Chapter 128
Vol. 10 Ch. 128
လင်းဝေ့နှင့် ကျုံးရှောက် နောက်ဆုံး ဒိတ်ခဲ့သည့်ရက်မှာ လက်ထပ်ပြီးခါစဖြစ်၏။
သို့သော် လင်းဝေ့စိတ်ထဲ မှာတော့ ထိုစဥ်က အပြင်ထွက်အလည်တာကို ဒိတ်ဟုပြော၍ရမည်လား မသိပါ။ အဘယ့်ကြောင့်ဆိုသော် အမြဲတမ်း သူမအဖွားက အပြင် ထွက်လည်ရန် တိုက်တွန်းနေသောကြောင့် ကျုံးရှောက်က နားပူကာ သူမနှင့်အတူ လမ်းလျှောက် ထွက်လာသည်ဟု ထင်ခဲ့၏။
ထိုစဥ်က ရုပ်ရှင်သွားကြည့်ကြပြီး ပန်းခြံမှာ လမ်းလျှောက်ကြ၏။ ကျုံးရှောက်က မှောင်နေသည့်ရုပ်ရှင်ရုံထဲမှာ လင်းဝေ့လက်ကို ခိုးကိုင်ကာ ပန်းခြံထောင့်နားတွေမှာလည်း လင်းဝေ့ကို ခိုးနမ်းလေ၏။
လင်းဝေ့က ကျုံးရှောက် နမ်းသည့်အခါ ရှက်နေ၍ တုန်ယင်နေကာ ကျုံးရှောက်ကို တွန်းဖယ်ပြီး ဘေးဘီကို လှည့်ကြည့်လေ၏။ ဘယ်သူမှ မရှိ၍ သက်ပြင်းလေးချကာ ကျုံးရှောက်ကို ဘာလို့ရမ်းကားနေတာလဲဟု အော်လေတော့၏။
"ကိုယ့်မိန်းမကိုယ် နမ်းတာ လူဆိုးဖြစ်စရာလား" ဟု သာ ကျုံးရှောက်က တည်တည်ငြိမ်ငြိမ် ပြန်ပြောလေ၏။
လင်းဝေ့လည်း ကျုံးရှောက်၏ အရှက်မရှိမှုက်ို အံ့သြကာ လှည့်ထွက်သွားရန် ပြင်လိုက်၏။ သို့သော် ကျုံးရှောက်က ပြန်လှမ်းဆွဲလှည့်ပြီး ပြန်နမ်းလေ၏။ ထို့ကြောင့် အိမ်ပြန်လာတော့ လင်းဝေ့၏ မျက်နှာတစ်ခုလုံး နီရဲနေတော့၏။
ထို့နောက် သူတို့နှစ်ဦး ထပ် မဒိတ်ဖြစ်တော့ပေ။ ကျုံးရှောက် စစ်တပ်ထဲ ပြန်သွားစဥ် လင်းဝေ့လည်း ကိုယ်ဝန်ရှိလာလေ၏။ ကျုံးရှောက် နောက်တစ်ခေါက်ပြန်လာတော့ မိသားစုဝင်အသစ် အမွှာ သားလေးနှစ်ယောက်တိုးနေပြီဖြစ်၏။
ထို့ကြောင့် ကလေးရပြီး နောက်ပိုင်းမဒိတ်ဖြစ်တော့၍ လင်းဝေ့သည် မနက်ဖြန် ဒိတ်မည့် ရက်အတွက် စိတ်လှုပ်ရှားနေမိ၏။
ထို့နောက် မနက်အိပ်ရာ ထပြီးနောက် လင်းဝေ့သည် ဖီးလိမ်းပြင်ဆင်လေ၏။
ဖီးလိမ်းပြင်ဆင်သည်ဟုဆိုရာ၌ မျက်ခုံးမွှေးဆွဲခြင်းနှင့် နှုတ်ခမ်းနီ ဆိုးခြင်းသာ ဖြစ်၏။ နှုတ်ခမ်းနီ အရောင်ကလည်း အရမ်းမတောက်ပါ။
ယားကျိုကျွန်ူက ဆောင်းရာသီမှာလည်း သိပ်မအေး၍ အပူချိန်မှာ ၂၀ ဒီဂရီသာရှိ၏။ ထို့ကြောင့် ဇာတိမြို့မှ ယူခဲ့သည့် ဆွယ်တာနှင့် အပေါ်ဝတ်အထူများမှာ ကျွန်းပေါ်တွင် ဝတ်မရပါ။
လင်းဝေ့သည် ဇာတိမြို့တွင် ရှိစဥ်က ဆောင်းဦးကာလရောက်လျင် ရှပ်အင်္ကျီနှင့် ဘောင်းဘီရှည်ကိုသာ ဝတ်ဆင်လေ့ရှိ၏။
ရှပ်အင်္ကျီနှင့် ဘောင်းဘီရှည်ကလည်း အမြဲတမ်းဝတ်နေကျဖြစ်၍ လင်းဝေ့သည် အပြောင်းအလဲလေးဝတ်ရန် ဆုံးဖြတ်လိုက်သည်။ အဝတ်ဘီဒိုထဲမှ အနက်ရောင်ဝတ်စုံကို ထုတ်လိုက်၏။ ထိုဝတ်စုံသည် ဒူးဖုံးအရှည်ရှိကာ ဤကျွန်းပေါ်ရာသီဥတုနှင့် ဝတ်ရန်အဆင်ပြေ၏။
ယခင်က ကျောင်းသွားကျောင်းပြန်ပဲ လုပ်ခဲ့ရ၍ ဆရာမတစ်ယောက်အနေဖြင့် ဝတ်ရန်အဆင်မပြေပေ။ သို့သော် အခုက ဒိတ် လုပ်ဖို့သွားမှာ ဆိုတော့ ဝတ်လို့ရပြီလေ။
လင်းဝေ့လည်း အနက်ရောင် စကပ် မထူမပါးလေးကိုဝတ်လိုက်ပြီး အပေါ်ဝတ်အရှည် တစ်ထည် ထပ်လိုက်၏။ လက်ကြယ်သီးများ တပ်လိုက်ပြီး အောက်ထပ်ကိုဆင်းလာလိုက်၏။
ကျုံးရှောက်ကတော့ ထွေထွေထူးထူး ဝတ် မထားပါ။ အဘယ့်ကြောင့်ဆိုသော် သူ့မှာရှိသည့်ဝတ်စုံအများစုမှာ စစ်ယူနီဖောင်းများ ဖြစ်နေကာ စတိုင်တစ်မျိုးတည်းဖြစ်ကြ၏။
ကျုံးရှောက်ကတော့ ဧည့်ခန်းထဲမှာ ထိုင်စောင့်နေရာမှ အပေါ်ထပ်က ဆင်းလာသည့်အသံကြား၍ မော့ကြည့်လိုက်၏။
" လှတယ်"
မင်မင်ကလည်း မော့ကြည့်လိုက်ရာ လင်းဝေ့ကို တွေ့လိုက်၏။"မေမေ ဒီနေ့အရမ်းလှတာပဲ"
လင်းဝေ့ကလည်း ချီးကျူးခံလိုက်ရ၍ ပျော်သွားကာ သူမဆံပင်ကို ထိကိုင်လိုက်သည်။" ကျေးဇူးပါ"
"မေမေ သားကော မေမေတို့နဲ့ လိုက်လို့ရလား" မင်မင် မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ပြောလိုက်၏။မနေ့ကတော့ သူ့အဖေ မလိုက်ခိုင်းခဲ့၍ သူလည်း မလိုက်ချင်ခဲ့ပါ။ ဒီနေ့တော့ သူ့အမေ အရမ်းလှနေ၍ သူလည်း အတူလိုက်ချင်လာသည်။
"ဖေဖေ နဲ့မေမေက ဒီနေ့ အလုပ်တွေအများကြီးလုပ်စရာရှိတာ သားတို့ကို ကြည့်ဖို့အချိန်မရှိဘူး" ဟု ကျုံးရှောက်က ပြောလိုက်၏။
"ဟုတ်ပါပြီလေ ဒါဆိုလည်း ဖေဖေတို့ စောစောပြန်လာကြနော်။ သားက မေ့မေ့ကို ထပ်ကြည့်ချင်သေးတယ်"
"အင်းပါ။ ဖေဖေတို့ပြန်လာမှ မင်းတို့မေမေကို အဝကြည့်ကြနော်" ဟု ပြောကာ သူ့သားနှစ်ယောက်ကို အတူခေါ်ပြီး မိသားစုလိုက် ကျိုးအိမ်ဘက်ကို ထွက်လာကြသည်။
ကျိုးအိမ်ရောက်တော့ လင်းဝေ့တို့ အတွဲကိုတွေ့၍ ကျိုးကျန်းဟိုင်က လှမ်းစလိုက်သေး၏။ သို့သော် ကျုံးရှောက်က အရည်ထူသည့်လူဖြစ်၍ မရှက်ပေ။ မနာလို၍ ပြောနေသည်ဟုပင် ကျိုးကျန်းဟိုင်ကိုပြန်ပြောလိုက်သေး၏။
ကျိုးကျန်းဟိုင်ကလည်း နောက်တစ်ခေါက်ကျ သူတို့လင်မယားအပြင်ထွက်လည်မည် သူ့ကလေးကို ကျုံးရှောက်တို့ဆီ အပ်ထားခဲ့မည်ဟုပြောရာ ကျုံးရှောက်ကလည်း သဘောတူလိုက်၏။
ကျုံးရှောက်၏ ကလေးနှစ်ယောက်ကတော့ ရှောင်ရှီးရှီးနှင့်ဆော့ကာကျန်ခဲ့လေ၏။
ကျုံးရှောက်တို့က မိသားစုအိမ်ရာကနေ ချက်ချင်းထွက်မသွားကြသေးပဲ ကျုံးရှောက်၏ တပ်ရင်းမှုးအိမ်သို့ စက်ဘီးငှားရန်အရင် သွားကြသည်။
စက်ဘီးက ဖီးနစ်ငှက်တံဆိပ်ဖြစ်၍ စျေးကြီး၏။စျေးကြီးသည့် ဘရန်းဖြစ်၍ စီးရသည်မှာလည်း တစ်ခြားစက်ဘီးများထက် ပိုအဆင်ပြေလေ၏။ ကျုံးရှောက်က စက်ဘီးကို အမြန်နင်းရာ ဆယ်မိနစ်တည်းနှက့် ခရိုင်မြို့ကိုရောက်သွားလေ၏။
မြို့ထဲဝင်သည်နှင့် ရုပ်ရှင်ရုံကို တန်းသွားလိုက်၏။အသစ်ထွက်သည့် ရုပ်ရှင်မရှိ၍ ရုပ်ရှင် အဟောင်းများကိုသာ တစ်နေကုန်ပြသလေသည်။ လင်းဝေ့ကတော့ ၁၀ နာရီမှာပြမည့် အချစ်ရုပ်ရှင်တစ်ခု ရွေးလိုက်သည်။ တစ်နာရီခွဲလောက်ကြာလျင် ရုပ်ရှင်ပြီးမည်ဖြစ်ပြီး အာ့ဒီနောက် နေ့လည်စား စားမည်ဟု စီစဥ်ထားလိုက်သည်။
ခတ်ကာလက လူငယ်များသာ ရုပ်ရှင်လာကြည့်ကြသည်ကများ၏။ လင်းဝေ့က အသက်အရမ်းမကြီးသေးသော်လည်း သူမက်ိုယ်သူမ ကလေးအမေ ဖြစ်၍ ငယ်သည်ဟုတော့ မထင်ပါ။ ထို့ကြောင့် ရုပ်ရှင်လက်မှတ်တန်းစီနေရာတွင် သီးသန့်ဖြစ်နေသည်ဟု ခံစားရ၏။
ကျုံးရှောက်ကတော့ ဘာမှ မစဥ်းစားပဲ တည်တည်ငြိမ်ငြိမ်ဖြစ်နေ၏။ တစ်ခဏအကြာမှ လင်းဝေ့ကို ခဏဟုပြောကာ တန်းစီရာမှ ထွက်သွားလေ၏။
အကြာကြီးတော့မဟုတ်ပဲ။ ငါးမိနစ် ခြောက်မိနစ်နေတော့ပြန်လာ၏။ သူပြန်လာတော့ လက်ထဲမှာ ဆီစိမ်စက္ကူ ထုပ် နှစ်ထုပ်ကို လက်တစ်ဖက်ဖြင့်ကိုင်ပြီးဆိုဒါပုလင်းနှစ်ပုလင်းနှင့်ပိုက်နှစ်ချောင်းကို နောက်လက် တစ်ဖက်က ကိုင်ကာ ပြန်လာ၏။
လင်းဝေ့ဘေး နားရောက်လာတော့ လင်းဝေ့က မေးလိုက်သည်။"စားစရာတွေ သွား ဝယ်လာတာလား"
"ရုပ်ရှင်က ကြာမှာလေ" ဟု ကျုံးရှောက်က ပြန်ပြောကာ လင်းဝေ့ကို ဆိုဒါတစ်ပုလင်း ကမ်းပေးလိုက်၏။
"ကိုယ် ပေါက်ပေါက်နဲ့ ကွာစေ့လည်း ဝယ်ခဲ့တယ်"
"ရုပ်ရှင်ကြည့်ပြီး ကွာစေ့ စားလို့ကောင်းပါ့မလား" ဟု လင်းဝေ့ကမေးလိုက်သည်။
"နောက်ဆုံးတစ်ခေါက် ကိုယ်တို့ ရုပ်ရှင်ကြည့်တုန်းက တစ်ခြားလူတွေလည်း ကွာစေ့စားကြတာပဲ။ မင်းအခုမစားချင်ဘူး ဆိုရင်လည်း ကလေးတွေ စားဖို့အိမ်သယ်သွားကြတာပေါ့"
ရုပ်ရှင်စရန် အချိန်အနည်းငယ်လိုသေး၍ လင်းဝေ့က ပျင်းလာ၏။ သူမခေါင်းကိုမော့ကာ ဘေးဘီ ဘယ်ညာ ဝေ့ကြည့်လိုက်၏။
ညာဘက် ရှိ လူငယ်စုံတွဲ တစ်တွဲကို သတိထားလိုက်မိသည်။ ကောင်မလေးက ဆိုဒါပုလင်းကို ဖောက်ချင်သော်လည်း မဖောက်နိုင်ပေ။ မုန့်ထုပ် တစ်ပွေ့တစ်ပိုက်သယ်ထားသည့်ကောင်လေးက ဆိုဒါပုလင်းကို ယူပြီး သွားနှင့် ကိုက်ဖွင့်ပေးလိုက်ကာ စုပ်သောက်ရန် ပိုက်ထည့်ပေးလိုက်သည်။
ကောင်မလေးက ကောင်လေး၏ ပါးစပ်မှ ဆိုဒါပုလင်းအဖုံးခွံကို မော့ကြည့်ကာ ပါးကလေးနီလာပြီး ရှက်သွေးဖြာနေ၏။
လင်းဝေ့က ထိုအတွဲကိုကြည့်ပြီး ပြုံးလိုက်မိသည်။ လင်းဝေ့၏ အပြုံးကိုမြင်သည့် ကျုံးရှောက်က တိုးတိုးလေး မေးလိုက်၏။"ဆိုဒါ သောက်ချင်လို့လား"
"မဟုတ်ပါဘူး ဒီအတိုင်း စိတ်ဝင်စားဖို့ကောင်းလို့ပါ" ဟု လင်းဝေ့က ခေါင်းခါကာပြောလိုက်၏။
စိတ်ဝင်စားဖို့ကောင်းတယ်???
ကျုံးရှောက်ကလည်း ထိုအတွဲကို ထပ်ကြည့်ကာ ပြောလိုက်သည်။"ကိုယ်လည်း ပုလင်းအဖုံးကို သွားနဲ့ ကိုက်ဖွင့်နိုင်ပါတယ်"
လင်းဝေ့ - "……"
ရုပ်ရှင်ကား စပြတော့ ကျုံးရှောက်က ဆိုဒါပုလင်းကို သွားဖြင့်ကိုက်ကာ လင်းဝေ့ကို ဖွင့်ပြလိုက်သည်။ ရုပ်ရှင်ရုံထဲမှာမှောင်နေ၍ ကျုံးရှောက်၏ မျက်နှာကိုတော့ ထင်ထင်ရှားရှားမမြင်ရပါ။ သို့သော် ကိုက်ဖွင့်လိုက်သည့်အသံကိုတော့ သေချာကြားလိုက်ရ၏။ ထို့ကြောင့် လင်းဝေ့က အသံကြောင့် သွားကျင်သွားပြီး သူမ ပါးစပ်ကိုပိတ်လိုက်သည်။
ကျုံးရှောက် လင်းဝေ့ထံ ပိုက်တပ်ထားသည့် ဆိုဒါပုလင်းကမ်းပေးလိုက်ကာ မေးလိုက်သည်။"သွားကိုက်နေလို့လား"
" ပုလင်းအဖုံး ကိုက်လိုက်တဲ့ ရှင့်အစားနာပေးတာပါ" ဟု ပြန်ဖြေရင်း ဆိုဒါပုလင်းကို ယူလိုက်သည်။
ကျုံးလည်း လင်းဝေ့၏ အဖြေကြောင့် နူးညံ့စွာပြုံးလိုက်ပြီး လင်းဝေ့ နားနား ကပ်ကာ ပြောလိုက်၏။
"မင်းအနမ်းလေးပေးရင် ကိုယ် နာတော့မှာ မဟုတ်ဘူး"
"ရှင် တစ်ကယ် သွားနာသွားတာလား"ဟု လင်းဝေ့က စိုးရိမ်ကာမေးလိုက်၏။
အမှန်တော့ ကျုံးရှောက်သည် သွားကိုပုံမှန်တိုက်သူဖြစ်၍ သွားကိုက်စရာအကြောင်းလည်းမ ရှိပါ။ သို့သော် လင်းဝေ့၏ အနမ်းရမည်ဆိုရင်တော့ သွားကိုက်သည်ဟု ပြောလာနိုင်၏။"သိပ်မနာပါဘူး ကိုယ်ခံနိုင်ရည်ရှိပါတယ်"
ရုပ်ရှင်ရုံထဲမှာ မှောင်တယ်ဆိုပေမယ့် လူတွေကြားထဲမှာတော့ ကျုံးရှောက်ကို မနမ်းရဲပါ။ ထို့ကြောင့် ကျုံးရှောက် စိတ်ပေါ့ပါးသွားရန် " ရှင်သွားနာတယ် ဆိုလည်း ရှင့်အတွက် ဆိုဒါကို ကျွန်မ သောက်ပေးလိုက်မယ်။ ဒါသောက်ရင် ရှင် ပိုနာလာမှာစိုးလို့" ဟု ပြောလိုက်လေ၏။
ကျုံးရှောက် - "……"
သူတို့နှစ်ယောက် ပြောနေတုန်း ဇာတ်လမ်းက စပြလာ၏။ စစ်ဝတ်စုံနှင့်အနီရောင်ဖဲပွင့် ဝတ်ထားသည့်လူငယ်များကြားတွင် အမျိုးသားဇာတ်ဆောင်နှင့်အမျိုးသမီးဇာတ်ဆောင်တို့က ထိုင်နေကြသည့်မြင်ကွင်းနှင့်စတင်ထား၏။
ဤရုပ်ရှင်က လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်က ရိုက်ထားသည့် ရုပ်ရှင်ဖြစ်၏။ ဇာတ်လမ်းက ကျေးလက်ဒေသကို အခြေခံကာ ရိုက်ထား၏။ စိတ်ဓာတ်တက်ကြွစွာ တိုင်းပြည်တာဝန်ထမ်းဆောင်ရန် ရှေ့တန်းကိုထွက်လာကြသည့် လူငယ်များ၏ ဇာတ်လမ်းလေးဖြစ်၏။ ဇာတ်လမ်းက ရိုးရိုးလေးဖြစ်ကာ ရင်ကိုနွေးထွေးစေသည့် ခံစားချက်ကို ပေး၏။
ဇာတ်လမ်း ပြီးခါနီးမှာ အမျိုးသားဇာတ်လိုက်က လူကယ်ဖို့ လုပ်ရင်း မတော်တဆ သေဆုံးသွား၏။အမျိုးသမီးဇာတ်လိုက်ကတော့ နာကျင်စွာခံစားရပြီး ရွာကိုပြန်ကာ အမျိုးသားဇာတ်လိုက်၏ စေတနာ့ဝန်ထမ်းထားကာဆောင်ရွက်သည့်ကိစ္စများကို ဆက်လက်လုပ်ဆောင်ပေးရင်း ရွာလေးမှာပဲ အခြေချနေထိုင်သွားလေတော့၏။
ဇာတ်ကားထဲက အမျိုးသားဇာတ်လိုက်၏ ဇာတ်သိမ်းကို ကြည့်ကာ ရုပ်ရှင်ရုံ တစ်ခုလုံးက ရှိုက်သံများထွက်လာကြ၏။ လင်းဝေ့လည်း မျက်လုံးများနီရဲလာ၏။
လင်းဝေ့၏ မျက်ရည်ကျလုဆဲဆဲဖြစ်နေတော့ ကျုံးရှောက်က သူမကို လာပွေ့ဖက်ပေးလေ၏။ လင်းဝေ့လည်း ကျုံးရှောက်ကို မော့ကြည့်လိုက်တော့ သူမကို ငုံ့ကြည့်နေသည်သူ့ကိုသာ ပိတ်ကားအလင်းရောင်အောက်မှာ တွေ့လိုက်သည်။
လင်းဝေ့လည်း ရှိုးတိုးရှန့်တန်းဖြစ်သွားပြီး ပြန်ထိန်းလိုက်သည်။
ကျုံးရှောက်က တော့ ဘာမှ မပြောပဲ လင်းဝေ့၏ မျက်လုံးထောင့်မှ မျက်ရည်များကို သုတ်ပေးလိုက်ကာ နှစ်သိမ့်လိုက်၏။"ဒါက ရုပ်ရှင် ဇာတ်ကားလေးပါ"
လင်းဝေ့ကတော့ ဟွန့်ကနဲ တစ်ချက် အသံပြုကာ ကျုံးရှောက် ပုခုံးပေါ် အသာအယာ မှီလိုက်၏။
ဤအပြုအမူက ရှီးချန်မြို့ လမ်းမပေါ်တွင်တော့ သတိပေးခံရနိုင်သည့် အပြုအမူဖြစ်၏။
သို့သော် အခု သူတို့က အုပ်ချုပ်မှုကောင်းသည့် ယန်ရှန်းခရိုင်မြို့တွင် ရောက်နေသည့်အပြင် မှောင်နေသည့် ရုပ်ရှင်ရုံထဲမှာ ဖြစ်နေ၍ သူများက တွေ့လျင်လည်း ဘာမှ ပြောကြမည်မဟုတ်ပေ။
ထို့ကြောင့် ရုပ်ရှင်ပြီး၍ မီးများပြန်ဖွင့်တော့ လင်းဝေ့က မတ်မတ်ပြန်ထိုင်လိုက်ပြီး ကျုံးရှောက်ကို မေးလိုက်၏။
"ခု ကျွန်မတို့ဘယ်သွားကြမလဲ"
"နေ့လည်စာ စားကြမလား"
"ကျွန်မ မစားချင်သေးဘူး" ရုပ်ရှင်ကြည့်နေစဥ် လင်းဝေ့သည် ပြောင်းဖူး ပေါက်ပေါက်တစ်ထုပ်၊ ကွာစေ့တစ်ထုပ်နှင့် ဆိုဒါပုလင်းဝက်ပင် သောက်ထား၍ ဗိုက်ပြည့်နေသလိုဖြစ်နေ၏။
" ဒါဆို လမ်းလျှောက်ကြမလား"
လင်းဝေ့က ခေါင်းငြိမ့်လိုက်ကာ ကျုံးရှောက်နှင့်အတူ ရုပ်ရှင်ရုံကနေ ထွက်လာပြီး လမ်းလျှောက်ကြလေ၏။
သူတို့နှစ်ယောက် လမ်းလျှောက်လာရင်း ယန်ရှန်းတံတားနား ရောက်လာကြ၏။ ယန်ရှန်းတံတားက နာမည်ကြီးသော်လည်း သိပ်တော့မကြီးပါ အလျားကတော့ ရှည်ပါ၏။တံတားအောက်တွင် မြစ်ဖြတ်စီးပြီး မြစ်ကမ်းနှစ်ဖက်တွင် အုန်းပင် များအပြည့်ရှိလေ၏။ သရက်ပင် နှင့် ဒူးရင်းပင်တစ်ချို့ကိုလည်း တွေ့ရသေး၏။
ဒီဇင်ဘာလကုန်ပိုင်းဖြစ်၍ ဒူးရင်းပင်တွင် အသီးမရှိပေ။သရက်ပင်ကတော့ အပွင့်များ ပွင့်နေပြီဖြစ်သည်။ သရက်ပွင့်က အဆုပ်လိုက်သေးသေးလေးများပွင့်နေကာ အပွင့်က သိပ်တော့မလှပေ။
တနင်္ဂနွေနေ့ဖြစ်၍ တံတားပေါ်တွင်လည်း လူများရှိနေကြ၏။ လူငယ်အတွဲတစ်ချို့နှင့် ကလေးများကို ခေါ်ဆော့ရန် လာသည့်မိဘများကို တွေ့ရသည်။
လင်းဝေ့လည်း ကျုံးရှောက်နှင့်အတူ တံတားပေါ်လိုက်လျှောက်လာ၏။ သူတို့နှစ်ဦးက တစ်ဖက်ကမ်းကိုတော့မသွားပဲ တံတားအလယ်မှာပဲ ရပ်ကာ တံတားလက်ရန်းကိုမှီပြီး လေညှင်းခံနေကြ၏။
လေညှင်းခံတာ တစ်အောင့်ကြာတော့ ကျုံးရှောက်က လင်းဝေ့ကို အေးနေပြီလားဟုမေးလိုက်၏။
လင်းဝေ့လည်း သူမဝတ်ထားသည့် ဒူးပေါ်စကပ်ကို ကြည့်ကာ ပြောလိုက်၏။
"ရပါတယ်" ဟုပြောလိုက်ပြီးမှ လင်းဝေ့က တစ်ခုသတိရပြီးမှ မေးလိုက်၏။
"ကျွန်မတို့ အရင်က ဘလိုင်းဒိတ်တုန်းကည်း ပန်းခြံထဲ လည်ကြတော့ ရှင်က အမြဲတမ်း ကျွန်မကို အေးလား ဆိုပြီး မေးတယ်နော်"
"မင်းက အာ့နေ့က အပေါ်ဝတ် ပါးပါးလေး ဝတ်ထားတာကိုး"
သူတို့ ဒိတ်ခဲ့သည့်ရက်က တရုတ်နှစ်သစ်ကူးမတိုင်ခင်ကရက်ဖြစ်၍ ဆောင်းအကုန်ဖြစ်၏။ သို့သော် သူတို့ဒိတ်ခဲ့ကြစဥ်က နေသာသည့် ရက်တစ်ရက်ဖြစ်၍ နှင်းများလည်း အရည် ပျော်နေပြီဖြစ်၏။
ထို့ကြောင့် လင်းဝေ့ကလည်း ခတ်စားနေသည့် အနီရောင့ သိုးမွှေးအပေါ်ဝတ်နှင့် အနက်ရောင်ဘဘောင်းဘီရှည်ကို ဝတ်ဆင်ခဲ့၏။ သို့သော် အဝတ်အစားက မထူပေ။ ထို့ကြောင့် လင်းဝေ့သည် လက်ဖဝါးနှစ်ဖက်ကိုပူးကာ လေနွေးများမှုတ်ထည့်ပြီး လေကွယ်သည့်နေရာကို ခဏခဏ ပြေးဝင်ခိုကာ ခန္ဓာကိုယ်ကို ကွေးကွေးလေးလုပ်ထားခဲ့၏။
ကျုံးရှောက်ကတော့ ထူထူထဲထဲ ဝါဂွမ်းအပေါ်ထပ်ကို ဝတ်ဆင်ထားခဲ့၏။ ထိုအပေါ်ဝတ် ဖြင့်ဆိုလျင် တက်ကြွသည့်ပုံပေါက်သည်ဟု သူ့အမေက ပြောခဲ့ဖူး၏။
ထိုစဥ်က သူတို့နှစ်ယောက်က စတွေ့ခါစဖြစ်၍ အချင်းချင်းလည်း မရင်းနှီးကြသေးပါ။ ထို့ကြောင့် ရုတ်တရက် သူ၏ အပေါ်ဝတ်ကို ချွတ်ကာ လင်းဝေ့ကို ပေးလိုက်လျင် လင်းဝေ့ နေရခက်မည်စိုး၍ အေးလား ဟုမေးကာ အေးသည်ဟု ပြန်ဖြေလျှင် သူ့အပေါ်ဝတ်ကို ချွတ်ပေးလိုက်မည်ဟု ကျုံးရှောက်က တွေးလိုက်၏။
ထို့ကြောင့် အေးလား ဟု ဘယ်နှစ်ခေါက်မေးမေး လင်းဝေ့ဘက်က အေးသည်ဟု စကားလုံး တစ်လုံးမျှ ထွက်မလာခဲ့ပါ။ ထို့ကြောင့် ကျုံးရှောက်လည်း လေကွယ်နိုင်မည့် အဆောက်အဦများရှိရာ သမဝါယမစျေးဆိုင်တန်းကိုသာ သွားရန်ဆုံးဖြတ်လိုက်၏။
လင်းဝေ့လည်း ထိုစဥ်က အဖြစ်အပျက်ကိုပြန်တွေးလိုက်၏။ "တစ်ကယ်တော့ ကျွန်အလည်း အနွေးထည်တွေ ထူထူထဲထဲ ဝတ်ချင်တယ်။ ဒါပေမယ့် အမေက ကြည့်မကောင်းဘူး ဆိုလို့ နေလည်း ထွက်နေတာပဲ ဆိုပြီး ကျွန်မလည်း ဝတ်မလာခဲ့လိုက်တာ"
လင်းဝေ့သည် ထိုစဥ်က သူမ အမေသည် သူ့ကိုဘလိုင်းဒိတ်သွားတွေ့ခိုင်း၍ ဒေါသထွက်နေမိ၏။ သူမအဖေကို လည်း ဘာ့ကြောင့်အမေက သူ့ကို သည်လောက်အိမ်ထောင်ချပေးချင်နေတာလဲဟု စောဒကတက်ကာ မေးမိ၏။ သူ့အဖေ ပြန်မဖြေနိုင်သေးခင်မှာပင် သူ့အမေက သူ့ကို ရိုက်လိုက်ကာ အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့ဟု ပြောကာ လင်းဝေ့ပါးစပ်ကို ပိတ်လိုက်၏။
လင်းဝေ့က ဆက်မပြောတော့ပေမယ့် စိတ်ထဲမှာတော့ မကျေနပ်ပေ။ ဘာလို့ သူ့အမေက ဘလိုင်းဒိတ်အတင်းတွေ့ခိုင်းပြီး အတင်းလက်ထပ်ခိုင်းစေချင်ရတာလဲဟု တွေးနေခဲ့၏။
ဟုတ်ပါတယ်။ ဘာလို့ လက်ထပ်ခိုင်းရလဲ ဆိုသည့်အကြောင်းအရင်းကတော့ ရူးကြောင်ကြောင်နိုင်လေ၏။
လင်းဝေ့ သူမ၏ အဖွားနှင့်စတွေ့စဥ်က သူမအဖွားနှင့်အမေက လင်းဝေ့ ငယ်စဥ်က အနမ်းဖလှယ်ခဲ့ကာ လက်ထပ်ရန်ပြောခဲ့သည့် ကောင်လေးအကြောင်းပြောကာ ရီမောနေကြ၏။ လင်းဝေ့ကတော့ ငယ်စဥ်က ပြောခဲ့သည်များကို အတည်မမှတ်ထားပါ။
အာ့တုန်းက ကလေးအရွယ်လေးတွေလေ။ အာ့တုန်းက စီစဥ်ထားခဲ့တဲ့ မင်္ဂလာပွဲလေးပါလို့ပြောရင် သူများတွေက ဝိုင်းရီကြမှာပေါ့။
သို့သော် သူမအမေနှင့် အဖွားတို့က ငယ်စဥ်က ကလေးချင်း နမ်းခဲ့ကြသည်က်ိုပြောကာ လက်ထပ်ရန်စီစဥ်ထားခဲ့ကြောင်းထုတ်ပြောလိုက်တော့ လင်းဝေ့၏ သောက်လက်စ ရေနွေးကြမ်းများ ဖူးကနဲ ပါးစပ်က ပန်းထွက်လာပြီး သူမအမေ၏ နဖူးကို စင်လေ၏။
သို့သော် လင်းဝေ့၏ အဖွားက ထိုကိစ္စကို အတည်မှတ်ယူထားလေ၏။
ပဒေသရာဇ်ခတ်က ထုံးစံဖြစ်သော်လည်း အမျိုးသမီးကြီး နှစ်ဦးလုံးသည် သူတို့နှစ်ဦးကို ဘလိုင်းဒိတ်တွေ့ပေးကာမျှော်လင့်လိုသေး၏။
လင်းဝေ့အမေကတော့ သွားတွေ့ကြည့်ကာ သူမ မကြိုက်လျင် ဖိအားမပေးပါဟု ပြန်ပြောလေ၏။ သို့သော် ထိုနေ့အတွက် လင်းဝေ့ ဝတ်ရန်ပြင်ထားသည့် အပေါ်ဝတ်အနွေးထည် ဝတ်စုံကိုပင် ပိုကောင်းသည့် အဝတ်အစားဖြင့် လဲပေးလိုက်လေ၏။
ထို့ကြောင့် ဘလိုင်းဒိတ်တွေ့ရန် သွားခဲ့စဥ် လင်းဝေ့စိတ်ထဲမှာ ပျော်မနေခဲ့ပါ။ သူ့အမေကတော့ တစ်ဖက်လူကိုတွေလျင် ပြုံးပြကာ ချိုချိုသာသာ ပြောဆို ဆက်ဆံရန်မှာလိုက်၏။ မဟုတ်လျင် သူမ၏ အပြုံးမှာ တစ်ဖက်လူကို ထ ပြန်သွားစေနိုင်လောက်သည့်အပြုံးဖြစ်နေလိမ့်မည်။
မည်သို့ပင်ဖြစ်စေကာမှု ကျုံးရှောက်ကို တွေ့တော့ သူ၏ ရုပ်ရည်သွင်ပြင်မှာ သူမ မျှော်မှန်းထားသည်ထက် ပိုကြည့်ကောင်းနေခဲ့၏။
ပထမဆုံးအနေဖြင့် ဤအမျိုးသားက အရပ်ရှည်သည်။ ဒုတိယအနေဖြင့် ရုပ်မဆိုးဘူး။ ထို့အပြင် သန့်ရှင်းသပ်ရပ်သည့် သွင်ပြင်လည်းပေါက်၏။
ပုံမှန်လူသားတစ်ဦးသာဖြစ်သော်လည်း သူက စမတ်ကျကာ ခန့်ငြားနေ၏။ လင်းဝေ့အနေဖြင့် ပြောရလျင်တော့မဆိုးပါဘူးး။ သို့သော် လင်းဝေအနေဖြင့် အေးနေသည်ကိုသာသိပြီး နွေးနိုင်မည့်နေရာကို သွားချင်နေ၏။
သူ့အမေ၏ ခြိမ်းခြောက်သည့် အကြည့်ကြောင့်သာ မလာချင်ပဲ လာခဲ့ရ၍တစ်မျိုး လူက ချမ်းနေသည်က တစ်မျိုးဖြစ်နေသောကြောင့် ကျုံးရှောက်၏ ခန့်ငြားမှုကို မခံစားနိုင်အားပါ။
သို့သော် ကျုံးရှောက်က ခန့်ငြားရုံမက လင်းဝေ့ကို နွေးထွေးသည့်နေရာကိုခေါ်သွားပြီး အစားအသောက်များဝယ်ကျွေးခဲ့သော်ကြောင့် အလိုက်သိသည်ဟု သတ်မှတ်လိုက်ကာ ရှေ့ဆက်ရန် စဥ်းစားပေးခဲ့ခြင်းဖြစ်သည်။
ထိုအချိန်က ကျုံးရှောက်သာ သန့်ပြန့်ခန့်ငြားမနေရုံသာမက လိမ္မာပါးနပ်မှုလည်းမရှိရင် သူမတို့ ယခုအခြေအနေအထိပင် ရောက်လာနိုင်မည်မဟုတ်ပါ။
လင်းဝေ့က ထိုသို့တွေးနေစဥ် သူမ၏ လက်ကို ကျုံးရှောက် လာကိုင်သည်ကို ခံစားလိုက်ရ၏။ လင်းဝေ့က လက်ကို ပြန်ဆွဲလိုက်ချင်သော်လည်း ကျုံးရှောက်က ဆုပ်ကိုင်ထားကာ ပြောလိုက်၏။ "မစိုးရိမ်ပါနဲ့။ ဘယ်သူမှ ကိုယ်တို့ကို ကြည့်မနေပါဘူး"
တံတားပေါ်လျှောက်နေကြသည့် လူအများစုက လူငယ်များဖြစ်၏။ ထိုလူငယ်များကလည်း ချစ်သူရည်းစားများဖြစ်ကြ၏။
ထို့ကြောင့် လင်းဝေ့က မလှုပ်မယှက် ငြိမ်သက်နေတော့ ကျုံးရှောက်က လင်းဝေ့ဘက် ပိုတိုးက သူ့လက်မောင်းထဲ လင်းဝေ့ကို ထည့်ထားလိုက်၏။
…………………………
နေ့လည်စာစားပြီးတော့ လင်းဝေ့နှင့်ကျုံးရှောက်က ချက်ချင်းအိမ်တန်းမပြန်ပဲ သမဝါယမ စျေးထဲကို လှည့်ပတ်ကြည့်ကာ ကလေးနှစ်ယောက်အတွက် လက်ဆောင်ဝယ်ရန်စဥ်းစားလိုက်၏။ ကလေးနှစ်ယောက်ကို သူတို့နှင့်အတူ မခေါ်လာခဲ့၍ ကလေးတွေ အပြစ်ရှိစိတ်ခံစားရကာ လက်ဆောင် တစ်ခုခုဝယ်ပေးရန် တွေးလိုက်ခြင်းဖြစ်သည်။
ဤကိစ္စတွင် ကျုံးရှောက်က လင်းဝေ့ကို နားမလည်ပါ။သူကတော့ အပြစ်ရှိစိတ်မဖြစ်ပဲ ကလေးတွေမပါ၍ ပိုတောင်ပျော်သေး၏။
နောက်တစ်ခေါက်လည်း ကလေးတွေ လိုက်မလာအောင်ဘယ်လိုနားချရမလဲ ဟူသည့်နည်းလမ်းများကိုပင်စဥ်းစားနေ၏။
လင်းဝေ့ ကလေးနှစ်ယောက်အတွက် လက်ဆောင်ရွေးသည်ကိုတော့ ကျုံးရှောက် မတားပဲ အကြံဉာဏ်များပင်ပေးလေ၏။ လင်းဝေ့က စိတ်ထားနူးညံ့သူဖြစ်မှန်းလည်း သူသိ၏။
သို့သော် သမဝါယမစျေးထဲမှာ တော့ ကလေးများအတွက် ဂေါ်လီလုံး နှင့် သရေကြိုးမှလွဲ ၍ တစ်ခြား အ ရုပ်မျိုးစုံမရှိပေ။ သို့နှင့် သူတို့နှစ်ယောက်သား ဆွေးနွေးလိုက်ပြီး ကျေနပ်စရာကောင်းမည့်လက်ဆောင်ကို ရွေးလိုက်ကြသည်။
ရွေ့ရွေ့အတွက်ကတော့ သစ်သားပဟေဠိဆက်ကစားစရာကို ဝယ်လိုက်သည်။ ဦးနှောက်သုံးရသည့်ကစားစရာဖြစ်၍ ရွေ့ရွေ့နှင့်သင့်လျော်သည်။
မင်မင်အတွက် လက်ဆောင်ကလည်း သစ်သားဖြင့် လုပ်ထားသည့် ကစားစရာ ထရပ်ကားလေး ဖြစ်၏။ သစ်သားထရပ်ကားလေးက အကြမ်းထည်ပုံစံဖြစ်ပြီး ဘီးလေးလုံးပါ၍ တွန်းကာ ဆော့ကစားနိုင်၏။ ဤကစားစရာကားလေးသည် ဝတ္ထုပါ ခေတ်ကာလတွင် ခေတ်စားသည့် ကစားစရာလေးဖြစ်၏။ တက်ကြွသည့်မင်မင်အတွက် ဤကစားစရာအရုပ်လေးက အထူးသင့်လျော်၏။
လင်းဝေ့ကတော့ ကလေးနှစ်ယောက်အတွက် လက်ဆောင်ဝယ်ခဲ့ရ၍ ပျော်နေသော်လည်း ကျုံးရှောက်ကတော့ နောက်တစ်ခေါက် ကလေးနှစ်ယောက်ကို ဘယ်လိုပထုတ်ရမလဲ အကြံထုတ်နေ၏။