← Chapters

Chapter 181

Vol. 14 Ch. 181

Chapter 181

Vol. 14 Ch. 181

သူမသား၏ အလုပ်ကိစ္စနှင့်ပတ်သက်နေသည့်အတွက် အမေလင်းက အလေးထားကာ သူမ ကျွန်းကိုရောက်သည်နှင့် လင်းဝေ့ကို ဒီကိစ္စပြောထားသည်။

သူမက သူမသမီးကို ပင်လယ်စာအထောက်အပံ့ လက်မှတ်နှင့် သူမသားအတွက် ပင်လယ်ခရုနှင့် ပင်လယ်မျှော့များဝယ်ရန် ပြောခဲ့ခြင်းမဟုတ်ပေ။ သူမက လက်ဗလာနှင့်မဟုတ်ဘဲ အနည်းငယ် ယူသွားရမည်ဟု ပြောခဲ့ခြင်းဖြစ်သည်။

ဒါပေမယ့် လင်းဝေ့က သူမဒုတိယအစ်ကို၏ ကိစ္စတွင် အလွန်အကူအညီပေးသည်။ အဖေလင်းနှင့်အမေလင်းက ရှေးလူကြီးများဖြစ်သည့်အတွက် သားနှင့်သာ လိုက်နေလိုကြသည်။ ဒါပေမယ့် သူတို့က တစ်ရက်ရက်မှာ စိတ်ပြောင်းပြီး လင်းဝေ့နှင့်လာနေလိုလျှင် သူတို့သားအတွက် ပိုကောင်းမည်ဆိုတာ သေချာသည်။

ဒါကြောင့် ကျုံးရှောက်နှင့် တိုင်ပင်ပြီး လင်းဝေ့က လတိုင်း ပင်လယ်စာသုံးပေါင် သိမ်းထားကာ ပင်လယ်ခရုလေးပေါင် ပင်လယ်မျှော့နှစ်ပေါင် ဝယ်ကာ ထက်ဝက်ကို လင်းဝေ့၏ ဒုတိယအစ်ကိုကို ပေးလိုက်သည်။

လင်းဝေ့က ပင်လယ်ခရုနှင့် ပင်လယ်မျှော့များကို အများကြီး ဝယ်ပြီး အခြားပင်လယ်စာများ သိပ်မဝယ်ခဲ့ပေမယ့် အုန်းသီးချိုချဉ်များနှင့် သရက်သီးခြောက်များ ဝယ်ခဲ့သည်။ ဘယ်လိုဖြစ်ဖြစ် လက်မှတ်မလိုသလို စျေးကလည်းပေါသည်။

သူမတို့သားအမိက မင်မင်နှင့်ရွေ့ရွေ့တို့နှင့်အတူ တစ်ခန်းထဲအိပ်ခဲ့သည်။ အကြောင်းပြချက်ကတော့ ရိုးရှင်းစွာပဲ မင်မင်၏ စကားကြောင့်ဖြစ်သည်။ "အဘွားက သွားတော့မှာမလို့ အဘွားနဲ့အတူ စကားတွေအများကြီး ပြောချင်သေးတယ်။"

အဆုံးမှာတော့ ကျုံးရှောက်နှင့်ပေ့ပေ့က အမေလင်းနှင့်အတူ တစ်ခန်းထဲအိပ်ရန် မသင့်တော်သည့်အပြင် အိပ်ခန်းခုတင်ကလည်း လူလေးယောက်သာဆံ့ပြီး လူများလျှင် ရှုပ်နေမည်ဖြစ်သည့်အတွက် ဒုတိယအိပ်ခန်းတွင် သွားအိပ်ခဲ့သည်။ သူ့အထင်အမြင်ကို ထုတ်ပြတတ်သော ကလေးက သူ့အဖေနှင့်အတူ အိပ်ခန်းထဲတွင်သာ အိပ်ချင်သည်။

သူကသူ့အဖေကို တွန်းနေသည့်အချိန်တွင် ဂုဏ်ယူနေပုံပေါ်သည်။ အိပ်ယာပေါ်ရောက်တော့ အငြိမ်မနေသည့်အတွက် လူတိုင်းအိပ်မရပေ။ လင်းဝေ့ စိတ်တိုလာတော့မှ သူက ငြိမ်သွားသည်။

မစောတော့သည့်အတွက် ရွေ့ရွေ့က မျက်လုံးမှိတ်လိုက်သည်နှင့် အိပ်ပျော်သွားသည်။ သားအမိနှစ်ယောက်ကတော့ မအိပ်ခင် ညနက်သည်အထိ စကားပြောနေကြသည့်အတွက် လင်းဝေ့ မနက် ကျောင်းသွားချိန်တွင် မျက်ကွင်းများ ညိုနေတော့မည် ဖြစ်သည်။

အမေလင်းက နေ့ခင်းလှေနှင့် သွားမည်ဖြစ်သည့်အတွက် လင်းဝေ့ကလည်း အတန်းမယူဘဲ ကျုံးရှောက်က ခွင့်တင်ကာ ဂျစ်ကားတစ်စီးတောင်းပြီး သူ့ယောက္ခမကို လိုက်ပို့ရန် မိသားစုနှင့်အတူ သွားခဲ့သည်။

သူမသမက်က သိတတ်ရိုသေသည် ဆိုတာကိုသိတော့ အမေလင်းက စကားအနည်းငယ်မှာတမ်းခြွေလိုက်ပြီး ဆိပ်ကမ်းကို ရောက်တော့ ခွဲရမည်ဖြစ်သည့်အတွက် သူမရင်ထဲ ဝမ်းနည်းလာခဲ့သည်။

ဒါပေမယ့် အခြေအနေက နှစ်စကထက် ပိုသန်မာနေသည်။ ထိုအချိန်က အမေလင်းက လင်းဝေ့တစ်ခုခု ဖုံးကွယ်ထားသည်ကို သ်ိသည့်အတွက် သူမထွက်သွားတော့ စိတ်မချနိုင်ဖြစ်ခဲ့ရသည်။ လင်းဝေ့က အနာဂတ်တွင် သူမမိဘတွေနှင့် တွေ့နိုင်မတွေ့နိုင် မသ်ိသည့်အတွက် ငိုမိသည်။

ဒါပေမယ့် ယခု လင်းဝေ့က ဘဝအတွက် အပူအပင်မရှိသလို သေရမည်ကို မကြောက်တော့ပေ။ သူမက တစ်နေ့နေ့တွင် သူမမိဘတွေနှင့် ပြန်တွေ့မည်ဟု ယုံကြည်ကာ ဝမ်းမနည်းဘဲ အမေလင်းကို မျှော်လင့်ချက်အပြည့်နှင့် လိုက်ပို့လိုက်သည်။

အမေလင်း ထွက်သွားပြီးတော့ လင်းဝေ့က ကလေးသုံးယောက်ကို ကျောင်းသို့ ခေါ်သွားခဲ့သည်။ ပေ့ပေ့က စောစောထစရာ မလိုသော်လည်း အရေးကိစ္စကြုံလျှင်အဆင်ပြေစေရန် သူမက သူ့အိပ်ယာထချိန်ကို ဆယ်မိနစ်စောထားသည်။

ကလေးတစ်ယောက်ကိုထပ်ပြီး ပြုစုပျိုးထောင်ရတာက ဆယ်မိနစ် စောစောထရတာလောက် မရိုးရှင်းပေ။ လင်းဝေ့က မီးဖွားခွင့်တင်ပြီး ပေ့ပေ့က်ို စောင့်ရှောက်ရသောကြောင့် ယခု အလုပ်ပြန်လုပ်သောအခါ ယခင်ကထက် အလုပ်ပိုများပြီး အတန်းချိန်ပိုများသည်။

အမေလင်းရှိနေချ်ိန်က သူမက ကိုယ်အလေးချိန်ချရမည်ဟု ပြောခဲ့သည်။ သူမအမေ သွားသည်နှင့် သူမက တကူးတက ကိုယ်အလေးချိန်ချရန် မလိုတော့ပေ။ သူမကိုယ်ဝန်ဆောင်စဉ် စားခဲ့သည်များက ပြန်ကျသွားပြီ ဖြစ်သည်။

ကံကောင်းတာက ညီမလေးရပြီးသည်နှင့် ရွေ့ရွေ့က ပိုပြီးလိမ္မာလာသည်။ သူတို့က ကျောင်းတွင် ညီမလေးကို ကူထိန်းပြီး အိမ်ပြန်ရောက်လျှင် သူတို့လုပ်နိုင်သလောက် အလုပ်ကူလုပ်ပေးကြသည်။

ညနေပိုင်းတွင်တော့ ကျုံးရှောက်က အားလုံးလုပ်ပေးသည့်အတွက် သူမက အပြည့်အဝအနားရကာ အနားယူနေနိုင်သည်။ ဒါပေမယ့် ဒါက ကျုံးရှောက် အိမ်တွင်ရှိနေချိန်သာဖြစ်သည်။ သူ ပင်လယ်ထဲ ထွက်သွားလျှင် လင်းဝေ့က နှစ်ဆပို အလုပ်ရှုပ်မည်ဖြစ်သည်။

ဒါပေမယ့် အချိန်ကြောင့် လင်းဝေ့က ဒီလိုမကြုံတွေ့ခဲ့ရပေ။ နွေဦးပွဲတော်က စောစောကျင်းပမည်ဖြစ်ပြီး နှစ်သစ်ကူးပွဲလည်းရောက်တော့မည့်အတွက် ကျုံးရှောက်က ပင်လယ်ထဲသွားရန် မလိုပေ။ နောက်ဆုံးစာမေးပွဲ ပြီးသွားပြီး ဆောင်းရာသီအားလပ်ရက်ရတော့ လင်းဝေ့၏ဘဝက ပို၍သက်သာလာသည်။

ကျုံးရှောက်က ဖုန်မှူန့်ရှင်းလင်းသည့်နေ့တွင် အနားယူပြီး လင်းဝေ့နှင့်အတူ အိမ်အပေါ်ထပ် အောက်ထပ်များကို သန့်ရှင်းရေးလုပ်နေသည်။

အဓိက ရှင်းလင်းရသည့်နေရာက သူတို့အိပ်ခန်း ဖြစ်သည်။ အမေလင်းပြန်သွားသည်နှင့် ကျုံးရှောက်က တစ်ယောက်ခုတင်က်ို သူတို့ခေါင်းရင်းပို့ကာ အောက်ထပ်မှအံဆွဲများကို သူတို့အခန်းထဲ ရွှေ့ထားသည်။

လင်းဝေ့က နို့မှုန့်နှင့် မုယောစပါးမှုန့်နှင့် အခြားလိုသည်များကို အံဆွဲထဲ ထည့်လိုက်သည်။ အခန်းက ပို၍ သေသေသပ်သပ် ဖြစ်သွားသည်ဟု သူမ ထင်ပေမယ့် တစ်ပတ်အကြာမှာတော့ အိပ်ခန်းကရှုပ်လာကာ နေရာမလောက်သလို ခံစားလာရသည်။

ဒါကြောင့် ရှင်းလင်းသည့်အချိန်တွင် လင်းဝေ့က ကျုံးရှောက်နှင့်အတူ ဗီရိုနှင့် အံဆွဲများမှ ပစ္စည်းများကို ထုတ်ကာ ဘာလို့ပစ္စည်းများထားရန် နေရာမလောက်ရသည့်အကြောင်း ရှာဖွေနေသည်။

ပစ္စည်းများ ပြန်ထည့်ချိန်တွင် လင်းဝေ့က ဓာတ်ပုံစာအုပ်ကို တွေ့လိုက်ရသည်။

ဓာတ်ပုံစာအုပ်ဆိုသည်မှာ ချဲ့ကားပြောခြင်းဖြစ်ပြီး ထိုထဲတွင် စုစုပေါင်းပုံ ခုနစ်ပုံ ရှစ်ပုံသာရှိသည်။ နှစ်ခုက သူမကျောင်းသူဘဝ ငယ်ရွယ်စဉ်က ဖြစ်သည်။ ငယ်ရွယ်စဉ်ကပုံဆိုပေမယ့် ရူးမိုက်ခဲ့သလို အမြဲခံစားရသည်။ ကျန်တဲ့ပုံတွေကတော့ မင်မင်နှင့် ရွေ့ရွေ့ လပြည့်ချိန်က သူမယောက္ခမက ဓာတ်ပုံဆိုင်ခေါ်သွားကာ ရိုက်ထားသည်များ ဖြစ်သည်။

ကလေးနှစ်ယောက် မမွေးခင်က အမေကျုံးက သူတို့တွင် မိသားစုပုံရိုက်ရန် လိုသည်ဟုပြောပေမယ့် တပ်မှအားလပ်ရက်က အကန့်အသတ်နှင့်ဖြစ်ပြီး ခရီးကရှည်သည့်အတွက် လမ်းတွင် အချိန်ထက်ဝက်လောက် ကုန်ခဲ့သည်။ သူတို့ရောက်တော့ ကလေးနှစ်ယောက်က ညည့်နက်စာ စားရမည်ဖြစ်သည်။ သူတို့နေမကောင်းဖြစ်မည်ကို စိုးရိမ်သည့်အတွက် သူတို့က မိသားစုဓာတ်ပုံမရိုက်ခဲ့ရပေ။ သူမယောက္ခမနှင့် သူမကပဲ ကလေးများကိုချီကာ ပုံအနည်းငယ် ရိုက်လိုက်ရသည်။

ထိုအချိန်က လင်းဝေ့က ဘဝက အရှည်ကြီးမလို့ ကျုံးရှောက် နောက်တစ်ခါပြန်လာလျှင် မိသားစုပုံရိုက်မည်ဟု တွေးထားပေမယ့် သူပြန်ရောက်လာတော့ သူကအပြင်းဖျားနေပြီဖြစ်သည်။

သူတို့က မိသားစု အစုံအလင် မိသားစုဓာတ်ပုံရိုက်ရန် ဘယ်တော့မှ အခွင့်အရေးမရတော့ပေ။

ကျုံးရှောက်က လင်းဝေ့ လက်ထဲမှပုံကိုယူကာ သေချာကြည့်လိုက်သည်။

ထိုပုံတွင် လင်းဝေ့နှင့် သူမယောက္ခမက မင်မင်နှင့်ရွေ့ရွေ့ကိုချီကာ ခုံတန်း တစ်ဖက်စီတွင် ထိုင်နေကြသည်။ ပုံထဲတွင် သူမတို့အပြုံးတွေက တောက်ပမနေပေမယ့် သူမတို့အကြည့်တွေက တောက်ပနေသည့်အတွက် စိတ်ကြည်နေကြတာ သ်ိသာသည်။

လင်းဝေ့က ကျုံးရှောက် ပုံကို လက်နှင့်ပွတ်နေသည်ကို ကြည့်ကာ ရုတ်တရက် ပြောလိုက်သည်။ "ကျွန်မတို့ ကလေးတွေနဲ့အတူ မိသားစုပုံ ရိုက်ကြမလား?"

"ဟမ်?"

"အခြားအိမ်တွေကို ကြည်လေ သူတို့အားလုံးမှာ မိသားစုပုံရှိတယ်။ အစ်မတန်းရဲ့အိမ်မှာဆို ဧည့်ခန်းထဲချိတ်ထားတဲ့ မှန်ဘောင်ကွပ် ပုံအကြီးကြီးရှိတယ်။ကျွန်မတို့အိမ်မှာ မရှိဘူး။ ကျွန်မ ဘယ်တစ်ခုရွေးရမယ်ဆိုတာ မသ်ိဘူး။"

လင်းဝေ့က ပြုံးပြီးမေးလိုက်သည်။ "ကျွန်မတို့ ပုံရိုက်ပြီးရင် ပုံကြီးချဲ့ပြီး ချိတ်ထားကြမလား?"

ကျုံးရှောက်က ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်ပြီလေ"

"ဒါဆို အဆင်ပြေပြီနော်၊ ရှင့် နောက်ထပ် အားလပ်ရက်က ဘယ်တော့လဲ?"

"နှစ်ဆယ့်ရှစ်ရက်"

လင်းဝေ့က အံ့သြစွာ မေးလိုက်သည်။ "ရှင် ဒီနှစ် အားလပ်ရက် စောစောရတာလား?"

ကျုံးရှောက်က ရှင်းပြလိုက်သည်။ "နှစ်ဆယ့်ရှစ်နဲ့ နှစ်ဆယ့်ကိုး နှစ်ရက်။ သုံးဆယ်ရက်နေ့မှာ တာဝန်ချိန်ပြန်ဝင်ရင်ဝင်ရမယ်။ ဒါမှမဟုတ် အရင်နှစ်ကလို အားလပ်ရက် လဲလို့ရတယ်။"

"ဟုတ်ပြီ။ ဓာတ်ပုံဆိုင်က နှစ်ဆယ့်ရှစ်ရက်နေ့ မပိတ်ဘူးမလား?"

"နှစ်ဆယ့်ကိုးရက်နေ့ အလုပ်ပြီးချိန်ထိ ပိတ်မယ်မထင်ဘူး"အပြင် အဖွဲ့အစည်းများက နှစ်သစ်ကူးအချ်ိန်၌ နောက်ကျပြီးပိတ်သည်။

လင်းဝေ့က ပြောလိုက်သည်။ "ဒါဆို အဆင်ပြေပြီ။ ကျွန်မ နှစ်ဆယ့်ရှစ်ရက်နေ့မှာ ဓာတ်ပုံရိုက်မယ်။"

.....

မင်မင်က သူတစ်ခါမှ ပုံမရိုက်ဖူးဘူးဟု ထင်ကာ မိသားစုဓာတ်ပုံရိုက်ရန် အလွန် အရေးကြီးသလို ခံစားနေရသည်။

လင်းဝေ့က သူနှင့်ရွေ့ရွေ့ကို လသားအရွယ်က ဓာတ်ပုံရိုက်ပေးခဲ့ပေမယ့် သူတို့က ငယ်သေးပြီး မမှတ်မိတာမလို့ ဒါကို သူ့ဘဝတွင် ပထမဆုံးအကြိမ်ဟု ထင်နေသည်။

ဒါကြောင့်မလို့ သူက နေ့တိုင်းလိုလို စဉ်းစားနေပြီး မိသားစုဓာတ်ပုံတွင် ကြည့်အကောင်းဆုံးဖြစ်ရန် နှစ်သစ်ကူးဝတ်စုံ အသစ်ကို ဝတ်မည်ဟု ဆုံးဖြတ်လိုက်သည်။

လင်းဝေ့ သူ့၏ ယုံကြည်မှုအပြည့်နှင့်ပုံစံကို ကြည့်ကာ ပြောလိုက်သည်။ "သားက အင်္ကျီအသစ် ဝတ်ရင်တောင်မှ မိသားစုပုံထဲမှာ အချောဆုံးဖြစ်မှာမဟုတ်ဘူး"

မင်မင်က ယုံကြည်ချက်အပြည့်နှင့် အံ့သြစွာ မေးလိုက်သည်။ "မိသားစုထဲမှာ ကျွန်တော့်ထက် ချောတဲ့ကလေး ရှိသေးတာလား?"

"သားထက်ချောတဲ့သူ မရှိပေမယ့် သားလောက်ချောတဲ့သူ ရှိတယ်လေ။" လင်းဝေ့က ရွေ့ရွေ့ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

"ဒါပေမယ့် ကျွန်တော့်ညီက ကျွန်တော်နဲ့ တစ်ပုံစံထဲပဲလေ။" မင်မင်၏ အမြင်တွင် သူနှင့်သူ့ညီက တစ်ပုံစံထဲဖြစ်ပြီး ညီတူညီမျှချောတာမလို့ သူကအချောဆုံး ဆိုသည့်သဘောပင်ဖြစ်သည်။

သူ့သား၏ အတွေးကို နားလည်သွားတော့ လင်းဝေ့က အရှူံးပေးလိုက်သည်။ "ဟုတ်ပါပြီ"

"ဒါဆို ကျွန်တော် အင်္ကျီအသစ် ဝတ်လို့ရလား အမေ?"

မင်မင်က မျှော်လင့်ချက်တကြီး မေးလိုက်သည်။

လင်းဝေ့က လက်ကာပြကာ ပြောလိုက်သည်။ "သွားလေ အမေတို့အားလုံးလည်း ဓာတ်ပုံရိုက်ဖို့အတွက် အသစ်တွေဝတ်ကြမှာ။"

မင်မင်က အစမှာတော့ ပျော်ရွှင်နေပေမယ့် တစ်ခုခုမှားနေသည်ကို သတိရသွားသည်။ မိသားစုတစ်ခုလုံးက ဝတ်စုံအသစ် ဝတ်ကြမည်။ ဒါဆို သူက အချောဆုံး ဖြစ်နိုင်ပါဦးမလား?

ရွေ့ရွေ့ကမူ သူနှင့်မတူဘဲ တစ်မျိုးအာရုံစိုက်မိကာ မေးလိုက်သည်။ "အဖေ့မှာလည်း ဝတ်စုံသစ် ရှိတာလား?"

ရွေ့ရွေ့ က စဉ်းစားတတ်လွန်းသောကလေး ဖြစ်ပြီး သူစဉ်းစားသည်များက မတူပေ။ ယခု သူမေးသည်က ဘာလို့ အဖေက အဝတ်မလဲတာလဲ?

လင်းဝေ့က ဒီမေးခွန်းကိုကြားပြီး အသက်ရှုကြပ်ကာ ချောင်းပင်ဆိုးသွားသည်။ ချောင်းဆိုးပြီးနောက် သူမက သူဘာလို့ ဒီလိုမေးသည်ဆိုတာ မေးလိုက်သည်။

"ဘာလို့လဲဆိုတော့ ကျွန်တော်တို့အဖေနဲ့ အခြားသူတွေရဲ့အဖေတွေက နေ့တိုင်း ဝတ်စုံအတူတူတွေပဲ ဝတ်နေတာလေ။"

ရွေ့ရွေ့က စိတ်ထဲမှ ရေတွက်ကာ ပြောလိုက်သည်။ "သူတို့က အခြားအင်္ကျီလဲဖို့အတွက် လအတော်ကြာတယ်လေ။"

လင်းဝေ့က ပြုံးလိုက်ကာ ပြောလိုက်သည်။ "အဖေ့မှာ တစ်ပုံစံထဲတူတဲ့အင်္ကျီတွေ အများကြီးရှိမယ်လို့ သားမတွေးဖူးဘူးလား။ ဒီလိုဆို သူနေ့တိုင်း အင်္ကျီလဲတယ်လေ မဟုတ်ဘူးလား?"

"အဲ့ဒီလိုလား?" ရွေ့ရွေ့က စိတ်ဝင်တစား မေးလိုက်သည်။

"သေချာတာပေါ့"

လင်းဝေ့က ရွေ့ရွေ့ကို တပ်မှ ပေးသော ဝတ်စုံများကို ပြလိုက်သည်။ ဒါမှသာ သူ့အဖေရဲ့ ဆောင်းတွင်းဝတ်စုံများကို မဝတ်တော့ဘဲ အသစ်ဝတ်ထားသည်မှာ ကြာပြီဖြစ်ကြောင်း သိမည်ဖြစ်သည်။

သူ့အထင်တွင် သူ့အဖေဝတ်ထားသည်များက အသစ်မဟုတ်ဘူးဟု ထင်သောကြောင့် ဒီလိုမေးခြင်းဖြစ်သည်။

လင်းဝေ့က ခေတ္တစဉ်းစားလိုက်ပြီး ပြောလိုက်သည်။

"အဖေက ဝတ်စုံသစ်တွေ မဝတ်ထားပေမယ့် ဒါကလည်း အသစ်တွေလိုပါပဲ။ ဝတ်စုံသစ်တွေနဲ့ ဘာမှမကွာပါဘူး။"

ရွေ့ရွေ့ - "သိပါပြီ"

နှစ်ဆယ့်ရှစ်ရက်နေ့တွင် အဖေက မြင်နေကြ စစ်ဝတ်စံဝတ်ထားတော့ ရွေ့ရွေ့က မိသားစုတစ်ခုလုံးက ဝတ်စုံသစ် ဝတ်ပြီး အဖေ့မှာသာ မရှိဘူးဟု တွေးမိသည်။

ဒါကြောင့်မလို့ မသွားခင်တွင် ကျုံးရှောက်က သူ့သားငယ်က သူ့ကို သနားသလိုကြည့်နေသည်ဟု အမြဲခံစားရသည်။

သူက သံသယဝင်ကာ လင်းဝေ့ကို မေးလိုက်သည်။

"ရွေ့ရွေ့ ဘာဖြစ်နေတာလဲ?"

"ဘာဖြစ်လို့လဲ?"

"သူ ကိုယ့်ကိုကြည့်နေတဲ့ပုံစံက ဘာလို့ ကိုယ့်ကို သနားသလို ကြည့်နေတဲ့ပုံစံ ဖြစ်နေတာလဲ?"

လင်းဝေ့က ကျုံးရှောက်၏စကားကြောင့် နောက်လှည့်ကြည့်လိုက်ရာ ရွေ့ရွေ့၏အကြည်များကြောင့် ရယ်မောလိုက်သည်။

"ရှင် ထင်တာမှန်တယ်။ သူက ရှင့်မှာ ဝတ်စုံသစ်မရှိလို့ သနားနေတာ"

ကျုံးရှောက် - "....?"

...........

ထိုခေတ်အချိန်က ဓာတ်ပုံရိုက်ရန် ငွေသုံးသူသိပ်မရှိပေ။ပုံမှန်အားဖြင့် သူတို့က လေ့ကျင့်ရေးအတွက် တပ်ထဲဝင်ချိန် သို့မဟုတ် လက်ထပ်ချိန်နှင့် ကလေးများအတွက် အဓ်ိပ္ပါယ်ရှိသည့် ကိစ္စတစ်ခုခုရှိမှသာ ဓာတ်ပုံဆိုင်သို့ လာလေ့ရှိသည်။

ဒါကြောင့်မလို့ အခြားပြည်သူ့အဖွဲ့အစည်း များနှင့်ယှဉ်လျှင် ဓာတ်ပုံဆိုင်သို့ လာသည့်သူ သိပ်မများပေ။ လင်းဝေ့တို့က သိပ်စောစော မရောက်ခဲ့ပါ။ မိသားစုဓာတ်ပုံရိုက်နေသည့် မိသားစုမှလွဲ၍ လူငယ်စုံတွဲတစ်တွဲသာ သူတို့ရှေ့တွင်ရှိသည်။

ထိုလူငယ်စုံတွဲက နှစ်ဆယ်ကျော်ခါစဝန်းကျင် ဟုထင်ရပြီး တစ်ချိန်ထဲမှာပင် ငယ်ရွယ်ပြီး ရှက်နေကြသည့်ပုံ ပေါ်လွင်နေသည်။

သူတို့ကြားတွင် နေရာလပ်မရှိဘဲ ခုံတန်းရှည်တွင် ထိုင်နေကာ တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးကြသော်လည်း တစ်ယောက်က်ိုတစ်ယောက်ကြည့်ရန် ရှက်နေကြသည်။ အကြည့်ချင်းဆုံတိုင်း တစ်ဖက်ကို အကြည့်လွှဲသွားကြသည်။

အထူးသဖြင့် မိန်းကလေးတွေက သူတ်ို့ရဲ့ ရှက်တတ်တာကြောင့် အကြည့်လွှဲလိုက်တိုင်း ရှက်သွားကြသည်။

သူမက ထိုမိန်းကလေးနှင့် မျက်နှာချင်းဆိုင်ထိုင်နေသည်မလို့ သူ၏ရှက်နေသော အမူအရာက စ်ိတ်ဝင်စားစရာကောင်းသည်ဟု တွေးမိကာ သူမကိုဆက်ကြည့်နေတော့ ထိုမိန်းကလေးက ပို၍ရှက်လာကာ တစ်ချိန်ထဲမှာပင် နားမလည်နိုင်ဖြစ်လာပြီး သူမမျက်နှာကို သူမ ကိုင်လိုက်သည်။

လူငယ်က ဒါကိုမြင်တော့ အသံတိုးတိုးနှင့် မေးလိုက်သည်။ "မင်း ဘာဖြစ်တာလဲ?"

"ကျွန်မ မျက်နှာမှာ တစ်ခုခုရှိတာလား? " သူမက ငြင်သာစွာမေးလိုက်သည်။

"ဟင့်အင်း သန့်ရှင်းနေပါတယ်" ထိုလူငယ်က အသံတိုးတိုးနှင့်ပြောလိုက်သည်။

"အရမ်းလည်း လှနေတယ်"

မိန်းကလေးက ဒါကိုကြားတော့ ရှက်သွားကာ ခေါင်းပင်မထောင်နိုင်တော့ပေ။ "ဒါက အပြင်မှာနော်"

ထိုလူငယ်က လင်းဝေ့တို့ကိုကြည့်ကာ ရှက်ရှက်နှင့် ခေါင်းကုတ်လိုက်ပြီး မေးလိုက်သည်။

"အစ်က်ိုက စစ်သားလား?"

ကျုံးရှောက်က လင်းဝေ့နှင့် စကားပြောနေရင်း ထိုစကားကိုကြားတော့ လှည့်ကြည့်လိုက်ရာ ထိုသူက သူ့ကိုကြည့်နေတာမြင်တော့ သူ့ကိုမေးတာ သေချာသွားသောကြောင့် ခေါင်းငြိမ့်ပြီး ပြောလိုက်သည်။ "ဟုတ်တယ်။ မင်းတို့က ခုမှ လက်ထပ်ပြီးစလား?"

"အင်း။ကျွန်တော်တို့ မနေ့က မှတ်ပုံတင်ပြီးတော့ ဒီနေ့ မင်္ဂလာဓာတ်ပုံ လာရိုက်တာပါ"

ထိုလူငယ်က ပြုံး၍ပြောကာ အိတ်ထဲမှ လက်တစ်ဆုပ်စာ ချ်ိုချဉ်များထုတ်ကာ မေးလိုက်သည်။ "အစ်ကိုတို့ ချိုချဉ်စားလား? ဒါက ကျွန်တော်တို့ မင်္ဂလာပွဲက ချိုချဉ်တွေပါ"

မိန်းကလေးက အံ့သြစွာမေးလိုက်သည်။ "ရှင်ဘာလို့ ချိချဉ်တွေအများကြီး သယ်လာသေးတာလဲ?"

"က်ိုယ်က အပြင်မှာ သိတဲ့သူနဲ့တွေ့ရင် ပေးလို့ရအောင် ထွက်မလာခင်က လက်တစ်ဆုပ်စာ ယူလာခဲ့တာပါ"

လူငယ်က ရှင်းပြလိုက်ပြီး ကျုံးရှောက်ရှေ့တွင် လက်ဖြန့်လိုက်သည်။"စိတ်မရှိပါနဲ့ အစ်ကိုနဲ့မရီး ချိုချဉ်စားတယ်မလား?"

"ဒါဆိုလည်း မင်းတို့ရဲ့ ပျော်ရွှင်မှုအတွက် ယူလိုက်တာပေါ့" ကျုံးရှောက်က တစ်ခုယူကာ လင်းဝေ့ကိုပေးလိုက်ပြီး သူ့အတွက်လည်း တစ်ခုယူလိုက်သည်။

အမေနှင့်အဖေက သကြားလုံးယူတာမြင်တော့ ရွေ့ရွေ့ကလည်း တစ်လုံးယူလိုက်သည်။ "ကျေးဇူးတင်ပါတယ် ဦးဦးနဲ့ဒေါ်ဒေါ်"

"ကျေးဇူးတင်စရာမလိုပါဘူး" လူငယ်က ရယ်လိုက်ကာ မေးလ်ိုက်သည်။ "သူတို့က ညီအစ်ကိုတွေလား? တစ်ပုံစံထဲပဲ"

မိန်းကလေးက ပြောလိုက်သည်။ "အမွှာတွေထင်တယ်"

လင်းဝေ့က ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်တယ်"

လူငယ်က သဘောပေါက်သွားကာ မင်မင်နှင့်ရွေ့ရွေ့ကို ကြည့်ပြီးပြောလိုက်သည်။ "သူတို့ အရမ်းတူနေတာ အံ့သြစရာမရှိတော့ဘူး"

"ကျွန်တော်တို့ညီအစ်ကိုက အတူဆုံးအမွှာတွေပဲ!" မင်မင်က ချိုချဉ်ကို အခွံခွာရင်း ဂုဏ်ယူစွာ ပြောလိုက်သည်။

ထိုလူငယ်က မေးလိုက်သည်။ "သား ပုံစံမတူတဲ့ အမွှာတွေ တွေ့ဖူးလား?"

မင်မင်က ချ်ိုချဉ်ကို ပါးစပ်ထဲထည့်လိုက်ပြီး ခဏစဉ်းစားကာ ဖြေလိုက်သည်။ "ကျွန်တော် အခြားအမွှာတွေ မတွေ့ဖူးဘူး"

လူငယ်က မေးလိုက်သည်။ "ဒါဆို သားတို့က ဘာလို့ အတူဆုံးအမွှာတွေလို့ သိတာလဲ?"

မင်မင်က ပြောလိုက်သည်။ "ဘာလို့လဲဆိုတော့ ကျွန်တော် အခြားအမွှာတွေမမြင်ဖူးလို့ပေါ့!"

လူငယ်က အခုဘာမှ ထပ်မပြောသင့်ဘူးဟု တွေးမိကာ မင်မင်၏ စကားအဓိပ္ပါယ်ကို တွေးကာ ရယ်လိုက်သည်။ "ကောင်လေး မင်းက စိတ်ဝင်စားစရာပဲ"

"ဦးဦးနဲ့ဒေါ်ဒေါ်ကလည်း စိတ်ဝင်စားစရာပါပဲ"

လူငယ်က အံ့သြသွားသည်။ "ဘာလို့ စိတ်ဝင်စားစရာ ကောင်းတာလဲ?"

"ဦးဦးက အမြဲတခစ်ခစ်ရယ်နေပြီး ဒေါ်ဒေါ်ကရှက်နေတယ်"မင်မင်က စဉ်းစားပြီး ထပ်ပြောလိုက်သည်။ "ပန်းသီးလို နီနေတာပဲ"

မိန်းကလေးရဲ့မျက်နှာက ဒါကိုကြားတော့ နီရဲသွားပြန်ကာ လူငယ်က သူမမျက်နှာနီသွားတာကိုကြည့်ပြီး ပြုံးလိုက်သည်။

သူရဲ့ ပေါင်းသင်းဆက်ဆံရေးကောင်းမှုကြောင့် ထိုသူက သူ့နောက်မှလူနှင့် စကားပြောနေသည်မလို့ ဓာတ်ပုံဆိုင်မှ ဝန်ထမ်းထွက်လာသောအခါ တွေဝေသွားသည်။ ဒီမိသားစုနှစ်ခုက အချင်းချင်း သိကြတာလား?

သေချာပေါက် သူတို့အချင်းချင်း မသိကြပေမယ့် ထိုလူငယ်က မင်မင်ကို အလွန်သဘောကျကာ သူသိချင်နေတာမြင်တော့ မေးလိုက်သည်။ "သား အထဲကို အတူကြည့်ဖို့လိုက်ချင်လား?"

"ဦးနဲ့ဓာတ်ပုံရိုက်ရမှာလား?"

မင်မင်က မျက်လုံးကျယ်ကျယ်နှင့်မေးလ်ိုက်သည်။

ထိုအချိန်တွင် ဓာတ်ပုံရိုက်သည်က စျေးမပေါပေ။ လေးလက်မပုံကို ငါးဆယ်ဆင့်ပေးရပြီး နံရံတွင်ချိတ်သောပုံက နှစ်ယွမ်သုံးယွမ် ပေးရသည်။ ပြီးတော့ သူတို့က မင်္ဂလာဓာတ်ပုံ လာရိုက်တာမလို့ အလယ်တွင် ကလေးတစ်ယောက်ပါနေလျှင် ထူးဆန်းသည်။

လင်းဝေ့က မင်မင်ကို ပြင်းပြင်းထန်ထန်မတားဘဲ မေးလိုက်သည်။ "သားက ဦးဦး ဒေါ်ဒေါ်တို့နဲ့ ဓာတ်ပုံရိုက်ရင် အမေနဲ့အဖေနဲ့ မောင်နှမတွေနဲ့ မရိုက်ဘူးလား?"

ဓာတ်ပုံနှစ်ပုံရိုက်ရန် အတွေးမရှိသည့်အတွက် သူက ဒါကိုကြားတော့ နားလည်သွားကာ ပြောလိုက်သည်။ "အင်း။ ကျွန်တော် အမေ၊အဖေ နဲ့ ညီလေး ညီမလေးတွေနဲ့ ရိုက်ချင်တယ်"

ဒါကိုကြားတော့ လူငယ်ကလည်း စိတ်သက်သာရာရသွားသည်။ သူက ပုံတစ်ပုံသာရိုက်ရန် စီစဉ်ထားပြီး နှစ်ခုပွားကာ တစ်ခုကို ပုံကြီးချဲ့ပြီး အိမ်တွင်ချိတ်မည်ဖြစ်ပြီး နောက်တစ်ခုက်ို သိမ်းထားမည်ဖြစ်သည်။

သူယခု ပြောလိုက်သည်ကလည်း ကလေးက အထဲမှအရာကို စိတ်ဝင်စားနေတာ တွေ့တော့ သူ့ကိုကြည့်လို့ရအောင် အထဲခေါ်သွားရန်ပြောလိုက်သည်ဖြစ်ပြီး မင်္ဂလာဓာတ်ပုံ အတူရိုက်ရန် မဟုတ်ပေ။

ဒါကြောင့် မင်မင်၏ မေးခွန်းကိုကြားတော့ သူက ကြောင်အမ်းအမ်းဖြစ်သွားပေမယ့် မင်မင် စိတ်ပြောင်းသွားတာမြင်တော့ သူက ဘာမှထပ်မပြောရဲတော့ပေ။

"ဒါဆို ဓာတ်ပုံအရင် သွားရိုက်ကြတာပေါ့"

လူငယ်က သူ့ကို ဓာတ်ပုံအတင်းမရိုက်ခိုင်းတာတွေ့တော့ စိတ်သက်သာရာ ရသွားကာ လက်ကာပြပြီး ပြောလိုက်သည်။ "ဦးဦး မြန်မြန်ဝင်ပါ" ထိုသူက သူ့ကိုအလိုလိုက်မည်ဟု သူကမထင်ပေ။

လင်းဝေ့က ဒါကိုမြင်ပေမယ့် မင်မင်ကို သတိမပေးနိုင်သည့်အတွက် နားလည်မှုလွဲသည့်အတိုင်း ထားလိုက်သည်။

........

လူငယ်စုံတွဲဝင်သွားပြီးနောက် လင်းဝေ့တို့က ဆယ်မိနစ်စောင့်လိုက်ရသည်။ မိန်းကလေးတစ်ယောက်က တံခါးဖွင့်ကာ ဓာတ်ပုံဆိုင်ထဲ ဝင်လာသည်။ သူမက သက်သေခံဓာတ်ပုံရိုက်ရန် လာခြင်းဖြစ်သည်။

သူမကိုယ်ရေးအချက်အလက်များကို ဖြည့်ပြီးချိန်တွင် ဓာတ်ပုံဆိုင်မှ အလုပ်သင်က သူမကို ခုံတွင် ထိုင်စောင့်ခိုင်းပြီး လိုက်ကာဖွင့်ကာ ဓာတ်ပုံရိုက်နေသည့် အခန်းထဲ ဝင်သွားသည်။

အလုပ်သင်ဝင်သွားပြီး ခုနစ်မိနစ် ရှစ်မိနစ်ကြာတော့ လူငယ်စုံတွဲက ထွက်လာပြီး သူတို့နောက်မှ အလုပ်သင်က ဓာတ်ပုံလာယူရမည့်အချိန်ကို ရှင်းပြနေသည်။စကားပြောပြီးသည်နှင့် ထိုလူငယ်စုံတွဲက လင်းဝေ့တို့ကို နှုတ်ဆက်ကာ ထွက်သွားလိုက်သည်။

သူတို့ထွက်သွားပြီးနောက် အလုပ်သင်က အရှေ့စားပွဲမှ ကိုယ်ရေးအချက်အလက်ကိုကြည့်ကာ လင်းဝေ့တို့ကို မေးလိုက်သည်။ "မိသားစုပုံ ရိုက်ကြမှာလား?"

လင်းဝေ့က ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်ကဲ့"

"လိုက်ခဲ့ပါ"အလုပ်သင်က လိုက်ကာဖွင့်ကာ အထဲအရင် ဝင်သွားခဲ့သည်။

ကျုံးရှောက်က ကလေးကိုချီကာ အထဲဝင်သွားပြီး လင်းဝေ့က မင်မင်နှင့် ရွေ့ရွေ့ကို ခေါ်ကာ လိုက်လာခဲ့သည်။

လိုက်ကာဖွင့်ဝင်လိုက်သည်နှင့် အာရုံဖမ်းစားသောနေရာက နံရံဖြစ်သည်။ အပြင်နံရံနှင့် အတွင်းနံရံကြားတွင် လမ်းကြားလေးတစ်ခုရှိသည်။ အလင်းရောင်မရှိတာကြောင့် လမ်းက မှောင်နေသည်။ ဒါပေမယ့် လမ်းက အကျယ်ကြီး မဟုတ်ဘဲ အနီးတွင် အလင်းရောင်ရှိသော ဓာတ်ပုံခန်းရှိသည်။

ဓာတ်ပုံခန်းက ဆယ်ပေခန့်ရှိပြီး သိပ်မကြီးပေ။လမ်းကြားနံရံတွင် ပစ္စည်းအမြောက်အမြားရှိသည်။အရှေ့တွင် အနီရောင်အဝတ်နှင့် အုပ်ထားသော ကင်မရာရှိသည်။ ဒါကကြီးပြီး စင်အရွယ်က မင်မင်နှင့်ရွေ့ရွေ့တို့ထက် ပိုမြင့်သည်။

ကင်မရာနှင့် မျက်နှာချင်းဆိုင်နံရံတွင် လူတစ်ယောက်ပုံရှိပြီး နံရံရှေ့တွင် ခုံတန်းရှိသည်။ ကုလားထိုင်အပြင် နံရံဘေးတွင် အခြားခုံတန်းများလည်းရှိသည်။ ခွေးခြေခုံပေါ်တွင်တော့ သက်သေခံဓာတ်ပုံအတွက် အနီရောင် အဖြူရောင်နှင့် အပြာရောင် အဝတ်များရှိသည်။နောက်ခံအရောင်က လိုအပ်ချက်တစ်ခုစီအလိုက် ကွဲသွားသည်။

သူတို့အထဲရောက်တော့ အလုပ်သင်နှင့် ဓာတ်ပုံဆရာက ကင်မရာရှေ့တွင် စကားပြော၍ ရပ်နေကြသည်။ ပြောနေသည့်အကြောင်းအရာက သူတို့အကြောင်းဖြစ်သည်။

အလုပ်သင်က ပြောလိုက်သည်။ "လူငါးယောက်၊ လူကြီးနှစ်ယောက် ကလေးနှစ်ယောက်နဲ့ လသားတစ်ယောက်။ သူတို့က မိသားစုပုံ ရိုက်ချင်ကြတာပါ"

ဓာတ်ပုံဆရာက မေးလိုက်သည်။ "ဘယ်နှပုံ ရိုက်မှာလဲ?"

"သုံးပုံ မိသားစုပုံတစ်ပုံ၊ ကလေးနှစ်ယောက် တစ်ပုံ နဲ့ ကလေးလေးချီထားတဲ့ အမျိုးသမီးတစ်ပုံ"

ဓာတ်ပုံဆရာက သိလိုက်ရတော့ ကင်မရာမှန်ကို သုတ်ကာ ခေါင်းမထောင်ဘဲ ပြောလိုက်သည်။ "ထိုင်စရာရှာလိုက်ပါ နေရာမဆံ့ရင် ဘေးဘက်တွေကို ခွေးခြေခုံတွေယူလိုက်ပါ။"

လင်းဝေ့နှင့်ကျုံးရှောက်က ဓာတ်ပုံဆရာ၏ အပြုအမူကို မအံသြပေ။ ဓာတ်ပုံဆရာက ကျွမ်းကျင်ပြီး နာမည်ကြီးတာ မလို့ ယခု အခြေအနေက ပုံမှန်ပင်ဖြစ်သည်။

ဒါပေမယ့် သူတ်ို့နှစ်ယောက်က ဘာမှမပြောခဲ့ပေ။ကျုံးရှောက်က မေးလိုက်သည်။ "ကျွန်တော်တို့ တစ်ယောက်ရှေ့မှာ တစ်ယောက်ရပ်ပြီး ရိုက်ရမလား ဘေးမှာထိုင်ပြီးရိုက်ရမလား?"

"ခင်ဗျားတို့ ကြိုက်သလိုလုပ် ဘယ်လိုဖြစ်ဖြစ် ရိုက်လို့ရတယ်" ဓာတ်ပုံဆရာက စိတ်မရှည်စွာပြောလိုက်သည်။ သူက အနီရောင်အဝတ် အောက်မှ ခေါင်းထုတ်ကာ ကြည့်လိုက်ပြီး မေးလိုက်သည်။

"ခင်ဗျားတို့က မိသားစုတွေလား?"

လင်းဝေ့က ဒါကအဓိပ္ပါယ်ရှိရဲ့လားဟု စိတ်ထဲမှတွေးမိနေသည်။

ကျုံးရှောက်ကလည်း အနည်းငယ် ပြောစရာ ပျောက်သွားသည်။ "ဟုတ်ကဲ့"

All Chapters