Chapter 154
Vol. 12 Ch. 154
" ကျွန်မ အိပ်မက် မမက်ခင်က ရှင် ကျွန်မကို လော့ရှုကျီနဲ့ လော့ယွင်အကြောင်းတစ်ခါမှ မပြောပြခဲ့ဖူးသလိုကျွန်မလည်း သူတို့ကို မသိခဲ့ဘူး။ ဒါပေမယ် အိပ်မက်ကနေတစ်ဆင့် သူတို့အကြောင်းနဲ့ သူတို့အခြေအနေတွေကို ကျွန်မ သိရုံသာမက ကျွန်းပေါ်ရောက်တော့လည်း ကျွန်မသိလာရတာတွေက ထပ်တူကျနေတယ်"
"ဒီလိုနဲ့ ကိုယ်တို့နေတဲ့ကမ္ဘာက ဝတ္ထုစာအုပ်ဇာတ်လမ်းဆိုပြီး တွေးထင်မိတယ်ပေါ့ " ဟု ကျုံးရှောက်က မေးလိုက်၏။
" ရှင် ကျွန်မပြောတာကို မယုံဘူးမလား" ဟု လင်းဝေ့က မျက်ခုံးလေးပင့်ကာ မေးလိုက်၏။
"မယုံ…"
ကျူံရှောက်ပြောလို့မပြီးသေးခင် လင်းဝေ့က ပြန်ဖြတ်ပြောလိုက်၏။
" ကျွန်မ ပြောတာ အမှန်တွေပါ။ ကျွန်မ အိပ်မက်က အမှန်မှန်း သိသွားလိုက်တော့ ကျွန်မ ဝတ္ထုစာအုပ်ထဲမှာ ပါသမျှ ကျွန်းပေါ်မှာ ဖြစ်ပျက်ခဲ့သမျှကို ကျွန်မ မှတ်စုစာအုပ်ထဲ ချရေးထားခဲ့တယ်……"
လင်းဝေ့က ပြောရင်း ဆိုရင်း အိပ်ရာမှ ထကာ ဘီဒိုအံဆွဲအောက်ဆုံးက စာအုပ်ကို ထုတ်လိုက်ပြီး သူမ ရေးထားသည့်အကြောင်းအရာဆီ စာရွက်လှန်လိုက်၏။
သို့သော် စာရွက်ပေါ်ရှိ အကြောင်းအရာတွေကိုမြင်သောအခါ ကြောင်အ သွား၏။
သူမ ဝတ္ထုဇာတ်ကြောင်းကို စဉ်းစားမိချိန်တွင် ဇာတ်လမ်းပါအကြောင်းအရာ အားလုံးနီးပါးကို အသေးစိတ် ချရေးခဲ့တာဖြစ်၏။ သို့သော် သူမရေးခဲ့သည့်အရာများသည် စစ်တပ်ထဲ မလာခင်က အကြောင်းအရာများသာဖြစ်ပြီး စစ်တပ်ထဲ ရောက်ပြီး အကြောင်းအရာများသည် ခြောက်ခု ခုနှစ်ခုလောက်သာ ရှိနေ၏။
မှတ်စုစာအုပ်ထဲ ကျန်ခဲ့သည့် တစ်ချို့အရာတွေက ဖြစ်ပြီးသားကိစ္စများဖြစ်၏။ ဥပမာ သူတို့ကျွန်းပေါ်စရောက်စအချိန်နှင့် မိသားစုလိုက် ရုပ်ရှင်သွားကြည့်ချိန်တို့သာဖြစ်၏။ နောက်ထပ် သူမ ကလေးတွေကို ဦးထုပ်ချုပ်ပေးတာနဲ့ ကျောင်းမှာ ဆရာမ လုပ်သည့်အကြောင်းလည်းပါသေး၏။
တစ်ချို့အကြောင်းအရာတွေက ပြောင်းလဲသွား၏။ ဥပမာ လင်းဝေ့ မိဘနှစ်ပါး မနှစ်က နှစ်သစ်ကူးချိန်အလည်လာကာ သူတို့ မိသားစုခြောက်ယောက် နှစ်သစ်ကိုကြိုဆိုကြသည့်အကြောင်းဖြစ်သည်။ မူရင်းဝတ္ထုမှာတော့ သူတို့မိသားစုလေးယောက်သာ နှစ်သစ်ကိုကြိုခဲ့ကြ၏။ နှစ်သစ်ကြိုသည့်နှစ်ကလည်း ထိုတစ်နှစ်တည်းရှိရာ နောက်နှစ်မှာ သူမသေသွားခဲ့ကြောင်းလည်း သေချာ၏။
ကျန်သည့်အကြောင်းအရာတွေက မဖြစ်ပျက်ခဲ့သလို ပျောက်ချင်းမလှ ပျောက်သွား၏။
မဖြစ်ပျက်ခဲ့၍ စာအုပ်ထဲ ပါမလာသလို ပြောင်းလဲသွား၏။ ထို့ကြောင့် အိပ်မက် မှန်ကန်ကြောင်း သက်သေပြရန်ခက်ခဲသွား၏။
မှတ်စုစာအုပ်ထဲ ပါလာသည့် အကြောင်းအရာများက အိပ်မက်သည်မှားနေကြောင်း သက်သေဖြစ်သွား၏။
ဖြစ်ပျက်သွားသည့် ကိစ္စတွေကလည်း မဖြစ်ခင်ကတည်းက ကြိုရေးထားကြောင်း သက်သေပြ၍ မရတော့ပေ။ မှတ်စုစာအုပ်ကို ဘီဒိုအံဆွဲ အောက်ဆုံး နေမထိ လေမထိသည့်နေရာတွင် သိမ်းထား၍ မင်ရည် တွေလည်း မပျက်စီးရာ လွန်ခဲ့သည့်နှစ်က ရေးထားသည်လား နှစ်ဝက်လောက်က ရေးထားသည်လား မပြောနိုင်တော့ပေ။
ကျွန်းပေါ်ရောက်စက ရေးထားခဲ့သည်ဟု သက်သေ ပြနိုင်လျင်ပင် အနာဂတ်ကို ကြိုမြင်၍ ရေးထားသည်ဟု တစ်ထစ်ချပြော၍ မရပဲ သူမ၏အနာဂတ်မှာ လုပ်မည်ဘ အစီအစဉ်များ ကြိုရေးထားသည် ဟုလည်း ထင်မှတ်ရနိုင်သေး၏။
ထို့ကြောင့် မှတ်စုစာအုပ်က သူမ အနာဂတ်ကို ကြိုမြင်ရကြောင်း သက်သေပြ၍မရတော့ပေ။
လင်းဝေ့ မှတ်စုစာအုပ်ကို ကြည့်ပြီး ကြောင်အနေသည်ကိုမြင်တော့ ကျုံးရှောက်လည်း သူမ လက်ထဲက စာအုပ်ကို ယူလိုက်၏။ မှတ်စုစာအုပ်ထဲက စာလုံးတွေကိုကြည့်ရင်း တည်ငြိမ်သည့် ကျုံးရှောက်ပင် တုန်လှုပ်လာ၏။
လင်းဝေ့ အနေနဲ့ကတော့ မှတ်စုစာအုပ်ကို သက်သေ အနေနဲ့ ပြ၍ မရနိုင်ဟု ထင်နေသော်လည်း ကျုံးရှောက်အနေနဲ့တော့ မှတ်စုစာအုပ်က အကြီးမားဆုံးသော သက်သေ ဖြစ်နေ၏။ ဤမှတ်စု စာအုပ်သည် လင်းဝေ့၏ အကြီးမားဆုံးသော လျို့ဝှက်ချက် ဖြစ်နေ၍ဖြစ်သည်။
သူမ၏ လျို့ဝှက်ချက်တွေကလည်း လွန်ခဲ့သည့် နွေရာသီက စခဲ့တာဖြစ်၏။
ကျုံးရှောက် လည်း လင်းဝေ့ ရေးထားခဲ့သည့် နောက်ဆုံးစာကြောင်းတစ်ချို့ကို တစ်ချက်လှည့်ကြည့်လိုက်၏။နောက်ဆုံးစာကြောင်းရှိ အကြောင်းအရာကို မြင်သောအခါ စာအုပ်ကို ကိုင်ထားသည့် သူ့လက်ကို တင်းတင်း ဆုပ်လိုက်မိရာ စာအုပ်ပင် ပုံပျက်သွား၏။
နောက်ဆုံးစာကြောင်းက -
၈လပိုင်း ၂ရက်နေ့ တိုင်ဖွန်းမုန်တိုင်းး?
အကယ်၍ ကျုံးရှောက်သာ ဤမှတ်စုစာအုပ်ကို လွန်ခဲ့သည့်အချိန်က ကြိုကြည့်ခဲ့လျင် ကြောင်တောင်တောင်ဖြစ်သွားနိုင်၏။ သို့သော်အခုတော့ ဩဂုတ်လ၂ရက်နေ့ တိုင်ဖွန်းမုန်တိုင်းနေ့ ဟူသည့် အဓိပ္ပာယ်ကို နားလည်လိုက်၏။ ဘာဖြစ်ခဲ့တာလဲဆိုတာကိုပါ သိ၍ဖြစ်၏။
ကျုံးရှောက်လက်ကိုဆန့်ရင်း လင်းဝေ့ကို ဖက်လိုက်ကာ ခေါင်းလေးငုံ့ရင်း သူမ နှဖူးကို နမ်းလိုက်၏။
"အခု ပြီးသွားခဲ့ပါပြီ အဆင်ပြေသွားပြီနော် "
ထိုကဲ့သို့ ကျုံးရှောက် နှစ်သိမ့်စကားပြောလိုက်သော်လည်း ထိုစကားလုံးတွေက အမှန်ပင် လင်းဝေ့ကို နှစ်သိမ့်တာလားကိုယ့်ကိုယ်ကို နှစ်သိမ့်တာလား သေချာမသိတော့ပေ။
" ရှင် ကျွန်မပြောတာ ယုံတယ်လား"
လင်းဝေ့က ကျုံးရှောက်ကို မော့ကြည့်ကာမေးလိုက်၏။
" ကိုယ်ယုံပါတယ်"
ဆယ်မိနစ်လောက် ကြာပြီးနောက် သူတို့နှစ်ယောက် ပြန်အိပ် ကြ၏။ ကျုံးရှောက်ကတော့ လင်းဝေ့ဆက်ပြောပြသည့် ဇာတ်လမ်းကို ဆက်နားထောင်နေ၏။
"ဇာတ်လမ်းထဲမှာတော့ မင်မင်နဲ့ ရွေ့ရွေ့မှာ ညီလေး ညီမလေး ထပ်ရှိတယ်လို့မပြောထားဘူး။ ဒါ့ကြောင့် ကျွန်မလည်း ကိုယ်ဝန်ရှိလာမယ်လို့ မမျှော်လင့်ခဲ့ဘူး။ အစ်မကျောက်က ကျွန်မကို ကိုယ်ဝန်ရှိနေတာဖြစ်မယ်လို့ ပြောတော့မှ ကျွန်မလည်း……… "
သူမထင်ခဲ့တာက သည်နှစ်နွေရာသီမှာ သူမ တစ်ယောက်တည်း သေသွားလိမ့်မည်ဟုပင်။ သို့သော် အစ်မကျောက်လီ ပြောလိုက်မှ အလောင်းတစ်လောင်းဖြစ်သော်လည်း အသက်နှစ်သက်ပါသွားမှန်း နားလည်လိုက်၏။
ထိုစဉ်က သူမ အတော်လေး တုန်လှုပ်သွားခဲ့ရကာ သူမ စိတ်ကို မထိန်းချုပ်နိုင်ခဲ့၍ မျက်ရည်များကျခဲ့ရ၏။အရမ်းရက်စက်လွန်း၍ဖြစ်သည်။
ယခု ပြန်ပြောပြနေချိန်တွင်လည်း ထိုစဉ်က ခံစားချက်ကို ပြန်ခံစားမိပြီး မျက်ရည်များဝိုင်းလာ၏။
ကျုံးရှောက်က လင်းဝေ့ကို ဖက်ထားကာ တိုးညှင်းစွာမေးလိုက်၏။
" ကိုယ့်ကို ဘာလို့မပြောခဲ့တာလဲ "
ကျုံးရှောက်သာ ထိုအကြောင်းအရာတွေကို ကြိုသိခဲ့ရင် လင်းဝေ့ကို နှစ်သိမ့်ပေးနိုင်ခဲ့မည်ဖြစ်၏။ သူ မသိခဲ့တော့ ဘယ်ကနေ ဘယ်လို စ နှစ်သိမ့်ပေးရမည်မှန်း မသိခဲ့ပါ။ သူဘေးမှာ ရှိနေပေးပြီး လင်းဝေ့စိတ်သက်သာရာ ရ ရုံသာလုပ်နိုင်၏။
လင်းဝေ့ လည်း ကျုံးရှောက်မေးသည်ကို ပြန်မဖြေပဲ မေးခွန်းလေးဖြင့်သာ ပြန်မေးလိုက်၏။
" ရှင်ကော ကျွန်မလို မကြာခင်သေရတော့မယ်ဆိုတာ ကြိုသိရင် ကျွန်မကို ပြောပြမှာလား "
ကျုံးရှောက် တိတ်ဆိတ်သွားမိ၏။
လင်းဝေ့ကသာ အဖြေပြန်ပေးလိုက်၏။ " ရှင်ပြောမှာ မဟုတ်ဘူး။ ကျွန်မလိုပဲ ရှင်တစ်ယောက်တည်းရင်ဆိုင်မှာပဲ "
သူတို့အကျင့်စရိုက်တွေက မတူသော်လည်း စိတ်နေစိတ်ထားတွေလည်း တူကြ၏။ ကိုယ် ဖြေရှင်းနိုင်သည့်ကိစ္စမျိုးဆိုလျင်တော့ တစ်ခြားသူကို ပြောပြကာ အကြံဉာဏ်တောင်းချင် တောင်းလိမ့်မည်။ သို့သော် ကိုယ်မဖြေရှင်းနိုင်သည့် ကိစ္စမျိုးဆိုလျင်တော့ တစ်ခြားသူစိတ်ပူ စိတ်ဆင်းရဲမည်ကို စိုးရိမ်ကာ မပြောပြပဲ မိမိတစ်ကိုယ်တည်း ကျိတ်ဖြေရှင်းမည်ဖြစ်၏။
ထို့ကြောင့် လင်းဝေ့တစ်ယောက် ဤတစ်နှစ်လုံးသူမတစ်ယောက်လုံး ကျိတ်ပြီး ခံစားနေရကြောင်း ကျုံးရှောက် သိလိုက်၏။
လင်းဝေ့လည်း သူမ၏ခေါင်းကို ကျုံးရှောက်၏ ရင်ဘတ်ပေါ်မှီကာ မျက်လုံးလေးမှိတ်လိုက်၏။
" အာ့တုန်းက ကျွန်မ ကျော်လွှားနိုင်ပြီး အသက်ရှင်နိုင်ခဲ့ရင် ရှင့်ကို အားလုံး ပြောပြမယ် လို့ စဉ်းစားထားခဲ့တာ။တစ်ကယ်လို့ ကျွန်မ သေသွားခဲ့ရင်တော့ ရှင် ဘာမှ မသိသွားတာ ပိုကောင်းတာပေါ့"
တစ်ခါတစ်လေတော့လည်း ဘာမှ မသိတာပိုကောင်း၏။
သူမ သေဆုံးသွားပြီးနောက် ကျုံးရှောက်တစ်ယောက် တစ်သက်လုံး ကြေကွဲခံစားနေရတာ ကောင်းမကောင်း လင်းဝေ့ သေချာမသိ၍ အများကြီး မစဉ်းစားမိသော်လည်း သူမ စိတ်ခံစားချက်အတိုင်းသာ ကျုံးရှောက်ကို ပြောပြသင့် မပြောပြသင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်၏။
ကျုံးရှောက် ကြိုတင်သိခဲ့လျင်လည်း သူ့တစ်ဘဝတစ်လျှောက်လုံး လင်းဝေ့၏ သေခြင်းတရားကို တားဆီးမရနိုင်ခဲ့၍ ယူကြုံးမရဖြစ်ကာ ကြေကွဲနေမည်သာဖြစ်၏။
ထို့ကြောင့် လင်းဝေ့၏ ဆုံးဖြတ်ချက်ကို နားလည်ပါ၏။လင်းဝေ့ပြောသလိုပင် သူသာ ဆိုလျင်လည်း မိသားစုကိုမပြောပဲ ဖုံးထားမည်သာဖြစ်၏။
သူတို့စိတ်ထဲ မှာ တစ်ဖက်လူအား ကောင်းကောင်းမွန်မွန်ဘဝကို ဖြတ်သန်းစေချင်ရုံ ဆန္ဒလေး ရှိရုံသာဖြစ်၏။
ထိုကိစ္စကြီးလည်း ကျော်ဖြတ်ပြီးဖြစ်၍ ထိုကိစ္စနှင့်ပတ်သက်၍ အငြင်းအခုန် လုပ်ရန် မလိုတော့ရာ ကျုံးရှောက်လည်း လင်းဝေ့၏ ဆံသားလေးကို ငုံ့ကာ နမ်းလိုက်သည်။
လင်းဝေ့လည်း သက်ပြင်း ချကာ ပြောလိုက်သည်။
" ကျွန်မလည်း ကံကောင်းလို့ ရှင်သန်နိုင်ခဲ့တာ "
အသက်ရှင်သန်ရတာ ကောင်းလိုက်တာ။
……………………………………………………
အိပ်မက်ဆိုးကြောင့် ညသန်းခေါင်ကြီး နိုးထလာခဲ့သော်လည်း ပြန်အိပ်ချိန်တွင်တော့ ကောင်းမွန်စွာအိပ်စက်နိုင်ခဲ့၏။ နောက်တစ်နေ့လည်း ပြတင်းပေါက်ကနေ နေရောင် ဝင်လာသည့်အချိန်ထိ အိပ်စက်နေခဲ့၏။
နောက်တော့ လင်းဝေ့နိုးလာပြီး မျက်လုံးကို ဖွင့်ကာ ဘေးကို ကြည့်လိုက်၏။ ကျုံးရှောက်ကိုတော့ မတွေ့ရတော့ချေ။ ထို့ကြောင့် လင်းဝေ့လည်း သူမ ကိုယ်ပေါ်က စောင်ကို ဖယ်ပြီး အိပ်ရာက ထလိုက်ကာ ညှပ်ဖိနပ်လေးကို စီးလိုက်၏။
အခန်းတံခါးကို ဖွင့်လိုက်တော့ ရင်းနှီးနေသည့် ကော်ရစ်ဒါလျှောက်လမ်းကို တွေ့လိုက်ရ၍ သူမ ခြေလှမ်းတွေ ရပ်တန့်မိ၏။
ညက အိပ်မက်အရိပ်ဆိုးကြောင့် သူမရှေ့က ကော်ရစ်ဒါလျှောက်လမ်းလေးကို ရင်ဆိုင်ရန် ကြောက်လန့်နေမိ၏။ကလေးတွေ အိပ်ခန်း အပြင်ဝရံတာမှ အလင်းရောင် ဝင်နေ၍ အတွင်းကော်ရစ်ဒါလျှောက်လမ်းက််ိုရှင်းရှင်းလင်းလင်း မြင်ရသော်လည်း သူမ ကြောက်နေသေး၏။
လင်းဝေ့ ချီတုန်ချတုန်ဖြစ်နေစဉ် သူမခေါင်းအထက်မှ အသံကြားလိုက်ရ၍ အထိတ်တလန့် နောက်ဆုတ်လိုက်သည်။
သေချာကြည့်လိုက်တော့ လှေကားအပေါ်ဘက်အမိုးမှာ လက်ဝါးအရွယ်အစားခန့် အပေါက်ဖြစ်နေပြိး ထိုအပေါက်မှဝင်လာသော အလင်းရောင်ဖြင့် အဖြူရောင်စစ်တပ်ယူနီဖောင်းနှင့် ကျုံးရှောက်ကို မြင်လိုက်ရ၏။
" ကျုံးရှောက်!! ရှင်အပေါ်မှာ လားး "
လင်းဝေ့အသံကြားလိုက်တော့ လူရိပ်က လှုပ်ရှားလာကာ ပေါက်နားမှာ မျက်နှာပေါ်လာ၏။
" နိုးနေပြီလားး ဗိုက်ဆာနေပြီထင်တယ် ကိုယ်မနက်စာ ဝယ်ထားတယ် ကိုယ်အခုပဲ ဆင်းလာခဲ့မယ်နော်"
"ကျွန်မ ဗိုက်မဆာသေးပါဘူး " လင်းဝေ့ ခေါင်းခါကာ ပြောလိုက်၏။
" ရှင် အပေါ်မှာ ဘာတက်လုပ်နေတာလဲ "
" ကိုယ်အားလပ်ချိန်လေးရတုန်း အမိုးအုတ်ကြွတ်တွေလိုက်ကြည့်နေတာ ပျက်စီးနေတာတွေရှိရင် တစ်ခါထဲ လဲလိုက်မလို့လေ။"
ကျုံးရှောက်က ထိုသို့ပြောလိုက်ပြီး မှ လင်းဝေ့တစ်ယောက် မလှုပ်မရှက်ရပ်နေသည်ကို မြင်လိုက်ရ၏။မနေ့ညက လင်းဝေ့မက်ခဲ့သည့် အိပ်မက်ကိုလည်း သတိရလိုက်ကာ သူ့လက်ထဲက အုတ်ကြွတ်ချပ်ကို ချပြီး ပြောလိုက်သည်။
" ကိုယ့်ကို ခဏစောင့် "
"ဘာလဲ?" လင်းဝေ့ နားမလည် လိုက်၍ ပြန်မေးလိုက်၏။
ကျုံးရှောက်ကပြန်မဖြေပဲ အမိုးအုတ်ကြွတ်ကို လဲ လှယ်တပ်ဆင်လိုက်၏။ ထို့နောက် ခေါင်မိုးပေါ်မှ ပြန်ဆင်းလာပြီး အိမ်ထဲပြန်ဝင်လာ၏။
လင်းဝေ့ ထင်သလိုပင် ကျုံးရှောက်သည် အပေါ်ထပ်ကို အမြန်တက်လာကာ လင်းဝေ့နားကို ရောက်လာ၏။
" မင်း အခု အောက် ဆင်းတော့မှာလား"
" ရှင် ကျွန်မကို သက်သက်ကြီး လာခေါ်တာလား"
ကျုံးရှောက် ခေါင်းငြိမ့်လိုက်၏။" မင်းကြောက်နေမယ်လို့ ထင်လို့"
လင်းဝေ့ စိတ်ထဲ နွေးထွေးသွား၏။ " ကျွန်မ ကျော်လွှားနိုင်မှာပါ"
" ကိုယ် မင်းကို ယုံပါတယ် ဒါပေမယ့် အာ့ဒီ အကြောက်တရားကို ကျော်လွှနေတဲ့ အချိန် မင်းဘေးနားမှာ ကိုယ်ရှိချင်လို့ပါ" ဟု ကျုံးရှောက်က ပြန်ပြောလိုက်ပြီး လင်းဝေ့လက်ကို ကိုင်ကာ မေး လိုက်၏။
" အောက် ဆင်းတော့မလား?"
လင်းဝေ့လည်း ကျုံးရှောက် လက်ကို ပြန်ဆုပ်ကိုင်လိုက်ကာ အောက်ဆင်းရမည့် လှေကားကို ကြည့်ကာ ခေါင်းငြိမ့်လိုက်၏။
" အင်းး"
ကျုံးရှောက်လည်း သူ့ခြေလှမ်းကို အရင် မရွေ့ပဲ လင်းဝေ့လက်ကိုသာ လက်ချောင်းချင်း ယှက်ကာကိုင်ထားလိုက်၏။
" သွားကြစို့"
လင်းဝေ့ ခြေလှမ်းကို စလှမ်းလိုက်ကာ လှေကား အစပ်နား လျှောက်သွားလိုက်၏။ နောက် အောက်ထပ်လှေကားထစ်များကို ရပ်ကြည့်လိုက်သည်။ လှေကားက သိပ်မမြင့်သော်လည်း သူမ အနည်းငယ် ကြောက်ကာ ခေါင်းမူးလာသလို ခံစားလာမိ၏။
" မကြောက်နဲ့ ကိုယ်ရှိတယ် " ဟု ကျုံးရှောက်က အားပေးစကားပြောလိုက်၏။
လင်းဝေ့လည်း ကျုံးရှောက်၏ အားပေးနေသော မျက်ဝန်းကိုကြည့်လိုက်ပြီး အသက်ပြင်းပြင်း ရှုလိုက်ကာ လှေကားထစ်ကို ဆင်းလာလိုက်၏။
လှေကား ပထမအဆင့်ကို ဆင်းလာပြီး နောက် တစ်ဆင့်ရောက်တော့ အောက်ဆုံးအဆင့် လှေကားထစ်ကို ရပ်ကြည့်နေလိုက်သေး၏။
ပတ်ဝန်းကျင်က မှောင်နေသလို ဖြစ်နေကာ အိပ်မက်ထဲက သူမကိုယ်ကို ထပ် မြင်ယောင်လာ၏။ တစ်လှမ်းချင်းစီ ဆင်းလာပြီး အောက်ဆုံးထစ်မှာ ချော်လဲကာ မြေပြင်ပေါ်လဲကျသွားပြီး သူမ အောက်ကနေလဲ သွေးတွေ ဆင်းလာကာ ကြမ်းပြင်တစ်ခုလုံး နီရဲသွားသည်ကို မြင်ယောင်လာမိ၏။
လင်းဝေ့ နှုတ်ခမ်းကိုကိုက်ပြီး လက်သီးကို ဆုပ်လိုက်၏။ သူမ လက်တစ်ဖက်က လက်သီးဆုပ်ထားကာ တစ်ဖက်က ကျုံးရှောက်၏ လက်ကို ဆုပ်ကိုင်လိုက်ကာ သူ့ကို ကြည့်လိုက်၏။
အချင်းချင်း အကြည့်ချင်းဆုံမိခိုက် ကျုံးရှောက်က ပြောလိုက်၏။
" ကိုယ်မင်းကို ချီ သွားပေးရမလား "
" ဘယ်လို!!" လင်းဝေ့ ကြောင်အသွား၏။
" မင်းကြောက်ရင် ကိုယ်အောက်ကို ချီသွားပေးမယ်"
ကျုံးရှောက်၏ စကားကို နားထောင်မိတော့ လင်းဝေ့ ရုတ်တရက်ကြီး မကြောက်တော့သလို ခံစားလိုက်ရ၏။
" ရှင်က ကျွန်မကြိ ချီပိုးမယ်?? ရှင် ဒီနေ့ ကျွန်မကို ချီမယ် ဆိုရင်တောင် မနက်ဖြန်ကော သန်ဘက်ခါကော ဘယ်လိုလုပ်မှာလဲ "
လင်းဝေ့စကားကိုကြားကာ ကျုံးရှောက် ကြောင်အသွား၏။
" ဒါဆို ကိုယ် အဆင်ပြေနိုင်မယ့် အိမ် ရှာလိုက်မယ်လေ"
သို့သော် ရွှေနန်းတော် ငွေနန်းတော်ကြီးတွေက ကိုယ့်ရဲ့ ခြေလက်ဖြင့် လုပ်ထားသည့် နေအိမ်လောက်ကောင်းမည်ဟု မထင်ချေ။ ထိုကြောင့် အိမ်ပြောင်းဖို့ ဆိုတာက မဖြစ်နိုင်ချေ။
လှေကားထစ် အတက်အဆင်းတွေကို သူမ တစ်သက်လုံး မလုပ်တော့ဘူး ဆိုတာမျိုးလည်း မဖြစ်နိုင်ချေ။လှေကားပထမ အပိုင်းကို တောင် ကျော်ဖြတ်ခဲ့ပြီးပြီဖြစ်၏။ နောက်ဆုံး အထစ်မှာ ဘယ်လိုလုပ် ချော်လဲ နိုင်တော့မှာလဲ။
ပြီးတော့ ဒီလှေကားထစ်တွေကို သူမအမြဲတမ်း လှမ်းနေရမည်ဖြစ်၏။
ထို့ကြောင့် လင်းဝေ့ အသက်ကိုပြင်းပြင်းရှုလိုက်ကာ သူမစိတ်ထဲက ပုံရိပ်များကို ဖြေဖျောက်လိုက်၏။ ထို့နောက် သူမခြေလှမ်းများကို စလှမ်းလိုက်သည်။
တစ်လှမ်း
နှစ်လှမ်းး
သုံးလှမ်းးး
………………………………
အိပ်မက်ထဲမှာ သူမ ချော်လဲခဲ့သည့်လှေကားထစ်ကို ကျော်ဖြတ်လာခဲ့၏။ သူမလဲကျကာ ထိုင်နေခဲ့ရသည့် နေရာကိုလည်း ကျော်ဖြတ်လာခဲ့၏။ သူမ သွေးတွေ အိုင်နေခဲ့သောနေရာကိုလည်း ကျော်ဖြတ်လာခဲ့ကာ ဧည့်ခန်းထဲကို ရောက်လာ၏။ နောက် ကျုံးရှောက်ဘက်ကို လှည့်ကာ ပြုံးပြလိုက်သည်။
" တွေ့လား ကျွန်မ ကျော်ဖြတ်နိုင်သွားပြီ "
နောက်ဆုံးတော့ သူမ ပြန်လည် မွေးဖွားလာပြီဖြစ်၏။