Chapter 147
Vol. 12 Ch. 147
လင်းဝေ့တစ်ယောက် မွေးနေ့ပွဲတွေ များလွန်းသည်ဟု ငြီးငြူခဲ့သော်လည်း ကျုံးရှောက်အတွက် မွေးနေ့လက်ဆောင်ကိုတော့ သေသေချာချာလေး ပြင်ဆင်ပေးခဲ့၏။
မွေးနေ့ပွဲကတော့ ကလေးတွေရဲ့ပွဲလောက် မစည်ကားပေ။ ကလေးနှစ်ယောက်ကို ဘယ်သူ့ကို ဖိတ်ချင်လဲ မေးတော့ ရှောင်ရှီးရှိီး၏ နာမည်သာထွက်လာ၏။ ကျုံးရှောက်ကတော့ ဘယ်သူ့နာမည်ကိုမှ မပြောပါ။
ဒါကလည်း အမှန်တော့ ကျုံးရှောက်က လူကြီး တစ်ယောက် ဖြစ်နေပြီ ဖြစ်၍ ကလေးတွေလောက် မတက်ကြွခြင်းဖြစ်၏။ သူ့အတွက် မွေးနေ့ဆိုတာ အများကြီး ကြုံလာပြီးပြီလေ။
ကျုံးရှောက်က လူကြီး တစ်ယောက် ဖြစ်၍ သူ့မွေးနေ့မှာ သူလုပ်ချင်တာ လုပ်ခိုင်းလိုက်၏။ လင်းဝေ့ကတော့ ကျုံးရှောက်အဖို့ လက်ဆောင်ကိုသာ သေချာပြင်ဆင်လေ၏။
လက်ဆောင်ပြင်တော့ ကျုံးရှောက်အတွက် လက်ဆောင်က ကလေးနှစ်ယောက်ထက်ပင် ပိုခက်နေ၏။ ကလေးနှစ်ယောက်က်ို ဘာလိုချင်လဲ မေးခဲ့တော့ သူတို့က အမှန်အကန်စဥ်းစားကာ လိုချင်သည့်အရာများ အဖြေပေးခဲ့၍ စျေးကိုသွားကာ ကိုယ်တိုင်ရွေးဝယ်စေခဲ့၏။ကလေးတွေက ဟန်ဆောင်မနေပဲ စိတ်ရင်းဖြင့် ရွေးခဲ့ကြ၏။ သူတို့အတွက် လက်ဆောင်က စျေးကြီးတာ မဖြစ်ရဟု ပြောထားပြီး ဖြစ်၍ လင်းဝေ့စိတ်ပူစရာ မလိုခဲ့ပေ။
ကျုံးရှောက်ကတော့ ထိုကဲ့သို့မဟုတ်၍ လင်းဝေ့စိတ်ညစ်ရ၏။ မင်မင်နှင့်ရွေ့ရွေ့ကို လက်ဆောင်ပေးစဥ်ကတော့ သူတို့ကြိုက်တာကို ရွေးယူသင့်သည်ဟု ပြောသည့်သူက သူ့ကိုယ်တိုင်လက်ဆောင် ရွေးရမည့်အလှည့်ရောက်တော့ လက်ဆောင်ဆိုတာ ကွယ်ဝှက်ထားသင့်ပြီး ဘာလက်ဆောင်ရမလဲ မသိသောအရာဖြစ်သင့်သည်ဟု ပြောလာလေ၏။
"တစ်ကယ်လို့ ရှင်က ကျွန်မ ပေးတဲ့ လက်ဆောင်ကို မကြိုက်ရင်ကော" ဟု လင်းဝေ့က မေးလိုက်ရာ "ဘယ်လို လက်ဆောင်မျိုးပဲ ဖြစ်ဖြစ် မင်းဂရုတစိုက်ပြင်ထားပေးသ၍ ကိုယ်ကြိုက်တယ်"ဟု ပြန်ပြောလေ၏။
လင်းဝေ့ - "………" ရှင်လိုချင်တာကို တိုက်ရိုက်ပြောလိုက်လို့မရဘူးလား…
တစ်ယောက်တည်း တွေးနေတာထက် အများနဲ့တွေးတာပိုကောင်းသည်ဟုတွေးကာ ကလေးနှစ်ယောက်ကိုပါ ဤကိစ္စထဲ ဆွဲထည့်လိုက်၏။
"ဖေဖေ့ရဲ့ မွေးနေ့က နောက်လ ၃၀ရက်နေ့ဆို ရောက်တော့မှာ။ အဲ့ဒါ ဖေဖေ့အတွက် ဘာလက်ဆောင်တွေ ပေးရင်ကောင်းမလဲ စဥ်းစားပေးပါဦး"
" သားတို့က ဖေဖေကို လက်ဆောင်ပေးရမှာလား" ဟု မင်မင်က အလန့်တကြား မေးလာသည်။
လင်းဝေ့က ပိုအံ့သြသွား၏။ "သားတို့ မွေးနေ့တုန်းက ဖေဖေနဲ့ မေမေက သားတို့အတွက် လက်ဆောင်အကြီးကြီးတွေပေးခဲ့တာလေ။ဖေဖေ မွေးနေ့ကျတော့ လက်ဆောင်မပေးချက်ဘူးလား။ မေမေ့ မွေးနေ့မှာလဲ မပေးတော့ဘူးလား"
သူတို့မိသားစုဝင်များ၏ မွေးနေ့က လပိုင်းလေးသာခြားကြ၏။
"သားတို့လည်း ပေးချင်ပါတယ် ဒါပေမယ့် သားတို့မှာ ပိုက်ဆံမှ မရှိတာ" ဟု မင်မင်က သနားစဖွယ်ပြောလိုက်၏။
" ရပါတယ် လက်ဆောင်ဆိုတာ စျေးကြီးဖို့မလိုပါဘူး။ စိတ်ရင်းနဲ့ သေချာပြင်ဆင်ပေးတဲ့ လက်ဆောင်ဆိုရင် ပိုက်ဆံပေးဝယ်ရတဲ့ လက်ဆောင်ထက်ပိုတန်ဖိုးကြီးပါတယ်"
မင်မင်ကတော့ လင်းဝေ့၏ စကားမှာ ဆွဲဆောင်ခံလိုက်ရ၏။ "အင်း အာ့လိုဆိုလဲ ရပါတယ်"
"ဖေဖေနဲ့မေမေက လည်း မွေးနေ့အတူကျင်းပကြမှာလား" ဟု ရွေ့ရွေ့က တွေးကြည့်ကာ မေးလိုက်၏။
"မဟုတ်ဘူး ဖေဖေ့မွေးနေ့က မေလ လယ်မှာ မေမေ့မွေးနေ့က ဇွန်လ အစောပိုင်းမှာ ဆိုတော့ အတူတူမွေးနေ့လုပ်လို့မရဘူး" ဟု လင်းဝေ့က လက်ကို ခါပြီး ပြောလိုက်၏။
"ဒါဆို သားနဲ့ ကိုကြီးတို့နှစ်ယောက်လုံးက ဖေ့ဖေ့အတွက်ကော မေ့မေ့အတွက် လက်ဆောင် ပေးရမှာပေါ့" ဟု ရွေ့ရွေ့က ထပ်မေးလိုက်၏။
လင်းဝေ့က သူမရှေ့က ကလေးနှစ်ယောက်ကို ကြင်နာစွာကြည့်လိုက်၏။ "ဖေဖေ နဲ့မေမေက သားတို့အတွက် အလုပ်တွေကြိုးစားနေရတာ သားတို့က လက်ဆောင်တစ်ယောက်တစ်ခုဆီ မပေးချင်ဘူးလား ပျင်းနေလို့လား"
ရွေ့ရွေ့က မင်မင်ထက် ပိုစဥ်းစားတတ်သည်ဟု ဆိုသော်လည်း ကလေးပဲ ရှိသေးသောကြောင့် စနောက်ရလွယ်ကူ၏။
အခုတော့ ကလေးနှစ်ယောက်လုံးက လင်းဝေ့၏ မေးခွန်းကြောင့်ရှက်သွားကြ၏။ "မစိုးရိမ်ပါနဲ့ မေမေ သားတို့ ဖေဖေနဲ့ မေမေ အတွကအ လက်ဆောင်ကို အထူး ပြင်ဆင်ပေးပါ့မယ်" ဟု ရင်ဘတ်ကို ပုတ်ကာ မင်မင်က ပြောလိုက်၏။
ရွေ့ရွေ့ကလည်း သူ့အစ်က်ို၏ စကားကို ထောက်ခံလိုက်၏။ "သားကောပဲ.."
"ဒါဆို မေမေနဲ့ ဖေဖေက သားတို့ လက်ဆောင်ကို မျှော်နေမယ်နော်" ဟု ပြောကာ လင်းဝေ့ပြုံးလိုက်သည်။
ကလေးနှစ်ယောက်က ပြိုင်တူခေါင်းငြိမ့်လိုက်ကာ အချင်းချင်း ကြည့်လိုက်ကြ၏။ နောက် သူတို့မိဘတွေကို ဘာမွေးနေ့လက်ဆောင် ပေးရမလဲဟု ခေါင်းကုတ်ပါးကုတ်ကာ စဥ်းစားနေကြ၏။
……………………
သူတို့အဖေရဲ့ မွေးနေ့က အရင်ဖြစ်တာမို့လို့ အဖေ့အတွက် ဘာပေးကြမလဲ ဆိုတာကို အရင် စဥ်းစားကြ၏။
ရက်အတော်ကြာစဥ်းစားသော်လည်း ဘာပေးရမလဲ အဖြေပေါ်မလာပေ။ ဒါနဲ့ ကလေးနှစ်ယောက်လည်း လင်းဝေ့လိုပဲ ကျုံးရှောက်ဆီသာ တိုက်ရိုက်သွားမေးလိုက်ကြ၏။
ကျုံးရှောက်က ပြောမည်မဟုတ်ဟု လင်းဝေ့ဘထင်သော်လည်း ကလေးတွေကိုတော့ သူမနှင့်မတူတဲ့စကားပြောလိုက်၏။
"သားတို့ကောင်းကောင်း ဂရုတစိုက် ပြင်ဆင်ထားတဲ့ ပန်းတို့ သီချင်းတို့ဆိုရင်လည်း ဖေဖေက ဝမ်းပန်းတသာ လက်ခံမှာပါ"
သူမကို ပြောလိုက်သည့်စကားနှင့် အဓိပ္ပါယ်တူသလိုလိုရှိသော်လည်း အမှန်တော့မတူပေ။
လင်းဝေ့ကလည်း ကျုံးရှောက်က်ို ပြန်မေးခွန်းထုတ်လိုက်တော့ ဟိုက ပြန်ပြောပုံမှာ…
"မင်းက ကလေးတွေနဲ့တူလို့လား"
လင်းဝေ့ - "…"
လင်းဝေ့ ကြောင်အသွားသည်ကို မြင်လိုက်ရတော့ ကျုံးရှောက်က ဂရုတစိုက် ပြန်မေးလိုက်၏။ "ကိုယ့်မွေးနေ့က သိပ်မလိုတော့ဘူးဆိုတော့ လက်ဆောင် ပြင်ပြီးသွားပြီလား"
"ပြီးခါနီးပါပြီ"
"ဟုတ်လား ဘာလက်ဆောင်လဲ?"
လင်းဝေ့ ကျုံးရှောက်ကို မျက်စောင်းထိုးကာကြည့်လိုက်၏။ "ရှင်ပဲပြောတော့ လက်ဆောင် ဆိုတာ လျို့ဝှက်ထားသင့်တယ်ဆို… မွေးနေ့ရောက်တဲ့အထိ စောင့်"
………………
ကျုံးရှောင်ရဲ့ မွေးနေ့ရက်က အလုပ်နားရက် မဟုတ်ချေ။ ထို့ကြောင့် ပုံမှန်ရက်တွေလိုပင် စစ်စခန်းကိုသွားပြီး ညနေမှ ပြန်လာရမည်ဖြစ်၏။
လင်းဝေ့ကတော့ ညနေပိုင်းအတန်းမရှိ၍ ပြည်နယ်စားသောက်ဆိုင်ကနေ စားစရာတွေဝယ်လာပြီး နေ့လည်စာစားကာ တစ်ရေးအိပ်လိုက်၏။ နောက်မှ ထပြီး ညနေစာ အတွက် ပြင်ဆင်လေသည်။
ပြင်ဆင်ထားသည့်ဟင်းပွဲတွေက ကလေးတွေရဲ့ မွေးနေ့ပွဲတုန်းကလောက်တော့ မစုံလင်ချေ။ ခွဲခြားဆက်ဆံတာတော့မဟုတ်ပေမယ့် လင်းဝေ့တွင် အတန်းချိန်ရှိသောကြောင့် ဟင်းရှာဝယ်ဖို့ အချိန်အလုံအလောက်မရ၍ဖြစ်၏။
မနက်ပိုင်း အတန်းချိန်ပြီး၍ စျေးသွားတော့ ပင်လယ်စာစျေးတန်းကလည်း ပိတ်သွားပြီဖြစ်၏။ ဝက်နံရိုးနှင့် အသားတစ်ချို့ရယ် ဝက်အူရယ်သာ ကျန်တော့၏။
လင်းဝေ့က ဝက်အူတော့ မဝယ်ရဲပါ။ သူမ၏ အနံ့မခံနိုင်မှုက ကိုယ်ဝန် ကနဦးတုန်းကလောက် မဆိုးတော့သော်လည်း ဝက်အူအနံ့က ပြင်းလွန်း၍ ဝက်အူဆေးနေတုန်း အော့အန်မိကာ ဆက်မလုပ်နိုင်မည်ကို စိုးရိမ်၍ဖြစ်သည်။
နောက်ဆုံးတော့စားပွဲပေါ်မှာ ဝက်ချိုချဥ်ဟင်းနှင့် ဝက်သားငရုတ်ပွကြော် အသားဟင်းနှစ်ပွဲပြင်လိုက်လေ၏။ ကြက်ဥကိတ်နှင့် ပုစွန်ဟင်းချိုရည်လည်းပြင်ဆင်ထားပြီးကျန်သည်က ဟင်းသီးဟင်းရွက်ကြော်များဖြစ်၏။
ကျုံးရှောက်ကလည်း လင်းဝေ့ ချက်ထားသည်များကို ဂျီးမများ အပြစ်မတင်ပဲ ထမင်းစား စားပွဲပေါ်ထိုင်လိုက်သည်နှင့် သူ့မိန်းမနှင့်ကလေးများ ဆိုပြမည့် မွေးနေ့မှာပျော်ရွှင်ပါစေ သီချင်းသံကို မျှော်လင့်နေ၏။
သီချင်းဆိုတာက ကိစ္စကြီး မဟုတ်သော်လည်း လွန်ခဲ့သည့်အခေါက် မင်မင်နှင့်ရွေ့ရွေ့၏ မွေးနေ့မှာ ဆိုပြီးကတည်းက လင်းဝေ့က ထပ်ဆိုရန် ရှက်နေမိ၏။
သူမဖျော်ဖြေခဲ့သည့်သူတွေက အရေးတယူ မလုပ်လျင် ရှက်မိမှာ မဟုတ်ပေမယ့် ကျုံးရှောက် အပါအဝင် ကလေးများအားလုံး အလွန်အားပေးခဲ့၍ လင်းဝေ့ရှက်နေမိခြင်းဖြစ်၏။
"ဒီမွေးနေ့က အရမ်းအရေးကြီးနေတာ မဟုတ်တော့ မဆိုတော့ဘူးနော်"ဟု လင်းဝေ့က ပြောရာ ကျုံးရှောက်က မကျေနပ်ချေ။
"ကလေးတွေရဲ့ လေးနှစ်ပြည့်မွေးနေ့မှာတေူင် ဆိုပေးတာ။ ကိုယ့်ရဲ့ ၂၅နှစ်ပြည့်မွေးနေ့မှာ မဆိုပေးဘူးလား"
၂၅ နှစ်ဆိုတာ ငွေရတုလို့တောင် ပြောလို့ရတယ် မလားး
"ကျွန်မ မွေးနေ့ကျရင်ကော ဘယ်သူဆိုပေးမှာလဲ"ဟု လင်းဝေ့က ကျုံးရှောက်ကို မေးလိုက်၏။
"မင်းမွေးနေ့ရောက်ရင် ကိုယ် တစ်ညလုံး ဆိုပေးမယ်"
လင်းဝေ့ - "……" မွေးနေ့သီချင်းကို တစ်ညလုံး ဆိုပေးမယ်!!!
လင်းဝေ့လည်း တစ်ယောက်တည်း မဆိုနိုင်၍ ကလေးနှစ်ယောက်ကို ပါ အတူခေါ်ဆိုလိုက်၏။ မဆိုခင်ကတော့ရှက်နေပေမယ့် ကလေးနှစ်ယောက်နှင့်အတူ ဆိုလိုက်တော့မရှက်တော့ပေ။ သားအမိ သုံးယောက် လက်ခုပ်တီးကာ ခန္ဓာကိုယ်ကို ဘယ်ညာယိမ်းရင်း ဆိုလိုက်ကြ၏။
ကျုံးရှောက်ကတော့ ပြုံးပြုံးကြီး ကြည့်ကာ ကျေနပ်နေ၏။
သီချင်း ဆိုပြီး နောက် ကျုံးရှောက်က သူ့ကို ပေးမည့် မွေးနေ့လက်ဆောင်က်ိုမျှော်လင့်နေ၏။ အဖေတစ်ယောက်အနေဖြင့် မင်မင်ထံမှ လက်ခံရရှိသည့်မွေးနေ့လက်ဆောင်က……… ဂေါ်လီလုံး တစ်လုံးး!!!
ကျုံးရှောက် ကြောင်အ သွား၏။ "ဒါက??"
"ဒါက သားအကြိုက်ဆုံး ဂေါ်လီလုံးလေ။ ဖေဖေ သေချာသိမ်းထားနော်" သူ့လက်ဆောင် ဂေါ်လိီလုံး၏ အရေးပါမှုကို အကြိုက်ဆုံး ဆိုသည့် စကားလုံးသုံးလုံးဖြင့် အလှဆင်လိုက်၏။
ကျုံးရှောက် - "...ဟုတ်ပါပြီ"
အစ်က်ို မင်မင် ထက်စာလျင် ရွေ့ရွေ့၏ လက်ဆောင်က တော်သေး၏။ ရွေ့ရွေ့က သူ့အဖေကို မှတ်စုစာအုပ်တစ်အုပ်လက်ဆောင်ပေးလေ၏။ ဒါက ငွေစုထားခဲ့ခြင်း၏ အကျိုးပင်ဖြစ်သည်။ ကိုယ့်အဖေကို လက်ဆောင်ပေးနိုင်ဖို့ မင်မင်လို့ ရှိတဲ့ အရုပ်အပုံကြီးထဲ မွေနှောက်ရှာနေစရာ မလိုတော့ဘူးလေ။
ဒါပေမယ့် ကျုံးရှောက် မျှော်လင့်နေတာကတော့ လင်းဝေ့ဆီမှ လက်ဆောင်ဖြစ်၏။ ကလေးနှစ်ယောက်ဆီမှ လက်ဆောင် လက်ခံပြီးနောက် ကျုံးရှောက်သည် လင်းဝေ့ကိုကြည့်လိုက်၏။
လင်းဝေ့ကလည်း လက်ဆောင် ထုပ်ကို ကျုံးရှောက်ဆီကမ်းပေးလိုက်၏။ "မရီ နဲ့နော်"
အာ့လိုမပြောတာကမှ ပိုကောင်းလိမ့်ဦးမည်။ အခုတော့ လင်းဝေ့ စကားကြောင့် ကျုံးရှောက်က လက်ဆောင်က်ိုကြည့်ကာ ပြုံးလိုက်၏။ "စိတ်မပူပါနဲ့ ကိုယ်မရီပါဘူး"
ကျုံးရှောက် လက်ခံသည့် လက်ဆောင်သုံးမျိုး ထဲတွက် လင်းဝေ့၏ လက်ဆောင်က ပုံစံအကျဆုံးဖြစ်၏။ပန်းစက္ကူစာရွက်ဖြင့် ထုပ်ပိုးထားကာ ဖဲပြား အပြာရောင်ပင် ချည်ထားသေး၏။
ကျုံးရှောက်က ဖဲပြားကို ဖြုတ်ရင်း ပြုံးကာ မေးလိုက်၏။ "အထဲမှာ ဘာလဲ"
"ကိုယ်တိုင်ကြည်လိုက်လေ"
ကျုံးရှောက် သူ့လက်ထဲမှာ ရှိသည့် လက်ဆောင်ဘူးကို ချိန်ဆကြည့်လိုက်၏။ ဘူးက သိပ်မကြီးပဲ လက်ဖဝါးပေါ်တွင် တင်နိူင်ပြီး ဘူးအရှည်ကလည်း လက်တစ်ဝါးစာ ခန့်သာရှိ၏။ ဘူး အထူကလည်း လက်နှစ်လုံးခန့်သာရှိရာ…
"ဘောပင် လား " ဟု ကျုံးရှောက်က မေးလိုက်၏။
လင်းဝေ့ မျက်နှာ ကြောင်အ သွား၏။
"တစ်ကယ် ဘောပင်လား?" ကျုံးရှောက်က မကျေနပ်သည့်ပုံစံဖြင့် မျက်မှောင်ကြုံ့ပြီး ထပ်မေးလိုက်၏။
"ဘောပင်ပဲလား?"
"ကိုယ့်ဖာသာ ကြည့်လိုက်လေ" ဟု လင်းဝေ့က ပြောလိုက်သည်။ လက်ဆောင်က်ို ဖွင့်ကြည့်တာမဟုတ်ဘူး လေရှည်နေသေးတယ်။
လင်းဝေ့၏ အမူအရာကို ကြည့်ကာ ကျုံးရှောက်စိတ်ထဲက တွေးလိုက်၏။ "အိုးး ဒါဆို အထဲ မှာ တစ်ခြားရှိသေးတယ်ပေါ့"
ပန်းစက္ကူကို ခွာလိုက်တော့ ဘောပင်ဘူး ထွက်လာ၏။ဘောပင်က နာမည်ကြီး တံဆိပ်တော့မဟုတ်ပေမယ့် စျေးနည်းသည့်တံဆိပ်လည်း မဟုတ်ပါ။
ထို့အပြင် ပုံမှန်နှင့်မတူသည့် စာလုံးတစ်ချို့ကို ဘောပင်ပေါ်တွင် ထွင်းထားသေး၏။
Z&L
စာလုံးထွင်းထားသည်က အချောကြီးမဟုတ်သော်လည်း သပ်သပ်ရပ်ရပ်လေး ထွင်းထား၏။ ကျုံးရှောက်သည် Z နှင့် L ၏ အဓိပ္ပါယ်ကို မှန်းဆမိသော်လည်း အလယ်က & စာလုံး၏ အဓိပ္ပါယ်ကိုတော့မသိပါ။ ထို့ကြောင့် ဘောပင်က်ိုကြည့်နေရင်း လင်းဝေ့ကိုမေးလိုက်၏။
"ဒီ စာလုံးရဲ့ အဓိပ္ပါယ်က ဘာလဲ"
ကျုံးရှောက်က လင်းဝေ့ထွင်းပေးသည့် စာလုံးကို ကျေနပ်မှုရှိသော်လည်း လင်းဝေ့ကတော့ သူမကိုယ်တိုင်ထွင်းထားတာဖြစ်၍ ရုပ်ဆိုးသည်ဟု တွေးနေ၏။
ရုပ်ဆိုး၍ မကြည့်ချင်ပေမယ့် တစ်ချက်ကြည့်လိုက်ကာ ပြောလိုက်သည်။ "တွဲဖက်ထားတယ် အတူတူဆိုတဲ့ အဓိပ္ပါယ်လေ"
ကျုံးရှောက် ဘယ်လိုကြည့်ကြည့် "&" စာလုံးက အတူတူဆိုတဲ့ စကားလုံးနဲ့ တူတယ် ဆိုတာမ မြင်မိပေ။ လင်းဝေ့မှာ ထူးထူးဆန်းဆန်း အတွေးတွေ ရှိတတ်တာကိုသိတော့ ထပ်မမေးတော့ပဲ ပြောလိုက်၏။
"ဒါဆို ကျုံးရှောက်နှင့် လင်းဝေ့ ဆိုတဲ့အဓိပ္ပါယ်ပေါ့"
အမှန်တော့လင်းဝေ့က "ငြိမ်းချမ်းပျော်ရွှင်ပါစေ" ဆိုပြီး ရေးချင်တာဖြစ်သည်။ သို့သော် တစ်ကယ် စထွင်းတော့ ထွင်းရအတော်ခက်ခဲမှန်းသိလာ၏။
ဘောပင်ကလည်း ရှီးချန်က မိတ်ဆွေတစ်ဦးထံမှ ဝယ်လာသည့်ဘောပင်ဖြစ်၍ ခရိုင်မြို့မှာ မရောင်းပါ။ ထိုဘောပင်မျိုးက တစ်ခုပဲ ရှိ၏။ ပျက်စီးသွားလျင် ထပ်ဝယ်လို့မရပါ။ ထို့ကြောင့် ဂရုတစိုက်ဖြင့် Z&L ဆို သည့်စာလုံးကိုသာ ထွင်းလိုက်ရ၏။
ဒါပေမယ့် အာ့အကြောင်းကိုတော့ ကျုံးရှောက်ကို လုံးဝပြောပြမည် မဟုတ်ချေ။ ထို့ကြောင့် ခေါင်းကိုငြိမ့်ကာ ကျုံးရှောက်၏ အမေးကို " ဟုတ်တယ်" ဟုသာပြောလိုက်၏။