အခန်း (၂၂၃-၂၂၅)
Vol. 15 Ch. 223-225
အခန်း(၂၂၃) သူက သေဖို့တောင်းဆိုနေတာလား၊ သေချင်နေတာလား
ကျန်းဟုန်ကျဲသည် ချူးယွင်ဖန်း၏ စကားလုံးများကြောင့် သိသိသာသာဒေါသဖြစ်လျက်ရှိသည်။ ချူးယွင်ဖန်းသည် ကောင်းဟုန်ကျဲအား အထင်မကြီးပေ။ မိမိထက်အားနည်းသူများအပေါ် ကျို့ရှန်ချန်၏ အနိုင်ကျင့်မှုကို ချူးယွင်ဖန်းအလွန်စက်ဆုပ်လျက်ရှိ၏။
ကျန်းဟုန်ကျဲ၏ နည်းလမ်းများသည် အထက်တန်းစားဆန်သည်ဟူ၍ပြောလို့မရပေ။ သူသည် ချူးယွင်ဖန်းထွက်ပေါ်လာစေရန် လူထုကို အသုံးချခဲ့သည်။
“ဘာလဲ။ မင်း ငါ့ကို အနိုင်မယူနိုင်လို့ အကူခေါ်တာလား” ကျန်းဟုန်ကျဲ၏ နောက်တွင်ရပ်နေသော ကျို့ရှန်ချန်ကိုကြည့်ကာ ပြောလိုက်သည်။ သူ့မျက်လုံးများသည် စူးရဲတောက်ပြောင်နေ၏။
ကျို့ရှန်ချန်သည်လည်း တုန်လှုပ်သွားပြီးနောက် ချူးယွင်ဖန်းအား တူညီသော အကြည့်ဖြင့်ကြည့်လိုက်သည်။ ချူးယွင်ဖန်းရိုက်ခဲ့သော ပါးနှစ်ဖက်သည် သူ့အတွက်အိပ်မက်ဆိုးများကဲ့သို့ပင်ဖြစ်သည်။ ဤမျှလောက်ထိ လွယ်ကူစွာ သင်ခန်းစာပေးခံရလိမ့်မည်ဟု မည်သည့်အချိန်တုန်းကမှ မတွေးခဲ့ဖူးပေ။ အခြားသူများအား သင်ခန်းစာပေးခဲ့သူမှာ သူသာဖြစ်ခဲ့ကာ ယခုမူ သူ့အလှည့်ကျခဲ့ခြင်းဖြစ်သည်။
“ချူးယွင်ဖန်း၊ မင်း ဘာပြောစရာမှမလိုဘူး။ မင်းက အန်ယန်အထက်တန်းကျောင်းသားကို အနိုင်ကျင့်လိုက်တဲ့အတွက် အဲ့ကျောင်းရဲ့ ပထမအဆင့်တစ်ယောက်အနေနဲ့ ငါ ဒီတိုင်းငြိမ်ငြိမ်လေး ရပ်နေမှာမဟုတ်ဘူး။ မင်းက ယွင်နင်ခရိုင်မှာ နံပါတ်တစ်လို့ ငါကြားတာကြောင့် ဒါ့ကြောင့် ယွင်နင်ခရိုင်ရဲ့ အင်အားကို ငါ ချိန်ဆကြည့်ချင်တယ်”
ဤသို့ကြားသောအခါ ရန်ကျွင်းနှင့် ယုရှင်းယွမ်တို့ အနည်းငယ်ဒေါသထွက်သွားသည်။ ကျန်းဟုန်ကျဲသည် ယွင်နင်ရိုင်၏ ကျွမ်းကျင်သူများကို အလေးအနက်မထားသည်မှာ အလွန်ရှင်းလင်းနေ၏။
“ငါက သူ့ကို အနိုင်ကျင့်ခဲ့တယ် ဟုတ်လား။ ဟားဟား ကံကောင်းလို့ ငါက နည်းနည်းပိုသန်မာလို့ပေါ့။ မဟုတ်ရင် အနိုင်ကျင့်ခံရတာက ငါဖြစ်သွားတော့မှာလေ။ အန်ယန်ခရိုင်က လူတွေအကုန်ဒီလိုပဲလား။ အဲ့လိုသာဆိုရင် ငါမင်းတို့ကို တွေ့တိုင်း အနိုင်ယူပစ်မှာ။ မင်းတို့ကောင်တွေက အကောင်းဆုံးလို့ တကယ်ပဲထင်နေတာလား” ချူးယွင်ဖန်းက ရင့်သီးစွာပြောလိုက်သည်။
“မင်းအတွက်တော့ မင်းက အန်ယန်ခရိုင်ရဲ့ ထိပ်တန်းအဆင့်သုံးဖြစ်လိမ့်မယ်။ ဒါပေမယ့် ယွင်နင်ခရိုင်ရဲ့ အင်အားကိုဝေဖန်ရအောင် မင်းကဘာကောင်မို့လို့လဲ။ အန်ယန်းခရိုင်ရဲ့ အဆင့်တစ်ကိုပဲ ရှေ့ထွက်ခိုင်းလိုက်စမ်းပါ”
“ပထမနေရာဟုတ်လား။ ဟားဟား၊ အဲ့လောက်ထိမလိုဘူးလို့ ငါထင်ပါတယ်။ အန်ယန်ခရိုင်ရဲ့ ပထမအဆင့်က နယ်မြေ(၂)ကို ချက်ချင်းဝင်ခွင့်ရသွားပြီ။ မင်းက ငါ့အတွက်ပြိုင်ဘက်မဟုတ်မှာတောင် စိုးတယ်” ကျန်းဟုန်ကျဲသည် မျက်နှာထက်တွင် လှောင်ပြောင်သော အမူအရာပေါ်လာသည်။
ကျန်းဟုန်ကျဲသည် ယွင်နင်ခရိုင်တစ်ခုလုံးကို နှိမ့်ချနေပြီဖြစ်ကြောင်း လူတိုင်းနားလည်ကြသည်။
‘ငါတို့ရဲ့ ပထမအဆင့်က နယ်မြေ(၂)ကို ချက်ချင်းဝင်ခွင့်ရသွားပြီ။ ယွင်နင်ခရိုင်ရဲ့ ပထမအဆင့်ကပဲ ငါနဲ့တိုက်ခိုက်ဖို့ အရည်အချင်းပြည့်မီတယ်”
ဤသည်မှာ ပြောင်တင်းစွာ ပြက်ရယ်ပြုခြင်းသာဖြစ်သည်။ ထိုအချိန်တွင် ရန်ကျွင်းနှင့် အခြားသူများသည် ချူးယွင်ဖန်းကိုယ်စား တိုက်ပွဲဝင်ကာ ဤမောက်မာသောသူကို သင်ခန်းစာပေးချင်နေကြသည်။
“အဲ့ဒါ ယွင်နင်ခရိုင်ရဲ့ နံပါတ်တစ်လား။ အခု ယွင်နင်ခရိုင်ရဲ့ ကျောင်းသားတွေက အတော်အားနည်းပုံပေါ်တယ်။ နယ်မြေ(၁)မှာ ပိတ်မိနေသေးတဲ့ ကျောင်းသားတွေ အများကြီးမလား” ကျောင်းသားများထဲမှ တစ်ယောက်ကပြောလိုက်သည်။
အခြားကျောင်းသားများသည်လည်း ခေါင်းညိတ်လိုက်ကြ၏။
“ဒီနေ့တိုက်ပွဲကို လူတွေ အရမ်းစိတ်ဝင်စားနေကြတာ ဒါ့ကြောင့်လည်းပါတယ်။ ခရိုင်တစ်ခုစီရဲ့ ပထမနေရာက နယ်မြေ(၂)မှာ ရှိနေကြတာကြောင့် လက်ရွေးစင်တွေကြားက တိုက်ပွဲတစ်ခုကို တွေ့ရဖို့မလွယ်ဘူး။”
ဤသည်ကို ကြားသောအခါ ယွင်နင်ခရိုင်၏ ကျောင်းသားများ စိတ်ပျက်သွားကြသော်လည်း ဤသည်မှာ အမှန်တရားပင်ဖြစ်သည်။ ဤကိစ္စ၌ သူတို့တွင် ရွေးချယ်စရာမရှိတော့ပေ။ သူတို့အားလုံးသည် ချူးယွင်ဖန်းထံတွင်ရှုံးနိမ့်ခဲ့နှင့်ပြီးဖြစ်သဖြင့် သူတို့တွင် ပြောစရာစကားလုံးများမရှိပေ။ ချူးယွင်ဖန်းသည် ၎င်းတို့၏ မျှော်လင့်ချက်များအတိုင်းမဖြစ်နိုင်ခဲ့ပေ။ သူ စွမ်းအင်သန့်စင်ခြင်းအဆင့်သို့ မတက်လှမ်းရသေးသည်မှာ စကားဝိုင်းတိုင်း၏ အဓိကအကြောင်းအရာပင်ဖြစ်သည်။
ဤအချိန်တွင် သူတို့အားလုံးသည် ချူးယွင်ဖန်း၏ ကျင့်ကြံရေးအဆင့် အလွန်နိမ့်ပါးနေခဲ့သည်ကို ပြန်လည်စဥ်းစားမိကြသည်။ ကျောင်းပေါင်းစုံတွေ့ဆုံပွဲတွင် ချူးယွင်ဖန်းသည် ချီပင်လယ် အဠမအဆင့်တွင်ရှိခဲ့ရာ၊ ယွင်နင်ခရိုင်၏ ထိပ်တန်းသုံးဦးကို အနိုင်ယူကာ ကြောက်မက်ဖွယ်အားအင်ကို ပြသနိုင်ခဲ့သော်လည်း အဆင့်ကွာဟချက်သည် ခက်ခဲသော ထိုးနှက်ချက်တစ်ခုဖြစ်သည်။ အကယ်၍ ချူးယွင်ဖန်းသည် အရည်အချင်းပြည့်မီပါက ယခုအချိန်တွင် စွမ်းအင်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းသင့်ပြီဖြစ်သည်။
“အန်ယန်အထက်တန်းကျောင်းရဲ့ နံပါတ်တစ်က လာဖို့ငြင်းတယ်ဆိုတော့ သူမထွက်လာမချင်း ငါတိုက်မယ်။ မင်း စောင့်ကြည့်ပေါ့။ မင်းမငိုဘူးလို့ငါမျှော်လင့်ပါတယ်။
“စိတ်ကြီးဝင်နေတဲ့ ခွေးမသား” ကျန်းဟုန်ကျဲသည် လှောင်ပြောင်ကာ ရယ်လိုက်ပြီးနောက် ချက်ချင်းပျောက်ကွယ်သွားကာ ပြန်ပေါ်လာသည့်အချိန်တွင် ချူးယွင်ဖန်း၏ ရှေ့တည့်တည့်၌ရှိနေ၏။
ဤအရှိန်သည် အလွန်လျင်မြန်ကာ ကျန်းဟုန်ကျဲသည် အရပ်ရှည်ကာ သန်မာပုံပေါ်သော်လည်း သူသည်အလွန်လျင်မြန်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။ ဤသည်မှာ လူတိုင်း၏ ခန့်မှန်းချက်များကို များစွာကျော်လွန်နေ၏။
ကျန်းဟုန်ျကဲသည် ဓားတစ်လတ်ကို ကိုင်ဆောင်ထားသည်။ ဓားသည် လေထဲသို့ဖြတ်ကာ ချူးယွင်ဖန်းထံသို့ ချက်ချင်းပင်ရောက်ရှိလာ၏။ တကယ်တမ်းတွင် သူသည် ကျို့ရှန်ချန်ထက် များစွာသန်မာကာ ချီပင်လယ်အထွတ်အထိပ် အတွင်းအားရှိ၏။
ဤအရေးကြီးအခိုက်အတန့်တွင် ချူးယွင်ဖန်းတစ်ယောက် ဓားကိုဆွဲထုတ်လိုက်သည်ကို မည်သူမျှမမြင်လိုက်ရပေ။ မျက်စိရှေ့တွင် အနက်ရောင်အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်ကိုသာ မြင်လိုက်ကြရသည်။ ကျယ်လောင်သော အသံနှင့်အတူ ကျန်းဟုန်ကျဲသည် ကြီးမားသော စွမ်းအင်တစ်ခု သူ၏ ဓားမှတစ်ဆင့် ကန်ထွက်လာသည်ကို ခံစားလိုက်ရသည်။ သူ့ဓားဖြင့် ခုခံရန်ကြိုးစားလိုက်သော်လည်း အသုံးမဝင်ချေ။ သူ၏ လက်တစ်ဖက်လုံး ထုံကျင်သွားသည်ကို ခံစားလိုက်ရသည်။
‘ဒီခွန်အား’
‘ဒီအရှိန်’
ဤအတွေးနှစ်ခုသည် သူ့ဦးနှောက်ထဲသို့ ချက်ချင်းဝင်လာ၏။
သို့သော် သူ့တွင် အခြားမည်သည့်အရာကိုမျှစဥ်းစားချိန်မရှိပေ။ ဓား၏ အလင်းသည် နောက်ထပ်တစ်ကြိမ် ထွက်ပေါ်လာပြန်၏။
“ကောင်းကင်မိုးကြိုး”
ချူးယွင်ဖန်း၏ တိုက်ခိုက်မှုသည် လျှပ်စီးကဲ့သို့လျင်မြန်၏။ ဤသည်မှာ ပထမဆုံးအကြိမ်အဖြစ် ကောင်းကင်မိုးကြိုးကို အသုံးပြုခြင်းဖဖြစ်သော်လည်း အထွတ်အထိပ်သို့ ရောက်ရှိလျက်ရှိသည်။ သူသည် အရှိန်ပြင်းပြင်းဖြင့် တိုက်ခိုက်ကာ ကျန်းဟုန်ကျဲနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
ကျန်းဟုန်ကျဲသည် ချူးယွင်ဖန်း၏ သိုင်းကွက်များ၌ ဟာကွက်များစွာရှိနေသည်ကို အလျင်အမြန်ပင် သဘောပေါက်သွားသည်။ ချူးယွင်ဖန်းသည် ဤသိုင်းပညာအကို ရှင်းလင်းစွာမသိသေးသည်မှာ သိသာ၏။
ချူးယွင်ဖန်း၏ သိုင်းသည် ဟာကွက်များဖြင့်ပြည့်နေသော်လည်း အလွန်လျင်မြန်ကာ ခွန်အားကြီးသည်။ ကျန်းဟုန်ကျဲ၏ တိုက်ခိုက်မှုများကို ခုခံရန် သူ၏ထူးခြားသော အရှိန်နှင့် ခွန်အားကို အသုံးပြုလျက်ရှိသည်။
“မင်းရဲ့သိုင်းက အမှားတွေနဲ့ပါလား ချူးယွင်ဖန်း။ မင်း ငါ့ကိုတိုက်ခိုက်ဖို့ မကျွမ်းကျင်တဲ့သိုင်းကို တကယ်သုံးရဲတယ်ပေါ့။ မင်း အရမ်းစိတ်ကြီးဝင်နေပြီ။ မင်းတော့ မသာဖြစ်တော့မယ်” ကျန်းဟုန်ကျဲသည် အောင်မြင်မှု အရိပ်အယောင်များကို မြင်လိုက်ရသည်။ ချူးယွင်ဖန်းသည် သေခြင်းတရားကို တောင်းဆိုနေခြင်းဖြစ်သည်ဟု သူ့ဘာသာတွေးလိုက်မိသည်။
တိုက်ပွဲတွင် မကျွမ်းကျင်သောသိုင်းကို အသုံးပြုခြင်းသည် သေစေနိုင်လောက်သည့် အပြုအမူမျိုးဖြစ်သည်။ မိမိ၏ပြိုင်ဘက်ထက် ခွန်အားအလွန်သာလွန်နေသာအခြေအနေတွင်သာ ဤသို့သော သိုင်းကို အသုံးပြုသင့်သည်။
“ချူးယွင်ဖန်း သေချင်နေတာလား။ ဒါမှမဟုတ် သေဖို့တောင်းဆိုနေတာလား” ကျောင်းသားတစ်ယောက်က လှောင်ပြောင်လိုက်သည်။
“သေချာပေါက်တော့ အဲ့လိုယူဆလို့မရဘူး။ မရင်းနှီးတဲ့သိုင်းကို သုံးတာက သေဖို့စောင့်နေတာပဲဆိုပေမယ့် ချူးယွင်ဖန်းက မတူလောက်ဘူး။ ယွင်နင်ခရိုင်အဆင့်တစ်ဖြစ်လာတယ်ဆိုတည်းက ဝှက်ဖဲတစ်ခုခု သူ့မှာ ရှိနေလို့ပဲပေါ့” အချို့သူများသည် သူတို့၏ မျက်လုံးများကို မယုံမကြည်နိုင်ဖြစ်နေကြသည်။
ချူးယွင်ဖန်း၏ မျှော်လင့်မထားသော လုပ်ရပ်ကြောင့် ကျောင်းသားအားလုံးငြင်းခုံလျက်ရှိကြသည်။
“ဒီအချိန်မှာ ယွင်ဖန်းက မရင်းနှီးသေးတဲ့ သိုင်းတစ်ခုကို ဘယ်လိုလုပ်သုံးနိုင်မှာလဲ။ လေဟုန်တိုက်ခွင်းဓားသိုင်းနဲ့ ကမ္ဘာခွဲသိုင်းရဲ့ အဆင့်က နည်းနည်းနိမ့်ပေမယ့် မရင်းနှီးသေးတဲ့ သိုင်းတွေထက်တော့ သာပါသေးတယ်” ဂေါင်ဟုန်ချီက စိုးရိမ်တကြီးပြောလိုက်သည်။
“စိတ်မပူပါနဲ့။ သူ့မှာ ကိစ္စတိုင်းအတွက် အကြောင်းပြချက်တွေရှိမှာပါ” တန်စီယုကပြောလိုက်သည်။
အခန်း(၂၂၄) ဓားသိုင်း အဆင့်တက်ခြင်း
တန်စီယုသည် ချူးယွင်ဖန်းကို အနှိုင်းမဲ့ယုံကြည်ချက်များဖြင့် ပြတ်သားစွာကြည့်လိုက်သည်။
ဂေါင်ဟုန်ချီသည် ချက်ချင်းပင် ငြိမ်သက်သွားသည်။ သူသည် ချူးယွင်ဖန်းနှင့် အချိန်အတော်ကြာ သူငယ်ချင်းဖြစ်ခဲ့သည်ကို အနည်းငယ်စိတ်အနှောက်အယှက်ဖြစ်သော်လည်း တန်စီယုကဲ့သို့ ချူးယွင်ဖန်းအပေါ်တွင် ယုံကြည်ချက်မပြင်းပျပေ။
သူသိသော ချူးယွင်ဖန်းသည် ၎င်းကိုယ်တိုင်ယုံကြည်ချက်မရှိသော အရာတစ်ခုကို လုပ်လိမ့်မည့်လူမျိုးမဟုတ်ပေ။
“ယုရှင်းယွမ်၊ ရန်ကျွင်း၊ အဲ့တာ မင်းတို့ကို အနိုင်ယူခဲ့တဲ့ကောင်လား။ သူက ဘာမှ ထူးခြားတဲ့ပုံမပေါ်ပါဘူး။ အရမ်းသာမန်ကျပါတယ်” ယုရှင်းယွမ်နှင့် ရန်ကျွင်းတို့၏ အနားတွင်ရပ်နေသော အဆိုးမြင်တတ်သော လူငယ်တစ်ဦးက ထမေးလိုက်သည်။
“မင်း သူ့ကို အထင်သေးတဲ့အတွက်ပေးဆပ်ရလိမ့်မယ်” ယုရှင်းယွမ်သည် လူငယ်အား တစ်ချက်ကြည့်၍ပြောလိုက်သည်။
“ငါ အရမ်းစိတ်ပျက်မိတယ်။ ငါ မင်းတို့ ကြေကြေကွဲကွဲရှုံးနိမ့်ခဲ့ရတာကိုကြားတုန်းက ဒီကောင် စွမ်းအင်သန့်စင်ခြင်းအဆင့်လောက်တော့ ရောက်နေလောက်ပြီထင်နေတာ။ ဘယ်ဟုတ်မလဲ၊ သူက ချီပင်လယ်အထွတ်အထိပ်မှာပဲရှိနေသေးတာကိုး” လူငယ်သည် ခေါင်းယမ်းကာ ပြောလိုက်သည်။
“မင်းလည်း ချီပင်လယ်အထွတ်အထိပ်မှာပဲရှိသေးတယ်ဆိုတာမမေ့နဲ့” ရန်ကျွင်း ပြတ်သားစွာပြောလိုက်သည်။
ဤလူငယ်၏ အဆင့်သည် ထိုသူနှစ်ဦးလုံးအပါအဝင် သူနှင့်လည်း အဆင့်တူပင်ဖြစ်သည်။
“သူက အရမ်းအဆိုးပါဘူး ငါ့ပြိုင်ဘက်ဖြစ်လို့ရလောက်တယ်။ ဒါပေမယ့် ငါထင်ထားတာနဲ့ အရမ်းကွာခြားလွန်းတယ်” လူငယ်သည် ပြတ်သားစွာပြောလိုက်သည်။
“ဟူး၊ ဒီတိုက်ပွဲပြီးရင်တော့ ငါ့ရဲ့ ခါးသီးတဲ့ ကျင့်ကြံရေးကို ဆက်လျှောက်ရတော့မယ်။ တချို့က နယ်မြေ(၂)ကို ရောက်နေပြီဆိုတော့ အမြန်မလိုက်နိုင်ရန် အဲ့လူတွေနဲ့ အရမ်းကွာလာလိမ့်မယ်” လူငယ်သည် သက်ပြင်းချကာပြောလိုက်သည်။
နယ်မြေ(၂)၏အကြောင်းကို ထည့်ပြောလာသောအခါ ရန်ကျွင်းနှင့် ယုရှင်းယွမ်တို့ နှစ်ယောက်လုံး၏ မျက်လုံးများသည် တိုက်ခိုက်ရေးစိတ်ဓာတ်များ တဖျပ်ဖျပ် ခတ်သွားသည်။ ၎င်းတို့သည် ယခု နယ်မြေ(၂)သို့ ဝင်ရောက်နိုင်သည်ဖြစ်စေ၊ မဝင်ရောက်နိုင်သည်ဖြစေ ပထမအဆင့်နှင့် အထူးပထမအဆင့်ဆိုသည့် အဆင့်နှစ်ခုကို ကိုယ်စားပြုကြလိမ့်မည်ဖြစ်သည်။
၎င်းတို့သည် ချီပင်လယ်အထွတ်အထိပ်သို့ ရောက်နေကြပြီဖြစ်ကာ စွမ်းအင်သန့်စင်ခြင်းအဆင့်နှင့် တစ်ဆင့်သာလိုတော့သဖြင့် ဤသည်မှာ ကိစ္စကြီးတစ်ခုဟု မထင်ရသော်ပေ။ သို့သော် လိုက်မမီပါက ကွာဟချက်သည် ပို၍ကြီးမားလာမည်ကို သူတို့သိကြ၏။
စင်မြင့်မှ ကျန်းဟုန်ကျဲနှင့် ချူးယွင်ဖန်းအကြားတိုက်ပွဲသည် အထွတ်အထိပ်သို့ရောက်ရှိနေပြီဖြစ်သည်။
ကျန်းဟုန်ကျဲသည် အလွန်မြန်သည်။ ကျွမ်းကျင်သူအတော်များများတွင် လေးနက်သော အမူအယာများရှိကြသည်။ အကယ်၍ သူတို့သည်သာ ချူးယွင်ဖန်းဖြစ်မည်ုဆိုလျှင် ကျန်းဟုန်ကျဲ၏ တိုက်ခိုက်မှုများကို အပြည့်အဝတားဆီးနိုင်မည်ဟု ပြောနိုင်ရန် ခက်ခဲ၏။ ကျန်းဟုန်ကျဲသည် ချီပင်လယ်အထွတ်အထိပ်အဆင့် စွမ်းအင်ကို အပြည့်အဝထုတ်သုံးလျက်ရှိကာ အလွန်လျင်မြန်၏။
သို့သော် ချူးယွင်ဖန်းနှင့် ရင်ဆိုင်ရာတွင် အားသာချက်ခပ်များများမရှိပေ။ ချူးယွင်ဖန်းသည် သူမကြာသေးမီကမှ လေ့လာခဲ့သော ကောင်းကင်မိုးကြိုးဓားသိုင်းကို အသုံးပြုလျက်ရှိသည်။ သူ၏သိုင်းသည် ချို့ယွင်းချက်များနှင့် ပြည့်နှက်လျက်ရှိကာ ကျွမ်းကျင်မှုမရှိသည်မှာ ထင်ရှားသော်လည်း ကျန်းဟုန်ကျဲ၏ သိုင်းကွက်များ မည်မျှပင် ထက်မြတ်နေပါစေ၊ ချူးယွင်ဖန်း၏ ခုခံမှုကို မထိုးဖောက်နိုင်ပေ။ ဤအရာသည် လူများစွာကို ပဟေဠိဖြစ်စေလျက်ရှိသည်။
အချိန်အတော်ကြာ ကြည့်ပြီးနောက်တွင် လူများစွာသည် ပြင်းထန်လေးနက်မှုကို ခံစားမိလာ၏။ ချူးယွင်ဖန်းသည် အကျွမ်းတဝင်မရှိသေးသော သိုင်းပညာကို အသုံးပြုနေသော်လည်း မရှုံးနိမ့်သေးပေ။ ထိုသို့သော တိုက်ခိုက်ရေးအင်အားသည် သူတို့အား အလွန်အမင်းအံ့သြစေသည်။
“ယွင်နင်ခရိုင်ရဲ့ အဆင့်တစ်ကို သူရတာ အဓိပ္ပါယ်ရှိတယ်။ အတုအယောင်တွေတော့မဟုတ်ဘူးပဲ”
“သူ့မှာ အရည်အချင်းတော့ရှိသားကွ”
“ဒါပေမယ့် နှစ်ဖက်လုံးက အတူတူပါပဲ။ သူတို့ရဲ့ စွမ်းအားက အတူတူပဲ”
အခြားတစ်ဖက်တွင် ရန်ကျွင်းနှင့် ယုရှင်းယွမ်တို့သည် မျက်မှောင်ကြုတ်လျက်ရှိသည်။ တရားမျှတစွာပြောရလျှင် ချူးယွင်ဖန်းသည် ယခင်ကထက်စာလျှင် များစွာတိုးတက်လာခဲ့သော်လည်း တိုးတက်မှုသည် ထိုမျှလောက်ကြီးကြီးမားမားမဟုတ်ပေ။ နောက်ဆုံးတွင် သူသည် စွမ်းအင်သန့်စင်ခြင်းအဆင့်သို့ပင်မရောက်သေး၍ သူ့အားအမှီလိုက်နိုင်သည်ဟု ဆို၍ရသည်။ တစ်ဦးနှင့် တစ်ဦးကြား ကွာဟချက်သိပ်မများသည့်အတွက် သူတို့၏ အရည်အချင်းဖြင့် ချူးယွင်ဖန်းအား အမှီလိုက်နိုင်သည်မှာ အထူးအဆန်းမဟုတ်သော်လည်း တစ်စုံတစ်ခုလွဲမှားနေသည်ကို ခံစားမိနေကြတုန်းဖြစ်သည်။
“သူက သူ့ခွန်အားကို အပြည့်အဝသုံးနေတာမဟုတ်ဘူးလို့ ငါခံစားနေရတယ်” ယုရှင်းယွမ်ကပြောလိုက်သည်။
“မဖြစ်နိုင်တာ။ သူ့သိုင်းကွက်တွေသုံးတာပဲဖြစ်ဖြစ် ချီစွမ်းအင်ထုတ်သုံးတာပဲဖြစ်ဖြစ် ခွန်အားအပြည့်အဝသုံးနေတာပဲ။ အဲ့တာကို သံသယမရှိပါဘူး” အဆိုးမြင်တတ်သော လူငယ်က မယုံကြည်နိုင်စွာပြောလိုက်သည်။
သူသည် ယခင်က ချူးယွင်ဖန်းနှင့် မတိုက်ခိုက်ဖူးသဖြင့် ယုရှင်းယွမ်၏ အမြင်ကို သဘောတူခြင်းမရှိပေ။
ချူးယွင်ဖန်း ဤအဆင့်တွင်ရှိနေသည်မှာ အလွန်သာမန်ဖြစ်သည်ဟုသာ သူခံစားမိသည်။
ဤအချိန်တွင် ကျန်းဟုန်ကျဲသည် ပို၍လျင်မြန်လာသော်လည်း သူ များများတိုက်လေလေ စိတ်ဓာတ်ကျလေလေဖြစ်လျက်ရှိသည။ သူမည်မျှပင် လျင်မြန်စွာတိုက်ခိုက်နေပါစေ ချူးယွင်ဖန်း၏ ချို့ယွင်းနေပုံပေါက်သော ဓားသိုင်းကို မထိုးဖောက်နိုင်ပေ။ ချူးယွင်ဖန်း၏ ဓားသိုင်းသည် ဟာကွက်များစွာရှိပုံပေါ်သော်လည်း အသုံးပြုသူသည် မြန်ဆန်၊ တိကျကာ ရက်စက်သည်။ ချူးယွင်ဖန်းသည် သူ၏ဓားချက်များကို အားစိုက်စရာပင်မလိုဘဲ တားဆီးလျက်ရှိသည်။
‘သူဒီလောက် ဘာလို့ သန်မာနေတာလဲ’ ကျန်းဟုန်ကျဲက သူ့ဘာသာတွေးလိုက်သည်။
ကျန်းဟုန်ကျဲ မည်သို့ပင်တိုက်ခိုက်နေပါစေ၊ ချူးယွင်ဖန်းသည် သူ၏ ဓားချက်များကို တားဆီးရန် ဓားဖြင့်တစ်ချက်ခုတ်လှဲရန်သာ လိုအပ်သည်။ ဓားနှစ်စင်းတိုက်မိတိုင်း သူ့လက်များ တဖြည်းဖြည်းထုံကျင်သွားသကဲ့သို့ ခံစားရသည်။
ချူးယွင်ဖန်း၏ ခွန်အားသည် အလွန်ကြောက်မက်ဖွယ်ကောင်း၏။
သူသည် နတ်ဘုရားစွမ်းအင်ဖြင့်မွေးလာခဲ့သော လူများစွာကို တိုက်ခိုက်ခဲ့ဖူးသော်လည်း ဤအတိုင်းအတာထိ သူ့အားဖိအားပေးနိုင်ခဲ့သူမရှိပေ။
“ငါ သူ့လက်တွေတုန်နေတာတွေ့လိုက်တယ်။ ချူးယွင်ဖန်းရဲ့ လူမဆန်တဲ့ခွန်အားကို သူခံစားလိုက်ရပုံပဲ” ရန်ကျွင်းသည် အံ့သြကာပြောလိုက်သည်။
ထိုအချိန်က သူသည်လည်း ချူးယွင်ဖန်း၏ ကြောက်မက်ဖွယ်စွမ်းအားအောက်တွင် အလွန်အမင်းခံစားခဲ့ရသည်။ ယခု ကျန်းဟုန်ကျဲသည်လည်း သူ့ကဲ့သို့ ခံစားနေရသည်ကို မြင်လိုက်ရသောအခါတွင် သူသည် များစွာ စိတ်သက်သာရာရသွား၏။
‘ငါတစ်ယောက်တည်းခံရတာမဟုတ်ဘူးကွ’
“ထင်ရတာပဲ” ယုရှင်းယွမ်သည် ခေါင်းညိတ်သည်။ ချူးယွင်ဖန်းနှင့် တိုက်ခိုက်ခဲ့ဖူးသည့် ယခင်တိုက်ပွဲအကြောင်း တွေးမိသောအခါ သူ့စိတ်ထဲ၌ ကြောက်ရွံ့မှုများ ရစ်ဝဲလျက်ရှိသည်။
“မင်းတို့ ဘာတွေပြောနေကြတာလဲ” အဆိုးမြင်တတ်သော လူငယ်က မေးလိုက်သည်။
“မင်း တစ်နေ့ သူနဲ့တိုက်ခိုက်ရရင် သူ့ကို ရင်ဆိုင်ရဘယ်လောက်ခက်လဲဆိုတာ သိလာလိမ့်မယ်။ သူ့အမြန်နှုန်း၊ စွမ်းအားနဲ့ သိုင်းပညာတွေက ပြီးပြည့်စုံနေတာ” ယုရှင်းယွမ်သည် ခေါင်းညိတ်ကာပြောလိုက်သည်။
“အဲ့တော့ ဘာဖြစ်လဲ။ သူ စွမ်းအင်သန့်စင်ခြင်းအဆင့်ကို မရောက်ေသးတာက စွမ်းအင်သန့်စင်ခြင်းအဆင့်ကို မရောက်သေးတာပဲကွ။ အဲ့တာက မိုးနဲ့မြေလိုခြားနားတယ်” အဆိုးမြင်တတ်သော လူငယ်သည် စိတ်ထဲမထည့်ဘဲ ပြောလိုက်သည်။
ကျန်းဟုန်ကျဲက ပိုမိုတိုက်ခိုက်လေလေ ချူးယွင်ဖန်းသည် တဖြည်းဖြည်းသန်မာလာသည်ကို ခံစားမိလာလေဖြစ်သည်။ ချူးယွင်ဖန်း၏ ခွန်အားနှင့် အလျင်တို့ပြောင်းလဲမှုမရှိသော အခြေအနေအောက်တွင် ကောင်းကင်မိုးကြိုးဓားသိုင်း၌ သူ့ကျွမ်းကျင်မှုသည် အံ့အားသင့်ဖွယ်အရှိန်ဖြင့် တိုးတက်လာလျက်ရှိသည်။ ဓားချက်တစ်ခုပြီးတစ်ခုတွင် ချူးယွင်ဖန်းသည် ဤသိုင်းအကြောင်း ပိုမိုနားလည်လာကာ သူ၏ အမှားများ ပိုမိုလျော့နည်းလာ၏။
ဤထိတ်လန့်ဖွယ် ကျွမ်းကျင်မှုအရှိန်သည် မယုံကြည်နိုင်ဖွယ်ရာကောင်း၏။ သာမန်လူသားများသည် ဤသို့သော အမြန်နှုန်းဖြင့် လေ့လာနိုင်မည်လား။
ယခုအချိန်တွင် ကျန်းဟုန်ကျဲသည် ဤကိစ္စ၌ဝင်ပါမိသည်ကို စတင်၍နောင်တရလာ၏။ ချူးယွင်ဖန်းသည် ယွင်နင်ခရိုင်၏ နံပါတ်တစ်ဖြစ်သော်လည်း စွမ်းအင်သန့်စင်ခြင်းအဆင့်သို့ မတက်လှမ်းနိုင်သေးသဖြင့် ရင်ဆိုင်ရလွယ်ကူလိမ့်မည်ဟု ထင်ခဲ့သည်။ သူသည် ချူးယွင်ဖန်း၏ ပခုံးပေါ်သို့တက်ကာ နယ်မြေ(၁)တွင် နာမည်ကြီးလာချင်ခဲ့၏။
ယွင်နင်ခရိုင်၏နံပါတ်တစ်အဖြစ် ချူးယွင်ဖန်း၏ ဂုဏ်သတင်းသည် အမှန်တကယ်ထိုက်တန်လိမ့်မည်ဖြစ်ကြောင်း တိုက်ပွဲအတွင်းတွင် သူနားလည်လိုက်ရသည်။ ချူးယွင်ဖန်းသည် အမှန်တကယ်ပင် သူထင်ထားသည်ထက် ပိုမိုသန်မာ၏။
ကျန်းဟုန်ကျဲသည် သူ့ရှေ့ရှိ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်မှ အရောင်အဝါများ သိသာစွာတိုးမြင့်လာကာ ရုတ်ချည်းပြောင်းလဲသွားသည်ကို ခံစားလိုက်မိသည်။ ထို့နောက် ချက်ခြင်းပင်
ချူးယွင်ဖန်း၏ ဓားသိုင်းသည် အဆင့်တက်သွားပြီဖြစ်ကြောင်း သတိထားလိုက်၏။
သူ့ကို ဓားသွေးကျောက်အဖြစ်အသုံးပြုခဲ့သည်ကို သိလိုက်ရသောအခါ ကျန်းဟုန်ကျဲ၏ နှလုံးသားထဲတွင် မီးများတစ်ဟုန်းဟုန်းတောက်လောင်သွား၏။
အခန်း(၂၂၅) ကျန်းဟုန်ကျဲကို ဓားချက်သုံးချက်နဲ့အနိုင်ယူခဲ့တယ်
ချူးယွင်ဖန်း၏ သိုင်းသည် ယခင်ကနှင့် သိသာစွာ ကွာခြားသွားသည်။ အစပိုင်းတွင် ချူးယွင်ဖန်း၏ ကောင်းကင်မိုးကြိုးသိုင်းသည် အပေါ်ယံအဆင့်သာရှိခဲ့သည်။ ယခုမူ ကျန်းဟုန်ကျဲနှင့် ဤတိုက်ပွဲအပြီးတွင် သူ၏ သိုင်းသည် ကျွမ်းကျင်အဆင့်သို့ ရောက်ရှိသွား၏။
ကျန်းဟုန်ကျဲသည် ဟိန်းဟောက်အော်ဟစ်လိုက်ပြီး သူ့ခန္ဓာကိုယ်ရှိ ချီစွမ်းအင်အားလုံးကို ထုတ်ကာ ချူးယွင်ဖန်းကို တိုက်ခိုက်လိုက်သည်။ ဤအချိန်တွင်မူ ယခင်ကကဲသို့ ပေါ့ပေါ့ပါးပါး မရှိတော့သော်လည်း ချူးယွင်ဖန်းသည် ယခင်ကမှင့်မတူတော့ပေ။
အနက်ရောင် ဓားအလင်းတန်းတစ်ခုဖြတ်ပြေးသွားကာ ကျန်းဟုန်ကျဲ၏ ဓားသိုင်းကို တားဆီးလိုက်သည်။
ချူးယွင်ဖန်းသည် လျှပ်စီးကဲ့သို့ ဆက်လက်တိုက်ခိုက်လျက်ရှိသည်။ တိုက်ပွဲကိုစောင့်ကြည့်နေကြသည့် ကျွမ်းကျင်သူများစွာသည် ချူးယွင်ဖန်းအား ပိုမိုအမှတ်ပေးလာကြသည်။ ယခင်က ချူးယွင်ဖန်း၏ ကောင်းကင်မိုးကြိုးဓားသိုင်းသည် သိသာစွာ မကောင်းမွန်လှသဖြင့် ကျန်းဟုန်ကျဲ၏ ဓားချက်တိုင်းးကို တားဆီးရန် သူ၏ကိုယ်ခံအားကို အားကိုးခဲ့ရသည်။
ဤအဆင့်တွင် သိုင်းပညာသည် အစိတ်အပိုင်းများသည် ကြီးကြီးမားမားမဟုတ်ပေ။ ချူးယွင်ဖန်း၏ ခွန်အားသည် ကျန်းဟုန်ကျဲထက် သာလွန်၍ အမြန်နှုန်းသည်လည်း ပိုမြန်သဖြင့် သူ့အား မထိခိုက်စေနိုင်ပေ။ အလားတူပင် သူ၏သိုင်းကွက်များသည်လည်း မချောမွေ့သောကြောင့် ကျန်းဟုန်ကျဲအား တန်ပြန်န်မတိုက်ခိုက်နိုင်ခဲ့ပေ။
သို့သော် ယခုမူ ချူးယွင်ဖန်းသည် ကျွမ်းကျင်အဆင့်သို့ ရောက်ရှိာသဖြင့် သူ၏သိုင်းကွက်များ၏ စွမ်းအင်သည် အဆင့်တစ်ခုပို၍တက်လာသည်။ အခြားသူများသည် ခြိမ်းခြောက်မှုအငွေ့အသက်များကိုသာ ခံစားမိနိုင်သော်လည်း ကျန်းဟုန်ကျဲသည်မူ အမှန်တကယ် ဖိနှိပ်ခံနေရပြီဖြစ်သည်။ သိုင်းကွက် သုံးခုအဆုံးတွင် မူလကတိုက်စစ်ဆင်နေသည့် ကျန်းဟုန်ကျဲသည် ချက်ချင်းပင် ခုခံနေရပြီဖြစ်၏။
“အရ၎်း အစွမ်းထက်တယ်။ အဲ့တာထက် သူ သေချာသိတဲ့ ဓားသိုင်းကိုတောင်မသုံးရသေးဘူးလေ။ မဟုတ်ရင် သူ့တိုက်ပွဲစွမ်းရည်က နောက်တစ်ဆင့်ကို တ်ကလာမှာ အသေအချာပဲ”
“သူက တကယ်ကို ကြောက်စရာကောင်းတယ်။ နယ်မြေ(၂)မှာ လူနည်းစုကလွဲရင် သူ့ကို နှိမ်နှင်းနိုင်တဲ့သူမရှိလောက်ဘူး။ လက်တစ်ဆုပ်စာလူလောက်ပဲ သူနဲ့ တန်းတူရှိမှာ”
ဤသည်ကို အခြားကျွမ်းကျင်သူများ မြင်လိုက်သည်နှင့် သူတို့စိတ်ထဲတွင် ချက်ချင်းသိလိုက်ရသည်။
အန်ယန်ခရိုင်ရှိ ထိပ်တန်းကျောင်းသားသုံးယောက်ထဲမှ တစ်ယောက်ကို ချူးယွင်ဖန်း အလွယ်တကူ အနိုင်ယူခဲ့သည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းသည်။
၎င်းတို့အားလုံးသည် လက်ရွေးစင်များနှင့် ကျောင်းအသီးသီးမှ ကျွမ်းကျင်သူများဖြစ်ကြသည်။ စွမ်းအားအနည်းဆုံးသူသည်ပင် ချီပင်လယ် အဠမအဆင့်အထွတ်အထိပ်သို့ရောက်ရှိနေကြပြီဖြစ်သည်။ သူတို့ထဲမှ အများစုသည် နဝမအဆင့်သို့မဟုတ် ချီပင်လယ်အထွတ်အထိပ်သို့ ကျင့်ကြံနှင့်ပြီးဖြစ်ကြပြီဖြစ်သည်။ သူတို့အားလုံးသည် တူညီသော အဆင့်တွင်ရှိကြရာ ဤမျှကြီးမားသော စွမ်းအင်ကို ခံစားမိသောကြောင့် ချူးယွင်ဖန်း ယခုအခိုက်အတန့်တွင် မည်မျှကြောက်မက်ဖွယ်ကောင်းနေသည်ကို တွေးကြည့်နိုင်၏။
ယုရှင်းယွမ်၊ ရန်ကျွင်းနှင့် ရန်ကျွင်း၏ အနီးရှိ အဆိုးမြင်တတ်သော လူငယ်သည်ပင် ချူးယွင်ဖန်း အလွန်သန်မာသောကြောင့် တိုက်ပွဲကို သေချာသတိထားကြည့်လျက်ရှိသည်။
အစောပိုင်းတွင် တိုက်ခိုက်ခုခံတိုက်ခိုက်လျက်ရှိသော လူနှစ်ဦးနှင့်မတူညီဘဲ၊ ချူးယွင်ဖန်းသည် ကျန်းဟုန်ကျဲကို တိုက်ကွက်သုံးကွက်အတွင်း ဖိနှိပ်နိုင်ခဲ့ပြီဖြစ်ရာ အသာစီးရလျက်ရှိသည်။
ဤအခိုက်အတန့်တွင် ချူးယွင်ဖန်း၏ ကောင်းကင်မိုးကြိုးသည် ကမ္ဘာခွဲဓားသိုင်းနှင့် လေဟုန်တိုက်ခွင်းဓားသိုင်းတို့ထက်ပင် ပိုမိုအားကောင်းလာသည်ကို ခံစားမိနိုင်၏။ ယခင်အခြေခံသိုင်းပညာနှစ်ခုလုံး၏ အားသာချက်များပါရှိသော်လည်း ၎င်းသည် ပို၍ပင်မြန်ဆန်၏။
ယခင်က အသာစီးရနေသော ကျန်းဟုန်ကျဲသည် ယခုအခါ ချူးယွင်ဖန်းလက်ထဲတွင် လုံးဝအဖိနှိပ်ခံလိုက်ရပြီဖြစ်သည်။
“ဒီနေ့ မင်း ငါ့ရဲ့ ဓားသွေးကျောက်ဖြစ်ပေးလို့ ကျေးဇူးပဲ။ ကဲ၊ လုံလောက်ပြီဆိုတော့ ငါမင်းကို သိုင်းကွက်သုံးခုအတွင်း အပြီးသတ်ပြမယ်” ချူးယွင်ဖန်းက ကျယ်လောင်စွာအော်လိုက်သည်။
ကျန်းဟုန်ကျဲသည် အလွန်ဒေါသထွက်သဖြင့် မျက်နှာနီရဲလာကာ ပါးစပ်မှ သွေးများအန်ထွက်လုမတက်ဖြစ်နေ၏။
“ငါ မင်းကို သတ်မယ်”
ကျန်းဟုန်ကျဲသည် မြေပြင်ကို နင်းကာ ခုန်လိုက်သည့်အခါတွင် သူ့ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်များ ထွက်လာသည်။ သူသည် နောက်ထပ် တိုက်ခိုက်မှုတွင် အရာအားလုံးကိုထုတ်သုံးလိုက်သည်။ ဓားအလင်းသည် စူးရှသော အသံတစ်ခုနှင့်အတူ လေထဲမှ ပေါ်ထွက်လာ၏။
ကြောက်မက်ဖွယ်အကောင်းဆုံးအရာတစ်ခု ဖြစ်ပျက်သွားသည်။ လူအများ၏ မျက်လုံးထဲတွင် ကျန်းဟုန်ကျဲသည် ခွန်အားအပြည့်ထုတ်သုံးလိုက်သော်လည်း ချူးယွင်ဖန်းသည် ၎င်းအား နှိမ်နင်းချေမှုန်းလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်သည် ချက်ချင်းပင် ရပ်တန့်သွား၏။
ကျန်းဟုန်ကျဲ နောက်သို့ပြန်ဆုတ်လိုက်ရသည်။ သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအင်နှင့် သွေးများ တစ်ဟုန်ထိုးတက်လာသည်ကို ခံစားလိုက်ရသည်။ မျက်နှာတစ်ခုလုံးနီရဲကာ ချူးယွင်ဖန်း၏ ဓားသည် သူ့အတွင်းအားသူ ပြန်လည်တုံ့ပြန်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။
၎င်းမှာပြီးပြည့်စုံသော တန်ပြန်ထိခိုက်မှုတစ်ခုဖြစ်သည်။
“ဒုတိယ တစ်ကွက်”
ချူးယွင်ဖန်းသည် ဓားဖြင့် တိုက်ခိုက်လိုက်သည်။ ကျန်းဟုန်ကျဲသည် သူ့ခန္ဓာကိုယ်ကိုပင် ဟန်ချက်ညီအောင် ထိန်းထားရကာ တစ်ဖက်မှ ဓားချက်ကို တားဆီးရန် သူ၏ဓားကိုမြှောက်လိုက်သည်။
ကျန်းဟုန်ကျဲ၏ လက်ထဲမှဓားသည် လွင့်ထွက်သွားသည်။ သူ့လက်ဝါးပြင်ပေါ်တွင် ကြီးမားသော ဒဏ်ရာတစ်ခုပေါ်လာကာ ကွဲထွက်သွား၏။ ထို့ကြောင့် ဓားကို ဆက်လက်မကိုင်ထားနိုင်တော့ပေ။
“တတိယ တိုက်ကွက်”
ချူးယွင်ဖန်း၏ ဓားချက်သည် နောက်ဆုံးတွင် ထွက်ပေါ်မလာခဲ့ဘဲ ကျန်းဟုန်ကျဲ၏ရှေ့ သုံးလက်မအကွာခန့်တွင် ရပ်တန့်သွား၏။
သို့သော် ကျန်းဟုန်ကျဲရှုံးနိမ့်သွားပြီဖြစ်ကြောင်း လူတိုင်းသိလိုက်သည်။
ကျန်းဟုန်ကျဲသည် ရုတ်တရက် အားလျော့သွားရသည်။ ချူးယွင်ဖန်း၏ ဓားချက်ထဲတွင်ကိန်းအောင်းလျက်ရှိသော လူသတ်လိုစိတ်များကို သူခံစားလိုက်ရသည်။ ဤသည်က သူ့မှာ မရှိသည့်အရာတစ်ခုဖြစ်ကာ သူ၏ စွမ်းဆောင်ရည်သည် ချူးယွင်ဖန်းထက် အဆပေါင်းများစွာနိမ့်ကျ၏။
“ဟူး ဟူး ဟူး” ကျန်းဟုန်ကျဲသည် အသက်ကို အပြည့်အဝမရှုသွင်းနိုင်တော့ဘဲ မောဟိုက်ကာ ချွေးများ တစက်စက်ကျနေသည်။ ထို့နောက် စင်ပေါ်တွင်ပင် လဲကျသွား၏။
“မျှော်လင့်ထားတဲ့အတိုင်း သူရှုံးတယ်။ ကျန်းဟုန်ကျဲက ဒီလောက်အပြတ်အသတ်နဲ့ အရှုံးပေးရလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး”
“ဒီအန်ယန်ခရိုင်ရဲ့ ထိပ်တန်းအဆင့်သုံးက ချူးယွင်ဖန်းထက် အဆပေါင်းများစွာ ညံ့ဖျင်းတာပဲ။ ခရိုင်တဲက နံပါတ်တစ်ကတော့ ချူးယွင်ဖန်းကို နိုင်ရင်နိုင်မှာပေါ့။ အန်ယန်ခရိုင်ရဲ့ နံပါတ်တစ်က နယ်မြေ(၂)မှာ ရှိနေပြီလို့ ငါကြားတယ်”
“ဘယ်လောက်တောင် မြန်ပြီး ကြောက်စရာကောင်းလိုက်တဲ့ စွမ်းအားလဲ”
လူတိုင်း ရုတ်ရုတ်သဲသဲဖြစ်ကုန်သည်။
ဖေးယွင်ဖန်နှင့် ဟွမ်ကော်ရိတို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ နားလည်သွားကြသည်။ ဤဆရာသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသည်။ အန်ယန်ခရိုင်၏ထိပ်တန်းသုံးဦးထဲမှ တစ်ဦးသည် ဤကဲ့သို့အမှောက်သိပ်ခံခဲ့ရသည်။ ဤသည်မှာ ရှုံးနိမ့်မှုမဟုတ်ပေ။ ခွန်အားကွာခြားချက်သည် အလွန်ကြီးမားသဖြင့် ဤကဲ့သို့ အနိုင်ယူခံခဲ့ရခြင်းဖြစ်သည်။
ကျန်းဟုန်ကျဲသည် မိမိကိုယ်မိမိ အလွန်အထင်ကြီးခဲ့သော်လည်း ချူးယွင်ဖန်းအတွက်မူ သူသည် ဓားသွေးကျောက်အဆင့်သာရှိ၏။
ချူးယွင်ဖန်းသည် စင်အောက်သို့ဆင်းပြီးနောက် ဂေါင်ဟုန်ချီနှင့် တန်စီယုတို့ထံသို့ လမ်းလျှောက်သွားလိုက်သည်။
“ဟားဟားဟား၊ ငမိုက်သား မင်းလုပ်နိုင်ခဲ့ပြီ။ ငါမင်းလုပ်နိုင်မယ်မှန်းသိသားပဲ” ဂေါင်ဟုန်ချီသည် ကျယ်လောင်စွာရယ်လိုက်သည်။ ချူးယွင်ဖန်း အနိုင်ရခဲ့သော်လည်း သူသည် ချူးယွင်ဖန်းထက်ပင် ပိုပျော်နေ၏။
“ငါ အဆင်ပြေပါတယ်” ချူးယွင်ဖန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
“မင်းတို့ ဘယ်တုန်းက ရောက်ကြတာလဲ”
“ငါက ဒီနေ့ရောက်တာ။ စီယုက မနေ့က ရောက်တာ သူကစောတယ်” ဂေါင်ဟုန်ချီကပြောလိုက်သည်။
“နောက်အစီအစဥ်ကဘာလဲ”
“အခု သားရဲတွေ ဝိုင်းအုံလာလိမ့်မယ်လို့ ငါကြားတယ်၊ အဲ့တာကို အသုံးချပြီး စွမ်းအင်သန့်စင်ခြင်းအဆင့်ကို
တက်နိုင်အောင်လုပ်ဖို့ စီစဥ်ထားတယ်” ချူးယွင်ဖန်းက ပြောလိုက်သည်။
“ကောင်းတယ်။ ငါ့မှာလည်း အဲ့လိုအစီအစဥ်မျိုးရှိတယ်။ ငါက ချီပင်လယ် အဠမအဆင့်နဲ့ ခြေတစ်လှမ်းစာလောက်ပဲ လှမ်းတော့တာဆိုတော့ အများဆုံးတော့ အထူးတက္ကသိုလ်တစ်ခုခုကို ဝင်ခွင့်ရမယ်လို့မှန်းထားပေမယ့် အခုတော့မတူတော့ဘူး။ ငါ ထိပ်တန်းတက္ကသိုလ်ဆယ်ခုကို ဝင်ချင်တယ္။ ဖြစ်နိုင်ရင် ပြည်ထောင်စုတက္ကသိုလ်ကိုတောင် ဝင်ခွင့်ရချင်တယ်” ဂေါင်ဟုန်ချီက သူ၏ လှံကိုမြှောက်ကာ ပြောလိုက်သည်။
“ငါနင်နဲ့လိုက်မယ်” တန်စီယုက ခပ်ဖျော့ဖျော့ ပြုံး၍ပြောသည်။ နေရောင်အောက်တွင်သူမ၏ အသားအရည်သည် အနည်းငယ်နီမြန်းလျက်ရှိသော်လည်း အလွန်လှပနေသည်။
ဤအခိုက်အတန့်တွင် ကျယ်လောင်သော အချက်ပေးသံတစ်ခုထွက်ပေါ်လာ၏။
သုံးဦးသားသည် တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကြသည်။ သူတို့ တကယ့်ကိုပင် လုပ်ချင်သည့်အရာမှန်သမျှကို လုပ်နိုင်သည်။ သားရဲများ ရောက်ရှိလာပြီဖြစ်၏။