Chapter 135
Vol. 11 Ch. 135
လင်းဝေ့ အမြဲတမ်း ထင်ခဲ့တာက သူနှင့်ကျုံးရှောက်သည် လက်မထပ်ခင် နှစ်ကြိမ်သာ တွေ့ခဲ့ဖူးသည်ဟုတွေးနေခဲ့တာဖြစ်၏။ အခု သူ့အမေပြောတာကိုနားထောင်မိရင်းမှ သူတို့နှစ်ယောက်ဟိုးအရင်က တွေ့ခဲ့ဖူးသေးမှန်း သတိရလိုက်၏။
နောက်ပိုင်း တွေ့ခဲ့သည့်အကြိမ်များပါ ထည့်တွက်လျင် နှစ်ကြိမ်သာမဟုတ် လေး ငါး ခြောက် ခုနှစ်ကြိမ် ရှစ်ကြိမ်ခန့်ပင်ရှ်ိ၏။ သို့သော် ဆေးရုံမှာတွေ့ခဲ့သည့်မျက်နှာနှင့် မဆက်စပ်နိုင်ဖြစ်နေ၏။
ထူးဆန်းသည်ဟု လင်းဝေ့ ခံစားလိုက်ရ၏။
လင်းဝေ့က တိုက်ဆိုင်သည်ဟု တွေးလိုက်သော်လည်း ထိုစဥ်က လူပျိုလေးက ကျုံးရှောက်ဟုတ်မဟုတ်တော့ မသေချာသေးပေ။ ထို့ကြောင့် အမေလင်းကို အသေးစိတ် ထပ်မေးလိုက်၏။
"အမေ အရင်တုန်းက ကျုံးရှောက်က ဘယ်လိုပုံမျိုးလဲ"
"ဘယ်တုန်းကလဲ" ဟု အမေလင်းက မေးလိုက်၏။
"လွန်ခဲ့တဲ့ ၇နှစ် ၈ နှစ်လောက်ကပေါ့" ဟု လင်းဝေ့က မေး လိုက်ပြီးမှ သိပ်မသေချာ၍ ပြန်ပြောလိုက်၏။
"အာ့အချိန်လောက်တုန်းကပေါ့"
"အမေတွေ့သေးတယ်။ သူရှီးချန်ကိုပြန်လာတုန်းကလေ။ အန်တီလန် ဆေးရုံကဆင်းတော့ သွားတွေ့ရင်း သူနဲ့ဆုံခဲ့တာ" ဟု ပြောရင်း အမေလင်းက ထိုစဥ်က ကျုံးရှောက်၏ ပုံစံကို ပြန်စဥ်းစားလိုက်၏။
"သူ့ပုံစံက အခုလိုပုံစံပါပဲ သိပ်မပြောင်းလဲပါဘူး"
လင်းဝေ့ကတော့ မယုံပါ။ "မဖြစ်နိုင်ဘူးနော် အမေ လွန်ခဲ့တဲ့ လေးနှစ်နဲ့ အခုတောင် ပုံစံက အတော်လေးကွဲပြားနေတာ"
"ဘာဖြစ်လို့ဆို အသက်ကြီးလာလို့ပေါ့။ ဒါပေမယ့် မျက်နှာသွင်ပြင်ကတော့ ဒီပုံစံပါပဲ။" ဟု အမေလင်းကပြောပြီးမှ ပြန်စဥ်းစားလိုက်၏။
"သမီးပြောမှပဲ စဥ်းစားမိတယ်။ ကျုံးရှောက်က အရင်ကနဲ့တော့မတူတော့ဘူး။ အာ့တုန်းက အရပ်ရှည်ပြီး ပိန်ပိန်ပါးပါးကောင်လေး တစ်ယောက်ပုံစံမျိုး။ အသားကလည်း ဖြူသေးတယ်။ အခုတော့ တပ်ထဲမှာ တာဝန်ထမ်းဆောင်ရလို့ထင်တယ် အသားညိုလာတယ်"
ဟုတ်တယ်။ အာ့တုန်းက ကောင်လေးက ကျုံးရှောက်ပဲ ဖြစ်ရမယ်။ ဆေးရုံမှာ တွေ့ခဲ့ရတဲ့ ကောင်လေးကို သိပ်မမှတ်မိသော်လည်း သူမအထင်ကြီးလောက်မည့်သွင်ပြင်မျိုးမရှိခဲ့တာကိုတော့ သတိရလိုက်၏။ သူမ မှတ်ဉာဏ်ထဲ က ကောင်လေးက ပိန်ပိန်ပါးပါး အရပ်ရှည်ရှည်နှင့် အသားဖြူဖြူကောင်ကလေးဖြစ်၏။
သူမတို့ကို ဘလိုင်းဒိတ်တွေ့ပေးတော့ ကျုံးရှောက်က စစ်သားတစ်ယောက်ဖြစ်နေပြီဖြစ်၏။ ထို့ကြောင့်သူ့အသားအရည်ကလည်း ညိုလာကာ ခန္ဓာကိုယ်က ပိုမိုတောင့်တင်း လာ၏။ ထပ်ဆောင်းပြောရလျင် ကျုံးရှောက်သည်ပိုမိုရင့်ကျက်သည့်သွင်ပြင်ရှိလာ၏။ ထို့ကြောင့်လင်းဝေ့လည်း ယခင်က ပုံရိပ်နှင့် ယခု ပုံစံကို ဆက်စပ်မတွေးမိခြင်းဖြစ်၏။
ထို့အပြင် အမေလင်းကလည်း ချိန်ရှင်းလန်တို့ကွာရှင်းရသည့်အကြောင်းကို လင်းဝေ့အား တစ်ခါမျှမပြောပြဖူးပေ။ အန်တီလန်က သူ့ယောကျာ်းကြောင့် စိတ်ဆင်းရဲပြီး ဆုံးသွားရသည်ဟုသာ သိထား၏။
ကျုံးရှောက်နှင့် လက်ထပ်ပြီးတော့လည်း ကျုံးရှောက်မိဘများ ကွာရှင်းပြီး၍ ကျုံးရှောက်အဖေအကြောင်းမေးလိုက်လျင် အမေလင်းက အမြဲ သုန်မှုန်နေတတ်၍ ဆက်မမေးဖြစ်ခဲ့တာဖြစ်၏။
လင်းဝေ့ ယောက္ခမကြီး ရှင်းလန်ကလည်း သူ့ယောကျာ်းအကြောင်းတစ်ခါမျှ မပြောဖူး၍ စိတ်အနှောက်အယှက်ဖြစ်မည်စိုးက မမေးဖြစ်ခဲ့ပေ။
ထို့ကြောင့် ကျုံးရှောက်၏ အဖေသည် မြို့တော်မှာ ရှိကြောင်းကို လွန်ခဲ့သည့်လများက စာရောက်လာမှသာ လင်းဝေ့ သိခဲ့ရခြင်းဖြစ်၏။
ကျုံးရှောက်တစ်ယောက် အထက်တန်းအောင်ပြီး မြို့တော်မှာ စစ်သင်တန်းကျောင်းတက်ခဲ့မှန်း လင်းဝေ့သ်ိခဲ့သော်လည်း သူ့မိဘတွေကွာရှင်းပြီးတော့ ရှီးချန်ကိုပြန်လာဖူးမှန်း လင်းဝေ့ မသိခဲ့ပါ။
လင်းဝေ့တို့၏ မထင်မှတ်ပဲ ဆေးရုံမှာ တွေ့ဆုံခဲ့ရမှုက လည်း နှစ်အတော်ကြာခဲ့ပြီဖြစ်၍ လင်းဝေ့က ဆက်စပ်ပြီး မတွေးခဲ့မိခြင်းဖြစ်၏။
သို့သော် ယနေ့ အမေလင်း၏ အတိတ်က အကြောင်းအရာများကို လင်းဝေ့အား ပြောပြမှုကြောင့် ဆေးရုံမှာ ဆုံခဲ့ဖူးသည့် လူငယ်လေးနှင့် ကျုံးရှောက်ကို ဆက်စပ်စဥ်းစားမိခြင်းဖြစ်၏။
လင်းဝေ့လည်း ထိုစဥ်က လူငယ် ကျုံးရှောက်နှင့် ယခု ကျုံးရှောက် တို့က ရာနှုန်းပြည့်တော့ မတူသော်လည်း ၉၈ ရာခိုင်းနှုန်းတော့ တူသည်ဟု ခံစားလိုက်ရ၏။
ထို့ကြောင့် ညနေစာ စားကြတော့ လင်းဝေ့သည် ကျုံးရှောက်ကို ကြည့်ကာ ကျုံးရှောက်တစ်ယောက် အသားဖြူပြီး ပိန်လျင် ဘယ်လိုပုံဖြစ်မလဲ ပုံဖော်ကြည့်နေ၏။
ကျုံးရှောက်လည်း လင်းဝေ့၏ စူးရှသည့်အကြည့်များကို မခံနိုင်ဖြစ်လာ၏။
ရှက်၍တော့မဟုတ်ပါ။ လင်းဝေ့၏ အကြည့်တွေက သူ့ကို တိုက်ရိုက်ကြည့်နေပြီး ဘေးမှလည်း ယောက္ခမနှစ်ယောက်က သူတို့နှစ်ယောက်အကြည့်ကို သတိထားမိပြီး ပြုံးစိစိဖြစ်နေကြ၏။ ထို့ကြောင့် ကျုံးရှောက်လည်း သူ့ကို စိုက်ကြည့်နေသည့် လင်းဝေ့ကို သတိပေးရန် တွေးလိုက်၏။
ထို့ကြောင့် ဘေးဘီကို တစ်ချက်ကြည့်ပြီး စားပွဲခုံအောက်ကနေ လင်းဝေ့ခါးကို လက်တို့လိုက်ကာ သူ့ကိုဆက်မကြည့်ရန် သတိပေးလိုက်၏။ သို့သော် ထိုသို့လုပ်လိုက်မှ ပိုဆိုးတော့၏။
လင်းဝေ့က ကျုံးရှောက်အချက်ပြသည်ကို နားမလည်ချေ။ "ဘာလို့ ကျွန်မခါးကို တို့နေတာလဲ"
အဖေလင်းနှင့် အမေ လင်း တစ်ဟွတ် ဟွတ် နှင့်ချောင်းဆိုးကုန်ကြ၏။ ကျုံးရှောက်ကတော့ နှစ်အတော်အကြာ လူအများကို အမိန့်ပေးနေရသည့်အရာရှိတစ်ယောက်ဖြစ်၍ မျက်နှာအမူအရာကို မပျက်ထိန်းထားလိုက်ပြီး ချောင်းတစ်ချက်ဟန့်လိုက်၏။
"ကိုယ် မင်းကို ပြောစရာရှိတယ်…"
ထမင်းစားစားပွဲဝိုင်းရှိ လူအားလုံးလည်း ဘာပြောမလဲ သိချင်ကြ၍ ခေါင်းထောင်လာကြ၏။ "ဘာပြောမလို့လဲ?"
"ကိုယ်မနက်ဖြန်ကစပြီး နှစ်သစ်ကူးနေ့ထိ နားရက်ရပြီ"
ကျုံးရှောက်ပြောချင်တာ ထိုစကားမဟုတ်မှန်း အားလုံးသိ၏။
"နှစ်ရက်လောက်ပဲ ရတာလား"
"အင်း ကိုယ်က နှစ်သစ်ကူးပိတ်ရက်ရဲ့ ပထမ နှစ်ရက် အလုပ်ဆင်း နောက်နှစ်ရက်ပိတ်ရက်အာ့လိုမျိုး ယူထားတာလေ"ဟု ကျုံးရှောက်က ခေါင်းငြိမ့်ကာ ပြောလိုက်၏။
လင်းဝေ့လည်း သူမ စိတ်ထဲမှာ တွက်ချက်လိုက်၏။ ထိုကဲ့သို့ဆိုလျင် ကျုံးရှောက်သည် နှစ်သစ်ကူးပိတ်ရက်မှာ ခြောက်ရက်သာ ပိတ်ရက်ရ၏။ ပိတ်ရက်က နည်းသည် ဟုမဆိုနိုင်သလို များသည်ဟုလည်း မဆိုနိုင်ပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် သူမတို့က တစ်ခြားကို ခရီးသွားမည့်သူများမဟုတ်၍ အဆင်ပြေပါ၏။
လင်းဝေ့လည်း ကျုံးရှောက်၏ ပိတ်ရက်ကို စိတ်ထဲမှာ တွက်ချက်ပြီး ခေါင်းငြိမ့်လိုက်၏။ "ကောင်းပြီလေ"
"ကောင်းတယ် ကောင်းတယ် အဆင်ပြေသွားတာပေါ့။အမေက မင်း ၃၀ရက်နေ့မှာ အလုပ်သွားရမယ် ထင်နေလို့ ဝေ့ဝေ့ကိုတောင် နှစ်သစ်ကူးစားသောက်ပွဲကို ညနေမှ မင်းပြန်လာမှ လုပ်မယ်လို့ ပြောနေတာ အခုလိုဆိုရင် နေလည်စားသောက်ပွဲ လုပ်လို့ရပြီ"
နှစ်သစ်ကူးစားသောက်ပွဲက ရှီးချန်မှာ ပုံမှန်အချိန်မရှိပါ။ သို့သော် ပုံမှန် လင်းမိသားစုကတော့ ညနေပိုင်း စားသောက်ပွဲလုပ်လေ့ရှိ၏။ ညနေပိုင်း စားသောက်ပွဲမစခင် ဘိုးဘေးခန်းမကို အရင်သွားပြီး ဂါရဝပြု ကတော့ ပွဲအရင်လုပ်လေ့ရှိ၏။ မနက်ပိုင်း ဘိုးဘေး ကတော့ပွဲပြီးမှ ၃၀ရက်နေ့ နှစ်သစ်ကူး နေ့လည်ပိုင်းမှစတင်ကာ မိမိတို့အစီအစဥ်တိုင်း ပွဲများဆက်လုပ်လေ့ရှိ၏။
သို့သော် လင်းအဖေနှင့်အမေက သူ့သမီးရှိရာကျွန်းကိုအလည်လာသည်ဖြစ်၍ သူတို့ရှီးချန်ကအတိုင်း တစ်သွေမတိမ်း မလုပ်ကြပါ။
ကျုံးရှောက် အလုပ်သွားနေရသေးလျင် နေ့လည်ပိုင်းစားသောက်ပွဲလုပ်ဖို့ အဆင်မပြေတော့ချေ။ ထို့ကြောင့် ကျုံးရှောက်အလုပ်ကပြန်လာချိန် ညနေပိုင်းမှ လုပ်ရန်ပင် လင်းဝေ့ကို မှာထား၏။
ကျုံးရှောက်က ၃၀ ရက်နေ့မှာ အလုပ် အားသည် ဆိုလျင်တော့ လင်းအဖေနှင့် အမေက သူတို့လုပ်နေကျ အချိန်မှာပဲ နှစ်သစ်ကူးစားပွဲ လုပ်ရန် စီစဥ်လိုက်ကြ၏။
………………………………
လင်းဝေ့တစ်ယောက် ဝက်အူကို ဂျုံမှုန့်တွေနဲ့ ဆေးနေတာကိုမြင်ပြီး အမေလင်း ခေါင်းကိုက်နေခဲ့သော်လည်း ဝက်အူချက်ဟင်းကို စားချိန်တွင်တော့ အမေလင်းတစ်ယောက် လျှော့မစားခဲ့ပါချေ။
ဝက်အူသေချာသန့်ရှင်းဆေးကြောပြီး ချက်ထား၍ အရသာက အလွန်ကောင်းမွန်လှ၏။
အမေလင်းက ဝက်အူဟင်း၏ အရသာကို ကောင်းကောင်းပုံမဖော်တတ်သော်လည်း ထမင်းစားတူကိုတော့ လက်ကပင်မချချေ။
စားနေချိန်မှာတော့ အမေလင်းက ဘာမှ အပြစ်ပြောဖို့သတိမရချေ။ စားပြီးမှ အဖေလင်းကို လင်းဝေ့တို့ လင်မယား အသုံးအဖြုန်းကြီးကြောင်း သူ့ယောကျာ်းကို ဖောက်သည်ချလေတော့၏။ ကလေးနှစ်ယောက်က်ို ပြောဆိုဆုံးမပေးရန အမေလင်းက လက်တို့လိုက်၏။
အဖေလင်းလည်း သူ့သမီးက ဝက်အူကို ဂျုံမှုန့်နဲ့ဆေးမှန်းသိလိုက်တော့ ဖြုန်းတီးသည်ဟုတွေးလိုက်သော်လည်း ဝက်အူဟင်းက အလွန်စားကောင်းပြီး သူ့သမီးကို ထပ်ချက်ခိုင်းစေချင်၍ ဆိုးဆိုးရွားရွားတော့မပြောခဲ့ပါ။
" အင်းးး ဝက်အူကို ဂျုံမှုန့်နဲ့ဆေးတာတော့ မဖြစ်သင့်ဘူး"
အမေလင်းလည်း အဖေလင်း ဆက်ပြောလာမည့်စကားကို စောင့်လိုက်၏။ နောက်ဘာမှ ဆက်မပြောလာတော့မေးလိုက်၏။
" ဒါပဲလား"
" ငါမဖြစ်သင့်ဘူးလို့ ပြောတယ်လေ"
ထို့နောက်အဖေလင်းက ရှက်ရှက်ဖြင့် ဆက်ပြော၏။
" အဓိက က ဝက်အူချက်ဟင်းက စားကောင်းပြီး ငါတို့လည်း အကုန်ကုန်အောင် စားလိုက်ကြတယ်မလား"
အမေလင်းလည်း အဖေလင်းနှင့်ပေါင်းလာတာကြာပြီမို့လို့ သူဘာကိုဆိုလိုချင် တာလဲ ဆိုတာကိုတန်းရိပ်မိလိုက်၏။
"အမှန်အတိုင်းပြောလိုက်စမ်းပါ အဖိုးကြီးရာ ရှင်ထပ်စားချင်လို့ ရှင့်သမီးကို ထပ်ချက်ခိုင်းစေချင်နေတာ မလား"
"အမေတို့ ထပ်စားချင်ရင် သမီးနောက်နေ့ကျ စျေးကို စောစောသွားပြီး ဝက်အူသွားဝယ်…"
"ဘာကို သွားဝယ်မှာလဲ!!!" လင်းဝေ့ စကားပင်မဆုံးသေး အမေလင်းက ဖြတ်ပြောလိုက်၏။
"ဒီလို စျေးကြီးတဲ့ ဟင်းမျိုးကို တစ်ခါလောက်စားရင် တော်ရောပေါ့။ နေ့တိုင်းစားနေစရာမှ မလိုတာ။ ပိုက်ဆံဖြုန်းနေသလိုဖြစ်မှာပေါ့။ အမေတို့မပြန်ခင် မဟုတ်သေးဘူး အမေတို့ပြန်ပြီးရင် ချွေတာသုံးစွဲကြ ကြားလားး။ ဝက်အူဆေးရင်းနဲ့ ဂျုံမှုန့်တွေ အများကြီး သုံးပြီး ဆေးလိုက်ရတာ မနှမြောဘူးလား"
"ကျွန်တော်ကအမြဲ အာ့လို လုပ်နေကြမို့လို့ပါ."
ကျုံးရှောက်က အမေ လင်း ဆူနေသည့်အပြစ်ကိုဝန်ခံလိုက်၏။
"အမှန်တော့လင်းဝေ့က အမြဲတမ်းချွေတာပြီး ဟင်းချက်နေကြပါ။ ကျွန်တော်စားချင်တယ့်အချိန်မှသာ လင်းဝေ့က ချက်ကျွေးတာပါ။ ဒါပေမယ်အမေ မစိုးရိမ်ပါနဲ့။ နောက်ဆို ကျွန်တော် အမြဲမစားတော့ပါဘူး"
သူ့သမက်လေးက ရိုးသားပြီး သူ့အပြစ်သူ ဝန်ခံလိုက်သည့်အတွက် အမေလင်းကလည်း ဘာမျှ ဆက်မပြောတော့ချေ။
"အမေက မင်းတို့ကို ဆုံးမ နေတာတော့မဟုတ်ဘူး။ သမိီးတို့ တစ်သက်လုံး ကောင်းကောင်းမွန်မွန်နေထိုင်ချင်ရင် တစ်နပ်စာအတွက်ပဲ မတွေးနဲ့ နောက်နေ့တွေ အတွက်လည်း တွေးရတယ် နားလည်လား"
" ကျွန်တော်တို့အမေ ပြောတာကို နားလည်ပါပြီ။ နောက်လည်း ချွေတာပြီး ကောင်းကောင်းမွန်မွန် နေထိုင်သွားပါ့မယ်။ ဟုတ်တယ်နော် လင်းဝေ့" ကျုံးရှောက်က လင်းဝေ့လက်ကို လှမ်းကိုင်ရင်းပြောလိုက်၏။
"ဟုတ်ပါတယ် အမေ"လင်းဝေ့ ကလည်း ချက်ချင်းဝင်ပြောလိုက်၏။
သမီးနဲ့ သမက်က သူ့စကားကို နားထောင်တာတွေ့တော့အမေလင်း လည်း စိတ်ချမ်းသာသွားပြီး အပေါ်ထပ်တက်အဝတ်အစားပြန်ယူကာ ရေချိုးရန်ပြင်လိုက်တော့၏။
မိသားစုမှာ လူများ၍ ရေချိုးချိန်ရောက်ရင် ပြဿနာတက်လေ့ရှိ၏။ ရာသီဥတုသိပ်မပူ၍ ချွေးသိပ်မထွက်သော်လည်း လူတိုင်းက နေ့တိုင်းရေချိုးချင်ကြ၏။ တစ်ဦးလျင် ဆယ်မိနစ်ခန့် ရေချိုးချိန် ယူလျင်ပင် လူခြောက်ယောက်ဆိုလျင် တစ်နာရီခန့်ကြာသွားမည်ဖြစ်၏။
လင်းဝေ့တို့ သားအမိတို့ကတော့ တစ်ခါရေချိုးလျင် နာရီဝက်လောက်ကြာ၏။ ကလေးနှစ်ယောက်ကလည်း ကစားပြီး ရေချိုးကြလို့ နာရီဝက်လောက်ကြာတတ်၏။ထို့ကြောင့်မိသားစုတစ်ခုလုံး ရေချိုးပြီးရန် နှစ်နာရီ လောက်ကြာတတ်၏။
ထို့ကြောင့် ညနေစာ ထမင်းစားပြီး စကားပြောကြပြီး နောက်မှ ကျုံးရှောက်က နောက်ဆုံးရေချိုးရ၏။ သူအိပ်ရာဝင်ချိန်မှာတော့ ဆယ်နာရီပင်ရှိပြီဖြစ်၏။
ကျုံးရှောက် တံခါးကို အသာတွန်းဖွင့်ကာ ဝင်သွားတော့ လင်းဝေ့က ပုံပြင်စာအုပ်ကို ပိတ်နေပြီဖြစ်၏။ ကလေးနှစ်ယောက်လည်း မျက်လုံးပိတ်ပြီး ငြိမ်သက်နေ၍ "အိပ်ကုန်ပြီလား" ဟု မေးလိုက်၏။
လင်းဝေ့လည်း သူမနှုတ််ခမ်းနား လက်ညိုးကပ်ပြကာ တိုးတိုးနေရန် ရှုးးးပြောလိုက်၏။ "ခုလေးတင်အိပ်သွားကြတာ"ဟု ပြောပြီး ပုံပြင်စာအုပ်က်ို ဘေးမှာ ချလိုက်၏။
ကျုံးရှောက်ကတော့ အရမ်းဂရုမစိုက်ပဲ လင်းဝေ့ ဘယ်ဘက်မှာအိပ်နေသည့် မင်မင်ကို ရွေ့ရွေ့ ညာဘက်က်ို ရွေ့လိုက်၏။
"မနိုးစေနဲ့နော်" လင်းဝေ့က သတိပေးလိုက်၏။
"မစိုးရိမ်နဲ့။ မင်မင်က အလွယ်လေး မနိုးတတ်ဘူး"
ကျွန်းပေါ်ကို စရောက်တုန်းက ရွေ့ရွေ့တစ်ဥ်ီးသာ ညသန်းခေါင် ထ ထ နိုးတတ်၏။ အခုတော့ ညီအစ်က်ို နှစ်ယောက်လုံးက မျက်လုံးပိတ်တာနဲ့ လုံးဝမနိုးတော့ပဲ မိုးလင်းသည်အထိ တန်းအိပ်တော့တာဖြစ်၏။ ထို့ကြောင့် ကလေးတွေ နိုးလာမှာကို လုံးဝစိတ်မပူပေ။
မင်မင်ကို တစ်ဖက်ရွေ့လိုက်တော့ သူ့မိန်းမ ဘယ်ဘက်က နေရာလွတ်သွား၏။ ကျုံးရှောက်လည်း ထိုနေရာမှာ ဝင်လှဲလိုက်ပြီး မေးလိုက်၏။ "မင်း ညနေတုန်းက ကိုယ့်ကို ဘာလို့ စိုက်ကြည့်နေတာလဲ"
"ကျွန်မ ဘယ်တုန်းက ရှင့်ကို စိုက်ကြည့်လို့လဲ."ဟု လင်းဝေ့က ပြန်မေးလိုက်၏။
"ညနေစာ စားတုန်းကလေ"
"အာ့တုန်းက ရှင့်ကိုစိုက်ကြည့်မိသွားတာလား"
လင်းဝေ့ကတော့ သူမ ကျုံးရှောက်ကိုစိုက်ကြည့်မိမှန်းပင်မရိပ်မိလိုက်ပါ။
" တစ်ခါတစ်လေပဲ စိုက်ကြည့်လိုက်မိတာပါ"
"အေး မင်းတစ်ခါတစ်လေကြည့်တာက အကြာကြီး စိုက်ကြည့်နေတာလေ။ ယောက္ခမကြီးတို့ပါ သတိထားမိတယ်"
လင်းဝေ့ကတော့ အမှန်ပင်သတိမထားမိ၍ ခေါင်းခါလိုက်၏။
"မင်း အာ့တုန်းက ဘာလို့ ကိုယ့်ကို စိုက်ကြည့်နေတာလဲ"
"ကျွန်မ …" လင်းဝေ့လည်း အမှန်အတိုင်းဖြေရန်စိတ်ကူးလိုက်သော်လည်း ကျုံးရှောက်၏ ပြီတီတီရုပ်ကို မြင်သောအခါ စိတ်ပြောင်းသွား၏။
"ရှင် ကျွန်မကို ဘယ်တုန်းက ပထမဆုံးမြင်ဖူးခဲ့တာလဲ"
"ဘာလို့ ရုတ်တရက်ကြီး ထမေးရတာလဲ" ကျုံးရှောက် ရုပ်တည်သွားပြီး လင်းဝေ့ကို ကြည့်လိုက်၏။
"ကျွန်မ ဒီတိုင်း သိချင်လို့ပါ။ မေးလို့မရဘူးလား"
လင်းဝေ့ကလည်း ပြုံးပြုံးလေး ပြန်ဖြေလိုက်၏။
အမှန်တော့ လင်းဝေ့က ကျုံးရှောက်ကို ထိုမေးခွန်းမေးရင်း စိတ်ထဲမှာ သူမကို မှတ်မိဖို့ မျှော်လင့်နေမိ၏။
သူမတို့နှစ်ဦး ဆေးရုံမှာ မမျှော်လင့်ပဲ တွေ့ဆုံခဲ့တာဖြစ်သော်လည်း လင်းဝေ့က ထိုစဥ်က ရုပ်ရည်နှင့် ယခုရုပ်ရည်ကွာခြားမှုသိပ်မရှိပါ။ ထို့ကြောင့် သူမကို မှတ်မိနိုင်၏။
သို့သော် သူတို့ ယခင်က တွေ့ခဲ့ဖူးကြောင်းကို ကျုံးရှောက်က တစ်ခါမျှ မပြောဖူးပါ။ မမှတ်မိလို့လားးး ဒါမှမဟုတ် နာမည်တူမရှား လူတူမရှားနဲ့ ဆုံခဲ့တာလားး
လင်းဝေ့လည်း သေချာမသိပါ။ ထို့ကြောင့် ကျုံးရှောက်ကိုသာမော့ကြည့်ရင်း သူ့ဆီက အဖြေကိုမျှော်လင့်နေမိ၏။
ကျုံးရှောက်လည်း လင်းဝေ့ကိုပြန်ငုံ့ကြည့်ရင်း သူ့အသည်းထဲမှာယားလာ၏။
ထိုသို့အသည်းယားလာရင်း ကျုံးရှောက်သည် လင်းဝေ့၏ လည်တိုင်ကို ကိုင်လိုက်ရင်း သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ကာ ပြောလိုက်၏။
"ကိုယ် မင်းကို ပထမဆုံး တွေ့ဖူးတာက……"
လင်းဝေ့လည်း မော့ကြည့်နေရင်း ကျုံးရှောက်ပြောသံကို ကြားလိုက်ရ၏။
"ဇန်နဝါရီလ ၁၉၆၆ တုန်းက"