Chapter 140
Vol. 11 Ch. 140
အမေလင်းနှင့် အဖေလင်းပြန်သွားပြီးနောက် လင်းဝေ့တို့လည်း အိမ်ပြန်ရောက်တော့ လင်းဝေ့က မင်မင်နှင့်ရွေ့ရွေ့ဆီက ဟုန်ပေါင်းပိုက်ဆံများကို ပြန်တောင်းလေ၏။
ထိုအချိန်မှာတော့ မင်မင်၏ မျက်နှာအမူအရာက ကောင်းကင်ကြီး ပြိုကျသကဲ့သို့ ဖြစ်သွား၏။ "ဟုန်ပေါင်းက အမေကနေ သားတို့ကိုပေးတာ မဟုတ်ဘူးလား"ဟု မင်မင်က မယုံကြည်နိုင်ပဲ မေးလိုက်၏။
ရွေ့ရွေ့၏ မျက်နှာကလည်း သုန်မှုန်နေကာ သူ့အစ်ကို၏ မေးခွန်းကို ထောက်ခံလိုက်၏။ "ဟုတ်တယ် ဟုတ်တယ်"
"ဟုန်ပေါင်းက သားတို့ကိုပေးတာ မှန်ပါတယ်။ ဒါပေမယ့် သားတို့က ငယ်သေးတော့ ပိုက်ဆံတွေ အများကြီးကို မသိမ်းနိုင်မှာစိုးလို့ အမေက သိမ်းထားပေးမလို့ပါ" ဟု လင်းဝေ့က သကာရည်လောင်းထားသည့်စကားကိုပြောလိုက်၏။
သို့သော် ကလေးနှစ်ယောက်ကလည်း လူလည်များဖြစ်ကြ၏။
" သားတို့လည်း ပိုက်ဆံကို သေချာထိန်းသိမ်းနိုင်ပါတယ် မေမေရဲ့" ဟု မင်မင်က ပြောလိုက်ရာ ရွေ့ရွေ့ကလည်း ကြက်ဆန်ကောက်စားသကဲ့သို့ ခေါင်းကိုငြိမ့်ကာ လိုက်ထောက်ခံ၏။
"ဟုတ်တယ် ဟုတ်တယ် မေမေ ကလည်း ဘာလို့စိုးရိမ်နေတာလဲ။ သားဆိုအရင်က အလုပ်လုပ်ရင်းရတဲ့ ပိုက်ဆံတွေ စုထားတာ လေးယွမ်တောင်စုမိနေပြီ"
"မင်း ပိုက်ဆံ အာ့လောက်တောင်စုမိနေပြီလား"
မင်မင်က တအံ့တသြ ရွေ့ရွေ့ကို လှည့်ကြည့်ကာမေးလိုက်၏။
"ကိုကြီးကော မစုမိဘူးလား" ရွေ့ရွေ့က ပြန်မေးလိုက်၏။
ညီအစ်ကိုနှစ်ယောက် အကြောင်းအရာ အတော်များများကို ဝေမျှ အသိပေးကြသော်လည်း သူတို့တန်ဖိုးထားသိမ်းထား ပေးမသိ ကြသည့်အရာများတော့ ရှိကြသေး၏။ ထို့ကြောင့် တစ်ဦးနှင့်တစ်ဦး ငွေဘယ်လောက်စုမိပြီမှန်း မသိကြပေ။ သူတို့အတူတူကစားကြပြီး စျေးဝယ်သွားတိုင်းလည်း အတူတူ မုန့်ဝယ်စားကြရာ စုငွေအကြောင်းထုတ်ပြောလာတော့ အံ့သြသွားကြ၏။
အအံ့သြဆုံးလူက မင်မင်ဖြစ်၏။ "မင်းပဲ ငါတို့အတူတူ မုန့်တွေဝယ်စားမယ်ဆိုပြီး ကတိပေးခဲ့တာလေ။ အခုတော့ ငါမသိပဲ ပိုက်ဆံတွေခိုးစုနေတာလား။ ငါတော့ဘယ်လောက်မှလဲ မစုမိဘူး ငါးဆယ်ပြားပဲရှိတယ်" ဟု မင်မင်က ကြေကွဲစွာပြောလိုက်၏။
ဤအခြေအနေကို လင်းဝေ့က အခွင့်အရေးယူကာ ထပ်ပြောလိုက်၏။ " ဒါ့ကြောင့် အခုပိုက်ဆံလည်း သားတို့သိမ်းထားရင် ကုန်သွားလိမ့်မယ် အာ့တော့အမေသိမ်းထားပေးမယ်နော်"
" ဒါပေမယ့် ဒါက သားတို့ရဲ့ ဟုန်ပေါင်းပိုက်ဆံလေ မေမေ။ သားတို့ သုံးဖို့အတွက် မဟုတ်ဘူးလား" ဟု မင်မင်က ဆူပုတ်ကာမေးလိုက်၏။
"ဟုန်ပေါင်းပိုက်ဆံက သုံးဖို့လို့ ဘယ်သူပြောလဲ။ ဟုန်ပေါင်းက ကံကောင်းစေတဲ့ပိုက်ဆံလေ။ အာ့ကြောင့် မေမေက သိမ်းပေးမယ်ပြောတာ။ မေမေလည်း ကိုယ်ကျိုးအတွက်သုံးမှာ မဟုတ်ပါဘူး။ သားတို့ကျောင်းတက်တဲ့အခါ ကျူရှင်လခတွေပေးဖို့အတွက် စုထားမှာပါ"
"ကျူရှင်လခက ဘာလဲ" မင်မင်က မေးလိုက်၏။
" ကျောင်းတက်တဲ့အခါ သုံးရတဲ့ ကျောင်းစရိတ်တွေက ကျူရှင်လခတွေလေ။ နောက်နှစ်ဆို သားတို့ကျောင်းတက်ရတော့မှာ။ အာ့အချိန်ဆို ပိုက်ဆံအများကြီးကုန်တော့မှာ။ အခုပိုက်ဆံတွေကို မစုထားရင် နောက်ပိုင်းကျောင်းတက်ရင် ခက်ခဲလိမ့်မယ်" ဟု လင်းဝေ့က ရှင်းပြလိုက်၏။
ကလေးများကို ခြောက်နှစ်ပြည့်မှ ကျောင်းထားရမည်ဟု သတ်မှတ်ထားသော်လည်း ကျောင်းများက ဝင်ခွင့်ကိုအရမ်းကြီး မတင်းကြပ်ထားပါ။ ထို့ကြောင့် ယနေ့ခတ်တွင် ငါးနှစ်အရွယ် ကလေးများပင် မူလတန်းကျောင်းရောက်နေပြီဖြစ်၏။
လင်းဝေ့၏ ကလေးများက နောက်လာမည့် မတ်လတွင် ငါးနှစ်ပြည့်မှာဖြစ်ပြီး စက်တင်ဘာလ ကျောင်းအပ်လက်ခံသည်အချိန်တွင် အသက်က ၅နှစ်ခွဲ ရှိပြီဖြစ်၏။ထို့ကြောင့် စက်တင်ဘာလ ကျောင်းဖွင့်သည်နှင့် ကျောင်းတက်နိုင်ပြီဖြစ်၏။
"သားတို့ ကျောင်းမသွားပဲ အိမ်မှာပဲ ကစားနေလို့မရဘူးလား"
မင်မင်ကတော့ ကျောင်းမသွားလည်း ဘာမှ မဖြစ်ဟု အတွေးဝင်နေ၏။
"အရမ်းကောင်းတာပေါ့" လင်းဝေ့က သူ့သားများ၏ ခေါင်းကို ပုတ်ကာပြောလိုက်၏။
" ဒါပေမယ့် သားတို့ ကျောင်းမသွားရင် နောက်ပိုင်းသားတို့ကြီးလာရင် ဘာမှမသိပဲ အကန်းနဲ့တူလိမ့်မယ်။ ဘာမှ မသိရင် သားတို့ကို ဘယ်စစ်တပ်ဌာန က အလုပ်ခန့်မှာလဲ။ ဘယ်ဌာနကမှ အလုပ်မခန့်ရင် သားတို့ပိုက်ဆံဘယ်လိုရှာကြမလဲ။ ပိုက်ဆံမရှိရင် သားတို့ ဘဝကြီးကို ဘယ်လို နေထိုင်စားသောက်ကြမလဲ။ မေမေနဲ့ ဖေဖေက သားတို့ကို တစ်သက်လုံးကျွေးမွေးထားရမှာလား"
"အာ့လိုလုပ်လို့မရဘူးလား" ဟု မင်မင်က မေးလိုက်၏။
"ဘယ်ရမလဲ!"
အသက်ကြီးတဲ့အထိ မိဘလုပ်စာထိုင်စားချင်သည့်မင်မင်က သူ့ဟုန်ပေါင်းငွေကို မပေးလိုသော်လည်း ကျူရှင်စရိတ်ဟူသည့် ခေါင်းစဥ်တပ်ကာ သူ့အမေ၏ သိမ်းဆည်းခြင်းခံလိုက်ရ၏။
အစ်ကိုကြီးကဲ့သို့ ညီလေးရွေ့ရွေ့ကလည်း သူ့ဟုန်ပေါင်းပိုက်ဆံကို မပေးချင်ပါ။
သို့သော် ရွေ့ရွေ့ကတော့ ကိုယ်ပိုင်ပိုက်ဆံ လေးယွမ်ပင် စုဆောင်းထားပြီးဖြစ်၍ နှစ်သစ်ကူးဟုန်ပေါင်းပိုက်ဆံအသိမ်းခံရလည်း သူ့အစ်ကို မင်မင်လိုတော့သိပ်မကြေကွဲရပါ။ သို့သော်" ဒါဆို သားတို့အလုပ်လုပ်ပြီး ရတဲ့ပိုက်ဆံတွေကိုတော့ မသိမ်းဘူးမလား" ဟုသေချာအောင် မေးလိုက်သေး၏။
" ဒါပေါ့ အာ့ပိုက်ဆံက သားတို့အလုပ်လုပ်လို့ရတဲ့ လုပ်အားခဆိုတော့ သားတို့ကြိုက်သလိုသုံးလို့ရတယ်"
ထိုစကားကိုကြားမှ ရွေ့ရွေ့လည်း သက်ပြင်းလေးချလိုက်နိုင်၏။ အနည်းဆုံးတော့ သူ ပိုက်ဆံစုလို့ရသေးတယ်လေ။
………………………
နှစ်သစ်ကူးပွဲတော်ပြီးသည်နှင့် စစ်တပ်မူလတန်းကျောင်းလည်း ပြန်ဖွင့်တော့၏။
စာသင်နှစ် အသစ်ပြန်စပြီဖြစ်၍ ဆရာမများကိုလည်း အတန်းချိန်များပြန်လည် စီစဥ်သတ်မှတ်ပေးထား၏။လင်းဝေ့က ယမန်နှစ်ကလိုပဲ နှစ်တန်းသင်ရ၏။ သို့သော် ဒုတိယတန်းအစား စတုတ္ထတန်း အတန်းများကို သင်ရလေ၏။
အတန်းက နှစ်ခန်းသာ ကိုင်ရသော်လည်း စတုတ္ထတန်းဖြစ်သွား၍ သင်ခန်းစာက ပိုများလာ၏။ ထို့ကြောင့် လင်းဝေ့၏ သင်ခန်းစာ ပြင်ဆင်ချိန်ကလည်း ပိုယူလာရကာ အိမ်ကိုပင် အလုပ်များ ယူလာရ၏။
ဤသို့ဖြင့် လင်းဝေ့သည် သူမ၏ ကလေးများကိုလည်း စာသင်ရသေးရာ သူမနားချိန်မှာ နည်းနည်းလေးသာ ရှိတော့၏။
လင်းဝေ့လည်း သူမ၏ အချိန်ဇယားကိုပြန်စဥ်းစားလိုက်ကာ တစ်ပတ်ခြောက်ရက် သူမကလေးများကို သင်ပေးနေရာမှ တစ်ပတ် လေးရက် စာသင်ချိန်ပြောင်းလိုက်၏။ စနေ တနင်္ဂနွေနှင့် ဗုဒ္ဓဟူး ရက်များကို နားရက် လုပ်လိုက်၏။
ထိုသတင်းကိုကြားတော့ မင်မင်က အပျော်လွန်သွားပြီး ရှောင်ရှီးရှီးကလည်း စိတ်သက်သာရာရသွား၏။ လင်းဝေ့က သင်ခန်းစာများကို ဖြည်းဖြည်းလေးသာ သင်ပေးသော်လည်း မင်မင်နှင့်ရှောင်ရှီးရှီး၏ စာ နားလည်နိုင်စွမ်းက မမြင့်သေး၍ သူတို့အတွက် ဝန်ထုပ်ကြီးဖြစ်နေသေး၏။
ရွေ့ရွေ့အတွက်တော့ ကိစ္စမရှိပါ။ လင်းဝေ့ စစ်တပ်ကျောင်းကို စာသင်သွားချိန်တွင် သူတို့ညီအစ်က်ိုနှစ်ယောက် ကျောင်းကို အမြဲ မလိုက်တော့သော်လည်း လင်းဝေ့က ဒုတိယတန်း ပုံနှိပ်စာအုပ်ကို ဝယ်ပေးထား၍ ရွေ့ရွေ့က ထိုစာအုပ်ကို ကိုယ့်ဖာသာ ဖတ်ရှုလေ့လာပြီးနားမလည်တာရှိရင် လင်းဝေ့ကို ပြန်မေးခြင်းဖြင့် သင်ယူနေ၏။
ချန်ပါးမေ့ကလည်း ထိုကဲ့သို့ ကိုယ်တိုင်ဖတ်ရှုလေ့လာသင်ယူနေ၏။ ချန်ပါးမေ့က နောက်မှ စာလေ့လာသူဖြစ်သော်လည်း အရွယ်ရောက်နေသူတစ်ဦးဖြစ်၍ သင်ခန်းစာများကို ကလေးများထက်ပိုမို လေ့လာနိုင်၏။
အခုတော့ မင်မင်နှင့်ရှောင်ရှီးရှီးတို့က ချန်ပါးမေ့ကို စာသင်ပေးရန် ဆရာလုပ်စရာ မလိုကြတော့ပေ။ မင်မင်နှင့်ရှောင်ရှီးရှီးက ကျောင်းမသွားချင်ကြသော်လည်း ချန်ပါးမေ့က သူတို့ထက် ကျော်လာသောအခါ စိတ်ဓာတ်တွေ တက်ကြွလာပြီး စာကိုသေချာလိုက်လုပ်ကြ၏။ ဤသည်ကလည်း လင်းဝေ့အတွက် အမြတ်ဖြစ်၏။
မင်မင်တို့က စာသင်ပေးသည့် အတန်းချိန်သီးသန့်မရှိတော့၍ ချန်ပါးမေ့လည်း ကိုယ်တိုင်လေ့လာနေရ၏။သို့သော် မင်မင်နှင့် ရှောင်ရှီးရှီး၏ စာလေ့လာနေမှုကို ချန်ပါးမေ့အား ကြီးကြပ်စေရာ ကလေးနှစ်ယောက်သည် နေ့တိုင်းကျောင်းတက်သကဲ့သို့ ခံစားနေရ၏။
သို့သော် လင်းဝေ့သည် သူမကလေးနှစ်ယောက် ကျောင်းကိုခေါ်လာလျင် သူတို့ကို အရမ်းမကြပ်ပဲ တစ်နေ့ကို အတန်းချိန် လေးချိန်ရှိလျင် နှစ်ချိန်လောက်အပြင်ကို ကစားချိန်တော့ပေး၏။
ဤသို့ဖြင့် ကလေးများသည် ကျောင်းလိုက်ရန်မငြင်းကြတော့ပေ။ သူတို့အတွက် ကျောင်းသွားရသည်က နောက်တစ်နေရာပြောင်းကာ ဆော့ကစားသကဲ့သို့ဖြစ်နေ၏။ ကျောင်းခန်းထဲ လိုက်ထိုင်သော်လည်း စားစိတ်မဝင်စားသည့် မင်မင်အတွက်က အလွန်အဆင်ပြေပါ၏။
သို့သော် တစ်ခါတစ်လေတော့ လင်းဝေ့သည် ချန်ပါးမေ့အား သူ့မကလေးများကို ထိန်းရန်အကူအညီတောင်းရလေ့ရှိ၏။ သူမသည် အတန်းပိုင်ဆရာမ ဖြစ်သောကြောင့် တစ်လ လျင် တစ်ကြိမ်သို့မဟုတ် နှစ်ကြိမ်လုပ်ရသော လုပ်အားပေးအတန်းချိန်ကို ကြီးကြပ်ရ၏။
လုပ်အားပေးအချိန်က တစ်ကျောင်းလုံး လုပ်ရတာဖြစ်၍ ဆရာမများအားလုံး ကျောင်းသားများကိုကြည့်ရန်မလိုပေ။ သို့သော် လင်းဝေ့လည်း ရုံးခန်းထဲ တစ်ချိန်လုံး ထိုင်မနေချင်၍ ကျောင်းသားများ လုပ်အားပေး မြက်နှုတ် သန့်ရှင်းရေးလုပ်နေသည်ကို လိုက်ကြည့်ရှုလေ့ရှိ၏။
လုပ်အားပေး အလုပ်လုပ်ချိန်ဖြစ်၍ ကျောင်းသားများအပြင်မှာ အလုပ်ရှုပ်နေကြမည်ဖြစ်ကာ သူမလည်း သူမကလေးများကို လိုက်မကြည့်နိုင်၍ သူမကလေးများကို ကျိုးအိမ်မှာ ရှောင်ရှီးရှီးနှင့်အတူ ကစားရန်ထားခဲ့လိုက်၏။
လုပ်အားပေးအတန်းချိန်ပြီး၍ လင်းဝေ့လည်း ကျောင်းက ပြန်လာရာ ကျောက်လီတို့ ဇနီးမောင်နှံအား အပြင်မှ ပြန်လာသည်ကို တွေ့လိုက်ရ၏။ ထိုလင်မယားကို နှုတ်ဆက်ကာ မေးလိုက်၏။
"ဒီနေ့အလုပ်မသွားဘူးလား အစ်မ"
ကျောက်လီလည်း လောင်ကျောက်က်ို လက်ညိုးထိုးပြကာ ပြောလိုက်၏။ "ဒီနေ့ သူအလုပ်နားတော့ ကျွန်မလည်း နားတယ်လေ"
စစ်တပ်ဌာနများက နားရက်ရသော်လည်း နားရက်ကို ဝန်ထမ်းများကိုယ်တိုင် ဆုံးဖြတ်နိုင်၏။ ထို့ကြောင့် ပုံမှန် ရက်သေ နားရက်မရှိပေ။ ထို့ကြောင့်ပုံသေနားရက်မရှိသည့် သူများက စနေ တနင်္ဂနွေ နေ့များတွင် ပိတ်ရက်ယူလေ့ရှိကြ၏။
သို့သော် ကျောက်လီ အလုပ်လုပ်သည့် သမဝါယမရုံးတွင်တော့ ပိတ်ရက်ကို သေချာပေးသည့်စနစ်ရှိ၏။မိမိ၏ အိမ်ထောင်ဦးစီး ပိတ်ရက်တွင် မိမိလည်း လိုက်ယူနိုင်ကာ မိသားစုလိုက်အတူ အနားယူနိုင်၏။
သူတို့နှစ်ယောက်အပြင်က ပြန်လာချိန်တွင် မျက်နှာမကောင်းကြ၍ အပြင်မှာ တစ်ခုခုဖြစ်လာမှန်း သတိထားမိလိုက်၏။
ထို့ကြောင့် လင်းဝေ့လည်း ကျောက်လီနှင့် လမ်းလျှောက်လာရင်း အနားတိုးကာ တီးတိုးမေးလိုက်၏။
ကျောက်လီကပြန်မဖြေပဲ တိုးတိုးလေး ပြောလိုက်၏။
"ညနေစာ စားပြီးချိန်ကျရင် ကျွန်မ အလည်လာခဲ့ဦးမယ် အာ့အချိန်ကျမှ ပြောပြမယ်"
လင်းဝေ့လည်း လောင်ကျန်းကို တစ်ချက်ကြည့်လိုက်ပြိီး ခေါင်းငြိမ့်လိုက်၏။
"ဟုတ်ပါပြီ"
မိသားစုအိမ်ရာထဲ ဝင်လာတော့ သူတို့သုံးဦးလည်း လမ်းဆုံကနေ ကိုယ့်အိမ်ရာကို ဦးတည်သွားကြ၏။ လင်းဝေ့ကတော့ ကျိုးအိမ်ကို အရင်ဝင်လိုက်ပြီး သူမ ကလေးနှစ်ယောက်ကို ခေါ်ကာ အိမ်ကိုခဏ ပြန်လာနား၏။ နောက် ထမင်းစားချိန်လည်း ရောက်ပြိီဖြစ်၍ ပြည်နယ်စားသောက်ဆိုင်က်ို ထမင်းဘူးယူပြီးသွားကာ မိသားစုသုံးယောက် အတူစားကြ၏။
နေလည်စာ စားပြီးနောက် ချက်ချင်းပြန်မသွားပဲ ကျုံးရှောက်အလာကို ခဏစောင့်၏။
ပြည်နယ်စားသောက်ဆိုင်က လူများလာသည့်အချိန်တွင် ကျုံးရှောက်လည်း ရောက်လာ၏။ ကျုံးရှောက်လည်း ဆိုင်ကန်တင်းအတွင်း ဝေ့ဝိုက်ရှာလိုက်ရာ လင်းဝေ့တို့က အတွင်းဆုံးဘက်မှာ ထိုင်နေသည်ကိုတွေ့လိုက်ရ၍ သွားထိုင်ကာ မေးလိုက်၏။
"ဒီနေ့ ဘာဟင်းတွေ စားကြတာလဲ"
"ဒီနေ့ ကြက်သားအာလူးဟင်းရယ် ကမာကောင်ကြက်ဥကြော်ဟင်းရယ် မှာစားတယ်" ဟု လင်းဝေ့က ပြန်ဖြေကာ သူမယူထားသည့် ကျုံးရှောက်၏ ထမင်းဘူးကို တူနှင့်တကွ ကျုံးရှောက်ထံ လှမ်းပေးလိုက်၏။
"ဖေဖေ ကမာကောင်ကြက်ဥကြော်က အရမ်းစားကောင်းတယ်" ဟု မင်မင်က ထောက်ခံချက်ပေးလိုက်၏။
"ဟုတ်လား"
ကျုံးရှောက်လည်း ထိုသို့ပြောရင်း ကမာကောင် ကြက်ဥကြော်က်ိုကောက်စားလိုက်၏။ နောက် "မင်းဒီနေ့ နေလို့မကောင်းဘူးလား " ဟု လင်းဝေ့ကို ဆက်မေးလိုက်၏။
လင်းဝေ့လည်း ခေါင်းခါလိုက်သည်။ "ပင်လယ်စာဟင်းတွေ မစားချင်ဘူး ဖြစ်နေတာ"
"မနက်ဖြန်ကျရင် ဆေးရုံသွားပြကြမလား"
"ရပါတယ် ရက်အနည်းငယ်ကြာရင် နေလို့ကောင်းသွားမှာပါ"ဟု လင်းဝေ့က ပြန်ပြောရင်း ဆေးရုံဟူသည့်စကားကြားလိုက်၍ တစ်ခုကိုသတိရလိုက်၏။
" ဒါနဲ့ ကျွန်မ ကျောင်းကပြန်လာတော့ အစ်မကျောက်တို့လင်မယားကို လမ်းမှာတွေ့ခဲ့တာ မျက်နှာလည်း မကောင်းကြဘူး"
" သူတို့ ဘာဖြစ်လာတာလဲ" ဟုကျုံးရှောက်မေးလိုက်၏။
လင်းဝေ့လည်း ခေါင်းခါလိုက်၏။ "ကျွန်မလည်း မသိဘူး။ ညစာစားပြီး ပြန်လာလည်မယ်လို့တော့ ပြောခဲ့တယ်"
ကျုံးရှောက်ကတော့ ကျောက်လီတို့ လင်မယားအကြောင်း သာမန်သာမေးခဲ့သော်လည်း ညနေလာပြောပြမည့်အကြောင်းကြားတော့ မျက်မှောင်ကြုံ့မိသွား၏။
" သူတို့တစ်ကယ်ကြီး တစ်ခုခုဖြစ်ခဲ့ တာလား"
"အစ်မကျောက်ရဲ့မျက်နှာ အမူအရာကြည့်ရတာတော့ ပြဿနာ ကြီးကြီးမားမား မဟုတ်တဲ့ပုံပဲ" ဟု လင်းဝေ့က ခန့်မှန်းလိုက်၏။
………………………
ညနေ ၇နာရီလောက်ကျတော့ ကျောက်လီသည် အမှန်ပင်ရောက်လာခဲ့သည်။ ခုံပေါ်ထိုင်ပြီးသည်နှင့် လင်းဝေ့ပင်မေးစရာမလိုပဲ ပြောပြလေတော့၏။
"မနှစ်က ဝေ့ဝေ့ ကျွန်မတို့ကို ကျန်းမာရေး စစ်ဆေးကြည့်ဖို့ အကြံပေးခဲ့တယ်မလား။ ဒါနဲ့ကျွန်မလည်း လောင်ကျန်းကို စည်းရုံးပြီး ဆေးရုံကို သွားစစ်ဆေးကြည့်လိုက်တာပေါ့။
လင်းဝေ့လည်း သူမအရင်က ထိုအကြောင်းပြောဖူးကြောင်းသတိရလိုက်၏။ သို့သော် ပြောခဲ့တာလည်း လအတော်ကြာပြီဖြစ်ပြီး သူမ မိတ်ဆွေများထံမှ လဲ မည်သည့်သတင်းမျှ မကြားရ၍ သူတို့ယောကျာ်းတွေကို မစည်းရုံးနိုင်ခဲ့ဟု လင်းဝေ့က တွေးလိုက်၏။ ထို့ကြောင့် လင်းဝေ့လည်း ထိုကိစ္စကို ဆက်မမေးမိတော့ချေ။
သို့သော် ကျောက်လီ ပြောသည့်စကားကို နားထောင်ရင်း လင်းဝေ့က မေးလိုက်၏။ "ဒါဆို ဒီနေ့ဆေးရုံကို ဆေးသွားစစ်ကြည့်ကြတာလား"
"ဟုတ်တယ် ကျွန်မ အရင်နှစ်တွေကတည်းက ဆေးစစ်ကြည့်ချင်ခဲ့တာ လောင်ကျန်းက သူကနေကောင်းပါတယ် ဘာရောဂါမှ မရှိပါဘူး ဆိုပြီး အကြောင်းပြချက်အမျိုးမျိုးပေးနေလို့။ မနေ့ကတော့ ရုတ်ရက်ကြီး ကျွန်မကို ဆေးစစ်ဖို့ ခေါ်သွားခိုင်းတယ်လေ။ ဒါနဲ့ ဆေးရုံကို သွားပြီး စစ်ဆေးကြည့်ကြတာပေါ့"
"ဒီတော့ ဆေးစစ်ချက်အဖြေက…."လင်းဝေ့က ပြန်မေးလိုက်၏။
"ဆရာဝန်က သူ့ရဲ့အဆုတ်မှာ မဲနေတာတွေ့တယ်လို့ပြောလိုက်တယ်" ကျောက်လီ သက်ပြင်းချကာ ပြောလိုက်၏။
လင်းဝေ့သာမက ကျုံးရှောက်၏ မျက်နှာအမူအရာလည်း ထိုစကားကိုကြားတော့ ပြောင်းသွား၏။
"အဖြေအနေက အရမ်းဆိုးလား" ဟု ကျုံးရှောက် ကစိတ်ပူစွာမေးလိုက်၏။
"မစိုးရိမ်ပါနဲ့ သေမယ့် အဆင့်တော့ မရောက်သေးပါဘူး"
ကျောက်လီ၏ တည့်တိုးပြန်ဖြေသံကြားတော့ လင်းဝေ့ကော ကျုံးရှောက်ကော ဘာပြန်ပြောရမှန်း မသိတော့ပါ။ သူတို့နှစ်ဦး ကြောင်အသွားသည်ကိုမြင်တော့ ကျောက်လီက ထရယ်လိုက်၏။
" ကျွန်မ လျှောက်ပြောနေတာ မဟုတ်ဘူး။ ဆရာဝန်ကိုယ်တိုင်ကိုက အာ့လိုပြောလိုက်တာ။ သူဆေးလိပ်ကိုဖြတ်လိုက်ရင်တော့ ပြန်သက်သာလာနိုင်မယ်။ ဆေးလိပ်ကိုမဖြတ်နိုင်ရင်တော့ တစ်နေ့သေမယ်လို့ပြောခဲ့တာ"
ကျောက်လီ ထိုသို့ပြောလိုက်ပြီး မျက်နှာညိုးသွား၏။
"နှစ်တွေအကြာကြီး ကျွန်မသူ့ကို ဆေးလိပ်ဖြတ်ဖို့ပြောခဲ့တယ်။ အရေးကိုမစိုက်ခဲ့ဘူး။ ထမင်းစားပြီးတိုင်း ဆေးလိပ်သောက်လိုက်ရတာက နတ်ဘုံရောက်နေသလို ခံစားရတယ်လို့ ပြောနေခဲ့တာ။ အခုဒီလိုတွေဖြစ်လာတော့ တစ်ကယ် နတ်ပြည်ရောက်ချင်နေပြီထင်တယ်"
ကျောက်လီက သူ့အမျိုးသား၏ ကံဆိုးမှုအကြောင်းပြောနေသော်လည်း သူမရင်ထဲတွင် တုန်လှုပ်နေမိ၏။သူမနှင့် တစ်ကုတင်ထဲ အတူအိပ်နေသူက ကျန်းမရေးမကောင်းဘူးဆိုလျင် သူမလည်း ဘယ် စိတ်မချမ်းမြေ့ပါ။
သို့သော် သူမစကားကို အရင်ကတည်းက နားမထောင်ခဲ့သည့်အတွက် သူမယောကျာ်းကိုတော့ စိတ်တိုမိ၏။
ကျောက်လီပြောပြီးသောအခါ လင်းဝေ့က သူမကိုပြန်နှစ်သိမ့်လိုက်၏။ "ဆရာဝန်ကတော့ ဆေးလိပ်ဖြတ်လိုက်ရင် ပြန်သက်သာလာနိုင်တယ်လို့ ပြောထားတယ်မလား"
ထိုစကားများကို ဆရာဝန်က ပြောပြပြီးဖြစ်၍ ကျောက်လီလည်း သိပြီးဖြစ်သော်လည်း လင်းဝေ့က "ရှင့်ယောက်ျား မသေနိူင်သေးဘူး စိတ်မပူနဲ့ " ဟု တိုက်ရိုက်တော့ အားပေးစကားမပြောတတ်ပါ။
ကျောက်လီက လင်းဝေ့စကားကို အပြစ်မမြင်သော်လည်း သူမလည်း သူယောကျ်ားကို အသက်ရှည်ရှည်နေစေချင်၏။
"သူ ဘယ်လောက်အသက်ရှည်မလဲ ကျွန်မလည်း မသိဘူး။ ဒါပေမယ့် သူဆေးလိပ်ကိုမဖြတ်နိုင်ဘူး ဆက်သောက်မယ်ဆိုရင်တော့ သူအရင်သွားမယ်ဆိုလည်း သွားပါစေ။ သေချင်နေတဲ့သူကိုတော့ ဘယ်သူမှ တားနိုင်မှာမဟုတ်ဘူး"
"အစ်မတို့လည်း ငယ်သေးတယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် တစ်ယောက်ထွက်သွားရင် အစ်မလည်း နောက်တစ်ယောက် ထပ်ရှာလို့ရတာပေါ့" ဟု လင်းဝေ့က တွေးတောဟန်ပြုကာပြောလိုက်၏။
လင်းဝေ့က စနောက်နေမှန်း ကျောက်လီသိသော်လည်း သူမသည် မျက်လုံးပြူးလိုက်ကာ ကျုံးရှောက်ဘက် လှည့်ပြောလိုက်၏။
"ရဲဘော် ကျုံး ရှင့်မိန်းမကို ထိန်းဦးနော်"
"ကျွန်တော့တော့ ထိန်းမနိုင်တော့ဘူး" ကျုံးရှောက်က လက်မြောက်ဟန်ပြုကာ ပြောလိုက်၏။
"ကျွန်မက သဘောရိုးနဲ့ အကြံကောင်းပေးတာပါနော်။ဘာလို့ ကျွန်မတို့ လင်မယားကြားကို သွေးထိုးနေရတာလဲ" ဟု လင်းဝေ့က ပြန်စလိုက်၏။
လင်းဝေ့တို့ လင်မယား၏ လိုက်ဖက်ညီနေမှုကိုတွေ့တော့ ကျောက်လီက "ဟုတ်ပါပြီ ကျွန်မအမှားပါရှင်"ဟု ရီမောရင်းပြန်ပြောကာ နောက်ထပ် လောင်ကျန်းအကြောင်း ထပ်မပြောတော့ပေ။