← Chapters

Chapter 188

Vol. 15 Ch. 188

Chapter 188

Vol. 15 Ch. 188

ရမှတ် သတင်းတွေက အလျင်အမြန် ထွက်လာခဲ့သည်။ အချို့သူတွေက အမှတ်နိမ့် အမှတ်မြင့်နှင့် အဆင်ပြေကြပေမယ့် သူတို့လျှောက်ထားသော တက္ကသိုလ်၏ သတ်မှတ်အမှတ်ကို မသိသည့်အတွက် ထိုအချိန်တွင် ဘာမှ မသေချာသေးပေ။

လင်းဝေ့ကတော့ မတူပေ။ သူမ၏ ရမှတ်များက အလွန်မြင့်နေပြီး မြို့တော်မှ တက္ကသိုလ်နှစ်ခုကို ရနိုင်ချေက အလွန်မြင့်သည်။ ပြီးတော့ သူမက ယန်ချန်မှ တက္ကသိုလ်နှစ်ခုကို လျှောက်ခဲ့သည့်အတွက် ဝင်ခွင့်ရမည်ဆိုတာက သေချာပေါက် ဖြစ်သည်။

သတင်း ထွက်ပြီးသည်နှင့် ရင်းနှီးသူများက တစ်ယောက်ပြီးတစ်ယောက် လင်းဝေ့ကို လာရောက် ဂုဏ်ပြုကြသည်။

မနာလိုသူအချို့က သတင်းတွေက ခန့်မှန်းချက် ဖြစ်ပြီး အဖြေမှန် မဟုတ်ဘူးဟု ပြောကြသည်။ လင်းဝေ့က စာမေးပွဲတွင် ဘယ်လောက်ရခဲ့သည်ဆိုတာ မသေချာပေ။ အခုအချိန်မှာ အသံကျယ်နေပေမယ့် သတင်းမှန် ထွက်လာသည့်ခါ ရိုက်ချမခံရရန် လိုသည်။

သူများ ဒုက္ခရောက်သည်ကို အားရသူများလည်း ရှိသည်။ သူတို့က လင်းဝေ့က ရှေးရိုးဆန်လွန်းပြီး မြို့တော်က တက္ကသိုလ်များကို လက်လွှတ်ကာ ယန်ချန်က တက္ကသိုလ်များကို လျှောက်ပြီး အခွင့်အရေးကို ဆုံးရှုံးခံခဲ့သည်။ အချို့က ဒါကိုကြားတော့ ယန်ချန်က တက္ကသိုလ်နှစ်ခုကလည်း ကောင်းတာပဲမလား ဟု ပြန်ပြောကြသည်။ သူတို့က ပြန်လည်ချေပ လိုက်သည်။ သူတို့က ဘယ်လောက်ကောင်းကောင်း မြို့တော်က တက္ကသိုလ်ကို ယှဉ်နိုင်ပါ့မလား? အတိုချုံ့ပြောရရင် လင်းဝေ့က ဖရဲသီးကို လက်လွှတ်ပြီး နှမ်းစေ့ကို ရွေးချယ်လိုက်တာပဲ။

အချို့က လင်းဝေ့က ရက်စက်သည်ဟု ပြောကြသည်။ သူမက ဒီလို အဝေးမှာ ကျောင်းသွားတက်ရင် အနာဂတ်မှာ မိသားစုကို ဂရုစိုက်နိုင်မှာ မဟုတ်ဘူး။ ကျုံးရှောက်က ကလေးများနှင့် ကျန်ခဲ့ပြီး မိသားစုက နစ်နာရမည်ဟု ပြောကြသည်။

အချို့လူတွေက ကျုံးရှောက်ကို အမျိုးသမီးတွေက ကောလိပ်တက်ပြီးလျှင် ရိုင်းလာကြမည်ဟု ပြောကာ လင်းဝေ့ကို ကောလိပ် မတက်ခိုင်းရန် လာတိုက်တွန်းကြသည်။ လင်းဝေ့က အနာဂတ်မှာ ကောင်းစားသွားရင် မြို့ကြီးကို သွားပြီး ဒီလို ဆင်းရဲခေါင်းပါးတဲ့ ယားကျိုကျွန်းကို ပြန်လာချင်မှာ မဟုတ်ဘူး မလား?

ကျုံးရှောက်ကို လာပြောသည့်သူက ကျုံးရှောက်နှင့် ပြဿနာ ဖြေရှင်းခဲ့ရသည်။ သူက ရိုင်းရိုင်းစိုင်းစိုင်း မပြောသလို အင်အားမသုံးခဲ့ပေမယ့် သူနှင့် မျက်နှာချင်းဆိုင် စကားပြောခဲ့သည်။

မနာလိုသူ အချို့က လင်းဝေ့ရှေ့တွင် မပြောရဲဘဲ နောက်ကွယ်တွင် သူမအကြောင်းပြောကာ သူမ သူတို့ရှေ့ရောက်လာလျှင် စကားအနည်းငယ်သာ တီးတိုးပြောခဲ့ကြသည်။

သူမကို ကြိုတင် ဂုဏ်ပြုခဲ့ကြသူများကိုတော့ သူမက အမှတ်တွေက ခန့်မှန်းရလဒ် ဖြစ်ပြီး အမှန်တကယ် စာမေးပွဲတွင် ဘယ်လောက်ရမည်တော့ မသေချာဟု ပြောခဲ့သည်။

စိတ်လှုပ်ရှားမှူက ဇန်နဝါရီလ မတိုင်ခင်ထိ ဆက်ရှိနေပြီး ကျုံးရှောက်၏ ပြောင်းရွှေ့မှုက နောက်ဆုံး လက်ခံခဲ့ရသည်။

ကျုံးရှောက်က စကားထက်ဝက်သာ ပြောတာမလို့ လင်းဝေ့က သူဖုံးကွယ်ထားသည်ဟု ထင်ပေမယ့် သူမက စိတ်ပူသည့်အတွက် မေးလိုက်သည်။ "ရလဒ်က ဘယ်လိုလဲ?လက်ခံလိုက်လား?"

ကျုံးရှောက်က မျက်မှောင်ကြုတ်ကာ တိတ်ဆိတ်သွားသည်။

"လက်မခံဘူးလား?" သူ့ရဲ့ အမူအရာကြောင့် လင်းဝေ့ ရင်ထဲ တုန်လှုပ်သွားပြီး သူမက အကောင်းမြင်ရန် ကြိုးစားလိုက်သည်။

"ဘာမှ မဖြစ်ပါဘူး။ လနည်းနည်းကြာရင် ထပ်လျှောက်လို့ရပါတယ်။ ကျွန်မ နွေရာသီ ကျောင်းပိတ်ရက်ထိ စောင့်ပြီးရင် ကလေးတွေနဲ့အတူ ပြန်လာခဲ့မယ်..."

လင်းဝေ့က တစ်ခုခု မှားနေသလို ခံစားရသည့်အတွက် ကျုံးရှောက်ကို သေချာကြည့်နေသည်။ သူက မျက်ခုံးကို ပင့်လိုက် ချလိုက်နှင့် နှုတ်ခမ်းကလည်း ပြုံးချင်ပြီး မပြုံးနိုင်သလို ပုံစံ ဖြစ်နေသည်။

လင်းဝေ့က စိတ်အနှောင့်အယှက် ဖြစ်စွာ စကားပြောရပ်လိုက်ပြီး သူ့ကို ကြည့်နေလိုက်သည်။

သူ့မိန်းမက ဒေါသထွက်လာတာ မြင်တော့ ကျုံးရှောက်က နှုတ်ခမ်းကို လက်နှင့်အုပ်ကာ ချောင်းဟန့်လိုက်ပြီး ပြောလိုက်သည်။ "တကယ်တော့ ကိုယ့်ရဲ့ ပြောင်းရွှေ့ခွင့်ကို အတည်ပြုလိုက်ပါပြီ"

လင်းဝေ့က လက်ပိုက်ပြီး ပြောလိုက်သည်။"နောက်တော့ ဘာဖြစ်သေးလဲ?"

"အထက်က အပြောင်း အလွှဲ ကိစ္စအတွက် တစ်လ အချိန်ပေးခိုင်းပြီး နှစ်သစ်မှာ ယန်ချန်ကို ပြောင်းလို့ရမယ်။ မိသားစုလည်း ခွဲနေစရာ မလိုတော့ဘူး" ကျုံးရှောက်က ပြောလိုက်ကာ မေးချင်တာ ရှိလားဟု အကြည့်နှင့် ပြောလိုက်သည်။

လင်းဝေ့က ဆက်ပြောလိုက်သည်။ "သူတို့ ပြောတာတွေက မှန်တယ်လို့ ကျွန်မထင်တယ်။ ကျွန်မ ကျောင်းပြီးရင် ကျွန်မ အနာဂတ်က ကောင်းသွားမယ် ပြီးတော့ ကျွန်မက သုံးဆယ်ကျော်ပဲ ရှိသေးတာမလို့ နောက်တစ်ယောက်ရှာဖို့ ပူစရာမလိုဘူး၊ ကျောင်းပြီးတဲ့ထိ စောင့်စရာ မလိုတာလည်း ဖြစ်နိုင်တယ် အတွေးတူတဲ့ အတန်းဖော်တွေ ကျောင်းမှာ တွေ့နိုင်တယ်လေ..."

ကျုံးရှောက် - "..ကိုယ့်မိန်းမက မှားနေပြီ"

............

ကောင်းသည့်အရာက အတွဲလိုက် လာတတ်သည်။ ကျူံးရှောက်၏ ပြောင်းရွှေ့မိန့်ကျပြီး နောက်ရက်တွင် လင်းဝေ့ကို ဆေးစစ်ဆေးသည့် စာမေးပွဲ ဖြေရန် သတင်းပို့လာသည်။

ကောလိပ် ဝင်ခွင့် စာမေးပွဲ ပြီးနောက်တွင် ကိုယ်ခန္ဓာပိုင်းဆိုင်ရာ စစ်ဆေးသည့် စာမေးပွဲ ဖြေရန် သတင်းပို့ခံရခြင်းက ကောင်းသောအရာ ဖြစ်သည်။

ဒီတစ်ကြိမ်တွင် စာမေးပွဲ ပြီးနောက် စံပြ အဖြေမရှိသလို ဖတ်စရာ ဇာတ်ညွှန်းမရှိဘဲ ကျောင်းဝင်ခွင့် ရမှတ်ကိုလည်း တရားဝင် မကြေညာထားပေ။ ဒါကြောင့် ဝင်ခွင့် မကျလာခင် စာမေးပွဲတွင် ကောင်းကောင်းလုပ်နိုင်ခဲ့ရဲ့လား ဆိုတာနှင့် တက္ကသိုလ်တက်နိုင်မည့် အခွင့်အရေးက ဆေးစစ်ဆေးသည့် စာမေးပွဲ ဖြေရန် သတင်းရလာမှုတို့ အပေါ်တွင် မူတည်ပြီး ဆုံးဖြတ်သည်။

ဒီတစ်ကြိမ်တွင် တပ်သားအမျိုးသမီးများက ကောင်းကောင်း လုပ်နိုင်ခဲ့ကြသည်။ ကောလိပ်ဝင်ခွင့် စာမေးပွဲကို လူနှစ်ဆယ်ကျော်လောက် ဖြေခဲ့ပေမယ့် က်ိုးယောက်က ကိုယ်ခန္ဓာ စစ်ဆေးသည့် စာမေးပွဲ အတွက် သတင်းပို့ ခံရသည်။ ဒါပေမယ့် ဒါက နောက်ဆုံး ဆုံးဖြတ်ချက် မဟုတ်ပေ။ ခန့်မှန်းချက်အရ လေးယောက်လောက် ဝင်ခွင့်ရလျှင်ကို မဆိုးပေ။

ဒါပေမယ့် ရလဒ်က ဘာပဲ ဖြစ်ဖြစ် လူတိုင်းက စာမေးပွဲအတွက် သွားသောအခါ ပျော်ရွှင်နေကာ အခြားသူများထက် မျှော်လင့်ချက် ပြည့်နေသည်။

ကိုယ်ခန္ဓာစစ်ဆေးသည့် စာမေးပွဲ ရလဒ်က မြန်မြန်ထွက်လာပြီး ကိုးယောက်လုံးက အောင်မြင်သည်။ သူတို့ ပြန်လာတော့ တစ်လမ်းလုံး သီချင်းများ အော်ဆိုပြီးပြန်လာကြရာ လူစိမ်းများက ထူးဆန်းသည့် အကြည့်များနှင့် သူတို့ကို ကြည့်ခဲ့ကြသည်။

ဒါပေမယ့် ဘယ်သူကမှ ဂရုမစိုက်ဘဲ မိသားစုနယ်မြေကို ပြန်သည့်လမ်းတွင် တစ်လမ်းလုံး ရယ်မောကာ ဆူဆူညံညံ လုပ်ခဲ့ကြသည်။

မိသားစု နယ်မြေတွင် အသိမိတ်ဆွေများနှင့် ပြည့်နေကာ သူတို့အုပ်စုကို မြင်တော့ သူတို့က စုဝေးလာကြသည်။ သူတို့ ပုံစံကို ကြည့်ရုံနှင့် ဘယ်လိုအခြေအနေဆိုတာ မေးစရာ မလိုဘဲ ရလဒ်က ရှင်းလင်းစွာ သိနေရသည်။

ပြီးတော့ ဆေးစစ်သည့် စာမေးပွဲ အားလုံး အောင်သည်ဆိုတာ သိတော့ လူတွေက တစ်ယောက်ပြီး တစ်ယောက် လာပြီး ဂုဏ်ပြုကြကာ ရယ်မောသံများနှင့် ပြည့်နေခဲ့ကြသည်။

မိသားစု နယ်မြေကို ရောက်တော့ လင်းဝေ့က ယန်းယီ၏ အိမ်ကို သွားကာ ကလေးကို သွားခေါ်ခဲ့သည်။

လူဘယ်နှယောက်က ဆေးစစ်သည့် စာမေးပွဲတွင် ပါမည်ဆိုတာနှင့် ဘယ်မချိန် ပြီးမည်ဆိုတာ မသိသည့်အတွက် လင်းဝေ့က ကလေးသုံးယောက်ကို ယန်းယီ၏ အိမ်သို့ ပို့ခဲ့ကာ ကြည့်ပေးထားရန် အကူအညီတောင်းခဲ့သည်။

သူမက ခြံဝင်းထဲ ဝင်လိုက်တော့ ယန်းယီက အိမ်နီးချင်းများနှင့် စကားပြောနေသည်။ လင်းဝေ့ ဝင်လာတာ မြင်တော့ သူမက မေးလိုက်သည်။ "ဆေးစစ်တဲ့ စာမေးပွဲက ဘယ်လိုလဲ?"

ယန်းယီနှင့် စကားပြောနေသော တပ်ထဲမှ ညီအစ်မ တစ်ဦးက ပြောလိုက်သည်။ "ဘယ်လို ဆေးစစ်တဲ့ စာမေးပွဲလဲ?"

ယန်းယီက ပြောလိုက်သည်။ "ရှောင်းလင်းက ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေခဲ့တယ်မလား? အမှတ်မှီတဲ့ သူတွေက ခရိုင်မြို့မှာ ကိုယ်ခန္ဓာစစ်ဆေးတဲ့ စာမေးပွဲ ဖြေဆိုဖို့ သွားရတယ်။ တကယ်လို့ ရလဒ် ကောင်းရင် အိမ်မှာနေပြီး ဝင်ခွင့်စာရွက်ကို စောင့်နေရုံပဲ။"

လင်းဝေ့က ရှင်းပြလိုက်သည်။ "တကယ်တော့ ရလဒ် အဆင်ပြေတာက ဝင်ခွင့်ရပြီဆိုတဲ့ သဘောတော့ မဟုတ်ဘူး။ ကျောင်းရဲ့ ဝင်ခွင့်ရမှတ်နဲ့ ပရဟိတ လျှောက်လွှာ အပေါ်လည်း မူတည်တယ်။ အချို့လူတွေက စာမေးပွဲ ကောင်းကောင်း ဖြေနိုင်ခဲ့ပေမယ့် အမြင့်ကို လျှောက်ရင် ရှုံးသွားနိုင်တယ်"

"အရမ်း ပြဿနာများတာပဲလား? " ယန်းယီက မေးလိုက်သည်။

"အင်း၊ ဖြစ်နိုင်ချေတွေ အများကြီးရှိတယ်" သူတို့ထဲမှ ဆံပင်တိုတိုနှင့် အစ်မတစ်ယောက်က အခြေအနေကို သိသဖြင့် မေးလိုက်သည်။

"ဒါပေမယ့် ညီမကတော့ အဆင်ပြေတယ်မလား? ရမှတ်တွေက မြို့တော်က တက္ကသိုလ်ကို လျှောက်နိုင်လောက်တဲ့အထိ မြင့်တယ်လို့ ကြားတယ်"

နောက်ထပ် တစ်ယောက်ကလည်း အခြေအနေကို မသိပေမယ့် လင်းဝေ့၏ ပရဟိတ လျှောက်ထားသည့်လျှောက်လွှာတွင် လျှော့ချထားသည်ကို သိသောကြောင့် မေးလိုက်သည်။

"လျှောက်ထားတဲ့ ကျောင်းရဲ့ ရမှတ်က အရမ်းနိမ့်လား?"

"အမှန်တော့ နိမ့်မှာပါ ဒါပေမယ့် ဘယ်လောက်ထိ ဆိုတာတော့ မသေချာဘူး" လင်းဝေ့က ရိုးရှင်းစွာ ပြောလိုက်သည်။

"ကျွန်မက အဖြေမှန်ကို မသိလို့ ခန့်မှန်းလို့မရဘူး။ ပြီးတော့ ခန့်မှန်းရလဒ်ကလည်း အမှန်နဲ့ တူမှာ မဟုတ်ဘူး"

ဆံပင်တိုတိုနှင့် အစ်မက မေးလိုက်သည်။ "များသောအားဖြင့် ခန့်မှန်းရမှတ်က မြင့်လား ဒါမှမဟုတ် တကယ့်ရမှတ်က မြင့်လား?"

ယန်းယီက မသေချာစွာ ပြောလိုက်သည်။ "ခန့်မှန်းရလဒ်က ပိုမြင့်နိုင်တယ် မလား?"

"ဒါက ပြောရခက်တယ်။ အချို့လူတွေက အဖြေကို သေချာ မမှတ်မိလို့ ရမှတ်က အများကြီး ပြောင်းပေမယ့် ကျွန်မကတော့ ခန့်မှန်းရလဒ်က ပိုမြင့်နိုင်တယ် "

ဆံပင်တိုတိုနှင့်အစ်မက ပြောလိုက်သည်။ "ဒါဆိုရင် ဝင်ခွင့်ရဖို့ မသေချာ သေးဘူးလား?"

ဒီစကားကို ကြားလိုက်တော့ အရင်က အခြေအနေကို မသိခဲ့သော အစ်မတစ်ယောက်က သူမကို တံတောင်ဖြင့်တို့ကာ ပြောလိုက်သည်။

"သူ့ရဲ့ ခန့်မှန်းရလဒ်က မြို့တော် တက္ကသိုလ်က်ို လျှောက်လို့ ရတာမလို့ တကယ့်ရမှတ်က ခန့်မှန်းရလဒ်ထက် နည်းနည်းနိမ့်နေရင်တောင် ဝင်ခွင့်ရနိုင်ချေက များနေသေးတယ်"

ယန်းယီက သံယောင်လိုက်ပြောလိုက်သည်။ "ဟုတ်တယ်"

"အားလုံးရဲ့ကောင်းတဲ့စကားတွေအတွက် ကျေးဇူးတင်ပါတယ်" လင်းဝေ့က ပြုံးလိုက်ပြီး ကလေးများ ဘယ်မှာဆိုတာ မေးလိုက်သည်။

ယန်းယီက ပြောလိုက်သည်။ "သူတို့က အိမ်ကနှစ်ယောက်နဲ့ အတူ အပြင်ထွက် ကစားကြတယ်။ အိမ်မှာ ခဏထိုင်ပါလား သူတို့ ခဏနေ ပြန်လာမှာပါ"

မင်မင်နှင့် ရွေ့ရွေ့က အဆင်ပြေပေမယ့် ပေ့ပေ့က နှစ်နှစ်သာ ရှ်ိသေးပြီး အဆော့မက်သော ကလေးများနှင့် သွားကစားနေသည်။ လင်းဝေ့က စိတ်မချသောကြောင့် ပြောလိုက်သည်။ "ကျွန်မ သူတို့ကို သွားရှာလိုက်ပါမယ်"

"ဒါလဲ ကောင်းပါတယ်"

ယန်းယီ၏ အိမ်ခြံဝင်းမှ ထွက်လာပြီး အခြားသူများ လမ်းပြသည့်အတိုင်း ထွက်လာတော့ လင်းဝေ့က ကလေးများကို ကမ်းခြေတွင် တွေ့ခဲ့သည်။

ယန်းယီ၏ ကလေးနှစ်ယောက်လဲ ရှိနေပြီး အခြား ခုနစ်နှစ် ရှစ်နှစ်အရွယ် ကလေး လေးယောက် ငါးယောက်လောက် ရှိပြီး ကစားနေကြသည်မှာ မိန်းကလေးရော ယောက်ျားလေးများပါ ပါသည်။ ဒါပေမယ့် ဘာဖြစ်နေတယ်ဆိုတာ မသိပေမယ့် မြင်ကွင်းက ရှုပ်နေကာ အသံများက ထိန်းမရဘဲ ပို၍ ကျယ်လာသည်။

ဒါပေမယ့် မောင်နှမသုံးယောက်က မပါဝင်ပါ။ သူတို့က အပြင်တွင်ရပ်ကာ ငြင်းခုံနေကြသည်။ လင်းဝေ့က စိတ်သက်သာရာရသွားကာ သူတို့ကို ခေါ်ရန် လျှောက်သွားခဲ့သည်။

လင်းဝေ့က သူမပါးစပ်ကို မဖွင့်ရသေးခင်မှာ မင်မင်က ပေ့ပေ့ကို ပြောနေသည်ကို ကြားလိုက်ရသည်။ "အစ်ကို့ ကို အဖေ လို့ ခေါ်ရမယ်!"

လင်းဝေ့ - "?"

ပေ့ပေ့ကလည်း နားမလည်နိုင်ပေ။ "ဒါပေမယ့် သမီးအဖေက အဖေ ဖြစ်ပြီး အစ်ကိုက သမီး အစ်ကိုကြီးလေ"

မင်မင်က မျက်နှာတည်နှင့် ပြောလိုက်သည်။ "အခုက မိသားစု လုပ်ပြီး ကစားနေတာ အစ်ကိုက အဖေပဲ အစ်ကိုမဟုတ်ဘူး"

လင်းဝေ့က နားလည်သွားသည်၊ သူမက အိမ်ကို မပြန်ဘဲ ဒီ ခေါင်းစဉ်ပျောက်အောင် သုံးရက်လောက် လုပ်ရမည်။

ပေ့ပေ့က ပြောလိုက်သည်။ "ဟုတ်ပြီ အစ်ကို"

မင်မင်က စိတ်သက်သာရာရသွားကာ ညှိနှိုင်း နိုင်ခဲ့ပြီဟု ထင်သော်လည်း သူ့ညီမ ခေါ်နေသော နာမည်က မသင့်တော်ဟု ခံစားရသည်။ ဒါပေမယ့် ကစားပွဲက ငြင်းခုံနေရလို့ ကြန့်ကြာနေတာ မလို့ သူ့ညီမ သူ့ကို ဒီလိုခေါ်လည်း ကိစ္စမရှိဟု တွေးကာ သူ့ပါးစပ်ဖျားမှ စကားများကို ရပ်လိုက်သည်။

မင်မင်က ဒါကို တွေးနေချိန်မှာ သူ့ညီမက "အမေ" ဟု ခေါ်ကာ သူ့နောက်ကို ပြေးသွားသည်။ သူက သူ့ညီမ ကစားနည်းကို သဘောပေါက်သွားပြီ ဟု ထင်ကာ စိတ်သက်သာရာ ရသွားသည်။

ဒါပေမယ့် ခဏအကြာမှာတော့ သူ့ညီက အော်လိုက်သည်။ "အမေ"

မင်မင် - "ဟမ်?" သူ့ညီက ဦးလေးနေရာက ကစားမှာ မဟုတ်ဘူးလား?

စဉ်းစားနေချိန်တွင် မင်မင်က သူ့အမေ၏ အသံကို ကြားလိုက်ရသည်။ "ဒီနေ့ ပေ့ပေ့က အဆင်ပြေရဲ့လား?"

မင်မင်က ရုတ်တရက် လှည့်ကာ ပြောလိုက်သည်။ "အမေ ပြန်လာပြီလား?"

"ဒါပေါ့ အဖေ" လင်းဝေ့က ပြုံး၍ ပြောလိုက်သည်။

သူ့မျက်နှာက ရှက်သွားသည်။ "ကျွန်တော် ကျွန်တော်တို့က မိသားစု လုပ်ပြီး ကစားနေတာပါ"

လင်းဝေ့က ပြုံးပြီး ပြောလိုက်သည်။ "သိပါတယ်။ ဒါပေမယ့် မင်းအဖေက မင်း ကစားနေတုန်း မင်း ညီမကို အဖေလို့ ခေါ်ခိုင်းတာ သိရင် ဘာဖြစ်မလဲ သိလား?"

အရိုက် ခံရမယ်။

စကားလုံးများက မင်မင်၏ အတွေးတွင် ပေါ်လာကာ သူက လန့်သွားပြီး မေးလိုက်သည်။ "အမေ ဒါကို အဖေ့ကို မပြောလို့ရမလား?"

"ကောင်းပြီ" လင်းဝေ့က လက်ခံလိုက်သည်။

မင်မင်က စိတ်လျော့သွားပေမယ့် သူ့အမေက ပြောလိုက်သည်။ "ဒါဆို အမေ့ကို ကျေနပ်အောင် ဘာပေးမလဲ?"

"အင်း၊ ဒီလိုလဲ ရတာလား?" မင်မင်က လင်းဝေ့ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

လင်းဝေ့က ခေါင်းငြိမ့်လိုက်သည်။ "အမေ့ကို မင်းရဲ့ လျှို့ဝှက်ချက်ကို ထိန်းထားစေချင်ရင် တစ်ခုခု ပေးရမှာပေါ့"

မင်မင်၏ မျက်နှာက ညှိုးကျသွားကာ ခေါင်းငုံ့ပြီး ပြောလိုက်သည်။ "ဒါပေမယ့် ကျွန်တော့်မှာ ဘာမှမရှိဘူး"

"ဘာလို့လဲ မင်းမှာ ပိုင်ဆိုင်မှု နည်းနည်းတောင် မရှိဘူးလား?"

လင်းဝေ့က သူ့ကလေးများ၏ ငွေကြေး အခြေအနေကို သိသည်။ အချမ်းသာဆုံးက ရွေ့ရွေ့ ဖြစ်သည်။ သူက ငယ်စဉ်ကပဲ ငွေစုတာ မလို့ အနည်းဆုံး ယွမ်၂၀ လောက်ရှိသည်။

မင်မင်က လွန်ခဲ့သည့် နှစ်နှစ်ကပင် ငွေစုသည့် အကျင့်မရှိပေ။ ပေးသမျှ ငွေတိုင်းကို သုံးသည်။ ဒါပေမယ့် တရုတ် နှစ်သစ်ကူးပွဲတုန်းက သူ့ညီ၏ ငွေစုထားတာက အများကြီး စုမိနေပြီ ဖြစ်သည်။ ဒီနှစ်မှာ သူက သူ့ညီ၏ လမ်းစဉ်ကို လိုက်ရန် ဆုံးဖြတ်လိုက်သည်။ သုံးပြီးလျှင် တစ်နှစ်အတွက် ပိုက်ဆံအနည်းငယ် စုသည်။

ပေ့ပေ့ကတော့ ငယ်သေးသည့်အတွက် ငွေတွင် ထည့်မတွက်ပေ။ လင်းဝေ့က သူ့ကို မုန့်ဖိုးပေးလေ့ မရှိပေ။

ငွေစုရတာက မလွယ်တာကြောင့် လင်းဝေ့၏ သားက စိတ်မပျော့သလို သူမက သူမတစ်ယောက်ထဲ သာမက အငယ်နှစ်ယောက်ကိုပါ သူမနှင့်အတူ ခေါ်သွားသည်။ အကြောင်းကတော့ သူမတစ်ယောက်ထဲ စားသည့်သူ မဟုတ်သည့်အတွက် ဖြစ်သည်။

လင်းဝေ့က သူ့သားကို တင်းကြပ်စွာ မဆက်ဆံပေ။ သူမက ရွေ့ရွေ့နှင့် ပေ့ပေ့ကို အဆာပြေမုန့် တန်ဖိုးက ငါးဆယ်ထက် မကျော်ဖို့ ပြောထားသည်။

ရွေ့ရွေ့က သူ့အစ်ကို အတွက် စိတ်မကောင်းတာမလို့ အစပ်ချောင်း အထုပ်တစ်ထုပ်သာ ယူသည်။

ပေ့ပေ့က အများကြီး မစဉ်းစားဘဲ လက်ခံလိုက်ပေမယ့် ငွေအကြောင်း မသိတာမလို့ ယုန်ဖြူပုံစံတော်ဖီကို ယူလိုက်သည်။

ဒါကိုမြင်တော့ သူ့အမူအရာက နာကျင်ခြင်းမှ ထိတ်လန့်ခြင်းသို့ ပြောင်းသွားသည်။

လင်းဝေ့က ယုန်ဖြူပုံစံ တော်ဖီထုပ်ကို ယူကာ စျေးကြီးသည့်အတွက် နောက်တစ်ခု ယူရန် ပြောတော့မှသာ သူက ရင်ဘတ်ကို ပုတ်လိုက်ကာ သက်ပြင်းချလိုက်သည်။

ပေ့ပေ့က လက်မခံဘဲ ပြောလိုက်သည်။ "ပေ့ပေ့က ယုန်ကို စားချင်တာ"

မင်မင်၏ ရင်ထဲ တုန်လှုပ်သွားသည်။

"ယုန်က စားလို့မရဘူး" လင်းဝေ့က ပြောကာ ဖရဲစေ့များကို ငါးဆယ်နှင့်အညီ ချိန်လိုက်ပြီး ငွေရှင်းရန် မင်မင်ကို ပေးလိုက်သည်။

မင်မင်က သူ့အမေနှင့် သူ့ညီ၏ ပစ္စည်းများကို ကြည့်ကာ စိတ်သက်သာရာ ရသွားသည်။ "ညီမလေးက မဝယ်ဘူးလား?"

"မင်း ညီမ အတွက် တော်ဖီ ဝယ်ပေးမလို့လား?" လင်းဝေ့က ပြုံးပြီး မေးလိုက်သည်။

မင်မင်က ခေါင်းခါလိုက်သည်၊ သူ ဆင်းရဲ သွားမည် မလား?

လင်းဝေ့က မင်မင်ကို မေးလိုက်သည်။ "နောက် အဖေ လုပ်ဦးမလား?"

ကျန်နေခဲ့သော သုံးယွမ်နှင့် နှစ်ဆင့် သုံးဆင့် များကို ကြည့်ကာ သူက ခေါင်းခါလိုက်သည်။ ဒါက အမှားလုပ်ခဲ့တာမလို့ သူက နောက်တစ်ခါ အဖေ မလုပ်တော့ပါ။

မင်မင်က သင်ခန်းစာရသွားတာ မြင်တော့ လင်းဝေ့က ယုန်ဖြူတော်ဖီကို ဝယ်ကာ ငိုတော့မည့် ကလေးမလေးကို ပေးလိုက်ပြီး ပြောလိုက်သည်။ "ယုန်ကို စားလို့မရပေမယ့် တော်ဖီစားလို့ရတယ်"

ပြီးတော့ မင်မင်နှင့် ရွေ့ရွေ့ကို တစ်ခုစီ ပေးလိုက်သည်။ သကြားလုံး နှစ်လုံးကို အညီအမျှ ခွဲပေးလိုက်သည်။

တော်ဖီ စားပြီးတော့ နောက်တစ်ခု စားချင်လာသည်။ ဖရဲစေ့နှင့် အစပ်ချောင်းများက တော်ဖီလောက် စျေးမကြီးဘူး၊ ဒါဆို...အဖေ မသိနိုင်ဘူး မလား?

All Chapters