Chapter 187
Vol. 15 Ch. 187
စာမေးပွဲ နေရာက ခရိုင်မြို့မှ အထက်တန်းကျောင်း ဖြစ်သည်။ တပ်ထဲမှ အမျိုးသမီးများကို အားပေးသည့်အနေနှင့် စစ်တပ်က စစ်ကားတစ်စီးကို ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေမည့်နေ့တွင် စီစဉ် ပေးခဲ့သည်။
ဒါပေမယ့် ကျုံးရှောက်က လင်းဝေ့၏ စာမေးပွဲ ပထမဆုံးနေ့တွင် ခွင့်ယူကာ စောစောထပြီး ခေါက်ဆွဲပြုတ်ကာ ကြက်ဥကြော်နှစ်လုံး လုပ်ပေးခဲ့သည်။
ဒါက ဦးစားပေးရမည် ဖြစ်သည်။
အတန်းတိုင်း၏ နှစ်ဝက်စာမေးပွဲနှင့် နှစ်ဆုံးစာမေးပွဲများတွင် လင်းဝေ့က ညီအစ်ကိုနှစ်ယောက်အတွက် ကြက်ဥနှစ်လုံး ကြော်ပေးကာ သူတို့ကို အမှတ်ပြည့် ၁၀၀ ရရန် ဆုတောင်းပေးလေ့ရှိသည်။
မင်မင်နှင့် ရွေ့ရွေ့က စာမေးပွဲတိုင်းတွင် အမှတ်ပြည့်မရပေမယ့် သူက ဒီအယူအဆကို ယုံကြည်သည်။ ယခု လင်းဝေ့၏ အလှည့် ဖြစ်သည်။ အမှတ်ပြည့်ရရန် ခေါက်ဆွဲ!
ခေါက်ဆွဲစားပြီးနောက် ကျုံးရှောက်က ကလေးသုံးယောက် နှင့်အတူ လင်းဝေ့ကို စာမေးပွဲ ဖြေရန် လိုက်ပို့ခဲ့သည်။
စစ်တပ်မှ စီစဥ်ပေးသော အမျိုးသမီးများ ပါသည့် ကားက မိသားစုနယ်မြေရှေ့တွင် ရပ်ထားသည်။ သူတို့ရောက်ပြီးသည်နှင့် အနှေးနဲ့ အမြန်ပင် တပ်သား အမျိုးသမီး ထက်ဝက်လောက်က ရောက်လာကြသည်။
စာမေးပွဲက နီးကပ်လာသည်နှင့်အမျှ အမျိုးသမီးများက အမူအရာ အမျိုးမျိုး ဖြစ်နေသည်။ အချို့က ခုံတွင်ထိုင်ပြီး မေးခွန်းများ ပြန်ကြည့်နေပြီး အချို့က အဓိကအချက်များ မှတ်မိစေရန် စာအုပ်ပြန်ဖွင့်နေကြပြီး မေးနိုင်သော မေးခွန်းပုံစံများကို အတူတကွ တိုင်ပင်ခဲ့ကြသည်။
ထပ်ပြောရလျှင် စာမေးပွဲမတိုင်ခင် စာပိုလုပ်ခဲ့သင့်တာ ပြီးတော့ စာမေးပွဲ လတွင် အချို့ ထုတ်လွှင့်မှုများလည်း ရှိသည်။ လူရှုပ်နေတာက်ို ရှောင်ရန် ကားပေါ်မတက်ဘဲ ဘေးတွင် ရယ်မော၍ စကားပြောနေလိုက်သည်။
သူတို့မိသားစု လာတာ တွေ့တော့ တပ်ထဲမှ ညီအစ်မ တစ်ယောက်က မေးလိုက်သည်။ "တပ်မှူးကျုံး ဒီနေ့ စခန်းကို မသွားဘူးလား?"
"ကျွန်တော် ခွင့်ယူထားပါတယ်" ကျုံးရှောက်က ပြောလိုက်သည်။
မင်မင်က သေချာ ရှင်းပြလိုက်သည်။ "ဒီနေ့က ကျွန်တော့်အမေရဲ့ စာမေးပွဲ ပထမဆုံးနေ့လေ ဒါကြောင့် အဖေနဲ့ ကျွန်တော်တို့က အမေ့က်ို စာမေးပွဲခန်း လိုက်ပို့တာ!"
တပ်အခြေစိုက် မူလတန်းကျောင်းတွင် စာမေးပွဲ ဖြေကြမည့် ဆရာမ အတော်များများ ရှိသည့်အတွက် ကျောင်း နှစ်ရက် ပိတ်ထားသည့်အတွက် မင်မင်နှင့် ရွေ့ရွေ့က လင်းဝေ့ကို ပို့ရန် လိုက်လာနိုင်ခြင်း ဖြစ်သည်။
ပေ့ပေ့က သူ့အစ်ကို၏ စကားနောက်မှ လိုက်ပြောလိုက်သည်။ "အမေ့ကို စာမေးပွဲခန်းထဲ လိုက်ပို့တာ!"
"အိုး၊ ရှင်တို့အားလုံးက အရမ်းကောင်းတာပဲ" တစ်ဖက်လူက ရယ်လိုက်ကာ လင်းဝေ့ကို ပြောလိုက်သည်။
"တပ်မှူးကျုံးက အရမ်း သဘောကောင်းတာပဲ၊ အိမ်က လူကတော့ အဲ့လို စိတ်ထား မရှိဘူး"
နောက်ထပ် အမျိုးသမီးတစ်ယောက်က သံယောင် လိုက်လိုက်သည်။ "အစ်မ အိမ်က လူတင်မကဘူး၊ ကျွန်မ အိမ်က လူရောပဲ"
နောက်တစ်ယောက်က ပြောလိုက်သည်။ "စာမေးပွဲကို လိုက်ပို့ဖို့ မပြောနဲ့ နေ့တိုင်း အပြောခံရတယ် ကျွန်မက ကောလိပ်ဝင်ခွင့် စာမေးပွဲ အောင်စာရင်းမှာ ပါလာမှာမလို့ အချိန် မဖြုန်းနဲ့တဲ့။ သူ ပြောလေလေ ကျွန်မက ပိုလုပ်ပြချင်လေလေပဲ။ ကျွန်မ အောင်မလား မအောင်ဘူးလား ကြည့်ကြတာပေါ့"
အထဲမှ ထွက်လာသော တပ်သားအမျိုးသမီးက သူတို့ပြောနေတာ ကြားတော့ သူက ငြီးညူပြကာ စစ်ကားပေါ် တက်သွားပြီး စာအုပ်ဖွင့် ဖတ်လိုက်သည်။
စစ်ကားက ခုနစ်နာရီမှာ ထွက်ရမည်ဆိုပေမယ့် ကားထဲမှ လူက ယခင်ထက် နှစ်ယောက်လျော့နေပြီး သူတို့က မဖြေကြတော့ပေ။
ထိုသတင်းက ကားထဲမှ သူများကို ပိုတည်ငြိမ်စေသည်။ ခုနက စကားပြောရင်း ရယ်မောနေသူက စကားပြော ရပ်သွားသည်။ အားလုံးက စာအုပ် ကောက်ကိုင်ကာ စာဖတ်ခဲ့ကြသည်။ ကလေးများ အသံကသာ ကားထဲ ကျန်ခဲ့သည်။
ရွေ့ရွေ့က အသံတိုးတိုးနှင့် မေးလိုက်သည်။ "အမေ သူတို့က ဘာလို့ စာမေးပွဲ ဖြေလို့မရတာလဲ?" စာမေးပွဲတွေက ပျက်လို့မရတာကြောင့် သူက တွေးမရ ဖြစ်နေသည်။
လင်းဝေ့က ရှင်းပြလိုက်သည်။ "ကောလိပ် ဝင်ခွင့် စာမေးပွဲက ကျောင်းစာမေးပွဲနဲ့ မတူဘူး။ ဘယ်သူကမှ အတင်းအကြပ် မဖြေခိုင်းဘူး။ ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ လုပ်ရတာ"
"ဒါဆို ဘာလို့ သူတို့က စာမေးပွဲ မဖြေတာလဲ?" ရွေ့ရွေ့က ထပ်မေးလိုက်သည်။
လင်းဝေ့က ခေါင်းခါလိုက်သည်။ "အမေလည်း မသိဘူး။ တစ်ခုခု ဖြစ်တာ ထင်တယ်"
ရွေ့ရွေ့က ခေါင်းငုံ့ပြီး ပြောလိုက်သည်။ "ဒီလိုကိုး"
ခရိုင် အထက်တန်းကျောင်းကို ရောက်တော့ စာမေးပွဲက မစသေးဘဲ စာမေးပွဲခန်းထဲ ဝင်လျှင် မေးခွန်းဟောင်းများနှင့် ကြည့်ရမည့်စာအုပ်များကို သိမ်းမည် ဖြစ်သည့်အတွက် အားလုံးက အခန်းထဲ ကြိုမဝင်ဘဲ ကားပေါ်ထိုင်ကာ စာဆက်လေ့လာနေကြသည်။
ကျုံးရှောက်က ဒါကိုမြင်တော့ လင်းဝေ့ကို မေးလ်ိုက်သည်။ "မင်း စာအုပ် ဖတ်ချင်လား?"
လင်းဝေ့က မှတ်စုစာအုပ် ယူလာပေမယ့် စာအားလုံးကို မှတ်မိနေပြီး ဒါက သူမစိတ်က်ို လုံခြုံစေရန် ယူလာခဲ့ခြင်းသာ ဖြစ်သည်။
ဒါပေမယ့် ကျုံးရှောက်နှင့် ကလေးများ ရှိတာမလို့ သူမက သူမပြောခင်ထိ စာအုပ်ကိုကြည့်ရန် အစီအစဉ် မရှိပေ။ သူမက တွေးလိုက်ပြီး ပြောလိုက်သည်။ "ကောင်းပြီလေ ကျွန်မ မှတ်စုကို နောက်တစ်ခါ ပြန်ကြည့်လိုက်မယ်"
လင်းဝေ့က စာအုပ် ဖွင့်လိုက်သည်နှင့် ကလေးသုံးယောက်က တိတ်ဆိတ်သွားသည်။ သူတို့က ကောလိပ်ဝင်ခွင့် စာမေးပွဲ အကြောင်း နားမလည်ပေမယ့် ဒါက သူတို့အမေအတွက် အရေးကြီးသည် ဆိုတာကို သိထားသည်။
စာမေးပွဲဖြေရန် ဆယ့်ငါးမိနစ် အလိုတွင် လင်းဝေ့က စာအုပ်ကို ပိတ်လိုက်ပြီး သက်သေခံကတ်၊ ဘောပင်၊ စာရွက်များကို သေချာ စစ်လိုက်သည်။ သူမက ကလေးများ၏ ပါးကို နမ်းလိုက်ပြီး ကျုံးရှောက်ကို ဖက်လိုက်ကာ စာမေးပွဲခန်းထံ ထွက်သွားလိုက်သည်။
အခြား တပ်သားအမျိုးသမီးများက ဒါကို မြင်တော့ ပြုံးလိုက်ကြသည်။ အရင်က သူတို့က သူတို့မိသားစုတွေ သူတို့ကို လိုက်ပို့ရန် မလိုဟု ထင်ခဲ့သည်။
လင်းဝေ့က သူမမိသားစုကို နှုတ်ဆက်တာ မြင်တော့မှ သူတို့ကလည်း ထိုသို့ ဖက်၍ အားပေးမှု လိုကြောင်း သိလိုက်ရသည်။
ဒါပေမယ့် အိမ်မှ တစ်ယောက်မှ မလာတာကြောင့် သူတို့က သက်ပြင်းချကာ နောက်မှ လိုက်သွားကြသည်။
ပထမဆုံးစာမေးပွဲက နိုင်ငံရေးအကြောင်း ဖြစ်သည့်အတွက် လင်းဝေ့၏ အားသာချက် ဖြစ်သည်။ ပြောရလျှင် ကျက်မှတ်ရမည့် ဘာသာတိုင်းက သူမအားသာချက် ဖြစ်သည့်အတွက် သူမက မနက်ကထဲက စိတ်အေးနေသည်။
မေးခွန်းက လင်းဝေ့အတွက် မခက်ပေ။ လင်းဝေ့သာမက လူအများကလည်း ဒီအတိုင်း ဖြစ်သည်။
လှုပ်ရှားမှုကြီးက အပြင်းထန်ဆုံး ဖြစ်ခဲ့တာမလို့ လူတိုင်းက သူတို့စကား အစတွင်"လှုပ်ရှားမှု ခေါင်းဆောင်က ပြောခဲ့သည်" ဟု အစပျိုးခဲ့ကြပြီး သူတို့က အဖွဲ့ကို တပ်သားသစ်စုဆောင်း သည့် စာမေးပွဲဖြေရန် ဝင်လာခဲ့သည်။ အခြားဘာသာတွေက စစ်ရန် မလိုပေမယ့် နိုင်ငံရေးကတော့ လိုအပ်သည်။
လှုပ်ရှားမှုကြီးအတွင်းမှာ နိုင်ငံရေးက အကျယ်ပြန့်ဆုံး အဓိက ဘာသာရပ်တစ်ခု ဖြစ်ခဲ့သည်ဟု ပြော၍ ရသည်။
စာမေးပွဲ စသည်နှင့် အားလုံးက အပြင်းအထန် ကြိုးစားနေရသည်။
လင်းဝေ့က အမြန်မရေးသလို အရမ်းမနှေးပေ။ သူမက နာရီဝက်ကြိုပြီး ပြီးနေကာ စာပြန်စစ်နေပြီး ပြဿနာ မရှိတော့မှ ဘောပင်ကို ပိတ်ကာ စာမေးပွဲပြီးချိန်ထိ စောင့်နေကြသည်။
ပထမစာမေးပွဲက လူအများကို ယုံကြည်ချက် ရစေသည်။ လင်းဝေ့ အပြင်ထွက်လာတော့ လူအတော်များများက ပြုံးနေသည့်အတွက် သူတို့လည်း ဖြေနိုင်ခဲ့တာ သေချာသည်။
သူမက ကျောင်းအပြင် ထွက်လာချိန်ကျုံးရှောက်က ကလေးများနှင့်အတူ နှုတ်ဆက်ပြီး မေးလိုက်သည်။
"စာမေးပွဲ ဘယ်လိုလဲ?"
"ပြီးသွားပြီ " လင်းဝေ့က ပြောလိုက်သည်။
ပေ့ပေ့က သူမကို အားပေးကာ ချိုမြနေသော အသံနှင့် ပြောလိုက်သည်။"အမေက တော်လိုက်တာ!"
ရွေ့ရွေ့ကလည်း ချီးကျူးလိုက်သည်။ "အမေက အတော်ဆုံးပဲ!"
မင်မင်ကပဲ အနည်းငယ် တွန့်ဆုတ်နေသည်။ မေးခွန်း ဖြေတာက ဘာမှ မဟုတ်ဘူးလို့ သူက ခံစားရသည်။ သူက အမြဲတမ်း စာမေးပွဲ ဖြေလျှင် အားလုံးရေးနိုင်ခဲ့ပေမယ့် ရလဒ်က မကောင်းပေ။
တကယ်တော့ သူက စာမေးပွဲတွင် အဆိုးဆုံး မဟုတ်ဘဲ အခန်းထဲမှ ထိပ်ဆုံး ငါးယောက်တွင် ပါသည်။ ပြဿနာက သူက ပထမတန်းသင်ခန်းစာတွေက်ို သင်ဖူးပေမယ့် သူက ပထမတန်း စာမေးပွဲကိုတော့ မဖြေနိုင်သေးပေ။
ဒါကြောင့် ဒီလို ချီးမွမ်းဖို့က ဖြေခဲ့သူက ယုံကြည်ချက် ရှိရင်တောင် မပြောရဲပေ။
ဒါကြောင့် မင်မင်က သူ့အမေက အခု ဘာမှမဟုတ်သလို ပြောနေပေမယ့် နောက်ပိုင်းမှာ အခြားဘာသာတွေ ဖြေရမှာမလို့ သူက သူမကို အဆိုးမပြောတော့ဘဲ သံယောင်လိုက်ပြောလိုက်သည်။"အမေက တော်လိုက်တာ! "
လင်းဝေ့က သူ့စိတ်ထဲမှ ရှုပ်နေသောအတွေးများကို မသိဘဲ လူတိုင်း၏ ချီးမွမ်းမှုကို လက်ခံလိုက်သည်။
နေ့လည်ခင်း သင်္ချာစာမေးပွဲကတော့ လင်းဝေ့ အကျွမ်းဆုံးဘာသာ မဟုတ်ပေမယ့် သူမလက်က ကျင့်သားရနေသည်။ အကြိမ်အတော်ကြာ လေ့ကျင့်ထားသည့်အတွက် အရမ်း မကောင်းသော်လည်း အတော်အသင့်ကောင်းသည်။
လင်းဝေ့၏ မှတ်ဉာဏ်ကောင်းမှုကြောင့် ဝိဇ္ဇာဘာသာရပ်များက သိပ္ပံထက် ပိုလွယ်ပြီး နိုင်ငံရေးက သင်္ချာထက် ပိုလွယ်သည်။
ဒါပေမယ့် စာမေးပွဲ ဖြေပြီးတော့ လင်းဝေ့က သိပ်မဆိုးသလို ခံစားရသည်။ ပထမအချက်အနေနှင့် သူမက အခြားဘာသာများနှင့် ယှဉ်လျှင် သင်္ချာ ညံ့သည်။ အထက်တန်းကျောင်းတုန်းက သူမ၏ သင်္ချာရမှတ်များက တစ်ခန်းလုံးတွင် အကောင်းဆုံးဖြစ်သည်။ ဒုတိယ အနေနှင့် ဒါက ဆယ်နှစ်အကြာမှာ ပထမဆုံး စစ်သော ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြစ်ပြီး ဖြေဆိုသူများကလည်း ထူးချွန်ကြသည်။ သူတို့က စာနှင့်ဝေးနေတာ နှစ်ကြာပြီဆိုပေမယ့် မေးခွန်းက ခက်သလို လင်းဝေ့က အခြားသူများထက် နှစ်နှစ်ကြို၍ စာလေ့လာ ထားသည်။
ဒါကြောင့် ခြုံပြောရလျှင် လင်းဝေ့၏ စာမေးပွဲ ပထမရက်က ကောင်းမွန်စွာ ပြီးသွားသည်။
ဒါပေမယ့် အပြန်လမ်းတွင် အားလုံးက စာမေးပွဲ ဖြေပြီးနောက် ဖြူဖျော့နေကြသည့်အတွက် သူက ပျော်ရွှင်မှုကို ဖော်မပြခဲ့ပေ။ သူတို့က နှစ်လ သုံးလလောက်သာ စာလုပ်ခဲ့ရသည့်အတွက် အခြေခံက သိပ်မခိုင်ပေ။
သေချာပေါက် သူတို့က တစ်ခုခုတော့ လုပ်ခဲ့သည်။ ကျောင်းမှ ပြန်လာတော့ သူတို့က မေးခွန်းအဖြေကို လင်းဝေ့နှင့် စစ်ခဲ့သည်။ အဖြေက တူတူပဲ မလို့ တစ်ချို့က ပျော်ပေမယ့် တစ်ချို့က စိတ်ဓာတ်ကျသွား ကြသည်။
ဒါပေမယ့် သူတို့ ပျော်သည်ဖြစ်စေ မပျော်သည် ဖြစ်စေ ကားထဲရောက်တော့ ငြိမ်သွားကြသည်။ စာမေးပွဲရက် ပြီးတော့ သူတို့က အနားယူရန် လိုအပ်သည်။
လင်းဝေ့ကလည်း အနည်းငယ် ပင်ပန်းနေသည်။ ပါးစပ်ကို အုပ်ကာ နှစ်ကြိမ် သမ်းလိုက်တော့ ကျုံးရှောက်က သူမကို သူ့ပုခုံးပေါ် မှီခိုင်းလ်ိုက်သည်။ သူမက အနည်းငယ် တွေးလိုက်ပြီး သူ့ပုခုံးပေါ် မှီလိုက်ရာ ကားရပ်သည့်အချိန်မှ နိုးလာသည်။
ကျုံးရှောက်က သူမကို သယ်မသွားနိုင်၍ မဟုတ်ဘဲ သူမက ညအိပ်လျှင် အအိပ်ဆတ်သည့်အတွက် မနက်ဖြန်စာမေးပွဲကို ထိခိုက်စေနိုင်သောကြောင့် ဖြစ်သည်။
အိမ်မပြန်ခင် သူတို့က အသီးအရွက်စျေးကို သွားခဲ့သည်။ စောသေးသည့်အတွက် ညစာချက်ရန် အချိန်ရသည်။
လင်းဝေ့က စာလုပ်ရမည် ဖြစ်သည့်အတွက် ကျုံးရှောက်က ညစာချက်သည်။ အခြားကိစ္စများကို မစဉ်းစားဘဲ ဟင်းချက်ရန် စောင့်နေလိုက်သည်။
ဒါက ကျုံးရှောက်၏ အတွေးများ ဖြစ်သည်။
သူက သူ့ဘာသာ ပြောနေခြင်း ဖြစ်ပြီး လင်းဝေ့က သက်တောင့်သက်သာ ထိုင်နေရုံသာ ဖြစ်သည်။
သေချာပေါက် သူတို့က ကျုံးရှောက်၏ လက်ရာကို သိပ်မကြိုက်သည်တော့ မဟုတ်ပေ။ ပထမ အချက်က နှစ်အနည်းငယ် လေ့ကျင့်ပြီးနောက် ကျုံးရှောက်၏ ဟင်းချက်စွမ်းရည်က တိုးတက်လာသည်။ ဒုတိယ အချက်က သူတို့က နေသားကျနေပြီ ဖြစ်သည်။ အခုတော့ သူတို့အဖေ၏ ဟင်းချက်စွမ်းရည်ကို ချီးကျူးနေရပြီ ဖြစ်သည်။
ကျုံးရှောက်ကတော့ သူတို့ ချီးကျူးတာ မလိုအပ်ပေ။
ညစာစားပြီးချိန်တွင် တန့်ရှင်းယွမ်၊ လျိုတန်း နှင့် အခြားသူများက သူမစာမေးပွဲ အခြေအနေကို မေးရန် လာခဲ့သည်။ သူမက အားလုံး အဆင်ပြေသည်ဟု ဖြေခဲ့သည်။
သူမ အဆင်ပြေနေတာ တွေ့တော့ အားလုံးက ရလဒ်ကို ခန့်မှန်းမိကြသည်။ မေးမြန်းပြီးနောက် သူတို့က ကြာကြာမနေဘဲ သူမ စာကြည့်ချိန်ကို နှောင့်ယှက်မိမည် စိုးသောကြောင့် စာမေးပွဲ ပြီးတော့မှ အတူလာရန် ပြောခဲ့ကြသည်။
......
နောက်ရက် လင်းဝေ့နိုးလာတော့ ကျုံးရှောက်က တစ်ရက်သာ ခွင့်ရသည့်အတွက် ထွက်သွားပြီ ဖြစ်သည်။
ဒါပေမယ့် လင်းဝေ့က စားသောက်ဆိုင်တွင် မနက်စာသွားဝယ်ကာ ကြက်ဥပြုတ်နှစ်လုံးပါ ဝယ်ခဲ့သည့်အတွက် သူမကဗိုက်ပြည့်စွာ သူမ၏ အမှတ်ပြည့်ခေါက်ဆွဲကို စားခဲ့ရသည်။
မနက်စာစားပြီးနောက် လင်းဝေ့က ကလေးများကို အိမ်ပို့ကာ ပစ္စည်းများ ထုတ်ပိုးခဲ့သည်။
ရှင်းလင်းပြီးတော့ ရွေ့ရွေ့က ကျုံးရှောက်က သတိပေးရန် မှာခဲ့သည့်အတွက် ဘေးမှ လင်းဝေ့ ယူသွားရမည့် ပစ္စည်းများကို ရွတ်ပြနေသည်။
ရွေ့ရွေ့လိုပဲ မင်မင်က နောက်မှလိုက်၍ ပစ္စည်းများကို ရွတ်ပြနေသည်။
ပစ္စည်းများထုတ်ပိုးပြီးတော့ လင်းဝေ့က မသွားခင် မင်မင်နှင့် ရွေ့ရွေ့ကို သတိပေးလိုက်သည်။ "အမေနဲ့အဖေ အိမ်မှာမရှိတုန်း ကိုယ့်ကိုကိုယ် ဂရုစိုက်ရမယ် ရေနားမသွားနဲ့ အန္တရာယ်ရှိတာတွေနဲ့ မဆော့နဲ့ အရေးအကြီးဆုံးက ညီမလေးကို ဂရုစိုက်ရမယ်နော် သိပြီလား?"
မင်မင်နှင့် ရွေ့ရွေ့က တစ်ပြိုင်တည်း ဖြေလိုက်သည်။ "သိပါတယ်!"
ပေ့ပေ့က သူမရင်ဘတ်ကို ပုတ်ကာ ပြောလိုက်သည်။
"သမီး အစ်ကိုတွေကို ကောင်းကောင်း ဂရုစိုက်လိုက်ပါမယ်!"
လင်းဝေ့က သူမသမီးငယ်ကို ကြည့်လိုက်သည်။ သူမ ဒီစကားတွေ ပြောဖို့ ဘယ်က ယုံကြည်ချက်ရခဲ့သည်ဆိုတာ သူမက မသိပေမယ့် သူ့သမီးကို အားပေးလိုက်သည်။
ဒုတိယနေ့မှာတော့ တရုတ်စာနှင့် သမိုင်း ပထဝီ ဒါမှမဟုတ် ရူပဗေဒနှင့် ဓာတုဗေဒ ဖြစ်သည်။ ဝိဇ္ဇာတွဲ က စီးပွားရေး ဘာသာများကို လျှောက်နိုင်သောကြောင့် လင်းဝေ့က ယုံကြည်ချက်အပြည့်နှင့် ပထဝီ သမ်ိုင်းကို ရွေးခဲ့သည့်အတွက် ထိုနေ့စာမေးပွဲကလည်း အဆင်ပြေသည်။
အမှန်တော့ ကောလိပ်ဝင်ခွင့် စာမေးပွဲက သုံးရက်ဖြစ်ပေမယ့် တတိယနေ့ အင်္ဂလိပ်က အဓိက ဘာသာ မဟုတ်ပေ။ ပြီးတော့ လင်းဝေ့က နိုင်ငံခြားဘာသာ သင်ရန် စိတ်ကူးမရှ်ိသည့်အတွက် ဒုတိယနေ့ စာမေးပွဲ ပြီးတော့ လင်းဝေ့က အပြည့်အဝ စိတ်သက်သာ သွားသည်။
ဒါပေမယ့် စိတ်သက်သာသည် ဆိုတာကလည်း စိတ်သက်သာနိုင်ခြင်း မဟုတ်ပေ။ စာမေးပွဲ ပြီးသည်နှင့် လင်းဝေ့နှင့် အဖြေတိုက်ရန် လူများ လာကြသည်။ သူမက တစ်ယောက်ပြီး တစ်ယောက် ဖြေနေရတာ စိတ်ရှုပ်လာသည့်အတွက် ကောလိပ်စာမေးပွဲ ပြီးတော့ အဖြေမှတ်ထားသည့် မေးခွန်းစာရွက်ကို ပြလိုက်သည်။
လင်းဝေ့က မသေချာသည့် မေးခွန်းနှစ်ပုဒ်ကို တစ်လုံးချင်း မဖြေခဲ့ပေမယ့် သူမ အဖြေလွှာ၏ ၉၉ ရာခိုင်နှုန်းလောက်ကို ပြလိုက်သည်က လုံလောက်သည်။ လင်းဝေ့ထံ အဖြေလာမေးသူများက သူတို့အဖြေ ထက်ဝက်လောက် မှတ်မိတာမလို့ အဆင်ပြေသည်ဟု ပြောလို့ရသည်။
နောက်တစ်ရက်မှာတော့ ကျောင်းအုပ်ဖန်က လင်းဝေ့က အဖြေများပြခဲ့သည်က်ို သိသွားသည်။ ထိုညမှာ သူက လင်းဝေ့နှင့် စာမေးပွဲ ဖြေထားသော အခြားဆရာမ များကိုခေါ်ကာ အမှတ်များ တွက်ကြည့်ခိုင်းလိုက်သည်။
သူတို့၏ အမှတ်သာမက လင်းဝေ့၏ အမှတ်ကိုပါ တွက်ခဲ့ကြသည်။
အခြား ဆရာများက လင်းဝေ့လောက် အခြေခံ မခိုင်ပေမယ့် လူအများ အင်အားဖြစ်ပြီး စာမေးပွဲ မဟုတ်တာမလို့ မသေချာသည့်မေးခွန်းကို စာအုပ်လှန်ကြည့်၍ ရသည်။
ရမှတ်များ ခန့်မှန်းတွက်ကြည်ပြီးချိန်မှာ အားလုံးက အံ့သြ သွားကြသည်။
လင်းဝေ့က အခြေခံခိုင်တာ သူတို့ သိထားပြီးပေမယ့် သူတို့ စာပြန်လုပ်ချိန်တွင် မေးခွန်း ဘယ်လောက်ခက်ခက် လင်းဝေ့က အဖြေကို ရသည်။
ဒါပေမယ့် လင်းဝေ့က စာမေးပွဲတွင် ဒီလောက်ထိ ကောင်းကောင်း ဖြေနိုင်မည် မထင်ပေ။ ရမှတ်က မြို့တော်မှ တက္ကသိုလ် နှစ်ခုကို ပြသနာမရှိ လျှောက်နိုင်သည်မလား?
ကျောင်းအုပ်ဖန်ကလည်း ထိုသို့တွေးမိကာ ချက်ချင်း လင်းဝေ့ကို မေးလိုက်သည်။ "ဘယ်ကျောင်းကို လျှောက်ထားတာလဲ?"
လင်းဝေ့က သူမလျှောက်ထားသော သုံးခုက်ို ပြောလိုက်သည်။
ကျောင်းအုပ်ဖန် - "..." ပထမ နှစ်ခုကို ထားလိုက်တော့။ ကျုံးတ တက္ကသိုလ်နှင့် ယန်ချန်တက္ကသိုလ်က မြို့တော်က တက္ကသိုလ်တွေလောက် မကောင်းပေ။ ဒါပေမယ့် တတိယတစ်ခုက ဘာလဲ? အထူးပြုလား?လင်းဝေ့က သူ့အမှတ်တွေကိုသူ နားမလည်တာလား?
အမှန်တော့ ဒီနယ်မြေက ကောလိပ်တွေက သိပ် မဆိုးပေ။ ကောလိပ်ဖြစ်ဖြစ် စက်မှူကျောင်းဖြစ်ဖြစ် အားလုံးက စက်ရုံများကို ဝင်ရန် ပြိုင်ဆိုင်မှု ဖြစ်ပြီး ဒါက ၁၉၉၀ မတိုင်ခင်ထိ ပြိုင်ဆိုင်နေရမည် ဖြစ်၍ စက်မှုကျောင်းက ပယ်သင့်သည်။
ဒါပေမယ့် လင်းဝေ့၏ အမှတ်က မြို့တော်မှ တက္ကသိုလ်နှစ်ခုကို တက်နိုင်သည်။ သူမအမှတ်နှင့် ဆိုလျှင် သူမက စက်မှုကျောင်းလောက်နှင့် မနေသင့်ပေ။
ကျောင်းအုပ်ဖန်က လင်းဝေ့၏ ပထမရွေးချယ်မှု နှစ်ခုကလည်း မတန်သလို ခံစားရသောကြောင့် မေးလ်ိုက်သည်။ "မြို့တော်ကို မသွားချင်ဘူးလား?"
အခန်းထဲမှ ဆရာမများက လင်းဝေ့ကို ကြည့်လိုက်ကြသည်။
လင်းဝေ့က ရ်ိုးသားစွာ ခေါင်းခါလိုက်သည်။ "ဟင့်အင်း"
"ဘာလို့လဲ?"
"ကျွန်မက မေးခွန်းတွေကို ကိုယ်တိုင်ဖြေရတာ သဘောကျတယ်။ ကျွန်မ ကိုယ်တိုင် စာလေ့လာနေတဲ့အချိန်မှာ မေးခွန်းပုံစံက်ို မသိသလို ဘယ်လောက်ခက်မယ်ဆိုတာ မသိဘူး။ ကျွန်မက မြို့တော်ကိုသွားပြီး ကျွန်မရဲ့ ပရဟိတလုပ်ငန်း အချိန် ဖြုန်းမိမှာ ကြောက်တယ်"
အချို့နေရာများတွင် လျှောက်ထားသူများသည့်အတွက် စာမေးပွဲများ ကြိုစစ်ရပြီး စာမေးပွဲ အောင်သူက အရင် စာရင်းသွင်းခွင့်ရပြီး မအောင်သူက နောက်တစ်ကြိမ်စောင့်ရသည်။ ဒါပေမယ့် ယားကျိုကျွန်းမှာ ဖြေဆိုသူ သိပ်မများသည့်အတွက် အကြိုစာမေးပွဲ မရှိပေ။ စာရင်းသွင်းလျှင် စာမေးပွဲ ဖြေလို့ရသည်။
ဒါကြောင့် လင်းဝေ့က စာမေးပွဲမဖြေခင်က အဆင်ပြေသလို ခံစားရပေမယ့် သူမ ဘယ်အဆင့် ရမယ်ဆိုတာ မသေချာပေ။
ပြီးတော့ သူမက သူမကိုယ်သူမ အဆင်ပြေသည်ဟု ခံစားရသည်။ သူမ လျှောက်ခဲ့သော တက္ကသိုလ် နှစ်ခုက မြို့တော်မှ တက္ကသိုလ်များနှင့် မယှဉ်နိုင်သော်လည်း ကောင်းပါသည်။ သူမက ယခင်ကပဲ မြို့တော်မှ တက္ကသိုလ်များကို လျှောက်လျှင် ရမည် မရမည်ကို စိတ်ပူနေရမည်။ ပြီးတော့ မြို့မှာက ထူးချွန်သူ အများကြီး ရှ်ိသည့်အတွက် သူမက ဘာမှ မဟုတ်ပေ။
ပြီးတော့ သူမက မြို့တော်ကို အစွဲအလမ်း မရှိသလို သူမမိသားစုနှင့် ဝေးရာကိုလည်း မသွားချင်ပေ။ဒါကြောင့် သူမက သူမ၏ အရင်ကျောင်းမှ ပရဟိတ လုပ်ငန်းများကို မြို့ပေါ်မှ တက္ကသိုလ်နှစ်ခုအတွက် ဆုံးရှုံးလိုက်ရမည်ကို မလိုလားပေ။
နှမြောစရာ ကောင်းလိုက်တာ။
လင်းဝေ့က ပွင့်ပွင့်လင်းလင်း ပြောတော့ ကျောင်းအုပ်ဖန်က ဘာမှမပြောတော့ပေ။
နောက်တစ်ဖက်တွင် ကျုံးရှောက်က မေးလိုက်သည်။ "မင်း အနာဂတ်မှာ နောင်တရမှာလား?"
"ဘာလို့ နောင်တ ရရမှာလဲ?" လင်းဝေ့က ပြန်မေးလိုက်သည်။
ကျုံးရှောက်က ပြောလိုက်သည်။ "ဒါက မြို့တော်က တက္ကသိုလ်နော်" ပြီးတော့ ချင် တက္ကသိုလ် ဖြစ်သည်။
လင်းဝေ့က တွေးတောနေပုံ လုပ်လိုက်ပြီး ခဏကြာတော့ ခေါင်းခါလိုက်သည်။ "ကျွန်မ နောင်တမရပါဘူး ပြီးတော့ ကျွန်မ မြို့တော် တက္ကသိုလ်ကို မသွားနိုင်ပေမယ့် အနာဂတ်မှာ ကျွန်မသားက မြို့တော်တက္ကသိုလ်က ကျောင်းသား ဖြစ်လာမှာပဲလေ။
ထိုညနေခင်း စကားပြောခဲ့ခြင်းကြောင့် နောက်နေ့ နေ့လည်စာ စားချိန်တွင် လင်းဝေ့က ရွေ့ရွေ့ကို ကြက်ပေါင် အကြီးပေးလိုက်ကာ မျှော်လင့်ချက်အပြည့်နှင့် ပြောလိုက်သည်။
"များများစား။ မိသားစု ပညာရေး တိုးတက်စေမယ့် တာဝန်က နောက်ပိုင်း သားကို လက်လွှဲပေးရမှာ!"
ရွေ့ရွေ့ - "....."