Chapter 133
Vol. 11 Ch. 133
ဤသို့ဖြင့် အမေနှင့်သမီးသည် စကားပြောကြပြီး မိုးလင်းခါနီးမှ အိပ်ရာ ဝင်ကြလေ၏။ သမက်နှင့် ယောက္ခမကတော့ ပြောစရာစကားသိပ်မရှိ၍ စောစောအိပ်ကြ၏။
အဖေလင်း အိမ်အပေါ်ထပ်က ဆင်းလာတော့ ကျုံးရှောက်ကို ထမင်းဘူးနှစ်ဘူးနှင့် ဆီစိမ်စက္ကူဖြင့်ထုပ်ထားသည့် အီကြာကွေးများ ဝယ်လာသည်ကို တွေ့လိုက်ရ၏။
" မနက်စာ သွားဝယ်လာတာလား"
"ဟုတ်ကဲ့ ကျွန်တော် ပြည်နယ် စားသောက်ဆိုင်ကနေ သွားဝယ်လာတာ။ အမေနဲ့ လင်းဝေ့တို့ ထကြပြီလား"ဟု ကျုံးရှောက်က မေးလိုက်၏။
" သူတို့သားအမိ ညလုံးပေါက်စကားပြောကြတယ်ထင်တယ်။ ဒီမနက် အစောကြီး မထနိုင်ကြဘူး" ဟု ပြန်ဖြေလိုက်ရင်း အဖေလင်းက ကျုံးရှောက် စစ်ယူနီဖောင်းဝတ်မထားသည်ကို တွေ့၍မေးလိုက်၏။
"ဒီနေ့ စခန်းကို သွားရဦးမှာလား"
"ဟုတ်ကဲ့ အချိန်တောင်နီးလာပြီ"
" သူတို့သားအမိဘယ်အချိန်မှ ထကြမှာလဲ မသိဘူး။ တံခါးသာ သွားခေါက်လိုက်တော့"
ကျုံးရှောက်လည်း ဟုတ်ကဲ့ပြောကာ အပေါ်ထပ် သူတို့ လင်မယားအိပ်ခန်းကိုသွားပြီး တံခါးခေါက်လိုက်၏။
"ဘယ်သူလဲ " အမေလင်းက အထဲက ပြန်ထူး၏။
"အမေ ကျွန်တော်ပါ။ ကျွန်တော်အထဲက အဝတ်အစားယူစရာလေးရှိလို့ပါ"
အမေလင်းလည်း ခဏရပ်သွားပြီး အခုမှ ထသည့်ပုံစံဖြင့် ထ ထိုင်ကာ ပြောလိုက်၏။
"ဝင်လာခဲ့ပါ"
ကျုံးရှောက် တံခါးတွန်းဖွင့်ကာ ဝင်သွား၏။ အိပ်ခန်း ခန်းစီးများလည်း ပိတ်ထား၍ အခန်းက အလင်းမှိန်မှိန်လေးသာ ရှိ၏။ ကုတင်ပေါ်ကို မကြည့်ပဲ အဝတ်ဘိီဒိုဆီသာတန်းတန်းသွားပြီး လိုအပ်သည့်အဝတ်အစားများကို ရှာလေသည်။
" ပုံမှန်လည်း ဒိီအချိန် အလုပ်သွားတာလား"ဟု အမေလင်းက ရုတ်တရက်မေးလိုက်၏။
"အမြဲ တမ်းလိုလိုပါပဲ"
"နေ့လည်ဆို အိမ်ပြန်လာပြီး နေ့လည်စာစားလား"
"နေ့လည်ဆို စခန်းက ကန်တင်းမှာပဲ စားဖြစ်ပါတယ်။ညနေ ခြောက်နာရီဆိုရင်တော့ အလုပ်က ပြန်လာပါပြီ"
ကျုံးရှောက်လည်း သူ၏ အပေါ်ဝတ် စစ်ဝတ်စုံကိုကောက်ဝတ်လိုက်ပြီး ကြယ်သီးတပ်လိုက်၏။
"အမေ ကျွန်တော် အလုပ်သွားတော့မယ်။ စားပွဲပေါ်မှာ မနက်စာတင်ထားတယ်ခင်ဗျ။ နိုးလာရင် စားလိုက်ကြပါဦး"
"မနက်စာတောင် ဝယ်ပြီးပြီလား"အမေလင်းက အံ့သြစွာမေးလိုက်၏။
"အမြဲတမ်း မနက်စာကို သမက်လေးပဲ သွားဝယ်တာလား"
"မကြာမကြာတော့ ဝယ်ဖြစ်ပါတယ်" ကျုံးရှောက်ကလည်း အမှန်အတိုင်းပြောလိုက်၏။
အမေလင်းလည်း မနေ့ကတည်းက သူ့သမက်က သူနဲ့စကားပြောရတာ မဝံ့မရဲ ဖြစ်နေမှန်းသတိထားမိ၍ စကားဆက်ပြောရန် မစဥ်းစားတော့ပေ။ "ဒါဆိုလည်း အလုပ်သွားတော့လေ။ လမ်းမှာ သတိထားသွားဦးနော်"
ကျုံးရှောက်လည်း ပြန်နှုတ်ဆက်ကာ အခန်းအပြင် ပြန်ထွက်သွားလိုက်၏။
တံခါးပိတ်သံကြားတော့မှ အမေလင်းလည်း အတွေးနွံထဲ နစ်ဝင်သွားလေ၏။
အမေလင်းက ကျုံးရှောက် ငယ်စဥ်ဘဝကြီးပြင်းလာသည်က်ို မမြင်ခဲ့ရသော်လည်း ကျုံးရှောက်အမေနှင့် အမေလင်းက ငယ်စဥ်က အတူကြီးပြင်းလာခဲ့တာဖြစ်သည်။ နောက်ပိုင်း အဆက်အသွယ်မရှိခဲ့သော်လည်း သူတို့နှစ်ဦးကြား သံယောဇဥ်ကတော့ မပျက်သွားပါ။ ထို့ကြောင့် ကျုံးရှောက်အမေ ရှီးချန်ကိုပြန်ရောက်လာတော့ သူတို့နှစ်ဦး ပြန်ရင်းနှီးသွားပြီး ခဏခဏ တွေ့ဆုံဖြစ်ကြ၏။
သူတို့ကလေးနှစ်ယောက် မင်္ဂလာကိစ္စကို မဆုံးဖြတ်စဥ် အမေလင်းက ကျုံးရှောက်ကို သူ့သူငယ်ချင်း အိမ်မှာ မကြာခဏ အကဲခတ်ခဲ့ဖူး၏။ ကျုံးရှောက်က သိတတ်လိမ္မာတဲ့ သူလား စစ်သားကောင်းတစ်ယောက်လား သေချာအကဲခတ်ပြီး သဘောကျ ကျေနပ်ခဲ့တာဖြစ်၏။
ထို့ကြောင့် လင်းဝေ့တို့အဖွားက ကလေးနှစ်ယောက် မင်္ဂလာကိစ္စပြောလာတော့ အကြာကြီး တွေးမနေပဲ ချက်ချင်းသဘောတူခဲ့တာဖြစ်သည်။ သူ့သမီးကပညာတတ်ဖြစ်သော်လည်း ကျုံးရှောက်တို့ မိသားစုအခြေအနေကပိုကောင်း၍ သူ့သမီးသိမ်ငယ်နိုင်သည်ကို တွေးမိသော်လည်း သဘောတူခဲ့တာဖြစ်သည်။
သို့သော် သူ့မိတ်ဆွေ ကျုံးရှောက်အမေ ဆုံးပါးသွားပြီး လင်းဝေ့တစ်ယောက်တည်း ကလေးတွေနဲ့ ရုန်းကန်နေရတာမြင်တော့ သူမ ဆုံးဖြတ်ချက်ကို နောင်တရမိသလိုဖြစ်လာ၏။ ဇာတိမြို့တူသည့် မိသားစုအဆင့်အတန်းနိမ့်ပါးသည့် လူငယ်တစ်ယောက်နှင့် လက်ဆက်ပေးခဲ့လျင်ပင် လင်းဝေ့ဘဝ အခြေအနေ မဆိုးနိုင်ဟု တွေးခဲ့မိ၏။
သို့သော် ချည်မျှင်စက်ရုံရှိ မိသားစုများ၏ အိမ်တွင်းရေးပြသနာကိုမြင်ပြန်တော့ ကျုံးရှောက်နှင့် လက်ထပ်ပေးလိုက်တာ ပိုကောင်းသည်ဟု တွေးလိုက်ရပြန်၏။
ကျုံးရှောက် ရာထူးတိုးသည်ဟု သတင်းကြားတော့ သူမ သမီး၏ ဒုက္ခများ ငြိမ်းသွားပြီဟု တွေးလိုက်မိ၍ တစ်ခဏ အပျော်ဆုံးဖြစ်သွား၏။ သို့သော် လင်းဝေ့ ကျွန်းပေါ်ကို သွားရမည်ကိုပြန်တွေးလိုက်တော့ စိတ်ပူသွားရပြန်သည်။ ယားကျိုကျွန်းက အခြေအနေတွေက ပိုခက်ခဲပြီး သူမသမီး ခံနိုင်ရည်မရှိမည်ကို တွေးပူနေမိခြင်းဖြစ်၏။
သူ့မြေးလေးတွေက အမြဲတမ်း အဆင်ပြေကြောင်း စာရေးပို့နေသော်လည်း သူမမျက်စိနှင့်မမြင်ရသ၍ စိတ်မအေးနိုင်သေးပေ။
ထို့ကြောင့် လင်းဝေ့ဆီက နှစ်သစ်ကူးချိန် ကျွန်းကို အလည်လာဖို့ ဖိတ်ခေါ်စာရောက်တာနဲ့ ချက်ချင်း လိုက်လာဖို့ကို ဆုံးဖြတ်ခဲ့တာဖြစ်၏။
သူမယောကျာ်းသည် အစကတော့ အင်တင်တင်ဖြစ်နေ၏။ နှစ်သစ်ကူးလို အရေးကြီးသည့် ရက်မျိုးမှာ တစ်ခြားကို ခရီးဝေး မထွက်သင့်ဟုတွေးနေ၏။ နှစ်သစ်ကူးညစာစားပွဲနှင့် နှစ်သစ်ကူး ကတော့ပွဲတို့ကို ဘယ်လိုလုပ်ရမှာလဲ။ ပြီးတော့ သူက သူ့တပ်ဖွဲ့ရဲ့ အတွင်း ရေးမှုး ဖြစ်၍ သူမရှိလျင် တပ်ဖွဲ့က ဘယ်လိုလုပ်ရမှာလဲ။စသည်ဖြင့် အမျိုးမျိုးတွေးနေ၏။
သို့သော် အမေလင်းက သူ့ယောကျ်ားစကားကို နားမထောင်ပဲ သူတစ်ယောက်ထဲ သွားမည်ဟု ပြောလာ၏။အမေလင်းက တစ်ယောက်တည်းလဲ ခရီးဝေးမသွားဖူးသည့်အပြင် စာလည်း မဖတ်တတ်၍ တစ်ယောက်ထဲ လွတ်လိုက်လျင်လည်း လမ်းပျောက်မည်စိုး၍ စိတ်မချပေ။
အဖေလင်းက မသွားချင်သလို သူ့သားနှင့်ချွေးမတွေကလည်း မသွားခိုင်းစေချင်ပေ။ အထူးသဖြင့် အကြီးဆုံးချွေးမက ပို၍ မသွားစေချင်ပေ။
အကြီးဆုံးချွေးမကြီးက သူ့ယောက္ခမကြီး အဖေလင်း မသွားချင်၍ သူလည်း မသွားစေချင်တာ မဟုတ်ပဲ။ လင်းဝေ့အပေါ် သူမ၏ အမြင်မကြည်မှုကြောင့်ဖြစ်၏။အကြောင်းအရင်းကတော့ လင်းဝေ့၏ အလုပ်ကိစ္စကြောင့်ဖြစ်၏။
အရာရှိဇနီးသည်အများစုက သူတို့ဇာတိမြို့မှာ အလုပ်ရှိသော်လည်း ယောကျာ်းရှိရာသို့ ပြောင်းရွေ့ခဲ့ပါက ထိုပြောင်းရွေ့သွားသည့်နေရာမှာ အလုပ်ရနိုင်ဖို့မသေချာပေ။ ထိုနေရာမှာ စစ်တပ်က ရုံးထိုင်နေပြီး အလုပ်အကိုင်နေရာချထားရေးဌာနရှိမှသာ အလုပ်ရဖို့ရာခိုင်နှုန်း များနိုင်၏။
ယားကျိုကျွန်းလို စစ်တပ် အခြေစိုက် ကျွန်းပေါ်မှာတောင် ပြောင်းလာသည့် အရာရှိဇနီးသည်တစ်ယောက်က အလုပ်ရဖို့က မလွယ်လှချေ။ မည်သည့်ဌာနက လူသစ်တစ်ယောက်ကို လွယ်လွယ်ကူကူ လက်ခံနိုင်မည်နည်း။ အလုပ်စီစဥ်ပေးသည်ကိုသာ စောင့်နေလျင် ဘယ်အချိန်မှ အလုပ်နေရာရနိုင်မလဲ မသိနိုင်ပါ။
ဤသို့ဖြင့် ပြောင်းရွေ့တော့မည့်လူတိုင်းက သူတို့မပြောင်းခင် ရင်းနှီးသည့် လူကို ထောက်ခံပေးကာ အလုပ်နေရာရောင်း ပေးခဲ့လေ့ရှိ၏။
ထို့ကြောင့် ကျုံးရှောက်၏ ယားကျိုကျွန်းကိုပြောင်းလာရန်စာရောက်လာတော့ လင်းဝေ့သည် သူ၏ အလုပ်နေရာကို တစ်ဆင့်ရောင်းပေးရန် စဥ်းစားလေ၏။ ကျုံးရှောက်၏ ဆွေမျိုးနီးစပ်များလည်း မရှိ၍ သူမမိသားစုကိုသာ ထိုကိစ္စပြောပြလိုက်ပြီး အမေလင်းနှင့် တိုင်ပင်လိုက်၏။ အမေလင်းကလည်း သူ့သားနှစ်ယောက်စလုံးကို အလုပ်ကိစ္စပြောပြလိုက်၏။
သားနှစ်ယောက်စလုံးက ထိုအလုပ်ကို လိုချင်ကြ၏။သို့သော် နှစ်ဦးစလုံးက ကိုယ့်ရည်ရွယ်ချက်နှင့်ကိုယ်ဖြစ်နေ၏။
သားငယ်တို့ လင်မယားက လင်းဝေ့ဆီမှ အလုပ်ကို ပေါက်စျေးအတိုင်းသာ ဝယ်ယူမည်ဖြစ်ကာ သားငယ်၏ မိန်းမ က အလုပ်ဝင်လုပ်မည်ဖြစ်၏။ ချွေးမငယ်က အလုပ်ရှိသော်လည်း ထိုအလုပ်က ယာယီသာဖြစ်ပြီး လုပ်အားခလည်းမများပေ။ ဌာနဆိုင်ရာမှာ လုပ်တာက ပို၍ အကျိုးအမြတ်များ၏။ ထို့ကြောင့် အလုပ်ပြောင်းလိုခြင်းဖြစ်၏။
သားကြီးလင်မယားကလည်း ချွေးမကြီး၏ မောင်ငယ်လေးအတွက် အလုပ်ကို လိုချင်နေ၏။ သို့သော် လင်းဝေ့နှင့် ဆွေမျိုးတော်စပ်ရင်းနှီးသည်ဆိုသည့်အချက်ကို ကိုင်ကာ ပေါက်စျေးထက်သုံးပုံတစ်ပုံသာပေးဝယ်ရန်စဥ်းစားနေ၏။ အကြောင်းပြချက်ကတော့ ချွေးမကြီး၏ မောင်ငယ်သည် သူ့အလုပ်ရာထူးတိုး၍ အပြောင်းအရွေ့ရှိလာသောကြောင့် အဝေးသွားလုပ်ရန် အဆင်မပြေ၍ အလုပ်ပြောင်းလိုခြင်းဖြစ်ကြောင်းဖြစ်၏။
အမေလင်းက သူ့သားကြီးတို့ လင်းမယားအလုပ်လိုချင်တာကို မပြောလိုသော်လည်း ထိုကဲ့သို့ တွက်ချက်နေသည်ကိုတော့ မကြိုက်ပေ။ ထို့ကြောင့် သူ့သမီး လင်းဝေ့နှင့် ဆွေးနွေးက သားငယ် လင်မယားကိုသာ အလုပ်နေရာ ရောင်းပေးခိုင်းလိုက်၏။
ဤသို့ဖြင့် ချွေးမကြီးက လင်းဝေ့ကို အမြင်မကြည်ရခြင်းဖြစ်၏။ ပထမအချက်အနေဖြင့် လင်းဝေ့က ငွေမက်ကာ ရင်းနှီးခင်မင်မှုကို ဂရုမစိုက်ဟု ထင်နေသလို၊ ဒုတိယအချက်အနေဖြင့် လင်းဝေ့သည် ဒုတိယယောင်းမကို သူ့ထက်ပိုခင်မင်သည်ဟု ထင်နေခြင်းဖြစ်၏။ ထို့အပြင် ဒုတိယမတ်ကလေးတို့ လင်မယားက လင်းဝေ့ကို ပေါက်စျေးအတိုင်း အမှန်မပေးပဲ သူ့ကို မလှိမ့်တစ်ပတ် လုပ်နေကြသည်ဟု ထင်မြင်နေခြင်းဖြစ်၏။
ဤသိုဖြင့် လင်းဝေ့၏ ယောင်းမအကြီးက လင်းဝေ့အပေါ် အမြင်မကြည်လာခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် လင်းဝေ့ဆီ အလည်လာခဲ့ဖို့ ဖိတ်ခေါ်စာရောက်တော့လည်း သူမက အရင်ဆုံး ကန့်ကွက်ခဲ့တာဖြစ်၏။
နောက်မှ နားလည်လိုက်သည်က သူ မကန့်ကွက်မိရင်ပိုကောင်းမည်ဟူ၍ဖြစ်၏။ ချွေးမကြီး၏ ကန့်ကွက်သံကိုကြားတော့ အဖေလင်းက စိတ်မသက်မသာဖြစ်ကာ စိတ်ပြောင်းပြီး ယားကျိုကျွန်းကိုလိုက်ရန်ဆုံးဖြတ်သွားခဲ့၏။ သူ့သမီးရှိရာကို သူ့မိန်းမနဲ့အတူသွားပြီး နှစ်သစ်ကူးကြိုမယ် ဘယ်သူဘာပြောချင်သေးလဲ။
ဤသို့ဖြင့်လင်းအဖေနှင့် အမေတို့ စုံတွဲ ယားကျိုကျွန်းကို အတူ ရောက်ခဲ့ရခြင်းဖြစ်၏။ ထိုလုပ်ရပ်ကလည်း မိသားစုထဲမှာ အာဏာရှိတာ ဘယ်သူ၊ ဆုံးဖြတ်ပိုင်ခွင့် ရှိတာ ဘယ်သူ ဖြစ်ကြောင်းကို ပြလိုက်ကြောင်းအဖေလင်းက ခံစားလိုက်ရ၏။
………………………
နောက်နေ့တွေမှာ လင်းဝေ့က သူ့မိဘများကို မိသားစုအိမ်ရာ တစ်လျှောက်လိုက်ပြပြီး အမေလင်းနှင့်အဖေလင်းကို ပင်လယ်ရှုခင်းခေါ်ပြကာ ငါးဖမ်းခရုကောက် ခေါ်သွားလေ၏။
နောက်တော့ လင်းအဖိုးကြီးနဲ့ လင်းအဖွားကြီးတို့က ပင်လယ်ဘက်သွားရတာ ပျော်သွားပြီး သူတို့သမီးကို နေ့လည်စာစားပြီးနောက်ပိုင်း ပင်လယ်ဘက် ခရုကောက် ငါးဖမ်းသာ ခေါ်သွားခိုင်းတော့၏။
ဤသို့ဖြင့် လင်းဝေ့လည်း နေ့လည်တစ်ရေးတစ်မောအိပ်ချိန်တောင်မရတော့သလို သူတို့အိမ်မှာလဲ ပင်လယ်ခရုဟင်းက မပြတ်တော့ချေ။
လင်းဝေ့၏ မိဘများကဲ့သို့ ပင်လယ်ကမ်းဘက်ကို နေ့တိုင်း ငါးဖမ်းခရုကောက်သွားကြသည့် လူအများလည်း ရှိပါ၏။ တရုတ်နှစ်သစ်ကူးနီးရုံးပိတ်ရက်လည်း ဖြစ်၍ မိသားစုတိုင်းက အပန်းဖြေသည့်ပုံစံလာရောက်ကြပြီး တစ်ရပ်တစ်ကျေးမှ ဧည့်သည်များကလည်း ကျွန်းပေါ်ရောက်တုန်း ငါးရှာခရုရှာ အတွေ့အကြုံကို စမ်းကြခြင်းဖြစ်၏။
ဤသို့ဖြင့် ရက်အနည်းငယ်ကြာလာတော့ လင်းအဖေနှင့်အမေသည် မိတ်ဆွေတစ်ချို့ပင်ရလာ၏။ နောက်ပိုင်း လင်းဝေ့ကိုပင် မခေါ်တော့ပဲ သူတို့မိတ်ဆွေများနှင့် ချိန်းချက်ကာ ပင်လယ်ကမ်းခြေဘက် ထွက်ကြတော့၏။ ထိုအခါမှ လင်းဝေ့လည်း မနက်ပိုင်းအေးဆေး အိပ်နိုင်တော့၏။
သို့သော် လင်းဝေ့အတွက် ပြဿနာလေးတစ်ခုရှိ၏။ ထိုအရာက အမေလင်းတစ်ယောက် ပင်လယ်ဘက်အစောကြီးသွားကာပြန်လာတိုင်း ထိုအချိန်မှ လင်းဝေ့ အပေါ်အထပ်ကနေ သန်းဝေကာ ဆင်းလာသည်ကိုတွေ့လျင် "အခုမှ ထတာလား" ဟု အမေးခံရခြင်းဖြစ်၏။
ထိုမေးခွန်းကိုကြားလျင် လင်းဝေ့လည်း သူ့အမေ ဆိုလိုရင်းကိုနားလည်၍ ပြန်ရှင်းပြလိုက်၏။ " ရှားရှားပါးပါး ရုံးပိတ်ရက်လေးရတာ သမီးနောက်ကျတဲ့အထိ အိပ်ပါရစေလား အမေရယ်"
အမေလင်းလည်း သူ့သမီး၏ စရိုက်ကိုသိပါ၏။ သို့သော် နည်းနည်းလေးတော့ ပြောချင်သေး၏။ ထို့ကြောင့်အပြင်ဘက်မှာ ဆော့ကစားနေသည့် ရွေ့ရွေ့ကို လက်ညိုးထိုးကာပြောလိုက်၏။ " ရွေ့ရွေ့လေးတောင် ညဥ်းထက် ပို လုံ့လဝရိယရှိသေးတယ်"
သူတို့က လုံ့လဝရိယရှိမှာပေါ့။ သူတို့ကို ပင်လယ်ဘက် အတင်းဆွဲခေါ်သွားမယ့် ပင်လယ်ခရုကောက်ရတာကြိုက်တဲ့ အဖေနဲ့အမေမှ မရှိတာ။
သို့သော် ထိုစကားများကို အတွေးထဲမှာသာ ထားပြီး အပြင်ကို ထုတ်မပြောခဲ့ပါ။ "မနက်ဖြန်ကျရင်တော့ စောစောထပါ့မယ်"
အမေလင်းလည်း သူ့သမီး၏စကားကိုကျေနပ်သွားပြီး မနက်က ကောက်ရလာသည်များကို ကြွားလေတော့၏။
" အမေတို့ ဒီနေ့လေ ပင်လယ်ခရုအကြီးကြီး နှစ်ကောင် ကောက်ရလာတယ် "ဟု ပြောကာ ကောက်လာသည့် ခရုအကြီးကြီး နှစ်ကောင်ကိုလင်းဝေ့အားပြလေ၏။
စျေးမှာ ရောင်းနေကျ ပုံမှန် ခရုများထက် အနည်းငယ်ပိုကြီး ၍ လင်းဝေ့လည်း ချီးကျူးပေးလိုက်၏။
"အမေ ဒီအကောင်တွေကို ရေစိမ်ထားလိုက်မယ်။ ညနေကျရင် ဟင်းချက်လိုက်နော်။ ပင်လယ်ခရုတွေကို အရင်တစ်ခါကလို ချက်ပေးစမ်းပါ" ဟု အမေလင်းက ပျော်ရွှင်စွာပြောလေသည်။
"အမေပဲ အရင်တစ်ခေါက်က ပင်လယ်ခရုဟင်းကိုမကြိုက်ဘူးဆို"
"အရင်တစ်ခေါက်က ပင်လယ်ခရုက စျေးက ဝယ်လာတဲ့ ပင်လယ်ခရုလေ။ အခုတစ်ခေါက်က ကိုယ်တိုင်ဖမ်းတဲ့အကောင်ဆိုတော့ ဘယ်တူမလဲ"
လင်းဝေ့ - "…………" ငွေမကုန် တဲ့ဟာ မှန်သမျှက အရသာရှ်ိတာလား။
လင်းဝေ့လည်း မျက်နှာသစ်သွားတိုက်ပြီး သားအမိနှစ်ယောက် စျေးကို အတူသွားကြ၏။အသီးအရွက်တစ်ချို့ဝယ်ကာ ဝက်သားတစ်ချို့လည်း ဝယ်လိုက်၏။ ဝက်အူတစ်ချို့ကျန်သေးသည်ကိုတွေ့ ၍ ကီလို ချိန်ခိုင်းလိုက်၏။
လင်းဝေ့ ဝက်အူဝယ်ရန် ချိန်ခိုင်းနေသည်ကိုတွေ့၍ အမေလင်းက မေးလိုက်၏။ "ဘာလို့ ဝက်အူတွေ ဝယ်နေတာလဲ။ စားကောင်းတာလဲ မဟုတ်ပဲနဲ့"
ရှီးချန်မှာတော့ ဝက်အူကို ဘယ်သူမှ မစားပေ။ ကိုင်ရခက်သလို ချက်စားဖို့လည်း ခက်၏။
"အမေ မစိုးရိမ်နဲ့ သမီးစားကောင်းအောင် ချက်ပြမယ်" လင်းဝေ့က ယုံကြည်ချက်ရှိရှိပြန်ပြောလိုက်၏။
အမေလင်းကတော့မယုံပေ။"ညည်းဟာက ဟုတ်ကော ဟုတ်ရဲ့လား"
"တစ်ကယ်ပြောတာ။ သမီး ကျွန်းပေါ်ကို ရောက်ပြီးတော့ ဒီက အရာရှိဇနီးသည်တွေဆီကနေ ဟင်းချက်နည်း တစ်ချို့သင်ထားတယ်။ အခုတော့ ဝက်အူကိုတောင် ချက်တတ်နေပြီ"ဟု လင်းဝေ့သည် သူ့ရင်ဘတ်ကိုပုတ်ပြီးပြောလိုက်၏။
သူသမီး၏ ယုံကြည်ချက်ရှိနေသည့်ပုံကိုမြင်လိုက်၍ အမေလင်းလည်း ဘာမျှ မပြောတော့ချေ။
နောက်နာရီဝက်လောက်ကြာတော့ အမေလင်းသည် စောနက မပြောမိသည်က်ို နောင်တရသွား၏။ သူ့သမီးက ဝက်အူတွေကို ဂျုံမှုန့်နဲ့ ဆေးကြောနေတယ်လေ။
ဂျုံမှုန့်တွေနဲ့လေ။
အရမ်းကို အရည်အသွေးကောင်းတဲ့ဂျုံမှုန့်တွေနဲ့ ဝက်အူကိုဆေးနေတယ်တဲ့။
နှမြောလိုက်တာ!!!
အမေလင်းလည်း ဒေါသထွက်ကာ သူ့သမီးကို ဆူပူလိုက်လေ၏။ လင်းဝေ့ကတော့ ဘာမှ ပြန်မပြောပဲ အဆူခံလိုက်၏။သူ့အမေပင်ပန်းနေသည်ကိုတွေ့၍ ရေတစ်ခွက်ပါကမ်းပေးလိုက်၏။ "အမေ အာခေါင် ခြောက်နေလောက်ရောပေါ့"
အမေလင်း - "..."
သူ့က လင်းဝေ့ကို ဆူနေတာလေ။ အခုတော့ ဘယ်လိုလုပ်ဆူနိုင်တော့မလဲ။ ဒီလိုနှင့် အမေလင်းတစ်ယောက် သူ့နဖူးသူကိုင်ပြီး မေးလိုက်၏။ "ညည်းအမြဲတမ်း ဝက်အူတွေကို ဒီလို ချက်စားနေတာလား"
"အမြဲတမ်းတော့မဟုတ်ပါဘူး။ ဝက်အူက ဒီမိသားစုအိမ်ရာမှာ လူကြိုက်များတာ အမေ မသိလို့နော်။ သမီးတို့စျေးသွားတာ နောက်ကျရင် ဝယ်လို့တောင်မရနိူင်ဘူး။ ဒီနေ့တောင် ကံကောင်းလို့ နည်းနည်းကျန်တာ"
အမှန်တော့ မနက်အိပ်ရာထနောက်မကျပဲ စျေးသွားလျင်ဝက်အူကို ဝယ်နိုင်၏။ သို့သော် အမေလင်း၏ ဆူပူမှု ထပ်ခံရမည်ကို စိုး၍ မပြောတော့ချေ။
အမေလင်းလည်း လွန်ခဲ့သည့်ရက်တွေမှာ စျေးသွားတော့ ဝက်အူကိုမတွေ့၍ သူ့သမီးစကားကိုယုံလိုက်၏။သို့သော်ဂျုံမှုန့်များကို နှမြော၍ ညဥ်းလိုက်သေး ၏။
"ညည်းတို့ ဒီဒေသက လူတွေကလည်း နော် ခက်လှချည်ရဲ့။ဝက်အူကို ဂျုံမှုန့်နဲ့ဆေးရတယ်လို့။ တစ်ခြားဟာနဲ့ ဆေးလို့မရဘူးလား။ အရမ်းဖြုန်းတီးလွန်းတယ်။ ကျုံးရှောက်က သမီးကို ဘာမှ မပြောဘူးလား။"
"မပြောပါဘူး။ သူလည်း ဝက်အူကို ဒီလိုပဲ ဆေးတာ"
အမေလင်း နားလည်သွား၏။ အသွင်မသူ အိမ်သူမဖြစ်ဆိုတဲ့စကားက အရမ်းမှန်တာပဲ။ သူ့သမီးက ယောကျာ်းနိုင် တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။အမေလင်းလည်း ခေါင်း ပိုကိုက်လာသလိုခံစားရ၍ သူ့နဖူးကိုသာ ဆက်ကိုင်ရင်း ပြာလိုက်၏။ "ညဥ်းအလုပ် ညဥ်းသာ ဆက်လုပ်တော့ ငါတော့မကူနိုင်တော့ဘူး"
ဝက်အူကိုဆေးကြာပြီးသော်လည်း အလုပ်က မပြီးသေးချေ။ ကျုံးရှောက် ရုံးမပိတ်သေး၍ ပြန်လာလျင် ညစာစားကြရဦးမည်ဖြစ်၏။ ထို့ကြောင့် ညစာအတွက် ချက်ပြုတ်ရဦးမည်ဖြစ်၏။
ဝက်သားကို တောက်တောက်စင်းကာ ငရုတ်ပွသီးဖြင့်ကြော်လိုက်၏။ နောက် ကြက်သွန်မြိတ်နှင့်ကြက်ဥရောမွှေကြော်ကာ လင်းဝေ့အမေကောက်လာသည့် ပင်လယ်ခရုဟင်းတစ်ခွက် ချက်လိုက်၏။ ဟင်းအမယ်က သိပ်မများသော်လည်း ဖွယ်ဖွယ်ရာရာလေးတော့ရှိပါ၏။
သားအမိ သားအဖတစ်တွေနေ့လည်စာ စားသောက်ပြီးနောက် အဖေလင်းက ပင်လယ်ဘက်ထွက်သွားပြန်၏။လင်းဝေ့တို့ သားအမိကတော့ခြံထဲမှာ ထိုင်ကာနေပူစာလုံရင်း စကားစမြည်ပြောနေကြ၏။
စကားပြောနေကြစဥ် ခြံအပြင်ဘက်ကနေ စက်ဘီးခေါင်းလောင်းသံကြားလိုက်ရ၏။ လင်းဝေ့လည်းခြံစည်းရိုး အပြင်ဘက်ကိုကြည့်လိုက်တော့ စာပို့သမားကို တွေ့လိုက်ရသည်။ "မြို့တော်က စာရောက်လာတယ်။အရင်က စာကိုပဲပြန်ပို့လိုက်တာထင်တယ်"
"အခုထိ စာပို့နေတုန်းလား" လင်းဝေ့လည်း ခြံစည်းရိုးနားလာပြီး စာအိတ်ကိုယူလိုက်၏။ ပို့ပေးသူလိပ်စာက အရင်က ပို့ခဲ့သည့်သူ၏ လိပ်စာပင်ဖြစ်၏။ နာမည်လည်း အတူတူပင်ဖြစ်ရာ လင်းဝေ့က ထိုစာအိတ်ကိုပင် စာပို့သမားထံ ပြန်ပေးလိုက်၏။ " ဒါကိုကျေးဇူးပြုပြီး ပြန်ပို့ပေးပါလား"
စာပို့သမားက မိသားစုအိမ်ရာရှိ ပေးစာများကို လိုက်ပို့ပေးနေသူဖြစ်၏။ လင်းဝေ့လည်း အမေလင်းဆီ စာပို့လေ့ရှိရာ စာပို့သမားနှင့်ပင်ရင်းနှီးနေပြီဖြစ်၏။ ထို့ကြောင့် လင်းဝေ့က ထိုစာကိုပြန်ပို့ပေးဖို့ပြောတော့ ရီကာပြောလိုက်၏။
"ခင်ဗျားတို့ကလည်း တစ်မျိုးပဲနော်။ စာကို မဖတ်ကြည့်ပဲ ပြန်ပြန်ပို့ခိုင်းနေကြတယ်"
" ကျေးဇူးပြုပြီးသာ ပြန်ပို့ပေးလိုက်ပါရှင်"
"ကျွန်တော့အတွက်ကတော့ ပြဿနာမရှိပါဘူး။နောက်ကျရင် ဒိီအိမ်ကို ဒီစာပို့ဖို့ ထပ်လာရဦးမယ်လို့ထင်တာပဲ။ ကျွန်တော်က တစ်ဖက်လူရဲ့ပိုက်ဆံကိုနှမြောလို့ပါ။ ခင်းဗျားတို့ သူ့ကို မပို့စေချင်ရင်လည်း စာထပ်မပို့ဖို့ စာရေးလိုက်ပါလား။ စာပို့ခ စျေးကလည်း မသက်သာလို့ပါ"
လင်းဝေ့ကတော့ စာပို့သမား၏ စကားကို ဘာမှ ပြန်မပြောပဲ ပြုံးသာနေလေ၏။ နောက် အကြောင်းအရာပြောင်းကာ လင်းဝေ့က စပြောလိုက်၏။ "ရှင် ဒီနေ့အထိ အလုပ်ဆင်းနေရတုန်းလား"
ပြောနေသည့် ခေါင်းစဥ်ပြောင်းသွားတော့ စာပို့သမား က တက်ကြွစွာပြန်ပြောလိုက်၏။ "ဒီနေ့ နောက်ဆုံးပဲ"
" ဝမ်းသာပါတယ် ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေ" ဟု လင်းဝေ့ကလည်း ပြုံးကာပြန်ပြောလိုက်၏။
" ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေ"
စကားပြောပြီး နောက် စာပို့သမားကလည်း စက်ဘီးက်ိုပြန်လှည့်ကာ အမြန် နင်းထွက်သွား၏။ လင်းဝေ့လည်း ပြုံးကာ ခေါင်းကိုခါလိုက်ရင်း သူ့အမေဆီ ပြန်လျှောက်လာ၏။
" မြို့တော်က ဘယ်သူ့စာလဲ" အမေလင်းက မေးလိုက်၏။
"သိပ်မရင်းနှီးတဲ့ သူတစ်ယောက်ဆီက စာပါ"
" အမေ့ကို လာလိမ်မနေနဲ့။ စောနက စာပို့သမားပြောတာကို ကြားလိုက်ပါတယ်နော်။ သိပ်မရင်းနှီးတဲ့သူက ဘာလို့စာပို့မလဲ။ ညဥ်းတို့ကလဲ စာကိုမဖတ်ပဲ ပြန်ပြန်ပို့နေတယ်ဆို။ ဘာဖြစ်လို့လဲ"
လင်းဝေ့လည်း သူမနှုတ်ခမ်းကိုစေ့ရင်း ထိုင်ခုံပေါ်ပြန်ထိုင်လိုက်၏။ နောက် သူ့အမေကို မော့ကြည့်ကာ မေးလိုက်၏။ "အမေ ကျုံးရှောက်ရဲ့ မိဘတွေက ဘာလို့ ကွာရှင်းကြတာလဲ ဟင်"
"ဘာလို့ ရုတ်တရက်ကြီး မေးရတာလဲ"
လင်းဝေ့အရင်က ထိုအကြောင်းအရာကိုမေးတိုင်း အမေလင်းက နောက်မှ ပြောပြမယ်ဟုသာ ပြောလေ့ရှိ၏။သို့သော် စောနက လာသွားသည့်စာနှင့် ဆက်စပ်ပြီး အမေလင်း ရုတ်တရက် စဥ်းစားလိုက်မိ၏။
စောနက စာပို့သမားပြောသလိုဆို ဟိုစာကလည်း မြို့တော်က ပို့လာတယ် ဆိုတော့။
"ဒါဆို ဒီစာက ကျုံးရှောက်ရဲ့အဖေ ပို့လိုက်တာ လား"
အမေလင်း၏ မျက်နှာပျက်သွား၏။ လင်းဝေ့ပြန်မပြောနိုင်ခင်မှာပဲ အမေလင်းက ထပ်ပြောလိုက်၏။
"သူက စာရေးပို့ဖို့ သတ္တိရှိသေးတယ်နော်"