Chapter 129
Vol. 10 Ch. 129
လင်းဝေ့တစ်ယောက် ကျုံးရှောက်နှင့် ဒိတ်နေစဥ် သူမ၏ အမြဲတမ်း ဆရာမဖြစ်သွားသည့် ကံကောင်းမှုက ဆရာမခဲ့ ကျေးဇူးကြောင့် မိသားစုအိမ်ရာ တစ်ခုလုံး သတင်းပြန့်သွားကာ လော့ရှု့ကျီ နားထဲရောက်သွားလေ၏။
လော့ရှုကျီသည် လင်းဝေ့ကို ကြည့်မရသော်လည်း အလုပ်အကိုင် နေရာချထားရေးရုံး၏ ညွှန်ကြားရေးမှုးဖြစ်သည့်အတွက် အလုပ်မအား၍ သာမန်အရာရှိဇနီးသည်လေးဖြစ်သည့် လင်းဝေ့ကို အာရုံမစိုက်အားပေ။ ထို့ကြောင့် လင်းဝေ့တစ်ယောက် စစ်တပ်မူလတန်းကျောင်းမှာ ဘာလုပ်နေလည်း ဆိုတာကိုလည်း မသိခဲ့ပါ။
သို့သော် စစ်တပ်မူလတန်းကျောင်းသည် ဆရာမအင်အားမတိုးပဲ ကျောင်းသားနှင့် ဆရာမဦးရေ အချိန်အကြာကြီး မျှခြေရှိနေခဲ့သည်က်ို လော့ရှုကျီသိပါ၏။ ကျောင်းအုပ် ဖုန်းယင်သည် ငွေကို ခွာသုံး၍ရလျင် ခွာသုံးမည့်သူဖြစ်သည်အထိ ကပ်စီးနှဲ၍ ကျောင်းအသုံးစရိတ်တက်မည်စိုးကာ ဆရာမအင်အားကိုလည်း မတိုးချဲ့ခဲ့ခြင်းဖြစ်၏။
ထို့ကြောင့် လင်းဝေ့ကို ယာယီ ဆရာမခန့်အပ်ရန်ပြောစဥ်က သူမ အလွယ်တကူ ခွင့်ပြုပေးခဲ့တာဖြစ်၏။
ထို့ကြောင့် ကျောင်းအုပ်ဖုန်းယင်က လင်းဝေ့ကို လအနည်းငယ် ခန့်လိုက်သည်နှင့် စိတ်ပြောင်းသွားမည်ဟု မထင်မိပေ။ ကျုံးရှောက်နှင့်သူအဖေ မတည့်မှန်း လော့ရှုကျီ မသ်ိလျင် ကျုံးရှောက် သူ့မိန်းမ အမြဲတမ်းဆရာမဖြစ်ရေးအတွက် သူ့အဖေက်ို အကူအညီလှမ်းတောင်းလိုက်သည်ဟုပင် ထင်နိုင်၏။
အခုပုံစံကြည့်ရသည်က ကျုံးရှောက် အဖေ ထောက်ခံပေး၍ မဟုတ်နိုင်ပေ။ ထို့ကြောင့် လော့ရှုကျီ စုံစမ်းလိုက်လေရာ လင်းဝေ့စာသင်ပေးသည့် အခန်းနှစ်ခန်းသည် နှစ်ဝက်စာမေးပွဲတွင် အကောင်းဆုံးအမှတ်ရခဲ့ကာ ဖုန်းယင်လည်း စိတ်ပြောင်းသွားပြီး နောက်နှစ်အတန်းချိန်ကိုပြောင်းကာ ဆရာမအသစ်ခန့်အပ်သည် ဖြစ်ကြောင်း သိသွားလေ၏။
နောက်တစ်နေ့မှာပဲ လော့ရှုကျီက အလုပ်အကိုင်နေရာချထားရေးရုံးကိုသွားကာ စာရေးဝူကို အသစ်ရောက်လာသည့် အရာရှိဇနီးသည်၏ အကြောင်းမေးလိုက်၏။
စာရေးဝူလည်း ကြောင်သွား၏။ "ဘာလုပ်မလို့လဲရှင့် အလုပ်ခေါ်တဲ့ဌာန ရှိလို့လား"
"တစ်ခြားဌာနက ခေါင်းဆောင်တွေကို အရင်ပြရမှာမို့လို့" ဟု လော့ရှုကျီက မရေမရာပြောလိုက်၏။
သူက အလုပ်အကိုင်နေရာချထားရေးဌာနရဲ့ ညွှန်ကြားရေးမှုးဆိုတော့ သူ့ သဘောအတိုင်းပဲလေ။ ထို့ကြောင့်စာရေးဝူက ဘာမှ ထပ်မမေးတော့ပဲ အချက်အလက်များကိုသာပေးလိုက်၏။ လော့ရှုကျီ ထွက်သွားပြီးနောက် စာရေးဝူလည်း သူ့ဘေးက လုပ်ဖော်ကိုင်ဖက် စာရေးဖူ ကို တိုးတိုးပြောလိုက်၏။
"အာ့ဒီ အသစ်ရောက်လာတဲ့ အရာရှိဇနီးသည်က ဘယ်ကမို့လို့လဲ။ ဘာလို့ ညွှန်ကြားရေးမှုးလော့က အရမ်းအာရုံစိုက်နေရတာလဲ"
"ကျွန်မတော့ ရှင်းကျွမ်ရဲ့အမျိုးသမီးက ဘာနောက်ခံမှ ရှိမယ်လို့မထင်ဘူး။ ညွှန်ကြားရေးမှုးလော့က သူလုပ်ချင်တာရှိရင် လုပ်နေကြပဲဟာကို"
"သူက ဘာလုပ်လို့လဲ " စာရေးဝူ က နားမလည်၍မေးလိုက်၏။
" သေချာတွေးကြည့်စမ်းပါ။ မိသားစုအိမ်ရာမှာ လတ်တလော ဘာသတင်းတွေပြန့်နေလဲ"
စာရေးဝူ ထပ်စဥ်းစားလိုက်သည်။ ဟိုကလေး အရ်ိုက်ခံရတဲ့အကြောင်းလားး ဒါမှမဟုတ် ဟိုလင်မယားထပ်ပြီးရန်ဖြစ်တဲ့အကြောင်းလားး သူမ ဘယ်လိုစဥ်းစားစဥ်းစားပေါ်မလာရာ စာရေးဖူက သဲလွန်စပေးလိုက်၏။
"စစ်တပ် မူလတန်းကျောင်းလေ"
"စစ်တပ် မူလတန်းကျောင်း???" စာရေးဝူ၏ ရေရွတ်သံထွက်လာကာ ပါးစပ်ဟောင်းလောင်းဖြစ်သွား၏။
"ရှင်ပြောချင်တာ လင်းဝေ့ အမြဲတမ်းဆရာမဖြစ်သွားတဲ့အကြောင်းလား? ကျွန်မ ထင်သလို မဟုတ်လောက်ပါဘူးနော်"
" မဟုတ်နိုင်ဘူးဆိုရင် ငြင်းရာကျလိမ့်မယ်။ အခုအသစ်ရောက်လာတဲ့ အရာရှိဇနီးသည်က အရင်က ဘာလုပ်တာလဲသိလား"ဟု စာရေးဖူက မေးပြီးနောက် စာရေးဝူ၏ အဖြေကိုမစောင့်ပဲ သူမဖာသာ ရေရွတ်လိုက်၏။
" သူတို့အချင်းချင်း ဖြစ်တဲ့ပွဲမှာ ကျွန်မတို့တွေ မြေစာပင်မဖြစ်ဖို့ ဆုတောင်းရမှာပဲ"
..........
ဖုန်းယင် စာသင်နေတုန်း အပြင်ကို လှမ်းကြည့်လိုက်ရာ တံခါးနားမှာ ရပ်နေသည့် လော့ရှုကျီကို တွေ့လိုက်၏။
သူတို့နှစ်ဦးမှာ အိမ်နီးချင်းဖြစ်သည်မှာကြာပြီဖြစ်၍ ရင်းနှီးကြသည်ဟု ပြောနိုင်သော်လည်း ဖုန်းယင်တစ်ယောက် လော့ရှုကျီကိုတွေ့တော့ ပြုံးပင်မပြချေ။ မျက်နှာ သုန်မှုန်နေသည်ကိုပင် တွေ့နိုင်၏။
လော့ရှုကျီကို တွေ့သော်လည်း အခန်းအပြင်ကို ထွက်မလာပဲ စာပိုဒ်တစ်ပိုဒ်ကို ပြီးအောင် အရင်သင်လိုက်လေ၏။ ပြီးမှ ကလေးများကို ပြန်ဖတ်ခိုင်းထားလိုက်ပြီး အခန်းအပြင်ထွက်ကာ မေးလိုက်၏။"ဘာလို့ ရောက်လာတာလဲ"
"ကျွန်မ ကျောင်းအုပ်ကြီးကို ပြောစရာရှိလို့ပါ။ အတန်းဝင်နေတာလားး"
နားလည်သမှုဖြင့် မေးသည်ဟုထင်ရသော်လည်း အမှန်တော့ ကျွန်မ ရှင်နဲ့ သီးသန့်စကားပြောချင်တယ်ဟု ဆိုလိုခြင်းဖြစ်၏။
ဖုန်းယင်လည်း ကလေးများကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။"ကျွန်မ ရုံးခန်းထဲသွားရအောင်ပါ။"
ကျောင်းအုပ်ရုံးခန်းထဲ ရောက်တော့ ဖုန်းယင်က လော့ရှုကျီအတွက် ရေနွေးကြမ်းငှဲ့ပေးကာ ထိုင်စေလိုက်၏။
"ဘာကိစ္စပြောစရာရှိလို့လဲ"
လော့ရှုကျီကလည်း ဖိုင်တွဲကို ကမ်းပေးကာပြောလိုက်၏။ "ကျွန်မ ကျောင်းအုပ်ကြီးအတွက် အသစ်ရောက်လာတဲ့ အရာရှိဇနီးသည်အကြောင်းဖိုင်တွဲယူလာပါတယ်။ တစ်ချက်ကြည့်ကြည့်ပါဦး"
ဖုန်းယင်လည်း ဖိုင်တွဲကိုယူကာကြည့်လိုက်ပြီး လော့ရှုကျီကိုပြန်မေးလိုက်၏။"နင်ဟုန်??? သူက ဘာဖြစ်လို့လဲ???"
"သူ့ရဲ့ အလုပ်အတွေ့အကြုံလေးကို သေချာကြည့်လိုက်ပါ။"ဟု လော့ရှုကျီက ပြောကာ ဖိုင်တွဲရှိ အလုပ်အတွေ့အကြုံရေးထားသောနေရာကို ညွှန်ပြလိုက်၏။
"နင်ဟုန်က မြို့တော်ကပါ။ ၁၉၆၈ ခုနှစ်မှာ ချင်စီရင်စုကိုပြောင်းလာပြီးနောက် သူပြောင်းလာတဲ့မြို့မှာ မူလတန်းကျောင်းစဖွင့်မယ်ဆိုတော့ အာ့ကျောင်းရဲ့ ပထမဆုံးဆရာမ ဝင်လုပ် ခဲ့တဲ့သူလေ။ အလုပ်လည်း အရမ်းကြိုးစားတဲ့သူပါ။ ကျောင်းအုပ်ကြီးလည်း သိမှာပါ။ မူလတန်းကျောင်းတွေက သီးသန့်ဌာနအနေနဲ့ ရပ်တည်ပြီး ဆရာမတွေကလည်း အလုပ် အမှတ်တွေလည်း ရကြတယ်လေ။ အခုလည်း သူ့အမျိုးသားရှိရာ စစ်တပ်ကိုပြောင်းလာရလို့သာ မတတ်သာပဲ အလုပ်ထွက်လာခဲ့ရတာလေ။"
ဖုန်းယင်သည် နင်ဟုန်၏ ဖိုင်တွဲကိုပြန်ချကာ ပြောလိုက်သည်။"ကျွန်မ သိတာတော့ ဒီကိစ္စက ရှင်တို့ အလုပ်အကိုင်နေရာချထားရေးရုံးက လုပ်ပေးရမယ့်အလုပ်ထင်တာပဲ"
"ကျွန်မတို့ဌာန အလုပ်မို့လဲ ကျွန်မက ရှင့်ဆီလာရတာပေါ့"ဟု လော့ရှုကျီက ပြုံးကာပြောလိုက်၏။
"အခု ကျောင်းက ဆရာမအင်အားတိုးချဲ့မလို့ဆို နင်ဟုန် ဆိုရင်ကော"
"ရှင် မသိဘူးလား" ဟု ဖုန်းယင်က အံ့အားသင့်ဟန်ပြောလိုက်သည်။
"လိုအပ်တဲ့ ဆရာမကို ခန့်ပြီးသွားပြီ "
"ရဲဘော်လင်းဝေ့လားး?"
ဖုန်းယင်က ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်တယ် သူပဲ။ ယာယီဆရာမ တာဝန်တုန်းကလည်းသူအကောင်းဆုံးလုပ်ခဲ့လို့ သူသင်တဲ့ အခန်းနှစ်ခန်းက အမှတ်အများဆုံး ရခဲ့တယ်။ ဒါ့ကြောင့်မို့ သူနဲ့အသင့်တော်ဆုံးလို့ထင်ပါတယ်"
လော့ရှုကျီက မကျေနပ်ပေ။ ထို့ကြောင့် ပြန်မေးလိုက်၏။
"သူက ဆရာမလည်း မဟုတ်သလို သင်ကြားရေးအတွေ့အကြုံလည်း မရှိဘူး ဘယ်လိုလုပ် အလုပ်အတွက် သင့်တော်နိုင်မှာလဲ"
ဖုန်းယင်၏ ဟန်ဆောင်ပြုံးနေသည့်မျက်နှာ တည်သွား၏။ "ညွှန်ကြားရေးမှုးလော့ ရှင်က ကျွန်မနဲ့ ကျောင်းက ဆရာမတွေအားလုံးရဲ့ အမြင်ကို မေးခွန်းထုတ်နေတာလား"
လော့ရှုကျီလည်း ရုပ်တည်သွား၏။ သို့သော် ဤကိစ္စက အလုပ်အကိုင်နေရာချထားရေးဌာန ၏ အလုပ်ဖြစ်ကြောင်း တင်းခံပြော၏။
" ကျောင်းအုပ်ကြီး ဘယ်လိုပြောလိုက်တာလဲ။ ရှင်ကလည်း ကျောင်းအုပ်တစ်ယောက် ကျွန်မကလည်း အရာရှိဇနီးသည်တွေကို အလုပ်အကိုင် အခွင့်အလမ်းစီစဥ်ပေးနေရတဲ့သူပါ။ ကျွန်မ ထင်မြင်ချက်ကို ထားလိုက်ဦး။ လုပ်ငန်းအတွေ့အကြုံရှိတာနဲ့ အတွေ့အကြုံမရှိတာရဲ့ကြားမှာ ကွာခြားချက်က အများကြီးရှိတယ်။ လင်းဝေ့ ဘယ်လောက်ပဲ အကောင်းဆုံးလုပ်နိုင်တယ် ပြောပြော နှစ်အကြာကြီး အတွေ့အကြုံရှိတဲ့ ဆရာမထက်တော့ ဘယ်လိုလုပ်ကောင်းနိုင်မှာလဲ"
လော့ရှုကျီလည်း နင်ဟုန်၏ ဖိုင်တွဲကိုပြန်ယူလိုက်ကာ ပြုံးရင်းပြောလိုက်၏။ "နင်ဟုန်ကို သူပြောင်းလာတဲ့ တပ်က ရေးပေးလိုက်တဲ့ ထောက်ခံစာကို မတွေ့ဘူးထင်တယ်။ ထောက်ခံစာထဲမှာ ဆိုရင် နင်ဟုန်ကို အကျင့်စာရိတ္တလည်းကောင်းတဲ့ ပန်းကလေး တစ်ပွင့်လိုကို ပြောထားတာ။ အသင်အပြလည်း ကောင်းပြီး ကျောင်းသူကျောင်းသားတွေကလည်း သူ့ကို ချစ်ကြတယ်။ သူ့ယောကျ်ားရှိတဲ့ စစ်တပ်ဆီ မဖြစ်မနေ ပြောင်းလာရလို့သာပေါ့။ သူ့တို့ကျောင်းက ဆိုရင် နင်ဟုန်ကို လွတ်တောင်မလွတ်ချင်ဘူးရယ်။ အာ့လိုလူမျိုးက လင်းဝေ့ထက်ညံ့နိုင်ပါ့မလား။"
"သူကလည်း ညံ့တဲ့သူမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်မက လင်းဝေ့ကို ပိုယုံတယ်"
စစ်တပ်မူလတန်းကျောင်းမှာ ကလေးတွေချစ်ကြတဲ့ဆရာမ အများကြီးရှိသော်လည်း ထိုသူများကြားတွင် လင်းဝေ့၏ သင်ကြားရေးနည်းစနစ်မှာ ထူးခြား၏။
ကျောင်းအုပ်ဖုန်းယင်ကလည်း လင်းဝေ့၏ ထိုထူးခြားမှုကိုမြင်လေ၏။
လော့ရှုကျီသည် နင်ဟုန်၏ အချက်အလက်ကို ကျောင်းအုပ်ဖုန်းယင်အား ပြလိုက်လျင် စိတ်ပြောင်းလဲ သွားလိမ့်မည်ဟု ထင်သော်လည်း မပြောင်းလဲသောကြောင့် မျက်မှောင်ကြုံ့မိ၏။
လော့ရှုကျီ တစ်ခဏတွေးကာ ဆက်ပြောလိုက်၏။ "ရှင်က ဘက်လိုက်တာလား။ ဘယ်လိုပဲ ဖြစ်ဖြစ် နင်ဟုန်လို လေးငါးနှစ် သင်ကြားရေး အတွေ့အကြုံရှိတဲ့သူက လင်းဝေ့ထက် ဘယ်ညံ့နိုင်မလဲ။ သင်ခန်းစာ တစ်ခုကိုပြင်ဆင်ပြီး နင်ဟုန်နဲ့ လင်းဝေ့ကို ဒီအလုပ်နေရာအတွက် ယှဥ်ပြိုင်ခိုင်းလိုက်ပါလား"
လော့ရှုကျီ၏ စကားကိုကြားတော့ ဖုန်းယင်သည်ပြန်မဖြေပဲ သူ့ကိုသာ စိုက်ကြည့်လိုက်ကာ ပြန်ပြောလိုက်၏။
"ရှင်က လင်းဝေ့ကို ကြည့်မရဘူးထင်တယ်"
လော့ရှုကျီ ရင်ခုန်သွားကာ ငြင်းလိုက်၏။ "ရှင် ဘယ်လိုပြောလိုက်တာလဲ။ ကျွန်မ လင်းဝေ့နဲ့ အရင်ကတည်းက သိတာမဟုတ်ဘူး။ သူ့ကို ဘာလို့ ကြည့်မရရမှာလဲ"
"တစ်ကယ်လားး။ ဒါဆိုညွန်ကြားရေးမှုးချန်က လင်းဝေ့ကို ဆေးပေးခန်းမှာ အလုပ်ပေးမယ်ဆိုတော့ ရှင်က ဘာလို့သဘောမတူရတာတုန်း အခုလည်း အတူတူပဲလေ"
" ကျောင်းအုပ်ဖုန်း ရှင်ဘာတွေ ပြောနေတာလဲ။"လော့ရှု့ကျီ၏ မျက်နှာ ရုပ်ဆိုးသွား၏။
"ဆေးပေးခန်းအလုပ် လင်းဝေ့ကို မပေးရတဲ့အကြောင်းက လင်းဝေ့က ကျွန်းပေါ်ကိုရောက်လာတာ မကြာသေးတဲ့အပြင် စစ်တပ် အိမ်ထောင်စုစာရင်းတောင်မသွင်းသေးဘူးး။ ကျွန်မတို့ရုံးကို အလုပ်လျှောက်လွှာတောင်မတင်ရသေးတဲ့သူကို ကျွန်မက အလုပ်စီစဥ်ပေးလို့ ဘယ်ဖြစ်မလဲ။ အာ့လိုသာအလုပ်ကို သီးသန့်စီစဥ်ခေါ်ယူနေကြရင် တစ်ခြားအရာရှိဇနီးသည်တွေက ကျွန်မတို့ရုံးကို ဘယ်လိုမြင်ကြမလဲ"
လော့ရှုကျီက ရုံးလုပ်ငန်းစဥ်ဖြစ်ကြောင်းအကြောင်းပြလိုက်လျင် ဖုန်းယင် မျက်နှာပြောင်းသွားလိမ့်မည်ဟု ထင်သော်လည်း မပြောင်းပဲမျက်နှာထား ခက်ခက်ထန်ထန်ဖြင့် ပြန်ပြောလေ၏။
"ရှင်ဘယ်လို တွေးနေလဲတော့ မသိဘူး။ စစ်တပ်က အလုပ်အကိုင် ပြန်လည်နေရာချထားရေးရုံးကို ဖွဲ့စည်းခဲ့တဲ့အကြောင်းအရင်းက အဝေးက ပြောင်းလာတဲ့ အရာရှိဇနီးသည်တွေရဲ့ မှတ်ပုံတင်တဲ့ လုပ်ငန်းစဥ်တွေ ရှုပ်ထွေးမနေအောင် လျော့ချပေးဖို့ပဲ။ အခုလို မှတ်ပုံတင်ဖို့အရေးကို ဆယ်ရက် လဝက်လောက်ကြာအောင် အချိန်ဆွဲပြီး လုပ်ဖို့မဟုတ်ဘူး။ အရာရှိဇနီးသည်တွေရဲ့ အလုပ်အကိုင်တွေ အဆင်ပြေအောင် ဆောင်ရွက်ပေးရမှာ။ အခုတော့ကြည့်ပါဦး ရှင်က အာ့လို ဆောင်ရွက်ပေးခဲ့ရဲ့လား"
ထိုကဲ့သို့ လော့ရှုကျီကို မေးခွန်းထုတ်ပြီး ဖုန်းယင်က သာပြန်ဖြေလိုက်၏။ " ရှင် မလုပ်ဘူးလေ။ ရှင်က လုပ်ငန်းစဥ်တွေကို ပိုရှုပ်ထွေးအောင်လုပ်တယ်။ အလုပ်ပိုများ ပိုရှုပ်အောင်လုပ်တယ်။ မလိုအပ်ပဲ လူအင်အားအများကြီးသုံးရအောင်လုပ်တယ်။ နောက်ဆုံးအလုပ်အကိုင်နေရာချထားရေးဌာနတစ်ခုလုံးကို ရှင့် ကမ္ဘာကြီး ဖြစ်အောင်လုပ်မလို့မလား"
"ဖုန်းးယင်"
လော့ရှုကျီ ဒေါသတကြီး ထရပ်လိုက်ကာ ဖုန်းယင်ကိုလက်ညိုးထိုးပြီး ပြောလိုက်၏။
"ကျွန်မရဲ့ အလုပ်ကို လေးစားပါလို့ မပြောလိုဘူး။ ကျွန်မ ရဲ့အလုပ်ကို ကျွန်မ အကောင်းဆုံး တာဝန်ကျေပွန်အောင်လုပ်ခဲ့တယ်။ တစ်ခါမှ တစ်ကိုယ်ကောင်းစိတ်မမွေးခဲ့ဘူး။ ဒါကို ရှင်က ကျွန်မကို ဘာလို့ တစ်ကိုယ်ကောင်းစိတ်နဲ့ အလုပ်လုပ်တယ်လို့ ပြောရတာလဲ။ ရှင် အာ့လိုပြောတော့ ရှင့်ကိုလည်း မေးလိုက်ပါဦးမယ်။ လင်းဝေ့က ပညာရေးကောလိပ်က ကျောင်းဆင်းတာလဲ မဟုတ်သလို သင်ကြားရေးအတွေ့အကြုံလည်း မရှိဘူး။ ဒါတောင် ရှင်က ဘာလို့ ဘက်လိုက်ပြီး သူ့ကိုပဲ ခန့်ချင်နေရတာလဲ"
"ရှင်ထင်တာက ကျွန်မက သူ့ကို ဘက်လိုက်ပြီး အမြဲတမ်းဝန်ထမ်းခန့်လိုက်တယ်လို့ ပြောချင်တာလား"
လော့ရှုကျီက ဖုန်းယင်၏ စကားကိုကြားတော့ နှာခေါင်းရှုံ့ကာပြောလိုက်၏။ "ဟွန့် ရှင်က သူတို့နှစ်ယောက်ကိုတောင် မပြိုင်ခိုင်းရဲတာကိုတောင် ဘက်မလိုက်ဘူးလို့ပြောချင်နေသေးတာလား"
"ဟုတ်ပြီလေ ဒါဆိုလည်း သူတို့ကို ပြိုင်ခိုင်းတာပေါ့" ဟုဖုန်းယင်က ရုတ်တရက် စကားပြောင်းလိုက်၏။
လော့ရှုကျီ ဖုန်းယင်ကို သံသယမျက်ဝန်းဖြင့် ကြည့်လိုက်သည်။ ဖုန်းယင်ကတော့ လော့ရှုကျီကို အေးစက်စက်ကြည့် စကားတစ်ခွန်းကို ပြောလိုက်လေ၏။
"ဘယ်လိုပဲ ဖြစ်ဖြစ် လင်းဝေ့ ဒီအလုပ်ကို ရလိမ့်မယ်ဆိုတာ သေချာတယ်။ ဒါပေမယ့် ရှင့်အလုပ်နေရာမြဲမမြဲတော့ မသေချာတော့ဘူး။"
………………………
လင်းဝေ့ စားသောက်ဆိုင်က ယူလာသည့် အစားအသောက်များယူကာ သူမ သားများနှင့်အတူ စားရန် ကျိုးအိမ်ကို လမ်းလျှောက်လာစဥ် လျိုတန်းက သူမအိမ်အနောက်ဘက်မှာ ရပ်နေသည်က်ိုတွေ့၍ အံ့သြသွား၏။
"အစ်မ ဘယ်လိုလုပ်ရောက်နေတာလဲ"
အလုပ်အကိုင်နှင့် ပြန်လည် နေရာချထားရေးရုံးက နေ့လည် နားချိန် ၂နာရီရှိသော်လည်း ပုံမှန် ဤအချိန် ဆိုလျင် လျိုတန်းက သူမဆီ လာလေ့မရှိပဲ သူမကလေးများနှင့် နေ့လည်စာ သွားစားလေ့ရှိ၏။
လျိုတန်းက လင်းဝေ့ဆီ အမြန်လျှောက်လာကာ ပြောလိုက်၏။ "ကျွန်မ ဝေ့ဝေ့ကို အရေးတကြီးပြောစရာရှိတယ်"
လျိုတန်း၏ အတည်ပေါက် မျက်နှာထားကြောင့် လင်းဝေ့လည်း သိချင်သွား၏။ "ဘာကိစ္စလဲ အစ်မ"
ပတ်ဝန်းကျင်မှာ နားများရှိနိုင်သည်ကို သတိထားမိ၍ လျိုတန်းက ပတ်ဝန်းကျင်ကို ကြည့်ကာပြောလိုက်၏။
"ရှင့် အိမ်ထဲ အရင်သွားကြစို့"
" ဒါဆို ကျွန်မ ကလေးတွေကို အရင်ခေါ်လိုက်ဦးမယ်"
လျိုတန်းက ခေါင်းငြိမ့်လိုက်ပြီး လင်းဝေ့တို့အိမ်နောက်မှာသာ စောင့်နေလိုက်၏။ လင်းဝေ့က ကလေးနှစ်ယောက်ကို ခေါ်လာပြီး မင်မင်နှင့် ရွေ့ရွေ့က သူမကို အပြုံးလေးနှင့် အန်တီဟုခေါ်ကာ နှုတ်ဆက်လိုက်မှသာ လျိုတန်းမျက်နှာမှာ အပြုံးများပေါ်လာ၏။
သူတို့တွေ ကျုံးအိမ်ထဲ ဝင်ပြီးနောက် လင်းဝေ့က နေ့လည်စာ စားရန်မလောပဲ ကလေးများကို ခဏ ဆော့ခိုင်းထားလိုက်၏။
ကလေးတွေက ဘာဖြစ်နေမှန်း မသိသော်လည်း အထူးအထွေ မေးမနေတော့ပဲ ဆိုဖာပေါ် ခုန်ပေါက်ဆော့နေကြ၏။
လင်းဝေ့က လျိုတန်းကို ထမင်းစားစားပွဲထိုင်ခုံပေါ်ထိုင်ခိုင်းလိုက်ပြီး ရေတစ်ခွက်ငှဲ့ပေးလိုက်၏။ "ဘာကိစ္စလဲ အစ်မ"
လျိုတန်းက အသံကို တိုးကာပြောလိုက်သည်။ "ကိစ္စကတော့ အကြီးကြီးပဲ။ ကျွန်မတို့ ဌာနညွှန်ကြားရေးမှုးက ဝေ့ဝေ့ကို အနှောက်အယှက် ပေးချင်နေတယ် ထင်တယ်"
"ညွှန်ကြားရေးမှုးက ဘယ်လိုဒုက္ခပေးမလို့လဲ"ဟု လင်းဝေ့က သိချင်သွား၏။ သူမ၏ အလုပ်လျှောက်ထားသည့်ဖိုင်တွဲမှာ ယာယီဆရာမလုပ်ပြီးကတည်းက ကျောင်းအုပ်ဆီ ရောက်သွားပြီဖြစ်၍ လော့ရှုကျီနှင့်မဆိုင်တော့ပေ။
"ဘေးဌာနက ရှောင်ဖုဆီက ကြားခဲ့တာ။ ညွှန်ကြားရေးမှုးလော့က ဝေ့ဝေ့ရဲ့ အမြဲတမ်း ဝန်ထမ်း ဖြစ်သွားတာကြားတယ်ထင်တယ်။ သူရုံးခန်းထဲရောက်တော့ နင်ဟုန်ရဲ့အချက်အလက်တွေကို တောင်းပြီး အပြင်ထွက်သွားတယ်တဲ့။ ကျောင်းအုပ်ကြီးဆီ သွားတယ် ထင်ရတာပဲ" ဟု ပြောပြီး ရေခွက်ထဲ ကရေကိုသောက်လိုက်၏။ သူရေသောက်မပြီးခင်မှာပဲ လင်းဝေ့၏ ပြန်မေးသံကြားလိုက်ရ၏။
"နင်ဟုန်ကခဘယ်သူလဲ"
လျိုတန်းလည်း ရေသီးကာ ချောင်းနှစ်ခါဆိုးလိုက်၏။
"အသစ်ရောက်လာတဲ့ အရာရှိဇနီးသည်လေ။ မသိဘူးလား"
"အိုးးသိပြီ။ သူသတင်းအချက်အလက် ဖိုင်တွဲက ဘာဖြစ်လို့လဲ။ ကျွန်မနဲ့ အစားထိုးချင်လို့လား"
"သူထွက်သွားတုန်းကတော့ အာ့လိုမပြောခဲ့ဘူး။ ဒါပေမယ့် ရှောင်ဖုက ခန့်မှန်းလိုက်တာလေ။ ဝေ့ဝေ့ မသိဘူးထင်တယ် နင်ဟုန်က သူ့ဇာတိမြို့မှာလည်း ဆရာမအလုပ်လုပ်ခဲ့တာလေ။ သင်ကြားရေးအတွေ့အကြုံလည်း အတော်လေးရှိတယ်ဆိုပဲ"
လျိုတန်းက ထိုသို့ပြောပြီး လင်းဝေ့ကို မော့ကြည့်လိုက်၏။ လင်းဝေ့က အေးအေးဆေးဆေးဖြစ်နေ၍ မနေနိုင်ပဲမေးလိုက်၏။
"ဒီကိစ္စက ဘယ်လောက်အရေးကြီးတယ် ဆိုတာနားလည် ရဲ့လား"
"နားလည်ပါတယ်။ ညွှန်ကြားရေးမှုးလော့က အတွေ့အကြုံ အများကြီးရှိတဲ့ နင်ဟုန်ဆိုတဲ့ ဆရာမကို အသုံးချပြီး ကျွန်မကို ဆရာမ အလုပ်ကနေ ထုတ်လျင်နေတာမလား"ဟု လင်းဝေ့က မေးလိုက်၏။
"ဟုတ်တယ်လေ " ဟုလျိုတန်းက ပြောရင်းခေါင်းငြိမ့်လိုက်ကာ ဆက်မေးလိုက်၏။
"အာ့တော့???"
"အာ့တော့ဘာလဲ?"
"သူက ဝေ့ဝေ့အလုပ်ကို နှောက်ယှက်ချင်နေတာ။ စိတ်မပူဘူးလား"
"ကျွန်မ စိတ်ပူတော့ကော သူ နှောက်ယှပ်တာကို တားနိုင်မှာလား"
လျိုတန်းကလည်း ပြန်စဥ်းစားကြည့်ကာ ခေါင်းခါလိုက်၏။ " ကျောင်းအုပ်က ဘက်ကြည့်မယ် ဆိုရင်တော့ ဝေ့ဝေ့လည်း အလုပ်ကြိုးစားတာပဲဆိုတော့ ကျောင်းအုပ်ကြီးကို အစားမထိုးဖို့ ပြောလို့ရတာပေါ့"
လင်းဝေ့လည်း ခေါင်းငြိမ့်လိုက်၏။
လျိုတန်းလည်း စိတ်အေးသွားပြီးနောက် လင်းဝေ့ပြောသံကို ဆက်ကြားလိုက်၏။ " ကျောင်းအုပ်ကြီးကလည်း ကျွန်မကို ပြောင်းပြီး တစ်ခြားလူကိုခန့်မယ်လို့မထင်ဘူး"
လျိုတန်း ကြောင်သွား၏။ "တစ်ကယ်လား"
"ကျွန်မတော့ ကျောင်းအုပ်ကြီးက ကျွန်မကို အရမ်းသဘောကျနေတယ်လို့ ထင်တယ်" ဟု ဝံ့ကြွားစွာပြောလိုက်၏။
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတာကောင်းတယ် ဆိုပေမယ့်လည်းးးးး။ လျိုတန်းတစ်ယောက် လင်းဝေ့၏ ယုံကြည်ချက်လွန်ကဲမှုကြောင့် သွေးအန်လုနီးပါးဖြစ်သွား၏။
လျိုတန်း ဖြစ်ပျက်သွားသည့်ပုံကိုကြည့်ရင်း လင်းဝေ့ပြုံးမိကာ ဆက်စနောက် လိုက်၏။
"မူလတန်းကျောင်းက နှစ်တွေအကြာကြီး ဆရာမအင်အားမတိုးခဲ့တာကို ခုမှာ ဘာလို့ အတန်းအချိန်ဇယားတွေပြောင်းပြီး ဆရာမအင်အားတိုးရတာလို့ထင်လဲ"
" ဒါဆို ကျောင်းအုပ်ကြီးက ဝေ့ဝေ့ကြောင့် အင်အားတိုးချဲ့ဖို့ဆုံးဖြတ်ခဲ့တာပေါ့"
"ကျွန်မကြောင့်လို့လဲ သေချာပေါက်တော့ပြောလို့မရပါဘူး။ အနည်းဆုံးတော့ ကျွန်မကြိုးစားမှုတွေကို သဘောကျတဲ့သဘောပေါ့"
ကျောင်းအုပ်ကြီးက နောက်နှစ်စာသင်နှစ်ကို ဘယ်လိုစီစဥ်မလဲ ဆိုတာ လင်းဝေ့လည်း မသိပါ။ အပြောင်းအလဲတွေက ဘယ်လိုဖြစ်လာမယ်မှန်းမသ်ိ၍ လင်းဝေ့လည်း ပူပန်စိတ်တော့ဖြစ်မိ၏။ သို့သော် လင်းဝေ့သည် သူ့ကိုပေးလာသည့်တာဝန်ကို အကောင်းဆုံးထမ်းရွက်မည်သာဖြစ်၏။
စဥ်းစားချင့်ချိန်တတ်သည့် ဖုန်းယင်အနေဖြင့် လင်းဝေ့ကို အရမ်းကြီးလည်း လိုအပ်လိမ့်မည်ဟု မထင်ပါ။
ထို့ကြောင့်သာ လင်းဝေ့ စိုးရိမ်နေခြင်းဖြစ်၏။
လျိုတန်းကလည်း စိုးရိမ်ကာ ပြောလိုက်၏။ "ဒါပေမယ့် ကျွန်မတို့ ညွှန်ကြားရေးမှုးနဲ့ ကျောင်းအုပ်ကြီးဖုန်းယင်က သိလာတာလည်း ကြာပြီဆိုတော့ စိတ်များပြောင်းသွားနိုင်မလား……"
ကျောင်းအုပ်ဖုန်းယင်က တစ်ကိုယ်ကောင်းစိတ်ရှိသည့်သူမဟုတ်မှန်း လင်းဝေ့သိသော်လည်း လုံးဝတော့ မယုံရဲသေးပါ။ ထို့ကြောင့် သက်ပြင်းလေးချကာပြောလိုက်၏။
"ဒါဆိုလည်း ကျွန်မ ကံတရားကို လက်ခံလိုက်ရုံပေါ့"
လင်းဝေ့၏ ဓာတ်ကျသည့် စကားကိုကြားလိုက်ရ၍ လျိုတန်း စိတ်မသက်မသာ ဖြစ်သွား၏။ ထို့ကြောင့် လင်းဝေ့ကို ကြိုးစားရန် အတင်းကြီး မပြောတော့ပဲ လင်းဝေ့ပုခုံးကိုပုတ်ကာ နှစ်သိမ့်စကား ပြောလိုက်၏။
" အာ့လိုဖြစ်ဖို့ကလည်း ကျွန်မတို့ထင်ထားတာပဲ ဖြစ်လို့ မသေချာသေးပါဘူး။ ကျောင်းအုပ်ဖုန်းက ဝေ့ဝေ့ကို သဘောကျပြီး လူမပြောင်းတော့တာလဲ ဖြစ်လာနိုင်တာပဲလေ"
လင်းဝေ့လည်း ပြုံးလိုက်၏။ "အစ်မ ကျွန်မတို့နဲ့ နေ့လည်စာ အတူစားလိုက်ပါလား"
" နေပါစေ။ ကျွန်မ ကလေးတွေလည်း ကျွန်မကိုစောင့်နေလောက်ပြီ" ဟု ပြောကာ အမြန်ပြန်သွားလေ၏။
လင်းဝေ့လည်း ထမင်းစားစားပွဲမှာ ခဏထိုင်နေပြီး နောက်မှ ကလေးနှစ်ယောက်စားဖို့ပြင်ဆင်လိုက်လေ၏။
………………………………
လျိုတန်းက စိုးရိမ်နေသော်လည်း လဝက်လောက်ကြာသည်အထိ လင်းဝေ့၏ အလုပ်အပြောင်းအလဲက မရှိလာသေးပေ။
တစ်ဖက်မှာတော့ အလုပ်အကိုင် နေရာချထားရေးရုံးမှာ အပြောင်းအလဲလေး ရှိလာ၏။ နှစ်သစ်အစမှာပင် အလုပ်အကိုင် နေရာချထားရေးရုံးသို့ ဒုညွှန်ကြားရေးမှုးဆိုသည့်ပုဂ္ဂိုလ်က မိုးပေါ်က နေ လေဟုန်စီးကာ ကျလာတော့၏။
ဒုညွှန်ကြားရေးမှုးက ယာယီနေရာသာဖြစ်သော်လည်း ဒုညွှန်ကြားရေးမှုးရှိလာမည့်အကြောင်း အကြောင်းကြားစာရောက်သည့် နေ့တွင် လော့ရှုကျီ၏ ရုပ်ဆိုးနေသော မျက်နှာက်ို လူတိုင်းက တွေ့ရလေ၏။