Chapter 153
Vol. 12 Ch. 153
လင်းဝေ့၏ အိပ်မက်မြင်ကွင်းတွေက ရွေ့ရွေ့တစ်ယောက် ကျိုးအိမ်ကို ပြေးသွားကာ အိမ်တံခါးကို ထုနေသည့်မြင်ကွင်းတွေအဖြစ် ပြောင်းသွား၏။ ရွေ့ရွေ့ အိမ်တံခါးကို ထုနေသော်လည်း မိုးသံလေသံတွေကြောင့် အထဲက ဘယ်သူမှ မကြားပေ။ ရွေ့ရွေ့လည်း လက်လျှော့ပြီး တစ်ခြားအိမ်ကို အကူအညီတောင်းရန် ထွက်လာစဉ် ခြံထဲမှ အုတ်ခဲကျိုးတစ်ခုကို တွေ့လိုက်၏။ ထိုအုတ်ခဲကို ကောက်ကိုင်ကာ ကျိုးအိမ် ဒုတိယအထပ် ပြတင်းပေါက်မှန်ကို ပစ်လိုက်၏။
ပထမအကြိမ် အုတ်ခဲကို ပစ်လိုက်သည် မထိပေ။ ဒုတိယအကြိမ်၊ တတိယအကြိမ်၊…ပဉ္စမအကြိမ် အရောက်မှ ထိသွား၏။
မှန်ကွဲသွားသည့်ပြတင်းပေါက်ကနေ ချန်ပါးမေ့ထွက်လာကာ အောက်ထပ်မှာ လက်ဝေ့ပြနေသည့်ရွေ့ရွေ့ကို တွေ့လိုက်ရ၏။ချန်ပါးမေ့လည်း အောက်ကိုအမြန်ဆင်းကာ တံခါးကို ဖွင့်ပြီး ဘာဖြစ်တာလဲ မေးလိုက်၏။
"မေမေ ချော်လဲ သွားလို့ " ရွေ့ရွေ့က ငိုယိုပြီးပြောကာ သူ့အမေကို ကယ်ပေးရန် ချန်ပါးမေ့ကို တောင်းပန်လေ၏။
ချန်ပါးမေ့လည်း ရွေ့ရွေ့နှင့်အတူ ကျုံးအိမ်ကို လိုက်လာရာ လှေကားရင်းမှာ လဲကျနေသည့် လင်းဝေ့ကို တွေ့လိုက်ရ၏။လင်းဝေ့အောက်ဘက်မှာ သွေးတွေလည်း အများကြီး ထွက်နေရာ ချန်ပါးမေ့က လင်းဝေ့ကို ထူလိုက်၏။
ချန်ပါးမေ့ကလည်း မိန်းကလေးငယ် တစ်ယောက်သာဖြစ်၍ လင်းဝေ့ကိုတော့ ရေမစိုသည့်နေရာကိုသာ ရွေ့ပေးနိုင်ခဲ့၏။ သို့သော် ဆေးရုံကိုတော့ ခေါ်မသွားနိုင်ချေ။
နောက်ထပ်လူတွေကို အကူအညီတောင်းရဦးမည်။
ချန်ပါးမေ့က နောက်ထပ်လူတွေကို အကူအညီတောင်းရဦးမည်ဟုပြောတော့ ရွေ့ရွေ့က သူ့မျက်နှာပေါ်က ရေတွေကို သုတ်လိုက်ကာ "သား သွားခေါ်လိုက်မယ် " ဟုပြောရင်း မိုးရေထဲကို ထပ်ပြေးထွက်သွားပြန်၏။
ကျိုးအိမ်ခြံဝန်းကို ဖြတ်သွားစဉ် ကျန်နေသည့် အုတ်ခဲကိုကောက်ယူလိုက်ပြီး အုတ်ခဲကျိုးလေးတွေရရန် သူ့အင်္ကျီထဲထည့်ကာ လမ်းမပေါ်ရိုက်ခွဲလိုက်၏။
………………………
လင်းဝေ့လည်း အိပ်မက်မှ နိုးထလာကာ ငိုနေမိပြန်၏။
လင်းဝေ့နိုးလာတော့ကျုံးရှောက်လည်း နိုးလာ၏။ကျုံးရှောက်ကမီးဖွင့်လိုက်ကာ လင်းဝေ့ကို ဖက်ပြီးကျောကို ပွတ်ကာ နှစ်သိမ့်ပေးလိုက်၏။
" ဘာမှ မဖြစ်ဘူးနော် အဆင်ပြေသွားလိမ့်မယ်"
နေ့ခင်းတုန်းက သူတို့အိမ် အမိုးအုတ်ကြွတ် ကွဲကာ မိုးယိုပြီး ကြမ်းခင်း တွေ ရေဝင်နေကြောင်း ကျုံးရှောက်က လင်းဝေ့ကို ပြောပြလိုက်ကတည်း လင်းဝေ့၏ မျက်နှာ ပျက်ယွင်းသွားခဲ့၏။
မနက်စာ စားပြီးတော့ လင်းဝေ့က ကျုံးရှောက်ကို ဆေးရုံဆင်းရန် လိုအပ်သည်များကို အမြန်လုပ်ခိုင်းလိုက်၏။
အိမ်ပြန်ရောက်တာနဲ့ လင်းဝေ့က ရေအိုင်နေသည့်နေရာကို အရင်သွားကြည့်လိုက်၏။ နောက် အမိုးအက်နေသည့်နေရာကို အကြာကြီး မော့ကြည့်နေမိ၏။ ထိုနေ့တစ်နေ့လုံး ခေါင်းတွေ နောက်ကျိနေကာ ညရောက်တော့ အိပ်ရာဝင်သွားပြီးနောက် အခု နိုးလာကာ ငိုယိုနေလေ၏။
လင်းဝေ့ကို နှစ်သိမ့်နေသည့် ကျုံးရှောက်က ကုတင်ဘေးက စားပွဲပေါ်မှာရှိသည့် လက်ကိုင်ပုဝါကို လှမ်းယူလိုက်ကာ လင်းဝေ့ မျက်ရည်များကို သုတ်ပေးလိုက်၏။
သူမ၏သေခြင်းတရားကို မြင်မက်မိ၍ ဝမ်းနည်းနေသော်လည်း ကိုယ့်ကိုယ်ကို ပြန်ထိန်းလိုက်၏။ ကျုံးရှောက်ဆီမှ လက်ကိုင်ပုဝါကိုယူကာ မိမိဖာသာသုတ်လိုက်၏။
" ကျွန်မ အရမ်း စိတ်ပျက်စရာကောင်းနေပြီလား"
" မဟုတ်ပါဘူး" ကျုံးရှောက်ခေါင်းခါလိုက်ကာ ဆက်မေးလိုက်၏။
"ရေသောက်ချင်လား "
"ဟမ်?"
" မင်းရေသောက်ချင်ရင် ကိုယ်အောက်ကို ရေသွားယူမလို့"
ကျုံးရှောက်က ပြောရင်း အောက်ဆင်းရန် ထလိုက်၏။သို့သော် လင်းဝေ့က ကျုံးရှောက်လက်ကို ဆွဲထားလိုက်၏။
"မသွားနဲ့ "
ကျုံးရှောက်လည်း ကုတင်ပေါ်ပြန်ထိုင်ကာ တုန်လှုပ်နေရှာသည့် လင်းဝေ့ကို ဖက်ထားကာ နှစ်သိမ့်လိုက်၏။
"ဟုတ်ပြီ ကိုယ်မသွားတော့ဘူး "
ကျုံးရှောက် ရင်ခွင်ထဲကနေ သူ့ရင်ခုန်သံတွေကိုနားထောင်ပြီး လင်းဝေ့ တည်ငြိမ်လာ၏။
" ကျွန်မ အခုလေးတင် အိပ်မက်မက်လို့"
"ဘယ်လိုအိပ်မက်မျိုးလဲ?"
" ကျွန်မ အိပ်မက်က……"
လင်းဝေ့မျက်လုံးမှိတ်ကာ တီးတိုးပြောလိုက်၏။
"တိုင်ဖွန်းမုန်တိုင်း တိုက်တဲ့နေ့တစ်နေ့မှာ ရှင်လည်း အိမ်မှာ မရှိဘူး ကလေးတွေနဲ့ ကျွန်မအခန်းထဲမှာ ဖဲချပ်တွေ ကစားနေကြတာ…… "
" ဖဲချပ်ကစားတယ်??"
သူတို့ အိမ်မှာ တစ်ခါမှ ဖဲချပ်မကစားဖူးပေ။
လင်းဝေ့က ခေါင်းငြိမ့်လိုက်၏။
" ဟုတ်တယ် ဖဲချပ်တွေပဲ ကျွန်မတို့တွေ ကစားနေရင်း ကျွန်မက ပင်ပန်းလာလို့ မတ်တပ်ရပ်လိုက်တယ်။ကလေးတွေ ဗိုက်ဆာမှာ စိုးတာနဲ့ ကျွန်မ အိမ်အောက်ထပ်ကို ဆင်းပြီး စားစရာ တစ်ခုခုသွားယူဖို့လုပ်လိုက်တယ်"
ကျုံးရှောက်က လင်းဝေ့ကို တင်းတင်းကြပ်ကြပ်ဖက်ထားရင်း မေးလိုက်၏။
" အာ့ဒီနောက်??"
"အာ့ဒီနောက် ကျွန်မ အခန်းတံခါးကို ဖွင့်ပြီးအပြင်ကို ထွက်လာတယ် လျှပ်စစ်မီးပျက်သွားတော့အပြင်ဘက်မှာ မှောင်မည်းနေတာပဲ။ ကျွန်မလည်း စမ်းတဝါးဝါး လမ်းလျှောက်ရင်း ရေကျသံလို ကြားလိုက်တယ် ဒါပေမယ့် မိုးသံ လေသံတွေနဲ့ ဆိုတော့ မိုးကျသံလို့ပဲ ထင်လိုက်တယ် လှေကားထစ်တွေကို ဆက်ဆင်းလာတော့ ကျွန်မ ထင်သလို မိုးကျသံ မဟုတ်ပဲ မိုးရေယိုလို့ ရေကျတဲ့ အသံဖြစ်နေတယ် လှေကားထစ်တွေ့ ရေတွေကြောင့် ချော်နေပြီး ကျွန်မလည်း ချော်လဲသွားတယ်…… "
လင်းဝေ့ ကျုံးရှောက်၏ အင်္ကျီကို တင်းတင်းကျပ်ကျပ်ဆုတ်ကိုင်လိုက်သည်။
" ချော်လဲ ပြီးတော့ ကျွန်မ ဗိုက်ကနေ နာလာခဲ့တယ် အရမ်းနာတာပဲ"
ကျုံးရှောက်လည်း လင်းဝေ့၏ ဗိုက်ကို အင်္ကျီအပေါ်ကနေ ထိကိုင်လိုက်၏။ အရမ်းကြီးတော့ ပွတ်သပ်မကိုင်တွယ်ပဲ ပြောလိုက်၏။
" အခု အဆင်ပြေသွားပါပြီ ဘာမှမဖြစ်တော့ဘူးလေ။ကိုယ်တို့ အတူတူရှိတာပဲ ဘာမှ မဖြစ်တော့ဘူးနော်"
"အခုက အခုလေ။ အိပ်မက်ထဲမှာ ရှင်မှ မရှိတာ။ ကျွန်မသွေးတွေလည်း အများကြီးဆင်းနေပြီး ကလေးတွေနာမာ်ခေါ်တော့လည်း မိုးလေသံတွေကြောင့် သူတို့က မကြားကြဘူး။ ကျွန်မမှာ သွေးတွေဆင်းပြီးမိုးရေတွေနဲ့ ရောနေတာကို ကြည့်ရင်း အားတွေ တစ်ဖြည်းဖြည်းနည်းနည်းလာရတာ "
လင်းဝေ့ သူမခေါင်းကို ကျုံးရှောက်ရင်ခွင်ထဲ တိုးဝေ့ထားကာ မျက်လုံးကို မှိတ်လိုက်၏။
"မင်မင်နဲ့ ရွေ့ရွေ့အောက်ဆင်းလာတော့ ကျွန်မ လဲကျနေတာကို တွေသွားကြရော။ သူတို့လဲ ထိတ်လန့်ပြီး ငိုယိုကြတယ်။ရွေ့ရွေ့က အကူအညီတောင်း ဖို့လူသွားရှာမယ်ဆိုပြီး အပြင်ကို ပြေးထွက်သွားတယ် ကျိုးအိမ်ပြတင်းပေါက်ကို အုတ်ခဲကျိုးနဲ့ ထုခွဲပြီး ချန်ပါးမေ့ကို ခေါ်လာခဲ့တယ်။ ချန်ပါးမေ့နဲ့ မလုံလောက်သေးတော့ ရွေ့ရွေ့က အကူအညီ ထပ်ရှာဖို့အပြင်ကို ပြေးထွက်သွားတယ် ရွေ့ရွေ့က မိုးရေတွေ စိုရွဲနေပြီး အုတ်ခဲ တစ်လုံးကိုကောက်လိုက်တယ် နောက် အုတ်ခဲကျိုးတွေရအောင် လမ်းမပေါ်မှာ ရိုက်ခွဲနေရှာတယ်"
ကျုံးရှောက်လည်း လင်းဝေ့ ပြောပြသည့်အိပ်မက်ကို နားထောင်ရင်း တံတွေးကိုမြိုချလိုက်၏။
" အိပ်မက်ထဲက မင်းကကော ဘယ်လိုလဲ"
" ကျွန်မလည်း နိုးလာလိုက်လို့ ကောင်းကောင်း မမြင်ခဲ့လိုက်ဘူး"
နောက် လင်းဝေ့ တိုးတိုး လေးပြောလိုက်၏။
"ဒါပေမယ့် သေပြီလို့တော့ ထင်တယ် "
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ " ကျုံးရှောက်က သူ့နဖူးနှင့် လင်းဝေ့နှဖူးကို ကပ်ထားလိုက်၏။
" အဲ့ဒါက အိပ်မက်လေးပါ။ ပြီးတော့ မင်းလည်း အဆုံးထိ မက်ခဲ့တာ မဟုတ်ဘူးလေ။ ပြီးတော့ ရွေ့ရွေ့က သူများအိမ်ရဲ့ ပြတင်းပေါက်ကို လိုက်ခွဲပြီး အကူအညီတောင်းတယ် လို့ပြောခဲ့တယ်မဟုတ်လား အာ့ဒီအိမ်တွေက လူတွေက သေချာပေါက် လာကူညီကြမှာပဲလေ။ အိမ်နီးနားချင်းတွေလည်း အများကြီးရှိတာ အဆင်ပြေသွားမှာပါ"
"ဒါပေမယ့် အာ့တာ အိပ်မက်မဟုတ်ဘူး ကျွန်မ အဆုံးသတ်ကို သိပြီးသွားပြီ " ဟု လင်းဝေ့က မျက်ရည်တွေနဲ့ပြော၏။
လွန်ခဲ့တဲ့ အချိန်တွေတုန်းက လင်းဝေ့ စိတ်ထဲမှာ လျို့ဝှက်ထားတာ တစ်ခုခုရှိမှန်း ကျုံးရှောက်သိခဲ့သည်။လင်းဝေ့ ကိုယ်တိုင်ကလည်း သူမစိတ်ထဲမှာ တစ်ခုခုရှိကြောင်းပြောခဲ့၏။ သူမ စိတ်မထိန်းနိုင်ဖြစ်တိုင်း အကြောင်းအရင်းကို နောက်မှ ပြောမည်ဟု ကျုံးရှောက်ကို ပြောပြခဲ့၏။
နှစ်လ သုံးလ ကြာသည် အထိ မပြောပြလာ၍ ကျုံးရှောက်၏ သိချင်စိတ်ပင် ထိန်းမရဖြစ်လာရ၏။ တစ်ခါတစ်လေ လင်းဝေ့က သူ့လျို့ဝှက်ချက်ကို မပြောပြတော့ဘူးလား ဟုပင် ထင်လာရ၏။
လင်းဝေ့က သူ့ကို ခွင့်ယူဖို့ပြောလာချိန် တွင်တော့ သူ့စိတ်ထဲမှာလည်း တစ်မျိုးခံစားလာရ၏။ မနေ့က အိမ်အခြေအနေပြန်လာကြည့်တော့ အိမ်ခေါင်မိုး အက်နေပြီး မိုးယိုနေတာ တွေ့လိုက်ရတော့ သူတွေးထင်သလို ဖြစ်နေမည်ကို စိုးရိမ်လိုက်သည်။
အခုအချိန်မှာတော့ ကျုံးရှောက်လည်း လင်းဝေ့ကို ဘယ်လို မေးရမလဲ မသိတော့ချေ။
သို့သော် မေးသင့်တာတော့ မေးရမည်ဟုတွေးကာ ကျုံးရှောက်တစ်ယောက် လင်းဝေ့၏ မျက်ရည်များကို သုတ်ပေးလိုက်ကာ မေးလိုက်သည်။
"မင်း ဘာကို ဆိုလိုတာလဲ "
လင်းဝေ့လည်း ဖုံးကွယ်ထားရန် စိတ်မကူးတော့ပေ။သူမ မကြာခင်သေတော့မည် ဆိုသည့်အကြောင်းကို သူမ မိသားစုကို ကွယ်ဝှက်မထားချင်တော့ပါ။
လင်းဝေ့လည်း စိတ်ဆင်းရဲနေရကာ ကျုံးရှောက်ကိုလည် စိုးရိမ်စေကာ အိပ်ရေးတွေပျက်အောင် လုပ်ထားရ၏။ အကြာကြီး စိတ်ဆင်းရဲ ပူဆွေး နေရတာထက်စာလျင် တစ်ခဏတာ နာကျင်ရတာက တော်သေးသည်ဟုတွေးမိသေး၏။ သို့သော် သူမကံကြမ္မာကိုသိပြီး ဘာမှ မလုပ်နိုင်လျင်လည်း စွမ်းအားမဲ့သလိုခံစားရဦးမည်။
ထို့ကြောင့် သူမ သေဆုံးရမည့်အကြောင်းကို မပြောခဲ့ခြင်းဖြစ်၏။ သူမ သေဆုံးသွားခဲ့လျင်ပင် မတော်တဆကြောင့်ဟုသာ တွေးပြီး တစ်နှစ် နှစ်နှစ်လောက် ပူဆွေးကြမည်။ သို့သော် သူမ သေဆုံးရမည့်အကြောင်း သူတို့ကြိုသိသွားကြလျင်ကော။ သူတို့ကိုယ် သူတို့ဖြည်ဆည်နိုင်ကြမည်လား။
လင်းဝေ့ သေချာမသိပါ။
လူတစ်ယောက် အိပ်ရာထဲ အိပ်နေရင်း သေသွားလျင် မိသားစုဝင်တွေက ဝမ်းနည်းကြသော်လည်း အိပ်ရာထဲ သက်သောင့်သက်သာ သေသွား၍ ကျန်ရစ်သူတွေက စိတ်ဖြေနိုင်ကြသေး၏။ သို့သော် ထိုလူက ဆေးရုံမှာ နာကျင်စွာခံစားရကာ သေဆုံးသွားလျင် ကျန်ရစ်သူတွေက သူ့အစားပိုနာကျင်တတ်ကြ၏။
ထို့ကြောင့် သူမ သေဆုံးသွားခဲ့လျင်လည်း သူမမိသားစုကို မခံစားစေချင်ပါ။
သူမ ရှင်သန်နိုင် မရှင်သန်နိုင် မသေချာခဲ့၍ အိပ်မက်အကြောင်းကို မပြောပြခဲ့ခြင်းဖြစ်၏။ အခုတော့ သူမ စိုးရိမ်ရသည့်အချိန်ကျော်လွန်လာပြီဖြစ်ရာ စိတ်လည်း အေးသွားပြီဖြစ်၏။ထို့ကြောင့် လင်းဝေ့သည် " ကျွန်မ ယားကျိုကျွန်းကို လာတဲ့လမ်းမှာ အိပ်မက် မက်ခဲ့တယ်……" ဟု အစချီလိုက်၏။
"အိပ်မက်ထဲမှာ ကျွန်မတို့ကမ္ဘာက ဝတ္ထုစာအုပ်တစ်အုပ်တဲ့ ဒါပေမယ့် ကျွန်မတို့က အဓိက ဇာတ်ဆောင်တွေ မဟုတ်ကြဘူး။ ကျွန်မအကြောင်းဆို ငယ်ငယ် လေးနဲ့ သေသွားတဲ့ ရှင့်မိန်းမ ဆိုပြီးပဲ ပါတာ"
လင်းဝေ့ပြောသမျှကို ကျုံးရှောက် ကြားလိုက်ကာ လင်းဝေ့ ပြောသမျှကို နားလည်လိုက်သော်လည်း တစ်ခွန်းထဲ ပြန်နားထောင်လိုက်သောအခါ ဆိုလိုရင်းကိုနားမလည်လိုက်တော့ပေ။
" အာ့လို အိပ်မက်မက်ပြီး နိုးလာတော့ ကျွန်မ ကြောက်နေခဲ့တာ။ ဒါပေမယ့် အိပ်မက်ပါပဲလေ တစ်ကယ်မှ မဟုတ်တာပဲ ဆိုပြီး ကြောက်စိတ်ကို ဖြေခဲ့ရတယ် ဒါပေမယ့် ကျွန်းပေါ်ကို ရောက်တော့ လော့ရှုကျီနဲ့ သူ့သူမ လော့ယွင်အကြောင်း သိလာရတယ်"
" သူတို့နဲ့ ဘာဆိုင်လို့လဲ " ဟု ကျုံးရှောက်က မေးလိုက်၏။
"သူတို့နဲ့ ဆိုင်တာပေါ့ ဝတ္ထုရဲ့ ဇာတ်ဆောင်အမျိုးသမီး နာမည်က လော့ယွင်တဲ့ သူ့အဒေါ်ရဲ့နာမည်က လော့ရှုကျီတဲ့ လော့ရှုကျီအမျိုးသားက အရာရှိတစ်ယောက်ဆိုတော့ သူလည်းယားကျိုကျွန်းပေါ်မှာပဲနေတာ…… "
လော့ရှုကျီရဲ့ နောက်ပိုင်းနှစ်တွေက ခက်ခဲခဲ့၏။ သူ့ယောကျာ်း ပင်စင်ယူသွားတော့ အရင်က ခင်မင်ခဲ့သည့်အချိတ်အဆက်တွေ အသိတွေကလည်း ပျောက်သွားခဲ့ကြ၏။ ပိုဆိုးတာက သူမသားကလည်း အရည်အချင်းမရှိ၍ အားကိုးမရဖြစ်နေ၏။ ၁၉၈၀ ခုနှစ်တွေတုန်းက လူငယ်တွေက ပင်လယ်ထဲ ထွက်ကြကာ အလုပ်လုပ်ကြပြီး တစ်နှစ်ကို ယွမ် ၁၀၀၀၀လောက်ပင် ရှာနိုင်ကြ၏။ထို့ကြောင့် လော့ရှုကျီ၏ သားကလည်း လတ်တလော သူလုပ်နေသည့် အလုပ်က ထွက်လိုက်ကာ ပင်လယ်ထဲ ထွက်လေ၏။ သို့သော် ငွေဆုံးကာ အကြွေးလည်း တင်သွားလေ၏။
သူမသားကြောင့် သူ့တူမ လော့ယွင်ကို ခေါ်ကာ ဇာတ်လိုက်နှင့် ကျုံးရှောက်တို့အတူ တွဲဖွင့်ထားသည့် ကုမ္ပဏီတွင် အလုပ်ပေးရန် အကူအညီတောင်းလိုက်၏။ လော့ယွင်ကလည်း သူ့အဒေါ်သားကို အလုပ်စီစဉ်ပေးခဲ့၏။
လော့ယွင်ရဲ့ ဝမ်းကွဲ အလုပ်ဝင်တော့ ကျုံးရှောက်က ယားကျိုကျွန်းမှာ တာဝန်ထမ်းဆောင်ဖူးသောအရာရှိမှန်း မထင်မှတ်ပဲ သိသွားပြီး ရင်းနှီးနိုင်ရန်ကြိုးစားလေ၏။ သို့သော် မမျှော်လင့်ပဲ အလုပ်မှာ အမှား လုပ်မိသွားကာ အလုပ်ထုတ်ခံလိုက်ရ၏။
လော့ယွင်၏ ဝမ်းကွဲက မကျေမနပ်ဖြစ်ကာ လော့ယွင်ကို ပြန်ပြောလေ၏။ လော့ယွင်လည်း ပြန်မကူညီပေးနိုင်တော့ ဇာတ်လိုက်နှင့်စကားများကြ၏။
" မင်းအဒေါ်လုပ်ခဲ့တဲ့ ကိစ္စတွေကိုပဲ ကြည့်ဦးလေ ဘယ်သူမှ သူ့သားကို မြင်ချင်မှာ မဟုတ်ဘူး" ဟု ဇာတ်လိုက်က ဒေါသတကြီး ပြန်ပြောလိုက်၏။
" အာ့တာတွေက ကြာခဲ့ပြီဖြစ်တဲ့ကိစ္စတွေလေ" ဟု လော့ယ္ငင်က ပြန်အတွန့်တက်၏။
"ပြီးခဲ့တဲ့ကိစ္စတွေကို ကိုယ် မမေ့နိုင်သလို သူလည်းမေ့နိုင်မှာမဟုတ်ဘူး သူ့ရင်ထဲမှာ မှတ်မိနေမှာ " ဟု ဇာတ်လိုက်က ပြန်ပြော၏။
လင်းဝေ့လည်း သူတို့ပြောသော စကားအသွားအလာနှင့် ဇာတ်ကြောင်းကို အိပ်မက်မက်ပြီး နားမလည်ပါ။ ကျွန်းပေါ်ရောက်လာတော့ ကျုံးရှောက်ကို လော့ရှုကျီက အညိုးထားခြင်းနှင့် လင်းဝေ့၏။ ဆေးပေးခန်းအလုပ်နှင့် ကျောင်းဆရာမအလုပ်ကိုပါ အနှောက်အယှက်ပေးလာတော့မှ နားလည်လိုက်၏။
သို့သော် ထိုအကြောင်းအရာတွေက အခု သူတို့လင်မယားပြောနေသော ကိစ္စနှင့် မသက်ဆိုင်၍ လင်းဝေ့က အကုန်မပြောခဲ့ပါ။