Chapter 164
Vol. 13 Ch. 164
ထိုသို့ပြောရင်းနှင့်၊ ကျုံးရှောက် အိတ်ကပ်ထဲမှ ပိုက်ဆံအနည်းငယ်နှင့် လက်မှတ်တစ်ချို့ ထုတ်ပြီး အမေလင်းအား လှမ်းပေးလိုက်ကာ၊ မင်မင်နှင့် ရွေ့ရွေ့ကိုအရင်ခေါ်သွားပြီး စားရန်ပြောလိုက်လေသည်။
အမေလင်း ပိုက်ဆံနှင့် လက်မှတ်ကိုယူလိုက်ပြီးမေးလိုက်သည်။ "ဒါဆို မင်းကရော?" ကျုံးရှောက်အိမ်တွင်လည်း မစားခဲ့ချေ။
"အမေတို့ စားပြီးပြန်လာရင် သွားစားလိုက်ပါ့မယ်။" ဟု ကျုံးရှောက်ပြောလိုက်သည်။
လင်းဝေ့ သူမခေါင်းဦးအောက်မှ နာရီကိုထုတ်ကြည့်ကာ "၁၂တောင်ခွဲနေပြီ။ အမေတို့ စားပြီးတဲ့အချိန်ကျ၊ ကန်တင်းမှာဟင်းတွေ ကျန်ပါဦးမလား?" သူမရှေ့မှ ထမင်းဗူး သုံးဗူးကိုကြည့်ကာ၊ "ဘာလို့အတူတူမစားတာလဲ?" ဟုပြောလိုက်သည်။
"လောက်ရဲ့လား?" အမေလင်း မေးလိုက်သည်။
လင်းဝေ့ ရှေ့ရှိစားပွဲတွင် ထမင်းဗူးကြီးသုံးဗူးရှိသော်လည်း၊ အကုန်စွပ်ပြုတ်နှင့်အရည်တွေသာဖြစ်သည်။ လင်းဝေ့သည် ပုံမှန် နည်းနည်းသာစားလေ့ရှိသော်လည်း၊ ကျုံးရှောက်ပါ စားမည်ဆိုလျှင် သေချာပေါက်မလောက်ပါ။
လင်းဝေ့လည်း မလောက်မှန်းသိကာ၊ ခဏအကြာတွေးတောပြီးနောက်၊ "ဒါမှမဟုတ်၊ အမေကပဲ သူ့အတွက် ဟင်းနည်းနည်းယူလာပေးလို့မရဘူးလား? တစ်ယောက်နည်းနည်းစီ ချွေချွေတာတာ စားလိုက်ရင် လောက်သွားမှာပဲလေ။"
"အဲ့လိုဆို မင်းအဆင်ပြေလား?" အမေလင်း ကျုံးရှောက်အားမေးလိုက်သည်။
"အဆင်ပြေပါတယ်။" ဟု ကျုံးရှောက်ပြောလိုက်သည်။
အမေလင်း သူမမြေးနှစ်ယောက်နှင့် ထွက်သွားပြီးနောက်၊ သူမရှေ့ရှိ ထမင်းဗူးသုံးအနက် မည်သည်ကိုအရင်စားရမည်မသိဖြစ်ကာ၊ သူမတူတို့ကိုချလိုက်ပြီး၊ "ဆန်ပြုတ်အရင်သောက်ချင်လား? ငါးစွပ်ပြုတ် အရင်သောက်မလား?"
"ကိုယ့်အတွက် စိတ်မပူပါနဲ့၊ ဒါတွေအကုန်မင်းအတွက်ချက်လာတာမလို့၊ မင်း အရင်စားပါ၊ ပြီးမှကိုယ်စားလိုက်မယ်။" ကျုံးရှောက် ငါးစွပ်ပြုတ်ထည့်ထားတဲ့ဗူးကို လင်းဝေ့ ရှေ့တိုးပေးလိုက်ပြီး၊ "ဆရာဝန်က ကလေးမွေးပြီးနောက်မှာ ငါးစွပ်ပြုတ်သောက်ပေးဖို့ ပြောတယ်။" ကျုံးရှောက် သူမအား သောက်ဖို့အဆင်ပြေမပြေမေးလိုက်သည်။
"ဟင်?" လင်းဝေ့အံ့ဩသွားလေသည်။
ကျုံးရှောက်မှ၊ "မင်းကိုယ်တိုင် စားဖို့အဆင်မပြေရင် ကိုယ်ခွံ့ကျွေးမယ်။"
"ကျွန်မ ကလေးမွေးထားတာပါ။ လက်ကျိုးထားတာမှမဟုတ်တာ။ ဘာလို့ကိုယ်တိုင်စားဖို့ အဆင်မပြေရမှာလဲ?" လင်းဝေ့ရယ်ကာ၊ ငါးစွပ်ပြုတ် တစ်ဇွန်းယူကာသောက်လိုက်လေသည်။
အချိန်အတန် အတန်ကြာသည်အထိ ပြုတ်ထားသည်မို့၊ ငါးစွပ်ပြုတ်သည် လတ်ဆတ်သည့်အရသာရှိပြီး၊ ချိုမြိန်သည့်အရသာ ဖုံးလွှမ်းနေသည်။ လင်းဝေ့နှစ်ငုံမျှသောက်ပြီးနောက်၊ "အရသာရှိတယ်။" ဟု ပြောလိုက်သည်။
"အဲ့တာဆို များများသောက်ပါ။" ကျုံးရှောက်က ပြောလိုက်သည်။
လင်းဝေ့ ခေါင်းညိမ့်လိုက်သည်။ သူမအမှန်ပင်ဆာလောင်နေပြီဖြစ်သည်။ သူရေခွက်တစ်ဝက်မျှ သောက်ပြီးသော်လည်း၊ ရေသည် ဗိုက်မပြည့်ပေ။ ငါးစွပ်ပြုတ်သည် ပိုကောင်းလေသည်။ အရည်ဖြစ်သော်လည်း အသားထည့်ပြုတ်ထားခြင်းဖြစ်သည်။ စွပ်ပြုတ်အနည်းငယ် ဗိုက်အတွင်း ဝင်သွားခါမှ၊ သူမပိုမိုသက်သောင့်သက်သာ ရှိသွားလေသည်။
စွပ်ပြုတ်တစ်ဝက်ခန့် သောက်ပြီးနောက်၊ လင်းဝေ့ဆန်ပြုတ်စသောက်ပြီး၊ အရွက်ကြော်လည်းစားကာ၊ ကျုံးရှောက်နှင့်လည်း စကားပြောရင်းစားသောက်နေလေသည်။
စကားပြောပြီးနောက်၊ မနေ့ညက သူမကိုစောင့်ပေးနေရ၍ ကျုံးရှောက် မအိပ်ရသေးသည်ကို သတိထားမိသွားလေသည်။
ကလေးမီးဖွားပြီးနောက်၊ လင်းဝေ့ အိပ်ပျော်သွားပေမယ့်၊ ကျုံးရှောက်မှာတော့ ကလေးကို ရေတိုက်၊နို့တိုက်ကာ၊ ကလေးဗိုက်ပြည့်၍အိပ်ပျော်သွားခါမှ၊ မိသားစုအိမ်ရာသို့ပြန်ကာ ဟင်းသီးဟင်းရွက်ဝယ်ပြီး ကျန်းလန်ကိုလည်း ဟင်းချက်ထားရန် မှာခဲ့ခြင်းဖြစ်သည်။ ကျန်းလန် နေ့လယ်စာချက်နေချိန်၊ အမေလင်းနှင့်အမွှာနှစ်ယောက်အား ဆေးရုံပြန်ပို့ပြီးနောက်၊ ဆရာဝန်မှ သူ့အားရှာနေသည်ကို သိလိုက်ရလေသည်။
လင်းဝေ့ မေးလိုက်သည်၊ "ဆရာဝန်က ဘာလို့ ရှင့်ကိုရှာနေတာလဲ?"
"ကလေးမွေးပြီး သွေးဆင်းလွန်တာကို ကြိုကာကွယ်ဖို့အကြောင်းပြောတာပါ။ ဘာမှတော့ အရေးမကြီးပါဘူး။" ဟုကျုံးရှောက်ပြောလိုက်သည်။
လင်းဝေ့ စိတ်သက်သာသွားကာ "အဲ့တာဆို ညစာစားပြီးရင် ရှင်ခဏ အိပ်လိုက်မလား?"
"ကိုယ် စောင့်ကြည့်လိုက်ဦးမယ်။"
"ရှင် မပင်ပန်းဘူးလား?"
ကျုံးရှောက်ပြန်မေးလိုက်သည်၊ "မင်း အခုပင်ပန်းနေလား?"
"ကျွန်မလအခုမှထတာလေ ဘယ်လိုလုပ်ပင်ပန်းနေရမှာလဲ?"
"နာနေသေးလား?
ကလေးတွေ သူမအား မေးစဉ်က၊ လင်းဝေ့မနာကြောင်းဖြေခဲ့သော်လည်း ကျုံးရှောက်နှင့်တွေ့သည့်အခါတွင်တော့၊ သူမခေါင်းညိမ့်ကာ ပြောလိုက်သည်၊ "နည်းနည်းတော့နာသေးတယ်"
ကျုံးရှောက် ထမင်းဘူးကိုင်စားနေသည့် လင်းဝေ့လက်အား ဆုပ်ကိုင်လိုက်ပြီး၊ အသာအယာ ပွတ်ရင်း၊ "မနေ့ညက မင်းအတွက် တော်တော်ခက်ခဲခဲ့မှာပဲ။" ဟုပြောလိုက်သည်။
"ခက်ခဲပေမယ့် တန်ပါတယ်။" သူမ ကုတင်ဘေးရှိကုတင်ပေါ်တွင် အိပ်နေသည့် ကလေးကိုလှည့်ကြည့်ရင်းပြောလိုက်သည်။
ဤသည်ကိုမြင်သော် သူမပို မိုသေချာစွာ မြင်ရစေရန် ကလေးကို အမြန်ကောက်ချီကာ လင်းဝေ့အားပြလိုက်သည်။ လင်းဝေ့ ကျုံးရှောက် ပုံစံကိုမြင်ပြီးရယ်ကာ၊ "တကယ့်ကိုစံပဲနော်။" ဟုပြောလေသည်။
ကျုံးရှောက် မင်မင်နှင့် ရွေ့ရွေ့ကို ပထမဆုံးပွေ့ချီစဉ်က သူ့ကိုယ်သည် တောင့်နေခဲ့သည်။ သူသည် မတ်တပ်ရပ်ရင်းပွေ့ချီလိုက်၊ ထိုင်၍ချီလိုက်လုပ်နေပေမယ့် တခြားလှုပ်ရှားမှုများတော့ အနည်းငယ်မျှမလုပ်ရဲဘဲ ညင်သာစွာပဲ ပွေ့ချီခဲ့သည်။
လေးနှစ်ကြာပြီးနောက်တွင်တော့၊ ကျုံးရှောက် ကလေးချီနည်း မေ့သွားပြီး မရေမရာဖြစ်နေမည်ဟု တွေးထားသော်လည်း၊ ဤကဲ့သို့ အဆင်ပြေပြေ ချီနိုင်မည်ဟုမထင်ထားပေ။ သူသည် မကျွမ်းသေးသော်လည်း၊ သူ့ကိုယ်နေဟန်ထားသည် သဘာဝကျကျရှိလေသည်။
ကျုံးရှောက် အမှန်အတိုင်းပြောလိုက်လေသည်။ "မနက်တုန်းက သူနာပြုဆီကနေ ကလေးချီနည်း နည်းနည်းသင်ထားလိုက်တာ။"
ထို့အပြင် ကလေးအား ရေနှင့်နို့တိုက်စဉ် ချီထားရသောကြောင့်၊ သူအသားကျနေပြီဖြစ်သည်။
"မဆိုးပါဘူး။ ကြိုးစားထားနော်။" လင်းဝေ့ပြုံးကာ ဆန်ပြုတ်ဆက်သောက်နေလိုက်သည်။
လင်းဝေ့ ဗိုက်ပြည့်သွားပြီး ကျုံးရှောက်အား ပိုနေသည်များပေးလိုက်လေသည်။
သူမ စွပ်ပြုတ်နှင့်ဆန်ပြုတ်အား ဇွန်းသုံး၍သောက်သော်လည်း၊ ကျုံးရှောက်သည်တော့ တန်းမော့သောက်လေသည်။ ငါးမိနစ်အတွင်းမှာပဲ၊ ကျန်သည့် ငါးစွပ်ပြုတ်၊ဆန်ပြုတ်နှင့် အရွက်ကြော်တို့ကုန်သွားလေသည်။
အမေလင်း သူမမြေးနှစ်ယောက်အား နေ့လယ်စာကျွေးပြီးပြန်လာလည့်အခါ၊ ထမင်းဗူးသုံးလုံးပြောင်စင်နေသည်ကိုတွေ့သော်၊ အံ့ဩသွားကာ "အကုန်ကုန်သွားပြီလား?" ဟုမေးလိုက်သည်။
လင်းဝေ့ကလည်း၊ "အကုန်အရည်တွေပဲလေ အမေရယ်၊ကုန်မှာပေါ့။"
အမေလင်းလည်း ထိုသို့တွေးလိုက်ပြီး ကျုံးရှောက်အား သူမယူလာသည့် အစားအစာများ ပေးလိုက်သည်။
ဆေးရုံမှအစားအစာများသည် အရသာမရှိကာ၊ အသီးအရွက်များများ၊ အသားနည်းနည်းနှင့် ထမင်းသည်လည်း ခြောက်သွေ့သော်လည်း လင်းဝေ့စားသည့်ဟင်းတို့ထက် ပိုမိုအာဟာရရှိလေသည်။
လင်းဝေ့ ဗိုက်ပြည့်ပြီဖြစ်သော်လည်း၊ သူမဗိုက်တွင်အရည်များသာ ပြည့်နေလေသည်။ ကျုံးရှောက် အရသာရှိရှိ စားနေသည်ကိုမြင်သော်၊ သူမလည်းစားချင်စိတ် ဖြစ်ပေါ်လာသည်။ ရက်အနည်းငယ်အထိ သူမ ဤကဲ့သို့ စားနိုင်ဦးမည် မဟုတ်ကြောင်း စဉ်းစားမိကာ၊သက်ပြင်းသာ ချနေလေတော့သည်။
အမေလင်းကြားသော်၊ "သက်ပြင်းတွေ ချမနေပါနဲ့အေ။" ဟုပြောကာ၊ လင်းဝေ့လည်း စားချင်နေသောကြောင့်၊ ကျုံးရှောက်အား ကျောပေးစားရန်ပြောလိုက်လေသည်။
ကျုံးရှောက်ထရပ်လိုက်ကာ၊ "ကျွန်တော်အပြင်ထွက်စားလိုက်ပါ့မယ်။" ဟုဆိုကာ ထမင်းပန်ကန်ယူပြီးအပြင်ထွက်သွားလေသည်။
လင်းဝေ့ - "အဲ့လို လုပ်စရာမလိုပါဘူး။"
အမေလင်း ဟင်းများများယူခဲ့သော်လည်း၊ ကျုံးရှောက်သည် အစားမြန်သူဖြစ်၍၊ မိနစ်အနည်းငယ်အတွင်း အကုန်ကုန်သွားလေသည်။ ထမင်းပန်ကန်များကို ဆေးကြောရန် အပြင်သို့ယူသွားလိုက်ပြီး၊ ဆေးကြောပြီးသည်နှင့် ပန်းကန်များကို ကန်တင်းသို့ပြန်သွားပို့လိုက်လေသည်။
ပန်းကန်များပို့ပြီးနောက်၊ ထမင်းဗူးခွံကိုင်ကာအမျိုးသမီးဆောင်အပြင်ဘက်သို့ ထွက်လိုက်လျှင်၊ လက်ထဲတွင် သစ်သီးခြင်းနှင့် တစ်ဖက်မှလျှောက်လာနေသော တန်းရှန့်ယွင်အား တွေ့လိုက်ရသဖြင့်၊ နှုတ်ဆက်ရန် ရပ်လိုက်လေသည်၊ "မရီး"
တန်းရှန့်ယွင် အပြုံးဖြင့်တုံ့ပြန်လိုက်ကာ၊ ကျုံးရှောက်လက်ထဲမှ ထမင်းဗူးကိုမြင်ကာ မေးလိုက်သည်၊ "အခုမှစားပြီးတာလား?"
"ဟုတ်ကဲ့။"
"ဝေ့ဝေ့နဲ့ကလေးရော ဘယ်လိုနေလဲ? သူတို့နိုးနေလား?" တန်းရှန့်ယွင် မနက်အလုပ်သို့သွားသွားချင်း၊ လင်းဝေ့ ကလေးမွေးသည့်အကြောင်း ကြားသော်လည်း၊ သူမဆေးခန်းတွင် အလုပ်ရှုပ်နေသောကြောင့် လာတွေ့ရန်အချိန်မရခဲ့ပေ။ နေ့လယ်စာစားပြီးနောက်၊ အလုပ်ပြန်မစခင်၊ လင်းဝေ့နှင့်ကလေးအား တွေ့ရန်လာခဲ့ခြင်းဖြစ်သည်။
"ဝေ့ဝေ့ကတော့ နိုးနေပါပြီ၊ ကလေးကတော့အိပ်တုန်းပါပဲ။"
စကားပြောရင်း၊သူတို့နှစ်ယောက်လူနာဆောင်ထဲသို့ဝင်ခဲ့ကြလေသည်။ အမေလင်းသည် ကလေးချီထားပြီး ဆေးရုံကုတင်ရှေ့တွင်ထိုင်ကာ လင်းဝေ့နှင့် စကားပြောနေလေသည်။ မင်မင်နှင့်ရွေ့ရွေ့သည်လည်း ဘေးတွင် အားအင်အပြည့်ဖြင့် ထိုင်စကားပြောနေလေသည်။
လင်ဝေ့ တန်းရှန့်ယွင်ကိုမြင်သော်၊ သူမမျက်နှာတွင် အပြုံးတစ်ခုပေါ်လာပြီး "အစ်မတန်း၊ ဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ" ဟုမေးလိုက်သည်။
"ကလေးလေး မွေးပြီလို့ကြာလို့၊ ဝေ့ဝေ့နဲ့ကလေးကိုလာတွေ့တာလေ။" ဟုတန်းရှန့်ယွင်ပြောကာ သစ်သီးခြားအား ထမင်းဗူးတို့ချလိုက်သည့် ကျုံးရှောက်အားပေးလေသည်။
အမေလင်းမှ စိတ်တိုစွာဖြင့် "ဒီတိုင်းလူပဲလာရင်ကိုလုံလောက်နေပြီကို၊ ဘာလို့အဲ့တာမျိုးတွေယူလာရတာလဲ? ဒီတိုင်းလာလည်းရပါတယ်။"
"ဝေ့ဝေ့စားလို့ရမယ့် သစ်သီးနည်းနည်းပါးပါး ဝယ်လာခဲ့တာပါ။" တန်းရှန့်ယွင် ပြုံးကာ ပြောလိုက်ပြီး အမေလင်းချီထားသည့် ကလေးအား ကြည့်လိုက်သည်။
ကြည့်ပြီးနောက်၊ တန်းရှန့်ယွင်ပြုံးလိုက်ကာ "ဒီကလေးက တကယ်ချောလိုက်တာ၊ မျက်ခုံးနဲ့မျက်လုံးက ဝေ့ဝေ့နဲ့တူတာပဲ။" ဟု လင်းဝေ့အားပြောလိုက်သည်။
အမေလင်းနှင့် တန်းရှန့်ယွင် အတွေးတူပါသည်။ "အန်တီလည်း ကလေးမျက်ခုံးလေးတွေက ဝေ့ဝေ့နဲ့တူတယ်လို့တွေးနေတာ၊နူးညံ့ပြီးတော့၊ နှာခေါင်းကတော့ ကျုံးရှောက်နဲ့တူတာ၊နှာတံလေးကို ဖြောင့်စင်းနေတာပဲ။"
လင်းဝေ့ကြားသော် မကြိုက်ဟန်ဖြင့် "သမီးနှာခေါင်းနဲ့ကျမတူဘူးပေါ့? ဘာလို့လဲ? သမီးနှာခေါင်းက ကျုံးရှောက်လောက် မဖြောင့်လို့လား?" သူမနှာခေါင်းသည်လည်း ကြည့်ကောင်းသည့်ထဲတွင်ပါသည်မဟုတ်ပါလား?
အမေလင်း လင်းဝေ့အား ကြည့်ကာပြောလိုက်သည်၊ "သမီးနဲ့က မတူဘူးလေ။ ကျုံးရှောက်နှာတံက သိသိသာသာ ပိုဖြောင့်တယ်။"
လင်းဝေ့ မနေနိုင်တော့ဘဲ ကျုံးရှောက်အားကြည့်လိုက်သည်။ ရေသောက်နေစဉ် သူ့မိန်းမကြည့်နေသည်ကိုတွေ့သော် ရေခွက်ကိုချကာ သူ့နှာခေါင်းအားကြည့်စေသည်။
တကယ်ပဲ ကျုံးရှောက်နှာတံက ပိုဖြောင့်တာလား?
လင်းဝေ့ ကျုံးရှောက်အား ကြည့်နေစဉ်၊ အမေလင်းနှင့် တန်းရှန့်ယွင်တို့လည်း ကလေး၏မျက်နှာအသွင်အပြင်နှင့်ပက်သက်ပြီး ဆက်ဆွေးနွေးလျက်ရှိရာ၊ အဆုံးတွင် စာကြောင်းတစ်ကြောင်းတည်းဖြင့် နိဂုံးချုပ်လိုက်လေသည်။ - အမေနဲ့အဖေရဲ့မျက်နှာအသွင်အပြင်တွေအကုန် အမွေရထားတဲ့ဒီကလေးက ကြီးလာရင် သေချာပေါက် လှလာလိမ့်မယ်။
သူတို့ညီမလေးအပေါ် လူကြီးတွေရဲ့ချီးမွမ်းမှုများကို နားထောင်ပြီး၊ မင်မင်နှင့်ရွေ့ရွေ့ တစ်ယောက်နဲ့တစ်ယောက်သေချာကြည့်လိုက်ပြီး တစ်ဖက်လူ၏ မျက်လုံးတွင် အဓိကဇာတ်ကောင်လေးယောက်ကို မြင်လိုက်ရလေသည်။
သံသယဖြစ်စရာကောင်းတဲ့ဘဝပဲ။
......
စာရေးသူ၏ မှတ်ချက်
မင်မင် ရွေ့ရွေ့ - အဲ့တာငါမျက်လုံးမကောင်းတာနဲ့များဆိုင်လားမသိဘူး?