Chapter 125
Vol. 10 Ch. 125
တနင်္လာနေ့ ကျောင်းဖွင့်တော့ လင်းဝေ့နှင့် ဆရာမလီက အမှတ်စာရင်းများကို သွင်းရလေ၏။ အမှတ်စာရင်းသွင်းပြီးနောက် ကျောင်းသားများ၏ တစ်ဘာသာချင်းစီအမှတ်နှင့် အဆင့်များကို တွက်ချက်ပေးရ၏။
ဒုတိယတန်း သုံးခန်းတွင် ကျောက်မေ့၏ အမှတ်မှာ အမြင့်ဆုံးဖြစ်ပြီး ၉၅မှတ်ရှိ၏။ ကျောက်မေ့၏ အမှတ်မှာ ရှေးကဗျာမေးခွန်းတွင် ၂မှတ်၊ နားလည်နိုင်စွမ်းစစ်သည့်ဖတ်စာမေးခွန်းတွင် ၂မှတ် နှင့် တစ်မှတ်ကတော့ ပုံကြည့်ပြီး စာစီရေး ဖြေရသည့်မေးခွန်းတွင် အမှတ်လျှော့ခံရခြင်းဖြစ်၏။
ဒုတိယတန်းစာမေးပွဲမှာ မေးသည့်ရုပ်ပုံကြည့်ပြီး စာစီရေးရသည့်မေးခွန်းက မခက်ပါ။ စာလုံးရေလည်း အများကြီး မရေးခိုင်းပါ။ ရုပ်ပုံ၏ အဓိပ္ပါယ်ကို ပေါ်လွင်အောင်ရေးနိုင်လျင် အမှတ်ရမည်ဖြစ်၏။ သို့သော် စာစစ်သည့်ဆရာမများက ဤ ရုပ်ပုံကိုပေါ်လွင်အောင် စာစီရေးသည့် နေရာတွင် အမှတ်လျှော့လေရှိ၏။
လင်းဝေ့လည်း ရုပ်ပုံကို ကြည့်ကာ စာစီရေးရသည့်မေးခွန်း၏ အဖြေစာစီစာကုံးများကို သေချာကြည့်လိုက်ရာ အမှတ်ပြည့်ရသည့်သူ တစ်ဦးမှမရှိကြပါ။
လင်းဝေ့သင်ပေးသည့် ဒုတိယတန်း ၂ခန်းတွင် ကျောက်မေ့အပါအဝင် ကျောင်းသားကျောင်းသူဆယ်ဦးသာ ကိုးဆယ်မှတ်လအထက်ရကြ၏။ ၆ဦးက ဒုတိယတန်း အခန်း(၂)မှ ဖြစ်ကာ ၄ဦးက ဒုတိယတန်း အခန်း(၁)မှ ဖြစ်ကြသည်။
အမှတ်များသည့် ကျောင်းသားက နည်းလှချည်လား ဟု တွေးနိုင်သော်လည်း ယမန်နှစ်က နောက်ဆုံးစာမေးပွဲ ဆိုလျင် ၉၀ ကျော်အမှတ်ရသည့် ကျောင်းသားဦးရေမှာ လက်တစ်ဖက်ပင် မပြည့်ပေ။ ၈၀ ကျော်ရသည့်ကျောင်းသားကများသော်လည်း ကျောင်းသားအများဟုမှာ အမှတ် ၆၀ နှင့် ၇၀ ကြားသာ ရကြ၏။
ဤသို့ဖြင့် ဤနှစ်ဝက်စာမေးပွဲတွင် စစ်တပ်မူလတန်းကျောင်းက ယန်ရှန်းမူလတန်းကျောင်းကိို ပျမ်းမျှအမှတ်ပေါင်းတွင် သာသွားလေ၏။ ယန်ရှန်းမူလတန်းကျောင်းတွင်တော့ ၇၀မှတ်ကျော်သည့် ကျောင်းသားများသိပ်မရှိပဲ အောင်မှတ်သာသာ အမှတ်သာ ရကြ၏။
စစ်တပ်မူလတန်းကျောင်းတွင်ပင် ဒုတိယတန်းအခန်း(၃)မှာတော့ အမှတ်၉၀ ကျော်သည့်ကျောင်းသားက တစ်ဦးသာရှိ၏။ ၈၀ နှင့် ၉၀ ကြားအမှတ်ရှိသည့်ကျောင်းသားဦးရေမှာလည်း နည်းနည်းသာရှိပြီး ၆၀ မှ ၇၀ ကြားအမှတ်ရသည့် ကျောင်းသားဦးရေက ပိုများ၏။ စာမေးပွဲကျသည့် ကျောင်းသား ၁၂ ယောက်ပင် ရှိသေး၏။
လင်းဝေ့သင်သည့် စာသင်ခန်းနှစ်ခန်းမှာလည်း စာမေးပွဲ ကျသည့် ကျောင်းသား လက်တစ်ဖက်စာ ရှိပါ၏။သို့သော် သူတို့အမှတ်များက အောင်မှတ်နား နီးကြသည်။
ထို့ကြောင့် အမှတ်များကို ပျမ်းမျှ တွက်ကြည့်လိုက်လျင် လင်းဝေ့ စာသင်သည့် အခန်းနှစ်ခန်းရှိ ကျောင်းသားများက ဒုတ်ိယတန်း အခန်း(၃)က ကျောင်းသားများထက် အမှတ် ၁၀ မှတ်ပင်ပိုများလေ၏။
ယခင်ကတော့ ဆရာမများသည် ပျမ်းမျှ အမှတ်များကို ဂရုမစိုက်ကြပါ။ ထို့အပြင် ကျောင်းကလည်း အတန်းများကို ဆရာမ ခွဲ မသင်ခိုင်းခဲ့၍ဖြစ်၏။ ယခင် က ပျမ်းမျှ အမှတ်များ ကွာခဲ့ရင်တောင် အများကြီး မကွာခဲ့ပါ။ တစ်မှတ် နှစ်မှတ်သာကွာခဲ့၏။ ထို့အပြင် သင်ပေးသည့်ဆရာမကလည်း တစ်ဦးတည်းသာဖြစ်၍ ပြဿနာလည်း မရှိပေ။ ထိုဆရာမ၏ သင်ကြားရေး လေ့ကျင့်မှုပင် ဖြစ်လာ၏။
သို့သော် ဤတစ်ခေါက်တော့ မတူတော့ပါ။ ဒုတ်ိယတန်း၏ တရုတ်စာဆရာမ ဆရာမချိန်က မတော်တဆမှုဖြစ်သွား၍ ဆေးရုံတက်လိုက်ရကာ ဆရာမနှစ်ဦးက တရုတ်စာ ဆရာမလုပ်လိုက်ရ၏။ အခန်းသုံးခန်းလုံး၏ ပျမ်းမျှအမှတ်က အတူတူဖြစ်မည်ဆ်ိုလျင် ပိုကောင်း၏။ အခုတော့ ဒုတိယတန်း အခန်း (၁)နှင့်(၂)က စာမေးပွဲအောင်ရုံသာမက ပျမ်းမျှအမှတ်ကလည်း များနေသေး၏။
အခန်း(၃)ကိုသင်သည့် တရုတ်စာဆရာမသည် ဒုတိယတန်းအပြင် စတ္ထုထတန်းကိုပါ သင်ရတာဖြစ်၏။ ပြီးတော့ အခန်း(၁)နှင့်(၂)ကို သင်ပေးမည့် ဆရာမကလည်း သင်ကြားရေး အတွေ့အကြုံမရှိသည့် ဆရာမဖြစ်နေ၍ ဤကဲ့သို့ကျောင်းသားများ အမှတ်ကောင်းနေမည်ကိုလည်း မတွေးခဲ့ဖူးပါ။
ထို့ကြောင့် အဆင့်များထွက်လာတော့ ဆရာမများရုံးခန်းမှာ ဆွေးနွေးမှုများရှိလာကြ၏။
တစ်ချို့က ဆရာမလင်းဟာ သင်တာကောင်းသည်ဟုပြောကြပြီး တစ်ချို့က စာမေးပွဲမေးခွန်းက လွယ်လွန်းသည်ဟုပြောကြ၏။ တစ်ချို့က လင်းဝေ့သည် မေးခွန်းကိုကြိုသိထား၍ ဖြစ်နိုင်သည်ဟုပြောကြ၏။ ထိုအကြောင်းကိုကြားတော့ တစ်ချို့က ငြင်းကြသည်။
နှစ်ဝက်စာမေးပွဲ မေးခွန်းကိုလည်း သင်ကြားသည့်ဆရာမက ထုတ်ခြင်းမဟုတ်ပဲ တစ်ခြားအတန်းမှ ဆရာမက ထုတ်ခြင်းဖြစ်၏။ မေးခွန်းထုတ်တာ မေးခွန်းစာရွက်ထုတ်တာက အစဖြစ်သည်။ ထို့ကြောင့် လင်းဝေ့သည် လည်း စာမေးပွဲ စစ်မှာသာ မေးခွန်းကို သိခဲ့ရခြင်းဖြစ်၏။
လင်းဝေ့က မေးခွန်းကိုကြိုသိ၍ ဖြစ်နိုင်သည်ဟုပြောသည့်ဆရာမကို ပထမတန်းတရုတ်ဆရာမ ကြားတော့ မကျေမနပ်ဖြစ်သွား၏။ ထိုစကားက လင်းဝေ့၏ စရိုက်ကို မေးခွန်းထုတ်တာ တင်မဟုတ်ပဲ သူမ၏ သိက္ခာကိုလည်း လာရောက်ထိပါးသကဲ့သို့ဖြစ်သည်။
အဘယ့်ကြောင့် ဆိုသော် သူမကိုယ်တိုင် ဒုတိယတန်းစာမေးပွဲမေးခွန်းကို ထုတ်ပြီး ကျောင်းအုပ်ဖုန်းကိုယ်တိုင် မေးခွန်းစာရွက်များပွားရန် ပညာရေးရုံးကို သွားအပ်ခဲ့၍ဖြစ်၏။ စာမေးပွဲ မတိုင်ခင်ထိ မေးခွန်းလွှာကို သူမနှင့် ကျောင်းအုပ် ဖုန်းယင်သာ သိရှိခဲ့သည်။
ထို့ကြောင့် လင်းဝေ့က မေးခွန်း ရသည်ဟု ဆိုပါက သူမကိုယ်တိုင် လင်းဝေ့ကို ပြောပြမှ သိရပါလိမ့်မည်။
ချက်ချင်း သူမက လင်းဝေ့ကို စာမေးပွဲ မေးခွန်း များတစ်ခါမှ မပြောဘူးဟု ကျိန်ဆိုကာ ပြောလိုက်သည်။ စွပ်ဆွဲသည့် တစ်ဖက်လူက မယုံဘူးဆိုလျင် ကျောင်းအုပ်ဖုန်းဆီသွား ကာ ဤကိစ္စကို ဖြေရှင်းခိုင်းမည်ဖြစ်သည်။
ရုံးခန်းထဲမှ တစ်ခြားဆရာမများကလည်း မေးခွန်းထုတ်သည့် ပထမတန်းဆရာမ ကျိန်ဆိုကာ ဒေါသထွက်နေသည်က်ိုကြားတော့ လာရောက်ကာ စိတ်ကိုလျော့ရန် နှစ်သိမ့်ကြ၏။ လင်းဝေ့ကို မေးခွန်းခိုးသည် ဟု စွပ်ဆွဲသည့်ဆရာမကလည်း ကြောက်ကြောက်လန့်လန့်နှင့် ပြန်တောင်းပန်၏။
သူမကလည်း လင်းဝေ့နှင့် ရုံးခန်းတစ်ခန်းထဲ ထိုင်သည့်သူမဟုတ်၍ လင်းဝေ့၏ အကျင့်စရိုက်ကို မသိသူဖြစ်သည်။ လင်းဝေ့နှင့်သာ ရင်းနှီးလျင် ထိုကဲ့သို့တွေးမည်ပင်မဟုတ်ပါ။
ဟွမ်အိုက်ယွင်ကတော့ ထိုကိစ္စကိုကြားလျင် စိတ်ဆိုးဒေါသထွက်လေ၏။"ဆရာမစွန်းက ဘာသဘောလဲ။ အားလုံးက လုပ်ဖော်ကိုင်ဖက်တွေပဲကို အထင်မကြီးရင်တောင် အထင်သေးတာမျိုးတော့ မလုပ်သင့်ပါဘူးး။ဘာလို့သူက ဆရာမလင်းကို အပုတ်ချရတာလဲ"
ထိုစဥ် ဆရာမဝူက တစ်ခုတွေးမိကာပြောလိုက်၏။
"ဆရာမစွန်းနဲ့ ဆရာမခဲ့က အရမ်း ရင်းနှီးကြတယ်မလား"
ဆရာမခဲ့သည် ဒုတိယတန်း အခန်း(၃)ကို တရုတ်စာသင်ပေးသည့်ဆရာမဖြစ်သည်။
"သူ တို့ ဘယ်လောက် ရင်းနှီးရင်းနှီး ဆရာမလင်းကိုတော့ ဒီလို့ အပုတ်မချသင့်ဘူးလေ။ ဆရာမဟုန်သာ မခံနိုင်ပဲ ပြန်ပြောလို့ ပြန်တောင်းပန်တာ မဟုတ်ရင် အခုချိန် ထိ ဆရာမလင်းကို မေးခွန်းခိုးတယ်ဆိုပြီး ပြောနေဦးမှာ"
နောက် နှာခေါင်းရှုံ့ကာ ထပ်ပြောလိုက်သေး၏။
"လူ ကိုများ အနိုင်ကျင့်ရလွယ် တဲ့ တည်သီးပျော့လေးလို့များထင်နေလားမသိဘူး"
လင်းဝေ့လည်း စစကြားခြင်းတုန်းကတော့ စိတ်ဆိုးမိသော်လည်း လွန်ပြီးသားကိစ္စဖြစ်ကာ ဆရာမစွန်းကလည်း တောင်းပန်ပြီးသားဖြစ်၍ စိတ်မဆိုးတော့ပေ။ ထို့ကြောင့် ဟွမ်အိုက်ယွင်၏ စကားကိုကြားသောအခါ စနောက်လိုက်၏။
"ဆရာမဟွမ် အမြင်မှာ ကျွန်မက အနိုင်ကျင့်ရလွယ်တဲ့ တည်သီးလေးလို့ မြင်နေတယ်ပေါ့"
လင်းဝေ့က စိတ်သဘောထားကောင်းကာ စကားပြောသိမ်မွေ့သူဖြစ်သော်လည်း အနိုင်ကျင့်လွယ်သည့်သူတော့မဟုတ်ပါ။ ကောင်းရှို့လျန်နှင့်လည်း အပြိုင်ရန်ဖြစ်ခဲ့သူပင်ဖြစ်၏။
သို့သော် ဆရာမဟွမ်အိုက်ယွင် ပြောချင်သည်ကလည်း လင်းဝေ့ကို အစားထိုးဆရာမဖြစ်၍ အနိုင်ကျင့်နေသည်ဟု ပြောလိုခြင်းဖြစ်၏။
လင်းဝေ့သာ ယာယီအစားထိုးဆရာမ မဟုတ်ပဲ အတွေ့အကြုံများသည့် ဆရာမတစ်ယောက် ဆိုပါက ဆရာမစွန်းလည်း ထိုကဲ့သို့ စွပ်ဆွဲရဲမည်မဟုတ်ပါ။
အခုတော့ လင်းဝေ့က အမြဲတမ်းဆရာမ မဟုတ်၍ တစ်ဖက် လင်းဝေ့က အပုတ်ချခြင်းဖြစ်၏။ ဆရာမဟုန်ကသာ သူ့သိက္ခာကို ထိပါးလာသကဲ့သို့ဖြစ်၍ တစ်ဖက်က ဘာမှ မပြောပဲ အလွယ်ပြန်တောင်းပန်ခဲ့ခြင်းဖြစ်၏။
သို့သော် ထိုအကြောင်းအရာများကို ဟွမ်အိုက်ယွင် ပြောမထွက်ခဲ့ပါ။ ပြောလိုက်လျင် လင်းဝေ့ အတွက် စိတ်အနှောက်အယှက် ဖြစ်သွားမည်စိုး၍ဖြစ်သည်။
…………………
ဆရာမစွန်းသည် လင်းဝေ့ကို ယာယီဆရာမဟုသာ မြင်ပြီး အမှန်ပင် အထင်သေးခဲ့ခြင်းဖြစ်၏။ သို့သော် ပြောဆိုရာတွင် ရှေ့နောက်မကြည့်မိဖြစ်သွားကာ ကျဥ်းထဲကြပ်ထဲရောက်သွားပြီး သူများကိုပြန်တောင်းပန်လိုက်ရ၏။
ဆရာမစွန်းက ဆရာမဟုန်ကို တောင်းပန်လိုက်ရ၍ လင်းဝေ့အပေါ်ကို ပိုမကျေမခဲဖြစ်သွား၏။ ဤကိစ္စအားလုံးက လင်းဝေ့ကြောင့် ဖြစ်ရသည်ဟု တွေးလိုက်သောကြောင့်ဖြစ်သည်။
ဆရာမဟုန်က တိကျ မှန်ကန်သူဖြစ်၍ ဆရာမစွန်းက ရုံးခန်းထဲမှာ အသံပင်မထွက်ရဲတော့ချေ။ ကျောင်းဆင်းမှသာ ဆရာမခဲ့နှင့် အတူပြန်ရင်း ရင်ဖွင့်ရလေတော့၏။
ဆရာမခဲ့သည်လည်း စိတ်ညစ်နေရှာသည်။ ပထမတော့ သူမသည် ကျောင်းသားများ၏ ပျမ်းမျှ အမှတ်စာရင်းကို ခေါင်းထဲထည့်နေသူမဟုတ်ပေ။ နောက်တော့ ယာယီဆရာမ၏ အတန်းထဲက ကျောင်းသားများလောက် သူမသင်သည့်အတန်းက ကျောင်းသားများက အမှတ်မများတော့ ရှက်တော့ရှက်မိလေသည်။
ရုံးခန်းထဲက တစ်ခြားဆရာမတွေကလည်း သူမဆီ တိုက်ရိုက် လာမပြောသည်သာရှ်ိသည်။ သူတို့၏ အကြည့်များကြောင့် ဟန်ဆောင်နေရ၍ တစ်နေကုန်ပင်ပန်းနေခဲ့ရ၏။
ညနေကျောင်းဆင်းတော့ ထိုကိစ္စများ ထပ်မကြားရ တော့ပြီဟူ၍ တွေးကာ ပြန်လာစဥ် ဆရာမစွန်းက သူမဘေးမှာ ထပ်လာပြောပြန်၏။
ဆရာမစွန်းက လင်းဝေ့ကို အပြစ်ပြောနေတာ ဖြစ်သော်လည်း ဘာလို့ အပြစ်ပြောနေမှန်း နားးမလည်နိုင်ဖြစ်နေ၏။ သူမသိတာက ဆရာမလင်းနှင့်ပတ်သက်ပြီး ပျမ်းမျှ အမှတ်စာရင်းမှာ သူမအရှက်ရခဲ့သည်ကိုသာ သတိရနေမိသည်။
ထိုအကြောင်းကိုတွေးလေလေ စိတ်မသက်သာလေလေဖြစ်လာသည်။
ထို့ကြောင့် ဆရာမစွန်းက " ရက်နည်း နည်းလေးပဲ စာသင်ပြီး စာမေးပွဲလေးတစ်ခု အမှတ်ကောင်းရအောင်လုပ်နိုင်တာကို ဘာတွေများ အထင်ကြီးစရာရှိလို့လဲ" ဟု ပြောလာတော့ ဆရာမခဲ့က သည််းခံကာ နားထောင်မပေးနိုင်တော့ပေ။
"တော်ပါတော့"
ရုတ်တရက် အအော်ခံလိုက်ရ၍ ဆရာမစွန်း မကျေမနပ်ဖြစ်သွား၏။"ကျွန်မက ရှင့်ဘက်ကနေ မကျေနပ်လို့ပါ။"
သူတို့နှစ်ဦးသိလာသည်ကလည်း မနေ့တစ်နေ့က မဟုတ်၍ သူတို့နှစ်ဦးအကြား အဖုအထစ်ဖြစ်မည်ကိုစိုးကာ ဆရာမခဲ့က ပြန်ဖာထေးပြောလိုက်သည်။
"ကျွန်မပြောချင်တာက သူက ယာယီ အစားထိုးဆရာမလေ။ အကြာကြီး အတူလုပ်ရမယ့်သူတွေမှမဟုတ်တာ။သူကို ဖက်ပြိုင်နေလို့ ဘာအကျိုးရှိမှာလဲ"
ဆရာမစွန်းကလည်း ထိုသို့တွေးခဲ့သော်လည်း "ကျွန်မက ရှင့်ဘက်က ခံပြင်းလို့ပါ။ ရှင်က အတန်းကြီး ဆရာမလေ။ ပြီးတော့ အတန်းခေါင်းဆောင် ဆရာမလည်းလုပ်ရသေးတော့ ဒုတိယတန်းကို ဘယ်အချိန်ပေးနိုင်မလဲ။ လင်းဝေ့ကတော့ အတန်း နှစ်တန်းပဲ သင်ရတော့ အချိန်တွေအများကြီးရတာပေါ့။ မသင်ခင်ကြိုပြီး သင်ခန်းစာတွေကြိုလုပ်နိုင်တော့ အဆင်ပြေတာပေါ့။ ပျမ်းမျှအမှတ်လေး နည်းနည်း ပိုသာရုံလေးကို ဘာတွေများထူးခြားနေလို့ သူက ပိုသင်တတ်တယ် ပြောနေကြတာလဲ မသိဘူး"
ထိုသို့ပြောနေရင်း ဆရာမစွန်းက တစ်ခု သတိရကာပြောလိုက်၏။ "သူကအာ့လောက်ကြိုးစားပြနေတော့ ဆရာမချန်ဆေးရုံက ဆင်းလာရင်လည်း ကျောင်းအုပ်ဖုန်းကလင်းဝေ့ကို လက်မလွတ်နိုင်ဖြစ်လာရင်ကော။"
" ကျောင်းဆရာမ ဝန်ထမ်းက အများကြီး မလိုဘူး။ အာ့တော့ သူ ဘယ်လောက်ကြိုးစားကြိုးစား အမြဲတမ်းဝန်ထမ်းဖြစ်လာဖို့တော့ မျှော်လင့်နေလို့မရဘူး" ဟု ဆရာမခဲ့က ပြန်ပြောလိုက်၏။
"ဆရာမ အလုပ်နေရာမရှိဘူး ဆိုရင်တောင် မီးဖိုဆောင်အတွက်တော့ လူအမြဲလိုနေတာပဲ။ မီးဖိုချောင်အလုပ်လိုချက်တယ် ဆိုရင်တော့ ရမှာပေါ့" ဟု ဆရာမစွန်းက ရွဲ့ပြောလိုက်လေ၏။
ထိုစကားကြားတော့ ဆရာမခဲ့ကလည်း နှုတ်ခမ်းများတွန့်ကွေးသွား၏။" ဒါကတော့ သူ့သဘောပဲလေ"