← Chapters

Chapter 163

Vol. 13 Ch. 163

Chapter 163

Vol. 13 Ch. 163

အချိန်၆နာရီခွဲခန့်အကြာ၊ မနက်ငါးနာရီတွင် လင်းဝေ့ သမီးလေး မွေးလေသည်။

ကလေးမီးဖွားခြင်းသည် ချောချောမွေ့မွေ့ပြီးဆုံးသွားသော်လည်း၊ လင်းဝေ့က ထိုညတွင် အိပ်ရေးပျက်ထားသည့်အပြင် သူမ၏ ကလေးမီးဖွားပြီး ပင်ပန်းမှုတို့ကြောင့် အိပ်မောကျသွားလေတော့သည်။

နေ့လယ်ပိုင်း မွန်းတည့်ချိန်တွင် သူမနိုးလာခဲ့ပြီး၊ ဗိုက်ဆာသော်လည်း လက်နှင့်ခြေတို့သည် အားယုတ်ကာမလှုပ်နိုင်ဘဲ သူမခေါင်းသာလှုပ်ရှားနိုင်တော့သည်။

ဆေးရုံခန်းထဲတွင် လူအများအပြားရှိနေသော်လည်း သူမငုတ်တုတ်ထိုင်လိုက်သည်နှင့် စကားပေါနေသော အမွှာနှစ်ယောက်ကို တွေ့လိုက်ရသည်။ မင်မင် ကုတင်ပေါ်သို့ခုန်တက်လိုက်ပြီး လင်းဝေ့ ဘေးဝင်လှဲလိုက်ကာ၊ "မေမေ နိုးလာပြီလား?" ဟုမေးလိုက်သည်။

မင်မင့် အသံကြားသည်နှင့်၊ အခြားသူများလည်း သူမနားဝိုင်းလာပြီး၊ အမေလင်းလည်း အလျင်အမြန်မေးလိုက်သည်။ "ဘယ်လိုနေသေးလဲ သမီး? နာနေသေးလား? ရေဆာနေပြီလား? ဗိုက်ရောဆာပြီလား?"

"အမေကလည်း မေးခွန်းတွေ အများကြီးမေးနေတာပဲ၊ သမီးဘာအရင်ဖြေရမှာလဲ?" လင်းဝေ့ရယ်ကာ ပြောလိုက်သည်။

လင်းဝေ့အသံသည် အားနည်းနေသေးသော်လည်း၊ သူမအမေကိုတော့ ပြန်စနေနိုင်သေးသည်မို့၊ အမေလင်းစိတ်အေးသွားရသည်။ အိပ်ရာပေါ်က ခေါင်းဦးကိုယူကာ လင်းဝေ့ကျော်မှီရန် ကျောနောက်တွင် ခုပေးလိုက်ပြီးနောက် "ရေနည်းနည်းလောက် သောက်ချင်သလား သမီး?" ဟုမေးလိုက်လေသည်။

"အင်း"

လင်းဝေ့ ပြောသံကိုကြားပြီးနောက်၊ အမေလင်း ရေနွေးကရားထဲမှ ဖန်ခွက်ထဲသို့ ခွက်တစ်ဝက်လောက် လောင်းထည့်ပြီး၊ ရေကျက်အေးအနည်းငယ်လောင်းထည့်ကာ၊ ခွက်နံရံ အလွန်ပူနေခြင်းရှိမရှိစမ်းကြည့်ပြီးမှ သူမသမီးကိုတိုက်ရန်ပြင်လိုက်သည်။

ကျောနောက်မှ ခေါင်းအုံးကို မြှင့်ထားသော်လည်း၊ လင်းဝေ့ထိုင်နေသည်မှာ အောက်သို့အနည်းငယ်လျှောနေသဖြင့်၊ သူမ ရေသီးမည်ကိုစိုးရိမ်သောကြောင့်၊ အမေလင်း လင်းဝေ့အား နည်းနည်းချင်းစီသာ တိုက်‌လေသည်။

လင်းဝေ့ တစ်ငုံအရင်သောက်လိုက်ကာ၊ ရေဝစ်ဝက်ခန့်သောက်ပြီးချိန်မှာတော့၊ သူမခေါင်းရမ်းလိုက်ပြီး‌ ပြောလိုက်သည်။ "သမီးထပ်မသောက်နိုင်တော့ဘူး။ ကျုံးရှောက်ရော ဘယ်မှာလဲ?"

အမေလင်း ရေခွက်ကိုချလိုက်ပြီး၊ လင်းဝေ့ပါးစပ်တစ်ဝိုက် လက်ကိုင်ပုဝါဖြင့်သုတ်ကာ "သူ သမီးအတွက် ထမင်းသွားယူတာ နည်းနည်းတော့ကြာပြီ။ သူခနနေပြန်ရောက်လာတော့မှာပါ။"

"ဖေဖေက အန်တီကျန်းကို မေမေ့အတွက် ငါးပြုတ်ဟင်းရည် လုပ်ခိုင်းထားတယ်။" မင်မင် ချက်ချင်းထပြောလိုက်သည်။

လင်းဝေ့ သူ့ဘက်လှည့်လာပြီး ပြုံးကာ "သားက သိတယ်လား?"

"ဟုတ်တယ်။ ဖေဖေက သားတို့ကို မနက်က လာခေါ်တုန်းက အန်တီကျန်းကို ပြောနေတာ သားကြားခဲ့တယ်။ ဖေဖေက၊ မေမေ အခုမှကလေးမွေးထားတာမလို့၊ ထမင်းမစားနိုင်လောက်သေးဘူးဆိုလို့၊ အန်တီကျန်းကဆန်ပြုတ်လည်း ပြုတ်ထားသေးတယ်။" ဟင်းလျာများနှင့်ပက်သက်ပြီး မင်မင်စိတ်လှုပ်ရှားနေသော်လည်း၊ "ဒါပေမယ့် အဲ့တာတွေလည်း မေမေစားလို့မရသေးပါဘူး။" ဟုဆိုကာ သူ့အမေအားသနားလာလေသည်။

အမေလင်းမှ၊ "အခု သားတို့ကိုမွေးတုန်းက ဘယ်လောက်ခက်ခဲ ခဲ့တယ်ဆိုတာသိပြီလား?" ဟုပြောလိုက်သည်။

မင်မင် သံသယရှိစွာဖြင့်၊ " မေမေ သားတို့ကို မွေးတုန်းကလည်း ဘာမှစားလို့မရဘူးလား?"

မင်မင်သည် ကလေးသာရှိသေးသောကြောင့် သူနှင့်သူ့ညီလေးကို လင်းဝေ့မွေးထားမှန်းသိသော်လည်း၊ မည်ကဲ့သို့ မွေးဖွားခဲ့မှန်း မသိခဲ့ပါ။

ဒီနှစ် သူ့အမေကလေးမီးဖွားသည်ကို မြင်ပြီးမှသာ၊ ဒါဟာရှည်လျားသည့် ဖြစ်စဉ်မှန်း ဖြည်းဖြည်းချင်း နားလည်လာတော့သည်။ သူမ သိသည့်အရာများစွာ ရှိသေးလေသည်။ ထို့ကြောင့်လည်း သူဤမေးခွန်းမျိုး မေးခြင်းဖြစ်လေသည်။

"ဒါပေါ့။ ကလေးမွေးပြီးခါစဆိုရင် အမေတွေက အရည်ပဲသောက်လို့ရတယ်။ ဒီတစ်ခေါက် သားတို့ညီမလေးကိုမွေးတော့ သားတို့အမေ အများကြီး မခံစားလိုက်ရဘူး။ သားနဲ့ရွေ့ရွေ့ကိုမွေးတုန်းကဆို သူဆယ့်တစ်နာရီ၊ဆယ့်နှစ်နာရီလောက် နာကျင်နေရတာ။"

အမှန်တော့ လင်းဝေ့ ရွေ့ရွေ့ကိုမွေးစဉ်က ချောချောမွေ့မွေ့ မွေးနိုင်ခဲ့သည်ဟု သတ်မှတ်နိုင်သည်။ အချိန်အများစုမှာ၊ အမွှာကလေးများမွေးခြင်းဖြစ်စဉ်တွင် ပထမကလေးအားမွေးဖွားပြီးနောက် ဒုတိယကလေးမွေးဖွားရန်၊ ဆယ်နာရီကျော်၊ သို့မဟုတ် တစ်ရက်မှနှစ်ရက်အထိ ကြာနိုင်‌လေသည်။ သို့ပေမယ့်၊ ဒီတစ်ခေါက်ဖြစ်စဉ်နှင့်ယှဉ်လျှင်၊ လင်းဝေ့ မင်မင်နှင့်ရွေ့ရွေ့ကို မွေးစဉ်က အချိန်ပိုမိုကြာမြင့်ခဲ့ပြီး ပိုမိုနာကျင်ခံစားခဲ့ရသည်။

လင်းဝေ့ မီးမဖွားခင်အချိန်၌၊ ရွေ့ရွေ့တို့သည် မနက်တွင်လာ၊နေ့လည်တွင်ပြန်ပြီး၊ အမေလင်း သို့မဟုတ် ကျန်းလန်က သိပ်ရမည်ဖြစ်သည်။ ထို့ကြောင့် လင်းဝေ့မနေ့ညမှာ မွေးဖွားခဲ့သည့်အချိန်တွင် ကျုံးရှောက်သာ သူမအနားတွင်ရှိနေခဲ့သည်။ အမေလင်းနှင့် ကလေးနှစ်ယောက်ကို ကျုံးရှောက် ဤမနက်မှ သွားခေါ်လာခဲ့ခြင်းဖြစ်သည်။

ကလေးနှစ်ယောက် ဆေးရုံရောက်သည့်အခါတွင်၊ လင်းဝေ့ ကလေးမီးဖွားပြီးပြီဆိုသော်လည်း၊ သူတို့သည် ကလေးမီးဖွားခန်းရှေ့ မစောင့်ဖူးကြသေးသည့်အတွက်၊ ကလေးမီးဖွားသည်မှာ မည်မျှနာကျင်သည်ကို သူတို့မသိချေ။

သူ့အမေ သူတို့အားမွေးဖွားပြီးနောက် ဆယ်နာရီကျော် နာကျင်နေခဲ့သည်ကိုသိသော်၊ သူမျက်ရည်များဝဲလာခဲ့သည်။ ရွေ့ရွေ့သည်လည်း မျက်ရည်များဝဲကာ လင်းဝေ့အားကြည့်လိုက်ပြီး "မေမေ တအားနာခဲ့မှာပဲနော်။" ဟုပြောလေသည်။

လင်းဝေ့ ရွေ့ရွေ့ ပါးမှမျက်ရည်များကိုသုတ်ကာ၊ "အဲ့ဒီတုန်းကနာခဲ့ပေမယ့်၊ မေမေ သားတို့ကိုရခဲ့တာမလို့၊ မေမေပျော်ပါတယ်။" ဟုပြောလေသည်။

လက်ထပ်ပြီးမှ ကိုယ်ဝန်ရခဲ့သည်မှာ မှန်သော်လည်း၊ မင်မင်နှင့်ရွေ့ရွေ့တို့ကို ကိုယ်ဝန်လွယ်ရစဉ်က၊ မတော်တဆ၊ မထင်မှတ်ဘဲ လွယ်ခဲ့ရခြင်းဖြစ်သည်။ ပထမဆုံးအနေဖြင့်သူမသည် ထိုစဉ်ကငယ်သေးပြီး၊ ထိုမျှစောစော ကိုယ်ဝန်ရှိလာရန် မထင်မှတ်ထားခဲ့ပေ။

ဒုတိယအနေဖြင့်၊ သူမနှင့်ကျုံးရှောက်သည်လက်ထပ်ပြီးနောက်ပိုင်းလည်း အဆင်ပြေပြေရှိခဲ့သည်။ ရက်အနည်းငယ်အတွင်းမှာပင် ကိုယ်လက်နှီးနှောဖြစ်ခဲ့သော်လည်း၊ လက်ချိုးရေနိုင်သည့် အရေအတွက်သာဖြစ်သည့်အတွက်၊ ဤမျှအကြိမ်ရေ အနည်းငယ်နှင့် ကိုယ်ဝန်ရလာမည်မှန်း သူတို့မသိခဲ့ချေ။

သို့သော်၊ လင်းဝေ့သည် ထိုစဉ်က အလွန်ငယ်သေးပြီး၊ အမေတစ်ယောက်ဖြစ်လာရန် အဆင့်သင့်မဖြစ်ခဲ့သေးပေ။ ကိုယ်ဝန်လွယ်ထားစဉ်၊ သူမ စိတ်အားငယ်ခဲ့ရပြီး မည်သည့်ခံစားချက်မျှမရှိ ဟုအစဉ်အမြဲ ခံစားခဲ့ရလေသည်။

ရွေ့ရွေ့တို့ကို မွေးသည့်နေ့တွင်တော့၊ သူမခွဲစိတ်ကုတင်ပေါ်မတက်မှီ မကြာခဏ ငိုခဲ့ရလေသည်။ သူမအတော်ပင် နာကျင်ခံစားခဲ့ရသည်ပင်ဖြစ်သည်။

မင်မင်နှင့် ရွေ့ရွေ့ကို မွေးပြီးပြီးချင်း သူမပင်ပန်းကာအိပ်ပျော်သွားသောကြောင့် ကလေးနှစ်ယောက်အား တွေ့ခွင့်မရခဲ့ချေ။ နောက်တစ်ရက်မနက် သူမမျက်လုံးဖွင့်ကာမှ သူမ ယောက္ခမနှင့် သူမအမေ သူမကလေးနှစ်ယောက်အားချီထားသည်ကို တွေ့လိုက်ရာ၊ သူမလည်းအမေတစ်ယောက် ဖြစ်လာတော့မည်ဟု တွေးလိုက်မိတော့သည်။

ဤသို့တွေးပြီးနောက်၊ ကလေးသေးသေးလေးနှစ်ယောက်ကိုကြည့်ပြီး၊ သူမနှလုံးသားသည် ပိုပိုမိုနူးညံ့လာကာ၊ ကလေးမွေးစဥ်က နာကျင်မှုများ ဖြည်းဖြည်းချင်း လျော့သွားလေတော့သည်။

မင်မင်မှ၊ "မေမေ အခုရောနာနေသေးလား? ဟူ၍ မေးလိုက်တော့မှ လင်းဝေ့ အသိပြန်ဝင်လာခဲ့သည်။

"မေမေ မနာတော့ပါဘူး။"

သူသည် နာကျင်မှုရှိမရှိ မသိနိုင်သော်လည်း၊ ဤအကြောင်းကို လေးလေးနက်နက် တွေးတောလေသည်။ သူတို့အမေ သူတို့ကို မွေးစဉ်က၊ မွေးပြီးသူတို့အားမြင်သည့်အခါ မနာတော့လျှင်၊ ဒီတစ်ခေါက် သူတို့ညီမလေးမွေးတော့လည်း မေမေ ညီမလေးကို တွေ့သင့်သည် ဟုတွေးလေသည်။ သူ မတ်တပ်ထရပ်လိုက်ပြီး၊ "မေမေ ညီမလေးကို တွေ့ချင်လား?" ဟုမေးလိုက်သည်။

ဤသည်ကိုကြားသော်၊ အမေလင်း လင်းဝေ့ဘေးကုတင်မှ အိပ်နေသောကလေးအား အမြန်ချီလိုက်ကာ လင်းဝေ့အားပြလိုက်သည်။ သူမ အစတည်းမှ ပြခဲ့သင့်ပေမယ့်၊ အမွှာနှစ်ယောက်၏ နှောင့်ယှက်ခြင်းကိုခံလိုက်ရကာ၊ ကလေးကို လင်းဝေ့အား ပြရန် မေ့လျော့သွားခဲ့သည်။

ကလေးကို အနှီးဖြင့်ပတ်ထားပြီး၊ ခေါင်းသေးသေးလေးသာပေါ် နေပေမယ့်၊ ကလေးသည် မင်မင်နှင့်ရွေ့ရွေ့တို့မွေးစဉ်ကထက် ပို၍ကြီးပိုပေါ်သည်။

"ကလေးက ပေါင်ချိန်ဘယ်လောက်ရှိလဲ?" လင်းဝေ့မေးလိုက်သည်။

"၆ပေါင်နဲ့၈အောင်စ၊ သူမက ဖက်တီးမလေးပဲ။" အမေလင်းက ပြုံးကာ ပြောလိုက်သည်။

၆ပေါင်နှင့် ၈အောင်စ သည်သိပ်ပေါ့သည်တော့မဟုတ်ပေ။ လင်းဝေ့ သူမလက်ကိုထုတ်လိုက်ပြီး သူမသမီးမျက်နှာလေးကိုထိကာ၊ "လှလိုက်တာ" ဟု ပြောလိုက်သည်။

ဘေးကုတင်တွင်လှဲနေသည့် မင်မင်ကြားသော်၊ အံ့ဩသွားပြီး "မေမေ? ညီမလေးကို သေချာမြင်ရလို့လား?"

ရွေ့ရွေ့လည်း မျက်လုံးပြူးသွားပြီး၊ သူ့အစ်ကို၏ အမေးကို ခေါင်းညိမ့်ထောက်ခံလိုက်သည်။ သူသည် အခုတော့ သူ့အမေ နိုးနိုးကြားကြားရှိမရှိ သံသယဝင်လာလေသည်။ သူ့ညီမလေးမျက်နှာသည် နီနေပြီး မျက်နှာရှုံ့မဲ့နေလေရာ၊ ဘယ်နားကလှတာလဲ ဟု တွေးတော့နေလေသည်။

လင်းဝေ့ မပြောနိုင်ခင်မှာဘဲ၊ အမေလင်းက စိတ်ဆိုးစွာဖြင့်၊ "မင်းတို့နှစ်ယောက်လုံးကို ပြောပြီးသားပဲ၊ မွေးကင်းစ ကလေးတွေအကုန် ဒီတိုင်းပါပဲဆိုနေ။" ဟုငေါက်လိုက်လေသည်။

"ဘွားဘွားလိမ်တယ်။ သားနဲ့သားညီလေး ငယ်ငယ်က ပုံတွေ သားမြင်ဖူးပါတယ်။ သားတို့ကအဲ့ပုံတွေထဲကြည့်လို့ကောင်းပြီး အခုသားတို့ညီမလေးနဲ့ မတူပါဘူး!" သူသည် သိသိသာသာပင် မကျေမနပ်ဖြစ်နေလေသည်၊ သူကလေးတုန်းက ရုပ်မဆိုးခဲ့ချေ!

အမေလင်း မင်မင် မည်သည့်ဓာတ်ပုံအကြောင်းပြောနေသည်ကိုသိပြီး၊ ပြောလိုက်သည်။ "အဲ့ဒီပုံကို ရိုက်တုန်းကသားတို့က တစ်လသားလောက်ရှိနေပြီလေ။ မျက်နှာတွေလည်း သေချာပေါ်လာပြီး၊ သေချာပေါက်ကြည့်ကောင်းမှာပေါ့။ သားတို့ညီမလေးမွေးတာ‌ ဘယ်လောက်ကြာသေးလို့လဲ? နည်းနည်းလောက်သာစောင့်လိုက်၊ ရက်နည်းနည်းနေရင် ညီမလေးလည်းချောလာမှာ!"

မင်မင်ကြားသော်၊ ခေါင်းလှည့်ကာ သူ့ညီမလေးအား တစ်ချက်လှမ်းကြည့်လိုက်လေသည်။ သူ့အဘွားမျက်လုံးမကောင်းတာဖြစ်မည်ဟု တွေးလိုက်သည်။ ဘယ်လိုလုပ် သူ့ညီမလေးက ပိုကြည့်ကောင်းလာမှာလဲ? မင်မင် မယုံနိုင်ဖြစ်နေလေသည်။

ရွေ့ရွေ့လည်း အမေလင်းပြောလိုက်သည်ကို မယုံနိုင်ဖြစ်နေလေသည်။ အတိအကျပြောရလျှင်၊ သူသည် ယုံသည်က နည်းနည်း သံသယဖြစ်သည်က များများဖြစ်နေလေသည်။ သူ့ညီမလေးကိုဘယ်လောက်ကြည်ကြည့်၊ သူ့ညီမလေး ပိုကြည့်ကောင်းလာမည်ကို မမြင်နိုင်ဖြစ်နေလေသည်။

သို့ပေမယ့်၊ သူ့အမေရဲ့အပြုံးကိုကြည့်ကာ၊ သူ့အမေပျော်နေသရွေ့၊ ရွေ့ရွေ့ သူ့ညီမလေးမလှကြောင်းမပြောနိုင်ချေ။

သူတို့စကားပြောနေစဉ်မှာပဲ၊ ကျုံးရှောက် နေ့လယ်စာယူကာပြန်လာလေသည်။

ငါးစွပ်ပြုတ်တစ်ဗူး၊ ဆန်ပြုတ်တစ်ဗူး၊ အရွက်ကြော်တစ်ဗူး၊ စုစုပေါင်းသုံးဗူး ပါလာလေသည်။ ထိုပမာဏဖြင့်၊ မိသားစုဝင်များမစားဘဲ၊ လင်းဝေ့‌ တစ်ယောက်တည်းသာ အဝအလင်စားစေသည်။

လင်းဝေ့ မေးလိုက်သည်။ "ရှင်ရော စားခဲ့ပြီးပြီလား?"

ဆန်ပြုတ်နှင့် ငါးစွပ်ပြုတ်ကို ချက်ရသည်မှာ အချိန်ကြာသည့်အပြင်၊အိမ်တွင် အိုး လက်ချိုးရေနိုင်ရုံမျှသာရှိသည့်အတွက်၊ ငါးစွပ်ပြုတ်ချက်ပြီးနောက်၊ ဆန်ပြုတ်နှင့် ထမင်းကို ပြန်မနွှေးနိုင်ခဲ့ချေ။ အရွက်ကြော်ကိုတော့ ငါးကိုပြုတ်ထားပြီးမှ ကြော်ခဲ့ခြင်းဖြစ်သည်။ အရွက်ကြော်သည်တော့ အမြန်ချက်လို့ရသည့်ဟင်းမျိုးဖြစ်၍ အချိန်မကြာခဲ့ချေ။

ဒီဟင်းတွေကို လင်းဝေ့အတွက်သာ ပြင်ဆင်ခဲ့ခြင်းဖြစ်တာကြောင့်၊ အများအပြား မဟုတ်ဘဲ၊ သေချာပေါက် တစ်မိသားစုလုံးစားရန် မလုံလောက်ပေ။ ကျန်းလန်ကိုအခုချက်ခိုင်းလိုက်မည်ဆိုလျှင်လည်း၊ အနည်းဆုံးညနေမှချက်ပြီးမည်ဖြစ်သည်။ ဆေးရုံမှအိမ်သို့ အသွားအပြန် ကြာမည့်အချိန်ကိုပါ ထည့်တွက်ပြီး၊ ကျုံးရှောက်ပြောလိုက်သည်။ "ဆေးရုံကန်တင်းမှာပဲ စားလိုက်တော့မယ်။”

All Chapters