← Chapters

Chapter 138

Vol. 11 Ch. 138

Chapter 138

Vol. 11 Ch. 138

" ဗျောက်ဖောက်လိုက်ပြီ"

မင်မင်၏ အော်သံအဆုံး ဗျောက်သံတွေ ဆူညံသွား၏။ ညီအစ်ကို နှစ်ယောက်က ဗျောက်များနှင့် ဝေးရာကို ရှောင်လိုက်ပြီး နားပိတ်မျက်စိပိတ်နေကြ၏။ သို့သော် ဗျောက်မီးပွင့်နေပုံကိုလည်း မြင်ချင်ကြသေးရာ မျက်ခွံကို သေးသေးလေးဖွင့်ကာ ချောင်းကြည့်ကြ၏။

လင်းဝေ့ကလည်း လက်တစ်ဖက်ဖြင့် နားပိတ်ကာ နောက်တစ်ဖက်ဖြင့် ကလေးနှစ်ယောက်ကို ခေါ်လိုက်ကာ အိမ်ထဲဝင်ဟု ပြောလိုက်၏။

ကလေးနှစ်ယောက်ကတော့ သူ့တို့အမေကို မော့ကြည့်ကာ နေရာမှ မရွေ့ပဲ ဗျောက်မီးပွင့်ကိုသာ ကြည့်နေ၏။ ကျုံးရှောက်က စားသောက်ပွဲစရန် ဝင်လာတော့ပြောမှ မလာချင် လာချင်နှင့် အပြင်ကို ဆန့်တစ်ငင်ငင်နှင့် အိမ်ထဲဝင်လာကြလေ၏။

လင်းဝေ့နှင့် ကလေးတွေ အိမ်ထဲဝင်လာကြတော့ကျုံးရှောက်က အိမ်တံခါးကို ပိတ်လိုက်၍ ဗျောက်သံများ တိုးသွား၏။ အမေလင်း၏ နွေးနွေးထွေးထွေးကြိုဆိုသံက အိမ်ထဲမှ ပျံ့လွင့်နေပြီး ဘာသောက်မလဲ မေးနေ၏။

"သားက ဆိုဒါသောက်မယ် "ဟု မင်မင်က ချက်ချင်းပြောလိုက်၏။

"ဟုတ်ပြီ ရော့ ဒီမှာ ဆိုဒါ… ရွေ့ရွေ့ကရော ဘာသောက်မလဲ" ဟု အမေလင်းက ထပ်မေးလိုက်၏။

"သားလည်း ဆိုဒါသောက်မယ် " ရွေ့ရွေ့ပြန်ဖြေလိုက်သည်။

အမေလင်းက ကလေးနှစ်ယောက်ကို ဆ်ိုဒါတစ်ခွက်ဆီကမ်းပေးလိုက်ကာ လင်းဝေ့နှင့် ကျုံးရှောက်ကိုလည်း မေးလိုက်၏။ ကျုံးရှောက် မဖြေနိုင်ခင်မှာပင် အဖေလင်းက ဝင်ပြောလိုက်၏။

" ရှောင်ကျုံးက ငါနဲ့အတူ သောက်မှာ"

အဖေလင်း ဝင်ပြောတော့ ကျုံးရှောက်လည်း မငြင်းတော့ပေ။

"ဟုတ်ကဲ့"

"သမီးကတော့ ဆန်အရက်သောက်မယ် " ဟု လင်းဝေ့က ပြောလိုက်၏။

လင်းဝေ့က အရက်နှစ်မျိုးဝယ်လာခဲ့ရာ ရှီးဖန်ဒေသထွက် အရက်နှင့် ယားကျိုဒေသခံများ ထုတ်လုပ်သည့် ဆန်အရက်ဟူ၍ဖြစ်၏။

ရှီးဖန်အရက်က အရက်ပါဝင်မှုနှုန်းမြင့်ပြီး အရသာက ပုံမှန် အရက်အရသာကဲ့သို့ဖြစ်၍ လင်းဝေ့မသောက်နိုင်ပါ။ အဖေလင်းကတော့ ထိုကဲ့သို့ ပြင်းသည့်အရက်ကိုကြိုက်ပါ၏။ ထို့အပြင် အဖေလင်းသည် အုန်းသီးအရက် ဆန်အရက် လိုက်ချီးအရက်တို့ကိုလည်း ကြိုက်ပါ၏။

အမေလင်းက ဆန်အရက်ကို သူမကိုယ်အတွက် နှင့် လင်းဝေ့အတွက် ထည့်လိုက်၏။ သားအမိနှစ်ယောက်လုံး ဆန်အရက်ကြိုက်ကြ၏။ သို့သော် အများကြီးတော့ မသောက်နိုင်ကြပါ။ ထို့ကြောင့် ခွက်ထဲ အများကြီး မထည့်ထားပါ။

ခွက်တွေ အားလုံးကိုယ်စီရပြီးနောက် အဖေလင်းက အားလုံးအတူသောက်ရန် အကြံပြုလိုက်သည်။

အားလုံး လည်း မတ်တပ်ရပ်လိုက်၏။ စားပွဲဝိုင်းက ကြီး၍ ရွေ့ရွေ့နှင့်မင်မင်က အရပ်မမှီဖြစ်နေ၏။

"သားတို့ကော သားတို့ကော"

ကလေးတွေက မမှိီမကမ်းဖြစ်နေ၍ လူကြီးများက ကြည့်ပြီး ရီလိုက်ကြကာ သူတို့ခွက်တွေနဲ့ ကလေးများခွက်ကို လှမ်းတိုက်ပေးလိုက်၏။

ခွက်ချင်းတိုက်ပြီးနောက် ကလေးတွေလည်း ကျေနပ်သွားကာ သူတို့ခွက်ထဲက ဆိုဒါအချိုရည်ကို ကုန်အောင် သေက်လိုက်ကြ၏။ နောက် သူတို့အမေ လင်းဝေ့က်ို ခွက် ပြလိုက်ပြီး "မေမေ သားတို့ကုန်ပြီ" ဟုပြောလိုက်၏။

လင်းဝေ့လည်း ခွက်ကိုကြည့်ကာ ဆိုဒါထပ်ဖြည့်ပေးလိုက်၏။ "အသီးအရွက်တွေ ဟင်းတွေ လည်း စားကြဦး တစ်ခါတည်း ကုန်အောင် မသောက်လိုက်ကြနဲ့"ဟု ပြောလိုက်၏။

"ဟုတ် "

မင်မင်က ဟုတ်ကဲ့ဟုပြောကာ တူကို ကောက်ကိုင်ရင်း ငါးအသားလုံးကို ကောက်စားလိုက်၏။

ရွေ့ရွေ့ကလည်း မင်မင်လိုပဲ ငါးအသားလုံးကိုကောက်ယူကာ စားလိုက်၏။

အဖေလင်းကတော့ ကျုံးရှောက်က်ို ဘေးနားခေါ်ထားကာ စကားပြောရင်း စားလိုက်သောက်လိုက်လုပ်နေ၏။ပထမတော့ သူတို့နှစ်ယောက်က ဟင်းတွေ စားကြသေး၏။ နောက်တော့ အဖေလင်းသည် တစ်ခွက်ပြီး တစ်ခွက်သောက်တော့၏။ ကျုံးရှောက်လည်း အစက ဟင်းများစားနေသော်လည်း ယောက္ခမကြီးက ခွက်ပဲမော့နေတော့ သူလည်း လိုက်မော့ရလေတော့၏။

သူ့ယောကျာ်း၏ တစ်ခွက်ပြီး တစ်ခွက်မော့နေသည်ကိုတွေ့၍ အမေလင်းက အဖေလင်း လက်မောင်းကို တူဖြင့် တို့လိုက်၏။

"ဖြည်းဖြည်းသောက်စမ်းပါရှင် နှစ်သစ်ကူးမှာ မူးအောင် မသောက်စမ်းပါနဲ့."

"ဟုတ်ပါပြီဗျာ ဟုတ်ပါပြီဗျာ"

အဖေလင်းလည်း ဝတ်ကျေတန်းကျေ ပြန်ဖြေလိုက်ပြီး ကျုံးရှောက်ခွက်နှင့် သူ့ခွက်ထဲ အရက်ပြန်ဖြည့်လိုက်လေ၏။ အမေလင်းလည်း မျက်လုံးလှိမ့်လိုက်ပြီး ပြန်ပြောရန်ပြင်လိုက်စဥ် လင်းဝေ့က တားလိုက်၏။

"နှစ်သစ်ကူး လေးမှာ သောက်ပါစေ အမေရယ်"

"အမေ မစိုးရိမ်ပါနဲ့ ကျွန်တော်သောက်နိုင်ပါတယ်" ဟု ကျုံးရှောက်ကလည်း ပြောလိုက်၏။

" တွေ့လား မင်း သမီးနဲ့ သမက်ကတောင် ဘာမှ မပြောတာ။ မစိုးရိမ်နဲ့ ကိုယ့်ဖာသာ စားနေစမ်းပါ" ဟု ပြောပြီး အဖေလင်းက ခွက်မြောက်ကာ ကျုံးရှောက်နှင့် ခွက်တိုက်လိုက်၏။

အမေလင်းက စိတ်တိုသွားသော်လည်း ဘာမှ ပြန်မပြောပဲ သူ့သမီး လင်းဝေ့နှင့်သာ စကားပြောနေလိုက်၏။

သူ့မိန်းမက ဘာမှ မပြောတော့ အဖေလင်းက အထိန်းအကွပ်မဲ့ သောက်လာ၏။ စားသောက်ပွဲပြီးတော့ အဖေလင်းက ဘာမျှ သိပ်မစားဖြစ်ပဲ အသောက်ချည်းဖြစ်နေ၍ မူးလေတော့၏။ ကျုံးရှောက် သိပ်မသောက်ဖြစ်သော်လည်း သောက်နိုင်သူဖြစ်၍ မမူးပေ။ သူ့ယောက္ခမကြီးက မူးကာ လဲမည့်ပုံပေါက်နေ၍ ကျုံးရှောက်လည်း အဖေလင်းလက်ထဲက ခွက်ကိုချကာ တွဲထူလိုက်၏။

"ကိုယ် အဖေ့ကို လှဲဖို့အပေါ်ထပ် ခေါ်သွားလိုက်ဦးမယ်"

" ဒီမှာပဲ မူးပြီး မှောက်နေပါစေ။ စားသောက်ပွဲစတာနဲ့ သောက်နေတာ မူးမှာပေါ့" ဟု အမေလင်းက စိတ်ဆိုးတကြီးပြောလေ၏။

"အဖေက နှစ်သစ်ကူးမို့လို့ ပျော်လို့ပါ အမေရယ်" လင်းဝေ့က သူ့အဖေက်ို ကာပြောပေးကာ အဖေလင်းကိုအပေါ်ထက်ခေါ်သွားနိုင်ရန် ကျုံးရှောက်ကို ကူပေးလိုက်၏။

အပေါ်ထပ်တက်သည့် လှေကားက သိပ်မကျယ်သော်လည်း လူနှစ်ယောက် အတူယှဥ်သွား၍ ရပါ၏။သို့သော် သုံးယောက်တော့ အတူယှဥ်သွား၍ မရပါ။ အဖေလင်းကလည်း မူးပြီး ယိုင်တိုင်တိုင်ဖြစ်နေ၍ ထိန်းရခက်နေကာ ကျုံးရှောက်သည် အဖေလင်းကို ကျောပိုးလိုက်၏။

"ကိုယ် ပဲ အဖေ့ကို အပေါ်ထပ်ခေါ်သွားလိုက်မယ်"

ကျုံးရှောက်လည်း အရက်ဖြူပေါင်ဝက်လောက် ဝင်သွားသည်ဖြစ်သော်လည်း သောက်နိူင်သူဖြစ်၍ မမူးပေ။ သို့သော် မူးနေသည့်အဖေလင်းက အရပ်ရှည်ကာ အတော်လေး လေးနေ၍ လင်းဝေ့က ကျုံးရှောက် မနိုင်မည်ကို စိုးရိမ်နေ၏။

"ရှင် ရပါ့မလား"

ကျုံးရှောက်လည်း သူ့မိန်းမကို စိန်ခေါ်သည့်အကြည့်များဖြင့် ကြည့်လိုက်၏။ "ကိုယ် မနိုင်ဘူး လို့ထင်နေတာလား"

လင်းဝေ့လည်း လှေကားရင်းမှာ လဲနေသည့် သူ့အဖေကိုပြန်ကြည့်လိုက်၏။ အဖေလင်းက မူးနေ၍ ဗလုံးဗထွေးပြောနေသည်ကိုမြင်ပြီး ကျုံးရှောက်ကို ပြန်ကြည့်လိုက်ကာ နှစ်ဦးသား ရယ်မောလိုက်ကြ၏။

သူတို့သုံးယောက် လှေကားနားမှာ တစ်နေသည်ကို အမေလင်းကတွေ့ရာ အဖေလင်းက မထနိုင်လောက်အောင် မှောက်နေပြီဟု ထင်၍ "သူ့ကို ဆိုဖာ ပေါ်မှာပဲ သိပ်ထားလိုက်" ဟု အော်လိုက်လေ၏။

အမေလင်းလည်း ပြောပြီးရော ကျုံးရှောက်က အဖေလင်းကို ကောက် မ လိုက်ကာ ချက်ချင်းပြန်ပြောလိုက်သည်။

"မစိုးရိမ်ပါနဲ့ အမေ ကျွန်တော် အဖေ့ကိုနိုင်ပါတယ်ဗျ" ဟုပြန်ပြောကာ အဖေလင်းကို အပေါ်ထပ်ခေါ်တွဲသွားလိုက်၏။

လင်းဝေ့ကလည်း အငြိမ်မနေပဲ သူ့အဖေ လမ်းလျှောက်နိုင်ရန် အနောက်ကနေ လိုက်ထိန်းပေး၏။

ကျုံးရှောက်ကတော့ မမူး၍ အဖေလင်းကို သေချာတွဲခေါ်ပြီး အပေါ်ထပ်တက်နိုင်ကာ အဖေလင်းကို အပေါ်ထပ်က ကလေးများ၏ အိပ်ခန်းထဲ လှဲထားလိုက်၏။

သူ့ယောက္ခမကို အိပ်ရာပေါ် သေချာတင်လိုက်ပြီး နောက် ကျုံးရှောက်သည် လင်းဝေ့ကို ကြည့်လိုက်ကာ မေးလိုက်၏။

"ဘယ်လိုလဲ အဆင်ပြေပါ့မလား ယောက္ခမကြီးက"

လင်းဝေ့လည်း တံခါးဘက်ကို လက်ပြလိုက်ရင်း "အဆင်ပြေမှာပါ အောက် ဆင်းပြီး သွားစားကြစို့"ဟုပြောလိုက်၏။

ကျုံးရှောက်လည်း လင်းဝေ့နောက်က လိုက်လာရင်း အိပ်ခန်းထဲက အထွက် လင်းဝေ့ခါးကိုဖက်လိုက်ရင်း သူတို့၏ အိပ်ခန်းထဲ ဆွဲခေါ်သွားကာ တံခါးရွက်ပေါ် လင်းဝေ့ကို မှီထလိုက်ရင်း နမ်းလေတော့၏။ ကျုံးရှောက်ထံမှ အရက်နံ့များကို နှုတ်ခမ်းမှတစ်ဆင့် ရနေ၏။ လင်းဝေ့လည်း ကျုံးရှောက်၏ ရုတ်တရက်အပြုအမူကြောင့် မျက်လုံးလေးပြူးရုံသာ တတ်နိုင်ကာ အသက်ရှုဖို့ပင် မေ့နေတော့၏။

လင်းဝေ့၏ အသက်ရှု မဝ သံကို ကိုကြားမှ နှုတ်ခမ်းကို လွှတ်ပေးလိုက်ကာ ဂုဏ်ယူသည့်လေသံဖြင့် လင်းဝေ့ကို မေးလိုက်၏။

"ကိုယ် တော် တယ်မလား"

လင်းဝေ့လည်း ကျုံးရှောက် မေးသည်ကိုပြန်မဖြေနိုင်သေးပဲ အသက်ကိုပြန်ရှုနေရ၏။ နောက်မှ "ရှင်မူးနေတာလား" ဟုမေးလိုက်၏။

"ကိုယ်မမူးပါဘူး" ကျုံးရှောက် ငြင်းလိုက်၏။ ကျုံးရှောက်၏ ဘယ်လက်က လင်းဝေ့ခါးပေါ် တင်ထားကာ ညာလက်က လင်းဝေ့၏ နူးညံ့သည့်လည်တိုင်လေးကို ပွတ်သပ်နေ၏။

လင်းဝေ့လည်း အမူးသမားနှင့် ဖက်ပြိုင်မပြောလို၍ ကျုံးရှောက် ကို အသာအယာ ပြန်တွန်းလိုက်၏။

"ဖယ်ပါ ကျွန်မသွားပါရစေ။ အောက်မှာ စားသောက်ပွဲရှိသေးတယ်လေ"

"မင်း ကိုယ့်မေးခွန်းကို ပြန် မဖြေသေးဘူး"

"ဝေ့ဝေ့ ရှောင်ကျုံး စားကြဦးမှာလား"

အမေလင်း၏ အောက်ထပ်မှ အော်ခေါ်သံကိုကြားတော့လင်းဝေ့က ပြန်အော်ပြောလိုက်၏။ "လာပြီ အမေ!!! ကြားလား အမေ ခေါ်နေပြီ"

"ကိုယ်မေးတာအရင်ဖြေ" အမူးသမားလေး ကျုံးရှောက်က ခေါင်းမာမာနှင့် ဆက်မေးနေ၏။

လင်းဝေ့လည်း ရယ်ရခက် ငိုရခက်ဖြစ်သွား၏။ "အခုချိန်မှာ အာ့တာ အရေးကြီးလို့လား"

"အရမ်းအရေးကြီးတယ်"

"ဟုတ်ပြီ ဟုတ်ပြီ ရှင်က အကောင်းဆုံးပဲ ကျေနပ်ပြီလား"လင်းဝေ့လည်း မတတ်နိူင်ပဲ ကျုံးရှောက်အလိုကို လိုက်ရ၏။

လင်းဝေ့၏ စကားကိုကြားတော့ ကျုံးရှောက်လည်း ကျေနပ်သွားကာပြုံးလိုက်၏။ နောက်ခေါင်းကိုငုံ့ကာ လင်းဝေ့၏ နှုတ်ခမ်းကို ထပ်နမ်းလိုက်၏။

"ကျွန်မတို့အခု မဆင်းရင် အမေတက်လာလိမ့်မယ်နော်" ဟု လင်းဝေ့က အလန့်တကြား ပြောလိုက်၏။

သို့မှသာကျုံးရှောက်လည်း ပြင်းပြသည့်အနမ်းမှ ပေါ့ပေါ့ပါးပါး အနမ်းသို့ပြောင်းကာ လင်းဝေ့၏ နှုတ်ခမ်းထောင့်ကို နမ်းလိုက်၏။

လင်းဝေ့လည်း ကျုံးရှောက် ဖက်ထားရာကနေလွတ်သည်နှင့် တံခါးအမြန်ဖွင့်ကာ အောက်ထပ်ဆင်းသွားတော့၏။ မဆင်းခင် ကျုံးရှောက်က်ို "အဖေတို့ပြန်သွားရင် နောက်ပိုင်းရှင့်ကို အရက်အများကြီး မသောက်ခိုင်းတော့ဘူး" ဟု လည်း ပြောသွားသေး၏။

လှေကားခြေရင်းနားမှာ ရပ်နေသည့် အမေလင်းက လင်းဝေ့၏ စကားကိုကြားလိုက်တော့ မေးလိုက်သည်။

" ရှောင်ကျုံးလည်း မူးနေတာလား"

အမေလင်းက မေးလိုက်သော်လည်း စုံတွဲက ဘာမှ ပြန်မဖြေ၍ အမေလင်းလည်း ဆက်မမေးတော့ပဲ စားသောက်ပွဲမှာ ထိုင်ခိုင်းလိုက်၏။ "လာ လာ စားစရာတွေပဲ စားကြစို့ မသောက်ကြနဲ့တော့"

လင်းဝေ့လည်း ဟုတ်ကဲ့ပြောပြီးနောက် စားပွဲပေါ်က တစ်ခုကို သတ်ိထားမိလိုက်၏။ " ဆိုဒါအချိုရည်တွေကုန်သွားပြီလား"

မနေ့က ဆိုဒါပုလင်း လေးလုံးဝယ်လာခဲ့တာဖြစ်သည်။စားသောက်ပွဲမစခင်က အမေလင်းက ကလေးနှစ်ယောက်ကို ဆိုဒါတစ်ပုလင်းဖွင့်ကာ နှစ်ခွက်ငှဲ့ပေးလိုက်ရာ ပုလင်းဝက်ခန့်ကျန်သေး၏။ နောက် စားသောက်ပွဲစတော့ ကလေးများ ထပ်တောင်း၍ ကျုံးရှောက်က အားလုံးသောက်ရန် နှစ်ပုလင်းထပ်ဖွင့်ရာ တစ်ပုလင်းကျန်ရဦးမည်ဖြစ်၏။

သို့သော်အခါတော့ စားပွဲပေါ်မှာ ဆိုဒါပုလင်းခွံ လေးပုလင်းရှိနေ၏။ မင်မင်နှင့်ရွေ့ရွေ့ကိုကြည့်လိုက်ရာ ဆိုဒါ ဝ နေသည့် ရုပ်များဖြစ်နေ၏။

လင်းဝေ့လည်း ဆိုဒါပုလင်းလွတ်ကို ကိုင်ပြီးကလေးများကို မျက်နှာထားတည်တည်ဖြင့် မေးလိုက်၏။

"ဘာလို့ အကုန် သောက်လိုက်ကြတာလဲ"

လင်းဝေ့ စိတ်ဆိုးနေသည်ကို တွေ့၍ ကလေးနှစ်ယောက် တုန်လှုပ်သွား၏။

"သောက်လို့မရဘူးလား မေမေ"

"မေမေ မင်းတို့ကို ပေးသောက်ပြီးပြီလေ"

"ဒါပေမယ့် ဆိုဒါအချိုရည်တွေကျန်သေးတာကို" ဟု ရွေ့ရွေ့က အတွန့်တက်လိုက်၏။

အကြောင်းပြချက်ကောင်းပဲ။ လင်းဝေ့လည်း စိတ်တိုတိုနှင့်ရီလိုက်၏။ "အချိုရည်တွေ အများကြီးသောက်လိုက်တော့ သားတို့ဗိုက်ပြည့်ကုန်ပြီး ဟင်းတွေဘယ်စားနိုင်တော့မလဲ"

ကလေးများ၏ အတွေးက ရှင်း၏။ ဟင်းတွေက နေ့တိုင်း အမြဲစားရ၏။ အခုဟင်းပွဲတွေကလည်း အများကြီးကျန်သေးရာ ဒီညသူတို့မိသားစု ညအထိစားလျင်ပင် အကုန်စားနိုင်လိမ့်မည် မဟုတ်ချေ။ သို့သော် ဆိုဒါအချိုရည်ကတော့ အမြဲသောက်ရမည် မဟုတ်ချေ။ သူတို့အမေက အမြဲတမ်း ပေးမသောက်ချေ။

ထိုသို့တွေးလိုက်ကာ ဒီညမှ ဆိုဒါအချိုရည်ကို အဝ မသောက်လျင် နောက်ပိုင်းသောက်ရဖို့ မသေချာဟု တွေးကာ လူကြီးတွေမရှိတုန်း ကလေးနှစ်ယောက်က ဆိုဒါအချိုရည်ကို သောက်လိုက်ကြခြင်းဖြစ်၏။ ဟင်းများလည်း အကုန်မစားနိုင်လောက် ကျန်ဦးမည်ဟုတွေးကာကလေးတွေက စိတ်မပူပေ။

လင်းဝေ့လည်း သူ့ကလေးတွေ၏ အတွေးကိုသိကာ စိတ်ထဲမှာ ကျိတ်ရီလိုက်၏။ "အမေ သမီးတို့ဒီဟင်းပွဲတွေ လုံးဝမကျန်စေပဲ အကုန်စားလိုက်ကြရအောင်"

အမေလင်းနဲ့ ကျုံးရှောက်လည်း ကလေးနှစ်ယောက်ကိုကြည့်ပြီး သဘောတူလိုက်၏။ "ဟုတ်ပြီ စားလိုက်ကြစို့"

အချိုရည်အဝ သောက်ထားမိသည့် အတွက်အချက်လွန်သွားသည့် အမွှာနှစ်ယောက် _ "………"

………………………………

ဆိုဒါအချိုရည်တွေ ဗိုက်ထဲပြည့်နေ၍ ကလေးနှစ်ယောက်သည် ဟင်းများကို ထပ်မစားနိုင်တော့ပဲ သူ့တို့မိဘနှင့်အဖွားတို့ ဝက်ချိုချဥ်ကြော်၊ ကြက်သားအာလူးနှပ် ငါးပေါင်းဟင်း နှင့်တစ်ခြားပင်လယ်စာဟင်းလျာများအားရပါးရ စားနေသည်ကိုသာ ငမ်းနိုင်တော့၏။

ဆိုဒါအဝမသောက်ခင်က ဟင်းများစားခဲ့ကြသေးသော်လည်း အာသာပြေအောင်တော့ မစားခဲ့ရသေးပေ။ ထို့ကြောင့် ညအိပ်ရာဝင် ခြေလက်ဆေးချိန်တွင် ညီအကိုနှစ်ယောက် မပျော်မရွှင်ဖြစ်နေကြ၏။

သို့သော် အခန်းထဲပြန်ရောက်ချိန်တွင် ကလေးနှစ်ယောက်သည် သူတို့အဖွားနှင့် အမေထံမှ ဟုန်ပေါင်းများ လက်ခံရရှိကြ၏။

ဟုန်ပေါင်းရသည်နှင့် အိတ်ကိုချက်ချင်းဖွင့်လိုက်ကြ၏။

ပထမတစ်အိတ်က သူတို့အဖွားပေးတာဖြစ်ပြီး အရွက်နှစ်ရွက်ပါ၏။

"နှစ်ယွမ်တောင်!!!"

လင်းဝေ့သည် စျေးသွားတိုင်း ကလေးနှစ်ယောက်ကိုခေါ်သွားလေ့ရှိပြ သူများတွေပိုက်ဆံကို ဘယ်လိုရှာကြကြောင်းလည်း အမြဲရှင်းပြလေ့ရှိ၏။ ထို့ကြောင့်ကလေးနှစ်ယောက်မှာ နှစ်ယွမ်ရရန် မည်မျှ ခက်ခဲကြောင်းသိ၏။ နှစ်ယွမ်ဆိုတာ သူတို့အတွက် ကြီးမားတဲ့ငွေပမာဏပဲ။

ထို့ကြောင့် ပိုက်ဆံကိုကြည့်ရင်း သူတို့ရဲ့မျက်လုံးထဲမှာ အံ့သြဝမ်းသာမှုနှင့် ချမ်းသာမှုတို့ ပြည့်နှက်နေ၏။ ပျော်လွန်း၍ မူးမေ့တော့မလိုပင်ဖြစ်၏။

နောက်ထပ်ပျော်ရွှင်မှုက ထပ်ရှိသေး၏။ သူတို့အမေပေးသည့်ဟုန်ပေါင်းကို ဖွင့်လိုက်ရာ အနီရောင်အရွက်တစ်ရွက်သာထွက်လာ၏။ ထိုအရွက်ပေါ်တွင်ကြီးမားသည့်စကားလုံးနှစ်လုံးကို ရေးထား၏။ "၅ယွမ်"

မင်မင်လည်း ပျော်ရွှင်သွားကာ သူ့အမေကို မေးလိုက်၏။"မေမေ ဒါသားတို့ကို ပေးတာလား"

ရွေ့ရွေကြလည်း ပျော်လွန်း၍ တုန်လှုပ်ချင်နေသော်လည်း စိတ်ကိုတည်ငြိမ်အောင် ထားလိုက်၏။ "ဟုတ်တယ်လေ ငါတို့ကို ဟုန်ပေါင်းပေးတာ"

သူတို့ဘဝမှာ တစ်ခါမျှ ဒီလောက်များသည့်ပိုက်ဆံမရဖူးပါ။

ပျော်ရွှင်နေသည့် ကလေးများကို ကြည့်ရင်း နှစ်သစ်ကူးကျော်၈ရက်နေ့ရောက်မှ 'မေမေ သားတို့အတွက် စုထားပေးမယ်' ဟု ခေါင်းစဥ်တပ်ကာ ငွေပြန်သိမ်းမည့် လင်းဝေ့က ပြုံးနေ လိုက်၏။

အခုရက်ပိုင်းအတွင်းတော့ သူတို့ပျော်စေရန် ခဏသိမ်းထားခိုင်းလိုက်မည်။

All Chapters