Chapter 158
Vol. 13 Ch. 158
တနင်္ဂနွေနေ့ ရောက်တော့ လင်းဝေ့ စောစောထလေ၏။
လင်းဝေ့သည် ပုံမှန်တော့ စောစောထလေ့မရှိသော်လည်း သေခြင်းတရားမှ လွတ်လာပြီးသည့်နောက် စိတ်လန်းဆန်းတက်ကြွနေသလို ခံစားရ၍ လတ်တလော စောစောထနေခြင်ဖြစ်၏။ ကျုံးရှောက်ကလည်း အလုပ်မသွားခင် မိသားစုအတွက် မနက်စာ ပြေးဝယ်ထားပေး၏။
ဒီနေ့က အင်တာဗျူးလည်း ရှိ၍ စောစောထရခြင်းဖြစ်၏။
"အင်တာဗျူးက နေ့လည်မှကို ဘာလို့ အစောကြီး ထနေတာလဲ" ဟု ကျုံးရှောက်က မေးလိုက်ရာ "ကျွန်မ အဆင်သင့်ပြင်ထားဖို့လိုတယ်လေ" ဟုလင်းဝေ့က ပြန်ဖြေ၏။
"မင်းက ဘာတွေ ပြင်ထားဖို့ လိုလို့လဲ"
"ကျွန်မရဲ့ပထမဆုံး သူများကို အင်တာဗျူးရတာဆိုတော့ ဘာတွေမေးမလဲ ဆိုတာ သေချာစဉ်းစားပြင်ဆင် ထားဖို့လိုတယ်လေ" ဟု လင်းဝေ့က ယုံကြည်ချက်ရှိစွာပြောလေ၏။
"ဟုတ်ပါပြီ"
နေ့လည်စာ စားပြီးနောက် လောင်ကျန်းက အမျိုးသမီးတစ်ဦးနှင့်မိသားစုအိမ်ရာကိုရောက်လာကြောင်းမိသားစုအိမ်ရာ ဝင်ပေါက်ကိုစောင့်ကြပ်သည့်သူက အကြောင်းကြားလာ၍ ကျုံးရှောက်က သွားခေါ်လိုက်၏။
ပထမဆုံး တွေ့ရသည့်သူက အစ်မလီဖြစ်၏။ လောင်ကျန်းပြောထားသလိုပင် အစ်မလီသည် အမှန်ပင် ရိုးသားသူဖြစ်၏။ လင်းဝေ့ရှေ့မှာ နေရခက်ကာ တုန်ယင်နေပြီး စကားပင်မပြောရဲဖြစ်နေ၏။
လင်းဝေ့က အစ်မလီ၏ အိမ်အခြေအနေကြောင်း အနည်းငယ် မေးမြန်းလိုက်စဉ် အစ်မလီက ထစ်ထစ်အအ ပြန်ဖြေလေ၏။ အစ်မလီ၏ အဖြစ်ကိုကြည့်ကာ လောင်ကျန်းပင်လျင် မျက်မှောင်ကြုံ့နေမိ၏။ နောက် မေးမြန်းပြီး၍ အပြန်လမ်းမှာလည်း ဘာလို့ မဝံ့မရဲတုန်ယင်နေတာလည်း ဟု ပြောလိုက်၏။
ထိုကဲ့သို့ မေးမြန်းသည်ကလည်း သူတို့နှစ်ဦးအကြားသာဖြစ်၍ လင်းဝေ့နှင့် ကျုံးရှောက်လည်း အာရုံထဲ မထားတော့ပါ။
သို့သော် စောနက မေးမြန်းကြည့်ရသလောက် အစ်မလီသည် အလုပ်အတွက်မသင့်တော်ဟု ခံစားမိ၏။ ရိုးသားတာက ကောင်းပေမယ့် ဒိီတစ်ယောက်က ရိုးအလွန်းနေတာဖြစ်၏။
စတွေ့ခါစမှာ မရင်းနှီး၍ စိတ်လှုပ်ရှားတုန်ယင်တာက လက်ခံပေး၍ ရသော်လည်း အလုပ်လုပ်သည့်အခါ မပြောရဲ မဆိုရဲဖြစ်နေလျင်တော့ သူမအတွက် အဆင်မပြေရုံသာမက လင်းဝေ့အတွက်လည်း မကောင်းပေ။
အိမ်အကူ ကလေးထိန်း ခန့်တာက တစ်ခါခန့်ပြီး အကြာကြီး မြဲမည့်လူကိုရွေးရတာဖြစ်၏။ ပထမလူ အဆင်မပြေ၍ ခဏခဏ လူလဲရလျင် အဆင်မပြေပေ။ အစ်မလီလိုမျိုး အားနာတတ်သည့် သူမျိုး ဆိုလျင်လည်း အဆင်မပြေတာမျိုးကို ထုတ်မပြောတတ်လျင်မဟုတ်သေးပေ။
ထို့ကြောင့် အစ်မလီကို စာရင်းထဲက ထုတ်လိုက်ရတော့၏။
ဒုတိယမြောက် တွေ့သည့်သူကတော့ အစ်မတင်းဖြစ်၏။ သူကတော့တက်ကြွသူဖြစ်ပြီး တစ်ဖက်သားနှင့်လည်းအမြန်ရင်းနှီးလွယ်၏။ ထို့ကြောင့်အိမ်ထဲ၀င်လာသည်နှင့် မင်္ဂလာပါ နှုတ်ဆက်ကာ အလုပ်လုပ်ရန်တာစူနေ၍ လင်းဝေ့ကပင် တားယူရကာ ထိုင်ခိုင်းလိုက်ရ၏။
လင်းဝေ့ တားယူတော့မှ " ကျွန်မက ကျွန်မ လုပ်နိုင်တာတွေကို ပြချင်လို့ပါ"ဟု ပြောလာ၏။
ပွင့်ပွင့်လင်းလင်း သမားဖြစ်သည့် အစ်မတင်းကြောင့် လင်းဝေ့ပင်လျင် ပြုံးလိုက်မိ၏။
"အရမ်းလောစရာ မလိုပါဘူး အစ်မရယ် ကျွန်မက အစ်မတို့ မိသားစုအခြေအနေလေးတွေ မေးမြန်းချင်လို့ပါ"
"ဟုတ်ကဲ့ မေးပါ" ဟု အစ်မတင်းက သွက်သွက်လက်လက် ချက်ချင်းပြန်ဖြေလိုက်၏။
လင်းဝေ့လည်း အစ်မတင်း၏ အိမ်အခြေအနေအသေးစိတ်ကို မေးမြန်းလိုက်၏။ အစ်မတင်းပြန်ဖြေသည်ကလည်း ကျုံးရှောက်ပြောပြထားသည့်အတိုင်းပင်ဖြစ်၏။ အစ်မတင်းအိမ်မှာ သူမကို အိမ်ကိစ္စကူညီပေးမည့် ယောက္ခမတွေ မရှိသော်လည်း သူမ၏သမီးကြီးက ထမင်းဟင်းချက်ပြုတ်တတ်ပြီး အငယ်လေးတွေကိုထိန်းကူပေး၍ အိမ်ကိစ္စကို နောက်ဆံတင်းစရာမလိုပေ။ ကျုံးရှောက် ပင်လယ်ဘက် တာဝန်ကျသည့်အခါတွင် လင်းဝေ့တို့နှင့်အတူ လာအိပ်နိုင်မလား မေးတော့လည်း အဆင်ပြေပါသည် ပြသနာမရှိပါ လာအိပ်၍ရပါသည်ဟုပြန်ပြော၏။
အစ်မတင်း၏အခြေအနေတွေက ကောင်းမွန်သော်လည်း လင်းဝေ့နှင့် ကျုံးရှောက်က ချက်ချင်း မဆုံးဖြတ်သေးပါ။ နောက်ဆုံးတစ်ယောက်ဖြစ်သည့်အစ်မကျန်းကိုလည်း မေးမြန်းရဦးမည်ဖြစ်၏။
အစ်မကျန်းက လင်းဝေ့ထက်ပင် ၂နှစ်ခန့်ငယ်၏။ထို့ကြောင့် အစ်မဟုခေါ်ရန် မသင့်တော်၍ နာမည်ဖြစ်သည့် ကျန်းလန် ခေါ်သာ ခေါ်ခဲ့၏။
ကျန်းလန်က အမှန်ပင် ပထမနှစ်ဦးထက်ပို၍ သန့်ရှင်းသပ်ရပ်စွာနေတတ်သူဖြစ်၏။ သူမ၏ သန့်ရှင်းသပ်ရပ်မှုက သူမ၏ ဆံပင်နှင့်အဝတ်အစားမှာ ထင်ဟပ်ရုံသာမက လက်ကလည်း သန်းရှင်းနေ၏။ လက်သည်းများကိုလည်း သေချာညှပ်ထားပြီး လက်သည်းကြားတွေမှာလည်း ချေးမရှိပါ။
သူမ၏ အပြောအဆို အမူအရာကလည်း နူးညံ့ညှင်သာပြီး အစ်မလီကဲ့သို့ ရှက်ရွံ့နေခြင်းလည်းမရှိပါ။ အစ်မတင်းကဲ့သို့ ဟောဟောဒိုင်းဒိုင်း သမားလည်း မဟုတ်ပါ။သူမမှာ ပြုစုစောင့်ရှောက်ရမည့်ကလေးလည်း မရှိ၍ သူမအတွက် တစ်ခြားဝန်ထုပ်ဝန်ပိုးလည်း မရှိပါ။
ကျန်းလန်က အကျင့်စာရိတ္တမဆိုးဟု လင်းဝေ့မှတ်ချက်ပေးလိုက်၏။ အစ်မတင်းကဲ့သို့ ဟောဟောဒိုင်းဒိုင်းသမားမဟုတ်၍ ပြန်ခံပြောမည့် ပြဿနာမျိုးလည်း မရှိနိုင်ပါ။ သို့သော် အိမ်မှုကိစ္စနိုင်မနိုင်မသိသေး၍ လင်းဝေ့က အိမ်မှုကိစ္စနိုင်လားမေးလိုက်၏။
"အိမ်အတွက် အစားအသောက်တွေတော့ ကျွန်မချက်လေ့ရှိတယ်"
ကျန်းလန်က သူမဟင်းချက်ကောင်းကြောင်း အပြောဖြင့် ကြွားရုံသာမလုပ်ပေ။
"ညနေစာမချက်ရသေးရင် မြည်းကြည့်လို့ရအောင် ကျွန်မ ညနေစာ ချက်ပေးပါ့မယ်"
လင်းဝေ့ကတော့ ချက်ခိုင်းမနေတော့ပါ။ "အိမ်မှာ ထမင်းဟင်း ချက်စားကြတယ်ဆိုတော့ ဒီမှာ အလုပ်လာလုပ်ရင် အိမ်မှာ ချက်မယ့်သူကောရှိပါ့မလား"
လင်းဝေ့၏စကားကြားတော့ ကျန်းလန်က ပြုံးလိုက်၏။
"ရဲဘော်လင်း ကျွန်မတို့ကျေးလက်နေသူတွေက ငွေရဖို့အတွက် အလုပ်လုပ်နေကြတာ။ စားဖို့သောက်ဖို့အတွက်ကို ကိုယ်တိုင်စိုက်ပျိုးစားနေရတာဆိုတော့ ကျွန်မပိုက်ဆံရတဲ့အလုပ်ရရင် အိမ်ထမင်းဟင်းချက်စရာလည်း မလိုတော့ဘူးလေ။ ကျွန်မ ယောက္ခမကြီးကလည်း ကျွန်မကိုတွေ့တိုင်း ဖြီးတော့မှာ"
ကျန်းလန်ပြောတာကိုနားထောင်ရင်း ကျန်းလန်နဲ့ သူ့ယောက္ခမနဲ့ဆက်ဆံရေး အဆင်မပြေမှန်း လင်းဝေ့ခန့်မှန်းလိုက်၏။
"တစ်ခါတစ်လေ ကျွန်မ အမျိုးသားပင်လယ်ဘက် တာဝန်ကျတဲ့အခါကျရင် ကျွန်မက ကိုယ်ဝန်နဲ့ အခက်အခဲဖြစ်မှာစိုးလို့ အိမ်အကူခေါ်ရတာပါ။ ဒါ့ကြောင့် အလုပ်ရတဲ့အခါကျရင် အလုပ်ကိုသေချာလုပ်နိုင်ပါ့မလား။ မိသားစုကိစ္စတွေကြောင့် ပျက်ကွက်တာမျိုးတွေ ရှိလာနိုင်လား။ လပိုင်းလောက် လုပ်ပြီး ထွက်သွားတာမျိုးလည်း မဖြစ်စေချင်လို့လေ။ ကျွန်မပြောတာ နားလည်တယ်မလားရှင့်"
"အာ့အတွက်တော့ မစိုးရိမ်ပါနဲ့ မိသားစုကိစ္စတွေကြောင့် အလုပ်ကို နှောင့်နှေးတာမျိုး မဖြစ်စေရပါဘူး"
ကျန်းလန်လည်း သူမရမည့် လစာအကြောင်း ပြောပြလိုက်လျင် သူမယောက္ခမကြီးသည် သဘောမတူချင်လည်း တူရမည်သာဖြစ်၏။ ငွေရှာနိုင်မည့်အခွင့်အရေးဖြစ်၍ ယောက္ခမကြီးက လက်လွတ်ခံမည်မဟုတ်ကြောင်း အသေအချာသိ၍ ထိုကိစ္စနှင့်ပတ်သက်ပြီး မစိုးရိမ်ပေ။
ကျန်းလန်ကို မေးမြန်းပြီးနောက် လင်းဝေ့သည် အပြင်ကို ထွက်ကာ ကျုံးရှောက်နှင့် လောင်ကျန်းကို ကျန်းလန်အား ဟင်းတစ်နပ် ချက်ခိုင်းမည်ဖြစ်ကြောင်းပြောလိုက်၏။ သူမ၏ ဟင်းချက် လက်ရာ မဆိုးပါက သူမကို အလုပ်ခန့်မည်ဖြစ်ကြောင်းပြောလိုက်၏။
ကလေးထိန်းငှားရခြင်းအဓိက ရည်ရွယ်ချက်မှာ လင်းဝေ့ကို ကူညီဂရုစိုက်ပေးရန်ဖြစ်၍ နောက်ပိုင်းလည်း လင်းဝေ့နှင့်သာ ထိတွေ့ ပြောဆိုဆက်ဆံရမည်ဖြစ်၏။ထို့ကြောင့် ကျုံးရှောက်လည်း လင်းဝေ့၏အမြင်ကို မကန့်ကွက်ပါ။
လင်မယားနှစ်ယောက်လုံး ဆုံးဖြတ်ချက်ချပြီးတော့ ကြားလူဖြစ်သည့် လောင်ကျန်းလည်း ပြောစရာမရှိတော့ပေ။
" ရဲဘော်ကျုံးတို့ အာ့လိုဆုံးဖြတ်ပြီးပြီဆိုတော့ ကျွန်တော်လည်း ပြန်လိုက်တော့မယ်။ နောက်ပိုင်းအဆင်မပြေတာရှိရင်လည်း ကျွန်တော့်ကို တိုက်ရိုက်လာပြောလို့ရပါတယ်"
"ကျွန်မတို့ အရေးနဲ့ ရဲဘော်ကျန်းလည်း အလုပ်များခဲ့ရတာကို ဒီအတိုင်းပြန်သွားလို့ ဘယ်ဖြစ်မလဲ။ ကျွန်မတို့က မြစ်ကို ဖြတ်ပြီးတာနဲ့ တံတားကို ဖျက်လိုက်တာမျိုး ဘယ်လုပ်သင့်မလဲ" ဟု လင်းဝေ့က ပြုံးကာပြောရင်း ကျုံးရှောက်ကို မျက်စိမှိတ်ပြကာ အချက်ပြလိုက်၏။
"ညနေစာ စားပြီးမှ ပြန်လိုက်ပါ" ဟု ကျုံးရှောက်က ပြောလိုက်၏။
ကျုံးရှောက်က ထိုသို့ပြောလာတော့ လောင်ကျန်းကလည်း ငြင်းမနေတော့ပဲ သဘောတူလိုက်သည်။
ညနေစာကို ကျန်းလန်တစ်ယောက်တည်း ချက်ပြုတ်နေ၏။ လင်းဝေ့က ကူညီပေးလိုသော်လည်း ကျန်းလန်က ကိုယ်ဝန်သည် လင်းဝေ့ကို အလုပ်လုပ်ခွင့်မပြုပေ။
ကျုံးရှောက်ကတော့ အမျိုးသားတစ်ဦးဖြစ်၍ လင်းဝေ့ကို ကူညီးလျင်တော့ ကိစ္စမရှိသော်လည်း တစ်ခြားအမျိုးသမီးဆိုလျင်တော့မသင့်တော်၍ မကူတော့ပဲ အပြင်ဘက်မှာသာ လောင်ကျန်းနှင့် စကားပြောနေလိုက်၏။
ကျန်းလန်ကတော့ မီးဖိုချောင်မှ သပ်သပ်ရပ်ရပ်လုပ်ကိုင်နေပြီး နာရီဝက်အတွင်း ဟင်းလျာငါးမျိုးချက်နှင့် စွတ်ပြုတ်ဟင်းတစ်ပွဲချက်လိုက်၏။ စားသောက်စရာများကို စားပွဲပေါ်မှာ တည်ခင်းပြီးနောက် မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်လိုက်၏။
ချက်ပြုတ်ရှင်းလင်းပြီးတော့ ကျန်းလန်က အိမ်ပြန်ရန်ပြင်၏။ လင်းဝေ့ကတော့ ထမင်းဟင်းတောင် ပြင်ဆင်ပေးပြီးဖြစ်၍ မပြန်စေချင်ပဲ ညနေစာ အတူစားသွားစေချင်၏။
ကျန်းလန်လည်း ဘယ်လိုလုပ်ရမှန်းမသိ ဖြစ်နေစဉ် လောင်ကျန်းကလည်း စားသွားလိုက်ပါဟု စည်းရုံးနေ၍ မပြန်ပဲနေတော့၏။
ကျန်းလန်၏ ဟင်းချက်လက်ရာက ကောင်းမွန်၏။ဟင်းလျာများက ဆီလည်းမများ ဆားလည်း မငန်ပဲ အရသာက ကောင်းလှသည်။
ကလေးတွေကတော့ ကျန်းလန်၏ ဟင်းလျာများကိုစားရင်း သူတို့အဖေ လက်ရာထက်ကောင်းသည်ဟု ပြောနေကြ၏။ သူတို့အမေ လက်ရာနှင့်ယှဉ်လျင်တော့ သူတို့အမေ လင်းဝေ့ လက်ရာကသာ ကမ္ဘာပေါ်မှာ အကောင်းဆုံးဟု မှတ်ချက်ပေးပြန်၏။
"မေမေ့ လက်ရာက ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ" ဟု မင်မင်က ထပ်ပြောလိုက်သေး၏။
လင်းဝေ့က မြှောက်ပင့်တာ ကြိုက်တတ်သည့်သူ မဟုတ်သော်လည်း သူ့သား၏ ချီးကျူးစကားကြောင့် ကျေနပ်သွားကာ "မေမေ ကလေးလေးကို မွေးပြီးသွားရင် သားတို့အတွက် အရသာရှိတာတွေ စားပွဲအပြည့် ချက်ကျွေးမယ်နော်" ဟု ကတိပေးလိုက်၏။
"မေမေက သားစားချင်တာ အားလုံးချက်ကျွေးမှာလား" ဟု မင်မင်က ပျော်ရွှင်သွားကာ တက်ကြွစွာပြန်မေးလိုက်၏။
"ဒါပေါ့" လင်းဝေ့ကလည်း ကတိပေးလိုက်၏။
"သားစားချင်တာ အားလုံးကို မေမေက ချက်ပေးမှာ"
မင်မင် တစ်ယောက်ပျော်လွန်း၍ မူးမေ့လဲ မတတ်ဖြစ်သွား၏။
စိတ်သဘောထားကြီးမားသည့် ကျုံးရှောက်က သူ့သား၏ ပျော်ရွှင်သည့် အမူအရာကိုတွေ့တော့ နားမလည်နိုင်ဖြစ်သွား၏။ အဖေဖြစ်သည့်သူလည်း သူ့သားတွေ စားချင်သည့်ဟင်းများကို ချက်ပြုတ်ပေးခဲ့ဖူးသော်လည်း သည်လောက်ပျော်တာ မမြင်ခဲ့ဖူးပေ။ ဒီကလေးတွေကတော့နော်။
လင်းဝေ့ကတော့ ကျုံးရှောက်တစ်ယောက် နားလည်မှု လွဲနေသည်ဟုထင်၏။ ကလေးတွေ သူမ ဟင်းချက်ပေးလျင် ပျော်တာက သူမ၏ ဟင်းချက်လက်ရာကောင်း၍ ဖြစ်၏။ ကျုံးရှောက် ချက်ပေးလျင် ပျော်သည့်ဟန် မပြခြင်းက……သူ၏ လက်ရာကြောင့်ဖြစ်၏။ ထို့ကြောင့် ဟင်းချက်လက်ရာကောင်းလာအောင် ထပ်လေ့ကျင့်ရဦးမည်ဟု အကြံပေးလိုက်သည်။
ကျုံးရှောက် - "………"