← Chapters

Chapter 151

Vol. 12 Ch. 151

Chapter 151

Vol. 12 Ch. 151

နောက်ထပ် လဝက်လောက်အထိ သူတို့နှစ်ယောက် ခွဲမအိပ်ကြပါ။ လင်းဝေ့လည်း ညတိုင်း သူမ၏ ခံစားချက်ကို မထိန်းချုပ်နိုင်ခဲ့ပါ။ ဒါပေမယ့် အရက်လို့ သိပ်မကြောက်တော့သလို ခံစားရ၏။

သူမ လက်ကိုရွေ့လိုက်တာနဲ့ ဘေးနားမှာ လူရှိတာကိုသိနိုင်သည့် ခံစားချက်က လူကို အမှန်တစ်ကယ် မထိမိတာတောင် ရင်ထဲ နွေးထွေးသွားသလို ခံစားလိုက်ရ၏။

ကျုံးရှောက်က သူမနှင့် အမြဲအတူရှိနေပေးမည်မှန်း သူမသိလာခဲ့၏။

ထို့ကြောင့် နောက်ပိုင်းရက်တွေမှာ လင်းဝေ့တစ်ယောက် သူမခံစားချက်ကြောင့် အလွယ်တကူငိုတာမျိုး လန့်နိုးလာတာမျိုး မဖြစ်တော့ပါ။ ဤသို့ဖြင့် ကျုံးရှောက်နှင့် လင်းဝေ့လည်း ကောင်းကောင်းအိပ်စက်လာနိုင်ခဲ့တာ ဇူလိုင်လ နောက်ဆုံးရက် မတိုင်ခင်အထိဖြစ်၏။

ဇူလိုင်လ နောက်ဆုံးရက်မှာ ကျုံးရှောက်က လင်းဝေ့ကို သတင်းတစ်ခု ပြောပြလာ၏။

"ဒီရက်ပိုင်း တိုင်ဖွန်းမုန်တိုင်း လာမယ်ကြားတယ် အိမ်မှာ သေချာ ဂရုစိုက်ပြီးနေနော်"

အရွက်ကြော်ဟင်းကို တူဖြင့် ကိုင်ထားသည့် လင်းဝေ့လက်များ တုန်ယင်လာပြီး လွတ်ကျသွား၏။

"ဘယ်နေ့လဲ"

"သြဂုတ် ၁ ရက်နေ့ ဒါမှ မဟုတ် ၃ရက်နေ့လောက်မှာပေါ့" ဟု ကျုံးရှောက်က ပြောပြရင်း လင်းဝေ့မျက်နှာပျက်နေသည်ကို သတိထားမိလိုက်၍ လင်းဝေ့လက်ကို ကိုင်ပြီး ပြောလိုက်၏။

"မစိုးရိမ်ပါနဲ့ ဒီတစ်ခေါက် တိုင်ဖွန်းမုန်တိုင်းက မပြင်းပါဘူး။ နှစ်ရက်လောက်ကြိုပြီး စားစရာတွေ စုထားမယ်။ပြတင်းပေါက် တံခါးပေါက်တွေကို လုံလုံခြုံခြုံ ပိတ်ထားမယ် အပြင်မထွက်ဘူးဆို လုံခြုံပါတယ်"

ကျုံးရှောက်က မစိုးရိမ်ဖို့ပြောသော်လည်း လင်းဝေ့က စိုးရိမ်စိတ်ကို မဖြေဖျောက်နိုင်ခဲ့ပါ။ သူမ၏ မှန်းဆချက်အရ တိုင်ဖွန်းမုန်တိုင်းက မကြီးသော်လည်း သူမ၏ သေဆုံးမှုက ထိုမုန်တိုင်းနှင့် ဆက်စပ်နေ၏။

လင်းဝေ့လည်း မစိုးရိမ်ကြောင်း မရေမရာပြန်ဖြေလိုက်ကာ တူကိုကိုင်ပြီး ပန်းကန်လုံးထဲက ထမင်းကို တစ်လုပ်ပြီး တစ်လုပ် ယူစားလိုက်၏။

အတော်လေးကြာမှ ကျုံးရှောက်ကို ရုတ်တရက် မေးလိုက်၏။

"ရှင် ဖနွဲခါကျရင် ခွင့်ယူလို့မရဘူးလားဟင်"

"ဘာဖြစ်လို့လဲ"ကျုံးရှောက်လည်း စားနေသည်ကို ရပ်လိုက်ကာ ပြန်မေးလိုက်၏။

လင်းဝေ့ကတော့ ဘာ့ကြောင့် ဆိုတာ အဖြေပြန်မပေးပဲ ကျုံးရှောက်ကို ကြည့်ကာ ပြောလိုက်၏။ "အာ့နေ့ကျရင် ကျွန်မက ရှင့်ကို လွမ်းနေမှာ"

ကျုံးရှောက်ကလည်း ချက်ချင်းခေါင်းငြိမ့်ကာ ပြောလိုက်၏။

"ဟုတ်ပြီ မနက်ဖြန်ကျရင် ကိုယ် စခန်းထဲရောက်တာနဲ့ ခွင့်တိုင်လိုက်မယ်"

လင်းဝေ့လည်း သက်ပြင်းချလိုက်ပြီး တစ်အောင့်လောက်ကြာတော့ ထပ်ပြောလိုက်၏။

"ကားငှားပြီး စောစော ပြန်လာဖို့မမေ့နဲ့နော်"

လင်းဝေ့ ကျွန်းပေါ်ရောက်ခါစက တိုင်ဖွန်းမုန်တိုင်းကို ကြောက်တတ်၍ ကျိုးကျန်းဟိုင်နှင့် ဂျူတီချိန်းကာ လင်းဝေ့ကို အဖော်ပြုပေးရ၏။ နောက်ပိုင်းတွင်တော့ လင်းဝေ့က သိပ်မကြောက်တော့၍ ကျုံးရှောက်ကို အနားမှာ မခေါ်ထားတော့ပေ။

အခု ခွင့်ယူခိုင်းတော့လည်း ကျုံးရှောက်က ထူးထွေ မေးမနေပဲ ခေါင်းငြိမ့်လိုက်၏။

"ကောင်းပြီ"

ထိုအဖြေကိုရပြီးနောက် လင်းဝေ့ စိတ်သက်သာရာရသွား၏။ ထို့နောက် ထမင်းကို ဆက်စားနေလိုက်၏။

အကယ်၍ ကျုံးရှောက်က ကားမငှားလာ ခွင့်မယူတာ မျိုး လုပ်ခဲ့ပါက ညနေခင်းရောက်လျင် ဗိုက်အောင့်ဝန်ဆောင်ကာ ဆေးရုံပို့ခိုင်းမည်ဖြစ်၏။ အကယ်၍ ခွင့်ယူလာခဲ့ပါက နောက်တစ်နေ့မနက်ရောက်မှ ဗိုက်နာယောင်ဆောင်ကာ ဆေးရုံပို့ခိုင်းမည်ဖြစ်၏။ ထိုသို့စီစဥ် ထားလိုက်လျင် မုန်တိုင်းရှိလျင်ပင် ဆေးရုံကို အခက်အခဲမရှိ ရောက်နိုင်မည်ဖြစ်၏။

ထို့အပြင် မုန့် ဘီစကစ် အများအပြားကိုလည်း ပြင်ဆင်ထားသေး၏။ မိုးအရမ်းကြီးလို့ ဆေးရုံ မသွားနိုင်ခဲ့ရင်တောင် အစားအသောက် အပြည့်အစုံဖြင့် အိပ်ရာထဲ အိပ်နေလို့ရအောင်ဖြစ်၏။

ထိုသို့ကြိုတင် စီစဥ်ထားလိုက်ပြီးနောက် ထိုညမှာတော့ လင်းဝေ့သည် ကျုံးရှောက်၏ လက်မောင်းထဲမှာ နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့၏။

အိပ်ရာ မဝင်ခင်မှာတော့ အိပ်မက်ဆိုးမက်လိမ့်ဦးမည်ဟု ထင်ထားသော်လည်း တစ်ညလုံး လုံးဝအိပ်မက်ဆိုးမမက်ခဲ့ပါ။ ဇူလိုင်တစ်လလုံး အိပ်မရခဲ့သမျှ တစ်ညတော့ကောင်းကောင်းမွန်မွန် အိပ်ခဲ့ရပြီး မနက်ခင်းနိုးထလာခဲ့ရ၏။

မနက်ခင်းနိုးသည်နှင့် လင်းဝေ့သည် ပြည်နယ်စားသောက်ဆိုင်က်ိုသွားကာ စားစရာများ ဝယ်စုတော့၏။

ညနေပိုင်း ကျုံးရှောက်ပြန်လာတော့ ကားပါငှားလာခဲ့၏။ တပ်ရင်းမှုးခဲ့ကလည်း ကျုံးရှောက်၏ မျက်ကွင်းညိုညိုကိုကြည့်ကာ ကျုံးရှောက်ခွင့်ယူသည်ကို မမေးမြန်းတော့ပဲ အခွင့်ပေးလိုက်၏။ လတ်တလော ကျုံးရှောက်၏ ဇနီး လင်းဝေ့ နေထိုင်မကောင်းဖြစ်နေသော်လည်း ကျုံးရှောက်က ခွင့်မယူသေးပဲ ဒီနေ့မှ ခွင့်ယူ၍ဖြစ်၏။

ညပိူင်းအိပ်ရာမဝင်ခင် လင်းဝေ့သည် စားစရာများအားလုံးကို အပေါ်ထပ်ကို ယူထားလိုက်၏။ ကျုံးရှောက်ကိုလည်း သာမိုမီတာနှင့် ရေခွက်များယူလာရန်ပြောလိုက်၏။

မင်မင်ကတော့ သူ့အဖေနှင့်အမေ အပေါ်ထပ်ကို ပစ္စည်းများရွေ့နေသည်ကို ကြည့်ကာ အံ့သြနေ၏။ "အိမ်မှာ ဘယ်သူ နေမကောင်းဖြစ်နေတာလဲ"

မင်မင်၏ စကားကြားတော့ ကျုံးရှောက်က ခေါင်းခေါက်ကာ သတိပေးလိုက်၏။ "ပါးစပ်ပိတ်ထား စကားမပြောနဲ့"

မင်မင်က သူ့ခေါင်းလေးကို ပွတ်လိုက်ကာ အဖေက သူ့က်ို မဆီမဆိုင်ပြောနေသည်ဟုတွေးလိုက်၏။ ပြန်တော့ပြောချင်ပေမယ့် စိတ်ထဲမှာပဲ ပြောကာ သူ့မိဘတွေကိုကြည့်လိုက်၏။

"ဖေဖေ နဲ့ မေမေက အစီအစဥ်တစ်ခုလုပ်နေတာ။ သားတို့ ခေါင်းအုံးတွေ သွားယူကြ။ ဒိီည မေမေတို့အားလုံး တူတူအိပ်ကြရအောင်" ဟု လင်းဝေ့က ပြုံးရင်းပြောလိုက်၏။

"မေမေနဲ့ တူတူအိပ်ရမှာလား။ ဒီည တူတူအိပ်ရမှာလား" ဟု မင်မင်က တအံ့တသြပြောလိုက်၏။

လင်းဝေ့ ကိုယ်ဝန်ရှိကတည်းက ကလေးများနှင့်အတူ မအိပ်တော့ပါ။ ဇူလိုင်လ နောက်ပိုင်းကတည်းက တစ်ခါမျှ အတူမအိပ်ရတော့ပါ။

လင်းဝေ့လည်း မင်မင်၏ အမေးကို ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်၏။ "ဟုတ်တယ် ခေါင်းအုံးသွားယူကြ"

မနက်ဖြန် ဘာပဲ ဖြစ်လာလာ ဒီတစ်ညတော့ သူမ မိသားစုဝင်အားလုံး နှင့်အတူ ရှိချင်၏။

ကလေးနှစ်ယောက်ကလည်း ပျော်ပျော်ရွှင်ရွှင် ခေါင်းအုံးတွေသွားယူကြ၏။ ဒါပေမယ့် လင်းဝေ့အနားကိုတော့ ကပ်မအိပ်ရဲကြပါ။ သူတို့အမေ ဗိုက်ကို ကန်မိမည်ကိုစိုး၍ဖြစ်၏။

ကလေးနှစ်ယောက်ကြားထဲ ကျုံးရှောက် နေရာယူထားသော်လည်း ကလေးတွေက စိတ်လှုပ်ရှားကာ စကားပြောနေကြ၏။ မင်မင်ကတော့ အပြောနိုင်ဆုံးသူဖြစ်၏။

သို့သော် လင်းဝေ့ကော ကျုံးရှောက်ကော မင်မင်ပြောနေသည်ကို ဝင်မတားကြပဲ ပြုံးကာ နားထောင်နေကြ၏။

ဒိလိုနဲ့ ကလေးနှစ်ယောက်က နောက်ကျမှ အိပ်ပါဝင်ကြ၏။ လင်းဝေ့နှင့် ကျုံးရှောက်တို့နှစ်ယောက်ကတော့ တစ်ညလုံး အိပ်မရကြချေ။

သို့သော် စကားမပြောကြပဲ မျက်လုံးလေးမှိတ်ကာ အိပ်ချင်ယောင် ဆောင်နေကြ၏။ မနက်အာရုံဦးရောက်ကာ လင်းရောင်ခြည်သန်းလာတော့ လင်းဝေ့မျက်လုံးများ ဖွင့်လိုက်၏။

ဒီနေ့ နေသာသားပဲ။

နောက်တော့ လင်းဝေ့တစ်ယောက် သူမ၏ ဗိုက်ကို ကိုင်ကာ ကျုံးရှောက်နားထဲ တိုးတိုးလေးပြောလိုက်၏။

"အားရှောက် ကျွန်မ ဗိုက်နာနေလို့"

သြဂုတ်လ ၂ရက်နေ့က လင်းဝေ့ တွေးထင်ထားတာထက်ပင် ငြိမ်သက်နေ၏။

မူရင်းဝတ္ထုက ဇာတ်ကြောင်းက လင်းဝေ့ထင်ထားသလို မဆိုးတာလဲ ဖြစ်နိုင်တာပဲ။ လင်းဝေ့သာ မသေမျိုးဖြစ်ပြီး အနာဂတ်ကို သိကာ ပြောင်းလဲ နိုင်ခဲ့ရင် ဇာတ်ကြောင်းပါ ပြောင်းသွားနိုင်၏။

ထို့‌ကြောင့် မနက်ပိုင်းဆေးရုံသွားပြီးနောက်ပိုင်း လင်းဝေ့ ‌ခန္ဓာကိုယ် စစ်ဆေးမှုတွေ ပြုလုပ်နေချိန်မှာသာ လေပြင်းတွေ တိုက်နေပြီး ကျန်သည့်အချိန်တွေမှာတော့ မိုးဖွဲလေးသာကျနေပြီး ငြိမ်သက်နေ၍ လင်းဝေ့ပင်အံ့ဩနေရကာ မယုံကြည်နိုင်ဖြစ်နေရ၏။

သို့သော် ထိုနေ့လွန်ပြီးနောက်ပိုင်း မိုးလေမစဲတော့ပဲ မိုးပြင်းလေပြင်းကျလေကာ လင်းဝေ့တို့ နှစ်ယောက်ပင် အိမ်မပြန်နိုင်ဖြစ်ရလေ၏။

ဆရာ၀န်ကလည်း လင်းဝေ့ကို မပြန်ခိုင်းခဲ့ပါ။ ကိုယ်ဝန်မှာ ဘာပြဿနာမှ မ‌တွေ့ပေမယ့် လင်းဝေ့က ဗိုက်နာသည်ဟု ပြောသောကြောင့် လင်းဝေ့ကို ဆက်လက် စောင့်ကြည့်ရန်လိုသေး၏။

ထို့ကြောင့် ညစာကိုတော့ ဆေးရုံမှာပဲစားလိုက်ကြ၏။ဆေးရုံအစားအသောက်က မဆိုးပေမယ့် လင်းဝေ့ကတော့ ခံတွင်းပျက်နေ၍ တစ်ဝက်ပဲစားနိုင်ကာ ကျန်တာကို ကျုံးရှောက်စားလိုက်ရ၏။

ညစာစားပြီးကြတော့ တန်းရှန့်ယွင်က လူနာလာတွေ့၏။ခဏလောက် စကားပြောကြပြီးနောက် ကူစရာလည်းမရှိ၍ မိုးစဲလာတော့ တန်းရှန့်ယွင်လည်း ပြန်သွား၏။

ဧည့်သည်ပြန်သွားပြီးနောက် လင်းဝေ့နှင့် ကျုံးရှောက်လည်း အိပ်ရန်ပြင်ကြတော့၏။

တိုင်ဖွန်းမုန်တိုင်း ရောက်လာတိုင်း လျှပ်စစ်ဓာတ်အားပြတ်တောက်တတ်သည်က ထုံးစံလိုပင်ဖြစ်နေ၏။ဆေးရုံလည်း လျှပ်စစ်မီးပြတ်တောက်သွား၍ ရေပူရေအေး မရတော့ပါ။ ထို့ကြောင့် ရေချိုးခေါင်းလျှော်မလုပ်တော့ပဲ အိပ်လိုက်ကြရ၏။

လင်းဝေ့ အိပ်ချင်နေသော်လည်း မအိပ်ရဲခဲ့ပါ။ ကျုံးရှောက်ဘေးမှာ လှဲရင်းစကားတွေ‌ ပြောနေခဲ့၏။

နောက်တစ်နေ့ ကူးသွားတော့ လင်းဝေ့စိတ်သက်ရာရသွား၏။ အနာဂတ်အတွက် တွေးပူနေစရာ မလိုတော့၍ ကျုံးရှောက်ကို စကားပြောသောအခါလည်း သူမအသံက တက်ကြွနေ၏။

ကျုံးရှောက်လည်း လင်းဝေ့အသံကို နားထောင်ရင်း စိတ်သက်သာရာရသွားခဲ့၏။ လွန်ခဲ့သည့်နှစ် ဒီလိုအချိန်တွေတုန်းကလည်း လင်းဝေ့ ဒီလိုဖြစ်ခဲ့ဖူးကြောင်းစဉ်းစားမိလာ၏။

ယားကျိုကျွန်းမှာ တိုင်ဖွန်းမုန်တိုင်း ဖြစ်လေ့ရှိသော်လည်း နှစ်တိုင်း အချိန်မှန် ရက်မှန်ဖြစ်တာတော့မဟုတ်ပေ။ မနှစ်ကစပြီး တိုင်ဖွန်းမုန်တိုင်းအကြောင်းပြောလျင် လင်းဝေ့၏ တုန့်ပြန်ပုံက ပြောင်းလဲလာတာဖြစ်၏။

ထိုအချိန်တုန်းကတော့ လင်းဝေ့ မုန်တိုင်းကို ကြောက်၍ဟု ကျုံးရှောက် ထင်လိုက်၏။ ကျွန်းပေါ်ရောက်ခါစ ဖြစ်၍ မုန်တိုင်းကို မကြုံဖူး၍ ကြောက်ရွံ့တာက ပုံမှန်သာဖြစ်၏။

ဒါပေမယ့် တစ်ကယ်ကော ပုံမှန်ဟုတ်ရဲ့လားးး

လင်းဝေ့နှင့် တစ်နှစ်ကြာ အတူနေပြီးနောက် လင်းဝေ့သည် တော်ရုံကြောက်တတ်သည့်သူ မဟုတ်မှန်း သိလာခဲ့ရ၏။ မနှစ်က ဩဂုတ်လနောက်ပိုင်း တိုက်ခတ်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်းက ပိုပြင်းသော်လည်း ကျုံးရှောက်ကို အိမ်ပြန်လာရန် ခွင့်တိုင်ရန် မပြောခဲ့ပါ။ ကျုံးရှောက်က ခွင့်ယူရမလား မေးသော်လည်း သူမကြောင့် အလုပ်ပျက်မည်ကိုစိုးသည် ဟုပင် ပြန်ပြောခဲ့၏။

အခုလည်း မနှစ်ကလိုပင် ‌လင်းဝေ့ မနက်နိုးလာတော့ ကျုံးရှောက်ကို သူမကြောင့်အလုပ်ပျက်မခံရန် သူမကိုယ် သူမ ဂရုစိုက်နိုင်ကြောင်း အလုပ်ကိုပြန်သွားရန် ပြောလေသည်။ သို့သော် တစ်မြန်နေ့ကတော့ ကျုံရှောင်မှာ ညဂျူတီ ရှိမှန်းသိတာတောင် ခွင့်ယူကာ အိမ်ပြန်လာခဲ့ခိုင်း၏။

အခုတော့ မုန်တိုင်းမစဲသေးတာတောင် သူ့ကို ပြန်ခိုင်းနေ၏။ တစ်မြန်နေ့က ခွင့်ယူကာ ကားလည်း ငှားလာဖို့ပြောသည့်သူက သူမဟုတ်သည့်အတိုင်းပင်။ မသိလျင် မနေ့က နေမကောင်းဖြစ်ကာ ဆေးရုံတက်ရမည့်အဖြစ်ကိုကြိုသိနေသလိုပင်။

အရင်လကတည်းက လင်းဝေ့၏ အပြုအမူတွေက ထူးဆန်းနေခဲ့၏။

မဟုတ်ဘူး မနှစ်ကတည်းက လင်းဝေ့၏ အပြုအမူတွေက ထူးဆန်းနေခဲ့တာဖြစ်၏။

စစ်တပ်ထဲ လိုက်ပြောင်းလာကတည်းက တစ်ခါတစ်လေ သူ့ကိုကြည့်နေသည့်အကြည့်တွေက ပြုံးနေသယောင်ကနေ ဝမ်း‌နည်းသည့်ပုံ ပြောင်းသွားတတ်၏။

သူတို့နှစ်ယောက် လက်ထပ်ထားတာ လေးနှစ်ကြာပြီဖြစ်သော်လည်း လူချင်းဆုံဖြစ်သည်ထက် စာဖြင့်သာ အဆက်အသွယ်ရှိသည်က များ၏။ ထို့ကြောင့် စိတ်ချင်းမရင်းနှီးကြသေး၍ ကျုံးရှောက်က မေးမြန်းသော်လည်း လင်းဝေ့က မဖွင့်ပြောပြခဲ့ပေ။ဒါမှမဟုတ် လင်းဝေ့က သူ့စိတ်ထဲမှာ ရှိတာကို သူများကို မပြောပြတတ်သည့်သူမျိုးလည်းဖြစ်နိုင်၏။

နောက်မှ လင်းဝေ့က စိတ်ထဲမှာ မြိုသိပ်ထားတတ်သည့်သူမျိုးမဟုတ်မှန်း ကျုံးရှောက်နားလည်လာခဲ့၏။ လင်းဝေ့က ယခုလိုပုံစံမျိုးမဟုတ်ပါ။ဘနှစ်သစ်ကူးကာလ အဖေလင်းနှင့် အမေလင်း ကျွန်းပေါ်ကို အလည်လာပြီးကတည်းက လင်းဝေ့၏ အမူအရာခံစားချက်တွေ ပိုပေါ်လွင်လာခဲ့တာဖြစ်၏။ လင်းဝေ့၏ စိတ်ထဲမှာ ဘာတွေ တွေးနေလဲ အမေလင်းက မမေးခဲ့သလို ကျုံးရှောက်ကလည်း မမေးခဲ့ပါ။

ဒီလိုနဲ့ လင်းဝေ့ ကိုယ်ဝန်ရှိလာခဲ့သည်။ထိုအချိန်မှာတော့ လင်းဝေ့စိတ်ထဲမှာ တစ်ခုခုခံစားနေရမှန်း သိလာခဲ့၏။ သို့သော် ဘာ့ကြောင့်လဲ ဆိုတာကိုတော့ ကျုံးရှောက်ကို မပြောခဲ့ပါ။ ထို့ကြောင့် ကျုံးရှောက်ကလည်း ကိုယ်ဝန်သည်တစ်ယောက်၏ စိုးရိမ်ပူပန်မှုဟုသာ ထင်ခဲ့၏။

ထိုကဲ့သို့ ကျုံးရှောက် ဆက်စပ်တွေးကြည့်လိုက်ရင်း လတ်တလော လင်းဝေ့၏ စိတ်အ‌ခြေအနေ မတည်ငြိမ်နေမှုက အခုဖြစ်ပျက်နေသည့် တိုင်ဖွန်းမုန်တိုင်းနှင့် ဆက်စပ်နေမည်ဟု တွေးမိလိုက်၏။ ထိုသို့တွေးလိုက်မိသော်လည်း ကျုံးရှောက် သူ၏ခေါင်းကို ခါလိုက်ပြန်၏။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ

တိုင်ဖွန်းမုန်တိုင်း ဖြစ်ပေါ်လာပြီး ကမ်းပေါ်ရောက်ဖို့ သုံးလေး ရက်ကြာတာ တစ်ခါတစ်လေ ဆယ်ရက်လောက်တောင်ကြာတတ်တာ ဘယ်လိုလုပ် ရက်အတိအကျ သိနိုင်မှာလဲ

ကျုံးရှောက် ထိုသို့ပြန်တွေးလိုက်ရင် ကြောင်အနေမိ၏။

All Chapters