အခန်း (၂၁၄-၂၁၆)
Vol. 15 Ch. 214-216
အခန်း(၂၁၄) တပ်မတော်၏ ဒုတိယစမ်းသပ်ချက်
ချူးယွင်ဖန်း တည်ရှိရာနေရာသည် အခြေစိုက်စခန်း(၁၅)မှ ဆယ့်ငါးကီကိုမီတာခန့်သာကွာဝေးသော်လည်း နောက်ဆုံး ထိုနေရာသို့ရောက်သောအခါတွင် ဒုတိယနေ့ပင်ရောက်နေပြီဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ အချိန်ကန့်သတ်ချက်မရှိသောကြောင့် အလျင်လိုခြင်းမရှိပေ။
ချူးယွင်ဖန်းသည် လေ့ကျင့်ရေးစခန်းမှ လုပ်ဆောင်ချက်များ၏ နောက်ကွယ်တွင်ဖုံးကွယ်ထားသော အဓိပ္ပါယ်ကိုနားလည်သဘောပေါက်သွား၏။ လေ့ကျင့်ရေးစခန်းသည် ကျောင်းသားများအားတောထဲတွင် တတ်နိုင်သမျှ လေ့ကျင့်စေခြင်းဖြစ်သည်။ ဆယ့်ငါးကီလိုမီတာအကွာအဝေးသည် ဝေးသည်ထင်ရသော်လည်း တကယ်တမ်းတွင်မူ မဝေးသည့်အပြင် အကူအညီလည်းတောင်းနိုင်သဖြင့် ဘေးကင်းမည်ဟုအာမခံနိုင်၏။
လမ်းတစ်လျှောက်တွင် မွန်းစတားများစွာသည် တစ်ကောင်စီလှည့်လည်နေကြခြင်းဖြစ်ကာ၊ အချို့သည် ချီပင်လယ်အဆင့်တွင်ရှိကြ၍ အချို့မှာမူ စွမ်းအင်သန့်စင်ခြင်းအဆင့်တွင်ရှိကြသည်။ ချူးယွင်ဖန်းသည် ကုန်ခမ်းသွားသော ခွန်အားနှင့် စွမ်းအင်ကို ပြန်လည်ရရှိရန် တိုက်ပွဲအပြီးတိုင်းတွင် တောင်မြစ်ပန်းချီကား သို့ ဝင်ကာတရားထိုင်၏။ ထို့ကြောင့် တိုက်ပွဲတိုင်းတွင် အားကုန်သုံးလျက်ရှိကာ ခွန်အားကို ချုပ်တည်းထားခြင်းမရှိပေ။
အစပိုင်းတွင် ချူးယွင်ဖန်းသည် သူသတ်ခဲ့သော မွန်းစတား တိုင်းကို တောင်မြစ်ပန်းချီကား သို့ခေါ်သွားသော်လည်း မကြာမီတွင်ပင် နေရာသည် ပြည့်လျှံလာသည်။ ထို့ကြောင့် ချီပင်လယ်အဆင့် မကောင်ဆိုးဝါးများကို ထားခဲ့ကာ သန့်စင်ခြင်းအဆင့် မွန်းစတားများကိုသာ ချန်ထား၏။ ချူးယွင်ဖန်း၏ တိုက်ပွဲများသည် တစ်ရက်တာလုံးကြာမြင့်လျက်ရှိရာ သိပ်မကြာမီတွင်ပင် အလေးစီးသောဝတ်စုံ၏ ကမ္ဘာ့ဆွဲအားနှစ်ဆနှင့် လိုက်လျောညီတွေဖြစ်လာ၏။
ဤအကွာအဝေးတွင် အခြေစိုက်စခန်း(၁၅)၏ နံရံများကို စတင်မြင်နေရပြီဖြစ်သည်။ လေ့ကျင့်ရေးစခန်းဟုခေါ်သော်လည်း ရဲတိုက်ငယ်တစ်ခုနှင့်တူ၏။ အနီးပတ်ဝန်းကျင်တွင် အရာရာသည် ရှင်းလင်း၍ မြေသည် ပြန့်ပြူးသဖြင့် ပေါင်းပင်တစ်ပင်မျှမတွေ့ရရဘူး။ ချူးယွင်ဖန်း၏ ရှေ့တွင် လမ်းတစ်ခုပြီးတစ်ခုပေါ်လာ၏။
သို့သော် အခြေစိုက်စခန်းသို့ရောက်မည့်လမ်းတစ်ခုသို့သွားခါနီးတွင် လမ်းရှေ့ တစ်စုံတစ်ယောက်မှ ပိတ်ဆို့ကာစီးထားသည်ကို မြင်လိုက်ရ၏။ ချပ်ဝတ်ဝန်ဆာဝတ်ထားသော တပ်သားတစ်ယောက်သည် လူတိုင်း၏ လမ်းရှေ့မှပိတ်ထား၏။ ဤအချိန်တွင် ဤနေရာသို့ရောက်ရှိလာသူမှာ ချူးယွင်ဖန်းတစ်ဦးတည်းမဟုတ်ပေ။
“ခင်ဗျားက ဘာလုပ်ပိုင်ခွင့်နဲ့ ကျုပ်တို့လမ်းကို ပိတ်ထားတာလဲ” ကျောင်းသားတစ်ယောက်သည် ဒေါသတကြီးမေးလိုက်သည်။
တစ်ရက်တာလုံးတိုက်ခိုက်ပြီးနောက်တွင် လူတိုင်းသည် မောပန်းနွမ်းနယ်လျက်ရှိသည်။ အခြေစိုက်စခန်းသည် မိမိတို့မျက်စိရှေ့တွင်ရောက်နေပြီဖြစ်သော်လည်း တစ်စုံတစ်ယောက်သည် မိမိတို့အား တားဆီးနေ၏။ တပ်သားသည် ကျောင်းသားများကို ကြည့်၍ လှောင်လိုက်သည်။
“ဒီနေရာကို မင်းတို့က ဘာထင်နေလို့လဲ၊ အိမ်မှာကစားဖို့ ကလေးကစားကွင်းထင်နေလား။ မင်းတို့ကျောင်းတွေမှာ လက်ရွေးစင်တွေလို့ငါကြားတယ်။ ဒီတာဝန်လေးကိုတောင် မင်းတို့ပြီးမြောက်အောင် မလုပ်နိုင်ကြဘူးလား”
တပ်သားသည် ချူးယွင်ဖန်း လမ်းလျှောက်လာသည်ကို တွေ့လိုက်သဖြင့် အသံကိုမြှင့်ကာ ပြောလိုက်သည်။
“လူသစ်တွေရောက်လာပြီဆိုတော့ ငါနောက်တစ်ကြိမ်ပြန်ပြောလိုက်မယ်။ ငါ့ကို ဒီစက်ဝိုင်းထဲက ထွက်အောင်တိုက်နိုင်ရင် မင်းတို့အားလုံးဆက်သွားနိုင်မယ်။ ဘယ်သူမှမလုပ်နိုင်ဘူးဆိုရင်တော့ မင်းတို့ နောက်ထပ်တစ်ရက်ဆက်စောင့်ရလိမ့်မယ်။ အခြားလမ်းတွေလည်း အတူတူပဲမို့ လမ်းပြောင်းဖို့ စဥ်းတောင်မစဥ်းစားကြနဲ့”
ချူးယွင်ဖန်းသည် ချက်ချင်းနားလည်သဘောပေါက်သွားသည်။ သူတို့ အခြေစိုက်စခန်း(၁၅) ထွက်ခွာလာခဲ့စဥ်မှစ၍ ဤသည်မှာ ၎င်းတို့၏ အင်အားကို ပြသသည့် ဒုတိယအကြိမ်ဖြစ်သည်။ ကျောင်းသားတိုင်းသည် မရိုးရှင်းပေ။ အမျိုးမျိုးသော ကျောင်းများ၏ လက်ရွေးစင်များဖြစ်သဖြင့် ရင်ဆိုင်ရန်မလွယ်ကူပေ။ ဤသည်မှာ တပ်မတော်၏ လုပ်ရိုးလုပ်စဥ်တစ်ခုဖြစ်ကြောင်း သူကြားခဲ့ဖူးသည်။ စစ်သက်ရင့်များသည် အဦးဆုံးအနေဖြင့်ကျောင်းသားများ၏ မာန်မာနကို ဖယ်ရှားကာ ၎င်းတို့၏ အာဏာကိုပြသရန်နည်းလမ်းများကို ဦးစွာစဥ်းစားကြသည်။ ထို့နောက်မှသာ ကျောင်းသားများကိုကိုင်တွယ်ရ ပိုလွယ်ကူလာမည်ဖြစ်၏။
ဤသည်မှာ အနာဂတ်လူသားလက်ရွေးစင်များနှင့် လူသားမျိုးနွယ်၏ မဏ္ဍိုင်များကို ဆွဲဆောင်ရန် စစ်တပ်၏အင်အားကို ပြသမည့်အစီအစဥ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သူတို့သာသိသည်။ တကယ်တမ်းတွင်မူ စစ်တပ်သည် ဤပါရမီရှင်များကို ဆွဲဆောင်ရန် ဆန္ဒအလွန်းပြင်းပျသည်။ ဤသို့သောပါရမီရှင်များနှင့် လက်ရွေးစင်များ၏ အကူအညီမပါလျှင် မည်သည့်အဖွဲ့မှ ပေါ်ပေါက်လာလိမ့်မည်မဟုတ်ပေ။ အထူးသဖြင့် လူသားမျိုးနွယ်၏ရှေ့တန်းတွင် နေ့စဥ်တိုက်ပွဲဝင်နေရသည့် တပ်မတော်အတွက် ဤအချက်သည် အထူးမှန်သည်။ အကယ်၍ စစ်တပ်သည် အသက်ကြီးသူ၊ ဖျားနာသူ၊ အားနည်းသူ၊ မသန်စွမ်းသူများဖြင့် ဖွဲ့စည်းထားလျှင် ဤမရေမတွက်နိုင်အောင် များပြားသော နတ်ဆိုးများ၏ တိုက်ခိုက်မှုကို ရပ်တန့်ရန် မည်သို့လုပ်ဆောင်နိုင်လိမ့်မည်နည်း။
မရေမတွက်နိုင်သော သွေးပူသူများ တပ်မတော်သို့ နှစ်စဥ် ဝင်ရောက်ကြသော်လည်း လုံလောက်မှုမရှိပေ။
‘စွမ်းအင်သန့်စင်ခြင်းအဆင့်’
ချူးယွင်ဖန်းသည် တပ်သားကို ကြည့်ကာ ချက်ချင်းပင် ကောက်ချက်ချလိုက်သည်။ ထိုတပ်သားသည် စွမ်းအင်သန့်စင်ခြင်းအဆင့်တွင် သေချာပေါက်ရှိသည်။ သူ ဤမျှ ဂုဏ်ယူဝင့်ကြွားနေသည်မှာ အံ့သြဖွယ်ရာမရှိပေ။ ကျောင်းသားများသည် သူ့အားစည်းဝိုင်းထဲမှ တိုက်ခိုက်ပစ်ထုတ်ရန်သာလိုအပ်သည်။
ချူးယွင်ဖန်းသည် ဤကျောင်းသားများကို မသိသော်လည်း ဤသည်က ပုံမှန်သာဖြစ်သည်။ တည်ငြိမ်သမုဒ္ဒရာမြို့တစ်ခုလုံးရှိ ကျောင်းသားများကို မဆိုနှင့် ယွင်နင်ခရိုင်ရှိ ကျောင်းသားများအားလုံးကိုပင် သူမမှတ်မိနိုင်ပေ။ ဤလေ့ကျင့်ရေးစခန်းသို့ ကျောင်းသားပေါင်း နှစ်ထောင်မှ သုံးထောင်အထိတက်ရောက်လျက်ရှိရာ၊ သူလူတိုင်းကို မည်သို့သိနိုင်လိမ့်မည်နည်း။
“ဒါက လွန်လွန်းတယ်” ကျောင်းသားတစ်ယောက်သည် ဒေါသဖြင့်အော်ဟစ်လိုက်သည်။
“ငါမင်းကိုတိုက်ခိုက်မယ်”
ဤကျောင်းသားသည် သူ့နောက်ကျောမှ ကျောပိုးအိတ်ဆီသို့ လက်လှမ်းကာ ရှည်လျားသော လှံကြီးကိုဆွဲထုတ်လိုက်သည်။
ထိုနောက် ကျောင်းသားသည် တပ်သားဆီသို့ အလျင်အမြန်ပြေးသွားလျက် သူ၏ လှံကို ပြင်းပြင်းထန်ထန်ဝှေ့ယမ်းကာ ကြောက်မက်စွာချဥ်းကပ်လိုက်သည်။
တစ်ချိန်တည်းတွင်ပင် တပ်သားသည်လည်း သိုင်းကွက်တစ်ခုကို စတင်ခဲ့သည်။ သူသည်မူ စစ်တပ်မှထုတ်ပေးသော ပုံမှန်ဓားကို ကိုင်ဆောင်ထားသည်။ အရိပ်မဲ့ဓားနှင့်မယှဥ်နိုင်သော်လည်း ၎င်းသည် ကျောင်းတွင်ဖြန့်ဝေသည့် ပုံမှန်ဓားများထက် များစွာသာလွန်နေသေး၏။
ဓားနှင့် လှံရှည်တို့ အချင်းချင်းတိုက်မိကာ သတ္တုပွတ်တိုက်သံများထွက်ပေါ်လာ၏။ ဤကျောင်းသား၏ တိုက်ခိုက်မှုသည် ဒီရေနှင့်တူသော်လည်း သူသည် တပ်သား၏ ခြေကို အနည်းငယ်ပင် ရွေ့မသွားစေနိုင်ပေ။
“ဒီလူသန်မာလှချည်လား”
ပတ်ဝန်းကျင်မှ ကျောင်းသားများသည် တအံ့တသြထအော်ကြသည်။ ထိုကျောင်းသားသည် ချီပင်လယ်သတ္တမအဆင့် အထွဋ်အထိပ်တွင်ရှိနေသည်မှာ ထင်ရှားသဖြင့် အားနည်းသည်ဟု ယူဆ၍မရသော်လည်း တပ်သားနှင့် ယှဥ်လျှင်မူ မသင့်လျော်ပေ။ တပ်သား၏ဓားသည် သူ၏ ခန္ဓာကိုယ်အား အပြည့်အဝကာကွယ်ထား၏။
“မင်းလုပ်နိုင်တာ ဒါအကုန်ပဲလား။ စိတ်ပျက်လိုက်တာ” ထိုတပ်သားသည် အော်ကာ ဓားဖြင့် ခုတ်လိုက်သည်။
‘ဘမ်း’ဟူသောအသံကြီးထွက်လာပြီးနောက် ကျောင်းသား၏ လှံသည် လွင့်ထွက်သွား၏။ သို့သော် တပ်သားသည် မတ်မတ်ရပ်နေဆဲပင်ဖြစ်ကာ ခြေတစ်လှမ်းမှပင်လှုပ်ခြင်းမရှိပေ။
“မင်းတို့အားလုံးက ကျောင်းအသီးသီးက လက်ရွေးစင်တွေဖြစ်ကြတယ်။ မင်းက ဘာလို့ ငါတို့ စစ်တပ်က တပ်သားသစ်တွေနဲ့တောင် မယှဥ်နိုင်လောက်အောင် အားနည်းနေရတာလဲ။ အရမ်းညံ့ဖျင်းလွန်းတယ်” တပ်သားသည် ရင့်သီးစွာကြိမ်းမောင်းလိုက်သည်။
ဤစကားများသည် ကောင်းကင်ဘုံမှချီးမြှင့်ထားသည်ဟု ယူဆကြသော ကျောင်းသားများကို အလွန်ဒေါသထွက်စေ၏။
“ငါလုပ်ပါရစေ”
ဤအချိန်တွင် နောက်ထပ်ကျောင်းသားတစ်ဦး ခုန်ထွက်လာသည်။ သူသည် ဓားတစ်ချောင်းကို ထုတ်ကာ တပ်သားထံသို့ ချီတက်လာ၏။ သူ၏ အတွင်းအားသည် ယခင်ကျောင်းသားထက်ပင်မြင့်မားသော်လည်း လျင်မြန်ခြင်းမရှိပေ။ ယခင်ကျောင်းသား၏ တိုက်ခိုက်မှုတိုင်းသည် လျှပ်စီးကြောင်းကဲ့သို့ မြန်ဆန်၏။ သူ၏ အရှိန်သည် အံ့မခန်းဖြစ်သည့်တိုင် မည်မျှပင် လျင်မြန်သည်ဖြစ်စေ၊ တပ်သားကို အနိုင်မယူနိုင်ခဲ့ပေ။ တပ်သားသည် မလျင်မြန်သော်လည်း စွမ်းအင်သန့်စင်ခြင်းအဆင့်၏ ခံနိုင်ရည်အားသာချက်ကြောင့် သူသည် ထိုကျောင်းသားထက်ပို၍ သန်မာသည်။
ဤဒုတိယကျောင်းသားသည်မူ အလျင်ပိုင်းတွင် အားသာချက်မရှိသောကြောင့် သိုင်းကွက်အနည်းငယ်အတွင်းတွင် တပ်သားထံ၌ အရှုံးပေးလိုက်ရ၏။
တပ်သား၏ မျက်နှာထက်ရှိလှောင်ပြောင်သော အမူအရာသည် ကျောင်းသားများ၏ မိမိကိုယ်မိမိအထင်ကြီးစိတ်ကို လှောင်ရယ်နေကြောင်းပို၍ ထင်ရှားလာ၏။
အခန်း(၂၁၅) ပွဲသိမ်းဓားချက်
ထိုသို့ရှုံးနိမ့်ပြီးနောက် ဤတိုက်ပွဲသည် ပြင်းထန်သော တိုက်ပွဲတစ်ခုအဖြစ်ပြောင်းလဲတော့မည်ဟူသည့် အချက်ကို လျစ်လျူရှု့ကာ လှံကိုင်ထားသော အခြားကျောင်းသားတစ်ဦးသည် စတင်တိုက်ခိုက်၏။
အဦးဆုံးအနေဖြင့် ဤနေရာကို ဖြတ်သွား၍မရခြင်းသည် နောက်တစ်ရက်ဆက်နေရမည်ဟု ဆိုလိုခြင်းဖြစ်ကာ ဤသို့ အရှက်တကွဲအကျိုးနည်းဖြစ်နေရခြင်းကို လက်မခံနိုင်ကြပေ။ ဒုတိယအနေဖြင့် တပ်သား၏ သဘောထားသည် သူတို့အား ဒေါသထွက်စေလျက်ရှိသည်။ ၎င်းတို့၏ မာန်မာနကို ဤမျှလောက်ထိ မည်သူမှ မမှေးမှိန်စေခဲ့ဖူးပေ။
ချူးယွင်ဖန်းသည် ဘေးမှကြည့်ရုံသာ ကြည့်ကာ တိုက်ပွဲတွင် မပါဝင်ခဲ့ပေ။ ဤကျောင်းသားများသည် တကယ်ကိုပင် ကျောင်းအသီးသီး၏ လက်ရွေးစင်များဖြစ်ကြသည်။ အပျော့ညံ့ဆုံးတစ်ယောက်ပင် ဂေါင်ဟုန်ချီကဲ့သို့ သန်မာကာ၊ ခွန်အားအကြီးဆုံးမှာမူ အို့ယန်နှင့် နှိုင်းယှဥ်၍ရသည်။
ချူးယွင်ဖန်းသည် ဤလူများအကြောင်းကို တစ်ကြိမ်တစ်ခါမျှ မကြားခဲ့ဖူးပေ။ တည်ငြိမ်သမုဒ္ဒရာမြို့၌ ပုန်းကွယ်နေသော ပါရမီရှင်များစွာနှင့် ကျွမ်းကျင်သူများစွာရှိသည်။ သို့သော် သူ၏ အာရုံကို ဖမ်းစားနိုင်သော ဆရာကြီးများနှင့် မတွေ့သေးပေ။ ၎င်းတို့သည် စွမ်းအင်သန့်စင်ခြင်းအဆင့်သို့ရောက်ရှိနေသော ကျောင်းသားများဖြစ်ကာ ဤစမ်းသပ်မှုသည် စွမ်းအင်သန့်စင်ခြင်းအဆင့်ရှိကျောင်းသားများကို ရွေးထုတ်ရန် ရည်ရွယ်ထားကြောင်း သူရုတ်တရက် နားလည်ခဲ့သည်။
ဤသည်မှာ ကျောင်းတစ်ခုစီ၏ ထိပ်တန်းအယောက်နှစ်ဆယ်အတွက် လေ့ကျင့်ရေးစခန်းတစ်ခုဖြစ်သော်လည်း ချူးယွင်ဖန်းသည် ထိုမျှထိမရိုးရှင်းကြောင်း ခံစားမိသည်။ သို့မဟုတ် ၎င်းသည် အကောင်းတကာ့အကောင်းဆုံးများကို ရွေးထုတ်ရန်အတွက် အဓိကထားကာ စီစဥ်ထားခြင်းဖြစ်နိုင်၏။
ကျောင်း၏ ထိပ်တန်းအယောက်နှစ်ဆယ်သည် ပုံမှန်အားဖြင့် သာမန်အထူးတက္ကသိုလ်အဆင့်တွင်ရှိကာ၊ သာမန်ကျောင်း၏ ထိပ်တန်းသုံးယောက်ပင် နာမည်ကြီးတက္ကသိုလ်ဆယ်ခု၏ ထိပ်တန်း ဆယ်ယောက်အဆင့်တွင်ရှိသည်။ သို့သော် စစ်တပ်သည်မူ ထိုသို့သော သူများနှင့်ပတ်သက်၍ စိတ်ရှုပ်ခံလိမ့်မည်မဟုတ်ပေ။ ကျောင်းသားအတော်များများ နှစ်စဥ်ပေါ်လာသဖြင့် ၎င်းတို့အားလုံးကို ဂရုစိုက်နိုင်မည်မဟုတ်ပေ။
ဤသည်မှာ ပြည်ထောင်စုတက္ကသိုလ်ကြောင့်သာဖြစ်၍ အဓိကအချက်သည် ပြည်ထောင်စုတက္ကသိုလ်သို့ ကျောင်းသားမည်မျှဝင်ရောက်နိုင်မည်နည်းသာဖြစ်၏။ အခြားကျောင်းသားများသည် အပိုသဘောသာဖြစ်ကာ၊ လူတိုင်းသည် တန်းတူညီလိမ့်မည်မဟုတ်ပေ။
တိုက်ပွဲသည် ပို၍ပို၍ပြင်းထန်လာသည်။ ချီပင်လယ်အဌမအဆင့်ကျောင်းသားများသည် ဤတပ်သားလက်ထဲတွင် ရှုံးနိမ့်ခဲ့ရသည်။ နောက်ဆုံးတွင်မူ ကျောင်းသားတစ်ယောက်သည် စိတ်မထိန်းနိုင်တော့သဖြင့် ရှေ့သို့ထွက်လာ၏။ ထိုကျောာင်းသားသည် အရပ်ရှည်ကာ လူတစ်ဦး၏ တစ်ရပ်စာရှည်သော ပေါက်ဆိန်ကို ကိုင်ထားသည်။ တစ်ချက်ကြည့်ရုံဖြင့် ထိုကျောင်းသားသည် ခွန်အားပိုသည့်လမ်းစဥ်ကို လျှောက်သူဖြစ်ကြောင်းသိသာ၏။ သူစတင်တိုက်ခိုက်သည့်အခိုက်အတန့်တွင် ၎င်းခွန်အားသည် ယခင်တိုက်ခိုက်ခဲ့သော ကျောင်းသားများထက်များစွာသာလွန်၏။
ချီပင်လယ်နဝမအဆင့်
ဤခွန်အားသည် လက်ရှိတန်စီယုနှင့် လွန်ခဲ့သော တစ်လခွဲခန့်ကရန်ကျွင်း၏ ခွန်အားဖြင့် နှိုင်းယှဥ်၍ရနိုင်၏။ တည်ငြိမ်သမုဒ္ဒရာမြို့တွင် ပုန်းကွယ်နေသော နဂါးများ၊ ကျားများရှိသည်။ ကျွမ်းကျင်သူများစွာရှိရာ ဤသည်မှာ အခြေစိုက်စခန်း(၁၅)သို့ရောက်ရှိရန် တစ်ခုတည်းသော လမ်းကြောင်းမဟုတ်ပေ။
ကျောင်းသားသည် သူ၏ ပေါက်ဆိန်ကို စတင်လွှဲယမ်းလိုက်သည်။ ခုတ်လိုက်တိုင်းတွင် ကြောက်မက်ဖွယ်အားအင်တစ်ခုသည် ပေါက်ကွဲထွက်လာ၏။ သို့သော် ထိုတပ်သားအား ဤသို့အားဖြင့်ပင် မရွေ့လျားစေနိုင်ပေ။ စွမ်းအင်သန့်စင်ခြင်းအဆင့်ရှိ ကြောက်မက်ဖွယ်ခွန်အားကို အပြည့်အဝထုတ်ပြလိုက်သည်။ သူသည် တိုက်ခိုက်ရေးသိုင်းများတွင် သိပ်မကောင်းမွန်သော်လည်း စွမ်းအင်သန့်စင်ခြင်းအဆင့်၏ ကိုယ်ခံအားသည် သိသာ၏။ ပေါက်ဆိန်အားရင်ဆိုင်နေရသည်မှလွဲ၍ သူ့တွင် အားနည်းချက်မရှိပေ။
ကျောင်းသားများအားလုံးသည် စိတ်ပျက်လက်ပျက်ဖြစ်သွားကြ၏။
“သူက ဘယ်လိုလုပ် ဒီလောက်တောင်သန်မာနေတာလဲ။ စစ်တပ်ထဲက လူတိုင်းက အားကောင်းနေတာလား။ သူ့သံချပ်ကာအပေါ်က တံဆိပ်ကို ကြည့်လိုက်တာ သူက ဗိုလ်လောင်းပဲကွ” ကျောင်းသားတစ်ယောက်မှ စိတ်ပျက်စွာပြောလိုက်သည်။
“စစ်တပ်မှာ ကျွမ်းကျင်တဲ့လူတွေအများကြီးရှိတယ်ဆိုတာ ငါအမြဲကြားခဲ့ရတာကို အံ့သြမနေတော့ပါဘူး။ သူတို့က အရင်းအမြစ်တွေအများကြီးရှိပြီး တိုက်ပွဲတွေအများကြီးတိုက်ဖူးတာကြောင့် သူတို့ တိုးတက်နှုန်းက အရမ်းမြန်တယ်”
“အခြားအကြောင်းပြချက်ရှိသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါတို့က ငယ်လွန်းလို့ကွ။ ငါတို့သာ သူ့အရွယ်ဆိုရင် ငါတို့သူ့ထက် အားနည်းနေမှာမဟုတ်ဘူး”
ကျောင်းသားများသည် စတင်၍ နောက်ဆုတ်လာကြသည်။ ဤတပ်သားသည် အလွန်သန်မာ၏။ လက်ရှိတိုက်ခိုက်နေသော ကျောင်းသားသည် ချီပင်လယ်နဝမအဆင့်တွင်ရှိသော်လည်း တပ်သားအား စည်းဝိုင်းထဲမှ ခြေတစ်လှမ်းပင် မထွက်စေနိုင်ပေ။ သူ့ကို အနိုင်ယူရန် မည်သို့ စ၍စိတ်ကူးယဥ်နိုင်လိမ့်မည်နည်း။
ကျောင်းသားများသည် ခွန်အားမရှိသကဲ့သို့ ခံစားလာရသည်။ ကျောင်းအသီးသီးမှ ထိပ်တန်းကျောင်းသားများအဖြစ် သာလွန်မြင့်မြတ်သည်ဟူသည့် ခံစားချက်သည် ရေအေးဖြင့် ပက်ချခံလိုက်ရသကဲ့သို့ ချက်ချင်းပင် ပြုတ်ကျသွားသည်။ ၎င်းသည် ၎င်းတို့၏ မာန်မာနများကို ဆွဲချလျက်ရှိကာ၊ ဤကမ္ဘာပေါ်တွင် သူတို့ထက်ခွန်အားကြီးသူ အများအပြားရှိကြောင်းကိုသတိပေးနေ၏။
ဘမ်း
နောက်ဆုံးတွင် ထိုကျောင်းသားသည် ပုဆိန်ကို ဆက်လက်၍မကိုင်နိုင်တော့ဘဲ လွင့်ထွက်သွား၏။ သူသည် ပြင်းပြင်းထန်ထန်မောဟိုက်လျက်ရှိကာ လက်များသည်လည်း တုန်ယင်နေ၏။ သူ့လက်မသည် ပွင့်ပြဲထွက်ကာ ဒဏ်ရာမှ သွေးစိမ်းများပန်းထွက်လာသည်။ ထို့နောက် ကပျာကယာပင် တင်ပျဥ်ခွေထိုင်လိုက်၍ အနာကျက်ဆေးကို ဖြန်းကာ ခွန်အားပြန်လည်ရရှိရန် စွမ်းအင်ဆေးလုံးကို မြိုချလိုက်သည်။
“အခြားတစ်ယောက်မရှိတော့ဘူးလား။ ငါစိတ်ပျက်တယ်။ တစ်နှစ်ပြီးတစ်နှစ် ကျောင်းသားတွေက ပိုပိုဆိုးလာကြတယ်။ ဖန်လုံအိမ်ထဲပျိုးထားတဲ့ပန်းတွေက နောက်ဆုံးတော့ တကယ်ကို အသုံးမဝင်ဘူးပဲ။ ဒီလိုဆိုရင်ရောဘယ်လိုလဲ။ ငါမင်းတို့ကို နောက်ထပ်အခွင့်အရေးတစ်ခုပေးမယ်။ မင်းတို့အားလုံး ငါ့ဆီလာလို့ရတယ်။ ဒီစက်ဝိုင်းထဲက ငါ့ကိုထွက်အောင်လုပ်နိုင်ရင် ငါ့ကို ကျော်သွားလို့ရရတယ်” တပ်သားသည် ကျောင်းသားများထံသို့အေးစက်စွာကြည့်ကာ ပြောလိုက်သည်။
ကျောင်းသားများအားလုံး မျက်နှာများနီရဲနေသော်လည်း မည်သူကမှမျက်နှာမပျက်ချင်ကြသဖြင့် သူ့အနားသို့မသွားကြပေ။ ဤသည်မှာ အသတ်လုရသည့်တိုက်ပွဲမဟုတ်ပေ၊ စမ်းသပ်မှုတစ်ခုသာဖြစ်သည်။ ထို့ကြောင့် ဤနေရာတွင် လူတစ်ဦးတည်းအား လူတစ်စုမှ တိုက်ခိုက်ကြခြင်းသည် အလွန်ရှက်ဖွယ်ကောင်းသဖြင့် သူတို့၏ မာနသည် ဤသို့ လုပ်ခွင့်မပေးပေ။
“သနားစရာပဲ။ ဒီအတိုင်းဆိုရင်တော့ မင်းတို့ကောင်တွေအားလုံးနောက်တစ်ရက်စောင့်ရမယ်”
“ကျုပ် ခင်ဗျားနဲ့ တိုက်ခိုက်ပါရစေ”
ချူးယွင်ဖန်းသည် နောက်ဆုံးတွင် ဆက်လက်မစောင့်ဆိုင်းတော့ဘဲ လူအုပ်ထဲမှထွက်လာခဲ့သည်။ လူအုပ်ကြီးမှ ချူးယွင်ဖန်းအား မြင်လိုက်သောအခါတွင် သူတို့၏ မျက်လုံးများ လင်းလတ်သွားကြသည်။ နောက်ဆုံးတွင် ထို ချီပင်လယ် နဝမအဆင့်ကျောင်းသားသည် ယခုပင် ရှုံးနိမ့်သွားသော်လည်း ချူးယွင်ဖန်း သည်ရှေ့သို့ထွက်ဝံ့သေး၏။ သူတို့ ယနေ့ ကျော်ဖြတ်ရန် အခွင့်အရေးရခြင်းမျိုးလည်းဖြစ်နိုင်၏။
“ဒီလူက ဘယ်သူလဲ။ ငါ သူ့ကို တစ်ခါမှမမြင်ဖူးဘူး”
“နောက်ဆုံးတော့ ငါသိသွားပြီ။ အကယ်၍ ငါတို့ ဖြတ်ချင်ရင် ငါတို့မှာ စွမ်းအင်သန့်စင်ခြင်းအဆင့်ရှိတဲ့ ကျောင်းသားတစ်ယောက်ရှိရမယ်” ကျောင်းသားတစ်ဦးသည် ရုတ်တရက် သဘောပေါက်ကာ ထပြောလိုက်သည်။
“ဒီစမ်းသပ်ချက်က စွမ်းအင်သန့်စင်ခြင်းအဆင့်ကျောင်းသားတွေကို ဖော်ထုတ်ဖို့ စီစဥ်ထားတာပဲ။ စွမ်းအင်သန့်စင်ခြင်းအဆင့်ကျောင်းသားမရှိရင် ငါတို့အလွယ်တကူဖြတ်လို့ရမှာမဟုတ်ဘူး”
“ညီအစ်ကို၊ မင်း စွမ်းအင်သန့်စင်ခြင်းအဆင့်ရောက်ပြီလား။ မရောက်သေးရန် မကြိုးစားပါနဲ့။ အသုံးဝင်မှာမဟုတ်ဘူး” ကျောင်းသားတစ်ဦးသည် ချူးယွင်ဖန်း၏ အနားသို့ တိုးကပ်ကာ ပြောလိုက်သည်။
“ငါ စွမ်းအင်သန့်စင်ခြင်းအဆင့်မှာမဟုတ်ဘူး။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကြိုးစားကြည့်ရမယ်။ နောက်တစ်ရက် ထပ်မစောင့်ချင်ဘူး။ ဒါ့အပြင် ငါအံ့ဖွယ်တစ်ခုခုလုပ်ရင်လည်း လုပ်လိုက်နိုင်တာပဲ” ချူးယွင်ဖန်းက ပြုံးလျက်ဆိုလိုက်သည်။
“ဟ ညီအစ်ကိုရ၊ ခင်ဗျားသေချာလှချည်လား။ မင်းဟာသလုပ်နိုင်သေးတာ ငါမယုံနိုင်ဘူး” ကျောင်းသားသည် ချူးယွင်ဖန်းအား လက်မထောင်ပြကာပြောလိုက်သည်။
ဤလူများသည် ဤအရာကို မည်သို့မှ ဖြတ်ကျော်၍မရနိုင်ဟု ခံစားလျက်ရှိကြသည်။ သူတို့၏ ယခင်တင်းမာနေသော စိတ်ဓာတ်သည် အနည်းငယ်ပြေလျော့သွား၏။ သူတို့အကောင်းဆုံးလုပ်ခဲ့ပြီးပြီဖြစ်သဖြင့် မကျေမနပ်ဖြစ်နေကြသော်လည်း ဤနေရာတွင် သူတို့လုပ်နိုင်သည့်အရာ ဘာမှမရှိတော့ပေ”
ချူးယွင်ဖန်းသည် တပ်သား၏ရှေ့တွင်ရပ်လိုက်သည်။
“အဲ့တာ မင်းကိုး” တပ်သားသည် ချူးယွင်ဖန်းအား မြင်သောအခါ သူ့မျက်လုံးများတောက်ပလာ၏။
“ခင်ဗျား ကျုပ်ကို သိလား”
“မသိပါဘူး။ ဒါပေမယ့် မင်း ငါ့ကို စိန်ခေါ်ချင်တာလား။ အချိန်တန်ရင်တော့ သူတို့လိုမဖြစ်စေနဲ့။ အနည်းဆုံးတော့ ငါ့ကို နည်းနည်း အံ့သြအောင်လုပ်ပေးပါဦး” တပ်သားသည် ခေါင်းယမ်းကာပြုံးလိုက်သည်။
“ခင်ဗျားအခုလေးတင် တိုက်ပွဲကြီးတွေတိုက်ထားရတာဆိုတော့ ခဏလောက်အနားယူလိုက်ပါဦးလား။ ကျုပ် ခင်ဗျားကို အခွင့်ကောင်းမယူချင်ပါဘူး”
“မလိုပါဘူး။ ခုဏကတိုက်ပွဲတွေကို သွေးပူလေ့ကျင့်ခန်းလို့တောင် တွက်လို့မရဘူးကွ”
“အဲ့တာဆိုရင်တော့ ကျုပ် စပြီးတိုက်ခိုက်တော့မယ်”
ချူးယွင်ဖန်းသည် စကားဆုံးသည်နှင့် သူသည် လှစ်ခနဲလှုပ်ရှားကာ တပ်သားနှင့်ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
အခန်း(၂၁၆) ခင်ဗျားရှုံးသွားပြီ
ချူးယွင်ဖန်းသည် တွန့်ဆုတ်မနေဘဲ အရိပ်မဲ့ဓားဖြင့် ချက်ချင်းတိုက်ခိုက်လိုက်သည်။
အနက်ရောင်အလင်းတန်းတစ်ခု ကောင်းကင်ယံတွင် ဖြတ်ခနဲဖြတ်သန်းသွားသည့်နှယ် ဓားသည် အလွန်လျင်မြန်၏။ ကျောင်းသားအများစုသည် ဤသည်ကိုမမျှော်လင့်ထားကြသဖြင့် ချူးယွင်ဖန်း၏ ဓားကို ဝိုးတဝါးသာ မြင်လိုက်ကြရသည်။
တပ်သားသည် ချူးယွင်ဖန်းအား လျှော့တွက်ကာ သတိလက်လွတ်ဖြစ်လျက်ရှိသော်လည်း ချူးယွင်ဖန်းမှ စတင်တိုက်ခိုက်ပြီးနောက်တွင်မူ သူမှားကြောင်း သိလိုက်ရသည်။ ဤသည်မှာ သေချာပေါက်ပင် သူအား ခြိမ်းခြောက်နိုင်မည့် ပုဂ္ဂိုလ်ဖြစ်သည်။
ထိုအခိုက်အတန့်တွင် တပ်သားသည် ဓားကိုမြှောက်ကာ ချူးယွင်ဖန်း၏ ဓားကို တားဆီးလိုက်သည်။ သူ့လက်မောင်းများပင် အနည်းငယ်နောက်ဆုတ်သွားသည်ကို ခံစားလိုက်ရသည်။ အစောပိုင်းတွင် ပုဆိန်ဖြင့်တိုက်ခိုက်ခဲ့သူထက်ပင် ပိုမိုကြောက်မက်ဖွယ်ကောင်းကာ သန်မာ၏။
တပ်သားသည် ချူးယွင်ဖန်းကိုကြည့်ကာ သန်မာလိမ့်မည်ဟု မထင်ခဲ့ပေ။ ပုဆိန်သုံးခဲ့သည့် ကျောင်းသားသည် အရပ်ရှည်ကာ သန်မာ၏။ ထို့ကြောင့် ကြည့်လိုက်သည်နှင့် အကန့်အသတ်မဲ့သော အတွင်းအားမျိုးရှိကြောင်း ပြောနိုင်သည်။ သို့သော် ချူးယွင်ဖန်းသည် မတူချေ။ သူသည် အရပ် ၆ပေခန့်ရှည်သော်လည်း ပိန်ပါးကာ သာမန်ခန္ဓာကိုယ်မျိုးရှိသည်။ ကျင့်ကြံရေးအဆင့်မြင့်မားလာသည်နှင့်အမျှ သူ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်းနှင့် သာမန်ကိုယ်ခန္ဓာအဖြစ်သို့ ပြောင်းလဲလာကာ သာမန်လူတစ်ဦးနှင့် ထူးမခြားနားပေ။
သို့သော် ဤဓားချက်သည် လျင်မြန်ရုံတင်မကဘဲ ကြောက်မက်ဖွယ်ကောင်းအောင်ပင် အစွမ်းထက်လှသည်။
“တော်တော်စိတ်ဝင်စားဖို့ ကောင်းတယ်”
တပ်သားသည် အနည်းငယ်ပြုံးလိုက်သည်။ သို့သော် ချူးယွင်ဖန်းသည် သူ၏ တိုက်ခိုက်မှု မအောင်မြင်သည်နှင့် ချက်ချင်းပင် နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်သည်။ ဓားချက်တစ်ချက်ပြီးတစ်ချက် အဆက်မပြတ်ပေါ်ထွက်လာသဖြင့် ကောင်းကင်ယံသည် အရိပ်မည်းများဖြင့် ပြည့်နှက်နေပြီဟုပင် ထင်ရ၏။
ဓားနှစ်စင်း ထိပ်တိုက်တွေ့ကာ ကြောက်မက်ဖွယ်ကောင်းသောအသံများပေါ်ထွက်လာသည်။ နှစ်ဖက်လုံး၏ ဓားများသည် အလွန်လျင်မြန်သဖြင့် ပုံရိပ်ယောင်များပင် ကျန်ခဲ့၏။
ကျောင်းသားများအားလုံး အလွန်အင်မတန် ထိတ်လန့်သွားကြသည်။
“ဘယ်လောက်တောင် မြန်လိုက်တဲ့ အရှိန်လဲ’
ကျောင်းသားတစ်ဦးသည် ကိုယ့်ဘာသာတွေးလိုက်သည်။ သူသည်လည်း အရှိန်အဟုန်ကို အထူးပြုကျင့်ကြံသူဖြစ်သည့်အပြင် အစောပိုင်းတွင် တပ်သားနှင့် တိုက်ခိုက်ခဲ့သေး၏။ သို့သော် ထိုစဥ်က နှစ်ဖက်လုံး၏ အရှိန်သည် လက်ရှိတိုက်ပွဲအရှိန်၏ တစ်ဝက်မျှပင် မရှိပေ။ တစ်နည်းဆိုရလျှင် တပ်သားသည် သူ၏ ခွန်အားကို အပြည့်အဝထုတ်မသုံးခဲ့ပေ။ ယခင် တိုက်ပွဲများကို သွေးပူလေ့ကျင့်ခန်းဟုပင် မယူဆကြောင်း သူပြောခဲ့သည်မှာ အံ့သြစရာတော့မရှိပေ။
ပုဆိန်အသုံးပြုခဲ့သည့် ကျောင်းသားသည်မူ ပို၍ပင် အံ့သြလျက်ရှိသည်။ သူသည်လည်း တပ်သားအားတိုက်ခိုက်ဖူးသဖြင့် မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို သူသိသည်။ တပ်သား၏ ခွန်အားသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်း၏။
သို့သော် ချူးယွင်ဖန်းသည် ထိုတပ်သားနှင့် တိုက်ခိုက်လျက်ရှိသော်လည်း အနည်းငယ်မျှပင် အဆင့်နိမ့်ခြင်းမရှိပေ။ ဤသည်က ပို၍ ကြောက်မက်ထိတ်လန့်ဖွယ်ကောင်း၏။
အလွန်သန်မာပုံမပေါ်သည့် ထိုခန္ဓာကိုယ်ထဲတွင် ဤမျှ ကြောက်ခမန်းလိလိခွန်အားမျိုးကို မည်သို့ ဖုံးကွယ်ထားသနည်း။ တိုက်ပွဲဓားများ ထိတိုက်မိရာမှ ပေါ်ထွက်လျက်ရှိသော ဓားသံများကို နားထောင်ကြည့်ရုံဖြင့်ပင် ဤတိုက်ပွဲမည်မျှပြင်းထန်ကြောင်း ခန့်မှန်း၍ရနိုင်၏။
“ဒီခွန်အားက သေချာပေါက် ချီပင်လယ်နဝမအဆင့်ရဲ့ခွန်အားဖြစ်ရမယ်။ ဒီကောင် ဘယ်ကလာတာလဲ”
“ဒါက လုံးဝကြောက်စရာကောင်းတယ်။ ငါတို့ ခရိုင်က ထိပ်တန်းကျွမ်းကျင်သူတွေတောင် ဒီအဆင့်ပဲရှိသေးတာထင်တယ်”
ကျောင်းသားတစ်ဦးသည် နှိုင်းယှဥ်ကာ ပြောလိုက်သည်။
“အဲ့လောက်နီးပါးပဲ။ ငါတို့ခရိုင်က ထိပ်တန်းကျွမ်းကျင်သူတွေက ဒီအဆင့်မှာပဲဖြစ်ရမယ်။ ဒီလူ တကယ်ကြောက်ဖို့ကောင်းတာပဲ”
ကျောင်းသားတစ်ဦးက တအံ့တသြအော်ပြောလိုက်သည်။
“ဒီလိုလူမျိုးက နာမည်မကြီးဘဲတော့မနေပါဘူး။ ငါအွန်လိုင်းကနေ စစ်ဆေးကြည့်လိုက်မယ်”
ကျောင်းသားတစ်ယောက်သည် အွန်လိုင်းတက်ကာ စတင်စုံစမ်းကြည့်သည်။ ဤနေရာသို့ ကျောင်းသားထောင်ပေါင်းများစွာ လာကြသော်လည်း ဤအဆင့်သို့ရောက်နိုင်သော ကျောင်းသား သိပ်မများပေ။ ထို့ကြောင့် ၎င်းတို့အကြောင်းစုံစမ်းရှာဖွေရန်မှာလည်း ခက်ခဲသည့်ကိစ္စတော့မဟုတ်ပေ။
“ငါတွေ့ပြီ။ အဲ့လူက ယွင်နင်ခရိုင်ရဲ့ နံပါတ်တစ်ပဲ။ သူ့နာမည်က ချူးယွင်ဖန်းတဲ့။ ဒီနှစ် ယွင်နင်ခရိုင် ကျောင်းပေါင်းဆုံပြိုင်ပွဲရဲ့ ချန်ပီယံပဲ”
“ချီးပဲ အဲ့တာ ငါလည်းဖတ်လိုက်ရတယ်ကွ၊ တကယ်တော့ သူက သာမန်ကျောင်းကလာတာပဲ”
“သာမန်ကျောင်းက ဒီလိုလူမျိုး ထွက်လာနိုင်လို့လား”
“ဒါပေမယ့် သူ့ကို ဘယ်လိုလုပ် ယုံကြည်ထားလို့ရပါ့မလဲ။ သူက အရမ်းသန်မာပေမယ့် စွမ်းအင်သန့်စင်ခြင်းအဆင့်ကို မရောက်သေးဘူး။ ငါနည်းနည်းတော့ စိတ်ပျက်မိတယ်”
“မှန်တယ်။ စွမ်းအင်သန့်စင်ခြင်းအဆင့်ထိရောက်နေတဲ့လူက နည်းနည်းပဲရှိတယ်လို့ ငါကြားထားတယ်။ သူက ယွင်နင်ခရိုင်ကို စိုးမိုးနိုင်ပေမယ့် စွမ်းအင်သန့်စင်ခြင်းအဆင့်ကိုမရောက်သေးဘူး။ နည်းနည်းစိတ်ပျက်မိတယ်”
သို့သော် ဤသို့ဆိုကြလျှင်ပင် လူတိုင်းသည် အလွန်အင်မတန် အံ့သြလျက်ရှိကြသည်။ စွမ်းအင်သန့်စင်ခြင်းအဆင့်သို့မရောက်ရှိသေးသော်လည်း ချူးယွင်ဖန်းသည် သူတို့အားလုံးထက် များစွာသန်မာနေဆဲဖြစ်သည်။
ပုဆိန်အသုံးပြုသည့် ကျောင်းသားသည် အလွန်တုန်လှုပ်လျက်ရှိသည်။ သူတို့နှစ်ဦးလုံးသည် ချီပင်လယ် နဝမအဆင့်တွင် ရှိကြသော်လည်း ချူးယွင်ဖန်းသည် သူ့ထက်များစွာသန်မာကြောင်း ခံစားမိသည်။ ပြတ်ပြတ်သားသားဆိုလျှင် ချူးယွင်ဖန်းသည် သူ့အား အကြိမ်ပေါင်းများစွာ အနိုင်ယူနိုင်လောက်၏။ ဝန်မခံချင်သော်လည်း ဤသည်မှာ အမှန်တရားပင်ဖြစ်သည်။
ချူးယွင်ဖန်းသည် ကြမ်းတမ်းပုံရသည်ဟုထင်ရသော်လည်း တကယ်တမ်းတွင် အလေးစီးဝတ်စုံကို ဝတ်ထားသဖြင့် သူ၏ အင်အား ထက်ဝက်ကျော်ခန့်ကို ဖိနှိပ်ထားကြောင်းမည်သူမျှမသိပေ။ မဟုတ်လျှင် ချူးယွင်ဖန်းသည် ချီပင်လယ်နဝမအဆင့် အထွဋ်အထိပ်တွင် ရှိနေရုံသာမက သူ၏ ခွန်အားသည် စွမ်းအင်သန့်စင်ခြင်းအဆင့်သို့ပင် ရောက်ရှိနေလောက်သည်။
အဆက်မပြတ်တိုက်ခိုက်ပြီးနောက် တပ်သားသည်သက်ပြင်းတစ်ချက်ချလိုက်သည်။ ချူးယွင်ဖန်းသည် သူမြင်ဖူးသမျှ ချီပင်လယ်အဆင့်ကျင့်ကြံသူများတွင် စွမ်းအားအပြင်းဆုံးသူဖြစ်သည်။ ချီပင်လယ်အထွဋ်အထိပ်အဆင့်ရှိ ကျင့်ကြံသူပေါင်းများစွာကို သူမြင်ဖူးခဲ့သော်လည်း ဤမျှလောက်စွမ်းအားကြီးမားသူကိုမူ မတွေ့ဖူးခဲ့ပေ။ ချူးယွင်ဖန်း၏ ခွန်အား၊ အမြန်နှုန်း၊ စွမ်းအင်ပမာဏနှင့် သိုင်းပညာများသည် မယုံကြည်နိုင်လောက်အောင် အားနည်းချက်ကင်းလျက်ရှိသည်။
အကယ်၍ သူတို့သည် အဆင့်တစ်ခုတည်းတွင် ရှိနေမည်ဆိုပါက သူသည် ချူးယွင်ဖန်းအတွက် သင့်လျော်သောပြိုင်ဘက်တစ်ယောက်ဖြစ်လိမ့်မည်မဟုတ်ပေ။ ယခုမူ သူသည် ချူးယွင်ဖန်းထက် တစ်ဆင့်မြင့်သောခွန်အားအပေါ်တွင်သာမှီခို၍ ၎င်းအားချေမှုန်းရန် ကြိုးစားလျက်ရှိသည်။
တစ်ခုတည်းသော နှမျောစရာမှာ ချူးယွင်ဖန်း၏ အဆင့်သည် အနည်းငယ် နိမ့်ကျလျက်ရှိကာ စွမ်းအင်သန့်စင်ခြင်းအဆင့်သို့ မတက်လှမ်းရသေးခြင်းပင်ဖြစ်သည်။ ချူးယွင်ဖန်း မှန်းဆထားသည့်အတိုင်းပင် ဤတပ်သားသည် စွမ်းအင်သန့်စင်ခြင်းအဆင့်ရှိကျောင်းသားများကို ရွေးထုတ်ရန် တာဝန်ကြီးတစ်ခုကို ဆောင်ရွက်နေခြင်းဖြစ်၏။ ကျောင်းသားများ ဤနေရာသို့ မလာခင်ကတည်းကပင် အဓိကကျသော ပုဂ္ဂိုလ်များအကြောင်း ထိုတပ်သားကို အကြောင်းကြားနှင့်ပြီးသားဖြစ်သည်။ ခရိုင်တစ်ခုစီ၏ ပထမနေရာသည် အလိုအလျောက်ပင် ဤလက်ရွေးစင်ကျောင်းသားများထဲမှ အဓိကအကျဆုံးပုဂ္ဂိုလ်များဖြစ်လာ၏။
ဤသို့သောပုဂ္ဂိုလ်မျိုးကို သူယခင်က မမြင်ဖူးခဲ့သော်လည်း ယခုမူ နဖူးတွေ့ဒူးတွေ့ကြုံတွေ့နေရပြီဖြစ်သဖြင့် ၎င်းတို့သည် အမှန်တကယ်ပင် ထူးချွန်ကြောင်း သူသိလိုက်ရသည်။ ချူးယွင်ဖန်း၏ ကျင့်ကြံရေးအဆင့်မှာ သူမျှော်မှန်းထားသည်ထက် အနည်းငယ်နိမ့်ကျလျက်ရှိသည်မှာတော့ နှမျောစရာပင်ဖြစ်သည်။ တပ်သားမဖြစ်ခင်က သူသည် ချီပင်လယ် နဝမအဆင့်တွင်သာရှိသေးကာ စွမ်းအင်သန့်စင်ခြင်းအဆင့်သို့ ရောက်သည်မှာ သိပ်မကြာသေးပေ။
“မင်း ငါ့ကို အနိုင်မယူနိုင်ပါဘူး။ မင်းက မဆိုးဘူးလို့ ထင်ရပေမယ့် ဒီနေ့တော့ ဘယ်သူမှ ဒီလမ်းကို ဖြတ်ဖို့ ကံမပါလာဘူးကွ” တပ်သားသည် အော်ဟောက်လိုက်သည်။ သူ့ ဓား၏အရှိန်သည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းကာလာ ချူးယွင်ဖန်း၏ ပြင်းထန်သော တိုက်ခိုက်မှုများကို ချက်ချင်း တားဆီးလိုက်သည်။
“ဟုတ်လား။ ကျုပ်ကို အရမ်းလျှော့မတွက်နဲ့” ချူးယွင်ဖန်းသည် နောက်ဆုံးတွင် သူဖုံးကွယ်ထားသည့် ဝှက်ဖဲကို စတင်ထုတ်သုံးလိုက်သည်။
“ခုတ်ပိုင်းခြင်း”
တပ်သားသည် ချူးယွင်ဖန်း၏ ဓားကို တားဆီးကာ ချက်ချင်း ပြန်လည်တိုက်ခိုက်တော့မည့်ဆဲဆဲတွင် ချူးယွင်ဖန်းသည် အခွင့်အရေးကို ဆုတ်ကိုင်၍ ဓားသိုင်းကို စတင်အသုံးပြုလိုက်သည်။
ယခုမူ တပ်သားသည် ခွန်အား ရှိသမျှ ကုန်ဆုံးလုနီးပါးဖြစ်ကာ စွမ်းအင်ပြန်လည်မဖြည့်တင်းရသေးသောအချိန်ဖြစ်သည်။
ချူးယွင်ဖန်း၏ တိုက်ခိုက်မှုကို တားဆီးရန် သူက ဓားကို ချက်ချင်းမြှောက်လိုက်သော်လည်း အပြည့်အဝမတားဆီးနိုင်လိုက်ပေ။ ချူးယွင်ဖန်း၏ တိုက်ခိုက်မှုသည် အလွန်ကြောက်မက်ဖွယ်ကောင်းကာ တာဆီးကျော်လွှား၍မရနိုင်တော့ပေ။
ချူးယွင်ဖန်း၏ အရှိန်အဝါသည် အလွန်အမင်းတောက်ပလာ၏။
တပ်သားသည် လက်တစ်ဖက်လုံးထုံကျင်သွားသည့်အပြင် ဟန်ချက်မထိန်းနိုင်တော့သဖြင့် မြေကြီးပေါ်တွင် ဆွဲထားသော စည်းဝိုင်း၏ အပြင်ဘက်သို့ ခြေလှမ်းအနည်းငယ် ပြန်လည်ဆုတ်ခွာလိုက်ရသည်။
“ခင်ဗျားရှုံးပြီ”