Chapter 172
Vol. 14 Ch. 172
အဆုံးတွင်တော့၊ လင်းဝေ့ကသာ ညီအစ်ကိုနှစ်ယောက်ဆော့ရန်နှင့် မင်မင့်အား နှစ်သိမ့်သည့်အနေဖြင့် ဆပ်ပြာရည်များထပ်၍ ပေးလိုက်ရလေသည်။
သူမအနည်းငယ်သာ ချော့လိုက်ရပြီး အမေလင်း ရေနွေးပူဖြင့် ကြက်သားပြုတ်သည့်အခါ၊ ကုန်းကာ ပူဖောင်းများ မှုတ်ထုတ်လိုက်သည်။ ပူဖောင်းများသည် လေနှင့်ပါသွားကာ၊ အများစုမှာ ရေနွေးထဲသို့ကျသွားလေသည်။
ပူဖောင်းများထဲတွင် ဆပ်ပြာရည်သိပ်မပါသော်လည်း၊ ကြက်သားအား အထပ်ထပ် ရေပြန်ဆေးရလေသည်၊ သို့သော်၊ အဆုံးတွင်တော့ စားလို့ရသွားလေသည်။
အမေလင်း ဆူပုတ်စွာဖြင့် ကြက်သားအား ထုတ်လိုက်ကာ "သွား၊ အပြင်မြန်မြန်ထွက် ပြီးမှ ပူဖောင်းမှုတ်တော့၊ ငါ့နားမှာမနေနဲ့၊ ဒီလောက်တောင် ပူဖောင်းတွေ အများကြီး မှုတ်နေတာ၊ ဆပ်ပြာရည်တွေ အစားအသောက်ပေါ် ကျကုန်ရင် ဘယ်လိုလုပ်မလဲ?"
ကလေးနှစ်ယောက်အား ဆူပြီးသော် သူမ လင်းဝေ့နှင့် ကျုံးရှောက်ဘက်သို့ လှည့်လာလေသည်။ "မင်းတို့နှစ်ယောက်လည်း အတူတူပဲ၊ ကလေးတွေလက်ထဲ ဒီတိုင်း အရုပ်ပေးထားလို့ရမလား၊ မင်းတို့ကပါ ဝင်ဆော့နေလိုက်သေးတယ်၊ အခုတော့ ငါအကုန်ပြန်လိုက်သုတ်နေရပြီ! အဲ့တာတွေကို ဝေးဝေးယူသွားတော့!"
သူမအမေ စိတ်တိုသည်ကိုမြင်သော်၊ လင်းဝေ့ ကလေးနှစ်ယောက်အား အလျင်အမြန်ပင် အိမ်နောက်ဘက်တွင် ကစားရန် ခေါ်သွားလိုက်လေသည်။
အိမ်နောက်ဘက်သို့ရောက်သော်၊ ရှောင်ရှီးလည်း အိမ်ထဲမှ၊ သူ့သူငယ်ချင်းများ ပူဖောင်းမှုတ်နေကြသည်ကိုမြင်သော်၊ ပြေးထွက်လာပြီး သူတို့နှင့်အတူ ဝင်ဆော့လိုက်သည်။ သူတို့အားကြည့်ပြီးနောက်၊ လင်းဝေ့ မျက်နှာသစ်၊သွားတိုက်ရန် ရေချိုးခန်းဝင်လိုက်လေသည်။
သွားတိုက်၊ မျက်နှာသစ်ပြီးနောက်၊ လင်းဝေ့ မီးဖိုချောင်ထဲဝင်ကာ ခေါက်ဆွဲတစ်ပန်းကန် ခူးလိုက်လေသည်။
သူမ အိပ်ရာထနောက်ကျသည့်အတွက်၊ ခေါက်ဆွဲများသည် အိုးထဲတွင် ပေါင်းထားသကဲ့သို့ ဖြစ်နေလေရာ သူမစားသည့်အချိန်တွင်တော့ ပါးစပ်အတွင်းတွင်သာ အရည်ပျော်သွားပြီး တစ်ပန်းကန်လုံး ချက်ချင်းပင် ကုန်သွားလေသည်။ သူမစားပြီးသွားသည်နှင့်၊ အပေါ်ထပ်မှ ငိုသံကြားလိုက်ရပြီး လင်းဝေ့ သူမသမီးရှိသည့် အပေါ်ထပ်သို့ တက်သွားလိုက်လေသည်။
အခန်းတွင်းဝင်သွားပြီးနောက်၊ ကုတင်အဖျားတွင်ထိုင်ကာ၊ လင်းဝေ့ ထုံးစံအတိုင်းပင် သေးခံအား အရင်ထိကြည့်လိုက်လေသည်။ အနည်းငယ်စိုနေသည်ကို ခံစားရသောအခါ၊ သူမသမီးအား ချီလိုက်ပြီး၊ သေးခံအားချွတ်လိုက်လေသည်။
သူမသေးခံချွတ်လိုက်သည်နှင့်၊ ကျုံးရှောက် ဝင်လာပြီးမေးလိုက်သည်။ "သေးခံက စိုနေလား?"
"စိုနေတယ်၊သေးပေါက်ထားတာ။" ဟုလင်းဝေ့ပြောလိုက်လေသည်။
ကျုံးရှောက် သူမဆီမှ သေးခံကိုယူလိုက်ကာ ပြောလိုက်သည်။"ကိုယ် ရေသွားယူလိုက်မယ်။"
လင်းဝေ့ ခေါင်းညိမ့်လိုက်ပြီး ကျုံးရှောက်ထွက်သွားသောအခါ၊ သူမသမီးအား လက်ဖြင့်ပိုက်ကာ ထ၍ တံခါးပိတ်လိုက်ပြီး ကုတင်ဆီသို့ ပြန်လျှောက်သွားလိုက်လေသည်။ အပေါ်ပိုင်းမှကြယ်သီးများဖြုတ်လိုက်ကာ၊ ကလေးအားနို့တိုက်ရန် အတွင်းခံကိုပါ မလိုက်သည်။
ကလေးသည် အစတွင် ငိုနေသော်လည်း၊ ပါးစပ်ဟကာ သောက်လိုက်ပြီး နို့ကိုအရသာခံလိုက်ရသည်နှင့် ဆက်မငိုတော့ဘဲ နို့သာဆက်၍သောက်နေလေသည်။
ကျုံးရှောက် ရေကျက်အေးယူကာ ပြန်လာသော်လည်း ရေကိုကုတင်ပေါ်တွင်ခနတင်ကာ၊ အံဆွဲထဲမှ လက်ကိုင်ပုဝါနှင့် သန့်ရှင်းသော သေးခံကိုထုတ်၍ တစ်ယောက်အိပ်ကုတင်ဘေးတွင် ထိုင်စောင့်နေလေသည်။
ဆယ်မိနစ်ခန့်ကြာသော်၊ လင်းဝေ့ သူမအဝတ်များပြန်ဝတ်လိုက်ပြီး၊ ခေါင်းကိုလှည့်ကာ သူ့ဆီမှ လက်ကိုင်ပုဝါကိုယူလိုက်လေသည်။ သူလက်ကိုင်ပုဝါအား လှမ်းပေးပြီး၊ သူမ ကလေးပါးစပ်အား သုတ်ပေးနေသည်ကို ကြည့်ကာ ပြောလိုက်သည်။ "ကလေးကို ကိုယ့်ပေးလိုက်။"
လင်းဝေ့ အသက်ပြင်းပြင်းတစ်ချက်ရှုကာ၊ သူ့အား ကလေးပေးလိုက်လေသည်။
ကျုံးရှောက် သူသမီးအားဖက်ကာ တစ်ယောက်အိပ်ကုတင်ဘေးတွင်ထိုင်ပြီး သန့်ရှင်းရေးလုပ်ပေးနေလေသည်။ ကလေး၏ ဆီးသည် အရမ်းတော့ မနံပေ။ ခနမျှအကြာ၊ သန်းရှင်းရေးလုပ်ပြီးသွား၍ ကုတင်နားသို့သွားပြီး သေးခံယူလိုက်ကာ ကလေးအား ဝတ်ပေးလိုက်လေသည်။
သူထိုသို့လုပ်နေချိန်တွင်၊ လင်းဝေ့အဝတ်အစားလဲဝတ်ပြီးသွားပြီး ကုတင်ပေါ်တွင် ခြေထောက်ချိတ်၍ထိုင်လိုက်ကာ၊ ကျုံးရှောက် လုပ်ကိုင်နေသည်ကိုကြည့်ကာ၊ ပြုံးပြီး "ဟုတ်တယ်တော့၊ ပိုပိုကျွမ်းလာပြီပဲ။" ဟုပြောလိုက်သည်။
ကျုံးရှောက်သည်လည်း နှိမ့်ချမနေတော့ဘဲ ပြောလိုက်သည်။ "ရှေ့လျှောက်ဆို ပိုကျွမ်းလာတော့မှာ။"
"ယုံကြည်ချက်တွေ တအားရှိနေတာပဲ။" လင်းဝေ့ သူတို့နားထိုင်လိုက်ကာ လက်ချောင်းများကိုက်နေသည့် သူမသမီးအား ကြည့်လိုက်လေသည်။
အစတွင်၊ သူမကသာ ကြည့်နေသော်လည်း ဖြည်းဖြည်းချင်း ကလေးသည်လည်း သူမအား မြင်သွားပြီး၊ လက်သေးသေးလေးအား ဆန့်ထုတ်ကာ သူမအား လက်ရန်းပြရင်း တခစ်ခစ် ရယ်နေလေသည်။
"သူ ကျွန်မကို ပြုံးပြနေတာပဲ။" လင်းဝေ့မျက်လုံးများတွင် ကြည်နူးခြင်းအပြည့်ဖြင့် ပြောလိုက်လေသည်။
လင်းဝေ့ကလေးအား လင်းဝေ့နားသို့ တိုးချီကာ၊ အမေနှင့် သမီးနှစ်ယောက် အနီးကပ် အပြန်အလှန်ကြည့်နေကြလေသည်။
ကလေးအားကြည့်ကာ ပြောလိုက်သည်။ "ကျွန်မ သမီးက တော်တော်ကိုလှတာပဲ။"
"အမေက လှတယ်လေ၊ အဲ့တာကြောင့် သမီးလည်း လှတာ။" ကျုံးရှောက် ပြောလိုက်သည်။
လင်းဝေ့ ကျုံးရှောက်အား မော့ကြည့်ကာ၊ သူ့ကိုပါ ဆွဲထည့်လိုက်လေသည်။ "အဖေ့ အမွေလည်းပါတာပဲ။"
လင်းဝေ့ ပြောပြီးသည်နှင့်၊ သူမသမီးဆီမှ တစ်ချက်အရိုက်ခံလိုက်ရပြီး မနာသော်လည်း သူမသမီးပါးလေးအား အသာအယာ ဆွဲညှစ်လိုက်ကာ "ကျုံးသေးသေးလေး သမီးကလှပြီး၊ အကုန်မေမေ့ဆီက အမွေရတာဆိုပေမယ့် မေမေပြောတာကို သဘောမတူတောင်၊ မေမေ့ကို ဒီလိုရိုင်းရိုင်းမငြင်းရဘူးနော်၊ ဟုတ်ပြီလား?" ဟုပြောလိုက်လေသည်။
ကျုံးရှောက် - "..."
"ကိုယ် နားထောင်နေတယ်နော်။"
သူမသမီးဘက်သို့ပြန်လှည့်လိုက်ကာ၊ ထပ်၍ သင်လိုက်လေသည်။ "မေမေ့စကားတွေကို အဲ့လိုငြင်းမယ်ဆိုရင်တောင်၊ နောက်တစ်ခါ အဲ့စကားတွေနဲ့ဆိုင်တဲ့သူ အနားမရှိတဲ့ချိန်ကို ရွေးရမယ်နော်၊ ဟုတ်ပြီလား? ဖေဖေက သမီးဒီလိုလုပ်နေရင် စိတ်မကောင်းဖြစ်မှာနော်!"
ကလေးဆီမှအဖြေ - "ZZZ~"
"မေမေက ဆုံးမနေတာကို သမီးကအိပ်နေတယ်ပေါ့လေ!" လင်းဝေ့ မယုံနိုင်ဘဲ ကျုံးရှောက်အား ပြောလိုက်လေသည်။ "ရှင့်သမီးကို ရှင်ကြည့်ဦး!"
ကျုံးရှောက် မတတ်နိုင်ဘဲ ပြောလိုက်သည်။ "ကိုယ်လည်းမထိန်းချုပ်နိုင်ဘူးလေ။"
လင်းဝေ့ ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။ "ဟုတ်ပြီ၊ မင်းမှတ်ထားလိုက်၊ အသက်ကြီးလာမှ သင်ခန်းစာပေးရဦးမယ်။"
လင်းဝေ့ အိပ်နေသည့်ကလေးအား တစ်ချက်ကြည့်ကာ ပြောလိုက်သည်၊ "ဟုတ်ပြီလေ။"
…
တစ်လပြည့်ပွဲကို မွန်းတည့် ၁၂တွင် စတင်မည်ဖြစ်သော်လည်း ဧည့်သည်များသည် ဆယ်နာရီနောက်ပိုင်းမှစ၍ ရောက်လာကြလေသည်။
အစပိုင်းတွင် ရောက်ရှိလာသူများသည် ရင်းနှီးသည့်သူများဖြစ်ကြလေသည်။ ကျုံးရှောက် ဖိတ်ထားသည့် ဧည့်သည်များသည် တပ်စုမှ လုပ်ဖော်ကိုင်ဖက်များဖြစ်ပြီး လင်းဝေ့ဘက်မှ ပထမဆုံးရောက်လာသူများမှာ တန်းရှန့်ယွင်နှင့် လျိုတန်းပင်ဖြစ်လေသည်။
အမျိုးသမီးများ လင်းဝေ့နှင့် ကလေးအားတွေ့ရန် အပေါ်ထပ်တက်သွားချိန်တွင် ယောင်္ကျားများသည် ကျူံးရှောက်နှင့်အတူ အောက်ထပ်တွင် နေခဲ့လေသည်။ ကလေးများအတွက်တော့ မင်မင်နှင့် ရွေ့ရွေ့တို့ ဦးဆောင်ပြီး ဆော့ကစားခဲ့ကြသည်။
ကျောက်လီ လင်းဝေ့အခန်းထဲ ဝင်လိုက်သည်နှင့် "ရှင်တို့အခန်းကဘာလို့ ကြပ်နေတယ်လို့ ခံစားရတာပါလိမ့်?"
လျိုတန်း ဘာမျှမခံစားရကာ မေးလိုက်သည်။ "ကြပ်တယ်? နောက်ဆုံးတစ်ခေါက်ရောက်တော့ကလည်း ဒီလိုပုံစံပဲလားလို့ ဘာလို့ထင်နေရတာပဲ?"
"အဲ့လိုထင်ရတယ်လား? ဒီတစ်ခေါက် ပြောင်းလာတုန်းကတော့ ဘာမှသိပ်မထည့်ခဲ့ရဘူး။" ကျောက်လီအခန်းတစ်ပတ်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "အထူးသဖြင့် ဒီကုတင်၊ အရင်က ဒီမှာထိုင်စရာနေရာရှိတယ်၊ အခုတော့အကုန်ပြည့်သွားပြီ။"
တစ်ယောက်အိပ်ကုတင်ပေါ်တွင်လည်း ပစ္စည်းအများအပြားရှိလေသည်။ အစတွင် အိပ်ရာခင်း၊စောင် နှင့်ကလေးနို့မှုန့်ပဲရှိရာ ယခုတော့ရေဘူးတွေပါတင်ထားလေသည်။
လင်းဝေ့သည် ကလေးမွေးပြီးသည့်အချိန်တွင်၊ လူအများအပြား သတင်းလာမေးခဲ့ကြသည်။ ၎င်းတို့သည်လည်း လျိူတန်းလောက်ပင် သူမနှင့်မရင်းနှီးသော်လည်း တစ်ယောက်မျှပင် လက်ဗလာဖြင့်မလာချေ။ အချို့က သစ်သီးဝလံများယူလာကာ အချို့က အရုပ်များယူလာကြသည်။
ဤတွင် သစ်သီးများသည်တော့ တစ်လုံးပြီးတစ်လုံး ကုန်သွားသော်လည်း၊ ဘီစကွတ်နှင့် နွားနို့ကိုတော့ ကုတင်ပေါ်တွင် အရုပ်များနှင့် အတူထားလေသည်။ ထို့အပြင်၊ ကလေးမွေးပြီးတည်းမှ၊ အဝတ်အစားများနှင့် နို့မှုန့်ဗူးများက နေရာယူထားလေကာ အိပ်ခန်းအား ပို၍ ကြပ်သွားစေလေသည်။ ပစ္စည်းများကို အပြင်ထုတ်လျှင်ထုတ် မထုတ်လျှင် ထိုတစ်ယောက်အိပ်ကုတင် ပေါ်တွင်သာတင်ထားရလေသည်။
ရလဒ်အနေနှင့် အိပ်ခန်းသည်ပို၍ ရှုပ်ပွလာကာ ပို၍ကျဉ်းသည်ဟု ထင်ရလေသည်။
ကျောက်လီထို့သို့ပြောပြီးနောက်၊ လျိုတန်းမှ "ကလေးတစ်ယောက်မွေးရင် ဒီလိုပါပဲ၊ ကလေးကြီးလာရင် အခုကြပ်တာတွေ တဖြည်းဖြည်းနဲ့ လျော့သွားလိမ်မယ်။"
လျိုတန်း ထို့သို့ပြောလိုက်သောအခါ လင်းဝေ့မှ၊ "ကလေးတွေက အခုငယ်သေးပေမယ့် သူတို့ကြီးလာရင် အခန်းခွဲနေရမှာ၊အဲ့အခါကျရင် အိမ်မှာ အခန်းအလုံအလောက်ရှိမှာမဟုတ်ဘူး။" ဟုပြောလိုက်လေသည်။
"ရှင့် အိမ်က ကြီးတာပဲ၊ အောက်ထပ်မှာ အခန်းထပ်ခွဲဖို့တော့ လွယ်ပါတယ်။" ယန်းယိက ပြောလိုက်သည်။
ကျောက်လီ ခေါင်းညိမ့်ကာ "ဟုတ်တယ်၊ ရှင့်သမီးသုံးလေးနှစ်လောက်ဆို ကလေးအကြီးနှစ်ယောက်နဲ့တစ်ခန်းတည်းနေခိုငိးလို့ရတာပဲ၊ ငါးနှစ်ခြောက်နှစ်ကျော်သွားမှ အခန်းပြန်ခွဲပေးလိုက်ပေါ့။ ဒီနှစ်တွေမှာ မိသားစုအိမ်ရာထဲ လွတ်နေတဲ့ အိမ်တွေအများကြီးရှိတာပဲ။ လာစမ်းပါ၊ ကလေးတွေ အခန်းခွဲအိပ်သင့်တဲ့အရွယ်မရောက်ခင် အိမ်ပြောင်းရရင်လည်းပြောင်းရနိုင်တာပဲလေ။" ဟုပြောလိုက်လေသည်။
တန်းရှန့်ယွင် ပြောလိုက်သည်။ "တကယ်တော့ ဝေ့ဝေ့တို့အိမ်ဘေးက အိမ်ကမဆိုးပါဘူး။ ကြီးလည်းကြီးပြီး၊ ပြန်ပြင်ပြီးရင် သက်တောင့်သက်သာပဲနေလို့ရတယ်။"
"အဲ့အိမ်ကလွတ်နေတာ ကြာလှပြီ၊ ပြန်ပြင်ဖို့ဆိုတာ ဈေးပေါမှာတော့မဟုတ်ဘူး။" ကျောက်လီပြောလိုက်သည်။
မိသားစုအိမ်ရာထဲသို့ အိမ်ထောင်စုများ ပြောင်းရွှေ့နေထိုင်ကြသော်လည်း ကျိုးအိမ်ဘေးရှိ အိမ်ကိုတော့ ဘယ်သူမှ မရွေးကြပေ။ ထို့ကြောင့်ဘေးအိမ်သည် အဆင်ပြေလေသည်။
ပြုပြင်ထားသည့်အိမ်နှင့် အိမ်အလွတ်တွင် ခြားနားချက်ကြီးကြီး ရှိလေသည်။ တန်းရှန့်ယွင်၏ အိမ်ကဲ့သို့ပင်၊ ကြီးမားသောပြင်ဆင်မှုကို သူမကျိုးကျန်းဟိုင်အားလက်ထပ်ပြီး စစ်တပ်ထဲဝင်စဉ်က ပြင်ထားခြင်းဖြစ်သည်။ ယခုဆိုလျှင် ၇နှစ် ၈နှစ်ရှိပြီဖြစ်ပြီး ဤအချိန်အတောအတွင်း ပြင်ဆင်မှု အသေးစားလေးတချို့ဟာလုပ်ရလေသည်။ စကားမစပ်၊ ထိုအိမ်သည် ယခုအလွန်ကြည့်လို့ကောင်းသည်။
ကျောက်မိသားစုအိမ်အား ကောင်းရှို့လျန် စစ်ထဲမဝင်ခင်က ပြုပြင်ထားခြင်းဖြစ်ရာ ယခုဆိုလျှင် သုံးလေးနှစ်ရှိပြီဖြစ်သည်။ မနှစ်က သူတို့ပြောင်းသွားတည်းက အိမ်သည် အရင် ကျောက်မိသားစုအိမ်လောက် မသစ်လွင်တော့ပေ။
သူတို့ဘေးအိမ်အကြောင်းပြောရင်း၊ လျို့တန်း တစ်ခုခုအားသတိရသွားကာ "ဘေးအိမ်ကို နေမယ့်သူလာတော့မယ်ကြားတယ်။"
ကျောက်လီ အတင်းအဖျင်းပြောရသည်ကိုကြိုက်၍ ချက်ချင်းမေးလိုက်သည်။ "ဘယ်သူလာမှာလဲ? ဘာလို့ စစ်ထဲဝင်မှာတဲ့လဲ?" စစ်တပ်ထဲသို့ အမျိုးသမီးများဝင်ရှာသည်မှာ ရှားသောကြောင့် နှစ်တစ်နှစ်အဆုံးတွင် တစ်ယောက်နှစ်ယောက်သာရှိလေသည်။ လွယ်ကူသည်တော့မဟုတ်ပေ။
"လောင်ရှင်းက ပြောတာတော့ ယင်းဆန်းနဲ့ သူ့မိန်းမက ခွင့်ယူထားတာကြာပြီ မဟုတ်ဘူးလား? သူ့အမေဆုံးသွားလို့ ဈာပနာသွားတာထင်တယ်။ သူ့အဖေကလည်း အရင်နှစ်တွေကဆုံးသွားတာ၊ အခုလည်း သူ့အမေကဆုံးပြန်တော့ သူ့ဇာတိမှာ ဘယ်သူမှရှိမယ်မထင်ဘူး"လျို့တန်း ခန့်မှန်းကာ၊ "ကျွန်မအထင်တော့ အဲ့တာကြောင့်ဒီစစ်တပ်မှာ သူတို့လာနေတာကြောင့်ဖြစ်မယ်ထင်တယ်။"
ကျောက်လီ မေးလိုက်သည်။ "ယင်းဆန်းရဲ့ မိန်းမရော ဘယ်လိုနေလဲ?"
လျိုတန်း မရေရာစွာဖြင့် ပြောလိုက်သည်။ "ကျွန်မမှ သူ့ကိုမတွေ့ဖူးတာ၊ ကျွန်မကို လာမေးတော့ ဘယ်လိုလုပ်မလဲ?"
"ခေါင်းဆောင်ဆန်းရော?"
"လောင်ရှင်းဆီက ကြားတာကတော့ သူတို့အဆင်ပြေတယ်တဲ့၊ သူတို့က ရင်းနှီးကြတယ်လေ၊ ကျွန်မတော့ အဲ့ဒီ့အကြောင်းသိပ်မသိဘူး။" လျိုတန်းမှ ပြောလိုက်သည်၊ "အခုမေးနေလည်း အသုံးမဝင်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ခေါင်းဆောင်လည်း တစ်ရက်ရက် မိသားစုအိမ်ရာထဲပြောင်းလာရမှာပါပဲ။ သူဘယ်လောက်ကြာကြာနေမယ်ဆိုတာကတော့ သူ့မိန်းမအပေါ်မူတည်တာပဲ၊ သူ့မိန်းမက နောက်တစ်လလောက်ဆိုရောက်ပြီ၊ အဲ့အချိန်ကျ သေချာသိရလိမ့်မယ်။"
ကျောက်လီလည်း ထိုသို့တွေးပြီး ပြောလိုက်သည်။ "ဟုတ်သားပဲ။"
သူတို့စကားပြောနေစဉ် တခြားအမျိုးသမီးတစ်ယောက်လည်း အပေါ်ထပ်တက်လာကာ၊ စကားဆုံးသွားသည်ကိုကြားပြီး အခန်းထဲဝင်၍ မေးလိုက်သည်။ "ဘာအကြောင်းပြောနေကြတာလဲ? ဘယ်သူ့အကြောင်းလဲ?"
သူမသည် အိမ်နီးချင်းတစ်ယောက်ဖြစ်ပြီး မျိုးရိုးနာမည်မှာ ကျန်းဖြစ်သည်။ လင်းဝေ့ထက်လည်း ပိုကြီးသည့်အတွက်၊ လင်းဝေ့ သူမအား အစ်မကျန်းဟုသာ ခေါ်လေသည်။
လျိုတန်းနှင့် အစ်မကျန်းသည် လွန်ခဲ့သောနှစ်အနည်းငယ်ကသာ သိကျွမ်းခြင်းရှိခဲ့သော်လည်း၊ ယခု သူတို့နှစ်ယောက်နှင့် လင်းဝေ့နှင့် တန်းရှန့်ယွင်၏ ဆက်ဆံရေးကောင်းမှုကြောင့် တဖြည်းဖြည်း ပိုမိုရင်းနှီးလာခဲ့ကြသည်။ ထို့အပြင် ခေါင်းဆောင်ဆန်းတို့ မိသားစုသည်လည်း လမ်းတွင်လာနေကြပြီဖြစ်ရာ၊ အနှေးနှင့် အမြန် လူသစ်ရောက်လာမည်မှန်း သိသွားကြမည်ဖြစ်၍ လျိုတန်းလည်း ဖုံးကွယ်မနေတော့ပေ။
စကားပြောပြီးနောက်၊ အစ်မကျန်း ကလေးအား ကုန်းကာ ကြည့်လိုက်လေသည်။
လင်းဝေ့သမီးသည် မွေးခါစတွင် ပေါင်ချိန်လျော့မနေဘဲ၊ အထူးသဖြင့် သူမမျက်နှာသည် ဝိုင်းဝိုင်းဖောင်းဖောင်းဖြစ်လေသည်။ အသက်တစ်လပြည့်ပြီးနောက် သူမဟာ ပိုကြီးပြင်းလာကာ၊ တစ်ချိန်တည်းမှာပင်၊ သူမမျက်နှာသည်လည်း ပိုဝိုင်းလာကာ ပါးလေးအား နှစ်ခါပြန်မထိကိုင်သည့်သူ ဟူ၍ မရှိပေ။
အစ်မကျန်း နှစ်ခါပြန် ထိကိုင်လိုက်ပြီး၊ အပြုံးဖြင့်ပြောလိုက်သည်၊ "ကလေးကိုကောင်းကောင်း ပျိုးထောင်ထားတာပဲ၊ မျက်နှာလေးက ချစ်စရာကောင်းလိုက်တာ။ ကလေးနာမည် ရွေးပြီးပြီလား?"
အစ်မကျန်းသည် လင်းဝေ့အကြား ဆက်ဆံရေးကောင်းသည် ဆိုသော်လည်း လျိုတန်းတို့နှင့် ရင်းနှီးသလောက်တော့မဟုတ်သည့်အပြင် သူမသည် လင်းဝေ့ဆေးရုံမှဆင်းပြီး တစ်ခါသာ လာမေးရသေးသည်။ ထိုအချိန်တွင် ကလေးအား နာမည်မပေးရသေးပေ။ ထို့ကြောင့် သူမမေးလိုက်ခြင်းဖြစ်သည်။
လင်းဝေ့မှ - "နာမည်အရင်းကတော့ ကျုံးကျဲယွင်ပါ၊ အိမ်နာမည်/နာမည်ပြောင်ကတော့ ပေ့ပေ့ပါ။" ဟုပြောပြလိုက်လေသည်။
အစ်မကျုံး ချီးမွမ်းလိုက်သည်။ "နာမည်ကလှသားပဲ၊ အိမ်နာမည်လေးလည်းလှတယ်၊ ပေ့ပေ့၊ ပေ့ပေ့၊ နာမည်ကြားလိုက်တာနဲ့ မင်းတို့ ဒီကလေးကို တန်ဖိုးထားတယ်ဆိုတာ သိနိုင်တယ်။"
အမှန်တွင်၊ လင်းဝေ့ သူမသမီးအတွက် နာမည်ပြောင် ရွေးရာတွင် သိပ်မစဉ်းလိုက်ရပေ။ သူမ မဆုံးဖြတ်နိုင်ခြင်း၊ ခေါ်ရအဆင်မပြေမည်ကို စိုးရိမ်ခြင်း သို့မဟုတ် ကျုံးရှောက်မှ မကြိုက်ခြင်းတို့ကြောင့် သူမဆေးရုံမှဆင်းသောအခါ သူမသမီးအား ခေါ်စရာနာမည်မရှိပေ။
လင်းဝေ့လည်း မဖြစ်သေး ဟုတွေးကာ သူမသမီးအား နာမည်ပြောင်/အိမ်နာမည် အရင်ပေးရန် ဆုံးဖြတ်လိုက်သည်။ သူမအမေက ကလေးအား ပေါင်ပေ့၊ပေါင်ပေ့ ဟုခေါ်လေ့ရှိရာ၊ထိုနာမည်အား ပြောင်းပြန်လှန်ပြီး ပေ့ပေ့ ဟုခေါ်ခဲ့ခြင်းဖြစ်သည်။
ယခုထိတိုင်အောင် လင်းဝေ့အပါအဝင် သူတို့မိသားစုများသည် သူတို့သမီးအား ကျုံးကျဲယွင်၊ကျုံးပေ့ပေ့ဟုမှည့်ပြီးနောက်တွင်တောင် မကြာခဏ ပေါင်ပေ့ဟုခေါ်တွင်ဆဲပင် ဖြစ်သည်။
နာမည်မှားသည်တော့ တွင်သွားလေပြီ။
လင်းဝေ့ တွေးနေတုန်းပင် ရွေ့ရွေ့ ကလေးများအုပ်စုလိုက်ကို အိပ်ခန်းအတွင်းသို့ ခေါ်လာပြီး ကျယ်လောင်သည့်အသံဖြင့် မေးလိုက်သည်။ "မေမေ၊သားညီမလေးနာမည်က ပေါင်ပေါင် လား ပေ့ပေ့လား?"
လင်းဝေ့ စိတ်တိုစွာဖြင့် ပြန်မေးလိုက်သည်။ "ကိုယ့်ညီမနာမည်တောင် ကိုယ် မသိဘူးလား?"
"သားသိတယ်။" မင်မင် ယုံကြည်ချက်ရှိစွာပြောလိုက်သည်။ "သားက ညီမလေးနာမည် ပေါင်ပေါင်ပါဆိုတာကို ရွေ့ရွေ့က မှားတယ်ဆိုပြီးတော့ ညီမလေးနာမည်က ပေ့ပေ့လို့ပြောတယ်လေ၊ ဒါပေမယ့် မေမေတို့၊ဘွာဘွားတို့၊ ဒေါ်ဒေါ်တို့က ညီမလေးကို ပေါင်ပေ့လို့ခေါ်တာလေ။"
ဤသည်ကို ရွေ့ရွေ့ကြားသော် ပြန်ပြောလိုက်သည်။ "မေမေတို့က ညီမလေးကို ပေါင်ပေ့လို့ ခေါ်လည်း၊ ညီမလေးနာမည်က ပေ့ပေ့ပဲ။"
မင်မင်လည်း သူ့ညီလေးအား မငြင်းနိုင်ကာ : "သားနာမည်က မင်မင်၊ မေမေတို့ကလည်း မင်မင်ပဲခေါ်တယ်၊ သူ့နာမည်က ရွေ့ရွေ့၊ မေမေတို့က ရွေ့ရွေ့လို့ခေါ်တာပဲ။ ညီမလေးနာမည်သာ ပေ့ပေ့ဆိုရင် ဘာလို့မေမေတို့က ပေါင်ပေ့လို့ခေါ်မှာလဲ? မေမေ၊ သားပြောတာမှန်တယ်မလား?"
လင်းဝေ့ - "...သားပြောတာ မှန်ပေမယ့်လည်း၊ သားညီမလေး အိမ်နာမည်က တကယ်ပေ့ပေ့ပါ။
မင်မင် - "အာ?!”
......
ဧည့်သည်တွေ များလာသည်နှင့်အမျှ ဒုတိယထပ်မှအိပ်ခန်းသည်လည်း ပို၍လူရှုပ်လာသည်။ လင်းဝေ့နှင့်ကလေးများက တစ်ယောက်ပြီးတစ်ယောက် ဆင်းသွားတာမြင်လိုက်ရပြီးနောက် အခန်းထဲရှိနေသူများသည်အသစ်ဝင်လာသောသူများဖြစ်သည်။
ဒုတိယထပ်၌ လူပြည့်နေသည်မက ဧည့်ခန်းနှင့်ခြံဝင်းထဲလည်းလူပြည့်နေသည်။
ထိုင်ခုံများတွင် လူပြည့်နေသောကြောင့် ဧည့်သည်များက ရပ်လို့ရရန် အဆင်ပြေသောနေရာကို ရွေးရသောကြောင့်ဖြစ်သည်။
ကျုံးရှောက်က အားလုံးကို နှုတ်မဆဆက်နိုင်သောကြောင့် ကျောက်ကျင်းဟိုင်နှင့် သူ့ဇနီးကလည်း ကူညီနေကြသောကြောင့် သူတို့လည်းအလုပ်ရှုပ်နေသည်။
မီးဖိုချောင်တွင်လည်း အလုပ်ရှုပ်နေသည်။ အမေလင်းကမီးဖိုရှေ့တွင် ဟင်းတစ်မျ်ိုးပြီးတစ်မျိုး ချက်နေပြီး အိုးထဲမှ စွပ်ပြုတ်နှင့် အသီးအရွက်များ ဆူမဆူကြည့်နေသည်။
လျိုတန်းနှင့် အခြားသူများကလည်း ကူညီနေကြသည်။ခုနစ်နာရီမခွဲခင်ထိ အလုပ်ရှုပ်နေကြပြီး အမေလင်းက ယန်ယီကို ကူညီရန်ခေါ်လိုက်သည်။
"ပန်းကန်တွေ ပေးပါဦး။"
ယန်ယိက ဆေးပြီးသားပန်းကန်တွေကို ကမ်းပေးလိုက်သည်။ အမေလင်းက ဟင်းပွဲပြင်နေစဉ်တွင် ကျုံးရှောက်က သူမ အကူအညီလိုမည်ထင်၍ လာမေးသည်။ အမေလင်းက ခေါင်းလှည့်ကာပြောလ်ိုက်သည်။
"ရှောင်ကျန်းကို စွပ်ပြုတ်တွေနဲ့ အသီးအရွက်တွေရပြီလားလို့ မေးလိုက်ပါ"
"အဆင်သင့်ဖြစ်ရင် အိုးကိုချဖို့ပြင်လိုက်ပါ။"
ကျုံးရှောက်က ကျန်းလန်ကို မေးရန်ထွက်ခဲ့ပြီး ကျန်းလန်က အိုးအဖုံးဖွင့်ကာ တစ်ခုပြီးတစ်ခု သေချာစစ်ဆေးပြီးပြောလိုက်သည်။
"ရတော့မယ်။ ဧည့်ခံဖို့အတွက် ပြင်လို့ရပြီ။"
ကျုံးရှောက်က ခေါင်းငြိမ့်လိုက်ကာ စားပွဲများမှ ဧည့်သည်များကို နှုတ်ဆက်လိုက်ပြီး ဒုတိယထပ်ကို သွားရန်ပြောလိုက်သည်။