Chapter 141
Vol. 11 Ch. 141
လင်းဝေ့လည်း ထပ်မမေးတော့ပဲနောက်မှ သတိရလိုက်ကာ မေးလိုက်၏။
"အစ်မက ဒီကိုလာတော့ လောင်ကျန်းကို အိမ်မှာ တစ်ယောက်တည်းထားခဲ့လို့ အဆင်ပြေပါ့မလား"
လောင်ကျန်း၏ အခြေအနေက မဆိုးဟု ဆရာဝန်ကသုံးသပ်သော်လည်း အခုမှ သူ့ရောဂါအကြောင်းသိလိုက်ရသည့် လူနာတစ်ယောက်အနေဖြင့် စိတ်အခြေအနေမကောင်းနိုင်ပါ။
"ဆရာဝန်က သူ့အဆုတ်အခြေအနေကို ပြောတော့ လောင်ကျန်းတစ်ယောက် တစ်ကယ် လန့်သွားရှာတာ။ သူ့ခြေလက်တွေတုန်လာပြီး အပြင်ရောက်တော့ ဆေးလိပ်သောက်ဖို့ ဆေးလိပ်ကို ထုတ်လိုက်တယ်လေ။ နောက်မှ ဆရာဝန်ပြောထားတဲ့ စကားပြန်ကြားယောင်လိုက်ပြီး ဆေးလိပ်ကို လွှင့်ပစ်လိုက်ရော။"
ကျောက်လီလည်း သူ့ရင်ထဲက ခံစားချက်တွေကိပြန်ထိန်းလိုက်ပြီး ပြုံးလိုက်ကာ ဆက်ပြောလိုက်၏။
"အာ့တုန်းက လောင်ကျန်း ဖြစ်ပျက်သွားတဲ့ပုံကို ရှင်တို့မမြင်လိုက်ရလို့။ သူအရမ်းကြောက်နေရှာတာ ပထမ သူ့ကို ဆရာဝန်ပြောတုန်းက သူသိပ်မကြောက်သေးဘူး။ စိတ်တော့ မပျော်ဖြစ်သွားတာပေါ့။ အိမ်ပြန်ရောက်တာနဲ့ ညနေစာ စားပြီးတော့ တန်းအိပ်တော့တာပဲ။ သူလည်း စိတ်အခြေအနေ ပုံမှန်ဖြစ်ဖို့ ရက်အနည်းငယ်တော့လိုမယ်ထင်တာပဲ"
"ကြောက်တာလဲ ကောင်းပါတယ်။ ဒါမှလဲ ဆေးလိပ်ဖြတ်နိုင်သွားမှာပေါ့" ဟု လင်းဝေ့က ပြောလိုက်၏။
"ကျွန်မလည်း အာ့လိုပဲတွေးတာပါ။ ဒါပေမယ့် ကျွန်မစိုးရိမ်တာက သူက ခဏပဲကြောက်ပြီး ဘာမှ မဖြစ်သလို ဆေးလိပ်ဆက်သောက်နေမှာကိုပဲ" ကျောက်လီ ခဏ တိတ်သွားပြီး ဆက်ပြောလိုက်၏။
"သူအာ့လိုသာ ဆက်လုပ်လို့ကတော့ ကျွန်မလည်း သူသေသေရှင်ရှင် ဂရုကိုမစ်ိုက်တော့ဘူး"
လောင်ကျန်းလည်း စောစောအိပ်သွားပြီး ကလေးတွေပဲ အိမ်မှာ ကျန်ခဲ့၍ ကျောက်လီက လင်းဝေ့တို့အိမ်မှာ ကြာကြာမနေတော့ပဲ ပြန်ရန်ပြင်လိုက်၏။
လင်းဝေ့က ကျောက်လီကို ခြံတံခါးနားထိ လိုက်ပို့လေ၏။ "ကျွန်မကိုက လိုက်ပို့ဖို့မလိုပါဘူးရှင် အိမ်ကို ပထမဆုံး လာလည်ဖူးတာလဲ မဟုတ်ပဲနဲ့"
"ဘာမှ မဟုတ်ပါဘူးရှင် ……" ဟု လင်းဝေ့က ပြောမပြီးခင်မှာပင် လေထဲကနေ သူများအိမ်မီးဖိုချောင်ကနေ ချက်ပြုတ်ထားသည့် ငါး ညှီစို့စို့အနံ့ကို ရလိုက်၍ ပျို့တက်သွား၏။
ကျောက်လီလည်း လင်းဝေ့ ပျို့တက်နေသည်ကို တွေ့၍ လင်းဝေ့၏ ကျောကို ပွတ်သပ်ပေးကာ မေးလိုက်၏။
"ဘယ်လိုဖြစ်တာလဲ"
"ဘာမှ မဖြစ်ပါဘူး။ ခုတလော အစာအိမ်က သိပ်နေလို့မကောင်းသလိုပဲ" ဟု လင်းဝေ့က လက်ကာပြကာ ပြောလိုက်၏။
"အစာအိမ်က နေလို့မကောင်းတာ ဟုတ်ရဲ့လား" ဟု ကျောက်လီက သံသယဖြင့်မေးလိုက်၏။
"ဟုတ်ပါတယ် "
ထိုသို့ လင်းဝေ့ပြန်ဖြေပြီးမှ ကျောက်လီ၏ မျက်နှာ အမူအရာကို ကြည့်လိုက်ပြီး ဖြစ်နိုင်ချေတစ်ခုကို စဥ်းစားလိုက်မိ၏။ နောက်ခေါင်းကို ခါလိုက်၏။
"မဖြစ်နိုင်ပါဘူး"
"ဘာလို့မဖြစ်နိုင်ရမှာလဲ" ဟု ကျောက်လီက တိုးတိုးလေးပြန်ပြောလိုက်၏။
"ရက်တွေ သေချာလေး ပြန်တွက်ကြည့်ပါဦး။ အခုလိုဖြစ်နေတာ ဘယ်လောက်ကြာပြီလဲလို့" ထိုခတ်အခါက အမျိုးသမီးများသည် သူတို့၏ လစဥ်ရာသီလာရက်ကို ပြောရန်ပင် ရှက်တတ်ကြ၏။
လင်းဝေ့လည်း သူစိတ်ထဲမဖြစ်နိုင်ဟုတွေးမိသော်လည်း တွက်ချက်လိုက်၏။ တွက်ချက်ကြည့်ရင်း သူမစိတ်ထဲ အေးစက်လာ၏။
ကိုယ်ဝန်ရှိခြင်းက ကျောက်လီအတွက်တော့ ဝမ်းသာစရာစတင်းဖြစ်၍ ပြုံးကာ မေးလိုက်သော်လည်း လင်းဝေ့ မျက်နှာပျက်နေသည်ကို မြင်တော့ သူမအပြုံးလည်း ပျောက်ကွယ်သွား၏။
"ဘာဖြစ်လို့လဲ ဝေ့ဝေ့"
လင်းဝေ့လည်း ကျောက်လီကိုပြန်မော့ကြည့်ကာ ဖျစ်ညစ်ပြုံးပြလိုက်၏။ "ဘာမှမဖြစ်ပါဘူး အစ်မကျောက် ကျွန်မ စိတ်တည်ငြိမ်ဖို့ လိုနေလို့ပါ"
"ဟေးးး သွား အိမ်ထဲ နားနေတော့။ ကျွန်မလည်းပြန်တော့မယ်" ဟုပြောလိုက်သော်လည်း လင်းဝေ့မျက်နှာ ဖြူလျော့လျော့ ဖြစ်နေသည်ကို တွေ့၍ စိုးရိမ်သွား၏။
"အစ်မ အိမ်ထဲ လိုက်ပို့ရမလား"
" ရပါတယ် အစ်မ မလိုပါဘူး"
လင်းဝေ့လည်း လက်ကို အသာယမ်းပြလိုက်ပြီး လေးလံသည့်ခြေလှမ်းများဖြင့် အိမ်ထဲပြန်ဝင်သွား၏။ နောက် မျက်နှာကို လက်ဖြင့်အုပ်ရင်း ဆိုဖာပေါ်လှဲလိုက်၏။
လင်းဝေ့အနေဖြင့် နောက်နှစ်လောက်အထိ ကိုယ်ဝန်မရနိုင်ဟု တွေးထင်မိ၏။ သန္ဓေတားဆေး သုံး၍လည်း မဟုတ်ပေ။ မူရင်းဝတ္ထုထဲတွင် ကျုံးရှောက်သည် မင်မင်နှင့်ရွေ့ရွေ့ ကလေးနှစ်ယောက်သာ ရှိခဲ့၍ ဖြစ်၏။
အခုတော့ သူမ၏ ခန္ဓာကိုယ်က ပြောသော လက္ခဏာများအရ သူမမှာ ကိုယ်ဝန်ရှိနေလောက်ပြီဖြစ်၏။
သူမ ကိုယ်ဝန်တားဆေး သုံးခဲ့သော်လည်း ကိုယ်ဝန်ရခဲ့တယ် ဆိုတော့ ဝတ္ထုထဲမှာကော ဘယ်လိုဖြစ်လာမှာလဲ။
သူမ ကိုယ်ဝန်ရခဲ့လို့ သူမရဲ့အနာဂတ်ကလည်း ပြောင်းလဲသွားမှာလား။ ဝတ္ထုထဲမှာတော့ သူမက လူသေတစ်ယောက်သာဖြစ်၏။
…………………………………
ကျုံးရှောက်အိမ်ထဲ ဝင်လာတော့ ဆိုဖာပေါ်မှာ လှဲလျောင်းနေသည့် လင်းဝေ့ကို တွေ့လိုက်ရ၏။ "ဘာလို့ ဆိုဖာပေါ် လှဲနေတာလဲ။ ရဲဘော်ကျောက်ကော ဘယ်မှာလဲ။ ပြန်သွားပြီလား"
ကျုံးရှောက်က စိတ်ပူတကြီး မေးသော်လည်း လင်းဝေ့ကပြန်မဖြေပဲ သူမမျက်လုံးကို လက်ဖြင့်ကာထားလေ၏။
ကျုံးရှောက်လည်း မဟုတ်သေးဘူး ဟု တွေးမိကာ လင်းဝေ့လက်ကို ဖယ်လိုက်၏။
လင်းဝေ့လက်က်ိုဖယ်လိုက်တော့ မျက်ရည်များဝဲနေသည့် လင်းဝေ့မျက်နှာက်ို တွေ့လိုက်ရ၏။ ကျုံးရှောက်လည်း ချော့မော့ကာ ဘာဖြစ်တာလဲ မေးလိုက်သော်လည်း ငိုယိုနေသည့် လင်းဝေ့က တစ်ခွန်းမှ ဟမလာချေ။ ကျုံးရှောက်လည်း လင်းဝေ့ကို ထထိုင်ခိုင်းလိုက်ပြီး လင်းဝေ့၏ ကျောက်ိုအသာအယာပွတ်ပေးလေ၏။
"မငိုနဲ့တော့နော် အဆင်ပြေသွားမှာပါ။ အားလုံးအဆင်ပြေသွားမှာပါ"
ကျုံးရှောက် ရင်ခွင်ထဲ ခဏငိုပြီးနောက် လင်းဝေ့ အနည်းငယ် တည်ငြိမ်လာ၏။
လင်းဝေ့သည် ဝတ္ထုထဲက လင်းဝေ့သေခဲ့ရ၍ ငိုခြင်းဖြစ်သော်လည်း အမှန်တစ်ကယ် ပြန်စဥ်းစားကြည့်လိုက်လျင် ဝတ္ထုထဲက လင်းဝေ့က အမှန် တစ်ကယ်ပင် သူမကိုယ်တိုင် ဟုတ်ပါ့မလားဟု ပြန်စဥ်းစားလိုက်မိ၏။
ဝတ္ထုပါအကြောင်းအရာ ဇာတ်လမ်းကို စဥ်းစားမိသော်လည်း အရင်ဘဝဇာတ်လမ်းလို ပုံစံမျိုး ဖြစ်နေ၏။ လူတစ်ယောက်ဆီမှာ အမှန်ပဲ အရင်ဘဝဆိုတာမျိုး ရှိပါ့မလား။ ထိုဝတ္ထုပါ အကြောင်းအရာများက သူမ၏ အရင်ဘဝက အတွေ့အကြုံများ ဖြစ်နိုင်မလား။
ပြန်စဥ်းစားကြည့်လိုက်တော့ လူတွေမှာ အရင်ဘဝ အခုဘဝရှိတယ် ဆိုရင် ဝတ္ထုထဲက လင်းဝေ့က သူမကိုယ်တိုင်ဖြစ်နေမည်။ သူမမက်ခဲ့သည့်အိပ်မက်နှင့် ယခုကြုံတွေ့ရသည်များကလည်း မတူညီတော့ပေ။
ဝတ္ထုထဲမှာ သူမသေဆုံးခဲ့ရ၏။ သူမကတော့ သေမည်မဟုတ်ပါ။ ကိုယ်ဝန်နှင့် ရှင်သန်နိုင်အောင် လုပ်မည်ဖြစ်၏။
သူမ ကျွန်းပေါ်စရောက်ကတည်းက သူမသေဆုံးနိုင်မည့် အကြောင်းအရင်းကို ရှာဖွေခဲ့၏။ တိုင်ဖွန်းဖြစ်နေချိန်တွင် အပြင်ထွက်မိကာ လဲကျခိုက်မိ၍ သော်လည်းကောင်း အပြင်းဖျားနာနေချိန် ဆေးရုံကို အမှီမပို့နိုင်၍သော်လည်းကောင်း သေဆုံးသွားနိုင်၏။
ဒါပေမယ့် တိုင်ဖွန်းမုန်တိုင်းက ရုတ်တရက် ဖြစ်လာတာမျိုးမှမဟုတ်တာ။ ကုန်းမြေက်ို မုန်တိုင်းရောက်ဖို့ ရက်အတော်ကြာ ပင်လယ်ပြင်ကို ဖြတ်ကျော်ရသေး၏။ပင်လယ်ပြင်မှာ မုန်တိုင်းဖြစ်ပေါ်နေစဥ်တွင် ကျွမ်းကျင် မိုးလေဝသပညာရှင်များကနေ လေအရှိန်နှင့် မုန်တိုင်းဗဟိုချက်နှင့် ဦးတည်ရာတို့ကို ခန့်မှန်းတွက်ချက်ပေးရ၏။ နောက် သတင်းထုတ်ပြန် ကြေညာပေးရာ မုန်တိုင်း မရောက်ခင်ကတည်းက ပြည်သူများကို သတိပေးပြီးဖြစ်၏။
စစ်တပ်ဧရ်ိယာသာမက လူနေမြို့ရွာများကိုပါမကျန် တိုင်ဖွန်းမုန်တိုင်း လာမည်ဖြစ်၍ အပြင်မထွက်ကြရန် သတိပေးကြေညာပြီးဖြစ်၏။
ထို့ကြောင့် အရေးကြီးကိစ္စသာ မပေါ်ပေါက်ခဲ့လျင် လင်းဝေ့လည်း အပြင်ကို အလွယ်တကူ ထွက်လိမ့်မည်မဟုတ်ချေ။
ဒါပေမယ့် အာ့ဒီအချိန်ကြီး သူမက ဘယ်လိုအရေးကြီးကိစ္စရှိနိုင်မှာလဲ။
သြဂုတ်လ နွေရာသီ ကျောင်းပိတ်ရက်ဖြစ်၍ သူမမှာ အလုပ်ကိစ္စ အရေးတကြီး ပေါ်ပေါက်စရာလည်း မရှိပါ။ထို့အပြင် သူမ၏ မိတ်ဆွေများကလည်း မိသားစုအိမ်ရာအတွင်း နေထိုင်ကြသူများသာဖြစ်၍ သူမမိတ်ဆွေများထံသွားလည်ရာမှ အပြန်ခရီးတွင် မုန်တိုင်းဖြစ်လာလျင်လည်း အနီးအနားရှိ လုံခြုံရာတစ်နေရာတွင် ဝင်ရောက်ကာ မုန်တိုင်းကို ရှောင်နိုင်၏။
လမ်းမှာ မတော်တဆ ချော်လဲခဲ့လျင်တောင် ကံဆိုးလွန်း၍ ခေါင်းကိုခိုက်မိကာ သွေးတွေအများကြီးထွက်ခဲ့ရင်တောင်မှ လူကြီးတစ်ယောက်ဖြစ်သည့်အတွက် သေစေနိုင်လောက်သည်အထိ ပြင်းထန်မည်မဟုတ်ပါ။
ရုတ်တရက် အပြင်းဖျားနာမှုအတွင်လည်း မနှစ်ကမှ ဆေးစစ်ဆေးမှုပြုလုပ်ခဲ့ရာ ခန္ဓာကိုယ်တွင် မည်သည့်ပြသနာမှ မရှိပါ။ သူမ၏ နှလုံး အသည်း ကျောက်ကပ် အဆုတ် အစာအိမ် အားလုံးကောင်း၏။ သာမန်ဖျားနာမှုမျိုးက ဆေးရုံမသွားရရုံလောက်မျှ နှင့် မသေစေနိုင်ပါ။
ထိုကဲ့သို့တွက်ချက်လိုက်ပြီးနောက် သေစေနိုင်မည့်အချက် တစ်ချက်ပြီး တစ်ချက် ပယ်ချလိုက်ရာ……
မနေ့ကအထိ သူမ သေစေနိုင်မည့်အကြောင်းတရားကို မသိခဲ့ရသေးပေ။ သို့သော် ယနေ့တော့ သူမ သေစေနိုင်မည့်အကြောင်းအရင်း တစ်ခုကို သိရှိရပြီဖြစ်၏။
သူမသာ ဝတ္ထုထဲမှာ ကိုယ်ဝန်ရခဲ့လျင် သြဂုတ်လလောက်မှာ ကိုယ်ဝန် ငါးလ ခြောက်လခန့်ရှိနိုင်ပြီဖြစ်၏။ သားဥ်ီးကိုယ်ဝန်မဟုတ်၍ ထိုအချိန်လောက်ဆိုလျင် သူမ ဗိုက်လည်း သိသိသာသာ စူ ထွက်နေလောက်ပြီ။
ကိုယ်ဝန်သည်များက မတော်တဆ ချော်လဲ လျင်ပင် အန္တရာယ်များလှ၏။ အကယ်၍ သူမ မတော်တဆချော်လဲသွားကာ တိုင်ဖွန်းမုန်တိုင်းကြောင့် ဆေးရုံကို အမှီမသွားနိုင်ခဲ့လျင် သူမ သေဆုံးသွားနိုင်၏။
ထိုအမှန်တရားကို လင်းဝေ့ သိလိုက်ရချိန်တွင် ဝတ္ထုထဲရှိ သူမ၏ သေဆုံးမှုက ရက်စက်လွန်းလှသည်ဟု ခံစားရ၏။ သို့သော် သူမ ဘယ်လိုသေရမလဲ သိလိုက်ရ၍ အသက်ရှင်နိုင်ရန် ကြိုးစားခွင့်တော့ ရှိလာပြီဖြစ်၏။
တိုင်ဖွန်းမုန်တိုင်း လာလျင် ကျုံးရှောက်လည်း ပင်လယ်ပြင်ထဲ တာဝန်မကျတတ်ပါ။ သူမမှာ ကိုယ်ဝန်ရှိလျင် နေထိုင်မကောင်းဟု ဆိုကာ ကျုံးရှောက်ကို အနားမှာ ခေါ်ထား၍ရနိုင်၏။ ဆေးရုံကိုပင် ကြိုတက်ထား၍ရနိုင်၏။ ဤသို့ဖြင့် မုန်တိုင်းကာလအတွင်း သူမမတော်တဆချော်လဲ ခဲ့ရင်တောင် အနီးအနားတွင် ကူညီမည့်သူများရှိ၏။
ဝတ္ထုထဲ မှာ သူမ ကိုယ်ဝန်မရှိလျင် ပိုကောင်းနိူင်မည်။သို့သော် တားဆေးသုံးတာတောင် ကိုယ်ဝန်ရလာသည့် သူမ ဘဝ ပါလား။
လင်းဝေ့ သိခဲ့ရသည့် ဝတ္ထုဇာတ်ကြောင်းကလည်း ဇာတ်လိုက်မင်းသမီး လော့ယွင်၏ အမြင်မှ ရေးထားခြင်းဖြစ်၏။ လော့ယွင်သည်လည်း သူမ၏ အကြောင်းအလုံးစုံကို မသိပါ။ ဇာတ်ကွက်တစ်ခုတွင် ပါလာသောအချက်ကိုကြည့်ကာ လင်းဝေ့ ဘယ်အချိန်တွင် သေ သွားကြောင်း မှန်းဆရခြင်းဖြစ်၏။ ထို့ကြောင့် လင်းဝေ့တွေးထားသည့်အရာကလည်း အမှန်ပင် သူမ၏ သေခြင်းတရားကို ကျော်လွှားနိုင်မည်လား မသေချာပေ။
ယခင်ဘဝတွင် သူမ ဗိုက်ထဲမှ ကလေးလေး မရှိခဲ့လျင် ယခုဘဝက အပြောင်းအလဲ ကြီး ဖြစ်သွားနိုင်၏။ ထိုအပြောင်းအလဲကြီးက သူမကို သေခြင်းတရားက လွတ်မြောက်စေလိမ့်မည်ဟု မျှော်လင့်မိ၏။
ထို့ကြောင့် ကိုယ်ဝန်ရလာတာကလည်း လင်းဝေ့အတွက် အဆိုးကြီး မဟုတ်ပါ။ ကြောက်ရွံ့တုန်လှုပ်မနေပဲ အကောင်းဆုံး ဖြစ်စေလိုက်မည်ဖြစ်၏။
ထို့အပြင် သူမ၏ ကိုယ်ခန္ဓာယ် လက္ခဏာများက ရာသီလာနောက်ကျတာဖြစ်နိူင်သလို ပုံမှန် လေထိုးဗိုက်အောင့်တာမျိုးဖြစ်ပြီး ကိုယ်ဝန်မဟုတ်တာလည်း ဖြစ်နိုင်တာပဲ။
ထိုကဲ့သို့အမျိုးမျိုး တွေးလိုက်ပြီး လင်းဝေ့သည် သက်ပြင်းချလိုက်၏။ ကိုယ်ဝန်ကိစ္စလည်း စိုးရိမ်နေစရာမလိုဘူး။
အရာရာ တိုင်းမှာ အကျိုးအပြစ်ရှိ၍ သင်က အဆိုးကြီး တွေးနေလျင် အဆိုးများသာ ဖြစ်လာလိမ့်မည်။ အကောင်းဘက်က တွေးလျင်တော့ သင့်ဘဝမှာ အကောင်းဆုံးတွေ ဖြစ်လာလိမ့်မည်။
သူမလည်း အကောင်းဘက်က တွေးရမည်။
လင်းဝေ့လည်း ထိုသို့တွေးရင်း အားတင်းလိုက်ကာ ကျုံးရှောက်ကို မော့ကြည့်ကာ ပြောလိုက်၏။ "ကျွန်မ အဆင်ပြေပါတယ်"
ကျုံးရှောက်လည်း သူ့ရင်ခွင်ထဲမှ အမျိုးသမီးကို ရင်ခွင်မှ ခွာကာ ငုံ့ကြည့်လိုက်၏။ သူမ၏ မျက်လုံးတွေက မို့နေပြီး မျက်ရည်များ စိုစွတ်နေသေး၏။ မျက်နှာကဖြူနေသေးသော်လည်း စောနကထက်တော့ အနည်းငယ်ပိုလန်းလာပြီဖြစ်၏။
ကျုံးရှောက် သူ့အိတ်ကပ်ထဲမှ လက်ကိုင်ပုဝါကို ထုတ်ကာ လင်းဝေ့မျက်နှာမှ မျက်ရည်များကို သုတ်ပေးလိုက်၏။ နောက် လက်ကိုင်ပုဝါကိုပြန်သိမ်းလိုက်ကာ မေးလိုက်၏။
"ဘာ ဖြစ်တာလဲ ဆိုတာ ကိုယ့်ကို ပြောလို့ရမလား"
လင်းဝေ့လည်း နှုတ်ခမ်းကို ပိတ်ရင်း ဘာမှ ပြန်မပြောပါ။
"ဝေ့ဝေ့ မင်းဘာဖြစ်နေလဲ ဆိုတာ ကိုယ်သ်ိချင်တယ်။အနည်းဆုံးတော့ ဘယ်လိုနှစ်သိမ့်ရမလဲ ဆိုတာ သိရတာပေါ့" ဟု လင်းဝေ့ကို စိုက်ကြည့်ရင်း ကျုံးရှောက်က ပြောလိုက်၏။
လင်းဝေ့သည် စိတ်သက်သာရာရပြီးဖြစ်သော်လည်း ကျုံးရှောက်က ယခုလို ဂရုတစိုက် မေးလာသောအခါ သူမ ခံစားချက်များ ပြန်နိုးထလာ၏။
ထို့ကြောင့် ခေါင်းကိုငုံ့ကာ မျက်နှာကို ပြန်အုပ်လိုက်ရင်း ဘယ်လိုပြန်ပြောရမှန်းမသိတော့ ချေ။
ကျုံးရှောက်နှင့် တစ်နှစ်ကျော်ခန့် အတူပေါင်းသင်းပြီးနောက် ကျုံးရှောက်ကို သူမအိပ်မက် မက်ခဲ့သည့် ဝတ္ထုအကြောင်းပြောပြ၍ ရနိုင်မှန်း လင်းဝေ့ယုံကြည်မိ၏။ကျုံးရှောက်က မယုံဘူးဆိုရင်တောင် သူမကိုတော့ အရူးလို့ထင်မည်မဟုတ်ချေ။
ဒါပေမယ့် ပြောပြပြီးလို့ နှစ်ယောက်လုံး ကြံရာမရ ဆောက်တည်ရာမရ ဖြစ်နေရင်ကော။
လင်းဝေ့ ထိုသို့ဖြစ်မှာကို ပိုမလိုလားပေ။ ထို့ကြောင့် ကျုံးရှောက်ကို မော့ကြည့်ကာ ပြောလိုက်၏။ "ကျွန်မ တောင်းပန်ပါတယ်။ အခုလောလောဆယ်တော့ ရှင့်ကို မပြောပြနိုင်သေးဘူး"
ကျုံးရှောက် တစ်ချက် မျက်နှာမကောင်းဖြစ်သွားသော်လည်း ခေါင်းကို ခါလိုက်၏။ "ရပါတယ်။ မင်းကိုယ့်ကို ဖွင့်ပြောလာမယ့်အချိန်ကို စောင့်နေပါ့မယ်" ဟု ပြောလိုက်ကာ လင်းဝေ့၏ မျက်နှာ မျက်ခုံး နှုတ်ခမ်းများနှင့် ငိုထား၍ ဖူးယောင်နေသည့်မျက်ခွံ သူ့လက်ဖြင့် ပွတ်သပ်လိုက်၏။
"မင်းငိုလွန်းလို့ မျက်လုံးတောင် မို့အစ်နေပြီ"
ကျုံးရှောက် ပြောလိုက်မှ လင်းဝေ့လည်း ရှက်ရန် ပြန်သတိဝင်လာကာ အားး ကနဲ့အော်ပြီး ကျုံးရှောက်လက်ကိုတွန်းဖယ်လိုက်ပြီး ရေချိုးခန်းထဲ ပြေးဝင်ကာ မီးဖွင့်လိုက်ပြီး သူမမျက်နှာကို ပြေးကြည့်လိုက်၏။
မီးရောင်က လိမ္မော်ရောင် ဖျော့ဖျော့လေးဖြစ်နေ၍ မျက်နှာ အသေးစိတ်ကိုတော့ မမြင်ရပေ။ ထို့ကြောင့် သူမနောက်လိုက်လာပြီး ရေချိုးခန်း တံခါးပေါက်နားမှာ မှီရပ်နေသည့် ကျုံးရှောက်ဘက်ကို လှည့်ကာ မေးလိုက်၏။
"အရမ်းကြီး မို့အစ်နေပြီး ရုပ်ဆိုးနေလား"
"နည်းနည်း တော့မို့နေတယ် ရုပ်တော့မဆိုးပါဘူး" ဟုကျုံးရှောက်က ပြောလိုက်၏။
"မင်းကြည့်ရတာ သနားစရာကောင်းနေတယ်။ အာ့တာကို လူကိုပိုပြီး စိတ်ဆင်းရဲစေတယ်"
လင်းဝေ့လည်း မျက်လုံး ခဏမှိတ်လိုက်ကာ မှန်ထဲကနေ ကျုံးရှောက်ကို လှမ်းကြည့်ကာ ပြောလိုက်၏။ "အားရှောက် ကျွန်မကို အချိန် နည်းနည်းတော့ပေးပါ"
တစ်ကယ်လို့ သူမ သေခြင်းတရားကို ကျော်လွှားနိုင်ခဲ့ရင် ကျုံးရှောက်ကို အဖြေတစ်ခုတော့ ပေးနိုင်မှာပင်။
ကျုံးရှောက်လည်း လင်းဝေ့ကိုပြန်ကြည့်ကာပြောလိုက်၏။
" ရပါတယ်"
……………………
လင်းဝေ့ ငိုယိုပြီးနောက် ကျုံးရှောက်သည် လင်းဝေ့ကို ပိုဂရုစိုက်လာ၏။ ကလေးနှစ်ယောက်ကို ချော့သိပ်ပြီး အခန်းထဲ ပြန်လာချိန်တွင် ကျုံးရှောက်သည် ခုံပုတစ်လုံးယူကာ လင်းဝေ့မှန်တင်ခုံရှေ့ထိုင်ပြီး မျက်နှာမှာ ခရင်မ်လိမ်းနေသည်ကိုပင် အနီးကပ်ထိုင်ကြည့်နေ၏။
လင်းဝေ့လည်း သူမ ပုံမှန် လုပ်နေကျအတိုင်း မျက်နှာ ကို ခရင်လိမ်းကာ နှိပ်နယ် နေစဥ် ကျုံးရှောက်က စိုက်ကြည့်နေ၍ မနေနိုင်ပဲ မေးလိုက်၏။
"ဘာလုပ်နေတာလဲ"
"မင်းကို ကြည့်နေတာလေ" ကျုံးရှောက်က ပွင့်ပွင့်လင်းလင်း ပြန်ဖြေ၏။
"ကျွန်မက ဘယ်နေရာမှာ ကြည့်ကောင်းနေလို့လဲ"
"ကိုယ့်မျက်လုံးထဲ မှာ မင်းက တစ်ကိုယ်လုံးကြည့်ကောင်းနေတယ် ဆိုရင်ကော" ဟု ကျုံးရှောက်က ပြုံးကာပြန်ဖြေလိုက်၏။
"စကားလုံးလေးတွေက လှတယ်နော်" လင်းဝေ့က ရှက်သွားကာ စိတ်ဆိုးဟန်ပြုပြီး ပြောလိုက်၏။
"အာ့တာကို စကားချိုချို ပြောတယ် လို့ ခေါ်တယ်"
"ဘာကွာလို့တုန်း တူတူပဲလေ" လင်းဝေ့လည်း မျက်နှာကို နှိပ်နယ်ပြီးနောက် ခေါင်းစည်းထားသည်ကို ဖြေလိုက်ကာ ဆံပင်ကို စဖြီးလိုက်၏။
"ကိုယ် ဖြီးပေးမယ်" ဟုပြောကာ ကျုံးရှောက်က လင်းဝေ့လက် ထဲမှ ဘီးကို ယူပြီး ဆက်ပြောလိုက်၏။
"စကားချိုချို တွေက ဟန်ဆောင် ပြောလို့ရတယ် ဆိုပေမယ့် ကိုယ့်စကားက တစ်ကယ့်ရင်ထဲက လာတာပါ"
"ဟုတ်ပါပြီ စကားချိုချို ပြောသူကြီးရယ်" ဟု လင်းဝေ့က ပြုံးကာပြောလိုက်၏။ နောက်တစ်ခဏအကြာမှာပဲ အံကိုကြိတ်လိုက်ကာ "နာတယ် ဖြည်းဖြည်းဖြီးပါဟ"
ကျုံးရှောက်ကလည်း ဆံပင်ဖြီးနေမှုကို အမြန်ရပ်လိုက်၏။
"နာသွား လား"
"နည်းနည်း နာတာပါ။ အဆင်ပြေပါတယ်။ ဒါပေမယ့် တော်သေးတယ် ကျွန်မ ဆံပင်က ထူလို့။ မဟုတ်ရင်တော့ ရှင့်ခေါင်းဖြီးပေးပုံနဲ့ ခံနိုင်မှာမဟုတ်ဘူး။"
ကျုံးရှောက်လည်း ပြုံးကာ ဆံပင်ကိုအသာအယာဖြီးပေးလိုက်၏။
"မင်း ဆံပင်က မထူရင် ဘာလုပ်ရမှာလဲ"
" ဒါဆို ရှင် ပိုပြီး ညင်ညင်သာသာ ကိုင်တွယ်သင့်တာပေါ့"
ကျုံးရှောက်လည်း ဟုတ်ပါပြီ ဟုပြောကာ လင်းဝေ့၏ ဆံပင်က်ို ကျစ်ပေးလိုက်၏။ ခေါင်းမဖြီးတတ်သည့်ကျုံးရှောက်က ဆံပင်လည်း ကောင်းကောင်းမကျစ်တတ်ပေ။
လင်းဝေ့သည် ကျုံးရှောက်၏ ပထမဆုံးအကြိမ်ဘီးဖြီးပေးမှုကို သည်းခံကာ စောင့်ဆိုင်းပေးခဲ့သော်လည်း ကျုံးရှောက်က သူမကိုကျစ်ပေးလိုက်သည့် ကျစ်ဆံမြီးနှစ်ဖက်ကိုမှန်ထဲမှ တစ်ဆင့်မြင်လိုက်ရသောအခါ ကြောင်အ သွား၏။
ကျုံးရှောက်ကတော့ လင်းဝေ့ ကြိုက်မကြိုက်မသိပဲ သူ့မိန်းမကို ကိုယ်တိုင် ကျစ်ဆံမြီးကျစ်ပေးလိုက်ရ၍ ကျေနပ်နေ၏။ ကျစ်ဆံမြီးကျစ်ပြီး ကြိုးချည်ပြီးနောက် မေးလိုက်သေး၏။
"ကိုယ်ကျစ်ပေးတာ မဆိုးဘူးမလား"
လင်းဝေ့လည်း ကျုံးရှောက်ကို မော့ကြည့်ကာ ဖျစ်ညှစ်ပြုံးပြလိုက်၏။
" မဆိုးပါဘူး"
ကံကောင်းသည်က ညအချိန်ဖြစ်၍ အပြင်ထွက်ကာ သူများနှင့်တွေ့စရာမလိုပေ။ မဟုတ်လျင် ကျစ်ဆံမြီးကျစ်ထားသည်ကို အကုန်ဖြုတ်ပစ်မည်ဖြစ်၏။