးစီးဝတ်စုံတစ်ထည်ကို ရှာဖွေလျက်ရှိသည်။ ၎င်းသည် အနာဂတ်လေ့ကျင့်ရေးတွင် အသုံးပြုနိုင်မည့် အရာတစ်ခုဖြစ်သည်။ ထိုဝတ်စုံများသည် သိုင်းပညာရှင်များစွာ၏ လေ့ကျင့်ရေးတွင် အသုံးပြုကြသည့် အရာတစ်ခုဖြစ်ကာ အလွန်နာမည်ကြီးသည်။
သူရှာဖွေကြည့်သောအခါတွင် အနည်းဆုံးယွမ်တစ်သိန်းမှ နှစ်သန်းလောက်အထိစျေးရှိသည့် ဝတ်စုံများကိုပင် အလွန်အဆင့်နိမ့်သည်ဟု သတ်မှတ်ထားသည်ကို မြင်လိုက်ရသည်။ ထိုဝတ်စုံများသည် လေးလံသော အရာဝတ္ထုများကို ထည့်ထားခြင်းကြောင့် အလေးချိန်မြင့်သွားခြင်းဖြစ်သည်။
သို့သော် ယွမ်သန်းဆယ်သန်းအဆင့်ရှိ ဝတ်စုံများသည်မူ လေးလံသော အရာဝတ္ထုများကို ထည့်ကာ အလေးချိန်တိုးမြှင့်ခြင်းမဟုတ်ဘဲ၊ ကမ္ဘာ့ဆွဲအားကို နှစ်ဆအထိတိုင် တိုးမြှင့်ပေးခြင်းဖြစ်သည်။ ထို့ကြောင့် အကျိုးသက်ရောက်မှုသည် အလွန်မြင့်မားသည်။
တက္ကသိုလ်များတွင် အထူးဆွဲငင်အား အခန်းများကို တွေ့ရှိနိုင်ရာ၊ ထိုအခန်းများတွင် ဤဝတ်စုံသည် ဆွဲငင်အားကို နှစ်ဆပြုလုပ်နိုင်သဖြင့် လေ့ကျင့်ရာ၌ အသုံးပြုနိုင်၏။ သို့သော်၊ အလေးချိန်စီးဝတ်စုံများသည် လူတစ်ဦးတစ်ယောက်အတွက်သာ ရည်ရွယ်သည့်အပြင် ၎င်းတို့တွင်ပါဝင်သော ခေတ်မီနည်းပညာကြောင့် စျေးနှုန်းအလွန်မြင့်မားသည်။ ငွေဆယ်သန်းသည် အစသာဖြစ်သဖြင့် သာမန်လူများ တတ်နိုင်သော အရာတစ်ခုမဟုတ်ပေ။ ချူးယွင်ဖန်းသည် ဤအလေးချိန်စီးသည့်ဝတ်စုံကို လုယုရှုဝတ်ထားခဲ့သည်ကို မြင်ဖူးသည်။
ချူးယွင်ဖန်း တွေးကြည့်ပြီးနောက် သူ့တွင် ယွမ်သန်းနှစ်ဆယ်လောက်သာ ကျန်တော့သည်ကို သတိထားမိသဖြင့် သာမန်အလေးချိန်စီးသည့် ဝတ်စုံကိုသာဝယ်နိုင်တော့မည်ဖြစ်ကာ ကြီးမြတ်သောကျင် စက်ရုံမှ ဖန်တီးထားသည့် ဝတ်စုံကို သူရွေးချယ်ခဲ့သည်။ ၎င်းသည် ပါးလွှသော အထည်တစ်ခုဖြစ်ကာ အလေးချိန်ပေါင်ဝက်ခန့်သာ ရှိ၏။ ၎င်းကို အဝတ်အစားအောက်တွင် ထည့်ဝတ်၍ရသည်။ ဆွဲငင်အားကို လွတ်လပ်စွာချိန်ညှိနိုင်သည့်အပြင် ကောင်းမွန်သော ခုခံရေးအကာအကွယ်များပါရှိကာ မျက်မှောက်ခေတ်၏ တိုက်ခိုက်ရေးပစ္စည်းများပင် ဤဝတ်စုံကို ဖောက်ထွင်းထိခိုက်နိုင်လိမ့်မည်မဟုတ်ပေ။ ခုခံအားကောင်းသော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသကဲ့သို့ပင်ဖြစ်၍ ၎င်း၏ တစ်ခုတည်းသောအားနည်းချက်မှာ ခန္ဓာကိုယ်တစ်ခုလုံးကို မဖုံးကာနိုင်သည့် အတွင်းချပ်ဝတ်တန်ဆာဟုသာယူဆနိုင်ခြင်းဖြစ်သည်။ မဟုတ်လျှင် ဤသို့အလေးချိန်စီးသည့် ဝတ်စုံသည် ဤမျှ မြင့်မားသည့်စျေးနှုန်းကို တောင်းနိုင်မည်မဟုတ်ပေ။
ချူးယွင်ဖန်းရွေးချယ်ထားသော အလေးချိန်စီးဝတ်စုံသည် ကမ္ဘာ့ဆွဲအားကို ၀.၁ မှ ၃ ဆအထိ ချိန်ညှိနိုင်သည်။ အမှန်တကယ်ကောင်းမွန်သည့် အလေးချိန်စီးဝတ်စုံများကိုမူ သန်းရာနှင့်ချီ၍ရောင်းချနိုင်၍ ကမ္ဘာမြေဆွဲအားထက် ဆယ်ဆကျော်ပိုကာ ချိန်ညှိနိုင်၏။ ၎င်းကို လေ့ကျင့်ရေးအတွက်အသုံးပြုသော ဆွဲငင်အားအခန်းများနှင့် နှိုင်းယှဥ်နိုင်သည်။
တစ်ညတည်းတွင် ချူးယွင်ဖန်းသည် သူ့တွင်ရှိသော ပိုက်ဆံများအားလုံးကို အသုံးပြုခဲ့ကာ လက်ထဲတွင် ယွမ်သုံးသန်းအောက်ထစ်သာကျန်တော့၏။ အစပိုင်းတွင် ချူးယွင်ဖန်းသည် သူ့ပိုက်ဆံများကို ရေကဲ့သို့ဖြုန်းတီးပစ်မိသောအခါ သူ့နှလုံးသားနာကျင်မှုကို ခံစားလိုက်ရသည်။ သို့သော် အချိန်တိုအတွင်းတွင်ပင် သန်းနှစ်ရာနည်းပါးအသုံးပြုခဲ့ရာ ယခုမူ သူ့နှလုံးသားသည် ထုံနေပြီဖြစ်၏။
‘ဒီတော့ ဒါက ချမ်းသာတဲ့လူတွေပိုက်ဆံသုံးတဲ့ပုံပေါ့’
သန်းအနည်းငယ်တန်သည့်ကားများဝယ်ယူလေ့ရှိသော သူဌေးများအကြောင်း သူကြားခဲ့ဖူးသည်။ ယခုမူ ထိုအကြောင်းတွေးသောအခါ ဘာမှမဟုတ်သကဲ့သို့ပင်ဖြစ်၏။ အမှန်တကယ်ကျင့်ကြံသောအခါတွင် ပိုက်ဆံသုံးခြင်းသည် ရေသုံးခြင်းသကဲ့သို့ပင်ဖြစ်လာ၏။
နောက်နေ့မနက်တွင် အလေးစီးဝတ်စုံသည် ရောက်ရှိလာသည်။ ချူးယွင်ဖန်း၏ တောင်းဆိုချက်အရ၊ ၎င်းသည် အနက်ရောင်သာဖြစ်သည်။ သူက ချက်ချင်းပင် ဝတ်စုံကို ဝတ်ကြည့်လိုက်ကာ ကမ္ဘာ့ဆွဲအားကို နှစ်ဆမြှင့်လိုက်သည်။ ခလုပ်ကိုနှိပ်လိုက်သည်နှင့် ချက်ချင်းပင်ကမ္ဘာတစ်ခုလုံး ပိုမိုလေးလံလာသည်ဟု ခံစားလိုက်ရ၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် လေးလံမှုကိုခံစားနေရကာ သူသာချီပင်လယ်အဆင့်မှာမရှိခဲ့လျှင် ၎င်းသည် သူ့အား နေရာမှာတင်လဲကျသွားစေနိုင်၏။
ချူးယွင်ဖန်းက ချက်ချင်းပင် စမ်းသပ်ကြည့်လိုက်သည်။ လေဟုန်တိုက်ခွင်းဓားသိုင်းကို လုပ်ဆောင်ပြီးနောက်တွင် သူသည် ရေထဲမှ ခုန်ထွက်လာသော ငါးတစ်ကောင်ကဲ့သို့ စိုရွှဲလျက်ရှိသည်။ သူသည် ပြင်းပြင်းထန်ထန်မောဟိုက်လျက်ရှိကာ တစ်ကိုယ်လုံးသည် ချွေးများဖြင့် ရွှဲနစ်နေသည်။
ဆွဲငင်အားနှစ်ဆသာရရှိသော်လည်း ချူးယွင်ဖန်းသည် သူလုပ်သမျှတိုင်းသည် ခါတိုင်းထက် အစပေါင်းများစွာ စွမ်းအင်သုံးဆွဲလျက်ရှိသည်။ ကိုယ်ခံအားသုံးစွဲမှုပမာဏသည်လည်း ပုံမှန်ထက် အဆမတန်တိုးမြင့်လာကာ ၎င်းသည် သူ၏ စွမ်းအားသက်ရောက်မှုကို နှစ်ဆတိုးမြှင့်လိုက်ပေးလိုက်ရုံမျှမရိုးရှင်းပေ။
သက်ရောက်မှုသည် ချက်ချင်းပင်ဖြစ်သဖြင့် ခဏအကြာတွင် သူ့စွမ်းအင်များအားလုံးကုန်ဆုံးသွားသည်။ သာမန်အားဖြင့် အကျိုးသက်ရောက်မှုကိုရရှိရန် အချိန်ပေါင်းများစွာ လေ့ကျင့်ရမည်ဖြစ်သော်လည်း ယခုမူ စက္ကန့်အနည်းငယ်အတွင်းတွင်ပင် ၎င်းကို အောင်မြင်နိုင်ခဲ့သည်။
ထို့နောက်စွမ်းအင်ပြန်လည်ပြည့်လာသောအခါတွင် သူ့စွမ်းအင်များတိုးလာသည်ကို ရှင်းလင်းစွာခံစားမိလိုက်သည်။
“ဒါက အရမ်းကောင်းတာပဲ”
အပိုင်း(၂၁၀) ဆယ်ရက်၊ ချီပင်လယ် နဝမအဆင့်
ပြန်လည်ကောင်းမွန်လာပြီးနောက်တွင် ချူးယွင်ဖန်းသည် သူ၏ ကိုယ်ခံအားနှင့် စွမ်းအားပါ သိသာထင်ရှားစွာတိုးတက်လာကြောင်း ရှင်းလင်းစွာ ခံစားသိရှိလိုက်သည်။ ဤအလေးစီးဝတ်စုံသည် တကယ်ကိုပင်အသုံးဝင်၏။
‘ယုရှုမြန်မြန်ဆန်ဆန်တိုးတက်လာတာ မဆန်းပါဘူး။ အလေးစီးဝတ်စုံရယ် ဆေးအမျိုးပေါင်းအများကြီးနဲ့ဆိုရင် အရည်အချင်းမဆိုးသရွေ့တော့ ခုန်ပျံကျော်လွှားပြီးတိုးတက်နိုင်မှာပဲ။ ပါရမီပါတဲ့ ယုရှုက ဘာမို့လို့လဲ’ ချူးယွင်ဖန်း သူ့ဘာသာ တွေးလိုက်သည်။
သို့သော်လည်း လုဝေ့ကော်သည် ချမ်းသာကြွယ်ဝသော သူများထဲမှ တစ်ယောက်သာဖြစ်၍ ထိပ်တန်းသူဌေးကြီးများထဲမှ တစ်ဦးဟု ယူဆ၍မရပေ။ ဤသည်ကို ကြည့်လျှင် လူချမ်းသာမျိုးဆက်များနှင့် သာမန်လူများအကြား ကြီးမားသော ကွာခြားချက်ကို တွေးကြည့်၍ရနိုင်၏။
အလေးစီးဝတ်စုံရောက်ရှိလာပြီးမကြာခင်တွင်ပင် ချူးယွင်ဖန်း မှာထားသည့် ဆေးဖက်ဝင်အပင်များလည်းရောက်လာ၏။ ချူးယွင်ဖန်းက ချက်ချင်းပင် အကူများကို ဗီလာတွင်ရှိသည့် ခန်းထဲသို့ရွှေ့ခိုင်းလိုက်သည်။ ဗီလာသည် ကျယ်သောကြောင့် ဆေးဖိုခန်းသည်လည်း အလိုအလျောက်ပင် ကျယ်၏။
ဆေးဖက်ဝင်ပစ္စည်းများအားလုံးကို ဆေးခန်းသို့ရွှေ့ပြီးနောက် ချူးယွင်ဖန်းသည် ဆေးများကို စတင်ဖော်စပ်သည်။ ဆေးဖိုကို ဖွင့်ကာ ဆေးဖက်ဝင်ပစ္စည်းများကို ထည့်ပြီးနောက်တွင် ဆေးလုံးထွက်လာသည်ကို စိတ်ရှည်လက်ရှည်ဖြင့်စောင့်ဆိုင်းလျက်ရှိသည်။ နှစ်နာရီခန့်အကြာတွင် သူဖော်စပ်သော ဆေးလုံးသည် ဖိုထဲမှ ထွက်လာ၏။
ဆေးဖိုထဲမှ လိမ္မော်ရောင်ဆေးလုံးတစ်လုံးပေါ်ထွက်လာသောအခါ လေ့ကျင့်ရေးအခန်းတစ်ခုလုံးသည် ဆေးရနံ့များဖြင့် ပြည့်နှက်သွား၏။ ချီစုစည်းဆေးသည် နောက်ဆုံးတွင် ဆေးဖိုထဲမှ ထွက်လာပြီဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းတွင်ပင် စာသင်နှစ်အသစ်၏ အဦးဆုံးဆယ်ရက်ခန့်ကုန်ဆုံးသွားခဲ့သည်။ ဤဆယ်ရက်အတွင်းတွင် နာမည်ကြီးကျောင်းသုံးကျောင်း၏ ချူးယွင်ဖန်းနှင့် ပတ်သက်သည့် ပြိုင်ဆိုင်မှုသည် ပိုမိုပြင်းထန်လာ၏။ ချူးယွင်ဖန်းသည် ဤကိစ္စကို တိုက်ရိုက်ပြောကာ ဖြေရှင်းချင်သော်လည်း ဟွာချန်ရှန်သည် ရှေ့သို့မထွက်လာသေးရန်ပြောထားခဲ့သည်။ ဤကြေညာချက်များနှင့် ယှဥ်ပြိုင်မှုများ ပိုမိုပြင်းထန်လာသည်နှင့် လူအများသည် ချူးယွင်ဖန်းအကြောင်း ပိုမိုသိရှိချင်လာကြသည်။ တစ်ချိန်တည်းမှာပင် အမှတ်(၁၃) အထက်တန်းကျောင်း၏ တည်ရှိမှုကိုလည်း လူအများအပြားသိလာကြ၏။ ဤသည်က အမှတ်(၁၃) အထက်တန်းကျောင်းကို အခမဲ့ကြေငြာပေးနေသကဲ့သို့ပင်ဖြစ်သည်။ ထို့ကြောင့် ချူးယွင်ဖန်းသည် ဝင်စွက်ဖက်ခြင်းမပြုတော့ပေ။ ကျောင်းမှ ယွမ်နှစ်သန်းရရှိပြီးသည့်အတွက် သူတတ်နိုင်သလောက် လုပ်ပေးခြင်သာဖြစ်သည်။
ဆွေးနွေးမှုများ ကြီးမားလာသည့်အလျောက် ချူးယွင်ဖန်း၏ ဂုဏ်သိက္ခာသည် ဆက်လက်တိုးမြင့်လာသော်လည်း ဟွာချန်ရှန်သည် ချူးယွင်ဖန်းအား နှောက်ယှက်ခြင်းမပြုရန် အမိန့်ပေးထားသောကြောင့် ချူးယွင်ဖန်းအတွက်မူ အကျိုးသက်ရောက်မှုများစွာမရှိပေ။
ချူးယွင်ဖန်းသည် ပြည်ထောင်စုတက္ကသိုလ်သို့ တက်ရောက်ခွင့်ရနိုင်ချေရှိသည့် သူတို့ကျောင်း၏ အကောင်းဆုံးပျိုးပင်ဖြစ်သည်။ ချူးယွင်ဖန်းအား ဤအရာကြောင့် အနှောက်အယှက်ဖြစ်ရန် သူမည်သို့ ခွင့်ပြုနိုင်လိမ့်မည်နည်း။
ဤဆယ်ရက်အတွင်း ချူးယွင်ဖန်းသည် ဆေးလုံးများကို သောက်သုံးရင်းဖြင့် အလေးချိန်စီးဝတ်စုံကို ဝတ်ကာ ဆက်လက် ကျင့်ကြံခဲ့သည်။ ဝတ်စုံဝတ်ပြီးနောက် ချူးယွင်ဖန်း၏ လေ့ကျင့်မှုသည် အလွန်ခက်ခဲကြမ်းတမ်းလာသည်။ ပုံမှန်အားဖြင့် သူ၏ ကိုယ်ခံအားသည် အကန့်အသတ်မရှိသော်လည်း ယခုမူ မကြာခဏ လုံးလုံးကုန်ဆုံးသွားတတ်သည်။ မူလအစတွင် လေဟုန်တိုက်ခွင်းဓားသိုင်းနှင့် ကမ္ဘာခွဲဓားသိုင်းတို့သည် သူ့အပေါ် များစွာသက်ရောက်မှုရှိမည်မဟုတ်ပေ။
သို့သော် ယခုသူဝတ်ထားသော ဝတ်စုံသည် မကြာခဏ အသက်ရှုရပ်သွားသကဲ့သို့ ခံစားရသည်။ လမ်းလျှောက်ရုံဖြင့်ပင် ကြီးမားသော ခွန်အားကို ခံစားနေရ၏။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူသည် ဝတ်စုံနှင့် တဖြည်းဖြည်းအသားကျလာသည်။ အလေးစီးဝတ်စုံအား စတင်အသုံးပြုလိုက်တိုင်းတွင် သူ၏ ကိုယ်ခံအားနှင့် စွမ်းအားများ ကုန်ဆုံးသွား၏။ ၎င်းနောက် ပြန်လည်ကောင်းမွန်လာသောအခါတွင် သူ၏ ကိုယ်ခံအားနှင့် စွမ်းအင်တို့သည် တိုးမြင့်လာမည်ဖြစ်သည်။
ဆယ်ရက်အကြာတွင် ချူးယွင်ဖန်းသည် ချီပင်လယ်အဌမ ကနဦးအဆင့်မှ အထွဋ်အထိပ်သို့ အမြန်ရောက်သွား၏။ ဤအမြန်နှုန်းသည် ချူးယွင်ဖန်း မျှော်လင့်ထားသည်ထက် ရက်ပိုင်းမျှမြန်၏။
လသည် အရှေ့အရပ်၌ ထွန်းလင်းလျက်ရှိသည်။ ခြံဝင်းထဲရှိ မီးသီးများသည် နေ့ခင်းဘက်ကဲ့သို့ လင်းထိန်စွာထွန်းလင်းလျက်ရှိသည်။ လူတစ်ယောက်သည် ဓားကို ဝှေ့ယမ်းကာ ဓားသိုင်းများကို ပြောင်မြောက်စွာ ပြသလျက်ရှိသည်။ သို့သော် သူ၏ သိုင်းကွက်များသည် ယခင်ကကဲ့သို့ ပြီးပြည့်စုံနေခြင်းမရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် အလွန်လေးလံသော ကျောက်တုံးကြီးတစ်တုံး သူ၏ အပေါ်သို့ ပိနေသကဲ့သို့ သိုင်းကွက်များသည် အနည်းငယ်နှေးကွေးလျက်ရှိသည်။
ဤလူသည် ချူးယွင်ဖန်းမှလွဲ၍အခြားသူမဟုတ်ပေ။
အဝေးတွင် ချူးဝမ်ချန်းနှင့် ယန်ယယွင်တို့သည် သားဖြစ်သူအား ခက်ခက်ခဲခဲ ကျင့်ကြံနေသည်ကို ကြည့်ကာ ရင်တထိတ်ထိတ်ဖြင့် ခေါင်းယမ်းသွားကြသည်။ သို့သော် သူတို့လုပ်နိုင်သည့်အရာ ဘာမှမရှိပေ။ သူတို့၏ သားသည် ကြီးကျယ်ခမ်းနားသော အရာများကို လုပ်ခဲ့သူတစ်ယောက်ဖြစ်ကြောင်း သူတို့သိကြသဖြင့် ဤကဏ္ဍနှင့် ပတ်သက်၍ သူတို့နှစ်ယောက်လုံးလုပ်နိုင်သည့်အရာ မရှိပေ။
ရက်အနည်းငယ်အတွင်းတွင် တောထဲ၌ပြုလုပ်မည့် နှစ်လကြာမည့် လေ့ကျင့်ရေးစခန်းတစ်ခုရှိသဖြင့် သူတို့နှစ်ယောက်သည်တော့ အလိုအလျောက်ပင် စိတ်ပူနေကြ၏။ ယင်းမတိုင်ခင် သူတို့၏သားသည် သူ၏ ခွန်အားကို မြှင့်တင်ရန် ပိုမိုအားစိုက်၍ ကျင့်ကြံခဲ့သည်။ ဤသို့ဖြင့်သာ အချိန်ကျလာလျှင် သူပို၍ လုံခြုံမည်ကို သိကြသောကြောင့် မိဘနှစ်ပါးသည် ချူးယွင်ဖန်းအား ကြည့်ရုံသာကြည့်၍ သူတို့၏ အခန်းထံသို့ အနားယူရန် ပြန်သွားကြ၏။ လွန်ခဲ့သည့် ရက်အနည်းငယ်မှစ၍ ဤသို့နေထိုင်ခဲ့ကြရာ၊ ၎င်းတို့သည် လဝိဉာဥ်ရပ်ကွက်တွင် နေထိုင်ခြင်း၌ အသားကျလာခဲ့ကြသည်။
“ဟူး ဟူး”
ချူးယွင်ဖန်းသည် ထော့နဲ့ကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။ ထို့နောက် ဓားကို ဘေးသို့ဖယ်ထားလိုက်ကာ ပြင်းထန်စွာအသက်ရှုလိုက်သည်။ နှဖူးမှ ချွေးသီးများသည် တစ်စက်ချင်းကျလာကာ အမြင်အာရုံများ ဖြည်းဖြည်းဝေဝါးသွား၏။ သူ၏ ကိုယ်ခံအားနှင့် စွမ်းအင်သည် လုံးဝကုန်ဆုံးသွားပြီဖြစ်သဖြင့် ခန္ဓာကိုယ်တစ်ခုလုံး အားနည်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူသည် ရပ်တန့်သွားရမည့်အစား တင်ပျင်ခွေထိုင်လိုက်ကာ ပြန်လည်ကောင်းမွန်စေရန်စစ်နတ်ဘုရားကျင့်စဥ်ကို ကိုယ်တွင်း၌ စတင်ဖြန့်ကျက်လိုက်သည်။ တစ်ချိန်တည်းတွင်ပင် ပြန်လည်ကောင်းမွန်မှုကို မြန်ဆန်စေရန် စွမ်းအင်ဖြည့်ဆေးရည် တစ်ပုလင်းကို မော့ချလိုက်သည်။
ဤအလွန်အမင်းကျင့်ကြံခြင်းသည် ထိရောက်သော်လည်း ၎င်းသည် သူ၏ ခန္ဓာကိုယ်အား ကြီးမားစွာ ထိခိုက်စေသည်။ ချူးယွင်ဖန်းသည် အဆက်မပြတ်တင်းမာနေသော ကြိုးတစ်ချောင်းနှင့် တူကာ အချိန်မရွေးပြတ်ထွက်သွားနိုင်၏။ သူ၏ ခန္ဓာကိုယ်သည်လည်း အရေးကြီးသော အခြေအနေသို့ ရောက်နေပြီဖြစ်သည်။ ကံကောင်းစွာဖြင့် ခန္ဓာကိုယ်မှလိုအပ်သော အာဟာရများကို စွမ်းအင်ဖြည့်ဆေးရည်များဖြင့် အချိန်မရွေးပြန်လည်ဖြည့်တင်းနိုင်သောကြောင့်သာ မဟုတ်လျှင် ပင်ပန်းနွမ်းနယ်ကာ သေဆုံးသွားပေလိမ့်မည်။
စစ်နတ်ဘုရားကျင့်စဥ်ကို စတင်လုပ်ဆောင်ပြီးနောက် သူသည် ကိုယ်ခန္ဓာအား အနည်းငယ်ပြန်လည်ကောင်းမွန်စေနိုင်ခဲ့သည်။ ရုတ်တရက် ချီပင်လယ်နဝမအဆင့်၏ အတားအဆီးသည် အနည်းငယ်ပြေလျော့သွားပုံပေါ်၏။ နောက်ဆုံးတွင် ကျော်ဖြတ်နိုင်ရန်အခွင့်အရေးရပြီဖြစ်သဖြင့် ချူးယွင်ဖန်း အလွန်ပျော်သွား၏။ ချူးယွင်ဖန်းသည် အလျင်အမြန်ပင် နတ်ဘုရားကျင့်စဥ်ကို စတင်လည်ပတ်စေကာ ချီပင်လယ် နဝမအဆင့် အတားအဆီးကို တိုက်ခိုက်ရန် သူ၏ စွမ်းအားများကို ပြန်လည်စုစည်းလိုက်သည်။
အစပိုင်းတွင် သူ၏ ကိုယ်ခံအားနှင့် စွမ်းအင်ကို ပြန်လည်မရရှိသေးသောကြောင့် စွမ်းအား အနည်းငယ်ကိုသာ စုဆောင်းနိုင်ခဲ့သည်။ သို့သော် အချိန်အနည်းငယ်အကြာတွင် သူ၏ ကိုယ်ခံအားနှင့် စွမ်းအားများ မြင့်တက်လာ၏။ တဖြည်းဖြည်းနှင့်၊ သူ့ကိုယ်တွင်းမှ စွမ်းအင်များသည် မူလတွင် စီးဆင်းနေသော စမ်းချောင်းနှင့်တူနေရာမှ ချီပင်လယ်နဝမအဆင့် အတားအဆီးကို ဆက်တိုက်တိုက်ဖျက်နေသည့် မြစ်ကြီးတစ်စင်းကဲ့သို့ မြင့်တက်လာသည်။ အတားအဆီးသည် လွန်ခဲ့သော ရက်အနည်းငယ်တွင် အဆက်မပြတ်တိုက်ခိုက်ခံခဲ့ရသောကြောင့် အချိန်အတော်ကြာတည်းက အက်ကွဲနေခဲ့ရာ၊ ယခုမူ ဆက်တိုက် အတိုက်ခိုက်ခံနေရပြီဖြစ်၏။
သူ့စိတ်ထဲတွင် အချိန်ဆိုသည့် သဘောတရားမရှိတော့သဖြင့် ချူးယွင်ဖန်းသည် အချိန်မည်မျှကုန်ခမ်းသွားသည်ကို သတိမထားမိပေ။ အတားအဆီးအား အဆက်မပြတ်တိုက်ခိုက်ရမည်ဆိုသည့် စိတ်ကြောင့်သာ အိပ်ပျော်မသွားခြင်းဖြစ်၏။ သူ့စိတ်ထဲမှ နတ်ဘုရား စိတ်ဝိဉာဥ်သည် ကြည်လင်သော စွမ်းအင်များကို အဆက်မပြတ်ထုတ်လွှတ်နေသဖြင့် အလွန်တည်ငြိမ်လျက်ရှိသည်။
ကျင့်ကြံချိန်အတွင်း သူတွေ့ကြုံခဲ့သော ပြဿနာများသည် သူ့စိတ်ထဲတွင်ပေါ်လာ၏။ ထို့နောက် ကွန်ပျူတာကဲ့သို့ပင် ဆက်လက်တွက်ချက်ကြည့်ကာ ပိုမိုများပြားသော ပြဿနာများပေါ်ထွက်လာ၏။
ချူးယွင်ဖန်း စုဆောင်းထားသည့် စွမ်းအင်များသည်လည်း မြင့်မားလာလျက်ရှိကာ နောက်ဆုံးသူ အပြည့်အဝပြန်လည်ကောင်းမွန်လာသောအခါတွင် သူသည် ရှိသမျှ ခွန်အားကိုစုစည်း၍ အတားအဆီးဆီသို့ ပြေးဝင်သွားသည်။
ဘွန်း
ချူးယွင်ဖန်းသည် ရုတ်တရက် တစ်ခုခုကွဲသွားသကဲ့သို့ ခံစားလိုက်၏။ သူ၏ စွမ်းအင်လည်ပတ်မှု နှောင့်နှေးခဲ့ရသော နေရာသည် အချိန်အတော်ကြာပိတ်ဆို့နေသော မြစ်တစ်စင်း ရုတ်တရက် ပွင့်ထွက်သွားသကဲ့သို့ ချောမွေ့လာသည်။
စွမ်းအင်သည် အဆက်မပြတ်စီးဆင်းလျက်ရှိရာမှ ချီပင်လယ်အဌမအဆင့်၏ နယ်နိမိတ်ကိုကျော်လွန်ကာ ပိုမိုအားကောင်းလာ၏။
“ငါနောက်ဆုံးတော့ ချီပင်လယ်နဝမအဆင့်ကို ရောက်ပြီ”