Chapter 124
Vol. 10 Ch. 124
လင်းဝေ့သည်လည်း သူမ၏ စာစစ်နှုန်းကိုတွေးလိုက်ကာ တနင်္ဂနွေနေ့လည်း စာစစ်ရလိမ့်မည်ဟုတွေးလိုက်၏။ သို့မှသာ တနင်္လာနေ့ ကျောင်းဖွင့်ရက်အမှီ စစ်၍ ပြီးနိုင်မည်ကိုးး။ သို့သော် ကျောင်းပိတ်ရက်မှာလည်း နားချင်သေး၍ အဖြေလွှာတစ်ချို့အိမ်ယူလာကာ စာ စစ်ရန်တွေးလိုက်၏။ တစ်စောင်ဆိုလည်း တစ်စောင် ရတဲ့အချိန်မှာ ပြီးအောင်စစ်ရမည်ဟု တွေးလိုက်၏။
စာစစ်ချိန်ပိုရရန်အတွက် လင်းဝေ့သည် ညနေစာကိုမချက်တော့ပဲ ပြည်နယ်စားသောက်ဆိုင်ကို မိသားစုလိုက်သွားစားလိုက်ကြသည်။
ညနေစာ စားပြီးတော့လည်း ကျုံးရှောက်က ကလေးများကို ခြေလက်ဆေးရန် ကြီးကြပ်ပေးနေ၏။ လင်းဝေ့ကတော့ အဖြေလွှာများကို ဆက် စစ်နေလေသည်။
ဟွမ်အိုက်ယွင် ပြောသကဲ့သို့ အလေ့အကျင့်ကလည်း စကားပြောသည်ဟု ထင်သည်။ အဖြေလွှာတစ်ရွက်လျင် ၁၅မိနစ် ၁၆မ်ိနစ်ခန့်အချိန်ပေးခဲ့ရာကနေ တစ်ရွက်လျင် ၁၁မိနစ် ၁၂မိနစ်ခန့်သာအချိန်ပေးရတော့၏။ ညပိုင်းရောက်လာလေလေ တစ်ရွက်လျင် ၈မိနစ် ၉မိနစ်ခန့်သာ ကြာလေတော့၏။
ညအိပ်ရာဝင်တော့ လင်းဝေ့တစ်ယောက် သူမစိတ်ထဲ တွက်ချက်ကြည့်လိုက်ရာ အဖြေလွှာ ၄၇ စောင်စစ်ပြီးကြောင်း သိလိုက်ရ၍ စိတ်အနည်းငယ်အေးသွား၏။
ကျုံးရှောက်က မီးပိတ်ရန်လုပ်လိုက်စဥ် လင်းဝေ့မျက်နှာပေါ်မှ အပြုံးကိုမြင်လိုက်၍ မေးလိုက်၏။"ဘာ ပျော်စရာတွေ ရှိနေတာလဲ"
"ကျွန်မ ဒီနေ့ အဖြေလွှာ ၄၇ စောင် တောင်စစ်ပြီးလို့လေ"
"၄၇ စောင် စစ်ပြီးလို့ ပျော်နေတယ်???" ကျုံးရှောက်က မျက်ခုံးလေးပင့်ကာ နားမလည်နိုင်ဖြစ်နေ၏။
"ဒါပေါ့! နေ့လည်ကဆိုကျွန်မ အဖြေလွှာ ၁၈စောင်ကို ၃နာရီကြာအောင် စစ်ခဲ့ရတာ ရှင်မှ မသိတာ။ အခု ညပိုင်းကို ၄နာရီထဲနဲ့ ၂၉စောင်တောင် စစ်ပြီးခဲ့တာလေ။ မနက်ဖြန် ဆိုရင် ဒီထက်ပိုမြန်မယ် ထင်တယ်"
ကျုံးရှောက်လည်း တစ်ခါမှ အဖြေလွှာစစ်သူ မလုပ်ဖူး၍ ဘယ်နှုန်းက မြန်လည်း နှေးလဲ မသိပါ။ ထို့ကြောင့် လင်းဝေ့ကို အားပေးသည့်အနေဖြင့် ချီးကျူးလိုက်၏။
"အရမ်းတော်တာပဲ ငါ့မိန်းမ"
သို့သော် လင်းဝေ့ကတော့ သူမ၏ စာစစ်စကေးကိုသိ၍ ကျုံးရှောက်၏ ချီးကျူးစကားကြားတော့ ရှက်သွား၏။
"တစ်ခြားဆရာမတွေနဲ့ယှဥ်ရင်တော့ ကျွန်မကနှေးသေးတယ်"
"အာ့လိုလည်း မတွေးနဲ့လေ။ သူတို့က ဆရာမလုပ်သက်ကြာနေပြီလေ။ မင်းက အခုမှ အလုပ်ဝင်တာကိုးး။ အခုမှ အဖြေလွှာ စစ်ဖူးလို့ကြာတာလဲ ဖြစ်နိုင်တာပဲ"
ကျုံးရှောက်က ထိုသို့နှစ်သိမ့်လိုက်ပြီး လင်းဝေ့ကိုကြည့်လိုက်ရာ မျက်လုံးမှိတ်ရင်း အိပ်ပျော်နေသည်ကို တွေ့လိုက်ရ၏။ နှိုးစက်နာရီကို လှမ်းကြည့်လိုက်ရာ ၁၂နာရီထိုးဖို့ ၉မိနစ်ခန့်သာ လိုတော့သည်။ ကျုံးရှောက်လည်း ပြုံးလိုက်ပြီး သူ့မိန်းမ၏ နှုတ်ခမ်းထောင့်လေးကို အသာအယာ အနမ်းလေးပေးလိုက်သည်။
နောက် မီးပိတ်ကာ အိပ်ကြလေတော့၏။
…………………
နောက်တစ်နေ့ရောက်တော့ လင်းဝေ့၏ စာစစ်နှုန်းမှာ အနည်းငယ်မြန်လာ၏။ အမြန်စစ်ပြီးရန်အတွက် လင်းဝေ့သည် မွန်းလွဲပိုင်းရောက်မှ ထမင်းစားပြန်ကာ ချန်ပါးမေ့နှင့်ကလေးများကို ထမင်းဘူးပေးခဲ့ပြီး ကျောင်းကိုပြန်သွားကာ စာစစ်လေသည်။
၆နာရီ ဆယ်မိနစ်ခန့်ရောက်မှသာ လင်းဝေ့သည် စာစစ်ခြင်းအမှုကိုပြီးလေ၏။
လက်မောင်းကို ပွတ်လိုက်ပြီး ခေါင်းမော့ကာ ဘေးဘီကြည့်လိုက်ရာ ဘယ်သူမှ မရှိတော့ပေ။ လင်းဝေ့လည်း သက်ပြင်းလေးချကာ မတ်တပ်ရပ်လိုက်ပြီး အကြောအခြင် ဆန့်လိုက်၏။ နောက် အဖြေလွှာစာရွက်များကို ထပ်လိုက်ပြီး ရေတွက်လိုက်ကာ အံဆွဲထဲ ထည့်သိမ်းလိုက်သည်။ တနင်္လာနေ့ကျောင်းဖွင့်မှသာ အဖြေရမှတ်များကို တာဝန်ရှိဆရာမဆီ ပေးရမည်ဖြစ်သည်။သူမ၏ အလုပ်က စာစစ်ပေးဖို့ရန်သာဖြစ်ပြီး အဆင့်စီပေးဖို့မဟုတ်ပေ။
ယားကျိုကျွန်း၏ နိုဝင်ဘာလနေ့ရက်များက နေ့တာတိုလေ၏။ လင်းဝေ့ကျောင်းက ထွက်လာတော့ နေကဝင်နေပြီဖြစ်၏။ ညနေခင်းနေဝန်းမီးရောင်ကကောင်းကင်ကြီးကို အရောင်ဆိုးထားသကဲ့သို့ဖြစ်နေ၏။
လင်းဝေ့လည်း တစ်ကိုယ်တည်း ထီးထီးကြီး ကျောင်းထဲကထွက်လာလိုက်သည်။ ခြေလှမ်းအနည်းငယ်လျှောက်လာပြီးနောက် ကျုံးရှောက်နှင့် ကလေးနှစ်ယောက်ကို မိသားစုအိမ်ရာဘက်မှ လမ်းလျှောက်လာသည်ကိုတွေ့လိုက်ရ၍ အံ့သြသွားကာ မေးလိုက်၏။"ဘာလို့ ဒီကို လိုက်လာကြတာလဲ"
"ကလေးတွေနဲ့ ညနေစာစားဖို့ ပြည်နယ်စားသောက်ဆိုင်ကိုထွက်လာတာလေ။ မင်းလည်း အလုပ်မပြီးသေးလို့ ကျောင်းမှာပဲ ရှိဦးမယ်လို့ထင်ပြီး အတူသွားဖို့လာကြိုတာလေ"
သူ့အဖေရဲ့စကားဆုံးသည်နှင့် မင်မင်က မေးလိုက်၏။
"မေမေ အလုပ်ပြီးပြီလား"
လင်းဝေ့ကလည်းပြုံးကာ ကလေးနှစ်ယောက်ကို ခေါင်းပုတ်ပေးလိုက်ပြီး ပြောလိုက်၏။"ပြီးပြီ"
"ဒါဆို မေမေ လည်း သားတို့နဲ့ ညနေစာ အတူသွားစားမယ်မလား" ဟု မင်မင်က မေးလိုက်ရာ ရွေ့ရွေ့က ပြန်ပြောလိုက်၏။
"ဒါပေါ့ မေမေက ငါတို့နဲ့အတူမစားလို့ ဘယ်မှာစားရမှာလဲ"
မင်မင်လည်း "ယေးး" ဟု အော်လိုက်ပြီး သူ့အဖေ ကျုံးရှောက်ကိုမော့ကြည့်ကာ ပြောလိုက်၏။
"ဖေဖေ သားတို့ ညစာ အမြန်သွားစားရအောင်။ သားအရမ်းဗိုက်ဆာနေပြီ။ နားထောင်ကြည့်ပါဦး ဗိုက်ထဲမှာ အသံတွေတောင်မြည်နေပြီ"
ကျုံးရှောက်ကတော့ သူ့သားဗိုက်နားကပ်ကာ နားမထောင်ပဲ သူ့သား ခေါင်းကိုသာ ပွတ်လိုက်ပြီး ပြောလိုက်၏။"ဟုတ်ပြီ သွားစားကြစို့"
ညနေခြောက်နာရီနောက်ပိုင်းက ထမင်းစားချိန်ဖြစ်၍ ပြည်နယ်စားသောက်ဆိုင်တွက် လူကျနေသည့်အချိန်ဖြစ်၏။ အစားအသောက်ဝေသည့် ကောင်တာတွင်သာမက ငွေရှင်းကောင်တာမှာလည်း လူပြည့်ကြပ်နေ၏။
စားသောက်ဆိုင်ထဲ ဝင်လာတော့ ကျုံးရှောက်က လင်းဝေ့ကို အရင်မေးလိုက်၏။" ဒီမှာပဲစားမှာလား ဟင်းဝယ်ပြီး အိမ်ပြန်စားကြမလား"
လင်းဝေ့လည်း စားသောက်ဆိုင် ကန်တင်းနေရာကိုကြည့်လိုက်တော့ လူအပြည့်ဖြစ်နေကာ ထိုင်စရာနေရာပင်မရှိချေ။ အပြင်မှာလည်း ဟင်းလာဝယ်သည့်သူများနှင့်ပြည့်နေရာ လင်းဝေ့လည်း ဟင်းဝယ်ပြီး အိမ်ပြန်စားရန်သာပြောလိုက်၏။
ကျုံးရှောက််ကလည်း ခေါင်းငြိမ့်လိုက်ကာ လင်းဝေ့နှင့်ကလေးများကို ငွေရှင်းကောင်တာမှာ ငွေရှင်းရန်တန်းစီခိုင်းလိုက်ကာ သူကတော့ ထမင်းချိုင့်ယူကာ ဟင်းဝေပေးသည့်ကောင်တာမှာ တန်းစီလိုက်၏။
ဟင်းပွဲများကို တော့ ကလေးနှစ်ယောက်အား ကြိုက်နှစ်သက်ရာ ဟင်းရွေးချယ်ခိုင်းထား၏။ မင်မင်ကတော့ ဝက်နံရိုးချိုချဥ်စားချင်နေပြီး ရွေ့ရွေ့ကတော့ ဝက်သားမြူစွမ် စတူးဟင်းစားချင်နေ၏။ လင်းဝေ့ကတော့ နှစ်မျိုးစလုံး စားချင်၏။
လင်းဝေ့လည်း တန်းစီရင်းအလှည့်ရောက်လာတော့ ကျုံးရှောက် အိမ်မှ ယူလာပေးသည့် လက်မှတ်များကို ကောင်တာမှာတင်လိုက်ရင်း ညအော်ဒါတင်လိုက်၏။
" ဝက်နံရိုးချိုချဥ်ဟင်းရယ် ဝက်သားမြူစွမ်ဟင်းရယ် ပုစွန်ချဥ်စပ်ဟင်းရယ်…"
လင်းဝေ့ ဟင်းမှာနေသည့် အသံကိုကြားတော့ ငွေရှင်း ကောင်းတာရှိလူက ဘာမှ မပြောသော်လည်း လင်းဝေ့အနောက်ရှိတန်းစီနေသည်သူများက လင်းဝေ့ကို စနောက်ကြ၏။
"ရဲဘော်လင်းရေ…ဒီတစ်နပ်ထဲနဲ့ လဝက်စာ ရိက္ခာအကုန်စားလိုက်တော့မလို့လား"
"ဝက်နံရိုးချိုချဥ်ကြော်က အစိတ်သားလောက်ပဲရှိတာကို ဘယ်လိုလုပ် လဝက်စာ စားပစ်တာဖြစ်နိုင်မလဲရှင်" ဟု လင်းဝေ့ကလည်း ပြုံးကာ ပြန်ပြောလိုက်ကာ ငွေရှင်းပေးသည့် စာရေးဘက်လှည့်ကာ ထပ်ပြောလိုက်၏။
"ကျွန်မနောက်ထပ် ရေညှိသုပ်တစ်ပွဲကော ယူဦးမယ်"
ငွေရှင်းကောင်တာမှ စာရေးကလည်း အလျင်အမြန်တွက်ချက်လိုက်ပြီး လက်မှတ်ဖြတ်ပိုင်းကို လင်းဝေ့ဆီကမ်းပေးလိုက်၏။ လင်းဝေ့လည်း ငွေရှင်းကောင်တာမှ ထွက်လာကာ အစားအသောက် ဝေပေးသည့် ကောင်တာမှာတန်းစီနေသည့် ကျုံးရှောက်ဆီသွားလိုက်၏။
ကျုံးရှောက်လည်း ဟင်းအော်ဒါဖြတ်ပိုင်းစာရွက်ကိုယူကာ တစ်ချက်ကြည့်လိုက်ပြီး မဆီမဆိုင် မေးခွန်းတစ်ခုမေးလိုက်၏။"စာမေးပွဲ အဖြေလွှာတွေ အကုန်စစ်ပြီးပြီလား"
" အခုလေးတင် စစ်ပြီးလာတာ"
"ဒါဆို မနက်ဖြန် နားတယ်လား?"
လင်းဝေ့လည်း ခေါင်းကို လေးတွဲ့စွာ ငြိမ့်လိုက်ပြီး ပြောလိုက်၏။"အင်းးး ဒီညတော့ ကောင်းကောင်းအိပ်စက်အနားယူရမယ်"
မနေ့ညက လင်းဝေ့ နောက်ကျမှ အိပ်ရာဝင်ခဲ့ရပြီး နေ့လည်စာလည်း လွတ်ခဲ့၍ အလွန်အိပ်ချင်နေပြီဖြစ်သည်။
စကားပြာနေရင်းပင် ဟင်းယူရန် သူမတို့အလှည့်ရောက်လာသည်။
အစားအသောက်ဝေပေးသည့် ကောင်တာမှာရှိသည့် အစ်မကြီးက လင်းဝေ့ကို ပြုံးပြကာပြောလိုက်၏။
"ညီမတို့ ကံကောင်းတယ်နော်။ ဝက်နံရိုးချိုချဥ်ဟင်းက နောက်ဆုံးတစ်ခွက်စာပဲ ကျန်တော့တာ ညီမတို့မှီလိုက်တယ်နော်"
ထိုစကားကို လင်းဝေ့တို့ အနောက်မှာ တန်းစီနေသည့် သူများကကြားတော့ မနာလိုသွားကြကာ အော်မေးကြသည်။"ဝက်နံရိုးချိုချဥ် ဟင်းမရှိတော့ဘူးတဲ့လား။ ငါတို့က အခုလေးတင် အာ့အတွက် ငွေချေခဲ့တာလေ"
အစားအသောက်ဝေပေးသည့် ကောင်တာက အစ်မကြီးကလည်း ပြန်အော်ပြောလိုက်၏။"ဘေးကောင်တာမှာတော့ ရှိဦးမှာပါ။ ရှင်စားချင်ရင်ဘေးကောင်တာမှာ သွားလိုက်ပါ"
ဘေးကောင်တာကလည်း ချက်ချင်းပြောလိုက်၏။
"ကျွန်မမှာလည်း ဟင်းပွဲနည်းနည်းလေးအတွက်ပဲ ကျန်တော့တာ မလောက်တော့ဘူး"
ဝက်နံရိုးချိုချဥ်ဟင်းသည် ယနေ့အတွက် အထူးဟင်းလျာဖြစ်သွားပုံရ၏။
လင်းဝေ့တို့တန်းစီနေသည့် ကောင်တာမှ အစ်မကြီးက တစ်ဖက်က စကားကိုကြားတော့ ငွေရှင်းကောင်တာရှိစာရေးကို အမြန်အော်ပြောလိုက်၏။"ဝက်နံရိုးချိုချဥ် ဟင်းကုန်သွားပြီး အော်ဒါလက်မခံပါနဲ့တော့"
"ဟုတ်ပြီ" ငွေရှင်းကောင်တာမှ စာရေးက ပြန်အော်ပြောလိုက်၏။
"ဝက်နံရိုးချိုချဥ်ကြော် ကုန်သွားပါပြီ
ဝက်နံရိုးချိုချဥ်ကြော် ကုန်သွားပါပြီ။ အော်ဒါမှာထားပြီးတဲ့သူတွေ ငွေပြန်လာလဲနိုင်ပါတယ်"
ငွေရှင်းကောင်တာ မှ စာရေး၏ အသံကြားတော့ စားသောက်ဆိုင်တစ်ခုလုံး ညဥ်းတွားသံများထွက်လာ၏။ ပြည်နယ်စားသောက်ဆိုင်က ပင်လယ်စာဟင်းများ အမြဲချက်သော်လည်း ဝက်သားဟင်းသိပ်မချက်ပေ။ အထူးသဖြင့် ဝက်နံရိုးချိုချဥ်ဟင်းသည် တစ်လလျင် တစ်ခါချက်ဖို့ပင် မျှော်လင့်၍မရနိုင်ပေ။
သို့သော် ပြည်နယ် စားသောက်ဆိုင်ကို ခဏခဏလာစားနေကြသူများဖြစ်၍ ဟင်းပွဲတစ်မျိုးကုန်သွားသော်လည်း တစ်ခြား ဟင်းပွဲများရှိသေးကြောင်းသိလေသည်။ ထို့ကြောင့် ငွေရှင်းကောင်တာကို လာပြီး တစ်ခြား ဟင်းအမယ်များနှင့် လက်မှတ် ဖြတ်ပိုင်းလာလဲကြ၏။
ဝက်နံရိုးချိုချဥ်ဟင်း ကုန်သွားလည်း ဝက်သားမြူစွမ်ဟင်းတော့ ရအောင် စားနိုင်ရမည်။
ဤသို့ဖြင့် ပြည်နယ်စားသောက်ဆိုင်အတွင်း ပွက်လောရိုက်သွားကာ လင်းဝေ့တို့ သားအမိတစ်တွေလည်း အချင်းချင်းကြည့်လိုက်ကာ စိတ်ထဲမှာတွေးလိုက်၏။
" ငါတို့ဒီနေ့အတော်လေး ကံကောင်းတာပဲ"
ဝက်နံရိုးချိုချဥ်ကြော်ဟင်းစားပြီးတော့လည်း တွေးလိုက်သေး၏။"ဒီနေ့ အရမ်းပျော်တာပဲ"
…………………………
တနင်္ဂနွေနေ့ရောက်တော့ လင်းဝေ့လည်း နေဖင်ထိုးသည်အထိ အိပ်လေတော့၏။ သောကြာနေ့က ပင်ပန်းခဲ့သောကြောင့်မဟုတ်ပဲ ညသန်းခေါင်ကြီး အမောင်ကျုံးရှောက်၏ လက်ချက်ကြောင့်ဖြစ်လေ၏။
အောက်တိုဘာလကုန် မိသားစု စားသောက်ပွဲပြီးသည့်နောက် ကျုံးရှောက်သည် ပင်လယ်ထဲ ထွက်ရကာဆယ်ရက်ကြာမှပြန်ရောက်လာ၏။ သူပြန်ရောက်လာတော့ လင်းဝေ့က နှစ်ဝက်စာမေးပွဲရှိ၍ အလုပ်ရှုပ်နေပြန်ရော။ စာမေးပွဲပြီးတော့လည်း အဖြေလွှာစစ်နေရ၍ အလုပ်မအားဖြစ်ရပြန်၏။
ရက်၂၀နီးပါး ဥပုသ်စောင့်ရသည့် ကျားကြီး ကျုံးရှောက်သည် လင်းဝေ့လည်း အလုပ်နားရော သူဆိုးချင်သလောက် ဆိုးလေတော့၏။
ဤသို့ဖြင့် နောက်တစ်နေ့ လင်းဝေ့ နိုးလာတော့ တစ်ကိုယ်လုံးနှုံးချိနေသလိုခံစားရ၏။ မျက်လုံးဖွင့်ပြီးနောက် အိပ်ရာထဲ နာရီဝက်လောက် လူးလိမ့်နေလိုက်သေး၏။ ကျုံးရှောက်က သူမကို နေ့လည်စာ စားဖို့ လာခေါ်မှ ထလေတော့၏။
အိပ်ရာမှ ထကာ မျက်နှာသစ်သွားတိုက် ပြီး အောက်ထက်ကိုဆင်းလာရာ သူ့သားမင်မင်၏ အပြစ်တင်ခြင်းကိုခံလိုက်ရသည်။"မေမေ အရမ်းအပျင်းကြီးတာပဲ။ နေ့လည်ကျမှ အိပ်ရာကထလာတာလား"
ငါမထနိုင်တာ နင့်အဖေကြောင့်ဟဲ့ ဟု စိတ်ထဲမှာတွေးလိုက်ပြီး ကျုံးရှောက်ကို ခေါ်လိုက်၏။"ရှင့်သားကို ဆုံးမလိုက်ဦး"
ကျုံးရှောက်ကလည်း ရုပ်တည်ကြီးဖြင့် သူ့သားကို ဆူလေ၏။"မင်းအမေကို ဘာလို့ အာ့လိုပြောရတာလဲ။ မင်းအမေ နေ့လည်အထိ မထရတာက ပျင်းလို့မဟုတ်ဘူး။ မနေ့ညက အရမ်းပင်ပန်းထားလို့ သိလား"
"အာ့လိုလားး " မင်မင်နားလည်သွား၏။ နောက် ရုတ်တရက်သိချင်လာ၏။
"ဒါဆို မေမေက ညက ဘာလုပ်နေတာလဲ။ အရမ်းပင်ပန်းတဲ့အလုပ်လားဟင်"
လင်းဝေ့ - "......အဟွတ် အဟွတ်!"