← Chapters

Chapter 132

Vol. 11 Ch. 132

Chapter 132

Vol. 11 Ch. 132

လင်းဝေ့၏ မိဘနှစ်ပါး လာလည်ကြသည်က ပင်လယ်စာများစားလို၍ ပင်လယ်ရှုခင်းများ ကြည့်လို၍ သက်သက်သာ မဟုတ်ပါ။ သူ့သမီး၏ အိမ်အသစ်အခြေအနေက ဘယ်လိုလဲ သူ့မြေးတွေ ဘယ်လိုနေနေကြသလဲ အဓိက သိလို၍ဖြစ်၏။

ထို့ကြောင့် အိမ်ဝန်းထဲ ဝင်သည်နှင့် အမေလင်းက ဘေးဘီကို လိုက်ကြည့်တော့၏။ ခြံဝန်းလေးက သိပ်မကြီးသော်လည်း သန့်ရှင်းသပ်ရပ်၏။ အိမ်ရှေ့မှာပင် ကြက်သွန်မြိတ်များစိုက်ထားသည့် စိုက်ကွက်လေးကိုလည်း စိမ်းစိမ်းလန်းလန်းတွေ့ရ၍ စိတ်ကျေနပ်သွား၏။ စိုက်ကွက် နောက်တစ်ခြမ်းကိုတော့ ပန်းများစိုက်ထားပြီး အမျိုးအမည် မသိသည့်အပင်တစ်ချို့ပေါက်နေသည်ကိုတွေ့၍ မေးလိုက်၏။

"ဒါလေးတွေက ဘာပင်လေးတွေလဲ"

"ဒူးရင်းပင်ပါ အမေ"

"ဒူးရင်းပင် က ဘာလဲ?"

'မောင် တတ်ပ' လေးက လက်ထောင်ကာပြောလိုက်၏။

"သားသိတယ်။ ဒူးရင်းပင်ကနေ ဒူးရင်းသီးတွေ သီးတာ။ ဒူးရင်းသီးက အရမ်းနံတာပဲ"

သူကြိုက်သည့်ဒူးရင်းသီးကို ပုတ်ခတ်နေတာကို ကြားလိုက်ရတော့ ရွေ့ရွေ့က ပြန်ပြောလိုက်၏။

"ဒူးရင်းသီးက မနံပါဘူး။ ဒူးရင်းသီးက မွှေးပြီးတော့ အရမ်းအရသာရှိတာ"

အမေလင်းကလည်း ဒူးရင်းသီးကို တစ်ခါမျှ မစားဖူးပေ။ ထို့ကြောင့် ညီအစ်ကိုနှစ်ယောက် ငြင်းနေသည့်စကားကိုကြားသောအခါ အမေလင်း နားမလည်တော့၍ သူ့သမီးကို လှမ်းကြည့်လိုက်၏။

"ဒူးရင်းသီးက အသီးတစ်မျိုးပါပဲအမေ။ အသီးကြီးပြီး အထဲမှာ အမွှာတွေနဲ့။ ကြိုက်တဲ့သူတွေအတွက်တော့ မွှေးပြီးတော့ အရသာရှိတယ်။ မကြိုက်တဲ့သူကတော့ နံတယ်ဆိုပြီး ထိကိုမထိကြတာ"

"ကမ္ဘာပေါ်မှာ အာ့လိုအသီးရှိသေးတာလား"ဟု အမေလင်းက သူကြားရသည့် စကားကို ထူးဆန်းသွား၏။

"ဟုတ်တယ် အမေ။ ဒါပေမယ့် အခုရာသီမှာတော့ ဒူးရင်းသီး မပေါ်သေးဘူး"

" နွေရာသိီမှ ပေါ်တာ"ဟုက ရွေ့ရွေ့ကလည်း ဝင်ပြောပြ၏။

အမေလင်းကလည်း ဒူးရင်းအပင်ပေါက်လေးကို လက်ညိုးထိုးပြလိုက်ပြီး ပြောလိုက်၏။"ဒီ ဒူးရင်းအပင်လေးက အသီးသီးနိုင်လို့လား"

"သမီးလည်း သိပ်တော့မသေချာဘူး ဒူးရင်းသီးစားပြီး အစေ့တွေကို ပစ်ထားတာ။ အာ့တုန်းက အစေ့ဒါဇင်လောက်ပစ်ထားတာကို ငါးပင်ပဲပေါက်တယ်။ လွန်ခဲ့တဲ့လက တစ်ပင်သေသွားလို့ လေးပင်ပဲရှိတော့တာ။ဒူးရင်းသီးသီးဖို့ နှစ်တွေ အတော်ကြာတယ်လို့ကြားတယ်။ ဘယ်လိုသီးလာမလဲတော့ မသိဘူး။ ကံတရားပေါ့"

"ဒါဆို ဒီဒူးရင်း အပင်ပေါက်လေးတွေ အမေအိမ်ပြန်ရင် ယူသွားပြီး စိုက်လို့ရလောက်မလား"

"အမေက ရှီးချန်ကို ယူသွားချင်လို့လား"

"အင်းး စမ်းကြည့်မလို့လေ" အမေလင်း၏ အဖြေကို နားထောင်ကာ အရာရာစမ်းစိုက်လို့သည့်စိတ်က ဒီအမေ နှင့် ဒီသမီးလိုက်ဖက်လှ၏ ဟုပြောနိုင်သည်။

"ဒူးရင်းပင်က အပူပိုင်းအပင်ဆိုတော့ ဟိုမှာစိုက်မယ်ဆိုရင် အရမ်းဂရုစိုက်ရလောက်မှာ။ မဟုတ်ရင် အေးခဲပြီး သေသွားလောက်တယ်" ဟု လင်းဝေ့က အမှန်အတိုင်းပြောပြလိုက်၏။

သူ့သမီး၏ အကြံပြုချက်ကို နားထောင်၍ အမေလင်းလင်း အပင်စိုက်မည့်အကြောင်း လက်လျှော့လိုက်၏။အမေလင်းက ဒူးရင်းသီးလည်း မစားဖူး၍ နံလည်း နံ မွှေးလည်း မွှေးသည့် အသီးက ဘယ်လိုမျိုးလဲ သိချင်မိ၏။

ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီး မိသားစုဝင်များ အိမ်ထဲဝင်လာကြ၏။

လင်းဝေ့ အိမ်အပြင်အဆင်ကို သူ့အမေဆီ မိတ်ဆက်ပေးလိုက်၏။ ထမင်းစားခန်း၊ ဧည့်ခန်းနှင့် ရေချိုခန်းအိမ်သာများကိုပြလိုက်၏။ အမေလင်းက အိမ်နောက်ဖေး အဝနှင့် အိမ်သာ တစ်ဆက်တည်းဖြစ်နေသည်ကို တွေ့၍ မေးလိုက်၏။

"ဒီလိုဆို အိမ်က မနံဘူးလား"

"မြို့ထဲ က အိမ်သာတွေလိုမျိုး ဆောက်ထားတော့ အိမ်အတွင်း ပြတင်းပေါက်တွေဖွင့်ပြီး လေဝင်လေထွက်ကောင်းရင် မနံပါဘူး အမေရဲ့"

အိမ်သာထဲရှိ လေဝင်ပေါက်များကလည်း အမြဲဖွင့်ထား၍ သန့်ရှင်းကာ အနံ့အသက်ကင်းလေ၏။

အမေလင်းလည်း သူ့မျက်လုံးဖြင့် သေချာစစ်ဆေးပြီးမှ သူ့သမီး၏ စကားကိုယုံလိုက်လေ၏။

အိမ်အောက်ထပ်ကို လှည့်ပတ်ကြည့်ပြီးနောက် အိမ်အပေါအထပ်ကို တက်သွားကြ၏။ ဝရံတာတံခါးပေါက်ကို ဖွင့်ပြီး ဝရံတာ ကနေ အပြင်ကိုမျှော်ကြည့်လိုက်၏။

"ဟိုကားက ကျုံးရှောက် မောင်းလာတဲ့ကားလား"

"ဟုတ်တယ် အာ့အနက်ရောင်ကားလေးလေ"

အောက်ထပ်လောက် အပေါ်ထပ်က အခန်းမများပေ။ အပေါ်ထပ်မှာ အိပ်ခန်းနှစ်ခန်းသာပါ၏။ အိပ်ခန်းမကြီးကတော့ ကုတင်၊ အဝတ်ဘီဒို၊ စာအုပ်စင်နှင့် စားပွဲစသည့်ပရိဘောဂ အစုံအလင်ပါကာ အခန်းဖွင့်လည်း ကျယ်လေ၏။ ဒုတိယအိပ်ခန်းကတော့ အခန်းဖွင့်ကျဥ်းသော်လည်း ပရ်ိဘောဂပစ္စည်းလည်း သိပ်မရှိ၍ ကျဥ်းကြပ်သည်ဟုတော့မခံစားရပေ။

ခြုံငုံကြည့်ရလျင် လင်းဝေ့တို့အိမ်သည် လင်းဝေ့တို့အရင်က နေခဲ့သည့် ချည်မျှင်စက်ရုံရှိ အိမ်ထက် ပိုကောင်းသည်ကို တွေ့ရ၍ အမေလင်းကျေနပ်သွား၏။

လင်းဝေ့က အမေလင်းကို တစ်အိမ်လုံး လိုက်ပြနေချိန်တွင် အဖေလင်းက ဧည့်ခန်းထဲမှာ ထိုင်နေ၏။ ရက်အတော်ကြာ ရထားတစ်တန် သင်္ဘောတစ်တန်ခရီးသွားရ၍ စိတ်ရောကိုယ်ပါ ပင်ပန်းနေ၍ မလှုပ်ချင်တော့ပေ။

ကျုံးရှောက်ကတော့ အောက်ထပ်ရှိ သူ့ယောက္ခမကို ရေနွေးကြမ်းငှဲ့ပြီး ကမ်းပေးလိုက်၏။

ရေနွေးကြမ်းက ပူနေသေး၍ အဖေလင်းက အနည်းငယ် တစ်ငုံသောက်လိုက်၏။ ရေနွေးကြမ်းက အရသာမပြင်းလွန်း မလျော့လွန်း၍ သောက်ပြီးနောက်တွင် အနည်းငယ် ချိုသည့်အရသာ ရလာ၏။

"ရေနွေးကြမ်းက ကောင်းသားပဲ"

"အဖေ ဒေသထွက် လက်ဖက်ခြောက်ကြိုက်ရင် ပြန်တဲ့အခါကျရင် ထည့်ပေးလိုက်မယ်လေ"

အဖေလင်းက ကျုံးရှောက်၏ စကားကို ရေနွေးကြမ်း တစ်ငုံသောက်ရင်း ခေါင်းငြိမ့်လိုက်၏။

ရေနွေးကြမ်း သောက်ရင်း လင်းဝေ့တို့သားအမိ အပေါ်ထပ်မှ ကလေးနှစ်ယောက်နှင့်အတူ ဆင်းလာသည်က်ိုတွေ့၍ မေးလိုက်၏။

" အိမ််ထဲ လှည့်ပတ်ကြည့်ပြီးပြီလား"

"ကြည့်ပြီးပြီ အရမ်းကောင်းတယ်"ဟု အမေလင်းက ပြောကာ အိမ်အဝင်ဝကို မျှော်ကြည့်လိုက်၏။

"ရှုခင်းလေးကလည်း ကောင်းတယ်။ သင်္ဘောပေါ်တုန်းက ပင်လယ်ရှုခင်းကို မကြည့်နိုင်အားဘူး အခုတော့ကြည့်ပါဦး ပင်လယ်ကြီးက လှလိုက်တာ"

"ဟုတ်တယ်။ ညနေခင်းနေဝင်ဆည်းဆာကိုကြည့်ရင်း ခြံထဲမှာထိုင် လက်ဖက်ရည်သောက်ပြီး ရှုခင်းကိုကြည့်ရတာ အရမ်းကောင်းတယ် အမေ"

အမေလင်းလည်း လင်းဝေ့ပြောသည်ကို နားထောင်ပြီး " သမီးတို့ဘဝလေးက သာယာလိုက်တာ"

အိမ်ပတ်လည်ကြည့်ပြီးနောက် အမေလင်းက ရှီးချန်မှ ယူလာသည့် သူ၏အထုပ်များကို ဖြည်လေတော့၏။

အထုပ်ကြီးသုံးထုပ်ထဲမှ အပေါ့ဆုံးအထုပ်က သူတို့လင်မယား၏ အဝတ်အစားများဖြစ်ပြီး အမေလင်းက ထိုအထုပ်ကိုတော့ မဖြည်တော့ချေ။

လေးသည့်အထုပ်နှစ်ထုပ်ထဲက ပိုပေါ့သည့်အထုပ်က ဟင်းသီးဟင်းရွက်များ ကုန်ခြောက်များ မှိုခြောက်များနှင့် ပဲများပါလေ၏။ ထို့အပြင် ပလတ်စတစ်ဘူးများဖြင့် ပဲသီးချဥ် မုန်လာချဥ် ငရုတ်ချဥ်ပဲငပိနှင့် ပဲအနှစ်ဘူးများလည်းယူလာသေး၏။

အမေလင်းက လင်းဝေ့ဆီ ကုန်ခြောက်များပို့ပေးသော်လည်း စစ်တပ်ထဲရောက်ပြီးသည့်နောက် ပဲအနှစ် မစားရသည်မှာ ကြာပြီဖြစ်၏။

ထို့ကြောင့် သူ့အမေလက်ရာ မြည်းကြည့်ပြီးနောက် လင်းဝေ့မျက်လုံးလေးမှိတ်ကာ အရသာကိုကျေနပ်စွာခံစားလိုက်၏။ "အရမ်း အရသာရှိတာပဲ"

" စားလို့ကောင်းလား" ဟု မင်မင်ကလည်း ဘေးမှာ သားရေမြိုချပြီး ကြည့်နေ၏။

"မြည်းကြည့်မလား" ဟု လင်းဝေ့က က မေးလိုက်ရာ မင်မင်က မငြင်းပဲ ခေါင်းငြိမ့်လိုက်၏။

"အင်းးး"

လင်းဝေ့လည်း ပဲအနှစ်တစ်ချို့ကို တူဖြင့်ယူကာ မင်မင်ပါးစပ်ထဲ ထည့်ပေးလိုက်၏။ မင်မင်လည်း လျှာလေးထုတ်ကာ အရသာခံလိုက်ပြီး မျက်မှောင်ကြုံ့သွား၏။

"အရသာက လည်း ဘယ်လိုကြီးလဲ"

"သားမကြိုက်လည်း ရပါတယ်" ဟု သူ့အမေ၏ ပြောသံကိုကြားတော့ ချက်ချင်းပြန်ပြောလိုက်၏။

"သားအရင်တုန်းက မစားဘူးလို့ပါ။ ထပ်မြည်းကြည့်မယ်"

"ဟုတ်ပြီ။ နည်းနည်း ထပ်မြည်းခိုင်းမယ်" ဟု လင်းဝေ့က တူဖြင့် ထပ်ယူကာ သူ့သားပါးစပ်ထဲထည့်ပေးလိုက်၏။

မင်မင်လည်း သေချာအရသာခံကြည့်လိုက်ကာ ပြောလိုက်၏။

"နည်းနည်း စပ်တယ်"

"စားလို့ကောင်းလား?"

မင်မင်လည်း ခေါင်းငြိမ့်လိုက်၏။ "နည်းနည်းတော့ စားကောင်းသလိုပဲ" ဟု မရေရာ မသေချာသလိုပြောလိုက်၏။

လင်းဝေ့က မင်မင် ၏ စကားကိုကြားတော့ ပြုံးလိုက်ကာ သားငယ် ရွေ့ရွေ့က်ို ကျွေးလိုက်၏။ ရွေ့ရွေ့ကတော့ မြည်းကြည့်ကာ စားကောင်းသည်ဟုပြော၏။ သူ့ညီလေးက စားကောင်းတယ် ဆိုတော့ မင်မင်က ထပ်မြည်းကြည့်ချင်သော်လည်း လင်းဝေ့က ထပ်မပေးတော့ချေ။

"တော်ပြီ နေ့လည်ကျမှ စားတော့"

မင်မင်လည်း စိတ်ပျက်သွားသော်လည်း နေ့လည်ကျစားရမည်မှန်းသိ၍ ခေါင်းငြိမ့်လိုက်၏။"ဟုတ်ကဲ့"

တစ်ထုပ်ဖြည်ပြီး အမေလင်းက ကျန်သည့် မြွေအရေခွံအရောင် အထုပ်ကို ထပ်ဖြည်လိုက်၏။ ထိုအထုပ်ကတော့ ကုန်ခြောက်များ ဟင်းသီးဟင်းရွက်အခြောက်များ မဟုတ်တော့ပေ။ ထိုအိတ်က ပြောင်းဆန်များနှင့် ခေါက်ဆွဲများဖြစ်၏။ လင်းဝေ့လည်း ပစ္စည်းများကိုကြည့်ပြီး "အမေတို့ သည်အတိုင်းလာလည်းရတာကို ဘာလို့ စားစရာကုန်ခြောက်တွေ သယ်လာရတာလဲ" ဟုပြောလိုက်၏။

"ဒါတွေအကုန်လုံးက အိမ်မှာ စိုက်ထားတာတွေပဲ ဝယ်လာတာ မပါဘူး"

"သမီးပြောချင်တာက အမေတို့တွေ လူအတိုင်း လာရင်ရတာကို ခရီးကဝေးနဲ့ အထုပ်တွေနဲ့ ပင်ပန်းလို့ပါ"

"အမေတို့လည်း တစ်ချိန်လုံး သယ်ထားစရာမှ မလိုတာ။ ရထားဘူတာရုံပြောင်း ဆိပ်ကမ်းပေါ်တက်ချိန် ဆင်းချိန်ပဲ သယ်ရတာကို။ မပင်ပန်းပါဘူး"အမေလင်းက သူ့သမီးကိုပြန်ရှင်းပြပြီး သူ့ယောကျာ်းကို အပြစ်တင်လိုက်ပြန်၏။

"ညဥ်းအဖေ မသယ်နိုင်တော့လို့ပေါ့။ မဟုတ်ရင် နောက်ထက် ပြောင်းဆန်အိတ် အထုပ်ကြီး နှစ်ထုပ်တောင် ထပ်သယ်လာချင်သေးတာ"

အမေလင်းလည်း သူ့မြေးများကိုကြည့်ပေးဖို့ မြို့ပေါ်က သူ့သမီးတွေဆီ သွားနေဖူး၍ မြို့ပေါ် လူနေမှု အခြေအနေကို သိထားသင့်သလောက် သိထား၏။ကလေးမရှ်ိသည့် မိသားစုတွေက အဆင်ပြေကြပြီး ကလေးရှိသည့်မိသားစုက ရိက္ခာမလောက်ငှဖြစ်ကာ ခက်ခဲကြ၏။

ထိုအချက်ကြောင့် ကျေးလက်ဒေသရှိလူများက ပိုအဆင်ပြေသည်ဟု ပြောနိုင်၏။ အိမ်ရှိလူများ မပျင်းမရိအလုပ်လုပ်နေသ၍ အစိုးရကို အခွန်ဆောင်ပြီးလျင် ကျန်သည့် အစားအစာများက မိသားစုတစ်ခုလုံးစားဖို့လောက်ငှ၏။

လင်းဝေ့တို့ကလေး နှစ်ယောက်က ငယ်သေး၍ သူတို့နှစ်ယောက်အတွက် ထောက်ပံ့ကြေးကလည်း နည်းသေး၏။ ထို့ကြောင့် လင်းဝေ့ တပ်ထဲ ပြောင်းမလာခင် အပိုအနေဖြင့် မိဘအိမ်မှ အသားအသောက်များ သယ်ခဲ့ခြင်းဖြစ်၏။

ထို့ကြောင့် အမေလင်းလည်း သူတို့လင်မယားလာနေမည့် ရက်ကိုတွက်ချက်ကာ လိုအပ်မည့် ဆန် ၂ကာတီခန့်နှင့် ကုန်ခြောက်များသယ်လာခဲ့ခြင်းဖြစ်၏။ ယူမလာလည်း သူ့သမီးက ကျွေးမည်မှန်းသိသော်လည်း သမီးမိသားစုအတွက် စဥ်းစားကာ သယ်ခဲ့ခြင်းဖြစ်၏။ သူ့ယောကျ်ားအဖိုးကြီးကတော့ ဒါတွေကို နားမလည်ပဲနဲ့ အိတ်ထဲက ပစ္စည်းတွေ လေးတယ်ဆိုပြီး ထပ်လျော့ပစ်လို့ ၂၀ကီလိုဂရမ်လောက်ပဲ သယ်လာနိုင်ခဲ့တာ။

အမေလင်းက အဖေလင်းမကောင်းကြောင်းသူ့သမီးကိုအတင်းတုတ်ပြနေသည်ကိုကြားတော့ အသံကို တိုးကာ သူ့သမက်ကို ရှင်းပြလိုက်၏။ "မင်း ယောက္ခမကြီးက ငါ့ ဆိုအကောင်းကို မပြောဘူး."

ကျုံးရှောက်လည်း အလိုက်သင့် ဘာပြောရမှန်းမသိ၍ ရေနွေးကြမ်းသာ ထပ်ငှဲ့ပေးလိုက်၏။ " အဖေ ရေနွေးကြမ်းထပ်သောက်ပါဦး"

လင်းဝေ့ကတော့ သူ့မိဘများ ယူလာပေးသည့် ပစ္စည်းများကို သိမ်းဆည်းနေ၏။ အချဥ်သိပ်ထားသည့် ပလတ်စတစ်ဘူးများကို မီးဖိုချောင်ကို ယူသွားပြီးဆန်နှင့် ခေါက်ဆွဲခြောက်များကို ဧည့်ခန်းထဲက ကြောင်အိမ်အကြီးထဲ ထည့်သိမ်းလိုက်၏။ မိသားစုအိမ်ရာအတွင်း လုံခြုံ၍ ခိုးယူမည့်သူမရှိသောကြောင့် လင်းဝေ့သည် စားစရာများကို အလွယ်တကူ ထုတ်ယူ၍ ရသည့်နေရာများတွင်သာ သိမ်းထားလိုက်သည်။

ပစ္စည်းများသိမ်းဆည်းပြီး လင်းဝေ့က အမေလင်းကို အပေါ်တက်ကာ နားခိုင်းလိုက်၏။ အမေလင်းက လှိုင်းမမူးတတ်သော်လည်း ရက်အတော်ကြာ ခရီးနှင်ခဲ့ရ၍ ပင်ပန်းနေမည်ဖြစ်၍ အနားယူရန်လိုအပ်သည်။

အမေလင်းလည်း အမှန်ပင် ခရီးပန်းနေပြီဖြစ်၏။အသက်ကလည်း ငါးဆယ်ကျော်ရှိနေပြီဖြစ်၍ အရင်ကလို မသန်မာတော့ပေ။ မဟုတ်လျင် သူကိုယ်တိုင်အထုပ်များအကုန်ဆွဲကာ ယားကျိုကျွန်းကို လာခဲ့မည်ဖြစ်၏။ သူ့ယောကျာ်းကို သယ်ခိုင်းစရာပင်မလိုချေ။

အခုတော့အခြေအနေ အသက်အရွယ်က စိတ်သွားတိုင်းကိုယ်မပါနိုင်တော့ပေ။

အမေလင်းက အပေါ် ထပ်တက်ကာ အနားယူစဥ် အဖေလင်းကလည်း သူ့မြေးတွေရဲ့ အခန်းထဲမှာ ခဏဝင်လှဲနေ၏။ ထိုစဥ် လင်းဝေ့တို့ သားအမိသားအဖ လေးယောက်က စျေသယ်ဖို့ စျေးကို ခဏသွားကြ၏။

လင်းဝေ့လည်း သူ့မိဘများ အလည်လာစဥ်အတွင် အသစ်အဆန်းများ ချက်ကျွေးရန် ဆုံးဖြတ်ကာ ပင်လယ်စာ အရောင်းတန်းကို သွားလိုက်၏။ ပင်လယ်စာ အရောင်းတန်းကို ရောက်တော့ ပင်လယ်စာ ပင်လယ်ငါးအများစုက ရောင်းကုန်နေပြီဖြစ်၏။ပင်လယ်ပုစွန် ဂဏန်းနှင့် ပင်လယ် ခရုကမာ တစ်ချို့သာ ကျန်တော့၏။

သမဝါယမစျေးမှာ ပင်လယ်ခရု အမြဲရောင်းလေ့ရှိပြီး အကောင်လည်း အရမ်းမကြီး၍ စျေးလည်း သင့်ပါ၏။လင်းဝေ့လည်း ပင်အလယ်ခရုနှင့် ငါးဆူးတောင်ကိုထုပ်ခိုင်းလိုက်ပြီး ဂဏန်းအချို့ ပုစွန်အချို့နှင့် ကမာကောင် အချို့ကိုလည်း ဝယ်ခဲ့လိုက်၏။

ပင်လယ်စာဝယ်ပြီး အသီးအရွက် စျေးတန်းကိုသွားလိုက်၏။ ကြက်သားဝက်သား အမဲသား စျေးတန်းမှာတော့ ဘာမျှ မကျန်တော့ချေ။ထို့ကြောင့် လင်းဝေ့လည်း အသီးအရွက် တစ်ချို့ဝယ်ကာ ပြန်လာခဲ့လိုက်၏။

နေ့လည်ခင်းမှာတော့ စာဖိုမှုးလင်းဝေ့နှင့် စားဖိုမှုးအကူ ကျုံးရှောက်တို့ လုပ်ငန်းစပြီဖြစ်၏။

ထိုအချိန် အမေလင်းလည်း ထနေပြီဖြစ်ကာ အားအင်ပြည့်နေပြီဖြစ်၏။ ထို့ကြောင့် ကူညီပေးရန် မီးဖိုထဲ ဝင်လာသော်လည်း လင်းဝေ့က အကူမခံပေ။ အထူးဧည့်သည်အဖြစ်သာနေရန်ပြောပြီး ကျုံးရှောက်ကိုသာ ကူညီစေ၏။

ဇနီးမောင်နှံနှစ်ဦး တက်ညီလက်ညီ စားဖိုဆောင် ဝင်နေကြသည်ကို တွေ့၍ အမေလင်းက ကြည်နူးနေ၏။ မီးဖိုဆောင်က ထွက်လာတော့လည်း သူ့သမက်လေး ကျုံးရှောက်၏ ကောင်းကြောင်းများကို သူ့ယောကျာ်းရှေ့ ကြွားပြလိုက်ပြန်၏။

အဖေလင်းလည်း ဘာမှ ပြန်မပြောတော့ပါ။ အဖေလင်းက ထမင်းဟင်းချက် မကူဖူးသလို မီးဖိုချောင်လည်း တစ်ခါမှ မဝင်ဖူးပါ။ "မီးဖိုချောင်အလုပ်သည် ယောကျာ်းသားများ၏ အလုပ်မဟုတ် အိမ်ရှင်မများ၏ အလုပ်သာဖြစ်သည်"ဟု သာခံယူပြီး အိမ်မှာ အိမ်ဦးနတ်လုပ်နေသူဖြစ်၏။

ထို့ကြောင့် အမေလင်းက ကျုံးရှောက်ကို ချိီးကျူးတော့တိတ်တိတ်လေး နားထောင်ကာ တစ်ခါတစ်လေမှ ပြန်တုန့်ပြန်၏။

အမေလင်းလည်း သူ့ယောကျာ်းအကြောင်း ကောင်းကောင်းသိ၏။ သူ့ယောကျာ်း၏ တစ်အင်းးအင်းးး ပြန်ဖြေသည့်အသံသာ ကြားရ၍ စိတ်တိုလာမိကာ ဘာမှ ထပ်မပြောတော့ချေ။

အမှန်တော့ ကျုံးရှောက်က ထမင်းဟင်းချက်ကူသည်သာမဟုတ် ဟင်းတစ်ခွက်ပါ ချက်လိုက်သေး၏။ သူ့ယောက္ခမကြီး နှစ်ယောက် အလည်လာဖို့က ခဲယဥ်းသည်ဖြစ်၍ သူ့ကို အထင်ကြီး စေဖို့ လက်စွမ်းပြရမည်ဖြစ်သည်။

ထို့ကြောင့် ဟင်းချက်စကေး မကောင်းသော်လည်း ဟင်းတစ်ခွက်ကိုတော့ မရ ရအောင် လက်စွမ်းပြထား၏။

လင်းဝေ့ တပ်ထဲ ပြောင်းလာတာလည်း နှစ်ဝက်လောက်ရှိပြီဖြစ်၍ ကျုံးရှောက်၏ ဟင်းချက်လက်ရာကလည်း အရင်ကထက် ပိုကောင်းလာပြီဖြစ်သည်။ အရောင်သုံးမျိုးနှင့် အရာသာပေါင်းစုံသည့် ဟင်းတစ်ခွက်ချက်ထားလေ၏။ အရသာကဘအကောင်းကြီး မဟုတ်သော်လည်း မဆိုးဟု ထင်ရ၏။

အမေလင်းကတော့ သူ့သမက်ကိုကြည့်လေလေ ပိုသဘောကျလေလေ ဖြစ်နေ၏။ ထို့ကြောင့် သမက်ဖြစ်သူ ဟင်းချက်ထားသည်ကို သိရတော့လည်း ချီးကျူးပြန်၏။

သူတို့အဖေ၏ ဟင်းကို အဖွားက အရမ်းချီးကျုးနေ၍မင်မင်က ရွေ့ရွေ့ကို တီးတိုးမေးလိုက်၏။ " ဖွားဖွားရဲ့ပါးစပ်က ဒီနေ့ ဘာဖြစ်နေတာလဲ"

ရွေ့ရွေ့လည်း သူ့အစ်က်ို ဘာပြောလျင်တာလည်း ဆိုတာ နားမလည်ပေ။ "ဘာကိုလဲ"

"ဖေဖေချက်တဲ့ဟင်းကို အရမ်းကောင်းတယ်ပြောနေလို့လေ ဖွားဖွားရဲ့ လျှာဘာဖြစ်နေပြီလဲ မသိဘူး" ဟု မင်မင်က သူ့အဖွားဘာလို့ သူ့အဖေချက်သည့်ဟင်းကို ချီးကျူးနေလဲ နားမလည်နိုင်၍ ပြောလိုက်၏။

ရွေ့ရွေ့လည်း စဥ်းစားလိုက်သည်။ "ဖွားဖွားရဲ့ အရသာခံအာရုံပျက်နေတာပဲဖြစ်ရမယ်"

လင်းဝေ့ကတော့ ကလေးနှစ်ယောက်၏ တီးတိုးပြောနေသည့်စကားကိုကြားမိပြီး ပြုံးလိုက်၏။ ထို့ကြောင့် သူတို့နှစ်ယောက်ခေါင်းကို တူဖြင့်ခေါက်လိုက်ပြီး ပြောလိုက်သည်။ "စားစရာရှိတာ စား စကားပြောမနေကြနဲ့"

အမေလင်းက ကျုံးရှောက်၏ ဟင်းကို အလွန်အကျွံ ချီးကျူးနေပေမယ့် တစ်ကယ်တမ်း လူကြိုက်များသည့်ဟင်းက လင်းဝေ့ချက်ထားသည့် ပင်လယ်စာဟင်းလျာများဖြစ်၏။

အမေလင်းက ပငမလယ်ခရု စစားစဥ်က စိုးရွံ့ နေမိ၏။ကုန်းတွင်းပိုင်းနေသည့် သူများက ပင်လယ်စာများကို ငယ်စဥ်ကတည်းက မစားဖူးကြပေ။ ထို့ကြောင့် ပင်လယ်ခရု ပင်လယ်စာများက စျေးကြီးသည်ဟု တွေးကာ သူစားသည့်အလုတ်တိုင်းက ပိုက်ဆံဟုတွေးနေ၏။

လင်းဝေ့လည်း အမေလင်း စိုးရိမ်နေသည်ကို တွေ့၍ ပင်လာ် ခရု တစ်ပေါင်ကို ဘယ်လောက်သာ ကုန်ကျကြောင်း ပြောပြလိုက်၏။

စျေးတော့ မပေါသော်လည်း စျေးကြီးသည့် စျေးနှုန်းလည်း မဟုတ်ပါ။ စျေးနှုန်းကိုသိပြီးမှ အမေလင်းလည်း စားရဲတော့၏။ သို့သော် အရသာက သူမမျှော်လင့်ထားသလိုမဟုတ်၍ မကြိုက်မိပါ။ ထို့ကြောင့် မတန်၍ နောက်တစ်နေ့ မဝယ်နှင့်ဟု လင်းဝေ့က်ို ပြောလိုက်၏။

…………………………

နေ့လည်စာ စားပြီးနောက် လင်းဝေ့က သူ့မိဘများကို လမ်းလျှောက် ထွက်မလားဟုမေးလိုက်၏။

အဖေလင်းကတော့ အမေလင်းဘယ်သွားသွားလိုက်မည်သာဖြစ်၏။ လင်းဝေ့က သွားနိုင်မည့်နေရာများကို ရွတ်ပြလိုက်၏။

ကမ်းခြေမှာ လမ်းလျှောက်ကြမလား တောင်တင်ကြမလားး ဒါမှ မဟုတ် ခရိုင်မြို့မှာ စျေးဝယ်ထွက်မလားး။

အမေလင်းကတော့ သူ့သမီးအိမ်က ကမ်းခြေပဘေးမှာပဲရှိတာမို့လို့ ကမ်းခြေကို ဘယ်အချိန် သွားသွားရသည်ဟု တွေးလိုက်၏။ တောင်တက်ခြင်းကလည်း သူမတို့အိမ်အနောက်တွင်တောင်ရှိ၍ ခဏခဏ ရိုးနေအောင်ကို တက်ခဲ့ဖူး၏။ ထို့ကြောင့် ခရိုင်မြို့ကို အလည် ထွက်ရန်ဆုံးဖြတ်လိုက်၏။ ဤသို့ဖြင့် သူတို့အဖွဲ့သည် ကားနှင့်နောက်တစ်ခေါက်အပြင် ထပ်ထွက်ခဲ့ကြ၏။

အမှန်တော့ ခရိုင်မြို့မှာလည်း လည်စရာပတ်စရာ ဘာမျှ မရှိပါ။ အမေလင်းက ပိုက်ဆံပေးပြီး ရုပ်ရှင်လည်း မကြည့်ချင်၍ သူတို့တစ်တွေ မြစ်ဘေးမှာ လမ်းလျှောက်ကြ၏။ သမဝါယမစျေးကိုလည်း ပတ်ကာ ပြည်နယ်စားသောက်ဆိုင်မှာ ညစာ စားလိုက်ကြ၏။

အမေလင်းက ပြည်နယ်စားသောက်ဆိုင်ရှိ ဟင်းများက စျေးကြီး၍ မစားချင်ပါ။ အိမ်ပြန်ကာ ချက်စားချင်နေ၏။ သို့သော် လင်းဝေ့နှင့် ကျုံးရှောက်က မြူဆွယ်လိုက်ရာ အမေလင်းကလည်း ဟင်းပွဲအသစ်များကို စမ်းမြည်းချင်နေ၍ သဘောတူလိုက်၏။

ပြည်နယ်စားသောက်ဆိုင်ရှိ စားဖိုမှုးများက အချက်အပြုတ်ကျွမ်း လက်ရာကောင်းကြ၍ ဟင်းပွဲများကလည်း အရသာရှိလှ၏။ လင်းဝေ့၏ မိဘများက လည်း ဟင်းပွဲများ၏ အရသာကိုကျေနပ်ကာ အပြုံးများဖြင့်အိမ်ပြန်လာကြ၏။

တစ်ညနေခင်းလုံး လျှောက်သွားထားကြသဖြင့် လင်းမိဘနှစ်ပါးလည်း ညောင်းညာနေပြီဖြစ်ရာ တစ်မိသားစုလုံး အိပ်ရာဝင်သွားကြတော့၏။

ကြိုတင်ကာနေရာစီစဥ်ထားမှုကြောင့် လင်းဝေ့ အမေလင်းနှင့်ကလေးနှစ်ယောက်က အိပ်ခန်းမကြီး မှာ အိပ်ပြီး၊ ကျုံးရှောက်တို့ သမက်ယောက္ခမကတော့ ဒုတိယအိပ်ခန်းမှာ အိပ်ကြ၏။

ကလေးနှစ်ယောက်က အမေလင်းအနားမှာပဲကပ်နေ၏။သူတို့အဖွားကိုမတွေ့ရနာ နှစ်ဝက်ခန့်ကြာပြီဖြစ်၍ ကပ်နေကြခြင်းဖြစ်ကာ အတူအိပ်ရတော့လည်း ပျော်နေကြ၏။ အထူးသဖြင့်မင်မင်သည် ပျော်လွန်း၍ အိပ်ရာပေါ်မှာ ခုန်ပေါက်နေ၏။ ကုတင်ခိုင်လို့သာ တော်သေး၏။ မဟုတ်လျင် ကုတင်ကျိုးနေလောက်ပြီ။

ကလေးနှစ်ယောက် ခုန်ပေါက်ဆော့ကစားပြီးနောက် အိပ်ပျော်သွားချိန်မှ အမေနှင့်သမီး၏ စကားပြောချိန်ရလေ၏။

လင်းဝေ့က ပထမဆုံး ဇာတိမြို့ရှိ အိမ်အခြေအနေကို မေးမြန်းလေ၏။ "အိမ်မှာတော့ ပုံမှန်ပါပဲလေ။ ကြီးမားမား ရန်ဖြစ်တာမျိုးမရှိပေမယ့် ပုံမှန် အသေးအဖွဲ ပြသနာလေးတွေတော့ ရှိတာပေါ့" ဟု ပေါ့ပေါ့ပါးပါးသာ ပြန်ဖြေလိုက်၏။

မိသားစုတိုင်းမှာလည်း သူ့ပြဿနာနှင့် သူရှိလေ၏။ အမေလင်းအနေဖြင့် သူမွေးထားသည့် ကလေးသုံးယောက်ကို အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင်ကျွေးမွေးပြုစုလာခဲ့၏ သားနှစ်ယောက်ကိုပင် ပို၍ အလိုလိုက်ကာ ပိုပိုသာသာ ကျွေးမွေးခဲ့သည်ဟု ထင်မိ၏။ သို့သော် သူ့ချွေးမများကတော့ ထိုသို့မတွေးကြချေ။

အထူးသဖြင့် အကြီးဆုံးချွေးမကြီးသည် သူ့ယောက္ခမကြီးက သားသမီးသုံးယောက်ထဲတွင် သူ့ယောကျာ်းကို အလိုမလိုက်ဟု အကောင်းမမြင်ဟုတွေးနေ၏။ သားငယ်လင်မယားက စက်ရုံအလုပ်ကို သက်သက်သာသာ ကောင်းကောင်းမွန်မွန် လုပ်နေရပြီး သူ့ယောကျာ်းကသာ လယ်အလုပ်ကို ပင်ပင်ပန်းပန်း လုပ်နေရသည်ဟုတွေးနေ၏။ လင်းဝေ့၏ ယောက္ခမကြီး ဆုံးသွားတော့ အမွှာနှစ်ယောက်ကို ထိန်းပေးရန် လူမရှိ၍ လင်းဝေ့က သူ့အမေကို လခပေးကာ ထိန်းခိုင်းသော်လည်း ချွေးမကြီးသည် အမေလင်းက လင်းဝေ့ အပေါ်လည်း ဘက်လိုက်သည်ဟု ပြောပြန်၏။

သူ့အိမ်ရှိ ပြဿနာများကို တွေးမိ၍ အမေလင်းသည် သက်ပြင်းချမိလိုက်၏။ " အသေးအမွှား ပြဿနာလေးတွေလည်း သူတို့လင်မယားကြားပဲ ဖြစ်ပြီး အမေတို့ရှေ့ရောက်မလာရင်ပြီးတာပဲ" ဟု ပြောပြကာ ယားကျိုကျွန်းပေါ်နေခဲ့သည့် ခြောက်လကာလ အတွေ့အကြုံများကိုမေးမြန်းလေ၏။

အမေလင်းက အိမ်အခြေအနေ မိသားစုအခြေအနေများကောင်းသည်ကို မျက်စ်ိဖြင့်မြင်ခဲ့၍ သူ့သမီးကောင်းကောင်းမွန်မွန် နေနေမှန်းသိ သော်လည်း လူတိုင်းက မိသားစု အပြင်ပန်းကိုသာ မြင်ရသည်ဖြစ်၏။အတွင်းရေး ဘာဖြစ်နေသလဲတော့ မျက်စိဖြင့်ကြည့်၍ မမြင်နိုင်ပေ။ ထို့ကြောင့် အမေလင်းက ကိုယ်တိုင်မေးကြည့်ရခြင်းဖြစ်၏။

လင်းဝေ့သည်လည်း သူမအိပ်မက်ကို တွေးလိုက်ပြီး သူ့အမေကို ပြောပြရန် သင့်မသင့် တွန့်ဆုတ်နေ၏။

"သမီးး…"

နောက်တော့ပြုံးကာပြောလိုက်၏။

"သမီးတို့မိသားစုလေးလဲ ပျော်ပါတယ်။ ကျုံးရှောက်ကလည်း သမီးအပေါ်ကောင်းပြီး ကလေးနှစ်ယောက်ကလည်း လိမ္မာကြပါတယ်။ အခုသမီးမှာ အလုပ်လည်း ရှိနေပြီဆိုတော့ သမီးတို့မိသားစုဟုကတော့ ပျော်ပျော်ရွှင်ရွှင်ပါပဲ"

လင်းဝေ့၏ အမေဖြစ်သည့် အမေလင်းက သူ့သမီး တစ်ခဏတွေဝေစဥ်းစားနေသည်ကိုတွေ့လိုက်၍ အကြောင်းအရင်းကို မေးချင်သော်လည်း သူ့သမီးမျက်နှာက အပြုံးကို တွေ့လိုက်၍ မေးချင်သည့် စိတ်ကိုမြိုချလိုက်၏။

"သမီးတို့ပျော်ရွှင်နေတယ် ဆို အမေလည်း စိတ်အေးရတာပေါ့"

သူသမီးမှာ ပြောစရာတစ်ခုခုရှိမှန်း သေချာပေါက် ခံစားမိ၍ နောက်မှ မေးကြည့်ရန် ဆုံးဖြတ်လိုက်၏။ညအမေလင်းလည်း ကျွန်းပေါ်မှာ လဝက်လောက်နေဦးမှာ ဆိုတော့အချိန်ရသေးတယ်လေ။

All Chapters