← Chapters

Chapter 134

Vol. 11 Ch. 134

Chapter 134

Vol. 11 Ch. 134

အမေလင်း၏ ဒေါသထွက်နေမှုကိုမြင်ရ၍ လင်းဝေ့လည်း ထိုစာက ကျုံးရှောက် အဖေရေးတာမဟုတ်ပဲ ကျုံးရှောက်၏ မိထွေးရေးလိုက်တဲ့bစာမှန်းတောင် မပြောရဲတော့ပေ။ အမေလင်းက ကျုံးရှောင်အဖေက်ို တစ်ခဏကျိန်ဆဲပြီးနောက်မှ မေးလိုက်၏။ "သူက ဘာတွေ ရေးပို့တာလဲ"

လင်းဝေ့လည်း ခေါင်းခါလိုက်၏။ "သမီးလည်း မသိဘူး။ ကျုံးရှောက်ပဲ စာကိုဖတ်ကြည့်တာ။ သူစာကို ဖတ်ကြည့်ပြီး မျက်နှာပျက်နေတာ။ စာထဲမှာ ဘာရေးထားတာကိုတောင် သမီးကို မပြောပြဘူး။ နောက်အဲ့လိပ်စာနဲ့ စာထပ်ရောက်လာရင် လက်မခံပဲ ပြန်ပို့လိုက်ဖို့ပဲ မှာထားခဲ့တာ"

"သူ့ဆီကို ပြန်ပို့သင့်တယ်" အမေလင်းကလည်း မုန်းတီးစွာပြောလိုက်၏။

" ကျုံးရှောက်က အသိတရားတော့ရှိသားပဲ။ သူ့အဖေထက်တောင် ပိုခေါင်းမာတတ်သေးတယ်"

လင်းဝေ့ကတော့ ကျုံးရှောက် အဖေအကြောင်းသိပ်မသိသော်လည်း သူ့အမေနှင့် ကျုံးရှောက်တို့၏ သဘောထားကိုကြည့်ရသလောက် လင်းဝေ့လည်း ဘာပြောရမှန်းကို မသိတော့ချေ။

"အမေ ကျုံးရှောက်အဖေနဲ့အမေ ကွာရှင်းရတာက ကျုံးရှောက်အဖေက ကျုံးရှောက်အမေအပေါ် အမှားလုပ်ခဲ့မိလို့လားဟင်"

အမေလင်းက နှာခေါင်းတစ်ချက်ရှုံ့သံပြုလိုက်၏။

"ဟမ့် အမှားဆိုတာထက်ကို ပိုတာပေါ့"

"သူက ဘာလုပ်ခဲ့လို့လဲ"လင်းဝေ့က မေးလိုက်၏။ သို့သော် သူ့အမေက တစ်ခဏကြာသည်အထိ ဘာမျှ ပြန်မဖြေပါ။ ထို့ကြောင့် လင်းဝေ့က ထပ်မေးလိုက်၏။

"အမေလည်း တွေ့တာပဲ။ သူတို့က စာအမြဲပို့နေတာ။ ကျုံးရှောက်ကလည်း စာမပြန်ပဲ ပြန်ပို့နေတာ ကြာလာရင် ကျွန်းပေါ်ကိုတောင် အလည်လာနိုင်တယ်။ သမီးက ဘာမှ မသိထားရင် သူတို့လာတော့ သမီးက ဘယ်လို လက်ခံစကားပြောရမှာလဲ"

"လက်ခံ မနေနဲ့။ မောင်းသာ ထုတ်လိုက်" အမေလင်းက မျက်မှောင်ကြုံ့ပြီးပြောလိုက်၏။ နောက်မှ သက်ပြင်းလေးချလိုက်ကာ ထပ်ပြောလိုက်၏။

"သမီးတို့ကို အိမ်ထောင်ချပေးပြီး တော့ ကျုံးရှောက်ရဲ့မိဘတွေကလည်း ကွာရှင်းပြီးသားဖြစ်လို့ သမီးရဲ့ယောက္ခမ ရှင်းလန်ကလွဲလို့ ဟိုအဖိုးနဲ့ အဆက်အသွယ် လုပ်စရာမလိုဘူးလို့ အမေက တွေးခဲ့တာ ဒါ့ကြောင့် သမီးကို အာ့အကြောင်းတွေ မပြောခဲ့တာ"

"ဘယ်လိုပဲ ဖြစ်ဖြစ်သူက ကျုံးရှောက်ရဲ့အဖေလေ။ သူနဲ့အဆက်အသွယ် မလုပ်ဘူးဆိုရင်တေင် သူ့အကြောင်းတော့ သိထားသင့်တယ် ထင်တာပဲ" ဟု လင်းဝေ့က ပြောလိုက်၏။

အမေလင်းလည်း နားလည်ပါ၏။ လင်းဝေ့တို့လက်ထပ်ပြီး သူ့သူငယ်ချင်းလည်း အသက်ရှင်နေသေးရင် ဟိုအဖိုးကြီးက သူတို့ကို ဆက်သွယ်လာမှာတောင်မဟုတ်ဘူး။ သူ့သူငယ်ချင်းဆုံးသွားတော့ ကျုံးရှောက်အဖေ ဆက်သွယ်လာမှာကို စိုးရိမ်နေခဲ့တာ အခုတော့ သူမ စိုးရိမ်နေသကဲ့သို့ဖြစ်လာပြီလေ။

ထို့ကြောင့် သူ့သမီးပြောသလို ဆွေမျိုးဆိုတော့ သိထားသင့်သည့်ကိစ္စဟု တွေးကာ သက်ပြင်းချလိုက်ပြန်၏။

"ပြောရရင်တော့ အရှည်ကြီးပဲ သမီးရယ်"

အမေလင်း၏ အမည်အရင်းက ကျန်းအာ့နီ ဖြစ်ပြီး ကျုံးရှောက်၏ အမေ ချိန်ရှင်းလန်နှင့် ကျုံးရှောက်အဖေ ကျုံးဖင်တို့နှင့် ငယ်စဥ်က အတူကြီးပြင်းခဲ့တာဖြစ်၏။ သူတို့မိဘတွေက မြေရှင်တစ်ဦးတည်း အောက်က အငှားလယ်သမားများဖြစ်ကြ၏။

မူလက ကျုံးမိသားစုသည် မြေအငှားစိုက်သည့်သူများမဟုတ်ပါ။ သူတို့ကိုယ်ပိုင်လယ်ယာ မြေရှိ၏။ သို့သော် ထိုခေတ်အခါက မြေပိုင်သည့်သူများ၏ဘဝမှ မလွယ်ကူလှချေ။

အကြောင်းအရင်းက မြေခွန် အဆမတန်ပေးဆောင်ရ၍ ဖြစ်၏။ ထို့အပြင် မြေယာဦးစီးမှုးကလည်း နှစ်ဝက်လျင် တစ်ဦးပြောင်းလေ့ရှိရာ မြေရှင်များမှာ တစ်ဦးပြောင်းတိုင်း မြေခွန်ပြန်ဆောင်နေရ၍ တစ်နှစ် လျင် နှစ်ခါ မြေခွန် ပေးဆောင်နေရသလိုဖြစ်နေ၏။

ထို့ကြောင့် တောင်သူ လယ်သမားအများစုမှာ အခွန် နှင့် ရိတ်သိမ်းသီးနှံ မကိုက်ကြတော့၍ မြေကိုရောင်းလိုက်ကာ မြေယာအငှားတောင်သူသာ လုပ်စားကြတော့၏။ တောင်သူလယ်သမား မိသားစု အများအပြားက ထိုကဲ့သို့အဖြစ်မျိုးကြုံခဲ့ရ၏။

သို့သော် ကျုံးမိသားစုက ပိုခက်ခဲခဲ့ပါ၏။ ထိုကာလမှာ ကျုံးဖင်၏ ဖခင်က ခြေမသန်မစွမ်းဖြစ်ကာ ထော့နဲ့နဲ့လမ်းလျှောက်နေရ၏။ ထို့ကြောင့် မြေပိုင်ရှင်အများစုက မြေမငှားပေးလိုကြပေ။

ခြေမသန်သည့်လူ ငှားပေးမည့်အစား သန်စွမ်းသည့်သူကို ငှားပေးမှ လယ်ယာကောင်းကောင်းထွန်ယက်နိုင်ပြီး အထွက်တိုးနိုင်မည်ဟု မြေရှင်များက လက်ခံထားကြ၏။ မဟုတ်လျင် သူတို့လည်း အခွန်နှင့် မမျှကာ မြေငှားဘဝရောက်သွားနိုင်၏။

ထိုသို့အခက်အခဲများကြားမှ ကျုံးဖင်၏ အဖေကို ကူညီပေးခဲ့သူမှာ ချိန်ရှင်းလန်၏ အဖေဖြစ်၏။

ချိန်မိသားစုကလည်း မြေအငှားစိုက်သည်သူများဖြစ်သော်လည်း ချိန်ရှင်းလန်၏ အဖေသည် ပုဂ္ဂလိကကျောင်းတွင် ၂ နှစ်ခန့်ကျောင်းတက်ဖူး၍ စာတတ်ပေတတ်တစ်ဦးဖြစ်၏။ ထို့အပြင် ဖြောင့်မတ်တည်ကြည်ကာ လူအများကိုကူညီပေးတတ်သူလည်း ဖြစ်၏။

မြေအငှားလယ်သမားများကြားတွင် ဂုဏ်သိက္ခာရှိသူဖြစ်ရာ မြေပိုင်ရှင်မိသားစု၏ ဘဏ္ဍာထိန်းနှင့်လည်း ရင်းနှီး၏။

ချိန်ရှင်းလန်၏ ဖခင်က ကျုံးဖင်၏ ဖခင်နှင့်လည်း ယခင်ကတည်းက ရင်းနှီးရာ ကျုံးမိသားစုဒုက္ခရောက်နေသည်ကိုတွေ့တော့ ကူညိီရန်ဆုံးဖြတ်လိုက်ပြီး မြေပိုင်ရှင်ကို ကျုံးမိသားစုအား မြေငှားပေးရန် အာမခံပေးလိုက်၏။

ချိန်ရှင်းလန်အဖေက မြေအငှားရရန်ကူညီပေးရုံသာမက သူတို့အိမ်ဘေးမှာလည်း ကျုံးမိသားစုအတွက် သက်ကယ်အိမ်လေး တစ်လုံးဆောက်ပေးလိုက်သေး၏။ ဤသို့ဖြင့် မိသားစုနှစ်စုသည် အိမ်နီးချင်းများဖြစ်လာကြကာ ချိန်ရှင်းလန်နှင့် ကျူံးဖင်တို့လည်း တစ်ဦးနှင့်တစ်ဦး ရင်းနှီးလာကြ၏။

ထိုပျော်ရွှင်စရာ အချိန်များက ကြာရှည်မခံလိုက်ပါ။ကျုံးဖင်၏ အဖေ ခြေထောက် ထော့နဲ့နဲ့ ဖြစ်နေသည်ကို ဆက်မကုသနိုင်၍ ပိုဆိုးလာကာ တစ်ရက်တွင် မြောင်းထဲမတော်တဆ ချော်ကျမိပြီး ကျောက်တုံးနှင့် ခေါင်း တိုက်မိကာ သေသွားရလေ၏။

ကျုံးဖင်အမေကလည်း နဂိုကတည်းက ရောဂါသည်ဖြစ်လေရာ သူ့ယောကျာ်းသေသွားတော့ အိပ်ရာပေါ် ဘုန်းဘုန်းလဲကာ ဆုံးသွားလေ၏။ သူတို့မသေခင်မှာ သူတို့သား ကျုံးဖင်ကို ချိန်မိသားစုဆီ ကျွေးမွေးစောင့်ရှောက်ခိုင်းပြီး ချိန်မိသားစုဝင်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့၏။

အဖေချိန်က ကျုံးဖင်ကို ကျွေးမွေးစောင့်ရှောက်ပေးမယ် ဒါပေမယ့် ချိန်မိသားစု နာမည်တော့ ပြောင်း ပေးမှာမဟုတ်ဘူး လို့ပြောခဲ့သည်။ နောက်ဆုံး ကျုံးဖင်အမေ ရဲ့တောင်းဆိုမှုကြောင့် ချိန်ရှင်းလန်နဲ့ ကျုံးဖင်ကို အသက်အရွယ်ရလာလျင် လက်ထပ်ပေးဖို့ စီစဥ်လိုက်ကြတော့သည်။

ဤသို့ဖြင့် ကျုံးဖင်လည်း ချိန်မိသားစုအိမ်မှာ အတူနေပြီး ချိန်ရှင်းလန်ကတော့ ငယ်စဥ်ကတည်းက ကလေး သတို့သားလောင်းတစ်ယောက်ရှိထားတော့၏။

"နောက်ပိုင်း သူတို့နှစ်ယောက်ဆက်ဆံရေးက ဘယ်လိုလဲ" လင်းဝေ့က မေးလိုက်၏။

" သူတို့နှစ်ယောက်က ဆက်ဆံရေးက ကောင်းတာပေါ့။သမီး ကျုံးရှောက်ကို ရုပ်ရည်ကြည့်ကောင်းတယ်လို့ မထင်ဘူးလား"

အမေလင်းက ရုတ်တရက်မေးလိုက်ရာ လင်းဝေ့ကလည်း ကြောင်တောင်တောင် ခေါင်းငြိမ့်လိုက်မိ၏။

" ကျုံးဖင် ငယ်ငယ်တုန်းက ကျုံးရှောက်ထက်ကို ပိုကြည့်ကောင်းတယ်။ ဒီတော့ ရွာထဲက မိန်းမပျိုတွေက ရှင်းလန်ကို မနာလိုကြတာပေါ့"

" ကျုံးရှောက် အမေ အပေါ်ကော ကောင်းရဲ့လား"

"ရှင်းလန်အပေါ် ကောင်းပေးတာပေါ့။ ရှင်းလန်အပေါ်သာမကောင်းပေးရင် တစ်ခြားမိန်းကလေးတွေက မနာလိုဖြစ်ပါ့မလား။ သူ့အပေါ်မကောင်းရင် ရှင်းလန်လည်း သူ့ကို နှစ်တွေအကြာကြီးစောင့်နေမှာ မဟုတ်ဘူး"

အမေလင်းက လင်းဝေ့ကိုပြောပြရင်း ထိုစဥ်က ကိစ္စများကိုပြန်စဥ်းစားနေမိ၏။ ထိုစဥ်က ကျုံးဖင်ကလည်း ချိန်ရှင်းလန်အပေါ်စိတ်ရင်းဖြင့် ကောင်းပေးခဲ့တာဖြစ်၏။

"ယောက္ခမကြီးက ကျုံးရှောက်အဖေကို နှစ်အကြာကြီးစောင့်နေခဲ့တာလား"

အမေလင်းက ခေါင်းငြိမ့်ပြကာ ဆက်ပြောလိုက်၏။

" အမေတို့ ၁၇ နှစ် အရွယ် ရောက်တော့……"

သူတို့ ၁၇ နှစ်အရွယ်ရောက်တော့ ရှီးချန်မြို့ကို ပြည်သူ့စစ်တပ် ရောက်ရှိလာသည်။ ကျုံးဖင်ကလည်း စစ်သားများကိုမြင်တော့ စိတ်ဓာတ်တက်ကြွလာကာ အိမ်ပြန်ရောက်တော့ စစ်ထဲ ဝင်ချင်သည့်အကြောင်း ချိန်ရှင်းလန်ကို ပြောပြလေ၏။

ချိန်ရှင်းလန်ကတော့ ကျုံးဖင် ဘာလုပ်လုပ် ထောက်ပံ့ပေးမည်သာဖြစ်၏။ စစ်ထဲ ဝင်မည်ဆိုလည်း သူက လိုက်ဝင်မည်သာဖြစ်၏။

သို့သော် အဖေချိန်နှင့် အမေချိန်ကတော့ သဘောမတူကြပါ။ ချိန်အဖေက ပြည်သူ့စစ်တပ်ကို လေးစားသော်လည်း သူ့သမီး၏ ဘဝကိုတော့ မစွန့်စားစေချင်ပါ။ ကျုံးဖင်အတွက်လည်း ထိုကဲ့သို့သာဖြစ်၏။ သူတို့လည်း ငယ်တော့သည်မဟုတ်၍ လက်ထပ်ပေးရမည့်အရွယ်ရောက်လာတော့မည်ဖြစ်၏။

ထိုကိစ္စနှင့်ပတ်သက်ပြီး ချိန်မိသားစုထဲမှာ အတော်အတန် ဆွေးနွေးလိုက်ကြရ၏။ ဘာတွေဖြစ်ခဲ့လဲ အတိအကျတော့ အမေလင်းမသိပါ။ သူမသိသည်က ကျုံးဖင်သည် ထွက်သွားပြီး ချိန်ရှင်းလန်က ကျန်ခဲ့လေ၏။

ကျုံးဖင် ထွက်သွားပြီး နှစ်ဝက်လောက်အထိ မိသားစုနှင့် စာအဆက်အသွယ်ရှိ၏။ နောက်ပိုင်းတော့ ဘာသတင်းမျှ မကြားရတော့ပဲ၊ ကျုံးဖင် တစ်ယောက် သေသွားသလားရှင်သလားပင် မသိတော့ချေ။ ဤသို့ဖြင့် ချိန်ရှင်းလန် လက်ထပ်ဖို့ အရွယ်ရောက်လာတော့ သူမမိဘတွေက တစ်ခြားသူနှင့် လက်ထပ်ဖို့ စီစဥ်ပေးလို၏။သို့သော် ချိန်ရှင်းလန်က ငြင်းဆန်ကာ ကျုံးဖင်ကိုသာ စောင့်နေ၏။

စောင့်ရသည့်အချိန်က ဆယ်နှစ်ပင်ရှ်ိလာကာ ချိန်ရှင်းလန်လည်း ၁၇ နှစ်အရွယ် မိန်းမပျိုလေးကနေ ၂၇ နှစ် အပျိုကြီးအရွယ် သို့ပင်ရောက်လာ၏။

"အမေတို့အားလုံးက သူသေပြီလို့ ထင်နေတာ။ ဒါပေမယ့် နောက်ဆုံးတော့ သူပြန်လာတာခဲ့တယ်။ အမေလည်း အာ့အချိန်မှ ချိန်ရှင်းလန် တစ်အား င်ိုတာကို ပထမဆုံးမြင်ဖူးတာပဲ"

လင်းဝေ့လည်း ကျုံးရှောက်၏ အသက်က်ို စိတ်ထဲမှာ တွက်ချက်ပြီး မေးလိုက်၏။ "ဒီလိုနဲ့ သူပြန်ရောက်လာတော့ လက်ထပ်လိုက်ကြတယ်ပေါ့"

"ဟုတ်တယ်။ ဒါပေမယ့် လက်ထပ်ပြီးနောက် ကျုံးဖင်က ပြန်ထွက်သွားခဲ့ရတယ်။ တိုင်းပြည်မငြိမ်မသက်ဖြစ်ပြီး စစ်ဖြစ်တော့ စစ်တိုက်ဖို့သွားရတာပေါ့"

ထိုအကြောင်းအရာများကို အမေလင်းက လင်းဝေ့ကိုပြောပြနေစဥ် သူမမျက်ခုံးများကျုံ့နေ၏။သို့သော် ရုတ်တရက် အမေလင်း မျက်နှာဝယ်အပြုံးလေးပေါ်လာ၏။

"ဒါနဲ့ စကားမစပ် သမီး ငယ်ငယ်တုန်းကတည်းက ကျုံးရှောက်က သမီးကို အရမ်းသဘောကျခဲ့တာ။ ရှင်းလန် သူ့သားကျုံးရှောက်နဲ့အတူ အမေတို့အိမ်ကို လာလည်တိုင်း သမီးလက်ကို အမြဲ ကိုင်ထားတာ။ ပြန်ချိန်ရောက်ရင် သမီးနဲ့ မခွဲချင်လို့ ငိုနေခဲ့ရှာတာ"

လင်းဝေ့ကတော့ သူ့အမေပြောတာ တစ်ခုမှ မမှတ်မိပါ။

"ဟုတ်ကော ဟုတ်ရဲ့လားအမေရယ်"

"ဟုတ်တာပေါ့။ အာ့တုန်းက သမီးတို့က ငယ်သေးလို့ မှတ်မိမှာ မဟုတ်ဘူး" ဟု အမေလင်းက ပြုံးကာဆက်ပြောလိုက်၏။

"သမီးတို့ အရမ်းလိုက်ဖက်တာ မြင်တော့ အမေလည်း ရှင်းလန်နဲ့ တိုင်ပင်ပြီး သမီးတို့ကြီးလာရင် လက်ထပ်ပေးမယ် ဆိုပြီး ပြောထားခဲ့ကြတာ"

ထိုစဥ်က တော့ စနောက်ပြီး ပြောဆိုခဲ့ကြတာဖြစ်ပြီး အတည်မယူခဲ့ကြပေ။နောက်နှစ်အတော်ကြာသည်အထိ ဤလက်ထပ်ပွဲ အမှန်တစ်ကယ်ဖြစ်လာလိမ့်မည်ဟုလည်း မထင်ခဲ့ကြပေ။

"သမီးကတော့ ဘာမှကိုမမှတ်မိဘူး ကျုံးရှောက်လည်း မှတ်မိမယ်မထင်ဘူး"ဟု လင်းဝေ့က ရေရွတ်လိုက်၏။

"အာ့တုန်းက ကျုံးရှောက်လည်း ငယ်သေးတယ်။၂ နှစ်ခွဲ ၃ နှစ်လောက်ပဲ ရှိဦးမယ်။ ရှင်းလန်နဲ့အတူ မြောက်ပိုင်းကို လိုက်သွားပြီး ဆယ်နှစ်ကျော်အကြာ ရှင်းလန်ကွာရှင်းပြီး ပြန်လာတော့မှ ထပ်တွေ့ရတာပဲ"

အမေလင်းလည်း အကြာကြီးရှည်ရှည်ဝေးဝေးပြောပြီးမှ လိုရင်းကို ရောက်လာ၏။

" သူတို့ ဘာလို့ကွာရှင်းကြတာလဲ" ဟု လင်းဝေ့က ပြန်မေးလိုက်၏။

" ရှင်းလန် တစ်ယောက် ကျုံးဖင်ရှိတဲ့ စစ်တပ်ကိုလိုက်သွားပြီးနောက် ကျုံးဖင်က သူ့ရဲ့ တပ်ရင်းထဲက ရဲဘော်တစ်ယောက်တိုက်ပွဲမှာကျ သွားလို့ သူ့အမျိုးသမီးကလည်း ကလေးမွေးထားပြီး ဇာတိမြို့ကို ပြန်ဖို့ ခက်ခဲနေလို့ သူတို့နဲ့အတူ ခဏနေခိုင်းရအောင် ဆိုပြီး ပြောခဲ့တယ်လေ။ နောက်ပိုင်းအာ့အမျိုးသမီး အလုပ်ရမှ ပြောင်းခိုင်းကြမယ် ဆိုပြီး တိုင်ပင်ခဲ့တာပေါ့"

"အဲ့သည်နောက် ဘာဆက်ဖြစ်ကြလဲ?" လင်းဝေ့က သူ့အမေ ဆက်ပြောနိုင်ရန် မေးလိုက်၏။

"ရှင်းလန်လည်း သူ့ဘဝမှာ ကျုံးဖင်ကို ဆုံးရှုံးရမလိုအခိုက်အတန့်မျိုးကြုံဖူးတော့ အာ့အမျိုးသမီးကို ကိုယ်ချင်းစာပြီး အိမ်မှာ အတူနေဖို့ ခွင့်ပြုခဲ့လိုက်တယ်လေ။ကျုံးဖင်က အာ့အမျိုးသမီးအတွက် အလုပ်ရှာပေးပြီး သူတို့အတွက် အိမ်ရာအခန်းရအောင်တောင် လုပ် ပေးခဲ့တယ်"

ဤအထိက ကျုံးရှောက်၏ အဖေ ကျုံးဖင်၏ လုပ်ရပ်များက ကျိုးကြောင်းသင့်နေသေး၏။ သို့သော် အမေလင်းက ထိုသားအမိကို အထူးပြုပြောနေသောကြောင့် တစ်ခုခုဖြစ်လာလိမ့်ဦးမည်ဟုတွေးကာ လင်းဝေ့လည်း ဆက်နားထောင်နေလိုက်၏။

"ရှင်းလန်က စိတ်သဘောထား အရမ်းနူးညံ့တာ။ အာ့ဒီ ဖတဆိုးသမီးနဲ့ မုဆိုးမကို သနားပြီး အရမ်းဂရုစိုက်ပေးခဲ့တာ။ သူတို့သားအမိပြောင်းသွားပြီးတော့လည်း အိမ်ကို ခဏခဏ အလည်လာခိုင်းခဲ့တယ်"

ထိုသို့ပြောနေရင်း အမေလင်း၏ မျက်နှာသည် ရွံရှာမှုများဖြတ်ပြေးသွား၏။

" ကျုံးဖင် အာ့ခွေးကောင်က ရှင်းလန်ကို လိမ်ခဲ့တာလေ။ အာ့အမျိုးသမီးက သူ့ရဲဘော်အဟောင်းရဲ့ဇနီးဆိုတာတင်မဟုတ်ဘူး။ အာအမျိုးသမီးကို ကူညီခဲ့တာလဲ တိုက်ပွဲကျသွားတဲ့ သူ့ရဲဘော်မိတ်ဆွေကြောင့်မဟုတ်ဘူး။ သူ့ ရည်းစားဟောင်းမို့လို့ ကူညီခဲ့တာ."

ထိုကိစ္စများဖြစ်ပျက်ခဲ့သည်က ကြာပြီဖြစ်ပြီး ရှင်းလန်လည်း ဆုံးသွားခဲ့ပြီဖြစ်သော်လည်း အမေလင်းကတော့ ထိုအဖြစ်အပျက်များကို စဥ်းစားမိတိုင်း ဒေါသထွက်မိကာ လင်းဝေ့ကို ပြောနေရင်းမှာပင် အံကိုကြိတ်ထားမိလေ၏။

" ရှင်းလန်က သူ့ကို နှစ်တွေအကြာကြီး စောင့်နေခဲ့ရှာတာ။ သူကလည်း မမေ့မလျော့ပဲ ပြန်လာခဲ့တော့ သူ့အပေါ်ကို အကောင်းမြင်ခဲ့ကြတာပေါ့။ ထားပါတော့ သူ့ရဲ့ ရည်းစားအကြောင်း ပြောကြတာပေါ့။ ကျုံးဖင်ပြန်လာပြီး ရှင်းလန်ကို လက်ထပ်ခဲ့တော့ အားလုံးထင်လိုက်တာက ရှင်းလန်အပေါ် ချစ်နှစ်သက်ခဲ့လို့ လက်ထပ်ဖို့အတွက်ပြန်လာတယ်လို့ ထင်ခဲ့ကြတာပေါ့။ ဒါပေမယ့် အာ့လိုမဟုတ်ခဲ့ဘူး။ နှစ်တွေအကြာကြီး သူထွက်သွားပြီးတဲ့နောက် ရှင်းလန်လည်း အိမ်ထောင်ပြုသွားလောက်ပြီလို့ သူထင်ခဲ့တာ။ ဒါ့ကြောင့် သူ့ကို ကျွေးမွေးပေးခဲ့တဲ့အတွက် ကျေးဇူးတင်တဲ့အနေနဲ့ ဂါဝရပြုချင်တဲ့ သဘောနဲ့ ပြန်လာခဲ့တာ။ ဒါမှလည်း အရင်က မိဘတွေပြောခဲ့တဲ့ လက်ထပ်ကတိစကားကို ပြန်ဖျက်ပြီး သူလည်း နောက်တစ်ယောက်နဲ့ လက်ထပ်နိုင်မယ်ဆိုပြီး တွေးခဲ့တာပေါ့"

"ဒါဆို ဘယ်လိုလုပ် သူတို့နှစ်ယောက်က လက်ထပ်ဖြစ်သွားကြတာလဲ" ဟု လင်းဝေ့က မေးလိုက်၏။

"ကြည့်ရတာတော့ ရှင်းလန်က သူ့ကို ဆယ်နှစ်တောင် စောင့်နေခဲ့တာကို အားနာသွားလို့နေမှာပေါ့။ ပြီးတော့ ရှင်းလန် မိဘတွေသာ မကယ်ခဲ့ရင် ကျုံးဖင်ဆိုတာလည်း အခုချိန်ထိ ရှိနေဦးမှာမဟုတ်ဘူး။ အဲတော့ သူ့မှာ တစ်ခြားချစ်ရမယ့်သူ ရှိနေပါပြီလို့ ပြောလိုက်ရင် သူ့ကကျေးဇူးကန်းသလိုဖြစ်သွားမှာ စိုးလို့နေမှာပေါ့။"

အမေလင်းက နှာခေါင်းရှုံ့သံပြုကာ ဆက်ပြောလိုက်၏။

" ကြောင်သူတော် ကျုံးဖင်က သူ့ဂုဏ်သိက္ခာထိပါးမှာတော့ကြောက်တယ်လေ။ အာ့တော့ ရှင်းလန်ရဲ့ တစ်ဘဝလုံးကို ဒုက္ခပေးခဲ့တော့တာပဲ"

လင်းဝေ့လည်း ကျုံးရှောက်အဖေ ကျုံးဖင်ကို ကိုယ်တိုင်မမြင်ဘူးသေး၍ ကြောင်သူတော် ဟုတ်မဟုတ် သေချာမသတ်မှတ်နိုင်ပေ။ သို့သော် သူ့အမေပြောသည်ကိုတော့ထောက်ခံပါ၏။ ကျုံးရှောက်အဖေ ကျုံးဖင်က ရှင်းလန်၏ တစ်ဘဝလုံးကို စိတ် ဒုက္ခပေးခဲ့သည်က အမှန်ပင်ဖြစ်၏။

၂၇ နှစ်ဆိုသည့်အရွယ်က ငယ်ရွယ်တော့သည်မဟုတ်ချေ။ ထိုအရွယ် မိန်းမပျိုကို လက်ထပ်ချင်သည့်သူမှာလည်း မရှိသလောက် ရှားနေပြီဖြစ်၏။ လက်ထပ်ဖို့ ကမ်းလှမ်းလာသည့်သူကလည်း ကျုံးဖင်လို ချောမောပြီး စွမ်းဆောင်မှု ရှိမရှိမသေချာပေ။ သေချာတာတစ်ခုကတော့ ယောကျာ်းပျိုတစ်ယောက်ကို ရင်ထဲမှာ သတိရပြီး စောင့်ဆိုင်းနေသည့်မိန်းမပျိုကိုတော့ ဘယ်သူမျှ လိုချင်မည်မဟုတ်ပါ။

လင်းဝေ့လည်း သူမအမေပြောသည်ကို နားထောင်ရင်း ဆက်မေးလိုက်၏။ "ယောက္ခမကြီးက အာ့ကိစ္စကို ဘယ်လိုလုပ်သိသွားတာလဲ။ သူတို့အချင်းချင်းပြန်ချစ်ကြိုက်လာကြလို့လား"

"ရှင်းလန်က သူတို့စကားပြောနေတာကိုကြားခဲ့တာ။ အာ့အမျိုးသမီးက ကျုံးဖင်ကို သူပြန်လာရင်လက်ထပ်မယ်ဆိုပြီး ကတိပေးခဲ့တဲ့အကြောင်းပြောနေခဲ့တာ။ ကျုံးဖင်သာ ကျေးဇူးတရားကို သိတတ်ပြီး နောင်တမရခဲ့ရင် သူမလည်း တစ်ခြားသူကို လက်ထပ်လိုက်ရပြီး အခုလို မုဆိုးမ ဖြစ်မှာမဟုတ်ဘူး ဆိုပြီး ပြောဆိုနေတာကိုကြားခဲ့တာပေါ့။ ရှင်းလန်လည်း သိပ်မသေချာတာနဲ့ ကျုံးဖင်ကို တိုက်ရိုက်မေးလိုက်တော့ ဟိုက အာ့လိုဖြစ်ခဲ့တာပါ ဆိုပြီး ဝန်ခံလာတယ်လေ"

"အာ့လိုနဲ့ သူတို့နှစ်ယောက် ကွာရှင်းလိုက်ကြရောလား"

"ချက်ချင်း ကွာရှင်းခဲ့ကြတာတော့ မဟုတ်ဘူး။နောက်ပိုင်းမှ ကွာရှင်း လိုက်ကြတာ။ ရှင်းလန်လည်း ဘာပြောရမှန်းမသိ ဘယ်လို ဆက်လုပ်ရမှန်းကို မသိဖြစ်သွားရှာတယ်။ သူ့ယောကျာ်း ကျုံးဖင်အကြောင်းလည်း ဘာမှ မသိတဲ့သူလို ခံစားလိုက်ရတယ်။ နှစ်ဝက်လောက်ကြာတော့ကွာရှင်းလိုက်ကြတယ်လေ။ အမေ့အထင်တော့ သူတို့အဆင်မပြေတာ ကြာနေလောက်ပြီ နောက်မှ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးလိုက်ကြတာ နေမှာပေါ့"

လင်းဝေ့လည်း သူ့အမေပြောတာကို နားထောင်ပြီး လွတ်ကနဲ စကားထွက်သွား၏။ "အမေ ပြောသလိုဆို ကျုံးရှောက်ရဲ့မိထွေးက အာ့မိန်းမဖြစ်မယ်ထင်တယ်"

"ဘယ်လို မိထွေးလဲ" အမေလင်းလည်း လင်းဝေ့စကားကို နားထောင်ရင်း တစ်ခုခုကို ခံစားမိကာမေးလိုက်၏။

"သမီးက ကျုံးရှောက်ရဲ့မိထွေးကို သိတယ်လား"

လင်းဝေ့လည်း ဖုံးကွယ်မနေပဲ အမှန်အတိုင်းပြောလိုက်၏။ "အမှန်တော့ အာ့ဒီစာက ကျုံးရှောက်ရဲ့မိထွေးက ပို့ပေးခဲ့တာ။ ကျုံးရှောက်လည်း စာကိုမဖတ်ခဲ့ဘူး။ ပေးပို့တဲ့ သူရဲ့ နာမည်ကိုကြည့်ရသလောက် သူ့မိထွေးရေးတာဖြစ်လောက်မယ်"

မြို့တော်ကလာသည့်စာက ကျုံးဖင်ပို့သည်ဟု အမေလင်းက တွေးပြီး ဒေါသထွက်နေခဲ့၏။ အခု မိထွေးက ရေးပို့သူဖြစ်နိုင်သည်ဟု သိသောအခါ ပိုဒေါသထွက်သွားလေ၏။

" သူများမိသားစုကိုလည်း ဖျက်ဆီးသေးတယ် စာရေးပို့ဖို့ အရှက်တောင်မရှိတော့ဘူးပေါ့။ အာ့စာကိုပြန်ပို့မနေနဲ့ ဆုတ်ဖြဲပစ်လိုက်"

"ဆုတ်ဖြဲပစ်လိုက်တော့ သူ့ဆီ ပြန်စာ ရောက်မလာရင် ကျုံးရှောက် သူ့စာကို ဖတ်ပြီးပြီလို့ထင်သွားမှာပေါ့"

အမေလင်း ထိုသို့ပြန်စဥ်းစားလိုက်ကာ သူ့သမီးပြောတာမှန်သည်ဟုတွေးလိုက်၏။ "ဘယ်လိုပဲ ဖြစ်ဖြစ် အာ့လူတွေနဲ့ မဆက်ဆံနဲ့ သူတို့က လူကောင်းတွေမဟုတ်ဘူး"

လင်းဝေ့လည်း သူ့အမေ ပြောစကားကြောင့် ရီရမလို ငိုရမလိုဖြစ်သွား၏။ "ဘယ်လိုလုပ် သူတို့နဲ့ ဆက်ဆံရမှာလဲ။ အရင်ကလည်း သူတို့နဲ့ အဆက်အသွယ်ရှိတာကျလို့ အမေကလည်း"

" ဒါဆိုလည်း ဒီလိုပဲ ဆက်နေ။ နောက်ပိုင်းလည်း သူတို့နဲ့ အဆက်အသွယ်မလုပ်နဲ့။ စာပို့လာရင်လည်း ပြန်သာပို့လိုက်။ ကျုံးဖင်ဆိုတဲ့ ကောင် သမီးတို့ကို နှစ်အကြာကြီး ပစ်ထားတာ ကျုံးရှောက်ကိုတောင် သူ့သားလို့ မျက်စ်ိထဲ မြင်ပုံမရဘူး"

မူလက ကျုံးဖင် စာရေးပို့သည်ဟု ထင်လိုက်သောအခါ အမေလင်းသည် ကျုံးဖင်တစ်ယောက် စာရေးပို့ဖို့ သတ္တိရှိသေးသည်ဟု တွေးနေ၏။ ကျုံးဖင် သူ့မြေးနှစ်ယောက်ကို ဂရုစိုက်မစိုက် အမေလင်းမသိချင်ပါ။သို့သော် နှစ်တွေအကြာကြီး လျစ်လျူရှုထားသည့်အတွက်တော့ ဒေါသထွက်မိ၏။

လင်းဝေ့လည်း တစ်ကူးတက ဆက်သွယ်တာမျိုးတော့မလုပ်ချင်ပေမယ့် သူ့အမေ၏ တင်းတင်းကြပ်ကြပ်တားမြစ်သံကိုကြားတော့ မတတ်နိုင်ပဲ ခေါင်းငြိမ့်လိုက်ရ၏။ "ဟုတ်ကဲ့ပါ အမေရယ် အဆက်အသွယ်မလုပ်ပါဘူး"

အိမ်ထဲဝင်လာတာတွေ့ရင် အမေလင်းက ရိုက်ထုတ်ပစ်နိုင်လောက်၏။

အမေလင်း ပြောစကားအရဆိုလျင် ကျုံးရှောက်အဖေက ကျုံးရှောက်ကို ပစ်ထားသည်မှာ အတော်ကြာပြီဖြစ်၏။ သူတို့လက်ထပ်တုန်းကလည်း ရောက်မလာ။ အမွှာလေးတွေမွေးတုန်းကလည်း ဘာမှ သတင်းကြားမလာခဲ့ပါ။ အခုပို့လာသည့် စာကလည်း မိထွေးကရေးတာဖြစ်လို့ ကျုံးဖင်သည် ကျုံးရှောက်ကို လုံးဝဂရုမစိုက်သည့်ပုံပေါ်၏။

ထို့ကြောင့် အမေလင်းက ကျုံးရှောက်အဖေကို အိမ်မှာပင်မကြိုဆိုချင်ပါ။ မိထွေးကတော့ အစကတည်း မသက်ဆိုင်တဲ့သူမို့လို့ စာရင်းထဲပင် ထည့်မတွက်ပါ။

လင်းဝေ့က ထိုအကြောင်းတွေးနေစဥ် အမေလင်းက ဆက်ပြော၏။ " ကျုံးဖင်က မကောင်းတဲ့ကောင်ဆိုပေမယ့်။ ကျုံးရှောက်ကတော့ လိမ္မာပါတယ်။ ရှင်းလန် အာ့ကောင်နဲ့ ကွာရှင်းပြီးနောက် ရှီးချန်ကို ပြန်သွားတော့ အမေလည်း ကျုံးရှောက်ကို ဘယ်လို စာရေးပို့ရမှန်းမသိတာနဲ့ အချိန်ဆွဲနေခဲ့တာ။ နောက် ကျုံးရှောက်လေ့ကျင့်ရေးစခန်းကနေပြန်လာတော့ သိသွားပြီး သူ့အဖေနဲ့ စကားများကြတယ်လေ။ အာ့နေ့မှာပဲ ကျုံးရှောက်က သူ့အထုပ်တွေနဲ့ ရှီးချန်ကို ပြန်လာပြီး ရှင်းလန်ကို လာရှာခဲ့တာ"

လင်းဝေ့လည်း အမေလင်းပြောသည်များကို နားထောင်ပြီး အကြောင်းအရာတွေက တစ်ယောက်ယောက်ဆီကကြားဖူးသလို ရင်းနှီးသလိုခံစားလိုက်ရ၏။ ထို့ကြောင့် အမေလင်းလည်း စကားဆုံးတော့ မေးလိုက်၏။ " ကျုံးရှောက်က သူ့မိဘတွေ ကွာရှင်းတာကို မသိခဲ့ဖူးလား"

"အာ့တုန်းက ကျုံးရှောက်က အဝေးမှာ စစ်သင်တန်းကျောင်းမှာ တက်နေခဲ့တာလေ"

လင်းဝေ့လည်း ကြောင်အသွားပြီး မေးလိုက်၏။ "သူပြန်လာပြီး အန်တီလန်ကို လာတွေ့တော့ အန်တီလန်က နေမကောင်းဖြစ်ပြီး ဆေးရုံတက်နေရတာမဟုတ်လား"

အန်တိီလန်က ချိန်ရှင်းလန်ဖြစ်၏။ ကျုံးရှောက်နှင့် လက်မထပ်ခင်က အန်တီလန်ဟု ခေါ်ခဲ့ပြီး လက်ထပ်ပြီးတော့ ယောက္ခမကြီး ဟု ခေါ်ခဲ့၏။

"နှစ်တွေကြာပြီ ဆိုတော့ အမေလည်း ဘယ်မှတ်မိတော့မလဲ" ဟု အမေလင်းက ပြောပြီး ပြန် မှတ်မိဖို့ကြိုးစားနေ၏။

"အမေ မှတ်မိတာတော့ အာ့တုန်းက ဆောင်းတွင်းပဲ။ နှစ်သစ်ကူးတော့မယ့်အချိန်ပဲ။ သမီးက ဘာလို့ အာ့တာ မေးနေတာလဲ"

အမေလင်းက မမှတ်မိသော်လည်း လင်းဝေ့ကတော့သေချာ မှတ်မိနေ၏။ ထိုနှစ်က တရုတ်နှစ်သစ်ကူးနီးလာချိန်တွင် အန်တီလန် နေမကောင်းဖြစ်၍ ဆေးရုံတက်ရကာ သူမတို့သားအမိ လူနာသွားတွေ့ခဲ့ကြတာဖြစ်၏။

ထိုအချိန်က သူ့ယောက္ခမကြီးတို့၏ ကွာရှင်းရသည့်အကြောင်းအရင်းအမှန်ကို လင်းဝေ့တစ်ယောက် ပထမဆုံးကြားခဲ့ရသည့်အချိန်လည်း ဖြစ်၏။

All Chapters