← Chapters

အခန်း (၂၁၁-၂၁၃)

Vol. 15 Ch. 211-213

အခန်း (၂၁၁-၂၁၃)

Vol. 15 Ch. 211-213

အခန်း(၂၁၁) နောက်ငါးရက်နေရင် အဆင်သင့်ဖြစ်ပြီ။

ချီပင်လယ်နဝမအဆင့်ကို ကျော်ဖြတ်ပြီးသောအခါ ချူးယွင်ဖန်းသည် သူ့ခန္ဓာကိုယ်အတွင်းမှ ဖုံးကွယ်ထားသောစွမ်းအင်များ ထွက်လာသည်ကို ခံစားလိုက်ရသည်။

သူ့လမ်းကြောင်းသည် အခြားသူများထက် ခက်ခဲသဖြင့် အဆင့်တက်နိုင်ရန်လည်း ပိုမိုခက်ခဲသည်။ ချီပင်လယ် အဠမအဆင့်တွင် ရှိစဥ်တွင် သူသည် ချီပင်လယ် နဝမအဆင့်ကျင့်ကြံသူများအား အနိုင်ယူနိုင်သည့်စွမ်းအားရှိ၏။ ထို့ကြောင့် အခြားသူများထက်အဆင့်တက်ရန် ပိုမိုခက်ခဲသည်မှာ သဘာဝပင်ဖြစ်သည်။ ထို့ကြောင့် ဤအဆင့်သို့ရောက်သည်နှင့် သူ၏ တိုက်ခိုက်ရေးစွမ်းအားသည် စွမ်းအင်သန့်စင်ခြင်းအဆင့်နှင့်ညီမျှလာသည်။

ချူးယွင်ဖန်း၏ စက္ကန့်ပိုင်းမျှအကြာတွင် ပျောက်ကွယ်သွား၏။ သူ၏ တိုက်ခိုက်ရေးစွမ်းအားသည် အလွန်ကောင်းမွန်ပုံရသော်လည်း ပြည်ထောင်စုတက္ကသိုလ်၏ အကဲဖြတ်မှုတွင်ပါဝင်ရန် အောက်ခြေအဆင့်သာရှိသေးသည်။

ချူးယွင်ဖန်းသည် နှစ်စဥ်နှစ်တိုင်း ပြည်ထောင်စုတက္ကသိုလ်မှ ခေါ်ယူခံရသူများ၊ နှစ်စဥ် ပြည်ထောင်စုတက္ကသိုလ်၏ အကဲဖြတ်မှုတွင် ပါဝင်သည့် ဝင်ခွင့်လျှောက်သူများနှင့် နာမည်ကြီးတက္ကသိုလ်ဆယ်ခုမှ ခေါ်ယူထားသော ကျောင်းသားများစွာရှိကြောင်း တွေးမိ၏။ ဤသည်မှာ စွမ်းအင်သန့်စင်ခြင်းအဆင့်သို့ရောက်နိုင်သော ကျောင်းသားများစွာရှိကြောင်းဆိုလို၏။ သူ့တွင် လအနည်းငယ်သာကျန်တော့သဖြင့် အချိန်ကျသောအခါ အရာအားလုံးသည် ခြားနားသွားပေလိမ့်မည်။

သူသည် လာမည့် အပြင်းအထန်‌လေ့ကျင့်ရေးစခန်းအား ရုတ်တရက်စောင့်မျှော်လိုက်မိသည်။ တည်ငြိမ်သမုဒ္ဒရာမြို့ရှိ ထူးချွန်သူများ၏ အဆိုးဝါးဆုံးစုဝေးပွဲဖြစ်လာမည်ဖြစ်သည်။ ယွင်နင်ခရိုင်ရှိပါရမီရှင်များကိုမူ သူ့အကြောင်းပြခဲ့ပြီဖြစ်သဖြင့် အခြားမြို့များမှ နတ်ဆိုးများကိုသာ ချေမှုန်းရန်လိုတော့သည်။

ယခင်က တက္ကသိုလ်တက်ရန်ပင် စိတ်ပူခဲ့ဖူးသူသည် ယခု သူတွေးပင်မတွေးဝံ့ခဲ့ဖူးသော သူများကို ချေမှုန်းပစ်ရန် ကြံစည်နေသည်မှာ မယုံနိုင်စရာကောင်းလှသည်။

သို့သော် သုန်ဖန်ဟောက်ကို ပြန်လည်သတိရမိသွား၏။ ထိုသူသည် လွန်ခဲ့သော တစ်နှစ်ခန့်တည်းက စွမ်းအင်သန့်စင်ခြင်းအဆင့်သို့ရောက်နေခဲ့ပြီဖြစ်သည်။ ယခု သူမည်မျှသန်မာနေလိမ့်မည်နည်း။ ထို့အပြင် ကမ္ယာတွင် ဤသို့သောသူ တစ်ယောက်ထက်ပိုမည်မှာ အသေအချာပင်ဖြစ်သည်။ ဤသို့တွေးကာ ချူးယွင်ဖန်းသည် သွေးများဆူပွက်လာသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ထိုလူများနှင့် အဆင့်ပေါင်းများစွာ ဝေးကွာနေသေး၏။

ချူးယွင်ဖန်းသည် သူ့ခန္ဓာကိုယ်တစ်လျှောက်ပျံ့နှံ့လျက်ရှိသော စွမ်းအင်ကို တည်ငြိမ်စေလိုက်ပြီးသည့်နောက်တွင် အိပ်မပျော်သောညများကို ဆက်လက်ကုန်ဆုံးရန် နတ်ဘုရားကျင့်စဥ်ကို စတင်လည်ပတ်စေလိုက်သည်။

မျက်စိတစ်မှိတ်အတွင်း ငါးရက်ကုန်ဆုံးသွားခဲ့သည်မှာ မြင်းဖြူတစ်ကောင်အရှိန်ဖြင့် ဖြတ်ပြေးသွားသကဲ့သို့လျင်မြန်၏။ ချူးယွင်ဖန်းသည် နံနက်စောစောတွင် အိပ်ရာမှ နိုးထလာသည်။ ပထမဆုံးအကြိမ်အဖြစ် သူသည် ယမန်နေ့ညက ကျင့်ကြံခြင်းမပြုခဲ့ပေ။ နှစ်လတာကြာမည့် ခါးသက်သော ကျင့်ကြံရေးခရီးကို စိတ်ဝိဉာဥ်အပြည့်ဖြင့် ကြိုဆိုချင်သောကြောင့် ယမန်နေ့ညတွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ခဲ့သည်။

သူအဝတ်အစားလဲကာ အခန်းထဲမှ ထွက်လာသောအခါတွင် ချူးချင်ရွှမ်သည် နိုးနှင့်နေ၍ မနက်စာပြင်ထားပြီးသည်ကို မြင်လိုက်ရသည်။

“ရွှမ်ရွှမ်၊ ကိုကို ဒီရက်တွေထဲ ကျင့်ကြံရေးနဲ့ အလုပ်ရှုပ်နေလို့ ညီမလေးကိုမမေးရသေးဘူး။ ကျောင်းမှာ အဆင်ပြေလား။ အမှတ်(၁) အထက်တန်းကျောင်းသားဘဝကို အသားကျနေပြီလား”

ချူးချင်ရွှမ်သည် စားရင်းဖြင့် သူမတက်ပလက်မှ သတင်းကို ဖတ်လျက်ရှိသည်။

“အဆင်ပြေပါတယ်။ ညီမလေးတစ်ကယ်တော့ ဒီသင်ရိုးညွှန်းတမ်းတစ်ခုလုံးကို အွန်လိုင်းကနေကြိုဖတ်ဖူးတယ်။ အခြားသူတွေနဲ့ယှဥ်ရင် ညီမလေးအဆင့်က အရမ်းနိမ့်ကျနေတာပဲ”

ချူးချင်ရွှမ်သည် စိတ်ညစ်စွာသက်ပြင်းချလိုက်သော်လည်း သူမ၏ အမူအရာသည် မကြာမီတွင်ပင် ချက်ချင်းပြန်လည်ကြည်လင်လာသည်။ သူမအတွက်တော့ ဤသည်မှာ တစ်ခုတည်းသော အားနည်းချက်ပင်ဖြစ်သည်။ ဤသည်က စာလေ့လာရသည်နှင့်မတူသဖြင့် အချိန်တိုအတွင်း ပြီးမြောက်အောင်လုပ်နိုင်သောအရာမဟုတ်ပေ။

“အမှတ်(၁) အထက်တန်းကျောင်းက တည်ငြိမ်သမုဒ္ဒရာမြို့ရဲ့ အကောင်းဆုံးကျောင်းပဲ။ အဲ့မှာ ပါရမီရှင်တွေရော လူဆိုးတွေရောအများကြီးရှိတယ်။ ဒါပေမယ့် ညီမလေးက သိပ်နောက်မကျခဲ့ပါဘူး။ ဆရာက အရမ်းတိုးတက်နေပြီလို့ပြောတယ်။ အခု ကိုယ်ခန္ဓာ ပထမအဆင့်ကို ရောက်နေပြီဆိုတော့ စာမေးပွဲမဖြေခင် အတန်းဖော်တွေကို အမီလိုက်နိုင်မှာပါ။ ဘာပြဿနာမှမရှိလောက်ပါဘူး”

ချူးယွင်ဖန်းသည် ဤစကားကို ကြားပြီးနောက် အလွန်ကျေနပ်သွားသည်။ သူ့ညီမသည် တကယ့်ကို

ပါရမီရှင်ဖြစ်သည်။ ယခု သူမ၏ ရောဂါပျောက်ကင်းသွားသောအခါ သူမ၏ အရည်အချင်းများပေါ်ထွက်လာခဲ့ပြီဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် သူမသည် ငယ်ရွယ်လျက်ရှိနေသေးသဖြင့် သူမအောင်မြင်နိုင်သော အရာများစွာရှိသေး၏။

“ညီမလေးကို ဘယ်သူမှ အနိုင်မကျင့်ဘူးမလား”

ဤသည်မှာ သူအစိုးရိမ်ဆုံးဖြစ်သည်။ သူ့ညီမကျောင်းသွားတက်သည့်အခါတွင် သူမဘက်မှ အားနည်းနေမည်ကို စိုးရိမ်၏။

“မပူပါနဲ့၊ မမယုရှုက ကျောင်းကို လာပြီး ညီမလေးက သူ့ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်တယ်လို့ ကြေညာသွားတယ်။ တစ်ယောက်ယောက်က ညီမလေးကို ဒုက္ခရောက်အောင်လုပ်တာက သူ့ကိုလုပ်တာနဲ့တူတူပဲတဲ့။ ဘယ်သူက အနိုင်ကျင့်ရဲတော့မှာလဲ” ချူးချင်ရွှမ်က သူမ၏ လျှာကိုထုတ်ကာ ပြောင်ပြုံးပြုံးလိုက်သည်။

လွန်ခဲ့သည့် နှစ်ပတ်အတွင်း ချူးယွင်ဖန်းသည် ကျင့်ကြံရေးဖြင့် အလုပ်များနေခဲ့သဖြင့် အပြင်သို့ ခြေမချခဲ့ပေ။ သို့သော် ချူးချင်ရွှမ်နှင့် လျို့ယွီရှုတို့သည်မူ တစ်ရပ်ကွက်တည်းဖြစ်သဖြင့် လျင်မြန်စွာပင် သူငယ်ချင်းများဖြစ်လာခဲ့ကြသည်။ သူတို့နှစ်ဦးလုံးသည် တည်ငြိမ်သမုဒ္ဒရာမြို့ အမှတ်(၁) အထက်တန်းကျောင်း၏ ကျောင်းသားများဖြစ်ကာ ကျောင်းရှိလျို့ယွီရှု၏ အဆင့်အတန်းကြောင့် ချူးချင်ရွှမ်အား ဂရုစိုက်ပေးရန် သူမအတွက် အခက်အခဲမရှိပေ။

“ကောင်းကောင်းကြိုးစားတာ ကောင်းတယ်” ချူးယွင်ဖန်းက ပြုံးလျက်ပြောလိုက်သည်။

“ကိုကို၊ ညီမလေးအတွက်စိတ်မပူပါနဲ့။ တောထဲ‌တောင်ထဲသွားရမှာကာ ကိုကိုနော်၊ ညီမလေးမဟုတ်ဘူး။ ဒီလေ့ကျင့်ရေးစခန်းတွေအကြောင်း ဖတ်ဖူးတာ ဒါပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ တကယ်တော့ မြို့တိုင်းက ဒီလိုစခန်းတွေလုပ်ကြတယ်။ စစ်တပ်က ပါဝင်သူတွေရဲ့ လုံခြုံရေးအတွက် သေချာအောင် ကြိုးစားပေးမယ်ဆိုပေမယ့်၊ အဆင်မပြေတာတွေတော့ရှိနိုင်မှာပဲ” ချူးချင်ရွှမ်သည် လေးနက်သော အမူအရာဖြင့်ပြောလိုက်သည်။ ငယ်ရွယ်သော်လည်း ယခင်က နာမကျန်းမှုကြောင့် သူမသည် ရွယ်တူများထက် စဥ်းစားတွေးခေါ်နိုင်၏။

“စိတ်မပူပါနဲ့၊ ကိုကို့ခွန်အားနဲ့ ဘယ်သူမှဒုက္ခပေးနိုင်မှာမဟုတ်ဘူး”

လွန်ခဲ့သည့် ငါးရက်သည် သူ့အတွက်အလဟသမဖြစ်ခဲ့ပေ။ တစ်လခွဲလောက်အကြာတွင် သူသည် အလေးစီးဝတ်စုံကို တစ်နေ့တာလုံးဝတ်နိုင်ခဲ့သည်။ ရေချိုးချိန်မှလွဲ၍ မည်သည့်အချိန်တွင်မှ မချွတ်ပေ။ ပထမပိုင်းတွင် သူအသားမကျသဖြင့် သူ့ခွန်အား၏ ၃၀ရာခိုင်နှုန်းကိုပင် ထုတ်မသုံးနိုင်ခဲ့သော်လည်း ယခုမူ သူသည် စွမ်းအင်သန့်စင်ခြင်းပထမအဆင့်၏ တိုက်ခိုက်ရေးစွမ်းအားကို မပြနိုင်သည့်တိုင် အနည်းဆုံး ချီပင်လယ်နဝမအဆင့်တွင်ရှိနေကြောင်း အာမခံနိုင်၏။ ဤသည်ကပင် အရာအတော်များများကို ရရှိရန်လုံလောက်၏။

မနက်စာစားပြီးသောအခါတွင် ချပ်ဝတ်တန်ဆာကိုပြောင်းဝတ်လိုက်သည်။ မိဘများနှင့် ညီမအား နှုတ်ဆက်ပြီးနောက်တွင် ချူးယွင်ဖန်းသည် အိမ်မှထွက်ကာ ကျောင်းသို့လာ၏။

မနက်အစောပိုင်းသာရှိသေးသော်လည်း ကျောင်းတွင် လူအပြည့်ဖြစ်နေပြီဖြစ်သည်။ အတော်များများသည် အချက်အလက်အတိအကျကို မသိကြသေးသော်လည်း ၎င်းတို့၏ကျောင်းမှ ထိပ်တန်းအယောက်နှစ်ဆယ်သည် အပြင်းအထန်လေ့ကျင့်ရေးစခန်းတွင် ပါဝင်ရန် ထွက်ခွာနေကြသည်ကိုတော့ သိကြသည်။ ဤသည်မှာ မတူညီသောကျောင်းများအကြား ပေါ်ပေါက်လာမည့် နောက်ထပ်တိုက်ခိုက်မှုတစ်ခုဖြစ်သည်ကိုလည်း သူတို့သိကြ၏။ ဤတစ်ချိန်တွင်မူ တည်ငြိမ်သမုဒ္ဒရာမြို့တော်တစ်ခုလုံးအတိုင်းအတာအထိ အကျယ်ချဲ့သွားခြင်းသာဖြစ်သည်။

အတိတ်တွင် ဤကဲ့သို့သော တွေ့ဆုံမှုမျိုးသည် သူတိုနှင့် မဆိုင်သကဲ့သို့ အမြဲတမ်း အောက်ခြေတွင်သာရှိနေခဲ့သည်။ သို့သော် ယခုနှစ် ယွင်နင်ခရိုင်အတွင်း ကျော်ကြားလားခဲ့သည့် ထူးချွန်ထက်မြတ်သူများကြောင့် လူတိုင်းသည် ဤလေ့ကျင့်ရေးစခန်းကို မြင့်မားသော မျှော်လင့်ချက်များထားထားကြသည်။ အထူးသဖြင့် ယွင်နင်ခရိုင်၏ လက်ရွေးစင်များအား အနိုင်ယူခဲ့သော ချူးယွင်ဖန်းအပေါ်တွင် လူတိုင်းသည် မျှော်လင့်ချက်ကြီးကြီးမားမားထားကြသည်။

ချူးယွင်ဖန်း ‌ရောက်ရှိလာသောအခါတွင် အခြားသော ထိပ်တန်းအယောက်နှစ်ဆယ်သည်လည်း ရောက်ရှိနေကြပြီဖြစ်သည်။ လွန်ခဲ့သော နှစ်ပတ်အတွင်းတွင် လူတိုင်းသည် အချိန်ဖြုန်းခြင်းမရှိဘဲ တိုးတက်လာခဲ့ကြသည်။ လူတိုင်းသည် အနည်းဆုံးချီပင်လယ်သတ္တမအဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြပြီဖြစ်ကာ၊ ဂေါင်ဟုန်ချီ ကဲ့သို့ ချီပင်လယ် သတ္တမအဆင့် အထွဋ်အထိပ်ရှိသူများသည်မူ အဆင့်တက်ရန် ခြေတစ်လှမ်းသာလိုတော့၏။

ကျန်းထန်သည် ပို၍ပင်မြန်၏။ သူသည် လွန်ခဲ့သော နှစ်ပါတ်အတွင်းတွင် ချူးယွင်ဖန်းနှင့် အခြားသူများကို အမှီလိုက်နိုင်ပြီဖြစ်ကာ ချီပင်လယ်အဠမအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ အို့ယန်သည်မူ ချီပင်လယ်အဠမအဆင့် အထွဋ်အထိပ်တွင်ရှိနေ၏။ ဂေါင်ဟုန်ချီကဲ့သို့ပင် သူသည်လည်း ချီပင်လယ်နဝမအဆင့်သို့ တက်လှမ်းနိုင်ရန် ခြေတစ်လှမ်းသာလို‌‌တော့၏။

ချူးယွင်ဖန်းအား အမှန်တကယ်ထိတ်လန့်စေသည့်အရာမှာ တန်စီယုသာဖြစ်သည်။ ယမန်နေ့က သူတို့နှစ်ဦး တွေ့ဆုံခဲ့သည့်အချိန်တွင် သူမအဆင့်မကျော်ဖြတ်နိုင်ခဲ့သေးသော်လည်း၊ တစ်ညတည်းဖြင့် သူမသည် ချီပင်လယ်နဝမအဆင့်သို့ တက်လှမ်းနိုင်ခဲ့၏။ ယခုအခါတွင်မူ ကျောင်း၏ မူလနံပါတ်တစ်ဖြစ်သည့် အို့ယန်ကို ကျော်လွန်သွားပြီဖြစ်သည်။

အခန်း(၂၁၂) လမ်းပေါ်ရှိ အန္တရာယ်ကို ရင်ဆိုင်ခြင်း

ချူးယွင်ဖန်းသည် သူမ၏ လေ့ကျင့်ရေးတွင် ကျော်ဖြတ်နိုင်ခဲ့သော မှတ်တမ်းများကို ပြန်စဥ်းစားကာ၊ ဤသည်မှာ အံ့သြစရာမဟုတ်ကြောင်း ကောက်ချက်ချလိုက်သည်။ တန်စီယုသည် အံ့သြထိတ်လန့်ဖွယ်ကောင်းလောက်အောင်ပင် ပါရမီပါသူဖြစ်သဖြင့် ဆရာများသည်လည်း သူမအပေါ်တွင် မျှော်လင့်ချက်များကြီးမားစွာထားသည်။

သူမသည် သူမ၏ လေ့ကျင့်မှုကို အနည်းငယ်နောက်ကျကာ စတင်ခဲ့ခြင်းဖြစ်သဖြင့် လူများနှင့် အမီလိုက်နိုင်ရန် သူမ၏ အချိန်အများစုကို ကုန်ဆုံးခဲ့ရသည်။ ထို့ကြောင့် သူမ၏ ထက်မြတ်မှုကို ယခုအချိန်မှ အမှတ်တကယ်ထုတ်ပြလိုက်ခြင်းဖြစ်သော်လည်း ကံမကောင်းစွာဖြင့် ချူးယွင်ဖန်း၏ အောင်မြင်မှုသည် ပို၍ပင် ကြီးမားနေခဲ့သည်။ ချူးယွင်ဖန်းကြောင့်သာမဟုတ်လျှင် ယခုအချိန်လူပြောအများဆုံး ပါရမီရှင်မှာ တန်စီယုဖြစ်လိမ့်မည်မှာ သေချာပေါက်ပင်ဖြစ်၏။ တကယ့်လက်တွေ့တွင်မူ တန်စီယု သည် အမှတ်(၁၃) အထက်တန်းကျောင်းတစ်ခုလုံးတွင် ချူးယွင်ဖန်းနောက် ဒုတိယလိုက်သူတစ်ယောက်လည်းဖြစ်၏။

တတိယတန်းအစတွင် တန်စီယုသည် အို့ယန်ထက် အဆင့်အနည်းငယ်သာ နိမ့်ခဲ့သည်။ အို့ယန်ကိုယ်တိုင် အတော်အတန်တိုးတက်အောင်မြင်လာသည့် အခြေအနေများတွင် သူမသည် စာသင်နှစ်တစ်ခုအတွင်း လူတိုင်းနှင့် အမီလိုက်နိုင်ခဲ့သည်။ ပထမတစ်ချက်တွင် ထိုအမြန်နှုန်းသည် မမြင်သာသော်လည်း အသေအချာတွက်ချက်ကြည့်လျှင် ဤသည်မှာ တကယ်ကိုကြောက်မက်ဖွယ်ကောင်းသည်ကို သိလာလိမ့်မည်ဖြစ်၏။

ချူးယွင်ဖန်းသည်မူ ပို၍ မြန်လွန်းသည်။ သူသည် အို့ယန်၏အနောက် အဆင့်ငယ်အနည်းအကျဥ်း နိမ့်ရုံတင်မကပေ။ လွန်ခဲ့သည့် စာသင်နှစ်တွင် သူသည် အို့ယန်ထက် အဆင့်ကြီးတစ်ခု နိမ့်ခဲ့သည်။ ယခုတွင်မူ သူသည် ၎င်းတို့အားလုံးကို အမီလိုက်နိုင်ခဲ့ရုံသာမက အို့ယန်ထက် အဆင့်ငယ်တစ်ခုပင် ကျော်တက်နိုင်ခဲ့၏။

ပြန်တွေးကြည့်လျှင် ဤစာသင်နှစ်တွင် အရာများစွာဖြစ်ပျက်ခဲ့သည်။ ချူးယွင်ဖန်းသည် အို့ယန်ကို ကြည့်မိသောအခါ သူ့စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခုကို ခံစားလိုက်မိသည်။ အို့ယန်မသိလိုက်ခင်တွင် တန်စီယုသည် သူ့ကို ကျော်တက်နိုင်လိုက်ပြီဖြစ်၏။ တကယ်တမ်းတွင်မူ တစ်စုံတစ်ယောက်သည် သိုင်းကွက်တစ်ခု မစတင်သရွေ့ ၎င်းတို့၏အဆင့်ကိုခန့်မှန်းရန်မလွယ်ကူပေ။ ချူးယွင်ဖန်းကဲ့သို့ အ‌ရှိန်အဝါကို သတိထားကြည့်တတ်သူသာလျှင် ထိုသူ၏ အဆင့်ကို သိနိုင်၏။

အို့ယန်သည် ချူးယွင်ဖန်း၏ ထူးဆန်းသော အကြည့်ကြောင့် လန့်သွားမိသည်။ ချူးယွင်ဖန်း၏ မျက်လုံးများထဲတွင် သနားမှု၏ အရိပ်အမြွက်များ ထင်ဟပ်နေသည်ဟု သူခံစားမိ၏။ စကားပြောခွင့်မရလိုက်ချိန်တွင်ပင် ဟွာချန်ရှိသည် လမ်းလျှောက်ကာ ကျောင်းသားများကို ကွင်းပြင်ဆီသို့ ခေါ်သွား၏။ သိပ်မကြာမီတွင်ပင် သယ်ယူပို့ဆောင်ရေးယာဥ်တစ်ခု ဆင်းသက်လာကာ အထဲရှိတပ်သားတစ်စုသည် ကျောင်းသားများအားလုံးကို လေယာဥ်ပေါ်သို့ ခေါ်သွား၏။

“အားလုံးပဲ၊ ငါက လူတိုင်းကို အခြေစိုက်စခန်း နံပါတ် ၁၅ကို ခေါ်သွားဖို့ တာဝန်ရှိသူပါ”

စခန်းခေါင်းဆောင်က ပြောလိုက်သည်။

သူသည် ကျောင်းသာများထက် အသက်ကြီးသော်လည်း စခန်းခေါင်းဆောင်သည် သူ၏ ကျင့်ကြံမှုမှာ အနားရှိလူများလောက် မမြင့်မားသဖြင့် မောက်မာမှု အလျင်းမှမပြပေ။ သူသည် ချီပင်လယ် သတ္တမအဆင့် သို့မဟုတ် ချီပင်လယ် အဠမအဆင့်တွင်သာရှိကာ ဤနေရာရှိကျောင်းသားအများစုသည် သူ့ထက် အားမနည်းပေ၊ ပို၍ပင် သန်မာနိုင်၏။

ဤလူများသည် လူ့လောက၏ လက်ရွေးစင်များ သို့မဟုတ် အနာဂတ်မဏ္ဍိုင်များဖြစ်ကြောင်း သူသိနေသဖြင့် ၎င်းနှင့်ပတ်သက်၍ အံ့သြခြင်းမရှိပေ။ သူတို့ ဤအဆင့်တွင် မရှိခြင်းကသာ လူလောက၏ အနာဂတ်အတွက် စိန်ခေါ်မှုတစ်ခုဖြစ်စေလိမ့်မည်ဖြစ်သည်။

“ဒါပေမယ့်၊ မင်းတို့ကို ကြိုရှင်းထားချင်တာတစ်ခုရှိတယ်။ စခန်းရဲ့စည်းမျဥ်းအရ၊ မင်းတို့ကို အခြေစိုက်စခန်းကို တိုက်ရိုက်ပို့မှာမဟုတ်ဘူး။ စခန်းနဲ့ ဆယ့်ငါးကီလိုမီတာအကွာမှာရှိတဲ့ နေရာတစ်နေရာကို အရင်ပို့ပေးမှာပဲ။ အဲ့ကစပြီး ကျန်တဲ့လမ်းကို မင်းတို့ဘာသာသွားကြရလိမ့်မယ်။ ဒါ့အပြင် မင်းတို့အားလုံးကို လူစုခွဲပေးလိုက်မှာဖြစ်တာကြောင့် မင်းတို့ကိုယ်တိုင်လုပ်ကြရလိမ့်မယ်”

စခန်းခေါင်းဆောင်၏ စကားကြောင့် ကျောင်းသားအများကြား အနည်းငယ်ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။ ဆယ့်ငါးကီလိုမီတာသည် သူတို့အတွက် သိပ်မဝေးလှသော်လည်း ဤသည်မှာ မြို့နှင့် ဝေးကွာသော စစ်မြေပြင်ဖြစ်သည်။ ဤကဲ့သို့သော ခရီးအကွာအဝေးကို ခြေလျင်သွားရခြင်းသည် လူအများအတွက် ပထမဆုံးအကြိမ်ဖြစ်လိမ့်မည်။ ဆောင်းရာသီအားလပ်ချိန်တွင် မြို့မှထွက်ခွာကာ အမဲလိုက်ခဲ့ဖူးသော ချူးယွင်ဖန်း၊ တန်စီယုနှင့် ဂေါင်ဟုန်ချီတို့မှလွဲ၍ အခြားသူများတွင် ဤသို့သော အတွေ့အကြုံမျိုးမရှိကြပေ။

အခြေစိုက်စခန်းသို့ပင် မရောက်သေးသော်လည်း လေ့ကျင့်မှုစတင်တော့မည်ကို သိလိုက်ရသောကြောင့် ချူးယွင်ဖန်း၏ စိတ်ဓာတ်များတက်ကြွလာသည်။ ဤသည်မှာ သူမျှော်လင့်ထားသည်ထက် များစွာစော၏။

“ကျွန်တော်တို့သွားရမယ့်ခရီးက အရမ်းရှည်တယ်။ အန္တရာယ်တစ်ခုခုကြုံရင် ဘယ်လိုလုပ်ရမလဲ” ကျောင်းသားတစ်ယောက်ကမေးလိုက်သည်။

“အခြေစိုက်စခန်း(၁၅) ကိုလူသစ်တွေစုဆောင်းဖို့ အသုံးပြုတာဆိုတော့ အနီးနားဧရိယာတွေကို များသောအားဖြင့် နတ်ဆိုးတွေ ဝန်းရံထားတယ်။ ယေဘုယျပြောရရင် မင်းတို့တွေက အရမ်းအစွမ်းထက်တဲ့ နတ်ဆိုးတွေနဲ့ မကြုံရ‌လောက်ပါဘူး။ ဒါကလူတိုင်းအတွက် လေ့ကျင့်မှုပုံစံပဲ။ တောင့်မခံနို်ငတော့ရင် အကူအညီတောင်းလို့ရတယ်။ နောက်ပိုင်းကျရင် အန္တရာယ်သတိပေးကိရိယာကို ထုတ်ပေးသွားမယ်။ ဒါပေမယ့် အဲ့လိုလုပ်ရင် မင်းတို့ကို လေ့ကျင့်ရေးစခန်းက နှုတ်ထွက်သွားတယ်လို့ သတ်မှတ်ခံရလိမ့်မယ်” စခန်းခေါင်းဆောင်က ပြင်းထန်သောလေသံဖြင့်ပြောလိုက်သည်။

“ဒီလိုလူမျိုးကို ပျိုးထောင်ပေးဖို့ မထိုက်တန်ဘူး။ မင်းတို့အားလုံးက လူသားမျိုးနွယ်ရဲ့ အနာဂတ်မဏ္ဍိုင်တွေပဲ။ ဒါကို မကျော်လွှားနိုင်ရင် မင်းတို့ နှုတ်ထွက်သင့်တယ်”

စခန်းခေါင်းဆောင်၏ စကားလုံးများသည် အကြင်နာမဲ့ကာ ထက်မြတ်သော ဓားတစ်ချောင်းကဲ့သို့ သူတို့အား ဖြတ်တောက်သွာသည်ကို ခံစားလိုက်ရသည်။ ၎င်းတို့သည် အရည်အချင်းရှိသူများဖြစ်သော်လည်း လူသားမျိုးနွယ်အတွက် အကျိုးပြုသည့် အရည်အချင်းများရှိမလာပါက ဖယ်ရှားပစ်ခံရမည်သာဖြစ်သည်။ ဤသည်ကို ရှောင်လွှဲ၍ မရပေ။

မကြာမီတွင် သူတို့သည် လေယာဥ်ဆင်းသက်ရာနေရာသို့ရောက်ရှိလာကြသည်။ လေယာဥ်သည်မြေပြင်သို့ နီးကပ်လာသောအခါ ကျောင်းသားများအား ကြိုးဖြင့် လျှောချခိုင်းသည်။ ကံကောင်းထောက်မစွာဖြင့် ကျောင်းသားများအားလုံးသည် ချပ်ဝတ်တန်ဆာများဝတ်ဆင်ထားသောကြောင့် စိုးရိမ်စရာမရှိပေ။

လူတစ်ဒါဇင်ကျော်လောက်ဆင်းပြီးနောက်တွင် ချူးယွင်ဖန်း၏ အလှည့်သို့ရောက်လာ၏။ တန်စီယုနှင့် ဂေါင်ဟုန်ချီတို့သည် မဆင်းကြသေးပေ။ ချူးယွင်ဖန်းသည် စိတ်ချလက်ချပြုံးကာ ဒေါင်လိုက်ကြိုးကို ကိုင်ကာ လျှောဆင်းချလိုက်သည်။ ခဏအကြာတွင်ပင် သူသည် မြေပြင်ပေါ်ရှိပေါင်းပင်များကြားထဲသို့ရောက်သွား၏။

ဆင်းသက်သောအခါ ချူးယွင်ဖန်းသည် သူ၏ ပတ်ဝန်းကျင်ကို စတင်ကြည့်ရှု့လိုက်သည်။ သူ၏ လက်ဝဲဘက်တွင် တောအုပ်တစ်ခုရှိရုံမှတပါး နေရာအနှံ့တွင် ပေါင်းပင်များစွာပေါက်နေ၏။ ဤပေါင်းပင်များသည် သာမန်ပေါင်းပင်များထက်ပင် ပိုမြင့်သဖြင့် ချူးယွင်ဖန်းသည် ချက်ချင်းပင် နိုးကြားလာသည်။ ဤသို့နေရာမျိုးတွင် ဤသို့သော မြေပြင်သည် အန္တရာယ်အရှိဆုံးဖြစ်သည်။ ဤပေါင်းပင်များသည် လူတစ်ယောက်၏ အမြင်အာရုံကို ပိတ်ဆို့လျက်ရှိကာ နတ်ဆိုးများသည် ပေါင်းပင်များအကြားတွင် ပုန်းအောင်းနေပါက ၎င်းတို့ကို ကာကွယ်ရန် မဖြစ်နိုင်သလောက်ပင်ဖြစ်သည်။ တောထဲတွင် နေရသည်ထက် ပို၍ပင် အန္တရာယ်များ၏။

ချူးယွင်ဖန်းသည် သူ့လက်ပတ်နာရီပေါ်မှတစ်ဆင့် အခြေစိုက်စခန်း(၁၅) သို့ဦးတည်နေသော မြေပုံတစ်ခုကို ဖွင့်ကြည့်လိုက်သည်။ ထို့နောက် ဦးတည်ရာကို စစ်ဆေးကြည့်ပြီးနောက် သက်ပြင်းချလိုက်၏။ အခြေစိုက်စခန်း(၁၅)သည် ပေါင်းခင်း၏တစ်ဖက်တွင်ရှိနေခြင်းဖြစ်သဖြင့် ထိုသို့ရောက်ရန် ဤမြက်ခင်းကို ဖြတ်ရန်လိုအပ်သည်။

ချူးယွင်ဖန်းသည် အရိပ်မဲ့ဓားကို ဆွဲထုတ်ကာ သူ့ရှေ့မှ ထူထဲသော ပေါင်းပင်များအား ဖြတ်ခုတ်၍ လမ်းလျှောက်တစ်ခု ဖန်တီးလိုက်သည်။ ဤပေါင်းပင်များသည် ဝိဉာဥ်စွမ်းအင်ကို စုပ်ယူထားသဖြင့် ရှည်မျော၊ ကြီးမားကာာ မာကျောနေသော်လည်း သူ၏ ဓားကိုတော့မခံနိုင်ကြပေ။ ဤသည်မှာ ချူးယွင်ဖနး်အတွက် လေ့ကျင့်မှုပုံစံတစ်ခုလည်းဖြစ်၏။ စခန်းသည် ဆယ့်ငါးကီလိုမီတာသာဝေးသော်လည်း ဤသည်မှာ ပြီးပြည့်စုံသော လေ့ကျင့်မှုပုံစံသစ်တစ်ခုဖြစ်၏။

ထို့အပြင် ဤသည်မှာ သူလိုအပ်နေသောအရာအတိအကျပင်ဖြစ်သည်။ ဆေးဧကရာဇ်၏ မှတ်ဉာဏ်များထဲတွင် ဧကရာဇ်သည် သူ၏ ခွန်အားကို တိုးမြှင့်ရန် ဆေးဖက်ဝင်‌‌ဆေးလုံးများကို သုံးစွဲခဲ့သကဲ့သို့ သူသည်လည်း ဆေးလုံးများသောက်သုံးခဲ့သည်။ သူတို့နှစ်ဦး၏ အကြီးမားဆုံးကွဲပြားချက်မှာ ဤသို့သော လေ့ကျင့်မှုမျိုးသာဖြစ်၏။

လေ့ကျင့်မှုအားဖြင့် ချူးယွင်ဖန်းသည် သူသောက်လုံးထားသော ဆေးလုံးများကို ခွန်အား အဖြစ်သို့ပြောင်းလဲနိုင်သော်လည်း ဆေးဧကရာဇ်သည်မူ ဆေးဖော်စပ်ခြင်းကိုသာ အလေးထား၏။ ဆေးဧကရာဇ်သည် ဆေးလုံးများမှ ခွန်အားကို အပြည့်အဝအသုံးမပြုနိုင်ခဲ့ပေ။ ဤသည်မှာ သူမရှောင်လွဲနိုင်ခဲ့သည့် ကြေကွဲဖွယ်ရာအဖြစ်အပျက်တစ်ခုသာဖြစ်သည်။

ဤအခိုက်အတန့်တွင် ပေါင်းပင်တစ်အုပ်သည် ရုတ်တရက် လှုပ်ခါသွား၏။ ထို့နောက် ရုတ်တရက်ပင် အနှိုင်းမဲ့ကြီးမားသော လူသားနှင့်တူသောတစ်ခုပေါ်ထွက်လာသည်။

ချူးယွင်ဖန်းသည် အဆင်သင့်ဖြစ်နေ၏။ သူက ချက်ချင်းလျင်မြန်စွာပင် နောက်ဆုတ်လိုက်သည်။ သို့မှသာ ယင်းသည် လူသားမဟုတ်ဘဲကြီးမားသော ဝက်ဝံတစ်ကောင်ဖြစ်ကြောင်းမြင်လိုက်ရ၏။

အခန်း(၂၁၃) သံမဏိဝက်ဝံကို သတ်ခြင်း

ဤသည်မှာ ဧရာမဝက်ဝံကြီးတစ်ကောင်ဖြစ်သည်။ ခြေထောက်လေးဖက်လုံးထောက်စဥ်တွင် ၎င်းသည် ချူးယွင်ဖန်းထက် ခေါင်းတစ်လုံးပိုမြင့်ကာ နှစ်မီတာခန့်မြင့်၏။ ၎င်းသည် ချူးယွင်ဖန်းထံသို့ခုန်အုပ်လိုက်သောအခါတွင် ဆိုးဝါးသောလေများတိုက်ခတ်လာသည်ကို ခံစားလိုက်ရသည်။

ချူးယွင်ဖန်းသည် လောခြင်းမရှိပေ။ ကောင်းကင်နတ်ဘုရား ရွေ့လျားခြင်း ကို အသုံးပြု၍ ဤဝက်ဝံကြီးအား ရှောင်ရှားလိုက်သည်။ အကယ်၍ ချူးယွင်ဖန်းသည်သာ ယခင်က တောတွင်းအတွေ့အကြုံမရှိပါက၊ မည်သို့လုပ်ကိုင်ရမည်ကိုမသိဘဲ ပျာယာခတ်သွားနိုင်၏။

ဤဝက်ဝံကြီး၏ မူလအစကို သူသတိထားမိသည်။ ယင်းသည် ယခင်ကမ္ဘာ့ဝက်ဝံများ၏ ဆင့်ကဲပြောင်းလဲလာသော ပုံစံတစ်ခုဖြစ်ကာ သံမဏိဝက်ဝံ ဟု ခေါ်ကြသည်။ ယင်းကို နေရာတိုင်းတွင် တွေ့ရှိနိုင်ကာ တစ်ကောင်စီတိုင်းတွင် မတူညီသော အားသာချက်များရှိကြ၍ အများစုမှာ စွမ်းအင်သန့်စင်ခြင်းအဆင့်တွင် ရှိကြသည်။ အမှတ်တကယ်အစွမ်းထက်သော အကောင်များသည်မူ ဤအဆင့်၏ အထွတ်အထိပ်သို့ရောက်နေကြပြီဖြစ်ကာ သန့်စင်ခြင်းအဆင့် တွင်ရှိသော သံမဏိဝက်ဝံ များပင် ရှိသေးသည်။

သို့သော် ၎င်းသည် အခြေစိုက်စခန်း(၁၅)၏ အနီးတစ်ဝိုက်တွင်ဖြစ်သည်။ အင်အားကြီးနတ်ဆိုးများအားလုံးအသတ်ခံထားရပြီဖြစ်သဖြင့် လက်ရှိကျန်နေသော နတ်ဆိုးများသည် အခြေစိုက်စခန်းကို မခြိမ်းခြောက်နိုင်ပေ။ ဤသို့ပင်ဖြစ်လျှင်တောင် ဤသည်မှာ အခြေစိုက်စခန်းအတွက်သာဖြစ်သည်။ သာမန်ကျောင်းသားများအတွက်မူ သံမဏိဝက်ဝံ သည်အလွန်ကြောက်မက်ဖွယ်ကောင်း၏။

ဤ သံမဏိဝက်ဝံ သည် ကြောက်မက်ဖွယ်ကောင်းသည့်တိုင် ချူးယွင်ဖန်းတွင် စစ်ကူခေါ်ရန် အစီအစဥ်မရှိပေ။ ဝက်ဝံသည် နောက်ခြေထောက်များပေါ်သို့ရပ်လိုက်သောအခါတွင်မူ ချူးယွင်ဖန်းထက် နှစ်ဆခွဲနည်းပါးမြင့်လျက်ရှိသည်။ ၎င်း၏ ခုန်အုပ်မှုကို တိန်းရှောင်သွားလိုက်နိုင်သော်လည်း ထိုဝက်ဝံသည် လက်လျော့ခြင်းမရှိဘဲ နောက်ထပ်တစ်ချိန်ခုန်အုပ်လိုက်သည်။

ဝက်ဝံသည် အလွန်‌လေးလံသည်ထင်ရသော်လည်း ၎င်းပြေးသောအခါတွင် လျှပ်စီးကဲ့သို့ အလွန်လျင်မြန်၏။ လူအများသည် ဤသတ္တဝါ၏ အရှိန်ကို လျှော့တွက်လေ့ရှိကြသောကြောင့် ဖမ်းဆီးခံရလေ့ရှိကြသည်။ အကျိုးဆက်များသည် စိတ်ကူး၍ပင်မရနိုင်ပေ။

သို့သော် ချူးယွင်ဖန်းသည်မူ ကွဲပြား၏။ သူသည် ကောင်းကင်နတ်ဘုရားရွေ့လျားခြင်း ကိုအသုံးပြု၍ သတ္တဝါကြီးကို ရှောင်ကာ ဓားဖြင့် ခုတ်လိုက်ရာ သားရဲဝက်ဝံကြီး၏ နောက်ကျောတွင် ကြီးမားသောဒဏ်ရာတစ်ခု ရသွား၏။ အကယ်၍ ၎င်းသည် ကျောနီခွေးအတစ်ကောင်ဖြစ်မည်ဆိုပါက ၎င်းကို ဓားချက်တစ်ချက်တည်းဖြင့် နှစ်ပိုင်းပိုင်းလိုက်နိုင်မည်ဖြစ်သော်လည်း ယခု သားရဲဝက်ဝံသည်မူ ကွဲပြား၏။

ချီပင်လယ်နှင့် စွမ်းအင်သန့်စင်ခြင်းအဆင့်ရှိသော နတ်ဆိုးများသည် အလုံးစုံကွဲပြားသည်။ ၎င်းတို့၏ တုံ့ပြန်မှုဖြစ်စေ၊ အလျင်ဖြစ်စေ မတူညီခြားနားသော အဆင့်များတွင်ရှိကြသည်။ နာကျင်သွားသောအခါ သံမဏိဝက်ဝံ ကြီး၏ လှုပ်ရှားမှုများသည် ပို၍ လျင်မြန်လာ၏။ ၎င်းသည် ချူးယွင်ဖန်းထံသို့ တစ်ရှိန်ထိုးဖြင့် ပြေးလာသော်လည်း ချူးယွင်ဖန်းသည် ကောင်းကင်နတ်ဘုရားရွေ့လျားခြင်း ကိုဆက်လက်အသုံးပြု၍ ရှောင်တိမ်းလိုက်သည်။ သူက ဓားချက်တစ်ချက်ပြီးတစ်ချက်ပြုလျက်ရှိကာ မကြာမီတွင်ပင် သံမဏိဝက်ဝံ ကြီး၏ ခန္ဓာကိုယ်သည် ဒဏ်ရာများဖြင့် ဖုံးလွှမ်းသွား၏။ ဤဒဏ်ရာများသည် အရိုးများကို မြင်နေရနိုင်သည်အထိ နက်သော်လည်း ၎င်းသည် မသေသေးပေ။ ဤ သံမဏိဝက်ဝံ သည် သူထင်ထားသည်ထက် ပိုမိုဇွဲကြီး၏။

“ဟူး ဟူး”

ချူးယွင်ဖန်း၏ အသက်ရှုသံများမြန်လာ၏။ လက်ရှိသူသည် အလေးစီးသည့်ဝတ်စုံကို ဝတ်ထားဆဲဖြစ်ကာ ၎င်းသည် ကမ္ဘာ့ဆွဲအားကို နှစ်ဆဖြစ်စေလျက်ရှိသည်။ သို့သော် ယခုထိပင်လျှင် ချူးယွင်ဖန်းသည် ၎င်းကို ပိတ်ပစ်ရန် ရည်ရွယ်ချက်မရှိပေ။ သူ့ကိုယ်သူ လေ့ကျင့်ချင်ခြင်းဖြစ်သည့်အတွက် မည်မျှပင်ခက်ခဲနေပါစေ၊ ဆက်လက်လျှောက်လှမ်းရမည်ဖြစ်ရာ သူ့ပန်းတိုင်မရောက်မချင်း ရပ်တန့်သွားလိမ့်မည်မဟုတ်ပေ။

ဤနှစ်ဆဖြစ်နေသော ကမ္ဘာ့ဆွဲအားကြောင့် ချူးယွင်ဖန်း၏ ခွန်အားသည် အလျင်အမြန်ကျဆင်းလာခြင်းဖြစ်သည်။ သူ၏ ကိုယ်ခံအားသည် အဆင့်တူသူများထက် အဆပေါင်းများစွာသာကာ အဆုံးမရှိလုနီးပါး အကန့်အသတ်မရှိပေ။ သို့သော် ဤကဲ့သို့ ပြင်းထန်သော တိုက်ပွဲအခြေအနေအောက်တွင်မူ စွမ်းအင်သည် လျင်မြန်စွာကျဆုံးလာ၏။

ဤ သံမဏိဝက်ဝံ သည် ချူးယွင်ဖန်းထင်ထားသည်ထက် ကိုင်တွယ်ရန် ပိုမိုခက်ခဲသဖြင့် တစ်စက္ကန့်လေးပင် အနားယူ၍မရပေ။ အကယ်၍သူသာ ဂရုမစိုက်လျှင် သေသည်အထိ ကုတ်ဖြဲခံရနိုင်၏။ ဤတိုက်ပွဲသည် သူ၏ စိတ်ပိုင်းဆိုင်‌ရာနှင့် ရုပ်ပိုင်းဆိုင်ရာခွန်အားများကို နှစ်ဆပိုမိုကုန်ဆုံးစေသည်။ သူ့ကိုယ်သူလေ့ကျင့်ရန် ဤနည်းလမ်းကိုအသုံးပြုနေခြင်းသာဖြစ်ကာ အကယ်၍ သူ့တွင် ထိပ်တန်းသိုင်းပညာများနှင့် လက်ရှိကျင့်ကြံရေးအဆင့်သည် ချီပင်လယ်နဝမအဆင့်မဟုတ်လျှင် အသက်ဆုံးရှုံးသွားလိမ့်မည်ဖြစ်သည်။

အရှိန်ဖြစ်စေ၊ ခွန်အားဖြစ်စေ ဤ သံမဏိဝက်ဝံ သည် ချူးယွင်ဖန်းထက် အဆပေါင်းများစွာသာလွန်သဖြင့် သူ့တွင် ရွေးချယ်ရန် များများစားစားမရှိပေ။

‘ကစားတာလုံလောက်ပြီ။ ငါ ဒီတိုင်းဆက်သွားလို့မရဘူး။ အခြားနတ်ဆိုးတစ်ကောင်ပေါ်လာရင် ငါဒုက္ခဖြစ်လိမ့်မယ်’

ချူးယွင်ဖန်းက သူ့မျက်လုံးများဖြင့် နတ်ဆိုးဝက်ဝံအား စူးရဲရဲကြည့်ကာ တွေးလိုက်သည်။

သူ့ဘေးရှိ သံမဏိဝက်ဝံ သည် ဟိန်းဟောက်ကာ ချူးယွင်ဖန်းအား ခုန်အုပ်လိုက်သည်။

“စီးဆင်းမှုကို ဖြတ်တောက်ခြင်း”

ဤတစ်ကြိမ်တွင် ချူးယွင်ဖန်းသည် ရှောင်တိမ်းရမည့်အစား သူ့လက်ထဲမှ ဓားဖြင့် ခုတ်ချလိုက်သည်။ တစ်ခဏချင်းတွင်ပင် ချူးယွင်ဖန်းသည် သူ့တွင် ကမ္ဘာတစ်ခုလုံး၏ ခွန်အားများရုတ်ချည်းစုစည်းလာသကဲ့သို့ ခွန်အားကို အပြည့်အဝသုံးလိုက်သည်။ ချူးယွင်ဖန်းသည် သူ့လက်ထဲတွင် ကောင်းကင်ဘုံ၏ ကံကြမ္မာရှိနေသကဲ့သို့ပင် ခံစားလိုက်မိ၏။ ဤဓားချက်သည် အရားအားလုံးကို ဖြတ်တောက်နိုင်၏။

သံမဏိဝက်ဝံ သည် သာမန်သတ္တဝါမဟုတ်ပေ။ ယင်းသည် ချူးယွင်ဖန်းအား သတ်ပစ်ချင်စိတ်ဖြင့် ခုန်အုပ်လိုက်သည်။ ၎င်း၏ ရှေ့ခြေသည်းများသည် ဓားဆယ်ချောင်းကဲ့သို့ ရှည်ထွက်လာသည်။ ဤသည်မှာ သံမဏိဝက်ဝံ ၏ အသုံးမပြုရသေးသော ဝှက်ဖဲတစ်ခုပင်ဖြစ်သည်။ ဤနတ်ဆိုးသည် ချူးယွင်ဖန်းခန့်မှန်းထားသည်ထက် ပို၍ ဉာဏ်ကောင်း၏။

ဤအဓိကအခိုက်အတန့်တွင် ချူးယွင်ဖန်းသည် လုံးဝတည်ငြိမ်သွားသောအခြေအနေအောက်သို့ ပြန်လည်ရောက်ရှိသွား၍ တစ်ခဏချင်းတွင်ပင် အရာအားလုံးသည် သူ၏ ထိန်းချုပ်မှု‌အောက်သို့ရောက်ရှိသွား၏။

အနက်ရောင် ဓားအလင်းသည် သံမဏိဝက်ဝံ ၏မျက်လုံးတစ်ဆင့် ဦးနှောက်ထဲသို့ဖြတ်ဝင်သွားသည်

“ဝေါင်း”

သံမဏိဝက်ဝံ သည် ဟိန်းဟောက်လိုက်ပြီးနောက် မတ်တပ်ထရပ်ကာ ချူးယွင်ဖန်းအား လက်သည်းဖြင့် ကုတ်လိုက်၏။

ချူးယွင်ဖန်းသည် လေထဲတွင် ကျွမ်းတစ်ပါတ်ထိုးကာ မြေပြင်ပေါ်သို့ ပြန်လည် ခုန်ဆင်းလိုက်သည်။ သူ့ခွန်အားများအလုံးစုံဆုတ်ယုတ်လုနီးပါး ခံစားလိုက်ရသည်။ ကမ္ဘာ့ဆွဲအားနှစ်ဆအောက်တွင် သူ၏ ခွန်အားသုံးစွဲမှုသည် ကြောက်မက်ဖွယ်ကောင်းလျက်ရှိသည်။ သို့သော် ဤအရာကြောင့်သာ ပိုမိုမြန်ဆန်စွာ အဆင့်များတက်နိုင်ခြင်းဖြစ်၏။

ချူးယွင်ဖန်း သူ့ကိုယ်သူ ငုံ့ကြည့်လိုက်သည်။ သံမဏိဝက်ဝံ ၏ ဓားနှင့် တူသော ခြေသည်းများသည် သူ့အား ကုတ်ခြစ်လိုက်လိုက်ပြီဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ချပ်ဝတ်တန်ဆာများဝတ်ထားခြင်းကြောင့်သာမဟုတ်လျှင် ထိုလက်သည်းတစ်ချက်ဖြင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးကြေမွသွားနိုင်၏။ အရိပ်မဲ့ဓားသည်လည်း သူ့လက်ထဲတွင်မရှိတော့ဘဲ သံမဏိဝက်ဝံ ၏ မျက်လုံးများထဲတွင် ထိုးစိုက်နေဆဲဖြစ်သည်။ သတ္တဝါသည် ရုန်းကန်လေလေ ဓားသည်ပို၍ နက်နက်သို့ရောက်လေလေဖြစ်ကာ ဒဏ်ရာသည် ပို၍ကြီးလေလေဖြစ်လာ၏။ ဦးနှောက်ဖြင့်ရောနေသာ သွေးများသည် ဒဏ်ရာမှတစ်ဆင့် စီးကျလာသည်။

အချိန်အတော်ကြာပြီးနောက် သံမဏိဝက်ဝံ သည် အရိပ်မဲ့ဓား၏ ဦးနှောက်ဖောက်ခြင်းကို ခံရကာ၊ နောက်ဆုံးတွင် သေဆုံးသွားသည်။ မည်သို့ကြမ်းတမ်းသော နတ်ဆိုးပင်ဖြစ်ပါစေ၊ ဦးနှောက်ကိုအဖြတ်ခံရပါက သေချာပေါက် သေဆုံးသွားလိမ့်မည်ဖြစ်၏။

ချူးယွင်ဖန်းသည် သက်ပြင်းတစ်ချက်ချလိုက်သည်။ သူ၏ ခွန်အားအချို့ကို ပြန်လည်ရရှိပြီးနောက် သံမဏိဝက်ဝံ ဆီလို့လျှောက်သွားကာ သူ၏ ဓားကို ပြန်ဆွဲထုတ်လိုက်သည်။ ဓားပေါ်မှ သွေးစက်များနှင့် ဦးနှောက်အပိုင်းအစများသည် ချက်ချင်းပင် လွင့်စင်သွားကာ သန့်ရှင်းသွား၏။ ထို့နောက် ၎င်းကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။ ထို့နောက် သံမဏိဝက်ဝံ ကို တောင်မြစ်ပန်းချီကား တွင်ထားလိုက်သည်။ သံမဏိဝက်ဝံ သည် စွမ်းအင်သန့်စင်ခြင်းအဆင့်သာရှိသေးသော်လည်း ၎င်းသည် ယွမ်သိန်းဂဏန်းခန့်တန်ကြေးရှိဦးမည်ဖြစ်သည်။

အကယ်၍ ယခင်ကသာဆိုလျှင် သူသည် အခြားနတ်ဆိုးများထံတွင်သာ သံမဏိဝက်ဝံ ၏အလောင်းကို ထားခဲ့နိုင်မည်ဖြစ်သည်။ သို့သော် တောင်မြစ်ပန်းချီကား ရှိသဖြင့် သွားရေးလာ‌ရေးသည် ပို၍ အဆင်ပြေ၏။

ချူးယွင်ဖန်းသည် တောင်မြစ်ပန်းချီကား တွင် ခွန်အားပြန်လည်ရရှိရန်တရားထိုင်လိုက်သည်။ ထို့နောက် ထိုထဲမှထွက်လာလိုက်ကာ အခြေစိုက်စခန်း(၁၅)သို့ ပြန်လည်ဦးတည်လိုက်သည်။

All Chapters