Chapter 166
Vol. 13 Ch. 166
မင်မင် အပေါ်ထပ်တက်သွားသော်၊ ချန်ပါးမေ့တို့ ရောက်လာလေသည်။
ရှောင်ရှီးနှင့် အပြင်မှပြန်လာ၍၊တံခါးရှေ့တွင် ကားရပ်ထားသည်ကိုတွေ့သော်၊ လင်းဝေ့ ဆေးရုံဆင်းလောက်ပြီဟု ခန့်မှန်းကာ၊ မေးလိုက်လေသည်။
သူမမေးပြီးနောက်၊ လင်းဝေ့ ဆေးရုံဆင်းလာပြီမှန်းသိရသော်၊ သတင်းမေးရန်လာခဲ့လေသည်။
သူတို့လာသည်ကိုမြင်သော်၊ အမေလင်းလည်းရောက်လာကာ၊ အခန်းသည် ရုတ်တရပ် အသက်ဝင်လာလေသည်။ ကလေးသုံးယောက်နှင့် အမျိုးသမီးသုံးယောက် သီးသန့်စကားပြောကြလေသည်။ ကျုံးရှောက်သည် တစ်ယောက်တည်းဖြစ်နေသောကြောင့် အခန်းထဲတွင် ကြာရှည်စွာမနေဘဲ၊ ဝရံတာဘက်သို့ပြန်သွားလိုက်လေသည်။
ကျုံးရှောက်တို့ မျက်နှာချင်းဆိုင်အိမ်၏ ခေါင်မိုးထပ်တွင်၊ စစ်သားအချို့ ဆေးလိပ်သောက်ရင်းစကားပြောနေကြလေသည်။ ကျုံးရှောက် ဝရံတာသို့ထွက်လာသော်၊ စစ်သားတစ်ယောက်သည် သူ့အားနှုတ်ဆက်ကာ စကားပြောရန် ခေါ်လေသည်။
သူတို့အားလုံးသည် ကျုံးရှောက် အသိများဖြစ်သောကြောင့်၊ ကျုံးရှောက် ထွက်စကားပြောရန်ပြင်လိုက်လေသည်။ သူ ထွက်မသွားခင် လင်းဝေ့အားပြောပြီးမှ သွားလေသည်။
သူရောက်သွားသည်နှင့်၊ သူတို့ထဲမှတစ်ယောက်သည် ကျုံးရှောက်အား ဆေးလိပ်တစ်လိပ်ပေးလေသည်။ ကျုံးရှောက်လက်နှင့် ကာလိုက်ပြီး ပြောလေသည်။ "ဆေးလိပ်ဖြတ်ထားတာမလို့ပါ။"
"ဘာလို့ဖြတ်လိုက်တာလဲ?" ဆေးလိပ်ကမ်းပေးသူကပြောလိုက်သည်။
နံရံမှီထားသည့် စစ်သားမှ မေးလိုက်သည်။ "တခြားရောဘယ်သူတွေ ဆေးလိပ်ဖြတ်ထားသေးလဲ?"
"နည်းနည်းတော့ရှိတယ်။ တတိယတပ်ရင်းက လောင်ကျန်းကတော့ ဖြတ်ထားတာကြာပြီ၊ ပြီးတော့ ကမ်းရိုးတန်း ကာကွယ်ရေးတပ်စုက ရှင်းတုန်းရယ်၊" ဆေးလိပ်သောက်နေသည့် စစ်သားသည် ကျိုးအိမ်ရှိသည့် တစ်ဖက်ခြမ်းမေ့စေ့မော့ကာ ပြောလိုက်သည်။ " လောင်ကျိုးရောပဲ၊ မနေ့က သူနဲ့စကားပြောရင်း ဆေးလိပ်ပေးတာကို ဖြတ်ထားတယ်လို့ပြောတယ်။"
တချို့သူများသည် လူမှုရေးကိစ္စများတွင် အရပ်ကဲခတ်မြန်ကြလေသည်။ စစ်သားများပင်လျှင် မည်သူနှင့်မည်သူ ဆက်ဆံရေးကောင်းသည် မကောင်းသည်ကိုသိကြလေသည်၊ ထို့ကြောင့် ကျုံးရှောက်အား မေးလိုက်သည်။ "သူတို့တွေရဲ့အမျိုးသမီးတွေရော ဒုတပ်ရင်းမှူးရဲ့အမျိုးသမီးနဲ့ အဆင်ပြေကြရဲ့လား?"
ကျုံးရှောက် ခေါင်းညိမ့်လိုက်သည်။ "ပြေပါတယ်။"
ကံကောင်းစွာပဲ၊ သူ့မိန်းမသည် အခြားမိန်းမများဖြင့် သိပ်၍ အဆက်အသွယ်မရှိချေ။ ရှိလျှင်လည်း သူဆေးလိပ်ပြန်သောက်နေသည်ဟု အထင်ခံရပေဦးမယ်။
ကျုံးရှောက် ဆေးလိပ်ဖြတ်လိုက်ထဲမှ၊ မည်သူမျှသူ့အား ဆေးလိပ်သောက်ရန် မကမ်းလှမ်းတော့ပေ။ ထို့နောက် ကျုံးရှောက်သမီးလေး မွေးဖွားသည့်အတွက် ပြုံးရယ်ကာ ကျုံးရှောက်အား ချီးကျူးစကားများပြောကြလေသည်။ ထို့အပြင် သူတို့သည် ကလေးတစ်လပြည့်ပွဲကျင်းပသည့်အခါတွင် ကျူံးရှောက် အရက်သောက်လို့ရမရ စနောက်သည့်အနေဖြင့် မေးကြလေသည်။
ထို့သို့မေးလိုက်သည်နှင့် ဘေးရှိသူများက မေးခွန်းမေးသူအား တံတောင်ဖြင့်တို့ကာ၊ မမေးသင့်ကြောင်း အရိပ်အခြေပြလိုက်သည်။
မိသားစုအိမ်ရာအတွင်း ပွဲအခမ်းအနား အနည်းငယ်သာရှိလေသည်။ ဤသည်မှာလည်း အကြောင်းအရင်းတစ်ခုသာရှိလေသည်။ ထို့အကြောင်းအရင်းမှာ လက်ထက်ပွဲ နှင့် ကလေးမွေးဖွားသည့်အထိမ်းအမှတ်ပွဲ တို့မှလွဲ၍ အခြားမရှိပေ။
မည်သို့ပင်ဖြစ်စေကာမူ၊ မိသားစုအိမ်ရာအတွင်းနေခွင့်ရရန်၊ ယေဘုယျအားဖြင့် အခြေအနေ နှစ်မျိုးရှိလေသည်။ ပထမတစ်ခုမှာ ရာထူးအဆင့်အတန်းမြင့်ရပေမည်၊ သို့မဟုတ် စစ်မှုထမ်းသက်တမ်း လုံလောက်သည်အထိ ကြာရှည်ရမည်၊ နောက်တစ်ခုကတော့ လက်ထပ်ထားပြီး အမျိုးသမီးရှိသူဖြစ်ရမည်။
ပထမတစ်ခုမှာပို၍ခက်ခဲလေသည်၊ ဤအခြေအနေအတွက် သက်မှတ်ထားသည့်အသက်မှာ ၂၅နှစ်နှင့် အထက်ဖြစ်သောကြောင့်၊ ထို့နောက် လက်မထပ်ရသေးသည့်လူငယ်များသာ များပြားပြီး၊ အိမ်ထောင်မကျသေးဘဲ အသက်အရွယ်ကြီးသူအား တွေ့ရန်မဖြစ်နိုင်လှပေ။
ယခုနောက်ပိုင်းတွင်၊ ယားကျိုကျွန်းရှိ စစ်သားများသည် ကမ္ဘာအနှံ့အပြားမှလာကြပြီး လက်ထပ်သည့်အခါတွင် ဇာတိမြေပြန်ကာ ဇာတိတွင်ပဲ ပွဲအခမ်းအနားကျင်းပကြပြီး တပ်ထဲပြန်လာရာတွင် ထပ်၍ပွဲမကျင်းပကြတော့ချေ။
မွေးနေ့ပွဲများလည်း ကျင်းပခဲလေသည်။ ထိုအခါတွင် အမျိုးများနှင့်မိတ်ဆွေများကို အနည်းဆုံး အယောက်၅၀ သို့မဟုတ် ၆၀ခန့် ပွဲစည်ကားစေရန် ဖိတ်ကြလေသည်။ သို့သော် အသက်အရွယ်ကြီးသူများမှာတော့ အငြိမ်းစားယူကာ ဇာတိသို့ပြန်ကြလေသည်။ ထိုအယောက်၅၀၊ ၆၀ခန့်သည်လည်း တပ်စုမျိုးစုံမှခေါင်းဆောင်များဖြစ်ကြလေသည်။ ရာထူးမြင့်လေ၊ဖိတ်ရခက်လေဖြစ်သည်။
ကျောက်လီတို့ လင်မယားသည်တော့၊ ၎င်းတို့အိမ်တက်ပွဲကို လူတစ်ဆုပ်စာမျှကိုသာ ဖိတ်ခေါ်ကျွေးမွေးခဲ့သော်လည်း၊ ထိုဖြစ်ရပ်သည် အချိန်နှစ်နှစ်သုံးနှစ်အတွင်း တစ်ကြိမ်နှစ်ကြိမ်မျှပင် မရှိချေ။
မိသားစုအိမ်ရာအတွင်း အရက်သောက်ဖိတ်လေ့ရှိသော အကြောင်းအရင်းတစ်ခုမှာ စစ်သားတစ်ဦးဦး၏ အမျိုးသမီးတစ်ဦး ကလေးမွေးဖွားသည့်အခါ၊ များသောအားဖြင့် သားယောင်္ကျားလေး မွေးသည့်အခါတွင် ဖြစ်သည်။
ယနေ့ခေတ်အခါတွင်၊ သားယောင်္ကျားလေးနှင့် သမီးမိန်းကလေးကြား ဘက်လိုက်မှုများလည်းရှိသေးကာ မိသားစုအိမ်ရာအတွင်းရှိ အရာရှိများအတွက်လည်းချွင်းချက်မရှိပေ။ သားယောင်္ကျားလေး မွေးဖွားသည့်အခါ သူတို့အများစုသည် ဂုဏ်ယူကြလေသည်။ သမီးမိန်းကလေး မွေးဖွားမှုများသည်တော့ အခြေအနေအပေါ်မူတည်ပေသည်။ သားယောင်္ကျားလေးရရှိပြီးသား သူများသည်တော့ ပျော်ပေလိမ့်မည်။
သို့သော်၊ သားယောင်္ကျားလေး မွေးဖွားပြီးသည့်သူများပင်လျှင်၊ သမီးမိန်းကလေးလမွေးဖွားသည့်အခါ တစ်လပြည့်အထိမ်းအမှတ်အနေနှင့် အရက်သောက်ဖိတ်လေ့မရှိကြချေ။
လင်းဝေ့သည် သမီးမိန်းကလေး မွေးဖွားခဲ့သည်ဖြစ်သော်လည်း၊ မွေးပြီးတည်းမှ ကျုံးရှောက်တစ်ယောက်၊ မျက်နှာပေါ်တွင် အချိန်ပြည့်အပြုံးတစ်ခုနှင့် လေထဲတွင် လမ်းလျှောက်နေသကဲ့သို့ ဖြစ်နေလေသည်။ ထို့အပြင် မိသားစုအိမ်ရာအတွင်း သိသူရော မသိသူများကိုပါ နှုတ်ဆက်သည့် အကြိမ်အရေအတွက် တိုးပွားလာခဲ့သည်။ သို့ပေမယ့်၊ ဘယ်သူသိနိုင်မှာလဲ၊ သူ အဲ့သူတွေကို အရက်သောက်ရော ဖိတ်ချင်ပါ့မလား?
အဲ့တာက မိန်းကလေးတစ်ယောက်ပဲလေ!
တံတောင်တို့ခြင်းခံလိုက်ရသည့်အခါ၊ ထိုမေးခွန်းမေးသည့်သူလည်း အခြေအနေကို နားလည်သွားပြီး၊ သူစကားပြောမှားသွားသည်ကိုသိသော် စကားလွှဲသွားဖို့ပြင်လေသည်။
သို့သော် သူ့အသံထွက်မလာခင်ပင်၊ ကျုံးရှောက်ပြောသည်ကို သူတို့ကြားလိုက်ရသည်။ "လုပ်မယ်! သေချာပေါက် လုပ်ရမှာပေါ့!"
ရွေ့ရွေ့တို့တုန်းက သူတို့တစ်လပြည့်ပွဲမတိုင်ခင် ကျုံးရှောက် တပ်ထဲပြန်ခဲ့တာကြောင့်၊ သူ့ကလေးနှစ်ယောက်၏ တစ်လပြည့်ပွဲအား သူ မဆင်နွှဲနိုင်ခဲ့ချေ။
ထို့အပြင်၊ သူသည် ဤရက်တွေတွင် အလုပ်များနေလေရာ၊ တပ်စုသို့ ခွင့်တင်သော်လည်း၊ ခွင့်များများ မရခဲ့ပေ။ သုံးရက်အတွင်း သူအလုပ်ပြန်သွားရမည်ဖြစ်သည်။ ထို့ကြောင့် သူထိုအကြောင်းပင် မတွေးမိပေ။ သူတို့ပြောသည်ကိုကြားသော်၊ ကျုံးရှောက် လင်းဝေ့နှင့် တစ်လပြည့်ပွဲလုပ်မည့်အကြောင်း မတိုင်ပင်ရသေးသည်ကို သတိရသွားလေသည်။
မည်သို့ပင်ဖြစ်စေ၊ သူ့အတွေးတွင်၊ သူတို့ဆွေးနွေးရသေးသည်မှာ ကျင်းပမည့်အချိန်နှင့် ဖိတ်ခေါ်မည့် လူစာရင်းအသေးစိတ်ပင် ဖြစ်လေသည်။
ကျုံးရှောက် အဖြေကိုကြားသော်၊ စကားလွှဲရန်ပြင်နေသည့်သူတစ်ချက်တန့်သွားသော်လည်း၊ အခြားသူများနှင့်အတူ စိတ်အားထက်သန်စွာပဲ လျင်မြန်စွာတုံ့ပြန်လိုက်သည်။ "စည်ကားပြီးရင်းစည်ကားနေတာကောင်းတာပေါ့။" ထို့နောက် သူ့အား ရက်သတ်မှတ်ပြီးမပြီး မေးလိုက်လေသည်။
ကျုံးရှောက် ပြောလိုက်သည်။ "ရက်တော့မသတ်မှတ်ရသေးပါဘူး၊ အမျိုးသမီးနဲ့ ဆွေးနွေးပြီး ပြန်ပြောပါ့မယ်။"
သူတို့အားလုံးပြုံးကာ ပြောလိုက်သည်။ "ဒါပေါ့၊ ကျွန်တော်တို့ စောင့်နိုင်ပါတယ်!”
ကျုံးရှောက် အလုပ်မှပြန်လာသော်၊ လင်းဝေ့သည် တံခါးရှေ့တွင် ကလေးအား နို့တိုက်ကျွေးနေလေသည်။
"ကလေးနိုးနေလား?" ကျုံးရှောက် ရှေ့သို့ကုန်းကာ မေးလိုက်သည်။
လင်းဝေ့ ခေါင်းခါလိုက်ပြီး၊ သူ့လက်ချောင်းအားနှုတ်ခမ်းနားကပ်ကာ၊ အသံတိုးတိုးဖြင့်၊ "အခုမှချော့သိပ်ထားတာ။"
ကလေးလေးသည် စိတ်ကြီးလေသည်။ သူမနိုးလာလျှင်၊ ငိုသည်မှာ မရပ်တော့ပေ။ နို့တိုက်သည့်အချိန်မှသာ တိတ်လေသည်။
သို့ပေမယ့်၊ အခုတလောတွင်တော့ သူမပိုအိပ်လာကာ ခဏလောက်သာ နိုးပေသည်။ သူမနိုးလာတိုင်း၊ ခနအကြာတွင် နို့ပြန်သောက်ကာ၊ ပြန် အိပ်သွားလေသည်။
ကလေးတစ်ယောက်အဖို့ အခြားကလေးတစ်ယောက်အား ကြည့်ရှုစောက်ရှောက်ရန်မှာ မလွယ်ပေ။ သူမနိုးနေသည့်အချိန်များတွင်၊ သူမအသံသည် ပိုမိုကျယ်ကာ၊ သူမငိုတိုင်း၊ မင်မင်တို့ ခေါင်းများပါ ကိုက်လေသည်။
မင်မင်နှင့် ရွေ့ရွေ့ကဲ့သို့ပင်၊ လင်းဝေ့သည်လည်း တစ်နေကုန် ခေါင်းကိုက်သည့်အပြင် ညဘက် သူမငိုတိုင်းလည်း ထို့သို့ပင်ဖြစ်သည်။
ကလေးသည် ငယ်ရွယ်စဉ်မှ မလိမ္မာလျှင်ကြီးလျှင်လည်း ထိန်းရခက်မည်ဖြစ်သည်။ ယခု သူမသည် အသက်တစ်နှစ်အရွယ်ရှိ ကလေးထက်ပင်ပို၍ ထိန်းရခက်နေလေသည်။ အဓိကမှာတော့ အသံသည်ကျယ်လောင်ကာ ငိုယိုခြင်းသည် သူမအတွက် ဖျက်စီးရေးလက်နက်ဖြစ်လေသည်။
ကလေးသည် မျက်လုံးမှိတ်ကာ အိပ်ပျော်သွားပြန်သည်။ လင်းဝေ့သူမအား ကုတင်ပေါ်တင်ကာ၊ ကျုံးရှောက်အား "လက်ကိုင်ပုဝါလေးပေးပါဦး" ဟုပြောလိုက်သည်။
ကျုံးရှောက် ကုတင်ဘေးရှိခုံမှ အပေါ်ဆုံးအံဆွဲအားဖွင့်လိုက်ပြီး လက်ကိုင်ပုဝါတစ်ထည် ထုတ်ယူလိုက်လေသည်။
လင်းဝေ့ ဆေးရုံမှဆင်းသည့် ပထမဆုံးနေ့တွင်၊ သူမတို့အိပ်ခန်းအတွင်း အပြောင်းအလဲများစွာဖြစ်ခဲ့သည်။ တစ်ယောက်အိပ် ကုတင်ကိုတော့ ဖယ်လိုက်ပြီး၊ သူမတို့ကုတင်ပေါ်တွင်၊ ကလေး၏ နို့မှုန့်၊ နို့ဘူး၊ တဘက်၊ ရေဘူး၊ အစရှိသဖြင့် ရှုပ်ပွနေသည်။ ကုတင်ဘေးရှိခုံပေါ်တွင်လည်း ကလေးအတွက် ရေတစ်ဝက်ခန့်သာရှိသည့် ရေဘူးလည်း တင်ထားလေသည်။
ကုတင်ဘေးရှိခုံမှ အံဆွဲများသည် ပုံမှန် ဘာမျှထည့်မထားတတ်သော်လည်း၊ ယခု အောက်ထပ်အံဆွဲတွင် ကလေးသေးခံအသစ်များ၊ အပေါ်အံဆွဲတွင် လက်ကိုင်ပုဝါများ ရှိလေသည်။ သို့သော် လက်ကိုင်ပုဝါများသည် သေးခံများကဲ့သို့ အရေအတွက် မများပြားချေ။ ချည်မထိုးထားသည့် အဖြူချည်း ငါးထည်၊ခြောက်ထည်သာရှိလေသည်။
လက်ကိုင်ပုဝါဖြင့်၊ လင်းဝေ့ ကလေးပါးစပ်တစ်ဝိုက်သုတ်ပေးပြီးနောက်၊ ကျုံးရှောက်အား ပြောလိုက်သည်။ "ရှင် ဟိုဘက်လှည့်နေ။"
ကျုံးရှောက် သူမ ဘာလုပ်မည်ကိုသိပြီး သူမရှက်နေမှန်းသိကာ မေးလိုက်သည်။ "ကိုယ် ကူပေးရမလား?"
လင်းဝေ့ ရှက်သွေးဖြာလာပြီး၊ သူ့အားကြည့်လိုက်သည်။
ကျုံးရှောက်အစမှာတော့ သူမအားစချင်၍ပြောလိုက်သော်လည်း၊ အခုမှာ မတူတော့ဘဲ၊ ကျုံးရှောက် လင်းဝေ့ဘယ်ဘက်နားမှကိုင်ပြီး သူမအား သူ့နားဆွဲကပ်လိုက်သည်။
ကလေးနို့တိုက်ထားတာကြောင့်၊ သူမအဝတ်သည် ကြယ်သီးအနည်းငယ် ဖြုတ်ထားလေသည်။ နို့တိုက်ပြီးနောက် သူမအဝတ်များ ပြန်ဆွဲတင်ထားသော်လည်း အလယ်တွင် အနည်းငယ်ဟနေကာ ဘေးတိုက်မှကြည့်လျှင် သူမ၏ အနည်းငယ်ယောင်နေသော ရင်သားတို့အားမြင်ရလေသည်။
ယေဘုယျအားဖြင့်၊ ရင်သားတို့သည် ခန္ဓာကိုယ်နဲ့ အညီအချိုးကြလေသည်။ ဝသောသူတို့၏ ရင်သားသည် မသေးငယ်သကဲ့သို့ ပိန်သောသူတို့၏ ရင်သားသည်လည်း မကြီးမားပေ။ လင်းဝေ့သည် မဝဘဲ ပိန်သွယ်သူဖြစ်လေသည်။ သူမ၏ ရင်သားတို့သည် အဝတ်အစားအပွများဝတ်စဉ်က မသိသာသော်လည်း၊ ကလေးမီးဖွားပြီးနောက်၊ သိသိသာသာဖွံဖြိုးလာလေသည်။
ကျုံးရှောက် သူမရင်သားတို့အား စိုက်ကြည့်မနေဘဲ၊ သူမ၏ သွယ်လျသော လည်တိုင်ဖြူဖြူအား နမ်းလိုက်လေသည်။
လင်းဝေ့ ကိုယ်ဝန်ရှိမှန်းသိစတည်းမှ၊ သူတို့နှစ်ယောက်အတူမနေဖြစ်ဘဲ ကျုံးရှောက်အား လက်များဖြင့်သာ ကိစ္စဖြေရှင်းပေးခဲ့သည်။ ထို့ကြောင့် ယခု သူမ စိတ်ပါလာပြီး ကျုံးရှောက် လည်တိုင်အား သူမလက်များဖြင့်ပြန်လည်သိုင်းဖက်ကာ တုံ့ပြန်လေသည်။
မီးတောက်များ လျင်မြန်စွာတောက်လောင်သွားလေသည်။
ထိုစဉ်မှာပဲ၊ ကျုံးရှောက် ဆရာဝန်၏ အမှာစကားများအားသတိရကာ၊ လင်းဝေ့ဆီမှ ခွာလိုက်ပြီးကျောပေးထိုင်လိုက်သည်။
လင်းဝေ့ ခဏရပ်တန့်သွားပြီး၊ မေးလိုက်သည်၊ "ရှင်ကဘာဖြစ်နေတာလဲ?" ထိုသို့ပြောပြီးနောက်၊ ရပ်လိုက်ကာ၊ ဘာမျှဆက်မပြောဘဲ သူမနှုတ်ခမ်းသာ ကိုက်နေပေသည်။
ကျုံးရှောက် အသက်အဝရှူပြီးနောက် သူမအားလှည့်ကြည့်လေသည်။ သူမ မျက်နှာသည် နီရဲနေပြီး၊ သူ့အားမျက်လုံးပြူးပြူးဖြင့် စိုက်ကြည့်နေလေရာ၊ ကျုံးရှောက် အာခေါင်များပင် ခြောက်သွေ့လာသည်။
လင်းဝေ့ပြောရမှာပင် မဝံ့မရဲဖြစ်ကာ "ဒါဆို ရှင်..." ကျန်စကားလုံးများ ထပ်၍ထွက်မလာခဲ့ပေ။
ကျုံးရှောက် နှာခေါင်းကုတ်လိုက်လေသည်။ သူသည် အစတွင် အမှန်ပင် လင်းဝေ့အား စချင်ခဲ့ခြင်းဖြစ်သည်။