Chapter 157
Vol. 12 Ch. 157
ကျုံးရှောက် တစ်ယောက် ဈေးကနေ စောစောပြန်လာခဲ့၏။ သူ့လက်ထဲမှာလည်း အုတ်ကြွတ်ချပ်များစွာသယ်လာခဲ့သည်ကို မြင်သောအခါ လင်းဝေ့ ဆွံ့အသွား၏။
"ဘာလို့ အုတ်ကြွတ်အချပ်တွေ အများကြီးယူလာတာလဲ"
" ၄ ချပ် ၅ချပ်လောက်က ဘယ်သူမှ မရောင်းပေးတော့ ဖာလိုက်ယူလာရတာ။ ကိုယ့်အိမ်မှာ လိုသမျှကို အစားထိုးပြီး ပိုတဲ့အချပ်တွေကို လိုချင်တဲ့သူတွေ ရှိလား လိုက်မေးပြီး ဝေပေးလိုက်ဖို့ စဉ်းစားထားတယ်"
အိပ်မက်ထဲက လင်းဝေ့က နောက်ဆုံးမှာ သေဆုံးသွားသော်လည်း အိမ်နီးချင်းတွေက အတတ်နိုင်ဆုံး ကူညီပေးခဲ့ကြသည်ဖြစ်၍ လိုအပ်သူတွေကို ပေးလိုက်ဖို့ကိစ္စအား ခေါင်းငြိမ့်လိုက်၏။
"အာ့လို လည်း အဆင်ပြေတာပဲ"
နေ့လည် နေ့ခင်းပိုင်း အားလပ်ချိန်လေးရှိတုန်း ကျုံးရှောက်သည် အုတ်ကြွတ်ချပ်များကို အစားထိုးရန် ခေါင်မိုးပေါ်တက်သွားလေ၏။ မနက်ခင်းပိုင်း စစ်ဆေးတုန်းက အက်ကွဲသည့်အချပ်ရေက အနည်းငယ်သာရှိသော်လည်း အမှန်တစ်ကယ် လိုက်လဲသောအခါတွင် ဆယ်ချပ်ကျော်လောက် အစားထိုးလိုက်ရကာ အုတ်ကြွတ်ချပ်ရေ ဒါဇင်လောက်သာ ကျန်တော့၏။
ညနေခင်းပိုင်း စားသောက်ပြီးကြတော့ ကျန်နေသည့်အုတ်ကြွတ်အချပ်များ ရှိသေးကြောင်း လိုချင်လျင် ယူနိုင်ကြောင်း ပတ်ဝန်းကျင်ရှိ အိမ်နီးချင်းများကို လိုက်ပြောလေ၏။
အခမဲ့ ရမည်ကို သိတော့ အိမ်ရှင်မများက သူတို့အမျိုးသားများကို ခေါင်မိုးပေါ်တက်ကာ အက်ကွဲနေသည့်အုတ်ကြွတ်ချပ်များရှိလား ချက်ချင်းစစ်ဆေးစေ၏။
ထိုသို့စစ်ဆေးကြည့်ရင်း တစ်ခုသာ အက်နေသည်ကို တွေ့လျင်လည်း လောဘမကြီးပဲ တစ်ချပ်သာယူကြကာ အစားထိုးလိုက်ကြ၏။ ဤသို့ဖြင့် တစ်အိမ်လျင် ငါးချပ် ခုနှစ်ချပ် ရှစ်ချပ် ယူကြကာ အက်ကွဲသည့် အုတ်ချပ်နေရာမှာ အစားထိုးလိုက်ကြ၏။
ဤသို့ဖြင့် လင်းဝေ့တို့ အိမ်ပတ်ပတ်လည်က အိမ်နီးချင်းတွေက တစ်ညနေလုံး မမှောင်ခင် အချိန်ထိ အလုပ်များနေကြ၏။
တစ်ခြားမိသားစုဝင်တွေ အလုပ်များနေချိန်မှာ လင်းဝေ့လည်း အငြိမ် မနေရပါ။
အုတ်ကြွတ်ချပ်များအလကားရ၍ အိမ်နီးချင်းများက သည်အတိုင်း လက်ခံကြသည်တော့မဟုတ်ပါ။ နည်းသည်ဖြစ်စေ များသည်ဖြစ်စေ သူတို့အိမ်မှာမုန့်များ သစ်သီးများ ချဉ်ဖတ်များ ယူလာကာ လင်းဝေ့ကို လက်ဆောင် တစ်ဖန်ပြန်ပေးကြ၏။
အိမ်နီးချင်းများယူလာသည့် လက်ဆောင်များက လင်းဝေ့က လက်ခံယူကာ စကားလေးတွေပြောကြရင်း လင်းဝေ့တို့အိမ်လေးလည်း ဧည့်သည်တွေ မပြတ်ဖြစ်နေ၏။
အမျိုးသမီးတွေက ညနေ မမှောင်ခင်အထိ စကားပြောကြကာ ခုနှစ်နာရီထိုးတော့ အိမ်ပြန်ချိန်ရောက်ကာ မိမိအိမ်အသီးသီးပြန်ကြလေ၏။
သူတို့ပြန်သွားတော့မှ ကျုံးရှောက်လည်း အပြင်ကနေ အိမ်ထဲ ပြန်ဝင်လာ၏။ အမျိုးသမီးတွေနဲ့ စကားမပြောချင်၍တော့ မဟုတ်ပါ။ အိမ်ထဲမှာ အမျိုးသမီးဦးရေးက ပိုများနေ၍ မသင့်တော်ဟု ထင်၍ဖြစ်၏။
ကျုံးရှောက်လည်း အိမ်ထဲ ပြန်ဝင်လာပြီး မင်မင်နှင့်ရွေ့ရွေ့ကို ရေချိုးပေးရန် ခေါ်လိုက်ကာ ရေချိုးခန်းထဲခေါ်သွားလိုက်၏။ ကလေးတွေ ရေချိုးပြီးတော့ ကျုံးရှောက်လည်း ရေချိုးခန်းကို သန့်ရှင်းရေး အနည်းငယ်လုပ်လိုက်ကာ လင်းဝေ့ကို ရေချိုးချင်သလားဟုမေးလိုက်၏။
လင်းဝေ့၏ ကိုယ်ဝန်ရင့်လာသည်နှင့်အမျှ မိသားစုတွင် ရေချိုးချိန်က ပုံသေ အစဉ်လိုက်ဖြစ်လာ၏။ ပထမဆုံးကလေးနှစ်ယောက်၊ ပြီးလျင် လင်းဝေ့ ဖြစ်ကာ နောက်ဆုံးမှ ကျုံးရှောက်အလှည့်ဖြစ်ကာ ရေချိုးခန်းသန့်ရှင်းရေး အဝတ်လျှော် အဝတ်အလှန်းအားလုံး လုပ်ကာ အပြီးသတ်လေ၏။
ကျုံးရှောက် အဝတ်လျှော်နေတုန်းမှာတော့ လင်းဝေ့က ကလေးနှစ်ယောက်ကို အပေါ်ထပ်မှာ ချော့သိပ်လေ၏။
ကလေးတွေကို ချော့သိပ်သည့်နေရာတွင် လင်းဝေ့သည် ကျုံးရှောက်ထက် ပိုညင်သာ၏။ ထို့ကြောင့် ကလေးတွေကလည်း တော်ရုံမအိပ်ကြပေ။ ကျုံးရှောက် ချော့သိပ်လျင် တစ်နာရီအတွင်း အိပ်ပျော်တတ်ကြသော်လည်း လင်းဝေ့ ချော့သိပ်လျင်မူ နာရီဝက်လောက်ကြာတတ်၏။ ထို့ကြောင့် အမြဲလိုလို ကျုံးရှောက် တစ်ယောက် သူ၏ အလုပ်တွေပြီးသွားလျင် အပေါ်ထပ်ကို တက်လာကာ လင်းဝေ့၏ ကလေးချော့သိပ်သည့်အလုပ်ကို လက်လွဲယူကာ ကလေးနှစ်ယောက်ကို အမြန်အိပ်ခိုင်းရလေ့ရှိ၏။
ယခုညလည်း ထိုကဲ့သို့ပင်ဖြစ်၏။ လင်းဝေ့ တစ်ယောက် သူမ၏ အာတွေခြောက်မတတ် ပုံပြင်တွေ ဖတ်ပြသော်လည်း ကလေးနှစ်ယောက်က စကားပြောမပြတ် မအိပ်နိုင်ဖြစ်နေသေး၏။
ကျုံးရှောက် သူ၏လျှော်ဖွတ်ရေး အလုပ်တွေပြီးကာ အပေါ်ထပ်တက်လာစဉ် ကလေးတွေ မအိပ်သေးတာကို မြင်တော့ သူတို့အိပ်ခန်းထဲက စစ်ရေးပြစာအုပ်ကိုယူကာ ကလေးနှစ်ယောက်ကို အိပ်ငွေ့ချလေတော့၏။ စစ်ရေးပြစာအုပ်၏ အစွမ်းကြောင့် ဆယ်မိနစ်အတွင်းမှာပဲ ကလေးနှစ်ယောက် တစ်ယောက်ပြီးလျင် တစ်ယောက် အိပ်ကုန်၏။
" မင်းသူတို့ကို အိပ်ခိုင်းစေချင်ရင် ပုံပြင်စာအုပ်မဖတ်ပြသင့်ဘူး" ဟု ကျုံးရှောက်က လင်းဝေ့ကို အကြံပေးလိုက်၏။
"ဒီလို အရေးကြီးတဲ့အလုပ်ကို ရှင့်ကိုပဲ လွဲပေးလိုက်ရမယ် ထင်ပါတယ်" ဟု ပြောကာ ရီမောနေရင်း လင်းဝေ့သည် ရုတ်တရက် 'အို့' ဟု နှုတ်က ထွက်သွား၏။
" ဘာဖြစ်တာလဲ" ကျုံးရှောက်က အမြန်မေးလိုက်၏။
လင်းဝေ့ သူမဗိုက်ကို ငုံ့ကြည့်ကာ အသာအယာလက်ဖြင့်ကိုင်လိုက်၏။ လက်ဖြင့် ခဏကိုင်ကြည့်လိုက်ပြီးနောက် ပြုံးကာ ပြန်ပြောလိုက်၏။
"ကလေးက ကန်နေတာ အားအရမ်းပြင်းတာပဲ"
ပုံမှန်ဆိုလျင် ကိုယ်ဝန် ၄လ ၅လရောက်လျင် ဗိုက်ထဲက ကလေးလှုပ်တာကို ခံစားနိုင်ပြီဖြစ်၏။ သို့သော် အစပိုင်း အရမ်းတော့ သိသာမည်မဟုတ်ချေ။ အခု လင်းဝေ့၏ ကိုယ်ဝန်က အခု ခြောက်လထဲ ရှိပြီဖြစ်ရာ အရင်ကလည်း ကလေးလှုပ်ဖူးသော်လည်း အရမ်းမသိသာပဲ ခဏလေး လှုပ်ပြီး ရပ်ရပ်သွားနေကြဖြစ်၏။ အခုတော့ ကလေးက အတော်လေး လှုပ်ကာ အားကလည်း ပြင်းလှ၏။
ကျုံးရှောက်၏ မျက်လုံးများ အရောင် တောက်လာ၏။
"ဟုတ်လား"
" ဟုတ်တယ် အခုထိတောင် လှုပ်နေတုန်းပဲ မယုံရင် ဗိုက်ကို ကိုင်ကြည့်လိုက်" လင်းဝေ့လည်း သူမဗိုက်ကို ကိုင်ရင်း ပြောလိုက်၏။
ကျုံးရှောက်လည်း တင်ပြင်ခွေထိုင်ကာ သူ၏လက်ကို လင်းဝေ့ဗိုက်ပေါ် တင်လိုက်၏။ တစ်ခဏကြာတော့ ကျုံးရှောက် ခေါင်းလေးမော့ကာ ပြုံးရင်းပြောလိုက်၏။
"သူ ကိုယ့်လက်ကို ကန်နေတယ်"
နောက် သူ၏ နားကို လင်းဝေ့ ဗိုက်နား ကပ်လိုက်ပြန်၏။ သို့သော် သန္ဓေသားကလေး၏ အသံက တိုးလွန်း၍ မကြားရပေ။ ထို့ကြောင့် နားကိုပြန်ခွာကာ လက်ဖြင့်သာဗိုက်ကို ပြန်ကိုင်လိုက်ကာ ကလေး ကန်သည်ကို ခံစားနေလိုက်၏။
လင်းဝေ့ဗိုက်ထဲက သန္ဓေသားကလေးက အတော်ကြာအောင် ကန်ကာကာ ဆော့ကစားနေပြီး ရပ်သွားလေ၏။ထိုအချိန်ကျမှ ကျုံးရှောက်လည်း သူ၏ လက်ကို လင်းဝေ့ဗိုက်ပေါ်မှ ရုတ်လိုက်ကာ လင်းဝေ့ကို မေးလိုက်၏။
"ကလေးမွေးလာရင် ဘယ်လို ရှိမယ်လို့ ထင်လဲ"
" မင်မင်နဲ့ ရွေ့ရွေ့တို့မွေးတုန်းကထက်တော့ ပေါင်ချိန်များမယ် ထင်တယ်"
" သေချာတာပေါ့"
လင်းဝေ့၏ ပထမကိုယ်ဝန်ဆောင်တုန်းက ကျုံးရှောက် ဘေးမှာ မရှိခဲ့သော်လည်း မွေးဖွားချိန်တွင်တော့ရှိခဲ့၍ မီးဖွားခန်းထဲက ထွက်လာသည့် မင်မင်နှင့်ရွေ့ရွေ့၏ သေးသေးလေး ပုံသဏ္ဌာန်ကိုတော့ မြင်ဖူးခဲ့၏။
"ဒီကလေးက ကျန်းမာသန်စွမ်းတဲ့ကလေးဖြစ်မှာ အသေအချာပဲ"
လင်းဝေ့ ကိုယ်ဝန်ကြီးနှင့် မသက်မသာဖြစ်နေသည်ကို မြင်လျင်တော့ ကျုံးရှောက် နောင်တရမိ၏။ သို့သော် ကလေးကိုလည်း သူချစ်၏။
ထိုအကြောင်း စဉ်းစားရင်းဖြင့် ယခုကလေးသည် လင်းဝေ့ပြောသည့် ဝတ္ထုဇာတ်ကြောင်းတွင်တော့ မွေးဖွားမလာခဲ့ ဟူသည့်အကြောင်းကို ပြန်စဉ်းစားလိုက်မိပြီး စိတ်ဆင်းရဲသွားရ၏။
သို့သော် ယခုလက်ရှိတွင်တော့ လင်းဝေ့ကော ဗိုက်ထဲက ကလေးကော နေကောင်းကျန်းမာဖို့ သူမျှော်လင့်ပါ၏။
.......
ကလေးထိန်း တစ်ယောက် လိုချင်ကြောင်း ကျုံးရှောက်က သူ၏ အသိမိတ်ဆွေတွေကို ပြောကာ ရှာခိုင်းထား၏။ တစ်ဖက်ကလည်း သင့်တော်နိုင်မည့်လူ သုံးဦး၏ အချက်အလက်များကို ရက်ပိုင်းအတွင်းရှာပေးလေ၏။ ထို့ကြောင့် အိမ်ပြန်ရောက်တော့ ကျုံးရှောက်လည်း လင်းဝေ့နှင့် တိုင်ပင်ရတော့၏။
"သုံးယောက်လုံးက အနီးအနားတပ်စု တွေကပဲ။ နှစ်ယောက်က ကလေးရှိပြီး တစ်ယောက်ကတော့ ကလေးမရှိဘူး။ ဒါပေမယ့် ရဲဘော်ကျန်းပြောတာကတော့ သုံးယောက်လုံးက အလုပ်ကြိုးစားကြတယ်တဲ့"
လောင်ကျန်းက မိသားစုအိမ်ရာဘေးက ငါးဖမ်းတပ်ဖွဲ့က ဖြစ်၏။ လွန်ခဲ့သည့်နှစ်အနည်းငယ်က ကျုံးရှောက်နှင့် အမှတ်မထင် ခင်မင်သွားကြကာ စိတ်ထားချင်းလည်း ကိုက်ညီကြတာ မို့လို့ သူတို့နှစ်ယောက်က အလွန် ရင်းနှီးသွားကြသည်။ လောင်ကျန်းက ပေါင်းသင်းဆက်ဆံရေးကောင်းကာ အချိတ်အဆက်များတာမို့လို့ သူ့အကူအညီဖြင့် ကျုံးရှောက် ပရိဘောဂပစ္စည်းများ ကြက်ဥများ ဝယ်ယူနိုင်ခဲ့၏။
" သူတို့ရဲ့မိသားစုတွေကကော ဘယ်လိုလဲ။ ဘယ်မှာနေကြတာလဲ" ဟု လင်းဝေ့က မေးလိုက်၏။
လောင်ကျန်းက အလုပ်လုပ်ရာတွင် ယုံကြည်စိတ်ချရသူတစ်ဦးဖြစ်၏။ ကျုံးရှောက်ကို သူစုံစမ်းထားသည့် လူသုံးယောက်၏ မိသားစုအခြေအနေ အကြောင်းအရာအားလုံးကို လည်း ပြောပြထား၏။
အမျိုးသမီးသုံးဦး၏ မျိုးရိုးနာမည်က တစ်ဦးက လီ ဖြစ်ပြီး နောက် နှစ်ဦးက တင်းနှင့် ကျန်းဖြစ်၏။ အစ်မလီက ငါးဖမ်းတပ်ဖွဲ့မှ ဖြစ်ပြီး ကလေး၄ယောက်နှင့် အမျိုးသားရှိ၏။ သို့သော် သူမ၏ ယောက္ခမတွေက သူမ အလုပ်လုပ်နိုင်အောင် ကလေး ကူထိန်းပေးကြ၏။
အစ်မတင်းကတော့ စိုက်ပျိုးရေးတပ်ဖွဲ့မှ ဖြစ်၏။ သူမမှာတော့ ယောက္ခမတွေ မရှိပါ။ သို့သော် ကလေးနှစ်ယောက်က အတော်အတန် အရွယ်ရောက်နေပြီဖြစ်ပြီး နောက်နှစ်ယောက်က ၁၂နှစ်နှင့် ၉နှစ်ကလေးတွေဖြစ်ရာ အကြီးနှစ်ယောက်က အငယ်နှစ်ယောက်ကို ကူထိန်းပေးနိုင်၏။
နောက်တစ်ဦးက အစ်မကျန်းဖြစ်၏။ သူမက လင်းဝေ့ထက်ပင်ငယ်ပြီး အိမ်ထောင်သက်လည်း တစ်နှစ်ကျော်ခန့်သာ ရှိသေးရာ လင်းဝေ့က အစ်မကျန်းဟု မခေါ်လည်း ရပါ၏။ အိမ်ထောင်သက်လည်း မကြာသေး၍ ကလေးလည်း မရှိသေးပါ။ ကလေးထိန်းသည့်နေရာ ကိုယ်ဝန်ဆောင် အမျိုးသမီးကို ပြုစုသည့်နေရာတွင်တော့ သူမသည် ပထမနှစ်ဦးလောက် မကျွမ်းကျင်နိုင်သော်လည်း သူမက သန့်သန့်ရှင်းရှင်းနေတတ်သူဖြစ်၏။
လင်းဝေ့က ကျုံးရှောက် ပြောပြသည်ကို နားထောင်ရင်း မေးလိုက်၏။
"ဒါဆိုပထမ အစ်မ ကြီး နှစ်ယောက်က သန့်သန့်ရှင်းရှင်း မနေတတ်လို့လား"
"ပြောချင်တာ သူတို့က မသန့်ရှင်းဘူးတော့ မဟုတ်ဘူး။ နောက်ဆုံးတစ်ယောက်က ပိုပြီး သန့်သန့်ရှင်းရှင်း နေတတ်တယ်လို့ပြောတာ။ သုံးယောက်ထဲမှာ သူက ကျန်းမာရေးနဲ့ ညီညွတ်အောင် အနေတတ်ဆုံးလို့ လောင်ကျန်းက ပြောခဲ့တာ"
"သူတို့ အကျင့်စရိုက်တွေကကော?"
" သုံးယောက်လုံးကတော့ ရိုးသားကြပါတယ်။ သူတို့ထဲက အစ်မလီနဲ့ လောင်ကျန်းက တပ်ဖွဲ့တစ်ခုတည်းကဆိုတော့ အစ်မလီက သူတို့တပ်ဖွဲ့ထဲမှာ ရိုးသားတယ် ဆိုပြီး နာမည်ထွက်တယ်လို့ လောင်ကျန်းက ပြောပြတယ်။ မင်းဆုံးဖြတ်ရ ခက်နေမှာစိုးလို့ မနက်ဖြန်ကျရင် မင်းနဲ့တွေ့ရအောင် အကုန်လုံးကို အိမ်ခေါ်လာခဲ့ဖို့ လောင်ကျန်းကို ပြောထားတယ်"
"အကုန်လုံး တစ်ပြိုင်နက်လား?"
"ဟုတ်တယ် အဆင်ပြေတယ်မလား."
"ဒါဆို တစ်ယောက်ချင်းစီခွဲပြီး တွေ့လိုက်မယ်" ဟု လင်းဝေ့ကပြောကာ "သူတို့သုံးယောက်စလုံးက တပ်ဖွဲ့တစ်ခုတည်းကပဲလား" ဟု ပြန်မေးလိုက်၏။
ကျုံးရှောက် ခေါင်းခါလိုက်၏။
"မဟုတ်ဘူး တပ်ဖွဲ့တစ်ခုတည်းကဆို အချင်းများစရာဖြစ်မှာစိုးလို့ တပ်ဖွဲ့မတူတဲ့သူတွေကို ရှာခိုင်းထားတာ။ ဒါပေမယ့် တစ်ယောက်ကတော့ လောင်ကျန်းရဲ့အမျိုးသမီးနဲ့ တပ်ဖွဲ့တူပြီး တစ်ယောက်က တပ်ဖွဲ့ချင်းနီးတယ်။ သူတို့အားလုံးက အချင်းချင်းသိကြပေမယ့် သိပ်မရင်းနှီးကြပါဘူး"
လင်းဝေ့လည်းခေါင်းငြိမ့်လိုက်၏။
"ဒါဆို ဒီတနင်္ဂနွေနေ့ကျ တွေ့လိုက်ရအောင် ရှင်လည်း အိမ်မှာ ရှိနေတော့ပိုအဆင်ပြေတာပေါ့"
"ကောင်းပြီလေ."