← Chapters

Chapter 156

Vol. 12 Ch. 156

Chapter 156

Vol. 12 Ch. 156

ယားကျိုကျွန်းက ပူသည့်ရာသီဥတုရှိကာ ဆောင်းတွင်းနှင့် ဆောင်းဦးရာသီမှာပင် သိပ်အေးလှသည်မဟုတ်ချေ။ ထို့ကြောင့် အဝတ်အစားများမှာလည်း အထူကြီးတွေ မဝတ်ကြပါ။ ကလေးတွေ အဝတ်အစားကလည်း နှစ်ကြိမ် သုံးကြိမ်လောက် လက်ဖြင့်ပွတ်လျှော်လျင်ပင် အဆင်ပြေရာ ကရိကထ မများလှပေ။

လင်းဝေ့၏ အဝတ်အစားကလည်း ထိုကဲ့သို့ သာဖြစ်၏။ကျုံးရှောက်၏ အဝတ်အစားများကသာ လျှော်ရခက်ပေလိမ့်မည်။ ကျုံးရှောက်၏ စစ်ယူနီဖောင်းက အဆင်တန်ဆာ အထပ်ထပ်ဝတ်ရ၍ လျှော်ဖွတ်ရလျင်လည်း မလွယ်လှချေ။

ကျုံးရှောက်အိမ်မှာမရှိလျင်လည်း လျှော်ရမည့်အဝတ်‌ပေများကို လင်းဝေ့ကို မလျှော်စေပဲ သူအိမ်ပြန်ရောက်မှသာလျင် စုပေါင်းလျှော်လိုက်လေ့ရှိ၏။

သို့သော် လင်းဝေ့၏ အိပ်မက်နိမိတ်ကလည်း ရှိသေး၏။

ပြီးလျင် လင်းဝေ့၏ ကိုယ်ဝန်ကလည်း တစ်နေ့တစ်ခြားရင့်လာကာ ကိုယ်လက်မအီမသာဖြစ်လာ၏။ ကျုံးရှောက်ကလည်း ပင်လယ်ကို တာဝန်ထမ်းဆောင် ရတတ်၍ ဆယ်ရက် တစ်ပတ်လောက်ခန့် အပြင်ကို ရောက်နေရတတ်၏။ အိမ်မှာလည်း ကလေးနှစ်ယောက်သာ ကျန်ခဲ့ရာ လင်းဝေ့ တစ်ခုခုဖြစ်လျင် ကူညီပေးနိုင်မည့်သူ မရှိချေ။

မနေ့ည တစ်ညလုံး ကျုံးရှောက် တစ်ယောက် မျက်စိမှိတ်ကာ နဖူးပေါ်လက်တင်ရင်း ထိုကိစ္စကို စဉ်းစားခဲ့၏။ နေ့လည်စာသွားစားတော့လည်း ကိုယ်ဝန်ရင့်လာလျင် ဂရုစိုက်သင့်ကြောင့် သူများက အကြံပေးကြ၍ လင်းဝေ့နှင့် တိုင်ပင်ရခြင်းဖြစ်၏။

လင်းဝေ့လည်း ကလေးထိန်းတစ်ယောက် ငှားရမ်းမည့် ကိစ္စကို စဉ်းစားကြည့်ကာ ပြောလိုက်၏။ " မိသားစုအိမ်ရာထဲမှာ ဘယ်သူမှ ကလေးထိန်း မငှားကြတော့ ကျွန်မတို့ကြီးကျယ်တယ် ဆိုပြီး သူများ ပြောစရာကိစ္စများဖြစ်သွားမလား"

"မိသားစု အိမ်ရာထဲမှာလည်း တစ်ချို့မိသားစုတွေ ကလေးမီးဖွားပြီးနောက် ကလေးထိန်းငှားကြတဲ့သူတွေရှိပါတယ်။ လူကြီးတွေကလည်း အာ့ကိစ္စနဲ့ပတ်သက်ပြီး ဘာမှ မပြောကြပါဘူး။ ပြောလာတဲ့သူရှိရင်လည်း ဘာမှ အရေးစိုက်မနေနဲ့။ ကိုယ့်ကိုသာ လာပြောလိုက်။ ကျုံးရှောက် ဆိုတဲ့ ကိုယ်က ဘယ်သူ့စကားကိုမှ ကြောက်နေမယ့်သူမဟုတ်ဘူး။ ဘယ်သူ့ကိစ္စမှ လည်း လိုက်အရေးမလုပ်ဘူး သူများကိစ္စဆိုပိုဝေးသေး"

ကျုံးရှောက်ဆီမှ ထိုစကားကြားပြီး နောက် လင်းဝေ့ ဆက်ပြီး မေးခွန်းမထုတ်တော့ပေ။သို့သော် ထပ်မေးလိုက်သေး၏။

"ကျွန်မတို့ဆီမှာက အိပ်ခန်းနှစ်ခန်းပဲ ရှိတော့ ကလေးထိန်းခေါ်ရင် သူ့ကို ဘယ်မှ အိပ်ခိုင်းရမှာလဲ"

ထိုကိစ္စနှင့်ပတ်သက်ပြီး ကျုံးရှောက်လည်း တွေးပြီးသားဖြစ်၏။

"ကိုယ်စဉ်းစားထားတာက အနီးအနားတပ်စုက လူကိုငှားဖို့ပဲ။ ကိုယ် ပင်လယ်ဘက် တာဝန်မကျရင် သူ့ကို အိမ်ပြန်အိပ်ခိုင်းလိုက်မယ်။ မနက်ခင်း ၅နာရီ ၆နာရီလောက်လာခိုင်းမယ် ညနေခင်း၆နာရီ ပြန်ခိုင်းလိုက်မယ်။ ပုံမှန် အလုပ်ဆင်း အလုပ်တက်သလိုပဲ လုပ်ခိုင်းလိုက်မယ်။ကိုယ်ပင်လယ်ဘက် တာဝန်ကျရင်တော့ ညရောက်ရင် မပြန်ခိုင်းတော့ပဲ မင်မင် ရွေ့ရွေ့တို့နဲ့ အတူအိပ်ခိုင်းဖို့စဉ်းစားထားတယ်"

လင်းဝေ့ကတော့ ဘာမှ ပြန်မပြောပေမယ့် မင်မင်က ဝင်မေးလိုက်၏။

"ဘယ်သူက သားတို့နဲ့အိပ်မှာလဲ"

" သားမသိသေးတဲ့ တစ်ယောက်ယောက်နဲ့ပေါ့" ဟု ကျုံးရှောက် ကပြန်ဖြေလိုက်၏။

မင်မင်တစ်ယောက် သူ့အဖေစကားကိုကြားပြီး ထိတ်လန့်သွား၏။

"သားတို့နဲ့ မသိတဲ့သူ?? ဖေဖေက ဘာလို့ သားတို့ကို မသိတဲ့သူနဲ့ အိပ်ခိုင်းရတာလဲ"

သူ့သားနားမလည်နိုင် ဖြစ်နေသည်ကို မြင်လိုက်ရ၍ ကျုံးရှောက်က ပြန်ရှင်းပြလိုက်၏။

"သားတို့က အာ့လူနဲ့ အခုမသိသေးပေမယ့် နောက်ကျရင် ရင်းနှီးလာမှာပေါ့။ သားတို့မေမေ ကို ပြုစု စောင့်ရှောက်ပေးဖို့ဖေဖေက ခေါ်ထားမှာလေ။ အိမ်မှာလည်း အခန်းအပို မရှိတော့လို့ သားတို့နဲ့ပဲ အတူအိပ်ခိုင်းရတာပါ"

"ဒါပေမယ့် သားက သားမသိတဲ့သူနဲ့ မအိပ်ချင်ဘူး" ဟု မင်မင်က နှုတ်ခမ်းလေးစူကာ ပြော၏။

" ဒါဆိုလည်း အောက်ထပ်က ဆိုဖာမှာ အိပ်လေ" ဟု ကျုံးရှောက်က အေးစက်စက်ပြန်ပြောလိုက်သည်။

" သား မေမေ နဲ့ပဲ အိပ်လို့မရဘူးလား"

"သားအိပ်ချင်ရင် အိပ်လို့ရတယ်လေ ဒါပေမယ့် မေမေ့ကြိ မကန်မိအောင်လို့ သားရဲ့ ခြေလက်တွေကိုတော့ ကြိုးနဲ့ ချည်တုတ်ထားရလိမ့်မယ်" ဟု ကျုံးရှောက်က ပြန်ပြောလိုက်၏။

ရုတ်တရက် မင်မင်တစ်ယောက် ကျဉ်းထဲကြပ်ထဲ ရောက်သွားသလို ခံစားလိုက်ရ၏။ သူက သူစိမ်းနဲ့လည်း မအိပ်ချင်သလို ခြေတွေ လက်တွေချည်တုတ်ပြီးတော့လည်း မအိပ်ချင်ပေ။ နောက်ဆုံးရွေးချယ်စရာဖြစ်သည့်ဆိုဖာပေါ်အိပ်ဖို့ကလည်း ညဘက်ဆို ကြောက်ဖို့ကောင်းလှ၏။

ရွေ့ရွေ့အတွက်ကတော့ သိပ်စိတ်ပူစရာမလိုပေ။

"သားက ညအိပ်တဲ့အခါ သူများကို မကန်တတ်တော့ မေမေနဲ့ အိပ်လို့ရတယ်မလား"

"ညီလေး မင်းက ငါ့ကို ပစ်သွားတော့မှာလား" ဟု မင်မင်က ကြေကွဲထိခိုက်နေသည့်မျက်နှာဖြင့် မေးလိုက်၏။

"ငါလည်း ငါ မသိတဲ့သူနဲ့ မအိပ်ချင်ဘူး" ဟု ရွေ့ရွေ့ကလည်း အတည်ပေါက်ရုပ်ဖြင့် ရှင်းပြလေ၏။

မင်မင် - " …… " မကျေနပ်ဘူးနော်။

ကျုံးရှောက်ကတော့ သူလုပ်မည်ဟု ဆုံးဖြတ်ပြီးသား ကိစ္စဖြစ်နေ၍ အလျော့ လုံးဝ မပေးပေ။

"အချိန် အကြာကြီး မဟုတ်ပါဘူး ခဏလေးပဲ အိပ်ရမှာပါ။ လ နည်းနည်း ကြာရင်တော့ မင်းတို့ ဖွားဖွားကြီးကို ရောက်လာမှာပါ"

"အရင်ဆုံး လုပ်မယ့်သူ ကို အရင် ရှာကြတာပေါ့။ အဆင်ပြေနိုင်မယ့်သူ ဆိုရင်တော့ သူ့ကို ကျွန်မနဲ့ အိပ်ခိုင်းလိုက်မယ်လေ။"ဟု လင်းဝေ့က ဝင်ပြောလိုက်၏။

ကျုံးရှောက်လည်း လင်းဝေ့ပြောသလိုပြန်တွေးကြည့်လိုက်သည်။ အကူလုပ်မည့်သူက လင်းဝေ့နှင့်အတူ တစ်ခန်းထဲ အိပ်နိုင်လျင်တော့ လင်းဝေ့ကို သေချာ ဂရုစိုက်ပေးနိုင်တာ မို့လို့ ပို အဆင်ပြေ၏။

"‌ဒါဆိုလည်း ကိုယ် တစ်ယောက်အိပ်ကုတင် ဘယ်မှာ ရှိနိုင်မလဲ မေးကြည့်လိုက်ဦးမယ် ပြီး ရင်း ကိုယ် တို့အခန်းထဲ ထည့်ထားလိုက်မယ်"

လင်းဝေ့လည်း သူများနှင့် အိပ်ရတာ စိတ်အနှောက် အယှက်မဖြစ်သော်လည်း သူမ စိတ်အခြေအနေအရ အဆင် ပြေနိုင်လိမ့်မည်ဟု တွေးလိုက်၏။ ထို့ကြောင့် "ဟုတ်ပါပြီ" ဟုသာ ပြန်ပြောလိုက်၏။

သူတို့မိဘတွေရဲ့စကားနားထောင်ရင်း မင်မင်နှင့်ရွေ့ရွေ့ သက်ပြင်းလေးတွေ ချလိုက်ကြ၏။

နေ့လည်စာ စားပြီးနောက် ကျုံးရှောက်က ငွေယူကာ ဈေးကိုသွားလိုက်၏။

လင်းဝေ့ကတော့ အိမ်မှာပဲ လှဲလျောင်းနေ၏။ နေ့ခင်းပိုင်းမှာ ကလေးတွေကို စာသင်ပေးရမည့်အတန်းချိန်ရှိတာ မှန်သော်လည်း လင်းဝေ့ တစ်ယောက် ပျင်းနေ၍ မင်မင်နှင့်ရွေ့ရွေ့ကို အပြင်သာ သွားဆော့ခိုင်းလိုက်၏။

မင်မင် ကတော့ စာသင်ချိန်မရှိကြောင်း သိလိုက်ရတော့ ပျော်ရွှင်စွာခုန်ပေါက်လိုက်ပြီး သူ့ညီကို လက်ဆွဲပြီး အပြင် ပြေးထွက် ပုံမှာ သူတို့အမေ လင်းဝေ့ စိတ်ပြောင်းသွားမည်ကို စိုးသည့်အတိုင်းပင်ဖြစ်၏။

လင်းဝေ့လည်း မင်မင်၏ နောက်ကျောကို ကြည့်ကာ ခေါင်းကို ခါရမ်းလိုက်ရင်း ပြုံးလိုက်သည်။

တစ်ခဏကြာတော့ လင်းဝေ့သည် လှေကားကို အမှတ်တမဲ့ကြည့်လိုက်မိပြီး အုတ်ကြွတ်အကျိုးကို တွေးလိုက်မိ၏။ နောက် ထိုင်ရာမှ ထကာ လှေကား ဘေးပတ်ဝန်းကျင်ကို ဝေ့ဝိုက်ရှာကြည့်လိုက်၏။

မနက်က ကျုံးရှောက် သန့်ရှင်းရေး အကုန် လုပ်ပြီးသားဖြစ်၍ လှေကားမှာတော့ ဘာမှ ရှိမနေပါ။ ထို့ကြောင့် လင်းဝေ့လည်း လှေကား ပထမအဆင့်နားသည့်နေရာအောက်ကို ကြည့်လိုက်၏။

သူမတို့အိမ်မှာ လှေကား နှစ်ဆင့် လုပ်ထားကာ အလည်တွင် လှေကား အနားလည်း ပါ၏။ ဒုတိယအဆင့်က ပိုမြင့်၏။ လှေကားတစ်ဆင့်နေရာအောက်တွင် နေရာအလွတ်တစ်ခုရှိပြီး ထိုနေရာအလွတ်သည် လှေကားပထမအဆင့်နားသည့်အထပ်မှ ဒုတိယအထပ်ကို ဆက်တက်ရာ တွင် ဒုတိယထပ်ကြမ်းခင်းနှင့် နီးကပ်နေ၍ ကျုံးရှောက်ဆိုလျင် ခေါင်းနှင့်မတိုက်မိအောင် သတိထားကာ အဝင်အထွက်လုပ်နေရ၏။ အိမ်အနောက် ဖက်ကို ထွက်သည့် တံခါးနှင့် အိမ်သာ တံခါးက လှေကား ဒုတိယအချိုးတွင်ဖြစ်၏။

လှေကားအောက်ရှိနေရာလွတ်ကလေးက နိမ့်လှ၏။လင်းဝေ့ပင်လျင် ခေါင်းငုံ့ကာ ကြည့်နရ၏။ ဤနေရာလွတ်ကို လည်း အိမ်သုံး ပစ္စည်းထားသည့် နေရာအဖြစ်အသုံးပြုရာ အခန်းကန့်မထားပေ။

ပစ္စည်းထားသည့်နေရာဖြစ်နေ၍ သန့်ရှင်းရေးလည်း အမြဲမလုပ်ဖြစ်ပါ။ သူမတို့အိမ်‌‌ ရေယို၍ လှေကား ဧည့်ခန်း ကျုံးရှောက် သန့်ရှင်းရေးလုပ်ခဲ့သော်လည်း ဤနေရာလွတ်ကိုတော့ သန့်ရှင်းရေးမလုပ်ခဲ့ပေ။

လင်းဝေ့လည်း ပထမ လှေကားအဆင့်အောက် က နေရာလွတ်ကို ရပ်ကြည့်ကာ ဒူးကိုညွှတ်ပြီး ငုံ့ကြည့်လိုက်၏။

အမှန်ပြောရလျင် ထူးဆန်းသည်ဟု လင်းဝေ့ ထင်မိ၏။သူမတို့ ကျွန်းပေါ် ပြောင်းမလာခင်ကမှ ကျုံးရှောက်က တစ်အိမ်လုံးကို သေသေချာချာ ပြုပြင်ကာ အမိုးကိုလည်း အုတ်ကြွတ်ချပ်များ အသစ်လဲထားတာဖြစ်၏။ထို့ကြောင့် သူမတို့ ရောက်လာတော့ အားလုံး ကောင်းနေသေးတာဖြစ်၏။

ထို့ကြောင့် အုတ်ကြွတ်အက်ကွဲသွားကာ အောက်ကို ကျလာသည်မှန်လျင် အစအနများကို တွေ့ရမည်ဖြစ်၏။သို့သော် မည်သည့် အုတ်ကြွတ်အကျိုးအစအနများကိုမှ မမြင်မိပေ။

အက်ကွဲသွားသည့် အုတ်ကြွတ်အစအနများကို လင်းဝေ့ရှာကြည့်ချင်မိ၏။ တစ်စုံတစ်ဦးကများ သူမကို အန္တရာယ်ပေးချင်၍ ကြံစည်ထားသလားဟု စစ်ဆေးကြည့်ချင်၍ဖြစ်၏။

သူမတို့အိမ်က သိပ်မမြင့်သော်လည်း နှစ်ထပ်အိမ်ဖြစ်၍ အမိုးပေါ်တက်ဖို့ဆိုလျင် မနက်က ကျုံးရှောက်သုံးသည့် လှေကားရှည် တစ်ခုတော့လိုလေ၏။

ကျုံးရှောက်က ထို လှေကားကို ပေါ့ပေါ့ပါးပါးသယ်သွားပုံရသော်လည်းလှေကားအမြင့်အရ အတော်လေး လေးမည့်ပုံပေါက်၏။ သူမတို့အိမ်က မမြင့်သော်လည်း အနည်းဆုံး ၆မီတာလောက်တော့ရှိပြီး ခေါင်မိုးကလည်းမတ်သေး၏။ ထို့ကြောင့် အမျိုးသမီးတစ်ဦး တက်ဖို့ဆိုတာက အန္တရာယ်များလွန်းလှ၏။

ထို့အပြင် သူမ ကျွန်းပေါ်ရောက်ကတည်းက သူမနှင့် ဆက်ဆံရေး အဆင်မပြေသည့်သူများလည်း ရှိခဲ့သေး၏။ သို့သော် ကောင်းရှို့လျန်နှင့် လော့ရှုကျီက သူမကို မုန်းကြသော်လည်း သူမကိုတော့ သတ်ဖို့စီစဉ်ကြမည်ဟုတော့မထင်ပေ။

သူမနှင့် မတည့်သည့် အမျိုးသားရှိသလားဟု စဉ်းစားလိုက်သော်လည်း ကျွန်းပေါ်ရောက်ကတည်းက လင်းဝေ့သည် အမျိုးသမီးများနှင့်သာ အဆက်အဆံရှိသည်ကများ၏။ စစ်တပ်ထဲရှိ အမျိုးသားများက အချင်းချင်းသိကြသည်ဟုဆိုနိုင်သော်လည်း အလွန်ရင်းနှီးသည့်အပေါင်းအသင်းက နည်းနည်းသာရှိတတ်ကြကာ သူတို့နှင့်မရင်းနှီးသည့်သူ၏ အရေးကိစ္စများကိုလည်း အရေးမစိုက်တတ်ကြပေ။

ထို့အပြင် သူမတို့အိမ်ကလည်း မိသားစုအိမ်ရာ၏ အတွင်းပိုင်းမှာရှိကာ အိမ်ပတ်လည်မှာလည်း လူ အချိန်ပြည့်ရှိနေတတ်ကာ တစ်စုံတစ်ယောက် သူမတို့အိမ်ခေါင်မိုးပေါ် လှေကားဖြင့် တက်နေတာမြင်လျင် မတွေ့ပဲတော့နေမည်မဟုတ်ချေ။ ထို့ပြင် ထိုလူကလည်း သူ့ကိုယ်သူ အန္တရာယ်ရှိနိုင်မည့်နေရာဝောာ့ တက်မည်မဟုတ်ချေ။

လင်းဝေ့လည်း အုတ်ကြွတ်အကျိုးအစအနများကို ရှာချင်သော်လည်း ရှာမတွေ့ဖြစ်နေ၏။ အုတ်ကြွတ်ချပ်က သဘာဝဘေးအန္တရာယ်ကြောင့် အက်သွားတာလားး ဝတ္ထုဇာတ်ကြောင်းအရ အက်သွားရသည်လားတော့ သေချာမသိပေ။

အခုတော့ သူမလည်း ရှင်သန်နေပြီဖြစ်ရာ ဝတ္ထုဇာတ်ကြောင်းကလည်း ပြောင်းသွားလောက်ပြီဖြစ်၏။ ဇာတ်ကြောင်းအရ မတော်တဆမှုဖြစ်ခဲ့သော်လည်း အခုတော့ ပြသနာမရှိတော့ပေ။

ထို့ကြောင့် အုတ်ကြွတ်ချပ် အက်ကွဲသည့်ကိစ္စကို အရမ်းကြီး အားစိုက် မစုံစမ်းလည်း ပြဿနာမရှိပေ။

သို့သော် ရှာတွေ့သွားလျင်တော့ပိုပြီး စိတ်ထဲရှင်းသွားနိုင်သည်မို့လို့ ရှာရခြင်းဖြစ်၏။

ထို့ ကြောင့် လင်းဝေ့လည်း လှေကားအောက်ရှိနေရာလွတ်ကို မျက်စိရှင်ရှင်ထားကာ ရှာကြည့်လိုက်၏။အနောက်ဘက်တံခါးပေါက်က ဖွင့်ထားသော်လည်း လှေကားအောက်ဘက်အထိတော့ အလင်းရောင်ကောင်းကောင်းမရောက်ပေ။

လင်းဝေ့လည်း ကုန်းကာရှာကြည့်နေရာမှ ပြန်ထလုဆဲဆဲတွင် မျက်လုံးထောင့်မှ တစ်ခုခုကိုတွေ့လိုက်၏။ထို့ကြောင့် လက်ဖြင့်လှမ်းလိုက်၏။

သို့သော် လှေကားအောက်ရှိ နေရာလွတ်က အလွန်နိမ့်ကာ သူမကလည်း ကိုယ်ဝန်ဗိုက်ဖြင့် ထောက်နေ၍ မမှီနိုင်ဖြစ်နေ၏။ ထို့ကြောင့် တံမြက်စည်းတစ်ချောင်းယူကာ တံမြက်စည်းရိုးတံဖြင့် လှမ်း ဆွဲယူလိုက်၏။

လုံးဝန်းသည့်အရာတစ်ခုက ထွက်လာ၏။

မင်မင်နှင့်ရွေ့ရွေ့ တို့ကစားတတ်သည့် ဂေါ်လီလုံးဖြစ်နေ၏။ ထို့ပြင် ဘယ်က ဘယ်လို ရောက်နေမှန်းမသိသည့် စက္ကူအစအနများလည်း ထွက်လာ၏။နောက်ပြီး…အုတ်ကြွတ်ချပ် အစအန တစ်ခုကိုလည်း တွေ့ရလေ၏။

တစ်မြန်နေ့ညက မိုးလေပြင်းထန်၍ လှေကားတစ်ခုလုံးရေစိုကာ စိုရွဲခဲ့သော်လည်း လှေကား အနောက်ဘက်နေရာကိုတော့ ရေမဝင်ခဲ့ပေ။ထို့ကြောင့် လင်းဝေ့ လှည်းထုတ်ထားသည့် အမှိုက်နှင့် အုတ်ကြွတ်အကျိုးအစအနမှာလည်း စိုစွတ်မနေပါ။

မြင်ရသည့်ပုံစံအရ အုတ်ကြွတ်အချပ်သည် တိုင်ဖွန်းမုန်တိုင်းမတိုင်ခင်က အက်ကွဲနေတာဖြစ်နိုင်၏။ အက်ကွဲသည့်အစအနက ကြမ်းပေါ်ကျနေသာ်လည်း အနောက်ပေါက်က ဝင်လာသည့်သူက မမြင်မိပဲ မတော်တဆ လှေကားအောက်ကို ကန်ထည့်မိသွားပုံရ၏။

ဒီလိုနဲ့ အိမ်ခေါင်မိုးမှာ အပေါက်ရှိမှန်းမသိတော့ပဲ ဝတ္ထုပါဇာတ်ကြောင်းအတိုင်း လင်းဝေ့ မတော်တဆဖြစ်ခဲ့တာဖြစ်၏။

All Chapters