← Chapters

Chapter 171

Vol. 14 Ch. 171

Chapter 171

Vol. 14 Ch. 171

များပြားသည့် မေးခွန်းများကြောင့် စာပင်မသင်နိုင်သေးဘဲ၊ လင်းဝေ့ တစ်ခုချင်းစီ လိုက်ဖြေလိုက်သည်။ "ဆရာမ စာပြန်သင်တော့မှာပါ၊ ရှေ့လျှောက်လည်း ခွင့်ရက်ရှည်တွေ ယူမှာ မဟုတ်တော့ပါဘူး၊ ကလေးလေးက အရင်လကပဲ မွေးတယ်၊ ကလေးက မိန်းကလေးပါ..."

ကလေးများ၏ မေးခွန်းတို့အား ဖြေပြီးနောက် လင်းဝေ့ ဖတ်စာအုပ် ကောက်ကိုင်ကာ အတန်းအားစတင်လိုက်သည်။ သူမ တစ်လခန့် ပျက်ကွက်ခဲ့သော်လည်း သူမနေရာတွင် အစားထိုးသင်သည့်ဆရာမနှင့် တိုးတက်မှုကို စစ်ဆေးခဲ့သည်၊ ယနေ့သင်ရမည့် အကြောင်းအရာနှင့် သူမကိုယ်သူမ ရင်းနှီးကျွမ်းဝင်အောင်လုပ်ကာ၊ သင်ခန်းစာများလည်း ကြိုတင်ပြင်ဆင်ခဲ့သည်။ ထို့ကြောင့် ထိုမနက်ခင်းတွင် အတန်းနှစ်တန်းသည် ကောင်းကောင်းမွန်မွန်ပင် ပြီးသွားလေသည်။

သို့ပေမယ့် အမေလင်းအတွက်တော့ သိသိသာသာပင် မလွယ်ကူပေ။ သူမသမီးသည် ခွင့်ရက်ရှည်ယူပြီးနောက် အလုပ်နှင့် ပြန်ဝင်မဆံ့နိုင်ဖြစ်မည်ကို စိုးရိမ်နေလေသည်။ လင်းဝေ့ ပြန်လာသည်ကို သူမမြင်သော်၊ "အတန်းက ဘယ်လိုလဲ?" ဟုမေးလိုက်သည်။

"ချောချောမွေ့မွေ့ပါပဲ။" လင်းဝေ့ ပြောလိုက်သည်။

"ကျောင်းသားတွေက စကားနားထောင်ကြရဲ့လား?"

"သူတို့အကုန် နားထောင်ကြပါတယ်။"

"သမီးတို့ ကျောင်းအုပ်ဆရာမကရော? သူကရော ဘာပြောသေးလဲ?"

လင်းဝေ့ ရယ်ရခက် ငိုရခက် ဖြစ်သွားလေသည်။ "သမီးခွင့်ယူထားတာပဲ၊ သမီးက ကလေးမှမဟုတ်တာ။ ‌သူက ဘာပြောရမှာလဲ? အ‌မေစိတ်မပူပါနဲ့၊ သမီးတို့ကျောင်းအုပ်ကြီးက ကြင်နာပြီး စကားပြော အရမ်းချိုသာတဲ့သူပါ။"

အမေလင်း စိတ်သက်သာရာရသွားသည့် အနေဖြင့် သက်ပြင်းတစ်ချက်ချလိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။ "အမေက သမီးကို စိတ်ပူလို့ပါ။"

"သမီးနားလည်ပါတယ်၊ ဒါပေမယ့် အလုပ်က ကိစ္စတွေကို သမီးပဲ ဂရုစိုက်လိုက်ပါ့မယ်။" ဟု လင်းဝေ့ပြောလိုက်သည်။

သူမသမီး ယုံကြည်ချက်ပြည့်ဝနေသည်ကို မြင်သော် အမေလင်း မေးခွန်းများမေးသည်ကို ရပ်လိုက်ပြီး သူမသမီးအကြောင်း ပြုံးကာ ပြောလိုက်သည်။ "သမီးမပြန်လာခင် သူတစ်ခါနိုးလာသေးတယ်။ အမေသေးခံလဲပေးပြီး၊ နို့မှုန့်ဖျော်တိုက်လိုက်တာ၊ ဗိုက်ပြည့်တော့ ပြန်အိပ်သွားတာပဲ။"

"သေးခံတွေ လျှော်ထားပြီးပြီလား?"

"လျှော်ပြီးပြီပေါ့၊ ကျုံးရှောက်နဲ့ အမေက အဲ့အလုပ်သေးသေးလေးကို သမီးပြန်လာမှ လုပ်ရအောင် ထားထားပါ့မလား?"

"တကယ်ကို အမေက အကောင်းဆုံးပဲ။" လင်းဝေ့ပြောကာ မင်မင်‌နှင့် ရွေ့ရွေ့ဘယ်သွားလဲ ဟုမေးလိုက်လေသည်။

အမေလင်းမှ "အပေါ်ထပ်မှာ သူတို့ညီမလေးကို ကြည့်နေကြတယ်၊ ရှောင်ရှီးလည်း အဲ့မှာပဲ။" ဟုပြောလိုက်သည်။

လင်းဝေ့ကြားသော်၊ "သမီးအပေါ်ထပ် တက်သွားကြည့်လိုက်ဦးမယ်။" ဟုပြောကာ ဒုတိယထပ်ရှိ အိပ်ခန်းဆီသို့ တက်သွားလိုက်လေသည်။

အိပ်ခန်းအတွင်းတွင် သူတို့သုံးယောက်သည် ကုတင်ပေါ်ရှိ ကလေးနားတွင် ဒူးထောက်ကာထိုင်နေကြလေသည်။ လင်းဝေ့ တံခါးနားသို့ လျှောက်သွားလိုက်သောအခါ၊ ရှောင်ရှီး၏ ‌မေးခွန်းအား ကြားလိုက်ရသည်။ "မင်းတို့ညီမက ဘယ်လိုလုပ် ဒီလိုအိပ်နေနိုင်တာလဲ?"

"မင်း နားမလည်ပါဘူးကွာ!"

ညီမလေး မွေးပြီးနောက်၊ မွေးကင်းစ ကလေးများအကြောင်း လူကြီးတို့ပြောသည်ကို သူကြားခဲ့ရသည်။ သူလည်း ဤအကြောင်းသေချာသိပြီဟု ခံစားရကာ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း မြင့်တက်နေလေသည်။ သူ့သူငယ်ချင်း မေးသည့် မေးခွန်း၏ အဖြေကိုသိသည်နှင့် "မင်းနားမလည်ပါဘူး" ဟုအရင်ပြောလိုက်ကာ၊ စတင်ရှင်းပြလေသည်။ "ကလေးတွေက ဒီလိုပဲ၊ သူတို့က‌ တစ်နေကုန် အိပ်ကြတာ..."

သူပြောရင်းနှင့်ပင် သူ့အမေပြောသည့် နာရီမည်မျှကြာသည်အထိ အိပ်နိုင်သည်ကို မမှတ်မိနိုင်ဘဲ "နာရီတွေအများကြီးအိပ်နိုင်တယ်၊ ဗိုက်ဆာတဲ့အခါ နိုးလာပြီး ဗိုက်ပြည့်တဲ့အခါ ပြန်အိပ်သွားကြတာ။" ဟုပြောလေသည်။

မင်မင် ရှင်းလင်းတိကျစွာ ရှင်းမပြနိုင်သောကြောင့် ရှောင်ရှီးလည်း သိပ်နားမလည်သွားပေ။ သို့သော် သူမင်မင်ပြောသည်များကို အလွန်ပင် ယုံကြည်လေသည်။

"သူကြီးလာရင်တော့ ဒီလောက်အိပ်မှာ မဟုတ်တော့ဘူးပေါ့၊ ဒါပေမယ့် သူက အခုဘာမှနားမလည်သေးတာမလို့ ငါတို့နဲ့ မကစားနိုင်သေးဘူး။"

"ဒါဆို သူငါတို့နဲ့ ဘယ်အချိန်မှ ဆော့နိုင်မှာလဲ?" အမှန်တော့ ရှောင်ရှီး သူမနှင့် ဆော့နိုင်ရန် အရမ်း မမျှော်လင့်သေးသော်လည်း၊ ထုံးစံအတိုင်းမေးလိုက်ကာ မင်မင်မှ ဤသို့ပြန်ဖြေလေသည်။

"သူ ငါတို့အရွယ် မရောက်ခင်အထိ ငါတို့နဲ့ ဆော့နိုင်ဦးမှာမဟုတ်ဘူး။" ‌မင်မင် မေးလိုက်သည်။ "ညီမလေး ငါတို့အရွယ်ရောက်လာရင် ငါတို့ကရော ဘယ်အရွယ်ရှိပြီလဲဆိုတာ မင်းသိလား?"

ထိုမေးခွန်းမေးပြီးနောက်၊ စကားတစ်လုံးမျှ ဝင်မပြောသည့် သူ့ညီအား ပြောလိုက်လေသည်။ "အဖြေ မပြောလိုက်နဲ့နော်။"

ရွေ့ရွေ့ သူ့ညီမလေးကိုသာ ကြည့်နေလိုက်ပြီး၊ အသက်ပြင်းပြင်း တစ်ချက်ရှုကာ သူသည် အစတည်းမှ ဖြေရန်စိတ်ကူးမရှိ ဟုတွေးနေလေသည်။

ရှောင်ရှီး သူ့လက်ချောင်းများနှင့် ရေတွက်လိုက်ပြီး ခနအကြာတွင် မသေချာစွာပဲ မေးလိုက်လေသည်။ "ရှစ်နှစ်လား?"

"မှားတယ်၊ ကိုးနှစ်လေကွာ!" မင်မင် သေချာထိုင်ချလိုက်ကာ ပြောလေသည်။ "ငါတို့ကအခု လေးနှစ်ခွဲရှိပြီ။ ညီမလေးငါတို့အရွယ် ရောက်ဖို့ဆိုရင် နောက်ထပ်လေးနှစ်ခွဲ ထပ်လိုမှာလေ။ လေးအပေါင်းလေးက ရှစ်နဲ့ညီတယ်၊ပြီးတော့ နှစ်တစ်ဝက်နဲ့ နှစ်တစ်ဝက်ပေါင်းတာက တစ်နှစ်နဲ့ ညီတယ်လေကွာ။ ရှစ်နှစ်ကို တစ်နှစ်ထပ်ပေါင်းတော့ ကိုးနှစ်ပေါ့ကွ!" ဟုရှင်းပြလိုက်လေသည်။‌

ရှောင်ရှီး၏ လေ့လာတိုးတက်မှုသည် မင်မင်နှင့်အတူဖြစ်ရာ ဒသမကိန်းများအား မသင်ရသေးပေ။ မင်မင်ပေါင်းပြသည်ကိုကြားသော် သူကြယ်တွေလတွေပါမြင်ကုန်သည်။

သူနားမလည်သည်ကိုမြင်သော်၊ မင်မင် ထပ်၍ ရှင်းပြကာ မေးလေသည်။ "နားလည်ပြီလား?"

"ငါသိပ်တော့ နားမလည်ဘူး။" ရှောင်ရှီး ခေါင်းကုတ်ကာ ရိုးသားစွာ ပြောလိုက်သည်။

မင်မင်မျက်လုံးပြူးသွားပြီး "မင်းဘာလို့ ဒါလေးတောင် နားမလည်ရတာလဲ၊ ငါဆို ငါညီပြောတာ တစ်ခါနားထောင်ပြီးတာနဲ့ နားလည်သွားတာ!"

ရှောင်ရှီး ရှက်သွားကာ ခေါင်း‌လေးငုံ့သွားလေသည်။

"ရှောင်ရှီးကို အနိုင်မကျင့်ပါနဲ့။" လင်းဝေ့ လမ်းလျှောက်ဝင်လာပြီး မင်မင့်ခေါင်းအားပုတ်လိုက်ပြီး ရှောင်ရှီးအား၊ "မင်မင် ပြောတာကို မယုံနဲ့၊ ရွေ့ရွေ့က ရှင်းရှင်းလင်းလင်း ရှင်းပြလို့ သူတစ်ခါတည်းနဲ့ နားလည်သွားတာ၊ အခု သူက သေချာမှ မပြောပြဘဲ၊ ရုတ်တရပ်ကြီးဆိုတော့ နားမလည်နိုင်သေးတာ ပုံမှန်ပါပဲ။" ဟုပြောလိုက်သည်။

ရှောင်ရှီးရှီး ဤသည်ကိုကြားသော်၊ သူ မတုံးသေးကြောင်း သိရသည်ဖြစ်ရာ စိတ်သက်သာရာ ရသွားလေတော့သည်။

မင်မင် မယုံနိုင်ဘဲ မေးလိုက်သည်။ "သားရှင်းပြတာက မကောင်းဘူးလား?"

အမှန်မှာတော့၊ မင်မင့်ရှင်းပြချက်သည် ဆိုးဝါးသည်တော့ မဟုတ်ပေ။ နားလည်ပြီးသားသူများအတွက်တော့ နားလည်ရန် လွယ်ကူသော်လည်း ရှောင်ရှီးရှီးအတွက်တော့ မလွယ်ချေ။ သူနားလည်ရန် ကြိုးစားသည့်အခါ ခေါင်းသာပိုမူးလာလေသည်။ ထို့ကြောင့် မင်မင့် ရှင်းပြချက်သည် ကောင်းတော့မကောင်း‌ပေ။

သူမသား၏ ကိုယ့်ကိုယ်ကိုယုံကြည်မှုအား မပျက်စီးစေရန်၊ လင်းဝေ့ ပြောလိုက်သည်။ "မကောင်းတာမဟုတ်ပါဘူး သားရဲ့၊ သိပ်မရှင်းလင်းတာပါ၊ သား မယုံဘူးဆိုရင် ရွေ့ရွေ့ကိုရှင်းပြခိုင်းပြီး ရှောင်ရှီး နားလည်မလည် ကြည့်လိုက်လေ။"

ထို့ကြောင့် သူသည် သူ့ညီကို ရှောင်ရှီးအား ရှင်းပြခိုင်းလိုက်လေသည်။

ရွေ့ရွေ့ ရှောင်ရှီးအား ဒသမကိန်းများအကြောင်း ရှင်းပြလေသည်။ ရွေ့ရွေ့၏ ရှင်းပြချက်သည် နားလည်ရန် ပို၍ လွယ်ကူလေသည်။

ရှောင်ရှီးချက်ချင်း နားလည်သွားသည်ကိုမြင်သော်၊ အစက ရှောင်ရှီး နားမလည်သည်မှာ သူ့ကြောင့်သာ ဖြစ်သည်ကိုသိသော်၊ မင်မင် အကြပ်ရိုက်သွားလေသည်။

မင်မင့် ခေါင်းကလေး ငုံ့သွားသည်ကို မြင်သော်၊ လင်းဝေ့ ချိုသာစွာ ပြောလိုက်လေသည်။ "တကယ်တော့ သားကြောင့်သာမဟုတ်ရင် ရှောင်ရှီးလည်း အခုနားလည်သွားမှာမဟုတ်ဘူး။ သားနှစ်ခါတောင် ပြန်ရှင်းပြတာ‌ကနေ သူ‌အခြေခံသိသွားလို့ အခုလိုမြန်မြန်နားလည်သွားတာ။"

ဤသည်ကိုကြားသော် ရှောင်ရှီးလည်းဘသံယောင်လိုက်ကာ "ဟုတ်တယ်၊ တကယ်တော့ ငါအခုစဉ်းစားကြည့်မှ၊ မင်းပြောထားတာကြောင့် ငါနားလည်သွားတာပဲ။" ဟုပြောလိုက်သည်။

သူ့အမေနှင့် ရှောင်ရှီးရှီး၏ နှစ်သိမ့်မှု အောက်တွင်‌၊ သူသည် အမြန်ပင် နလန်ထူလာပြီး ၊ သူတော်နေ၍သာ သူပြောသည်ကို ရှောင်ရှီးရှီး နားမလည်ခြင်းဖြစ်သည် ဟုပြောလိုက်လေသည်။

လင်းဝေ့ - "..."

ယုံကြည်ချက်ရှိတာတော့ ကောင်းပါသည်၊သို့သော် သူမသားသည် အတော်လေးယုံကြည်ချက်ရှိမနေဘူးလား?

…

အလုပ်ပြန်လုပ်ပြီးနောက်၊ လင်းဝေ့ နှိုးစက်ပေးထားလိုက်လေသည်။ သူမအချိန်ဇယားများသည် ပုံမှန်ဖြစ်ရန် အတင်း‌အကြပ် လုပ်ထားရသကဲ့သို့ပင် ဖြစ်သည်။

ပထမဆုံးနှစ်ရက်တွင်တော့၊ မနက်ပိုင်းထရန် အနည်းငယ် ခက်ခဲလေသည်၊ သို့သော် သုံးရက်မြောက်‌တွင် အခြေအနေ တိုးတက်လာလေသည်။ ထို့ကြောင့် သူမသည် တစ်လပြည့်ပွဲနေ့တွင်လည်း အိပ်ရာထဲတွင် အကြာကြီးမနေဘဲ နှိုးစက်မြည်သည်နှင့် ထလေသည်။

သို့သော်လည်း၊ လင်းဝေ့သည် သူမတို့အိမ်တွင် အိပ်ရာနောက်ဆုံးထသည့်သူ ဖြစ်နေဆဲဖြစ်သည်။

အမေလင်းနှင့် ကျန်းလန်သည် မီးဖိုချောင်ထဲတွင် အချိန်အတန်ကြာသည်အထိ အလုပ်ရှုပ်နေကြလေသည်။ ကျူံရှောက် ဈေးမှ ဝက်နံရိုးနှင့် အသားအချို့ဝယ်ခဲ့ကာ သန့်စင်စေရန် ရေပိုက်ရှေ့တွင် ရေဆေးနေလေသည်။

မင်မင်နှင့် ရွေ့ရွေ့ပင်လျှင် မနက်စာစားပြီးသွားကြရာ၊ တစ်စုံတစ်ယောက်သည်တော့ လက်ထဲတွင် ပိုက်တစ်ချောင်းနှင့် ပူဖောင်းမှုတ်နေလေသည်။

လင်းဝေ့ ထွက်လာသည်ကိုတွေ့သော်၊ ရွေ့ရွေ့ သူ့ညီမလေးကိုင်ထားသည့် ပိုက်ကိုယူကာ ဆပ်ပြာရည်ဘူးထဲနှစ်ပြီးနောက်၊ လင်းဝေ့ဘက်သို့ လှည့်လိုက်ပြီး၊ ပါးများဖောင်းနေအောင် မှုတ်ထည့်လိုက်လေသည်။

သူ့ညီကိုမြင်သော်၊ မင်မင်လည်း အတုလိုက်ခိုးကာ ‌လင်းဝေ့နားသို့ ပိုကပ်လာခဲ့သည်။

ပင်လယ်လေပြေတိုက်ခတ်လာသည်နှင့် ရောင်စုံပူဖောင်းလေးများ ဝဲနေသည်ကို လင်းဝေ့တွေ့လိုက်ရသည်။ သူမမျက်ခုံးများပြူးသွားပြီး၊ ဆပ်ပြာဘောလုံးလေး တစ်လုံးချင်းစီအား လက်နဲ့လိုက်ဖောက်လေရာ မကြာမှီတွင် သူမကလေးနှစ်ယောက်မှုတ်လိုက်သည့် ပူဖောင်းလေးများ အကုန်ကုန်သွားလေသည်။

ပူဖောင်းများ အဖောက်ခံရသည်ကို တွေ့သော်၊ ကလေးနှစ်ယောက် အကြိမ်ရေများများ ပိုမှုတ်ထုတ်ကာ ပြိုင်ပွဲတစ်ခု ဖြစ်လာလေသည်။

လင်းဝေ့သည် ပူဖောင်းဖောက်ရန် လက်လှုပ်လိုက်သည်နှင့်ရသော်လည်း၊ ညီအစ်ကိုနှစ်ယောက်မှာတော့ ပူဖောင်းမှုတ်ရန် အဆုတ်၏ လုပ်နိုင်စွမ်း လိုအပ်လေသည်။ သူတို့လေကုန်သွားရန် သိပ်မကြာဘဲ၊ အခြေအနေ ပြောင်းပြန်ဖြစ်သွားလေသည်။

မင်မင်သည် လုံးဝအလျှော့မပေးနိုင်ဘဲ၊ သူ့အဘွားထွက်လာသည်ကို တွေ့သော် ငိုမတတ်ဖြစ်ကာ တိုင်လိုက်လေသည်။ "ဘွားဘွား! မေမေက သားတို့ ပူဖောင်းတွေ အကုန်လုံးကို ဖောက်ပစ်တယ်!"

သူမမြေးငိုတော့မည်ကို တွေ့သော် အမေလင်းလန့်သွားပြီး၊ သူမသမီးအား စိတ်တိုစွာ ဆူလိုက်သည်။ "ညည်းကဘယ်နှနှစ်မလို့ ကလေးတွေ မဆော့နိုင်‌အောင် သူတို့နဲ့အပြိုင်ဆော့နေရတာလဲ?"

သူမမျက်နှာသည် ကျေနပ်သည့်မျက်နှာထားပြောင်းသွားပြီး သူမခေါင်းအားပွတ်ရင်း ပြောလေသည်။ "ဘယ်လိုပဲဖြစ်ဖြစ် မေမေနိုင်တယ်မလား?" ဟုမေးလိုက်လေသည်။

မင်မင် လင်းဝေ့မေးခွန်း၏ အဖြေကို အပြောနှင့် မဟုတ်ဘဲ အလုပ်နှင့် သက်သေပြလိုက်လေသည်။ သူ့ပါးစပ်ကိုဟကာ အော်ပြီး၊ "ဘွားဘွား မေမေ သားနဲ့သားညီလေးကို အနိုင်ကျင့်နေပြန်ပြီ!"

ဤစစ်ပွဲသည် ရွေ့ရွေ့အပေါ် မသက်ရောက်သော်လည်း သူ့အစ်ကို သူ့အား စစ်ပွဲတွင်းသို့ ဆွဲသွင်းခြင်းကို ခံလိုက်ရလေသည်။

All Chapters