← Chapters

Chapter 139

Vol. 11 Ch. 139

Chapter 139

Vol. 11 Ch. 139

တရုတ်နှစ်သစ်ကူး ပိတ်ရက်အတွင်းမှာတော့ ကျုံးရှောက်လည်း အလုပ်နားရက်ရလေ၏။ လင်းဝေ့လည်း မိသားစုလိုက် လှုပ်ရှားမှုများ လုပ်ချင်သော်လည်း လူတိုင်း ကိုယ့်အစီအစဥ်နှင့်ကိုယ် ရှုပ်နေကြ၏။

ကျုံးရှောက်ကတော့ အဖေလင်းနှင့်အတူ ငါးမျှားထွက်၏။ အဖေလင်းကလည်း စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ရာ လွန်ခဲ့သည့်အချိန်က သူ၏ ငါးဖမ်းအတွေ့အကြုံများကို ကျုံးရှောက်အား ပြောပြလေ၏။ဘယ်လိုငါးဖမ်းရသည်ဆိုသည့် အကြောင်းကိုလည်း ပြောပြလေ၏။ သို့သော် နာရီအတော်ကြာငါးမျှားပြီးနောက် ကျုံးရှောက်သည် ငါး ၅ ကောင်ဖမ်းမိပြီး အဖေလင်းကတော့ လက်တစ်ဝါးစာ ငါးတစ်ကောင်သာမိလေ၏။

သို့သော်အဖေလင်းသည် တပ်ဖွဲ့၏ အတွင်းရေးမှုးလုပ်လာတာကြာပြီဖြစ်၍ အရေထူသည့် လူမျိုးဖြစ်ပါ၏။ ထို့ကြောင့် အိမ်ပြန်လာတော့ သူ့သမီးနှင့် သူ့မြေးတွေကို ကျုံးရှောက်အား သူငါးမျှားသင်ပေးသောကြောင့် ကျုံးရှောက် ငါး၅ကောင်ဖမ်းမိကြောင်း ပြောပြလေ၏။

မင်မင်ကတော့ သူ့အဖိုးပြောပြတာကို နားထောင်ပြီး လက်ခုပ်တီးကာ ချီးကျူးလေ၏။ "ဖေဖေက အရမ်းတော်တာပဲ။ ဖိုးဖိုးလည်း အရမ်းတော်တာပဲ"

ရွေ့ရွေ့ကျတော့ သူ့အစ်က်ိုလို လက်ခုပ်လက်ဝါးတီးတာမျိုးတော့မလုပ်ပေမယ့် သူ့အဖေနှင့်အဖိုးကို သဘောကျသည့်မျက်ဝန်းများဖြင့် ကြည့်လေ၏။

အမေလင်းကတော့ သူ့ယောကျာ်းပြောတာ မယုံပါ။ "ရှင် တစ်နေကုန်လုံး ငါးဖမ်းတာတောင် ငါးတစ်ကောင် နှစ်ကောင်ပဲ ဖမ်းမိတာလား။ ရှင့်သမက်ကတော့ ၅ကောင်တောင် ဖမ်းမိတယ်လေ"

အဖေလင်းလည်း သူပြောတာမှားပြီဟု တွေးလိုက်၏။သူ့သမက်ကို သူငါးနှစ်ကောင် ဖမ်းမိကြောင်း ကြိုတင်ဇာတ်တိုက်ထားရန် မေ့သွား၏။ အခုတော့ ကျုံးရှောက် ၅ကောင်ဖမ်းမိမှန်း ပြောပြီးဖြစ်၍ မီးစင်ကြည့်ကရတော့မည်။

"မင်းပြောတာလဲ မှန်ပါတယ်။ ဒါပေမယ့် ကိုယ်က ကျုံးရှောက်ကို ငါးဖမ်းနည်းသင်ပေးနေတော့ ကိုယ့် ငါးမျှားတံကို ဂရုစိုက်ကြည့်မအားတော့ဘူးလေ။ ဒါနဲ့ တစ်ကောင်ပဲ ဖမ်းနိုင်တော့တာပေါ့"

"ဒါဆို ငါး၆ ကောင် ဖမ်းမိလာကြတာပေါ့." ဟု ပြောပြီး အမေလင်းက ကျေနပ်သွား၏။ ငါး ကြေးခွံချွတ်ဆေးကြော်ရန် ငါးထည့်ထားသည့်ပုံးက ဘယ်မှာလဲ ဟုမေးလိုက်၏။ ငါးတစ်ဝက်က်ို ညနေစာအတွက် ချက်ပြီး တစ်ဝက်က်ို ငါးချဥ် လုပ်ရန်စိတ်ကူးလိုက်၏။

ပင်လယ်ငါးတွေက ဖမ်းပြီး လျင် အခြောက်ခံကာ ငါးခြောက်လည်း လုပ်လေ့ရှိ၏။

အမေလင်းက ငါးထည့်ထားသည့်ပုံးကိုမေး၍ အဖေလင်းက သက်ပြင်းလေးချကာ ဖြေလိုက်၏။ "မီးဖိုချောင်ထဲမှာ"

အမေလင်းလည်း မီးဖိုချောင်ထဲ သွားကြည့်ရာ ငါးထည့်ထားသည့်သံပုံးကို တွေ့လိုက်၏။ နောက် အထဲ မှ ဖမ်းလာသောငါးများကို အကြိမ်ကြိမ်အခါခါ ရေတွက်ကြည့်လေ၏။

လင်းဝေ့လည်း မီးဖိုထဲ ဝင်လာတော့ ငါးများကို ရေတွက်ရင်း မျက်မှောင်ကုတ်နေသည့် သူ့အမေကိုမြင်၍ မေးလိုက်၏။"အမေ ငါးတွေက ဘာဖြစ်လို့လဲ"

"အမေ ငါးတွေကို ရေတွက်ကြည့်နေတာ တစ်ကောင်ပျောက်နေသလားလို့ပါ" ဟု အမေလင်းက ပြောရင်း ဘေးကို ဖယ်လိုက်ကာ "သမီးလာရေတွက်ကြည့်စမ်းပါ" ဟု လင်းဝေ့ကို ပြောလိုက်၏။

လင်းဝေ့လည်း ရေတွက်ကြည့်၏။ " ငါးကောင်?"

"မဟုတ်သေးဘူး ရှောင်ကျုံးက ငါးကောင် ဖအ်းမိတယ်။ သမီးအဖေက တစ်ကောင်ဖမ်းမိတယ်ဆိုရင် ခြောက်ကောင် ဖြစ်သင့်တာမလား"

အမေလင်းက မျက်မှောင်ကြုံ့ရင်းပြောလိုက်၏။ " သူတို့တွေ ပြန်လာတုန်း ခုန်ထွက်သွားတာတော့ မဟုတ်လောက်ဘူး"

လင်းဝေ့လည်း သံပုံးကို ပန်းကန်ဆေးဘေစင်ပေါ်ယူလာပြီး " ပုံးကိုသွန်ပြီး ရေတွက်ကြည့်လိုက်မယ်လေ" ဟုပြောလိုက်၏။

သံပုံးထဲက ငါးတွေကို ဘေစင်ထဲ သွန်ချလိုက်ရာငါးများကူးခတ်သံထွက်လာ၏။ နောက်သားအမိနှစ်ယောက် ငါးဘယ်နှစ်ကောင်ရှိလဲ ရေတွက်ကြည့်လိုက်ကြ၏။

နောက်ဆုံး လက်တစ်ဝါးစာ ငါးတစ်ကောင်ကို တွေတော့မှ အမေလင်းသည် စိတ်ဆိုးရခက် ရီရခက်ဖြစ်သွား၏။

"မေးနေစရာကို မလိုဘူး ဒါ သမီးအဖေ ဖမ်းလာတဲ့ အကောင်ဖြစ်မယ်"

လင်းဝေ့လည်း ငါး ၆ ကောင်ထဲမှ လက်ဝါးစာ ငါးကလေး တစ်ကောင်ကို တွေ့၍ အံ့သြသွား၏။ သို့သော် သမီးတစ်ယောက်အနေနှင့် အဖေ့ကိုကာ ပြောပေးရဦးမည်ဖြစ်၏။

" မဟုတ်လောက်ပါဘူး အမေရယ်။ ငါးတွေကရောနေတာဆိုတော့ ဒီသေးသေးလေးက ကျုံးရှောက်ဖမ်းမိတာလဲ ဖြစ်နိုင်တာပေါ့"

"ညဥ်းအဖေ အကြောင်း ငါမသိတာကျလို့။ တစ်ကယ်လို့ရှောင်ကျုံးက ဒီငါးသေးသေးလေးဖမ်းမိရင် သူ့သမက်ကလေးက ငါးကြီး လေးကောင်နဲ့ ငါးသေးသေးလေး တစ်ကောင် ဖမ်းမိတယ်လို့ အသေးစိတ် ပြောပြမှာပေါ့။ အခုတော့ ဒီလိုသေးသေးလေးဖမ်းမိလို့ ရှက်ပြီး မပြောတာနေမယ်" ဟု အမေလင်းက အတိအကျကို ခန့်မှန်းပြလိုက်၏။

လင်းဝေ့ - "………"

လင်းဝေ့လည်း သူ့အဖေဘက်က ကာကွယ်ပြောပေးချင်ပေမယ့် သူ့အမေပြောသည်များက အမှန်ပင် သူ့အဖေ၏ အကျင့်စရိုက်များဖြစ်နေ၏။

ပေါင်းသင်းလာတာကြာပြီဖြစ်သည့် အတွက် အမေလင်းသည် လက်ထဲက ငါးကလေးကိုကြည့်ရင်း ပြောလိုက်၏။

"ထားလိုက်ပါတော့ သူ့ကိုအရှက်မခွဲတော့ပါဘူး။ သူ့ကိုလည်း သွားပြောမနေတော့ဘူး။ ဒါနဲ့ သမီး ဒီငါးတွေကို ပင်လယ်ငါးကြပ်တင်ခြောက် လုပ်ကြမလား"

"ရတယ်လေ အမေ"

လင်းဝေ့လည်း သူ့အမေ လုပ်ချင်သည်က်ိုထောက်ခံပေးလိုက်ပြီးနောက် သားအမိနှစ်ယောက် ငါးကိုင်ရင်း အလုပ်များကြတော့၏။

ငါးကို ကြေးခွံချွတ် သန့်စင်ပြီးနောက် အမေလင်းသည် ရေဆာ၍ အိမ်ထဲဝင်လာကာ ရေသောက်လေ၏။ အမေလင်း အိမ်မကြီးထဲ ဝင်လာသည်နှင့် သူ့ယောကျာ်း စကားပြောနေသံကိုကြားလိုက်ရ၏။

"အဖိုးလည်း အမြန်အော်ပြောလိုက်တယ်။ ငါးမျှားတံကြိုးကို ဆွဲလိုက်တော့!!! နောက် ဘာတွေ့တယ် ထင်လဲ"

အဖေလင်းဘေးနားမှာ ဝိုင်းထိုင်နေကြသည့် မင်မင်နှင့်ရွေ့ရွေ့က အဖေလင်းပြောပြသည့် ငါးဖမ်းလုပ်ကြံဇာတ်လမ်းလေးကို နားထောင်နေရင်းမေးလိုက်၏။

"ဘာကြီးလဲ ဖိုးဖိုး ငါးကြီးကြီးမိတာလား"

" ဒါပေါ့ ငါးကြီးကြီး တစ်ကောင်က ငါးမျှားကြိုးမှာ ချိတ်မိပြီး ရေထဲကနေ ခုန်ထွက်လာတာ" ဟု အဖေလင်းက ပြောပြီး ငါးမျှားကြိုးမှာ ချိတ်မိသည့်ငါးအရွယ်အစားကို လက်ဖြင့် နှိုင်းဆပြလိုက်၏။

ကလေးနှစ်ယောက်က အံ့အားတကြီး ရေရွတ်လိုက်၏။

"ဝိုးးး ဖိုးဖိုးက အရမ်းမိုက်တာပဲ"

အဖေလင်းက သူ့မြေးများ၏ ပြောစကားကိုကြားပြီး ဘဝင် ပီတိဖြစ်ကာ အကျေနပ်ကြီး ကျေနပ်နေ၏။

"အာ့လောက်လည်း မဟုတ်ပါဘူးကွယ်"

အမေလင်းကတော့ နားထောင်ရင်း သည်းမခံနိုင်တော့၍ သောက်နေသည့် ရေပင်သီးလေသည်။ မီးဖိုထဲ ပြန်ဝင်လာကာ ဘေစင်မှာ လက်ဆေးနေသည့် သူ့သမီးကို ပြောလိုက်၏။

"သမီးအဖေ အခု ဘာလုပ်နေလဲ သိလား"

"ဘာလုပ်နေတာလဲ "

" လေလုံးထွားပြီး လျှောက်ပြောနေတာလေ" ဟု အမေလင်းက ပြောကာ " သူမို့မရှက်မကြောက် လျှောက်ပြောရဲတာ" ဟု ဆက်ရေရွတ်လိုက်၏။

လင်းဝေ့ - "……" အင်း အဖေကတော့ ရှက်စရာလို့ ထင်မှာ မဟုတ်ဘူး။

အမေလင်းက သည်းခံကာ သူ့ယောကျာ်း၏ ဖြီးလုံးများကို မဖော်ဟု တွေးထားသော်လည်း ညစာ စားချိန်ရောက်တော့ အမေလင်းသည် အဖေလင်း၏ ပန်းကန်ထဲ တမင်သက်သက် သူဖမ်းမိသော ငါးအသေးလေးကို ထည့်ပေးလိုက်လေ၏။

အဖေလင်းဘေးမှာ ထိုင်သည့် မင်မင်က ငါးအသေးကိုတွေ့တော့ အော်မေးလိုက်၏။ "ဟင် ငါးသေးသေးလေးးး ဘယ်ကရလာတာလဲ"

"အဖိုး ဒီနေ့ ဖမ်းလာတာလေ" ဟု မပြတ်မသားပြောလိုက်၏။

မင်မင်ကတော့ ကလေးဖြစ်၍ အများကြီး မတွေးမိပေမယ့် သံသယစိတ်ကလေးနှင့် မေးခွန်းထုတ်လိုက်သေး၏။

"ဒါပေမယ့် အဖိုးဒီနေ့ဖမ်းလာတဲ့ ငါးတွေက အကြီးကြီးတွေမလား"

အဖေလင်းက ရှက်သွားသည်။ ကျုံးရှောက်ကလည်း သူ့ယောက္ခမကြီး အကြပ်ရိုက်နေသည်ကိုမြင်ရ၍ ကူပြောပေးလိုက်၏။

" ငါးတွေက အကြီး အသေး အစုံရှိတယ်လေ ဘာဖြစ်လို့လဲ"

"ဘာမှ မဖြစ်ပါဘူး" ဟု မင်မင်က ခေါင်းခါကာပြောလိုက်၏။ သို့သော် အဖေလင်းပန်းကန်ထဲက ငါးသေးသေးလေးကို လှမ်းကြည့်နေသေး၏။

သူ့သမက်ဝင်ပြောပေးလိုက်၍ အဖေလင်းလည်း နည်းနည်းအသက်ရှုချောင်သွားကာ ထမင်းစားရန်ပြင်လိုက်၏။ ငါးကိုတူဖြင့်ယူကာ ပါးစပ်ထဲမထည့်ခင် သူ့မြေးက သူ့ကို စိုက်ကြည့်နေသည်ကို သတိထားမိ၍ မေးလိုက်၏။

"ဘာလို့ အဖိုးကိုကြည့်နေတာလဲ"

"ဖိုးဖိုး သားနဲ့ ငါး လဲစားမလား" မင်မင်က သူ့ပန်းကန်ထဲမှ ငါးဗိုက်သားကို တူဖြင့်ကိုင်ပြကာ မေးလိုက်၏။

"ဖိုးဖိုးရဲ့ ငါးသေးသေးလေးက ပိုအရသာရှိမယ့်ပုံပေါ်လို့"

အဖေလင်းလည်း သူ့လက်ထဲက ငါးကို မင်မင်ပန်းကန်ထဲ ထည့်ပေးလိုက်ကာပြောလိုက်၏။ "ရော့ မြေးလေးစားလိုက် လဲစားစရာမလိုဘူး အဖိုးက တစ်ခြားပြန်ယူစားလိုက်မယ်"

ထိုသို့ပြောလိုက်သော်လည်း အဖေလင်းသည် ငါးဟင်းပန်းကန်ကို မထိတော့ပါ။ ဒီညတော့ အဖေလင်းတစ်ယောက် ငါးဟင်းစားချင်စိတ်ကို မရှိတော့ပါ။

……………………

ညစာစားပြီးတော့ ကျုံးရှောက်က ပန်းကန်တွေဆေးပြီး အဖေလင်းက ကလေးနှစ်ယောက်ကို ထိန်းနေကာ အမေလင်းနှင့်လင်းဝေ့က အပေါ်ထပ်တက်ပြီး အထုပ်အပိုးများပြင်ဆင်နေ၏။

ထုပ်ပိုးရမည့်အထုပ်အပိုးများမှာ နှစ်မျိုးနှစ်စားဖြစ်၏။ တစ်မျိုးက အမေလင်းတို့ ယူလာသည့်အဝတ်အစားများနှင့် လင်းဝေ့လုပ်ထားသည့် နှစ်သစ်ကူးလက်ဆောင် လည်စည်းများဖြစ်၏။ လည်စည်းများကို ယားကျိုကျွန်းမှာ ဝတ်ဆင်၍မရပါ။

အဖေလင်းနှင့် အမေလင်းတို့ လက်ဆောင်ရစဥ်က တစ်ခဏဝတ်ဆင်ကြည့်သေးသော်လည်း ပူ၍ ပြန်သိမ်းထားလိုက်ရ၏။ သို့သော် လည်စည်း၏ ဒ်ီဇိုင်းနှင့် ချည်သားကိုကြိုက်ကြ၏။ သိုးမွှေးထက်ပင် ပို ကောင်းသည်ဟု ခံစားရ၏။

နောက်အထုပ်အပိုးကတော့ လင်းဝေ့ထည့်ပေးလိုက်သည့်ဒေသထွက် လက်ဆောင်ပစ္စည်းများဖြစ်၏။အစားအသောက်များ အဓိက ပါဝင်၏။ ပစ္စည်းအများစုက အုန်းသီးနှင့် ဆက်စပ်သည့် ပစ္စည်းများဖြစ်ကာ အုန်းကြံသကာနှင့် အုန်းသီးအနှစ်များဖြစ်၏။

ကျန်သည့်ပစ္စည်းများကတော့ ပင်လယ်စာ အခြောက်များဖြစ်၏။ လင်းဝေ့စျေးမှ ဝယ်ထားသည့် ငါးခြောက်များလည်းပါဝင်ပြီး နှစ်သစ်ကူးပိတ်ရက်အတွင်း အဖေလင်းဖမ်းခဲ့သည့် ငါးများကို အခြောက်လှမ်းထားသည်များလည်းပါသေး၏။

ထို့အပြင် လင်းဝေ့သည် စျေးမှ ပုစွန်ခြောက် နှစ်ကီလိုလည်း ဝယ်ခဲ့သေး၏။ ပုစွန်က စျေးသက်သာပြီး ဝယ်ယူရန် လက်မှတ်လည်း မလိုပါ။ ထို့အပြင် နေလှမ်းအခြောက်ခံ၍လည်းရ၏။ လွန်ခဲ့သည့်ရက်များအတွင်း လင်းဝေ့သည် ပုစွန်ခြောက်ကီလိုဝက်ဝယ်ကာ အိမ်မှာ ဟင်းရည်ချက်သောက်စဥ် အမေလင်းက အရသာကြိုက်သည်ဟု ပြောခဲ့၍ လင်းဝေ့လည်း နှစ်သစ်ကူးစျေးမပိတ်ခင် သူ့မိဘများကို လက်ဆောင် ထည့်ပေးနိုင်ရန် နှစ်ကီလိုကြိုဝယ်ထားခဲ့၏။

ကျန်သည့်ပစ္စည်းများကတော့ ကမာအသားခြောက်များ၊ ပင်လယ်သခွားခြောက်များ နှင့်ပင်လယ်ခရုအသားခြောက်စသည့် ပစ္စည်းအခြောက်အခြမ်း အစုံဖြစ်၏။ ထိုအခြောက်အခြမ်းများက ယားကျိုကျွန်းမှာ ပေါများကာ စျေးချိုသော်လည်း ရှီးချန်မှာတော့ ရှားပါး၏။ ထို့ကြောင့် ရှီးချန်ကို လက်ဆောင် အဖြစ်ပေးရန် သင့်တော်၏။

နောက်ဆုံးတစ်မျိုးကတော့ လက်ဖက်ခြောက်ဖြစ်၏။အဖေလင်းက ယားကျိုကျွန်းရှ်ိလက်ဖက်ခြောက်ကို ကြိုက်သောကြောင့်ကျုံးရှောက်က မိတ်ဆွေတစ်ဦးကိုအကူအညီတောင်းကာ နှစ်ဘူး လက်ဆောင်ထည့်ပေးလိုက်၏။

ကျန်တာကတော့ ကိတ်မုန့်နှင့် ဘီစကစ်မုန့်များဖြစ်၏။ထိုမုန့်များကတော့ အကြာကြီးလည်း အထားမခံပါ။ အမေလင်းနှင့် အဖေလင်းတို့ လမ်းမှာ စားနိုင်ဖို့ ပေါင်ဝက်ခန့်ဝယ်ထည့်ပေးလိုက်၏။

ထို လက်ဆောင် ပစ္စည်းများထုပ်ပိုးပြင်ဆင်နေစဥ်တွင် လင်းဝေ့ပျော်ရွှင်နေသော်လည်း ထုပ်ပိုးသိမ်းဆည်းပြီးတော့ လင်းဝေ့ရင်ထဲကနေ ဝမ်းနည်းမှု လှိုင်းလုံးများ တက်လာ၏။

လင်းဝေ့လည်း ဝမ်းနည်းလာပြီး သူ့အမေကိုပြောလိုက်၏။ "အမေနဲ့ အဖေ မပြန်သေးပဲ ဒီမှာ ခဏလောက် ဆက်နေကြပါလား"

အမေလင်းက ခေါင်းကိုအသာအယာခါလိုက်၏။

"အမေတို့ ဆက်နေလို့မရတော့ဘူး။ သမီးအဖေက တပ်ဖွဲ့ရဲ့ အတွင်းရေးမှုးလေ။ နှစ်သစ်ကူးပိတ်ရက်အတွင်း အလုပ်မရှိလို့ အလည်လာခဲ့လို့ရပေမယ့် နှစ်သစ်ကူးပြီးရင်တော့ အလုပ်တွေ ပြန်ရှုပ်လာပြီလေ။ တပ်စိုက်ပျိုးမြေတွေကလည်း ရိတ်သိမ်းချိန်ရောက်နေပြီဆိုတော့ ဆက်နေလို့မရတော့ဘူး ပြန်ရတော့မယ်"

အမှန်တော့ လင်းဝေ့လည်း ကလေးတစ်ယောက်မဟုတ်၍ အမေလင်းပြောသည်များကို သိပြီးဖြစ်ပါ၏။သို့သော် အမေလင်းတို့ ပြန်သွားလျင် နောက်ပိုင်း သူတို့နောက်တစ်ခေါက်ပြန်ဆုံဖြစ်မလား မသေချာတော့ပေ။နောက်ပိုင်း ပြန်ဆုံဖြစ်လျင်လည်း သူ့မိဘများကိုတော့အသက်ရှည် ကျန်းမာစွာ နေခိုင်းစေလို၏။

မျက်လုံးများနီရဲနေသည့် လင်းဝေ့ကိုကြည့်ကာ အမေလင်းက လုပ်လက်စအလုပ်များ ခဏရပ်ထားလိုက်ပြီး သူ့သမီးဘေးနား တိုးထိုင်လိုက်၏။ "ကြည့်စမ်းပါဦး အမေ့သမီးက ဘာလို့ငိုနေရတာတုန်း"

"အမေနဲ့ မခွဲချင်လို့ပါ" ဟု လင်းဝေ့က ရှိုက်သံပါရင်းပြောလိုက်၏။

အမေလင်းလည်း လင်းဝေ့ကို ပွေ့ဖက်လိုက်ရင်း လင်းဝေ့၏ ဆံပင်များကို အသာအယာ သပ်ပေးလိုက်၏။

"အမေတို့နဲ့ မခွဲနိုင်ဘူး ဟုတ်လား သမီးလည်း အမေတို့နဲ့အမြဲအတူနေလို့မှ မရတာ။ ငှက်ကလေးတွေက အတောင်ပေါက်လို့ကြီးလာရင် အသိုက်ကိုစွန့်ပြီး အမြင့်ကိုပျံသန်းသွားရတာပဲလေ။ သမီးလည်း အာ့လိုပဲ။ အမေတို့ကလည်း သမီးကိုအနားမျာ အမြဲထားချက်တာပေါ့။ ဒါပေမယ့် သမီး အမြင့်ဆုံးကိုပျံသန်းတာလဲ မြင်ချင်သေးတယ်လေ"

လင်းဝေ့ကတော့ သူ့အမေ လက်မောင်းထဲမှာ တိုးဝေ့ရင်း အသာအယာရှိုက်နေ၏။

သူသမီး၏ ငိုနေသံကိုကြားတော့ အမေလင်းလည်း စိတ်ထဲ မကောင်းဖြစ်လာ၏။ သူမ ယားကျိုကျွန်းကို နှစ်သစ်ကူးအချိန် ရောက်လာခဲ့ခြင်းကလည်း လင်းဝေ့ကို စိတ်ပူ၍ ဖြစ်၏။

သူမမွေးထားသည့် ကလေးသုံးယောက်ထဲတွင် အငယ်ဆုံးဖြစ်သည့် လင်းဝေ့သည် အားအနည်းဆုံးဖြစ်ကာ မိဘများ၏ ဂရုစိုက်မှုကို အလိုအပ်ဆုံးဖြစ်၏။ သို့သော် လင်းဝေ့သည် သူမကလေးသုံးယောက်ထဲတွင် စိတ်ဓာတ်ကြံ့ခိုင်ပြီး စဥ်းစားဉာဏ် အရှိဆုံးသူဖြစ်ကြောင်းလည်း အမေလင်းသိ၏။

ထို့ကြောင့်သာ သူ့မသမီးသည် ယားကျိုကျွန်းကိုရောက်ပြီး တစ်နှစ်ပင် မပြည့်သေးပဲ အဆင်ပြေပြေနေနေကြောင်းပြရန် သူမတို့ကို နှစ်သစ်ကူးပိတ်ရက် အလည်ခေါ်နိုင်ခြင်းဖြစ်၏။

အမေလင်းတို့ ယားကျိုကျွန်းကို စရောက်သည့်ညက သူ့သမီးနှင့်စကားပြောစဥ်တွင် သူ့သမီးရင်ထဲမှာ အကြောင်းတစ်ခုခုရှိမှန်း ရိပ်မိလိုက်၏။ နောက်မှ မေးကြည့်မည်ဟု စိတ်ထဲမှာ မှတ်ထားခဲ့၏။

နောက်ပိုင်း မိသားစုအိမ်ရာ ပတ်ဝန်းကျင်ရှိ အိမ်နီးချင်းများနှင့်စကားပြောကြည့်ရာမှ ကျွန်းပေါ်မှာ သူ့သမီးကြုံတွေ့ရသည့်အရာများကို သိခဲ့ရခြင်းဖြစ်၏။

သူ့သမီး လင်းဝေ့သည် ကျွန်းပေါ်စရောက်ကတည်းက အခက်အခဲများ ကြုံတွေ့ခဲ့ရ၏။ သူမ၏ အိမ်နီးချင်းကလည်း ဇီဇာကြောင်ကာ ပြဿနာရှာတတ်၍ လင်းဝေ့၏ ပထမဆုံးအလုပ်က်ိုပင် နှောက်ယှက်ခဲ့၍ အလုပ်ပျက်ခဲ့ရ၏။ သို့သော် သူ့သမီးသည် သူတစ်ပါးထိုးနှက်တိုင်း အလွယ်တူကူ အရှုံးပေးတတ်သည့်လူမျိုး မဟုတ်ကြောင်း အမေလင်းသိပါ၏။

နောက်ပိုင်းတွင် လင်းဝေ့သည် စစ်တပ်မူလတန်းကျောင်းမှာ အလုပ်ဝင်ခဲ့ပြီး ယာယီအစားထိုးဆရာမအဆင့်ကနေ ကြိုးစားပြ၍ အမြဲတမ်း ဆရာမပင်ဖြစ်လာခဲ့၏။ သူမသင်သည့်အတန်းသည် နောက်ဆုံးစာမေးပွဲမှာ အဆင့်ကောင်းခဲ့၍ သူမ၏ ဂုဏ်သတင်းလည်း တက်ခဲ့ရ၏။

အပြင်လူတွေ ဘယ်လိုပဲပြောပြော လင်းဝေ့နှင့်ကျုံးရှောက်၏ အိမ်ထောင်ရေးကလည်း သာယာကြောင်း အမေလင်း ကြည့်သည်နှင့် သိပါ၏။ ကျုံးရှောက်က မိသားစုကိုဂရုစိုက်ပြီး သူ့သမီးကလည်း လူရွေးမှန်ခဲ့ကြောင်းသိ၏။

ထိုကဲ့သို့အကုန်လုံးတွေးကြည့်ပြီးနောက် သူ့သမီးရင်ထဲက ဖုံးကွယ်ထားသည့်အရာက ဘာလဲ ဆိုတာ မသိခဲ့ရပါ။

သို့သော် အမေလင်းသည် လင်းဝေ့ကို တိုက်ရိုက်မမေးတော့ပဲ လင်းဝေ့၏ ဆံပင်က်ိုသာ ပွတ်သပ်လိုက်ပြီး ပြောလိုက်၏။

"အမေနဲ့ အဖေ ယားကျိုကျွန်းကို စလာတုန်းက သမီးများ စစ်တပ်ထဲနေရတာ အဆင်ပြေပါ့မလား ဆိုပြီး စိုးရိမ်နေခဲ့ရတာ။ ကျုံးရှောက်နဲ့လည်း အကြာကြီး ခွဲနေထားတော့ အတူနေကြရင် အဆင်ပြေပါ့မလား ဆိုပြီး တွေးပူနေခဲ့တာ။ အခုတော့ မပူတော့ဘူး။ ရှောင်ကျုံးက သူ့အမေအတိုင်းပဲ ဂရုစိုက်တတ်ပြီး ကြင်နာတတ်တယ်။သမီးကိုပဲပြောရမှာ သမီးတို့တွေ အတူနေကြတဲ့အခါ ဖြစ်လာတဲ့ ပြဿနာတွေကို စိတ်ထဲမှာပဲ မသိမ်းထားနဲ့။ အခက်အခဲ ပြဿနာတွေ ကြုံလာတဲ့အခါတိုင်း လင်နဲ့မယားဆိုတာ အတူတူဆွေးနွေးပြီး ရင်ဆိုင်ဖြေရှင်းရမယ်နော် သမီး ကြားလား"

အမေလင်းက သူ့သမီးကိုမှာကြားနေသော်လည်း လင်းဝေ့ကတော့ အတော်ကြာမှ နားလည်ကြောင်းပြောကာ သူ့အမေလက်မောင်းထဲ တိုးဝေ့ရင်း ငိုနေ၏။

လင်းဝေ့တစ်ကယ် နားလည်တာလား။ ဝတ်ကျေတမ်းကျေ ခေါင်းငြိမ့်လိုက်တာလားတော့ အမေလင်းမသိပါ။ အမေလင်းလည်း သူ့သမီးကိုဖက်ထားရင်း တစ်ခဏတွေးငိုင်နေမိကာ သက်ပြင်းလေးချလိုက်၏။

………………………

အမေလင်းနှင့် အဖေလင်းတို့ ရောက်လာစဥ်ကလို ဆိပ်ကမ်းကိုပြန်တော့လည်း ကျုံးရှောက်သည် စစ်တပ်သုံးဂျစ်ကားဖြင့် နောက်တစ်နေ့မနက်ခင်းတွင် လိုက်ပို့လေ၏။

မနေ့ညက ငိုယိုကာ နှုတ်ဆက်ပြီးသော်လည်း အမှန်တစ်ကယ်ခွဲခွာချိန်ရောက်တော့ လင်းဝေ့၏ မျက်လုံးများနီလာပြန်၏။ လင်းဝေ့ငိုနေသည်ကိုတွေ့တော့အမေလင်းက ဆူပူဟန်ပြုလိုက်၏။

"အသက်ကဖြင့် ကြီးနေပြီကို အခုထိငိုနေတုန်းးး။ အမေဖြစ်ပြီး ငိုနေတာ ကလေးတွေ ကြည့်ပြီး ရယ်မှာ မရှက်ဘူးလား"

လင်းဝေ့ သူ့ကလေးနှစ်ယောက်ကို ငုံ့ကြည့်လိုက်တော့ ကလေးနှစ်ယောက် မျက်ရည်ရော နှာရည်ရော ရွဲလဲ ဖြင့် လင်းဝေ့ထက်ပင် ပိုဆိုးနေ၏။ လင်းဝေ့လည်း ရှိုက်သံလေးဖြင့် " အမေတို့ကို မခွဲနိုင်လို့ပါနော်" ဟုပြောလိုက်၏။

မင်မင်နှင့်ရွေ့ရွေ့ကလည်း ရှိုက်သံလေးဖြင့် "ဖွားဖွားတို့မပြန်လို့ မရဘူးလားဟင်" ဟု ပြောလိုက်၏။

" ငါ့မြေးတို့နဲ့တော့နော်…ဖွားဖွားတောင် ငိုမိတော့မယ်" အမေလင်းလည်း သူမျက်ဝန်းထောင့်မှ ဆို့လာသော မျက်ရည်စကို သုတ်လိုက်ကာ ကလေးနှစ်ယောက်၏ ခေါင်းကို ကိုင်ရင်းမှာလိုက်၏။

"မင်မင်နဲ့ ရွေ့ရွေ့ လိမ်လိမ်မာမာနေကြနော်။ ဒီနှစ် နှစ်သစ်ကူးကျရင် ဖွားဖွားက ပြန်လာကြည့်မှာနော်"

" ဒီနှစ် နှစ်သစ်ကူးက အခုမဟုတ်ဘူးလား" ဟု မင်မင်က နားမလည်၍ မေးလိုက်၏။

"လွန်ခဲ့တဲ့ နှစ်က နေ နှစ်သစ်ကူးတာလေ"

"အာ့လိုလား" မင်မင်က နားမလည်သော်လည်း ထပ်မမေးတော့ချေ။ သူ့အဖွားကိုသာ မျက်ရည်ရွဲလဲ ပြန်ကြည့်လိုက်ရင်းမေးလိုက်၏။

" ဒါဆို ဒီနှစ်ရဲ့ နှစ်သစ်ကူးက ဘယ်လောက်ကြာဦးမှာလဲ"

"တစ်နှစ်"

"အကြာကြီးပဲ " မင်မင်တစ်ယောက် ပါးစပ်ဟကာကြောင်သွား၏။

"ဘာလို့လဲ။ တစ်နှစ်ဆိုတာ မျက်စိတစ်မှိတ်အတွင်းပြီးသွားမှာပဲကို။ မြေးလေးတို့ ကျွန်းပေါ်ရောက်လာတာတောင် တစ်နှစ်ပြည့်တော့မှာလေ"

မင်မင်လည်း သူတို့ရောက်ခါစက အလွန်ပူတာကိုသတိရလိုက်၏။ အခုလည်း ရာသီဥတုအပူချိန်က ပြန် ပူပြင်းလာပြီဖြစ်၍ အချိန်က ကုန်မြန်သည်ဟု တွေးလိုက်၏။

မင်မင်ကတော့ စဥ်းစားတွေးတောတတ်သူပီပီ အချိန်အကြောင်းကို သိပ်မရှင်းသေး၍ မရေမရာ ပြောလိုက်၏။

"သိပ်မကြာသေးဘူးလို့ ထင်ရတယ်နော်"

မင်မင်လည်း သူ့ညီလေး ရွေ့ရွေပြောတာကို နားထောင်ရင်းတစ်နှစ်ဆိုတာ အချိန်မကြာဟုတွေးလိုက်ကာ သူ့အဖွားကို ပြန်ပြောလိုက်၏။

" ဒါဆို ဖွားဖွား ဒီနှစ်ရဲ့ နှစ်ကူးတဲ့အချိန်ပြန်လာခဲ့နော်"

"ဟုတ်ပါပြီ။ တစ်ကယ်လို့ အဖွားမလာနိူင်တဲ့အခါ မြေးတို့က အဖွားဆီလာခဲ့ကြလေ။ မြေးတို့ဝမ်းကွဲတွေကိုလည်း တွေ့ရတာပေါ့"

မင်မင်ကတော့ သွားချင်ပေမယ့် ကလေးဖြစ်၍ တစ်ယောက်တည်းသွားမရ၍ သူ့အမေကို ခေါင်းမော့ကာ မေးလိုက်၏။

"မေမေ ဖေဖေ သားတို့ ဒိီနှစ်ကူးရင် ဖွားဖွားတို့ဆီသွားကြမလား"

လင်းဝေ့ကလည်း သိပ်မသေချာ၍ "သားတို့ အဖေ အားမအား ကြည့်ရဦးမယ်လေ" ဟုပြောလိုက်၏။

မင်မင်က သက်ပြင်းချကာ အမေလင်းကို ပြောလိုက်၏။"ဖွားဖွား အဖေအားရင် သားတို့ ဒီနှစ်ကုန် ရင် လာခဲ့မယ်နော်"

အမေလင်းလည်း ပြုံးလိုက်ကာ သူ့မြေးလေးနှစ်ယောက်ိုချော့လိုက်၏။ လင်းဝေ့လည်း မျက်ရည်များတိတ်သွားပြီး မျက်လုံးသိပ်မနီတော့ပေ။ စစ်သားတစ်ဦးက ရောက်လာကာ သင်္ဘောထွက်ခွာရန် နီးလာပြီဖြစ်ကြောင်း အသိလာပေးမှ အမေလင်းနှင့်အဖေလင်းလည်း သင်္ဘောပေါ် တက်သွားတော့၏။

"အမေ ညတုန်းက မှာခဲ့တာ မမေ့နဲ့နော်"

"ဟုတ်ကဲ့ မမေ့ပါဘူး"လင်းဝေ့လည်း ပြန်ပြောလိုက်၏။

အမေလင်းလည်း သက်ပြင်းလေးချလိုက်ကာ ကျုံးရှောက်ကို မျက်ရိပ်မျက်ကဲပြလိုက်၏။ ကျုံးရှောက်လည်း အမေလင်းကို ခေါင်းငြိမ့်ပြလိုက်စဥ် အမေလင်းလည်း သူ့အထုပ်ဆွဲကာ အဖေလင်းနှင့်အတူ သင်္ဘောပေါ် တက်သွားတော့၏။

"အမေတို့သွားပြီနော် သမီးတို့လည်း စောစောပြန်ကြတော့"

လင်းဝေ့လည်း ခေါင်းငြိမ့်ပြလိုက်၏။ ကလေးနှစ်ယောက်ကလည်း သူတို့အဖိုးအဖွားများကို လက်ပြနှုတ်ဆက်လိုက်၏။

"တာတာ့ ဖိုးဖိုး တာ့တာ ဖွားဖွား"

လင်းဝေ့အဖေနှင့်အမေ သင်္ဘောပေါ် တက်သွားတော့ သင်္ဘောဝမ်းဗိုက်တံခါးက ပိတ်သွား၏။ နောက် သင်္ဘောဥသြဆွဲသံ ထွက်ပေါ်လာကာ သင်္ဘောကြီးသည် ဆိပ်ကမ်းမှ တစ်ရွေ့ရွေ့ ပင်လယ်ပြင်ကြီးဆီ ထွက်ခွာသွားတော့၏။

ကျုံးရှောက်နှင့် လင်းဝေ့တို့မိသားစုလည်း ကမ်းပေါ်ကနေ ထွက်ခွာသွားသည့် သင်္ဘောကို ကြည့်နေလိုက်၏။ နောက်တော့ မလင်းတလင်း မိုးကောင်းကင်ကြီးဝယ် နေမင်းကြီး၏ အလင်းရောင်များ ဖြာကျလာတော့၏။

All Chapters