နယ်မြေရှင်းလင်းခြင်း
Vol. 18 Ch. 260
ဆောင်းရာသီမတိုင်ခင် လေလွင့်သူများကို ခေါ်ရန် စေလွှတ်လိုက်သော အဖွဲ့၁၀ဖွဲ့လုံး သားရဲတို့ပျော်စံရာမြေသို့ ပြန်ရောက်ရှိလာသည်။
စစ်သည်တော်များပြန်ခေါ်လာသော လေလွင့်သူများ၊ အဖွဲ့တွင်လာရောင် ပူးပေါင်း သော လေလွင့်သူများ၊မီးတောက်ဦးချိုအဖွဲ့တွင် ရှိနှင့်ပြီးသား လေလွင့်သူများအားလုံးပေါင်းလိုက်လျှင် အယောက် ၈၀၀၀၊၉၀၀၀လောက်ရှိသည်။ နယ်မြေဟောင်းနှင့် အခြားမျိုးနွယ်စုမှ လေလွင့်သူများပါ ပေါင်းလိုက်မည်ဆိုလျှင် မီးတောက်ဦးချိုမျိုးနွယ်စုထံရောက်နေသော လေလွင့်သူများ ၁၀၀၀၀ခန့်ရှိမည်။
လူအရေအတွက်မှာများလွန်းလှသည်။ လူအရေအတွက် ထိုမျှ များမည်ဟု သူတို့ မမျှော်လင့်
ထားကြပါ။ လူများသောအခါ ရှန်သန်ရန် ခက်ခဲလာသည်။ မျိုးနွယ်စုထဲတွင် တဲငယ်များကို ဆောက်လုပ်ကြသည်။ လေလွင့်သူများ ယာယီနေထိုင်ရန် တဲငယ်များကို အချိန်တိုအတွင်း ဆောက်လုပ်နိုင်သည်။ လူတိုင်းသည် သူတို့ကြိုက်နှစ်သက်သော အိမ်များကို ဆောက်လုပ်ကြသည်။
မျိုးနွယ်စုစစ်သည်တော်များက လေလွင့်သူများနေထိုင်သော နေရာကို စောင့်ကျပ်နေပြီး အလှည့်ကျအမဲလိုက်ထွက်ကြရသည်။ မျိုးနွယ်စုထဲတွင် လူအရမ်းများနေသဖြင့် အမဲလိုက်ထွက်ရာတွင် သားကောင်များကို အရင်ကထက် ပိုဖမ်းရလေသည်။
မျိုးနွယ်စုဝင်နှင့် မျိုးနွယ်စုပြင်ပက လေလွင့်သူများသည် စစ်သည်တော်များကို ကူညီရန် ကြိုးစားကြပါသည်။ သူတို့သည် တဲဆောက်ခြင်း၊သစ်ပင်ခုတ်ခြင်း၊ ဟင်းလျာချက်ပြုတ်ခြင်း စသည်ဖြင့် သူတို့တတ်နိုင်သလောက်ကူညီပေးကြ
ပါသည်။ မျိုးနွယ်စုစစ်သည်တော်များ သူတို့အပေါ် အမြင်ကြည်စေမည့် အခွင့်အရေးတစ်ခုရှိသည်။ လက်သမားအလုပ်ဖြင့် မျိုးနွယ်စုကို ကူညီခြင်းဖြစ်သည်။ လှေဆောက်လုပ်တတ်သူ၊ အိုးပြုလုပ်တတ်သူ၊ ဆေးမြစ်အကြောင်းနားလည်သူများက မျိုးနွယ်စုဝင်များကို တစ်ဖက်တစ်လမ်းက ကူညီကြလေသည်။
ထို့ကြောင့် မျိုးနွယ်စုအတွင်းတွင် လေလွင့်သူများသည် သစ်သားလှည်းလေးများကို တွန်း၍ ပစ္စည်းများသယ်ဆောင်နေသည်ကို မြင်ရသည်မှာ မဆန်းမဟုတ်တော့ပါ။ ကျင်းကဲ့သို့ အိုးလုပ်ခြင်းကို စိတ်ဝင်စားသော လူအိုကြီးများက အိုးလုပ်တတ်သူများကို ခေါ်၍ မေးမြန်းသည်။ အိုးလုပ်ရာတွင် ဘယ်ရွှံ့သည် အကောင်းဆုံးဖြစ်သည်၊ ဘယ်အိုးလုပ်နည်းသည် အကောင်းဆုံးဖြစ်သည်၊ မည်သည့်အိုးက အကောင်းဆုံးဖြစ်သည် စသည်တို့ကို ရွေးချယ်ဆုံးဖြတ်ခိုင်းသည်။
ရှောက်ရွှမ် မျိုးနွယ်စုထဲသို့ ပြန်ရောက်လာ
သောအခါ အားလုံးက ရွံ့အိုးခွက်များကို အသုံးပြုနေကြပြီဖြစ်သည်။ ရွံ့အိုးခွက်များသာ ကျောက်နှင့် ပြုလုပ်သော အိုးခွက်များထက် သာလွန်ကောင်းမွန်သည်။ သို့သော် အချို့ကတော့ ရွံ့အိုးခွက်များနှင့် အသားမကျကြသေးပါ။ ဥပမာအနေဖြင့် ပြောရမည်ဆိုလျှင် ခဲ့ခဲ့ကြောင့် ရွံ့အိုးခွက်တစ်ခု ကျကွဲသွားသောအခါ ကျင်းက ခဲ့ခဲ့ကို ဆူပူအပြစ်ပေးချင်သည်။ ရှောက်ရွှမ်သည်လည်း ရွံ့အိုးခွက်များပြုလုပ်သော မီးဖိုဆီသို့ရောက်ဖူးပါသည်။ မီးတောက်ဦးချိုမျိုးနွယ်စု၏ ဘိုးဘေးများသည်လည်း ရွံ့အိုးခွက်များပြုလုပ်ခဲ့သော မှတ်တမ်းများရှိပါသည်။ လွန်ခဲ့သော နှစ်တစ်ထောင်အတွင်း အိုးပြုလုပ်ခြင်းသည် လွန်စွာတိုးတက်ခဲ့ပါသည်။
သားရဲတို့ပျော်စံရာမြေတွင် အိုးခွက်ပြုလုပ်ရန် သင့်လျော် ရွံ့အမျိုးအစား များစွာ ရှိပါသည်။ ကျင်းနှင့် သူ့လူများက ထိုနေရာသို့ ပျော်ရွှင်စွာသွားကြပြီး သူတို့တွေ့ခဲ့ရသမျှကို သားရေချပ်တစ်ချပ်နှင့် မှတ်တမ်းတင်ကြလေသည်။ လူကိုယ်တိုင်လည်း ရွံ့အိုးခွက်များကို ပြုလုပ်ကြည့်
ကြသည်။
ရှောက်ရွှမ်သည်လည်း ရွံ့အိုးခွက်များစွာကို သူ့မိသားစုအတွက် ပြုလုပ်ပေးသည်။ ထို့ပြင် အိမ်ဆောက်ရာတွင် အသုံးပြုနိုင်ရန် ရွံ့အုတ်ခဲများ ကိုလည်း စမ်းသပ်ပြုလုပ်ကြည့်နေသည်။
သူ့တဲမှာ အခုဆိုလျှင် အုတ်တိုက်ကလေးဖြစ်နေပေပြီ။အခုအိမ်သည် မြစ်တစ်ဖက်ကမ်းတွင် သူဆောက်လုပ်ခဲ့သော အိမ်ထက်ပိုကြီးပါသည်။အိမ်ဘေးတွင် ဆီဇာနေရန် အဖီလေးတစ်ခုထုတ်ပေးထားသည်။ ချာချာကတော့ ရှောက်ရွှမ်အိမ်တွင် မနေဘဲ ထိုနားရှိတောင်ပေါ်တွင် အသိုက်တစ်ခုပြုလုပ်ထားပါသည်။ ရှောက်ရွှမ်သွားကြည့်သောအခါ ချာချာ့အသိုက်မှာ တောင်စွန်းတစ်ခုပေါ်တွင် ဆောက်လုပ်ထားကြောင်းတွေ့လိုက်ရသည်။ နောက်ပိုင်းတွင်တော့ ချာချာသည် အသိုက်ကို တောင်စွန်းပေါ်မှ ဂူတစ်ခုထဲသို့ ပြောင်းလိုက်သေလည်။
အဖွဲ့သည် ကျွဲ၊နွား၊တိရစ္ဆာန်များ၊မျိုးစေ့များ
ကို သယ်ဆောင်ကာ ပြန်လာကြသည်။ ထိုပစ္စည်းများကို ကျွမ်းကျင်သူများလက်သို့ အပ်လိုက်သည်။ မီးတောက်ဦးချိုမျိုးနွယ်စုတွင် ရှိသော လေလွင့်သူအများစုမှာ လက်သမားများဖြစ်ကြသည်။ ကျွဲ၊နွားတိရစ္ဆာန်ထိန်းကျောင်းခြင်း မျိုးစေ့များကို ပျိုးထောင်ခြင်းတို့တွင် သူတို့က မျိုးနွယ်စုစစ်သည်တော်များထက် ကျွမ်းကျင်ပါသည်။
လောင်ဟယ်နှင့် မြက်ခင်းလွင်ပြင်ဒေသမှလာသောသူများသည် ကျွဲနွားများကို မွေးမြူရန်နှင့် တင်းကုပ်များပြုလုပ်ပေးရန် တာဝန်ယူရသည်။ ရှောက်ရွှမ်သူတို့ဆီသို့ ရောက်သွားသောအခါ အရင်တုန်းက ပိန်လှီနေသော ဆိတ်များနှင့် နွားများသည် အခုအခါတွင် ကျန်းမာဝဖြိုးနေသည်ကို တွေ့လိုက်ရသည်။ ကြံ့ခိုင်သန်စွမ်းလာကြသည်ဆိုလည်း မမှားပေ။ သို့သော် တစ်ခါတရံ တောထဲမှ ထွက်ပေါ်လာသော သားရဲကြီးများ၏ အော်သံကြောင့် အထိတ်တလန့်ဖြစ်ကြသည်ကတော့ ရှိသည်။ လုမျိုးနွယ်စုက မွေးမြူထားသော တိရစ္ဆာန်များထက်တော့ အများကြီးပိုသာ
ပါသည်။ အချိန်တစ်ခုကြာသောအခါ သူတို့ရောက်နေသာ ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေဖြစ်အောင် နေတတ်သွားကြသည်။
မနက်စောစောစီးစီး ထွော်က ရှောက်ရွှမ်ကို လာခေါ်နေသည်။ ဒီနေ့တွင် ထွော်သည် ကင်းလှည့်မထွက်ရပါ။ခဏနေလျှင် အမဲလိုက်ထွက်ရမည် ဖြစ်သော်လည်း လတ်တလောတွင်တော့ သူအားနေသည်။
“ဘယ်လိုလဲဟေ့…ငါကိုယ်တိုင်ဆောက်ထားတဲ့အိမ်ကို ကြည့်ပါဦး” ထွော်က သူဆောက်ထားသော အိမ်ကိုပြနေသည်။
ထွော်သည် ကျောက်တုံးနှင့်ဆောက်လုပ်သော အိမ်တစ်လုံးကို ဆောက်လုပ်ချင်နေသည်။ သူ့မိသားစုသည်လည်း မြစ်တစ်ဖက်ကမ်းတွင် ကျောက်တုံးနှင့်ဆောက်သော အိမ်တွင် နေကြခြင်းဖြစ်သည်။ သို့သော် ရှောက်ရွှမ်၏ တိုက်အိမ်ကို မြင်သောအခါ သူစိတ်ပြောင်းသွားသည်။ ထွော်သည် ကျင်းထံသွား၍ အကူအညီတောင်း
ကာ အုတ်ခဲများ ပြုလုပ်ခိုင်းလေသည်။ ထို့နောက် ရလာသော အုတ်ခဲများနှင့် ကိုယ်ပိုင်တိုက်အိမ်တစ်လုံးကို ဆောက်လုပ်လေသည်။ အိမ်ဆောက်ပြီးသောအခါ ရှောက်ရွှမ်ကို ကြည့်ရှုဝေဖန်ခိုင်းနေခြင်းဖြစ်လေသည်။
“ကောင်းပါတယ်” ရှောက်ရွှမ်က ထွော့်အိမ်ကို ကြည့်ပြီး ပြောလိုက်သည်။
ရှောက်ရွှမ်အခုနေသောနေရာမှာ ထွော်တို့ နေသောနေရာနှင့် သိပ်မဝေးလှ။ မျိုးနွယ်စုထဲတွင် အိမ်များ၏တည်နေရာသည် ထိုအိမ်များ၏ မျိုးနွယ်စုအတွင်း အရေးပါမှုကို အဆုံးအဖြတ်ပေးသည်။ အဆင့်အတန်းပိုမြင့်သော သူများက မီးပုံနှင့် နီးသောနေရာများတွင် နေရသည်။ အခုအချိန်တွင် သူတို့သည် တောင်ပေါ်တွင် နေကြသည် မဟုတ်တော့သော်လည်း ထိုစည်းကမ်းကို မပစ်ပယ်ကြသေးပေ။
ရှောက်ရွှမ်တို့မိသားစုတွင် မျိုးနွယ်စုအတွင်း အရေးပါအရာရောက်သူမရှိပေ။ သို့သော် မျိုးနွယ်
စုအတွင်း ရှောက်ရွှမ်၏ အရေးပါပုံကိုတော့ အားလုံးက သိထားသည်။ ထို့ကြောင့် ရှောက်ရွှမ်၏ အိမ်ကို မီးပုံနားတွင် ဆောက်ထားသည့်အတွက် မည်သူကမှ မကျေမနပ် မဖြစ်ကြ။
“ခဲ့ခဲ့…ဘယ်ရောက်နေလဲ” ရှောက်ရွှမ်က မေးလိုက်သည်။ ပုံမှန်ဆို ခဲ့ခဲ့သည် ထွော်နှင့် တတွဲတွဲဖြစ်သည်။ သို့သော် အခုတော့ သူ့ကို မတွေ့ရပါ။ ခဲ့ခဲ့သည်လည်း ရှောက်ရွှမ်တို့နားတွင်ပင်နေပါသည်။
“သူလား” ထွော်ကရယ်မောရင်း “ဒီကောင် ဥတစ်လုံးဖောက်နေတယ်” ဟုပြောလိုက်သည်။
“ဥဖောက်တယ်ဟုတ်လား” ရှောက်ရွှမ် သမ်းနေရင်း တိုးလို့တန်းလန်းဖြစ်သွားပြီး မေးလိုက်သည်။ ရှောက်ရွှမ်ထွက်သွားပြီးနောက် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ထွော်က ပြန်ပြောပြနေသည်။
မျိုးနွယ်စုသည်တောင်အောက်တွင် နေထိုင်ရန်
ဆုံးဖြတ်လိုက်သော်လည်း သူတို့အနေနှင့် ပတ်ဝန်းကျင်ကို စိတ်ချရသော ပတ်ဝန်းကျင်တစ်ခုဖြစ်စေချင်သည်။ မျိုးနွယ်စုစစ်သည်တော်များကတော့ အန္တာရာယ်ပေးနိုင်သော သားရဲကြီးများကို ရှင်းပစ်ရန် တာဝန်ယူထားရသည်။
အဆိပ်ရှိသော အပင်များကိုရှင်းပစ်ရသည်။ သားရဲကြီးများ၊ ကြောက်မက်ဖွယ်သားရဲကြီးများကိုလည်း ရှင်းပစ်ရသည်။ ထို့ကြောင့် ထိုအချိန်ကာလအတွင်း သူတို့သည် ခရီးရှည်မထွက်နိုင်သလို အမဲလိုက်လမ်းကြောင်းအသစ် စတင်ခြင်းကိုလည်း မပြုလုပ်နိုင်ကြပါ။ နယ်မြေကိုရှင်းလင်းချဲ့ထွင်ပြီးနောက်မှ အမဲလိုက်ထွက်နိုင်ကြသည်။ ထိုနေရာတွင်နေသော ငှက်များမှာလည်း နေရာပြောင်းရွှေ့ကုန်ကြသည်။ သို့သော် သူတို့ကို စစ်သည်တော်များက တွေ့လျှင်တော့ ဖမ်းဆီး ချက်စားပစ်ကြသည်။
“အဲဒီငှက်တွေကို အမဲလိုက်တုန်းက ငါတို့တွေ ဥတွေတွေ့တယ်၊အဲဒါနဲ့ အဲဒီဥတွေကို ချက်စားဖို့ ယူလာကြတာပေါ့…ဒါပေမဲ့ နောက်ကျတော့ ခဲ့ခဲ့
က တချို့ဥတွေကို ယူထားပြီး အကောင်ဖောက်ဖို့ ကြိုးစားနေတော့တာပဲ”
ခဲ့ခဲ့သည် အရင်တုန်းက သားရဲများကို မွေးမြူဖူးသည် သို့သော် နောက်ဆုံးတွင်တော့ သူမွေးသော သားရဲများမှာ ဟင်းအိုးထဲသာ ရောက်သွားကြသည်။ အခုလည်း ဥများကို အကောင်ဖောက်နေပြန်သည်။ အဆုံးသတ်က ဘယ်လိုဖြစ်မလဲတော့ မသိသေးပါ။
ရှောက်ရွှမ်စိတ်ဝင်စားသွားသည်။
“သွားကြည့်ရအောင်…သူဥအကောင်ဖောက်နေတာကြာပြီလား…ငှက်တွေ အကောင်ပေါက်လာပြီလား” ရှောက်ရွှမ်သည် ခဲ့ခဲ့အိမ်ကို ထွက်သွားလေသည်။
“အခုထိတော့ အကောင်မပေါက်သေးပါဘူး” ထွော်ကလည်း အခုတလော သူ့ကိစ္စများနှင့် သူအလုပ်ရှုပ်နေသည်။ မျိုးနွယ်စုကပေးအပ်သောတာဝန်များကို လုပ်ဆောင်ပြီးလျှင် အားနေသော
အချိန်များတွင် အိမ်ကိုသာ တစိုက်မက်မက်ဆောက်လုပ်နေလေသည်။
ရှောက်ရွှမ် ရောက်သွားသောအခါ ခဲ့ခဲ့ ထွက်လာသည်။ ခဲ့ခဲ့က ပျော်နေပုံပေါ်သည်။ “ငါတောင်မင်းဆီလာမလို့ပဲ ရှောက်ရွှမ်ရေ” ခဲ့ခဲ့က ပြောလိုက်သည်။ “ချာချာ အကောင်ပေါက်ကာစတုန်းက ဘာတွေစားလဲ”
အခန်းထဲမှ တကျွီကျွီအသံလေးများကို ကြားရသောအခါ အခြေအနေကို ရှောက်ရွှမ်တို့ နားလည်လိုက်ပြီဖြစ်သည်။
“ငါကတော့ အသားစိမ်းပဲ ကျွေးတယ်…ကြောက်မက်ဖွယ်သားရဲကြီးတွေအသားတော့ မကျွေးနဲ့…သာမန်သားရဲတွေရဲ့ အသားလောက်ပဲကျွေး…အသားတွေကို အဖတ်သေးသေးလေးတွေ လုပ်ပြီးကျွေး…ဟုတ်တယ် အဲဒီလိုလုပ်လိုက်” ခဲ့ခဲ့က ရှောက်ရွှမ်ပြောသည့်အတိုင်း ငှက်ကိုကျွေးရန် အသားများကို သေးသေးချင်းဖဲ့ထုတ်နေသည်။ ခဲ့ခဲ့ထိုမျှ စိတ်ရှည်သည်ကို မြင်ရ
သည်မှာ ရှားရှားပါးပါးပင်။
“မင်းဘာလုပ်ဖို့ အဲဒီငှက်တွေမွေးမှာလဲ” ရှောက်ရွှမ်က မေးလိုက်သည်။ ထိုငှက်မျိုးများသည် ရိုင်းစိုင်းခက်ထန်လေ့ရှိသည်။ အသားလည်းများများမရှိသည့်အတွက် ခဲ့ခဲ့သည် ထိုငှက်များကို စားရန်မွေးမြူချင်းတော့ မဖြစ်နိုင်။ အသားအတွက် မွေးမြူချင်လျှင် လုမျိုးနွယ်စုမှ ငှက်ကြီးများကို ဝယ်ယူမွေးမြူနိုင်ပါသည်။ ထိုငှက်များကို နတ်ဆေးဆရာဆီခေါ်သွားပြီး တံဆိပ်နှိပ်ရန် မွေးမြူခြင်းများလား။
“ဒီကောင်တွေက အပြေးတော့မြန်တယ်” ခဲ့ခဲ့က အစာကျွေးနေရင်း လှမ်းပြောလိုက်သည် “သူတို့ကိုယဉ်ပါးအောင် မွေးပြီးရင် ငါတို့တောလည်ထွက်ရင် သူတို့ကို စီးပြီးထွက်လို့ရတယ်လေ”။
ဝမ်ရှစ်မျိုးနွယ်စုဝင်များနောက်ကိုလိုက်တုန်းက ထိုငှက်များသည် တောထဲတွင် လွန်စွာအပြေးသန်သည်ကို ခဲ့ခဲ့သတိထားမိခဲ့သည်။သို့သော် ကြောက်မက်ဖွယ်သားရဲဖြစ်သော
မိုင်၏ကြိုးကြာလောက်တော့ မကြီးမားပါ။ သို့သော် ထိုငှက်များသည် တောထဲတွင် လွန်စွာအပြေးမြန်သည်ဆိုတာကိုတော့ ငြင်း၍မရပါ။
ယဉ်ပါးအောင်မွေးမြူနိုင်လျှင်တော့ တောထဲတွင် ထိုငှက်များမှာ မြင်းများထက် ပိုအသုံးဝင်မည်ဖြစ်သည်။
“ယဉ်ပါးအောင်မမွေးနိုင်ရင် ဘာလုပ်မလဲ” ရှောက်ရွှမ်က မေးလိုက်သည်။
“ချက်စားပစ်မှာပေါ့” ခဲ့ခဲ့က ပြန်ပြောသည်။ မျိုးနွယ်စုအတွင်းတွင် မွေးထားသော အကောင်များကို ပြန်ချက်စားကြခြင်းမှာ ထူးဆန်းသော ကိစ္စမဟုတ်ပေ။
ခဲ့ခဲ့ကို အကြံတချို့ပေးပြီးနောက် ရှောက်ရွှမ်သည် အမဲလိုက်ရန် ထွက်သွားလေသည်။ လောင်ခဲ့က အမဲလိုက်သည်ကိရိယာများကို အရောင်တင်ပေးထားသည်။ ရှောက်ရွှမ်က ထိုပစ္စည်းများကို ယူဆောင်လာခဲ့လေသည်။
ဆောင်းဝင်လာပြီဖြစ်သည်။ တချို့မှာ နေ့စဉ်လိုပင် အမဲလိုက်ထွက်ကြသည်။ မနက်ပိုင်းတွင် တောထဲသို့ဝင်သွားကြပြီး ညနေပိုင်းတွင် သားကောင်ကိုယ်စီနှင့် ပြန်ရောက်လာကြသည်။ အခုသူတို့နေသောနေရာသည် တောထဲသို့ရောက်ရန် အချိန်အကြာကြီးမသွားရပါ။ ထို့ကြောင့် အမဲလိုက်ထွက်ရန် အတွက် အချိန်သိပ်မကုန်တော့ပါ။
ရှောက်ရွှမ်သည် မိုင်၊လန်ကာ့တို့နှင့်အတူ တောနက်ထဲသို့ဝင်သွားလေသည်။ မီးတောက်မျိုးစေ့လောင်ကျွမ်းခြင်းကြောင့် အချို့ကြောက်မက်ဖွယ်သားရဲကြီးများမှာ တောပြောင်းသွားသော်လည်း အားလုံးတော့ မပြောင်းသေးပါ။
သစ်ပင်များပေါ်တွင်အမှတ်အသားများ ရှိနေသည်ကို ရှောက်ရွှမ်တွေ့လိုက်ရသည်။ မျိုးနွယ်စုစစ်သည်တော်များသည် သားရဲကြီးများကို ရှင်းလင်းပစ်ပြီးပြီ ဆိုပါက ထိုနားရှိ သစ်ပင်များပေါ်တွင် အမှတ်အသားများထားခဲ့ပါသည်။ အဖွဲ့များသည် တစ်ဖွဲ့ကိုတလှည့် ကြောက်မက်ဖွယ်
သားရဲကြီးများကို ရှင်းပစ်ကြသဖြင့် သားရဲတို့ပျော်စံရာမြေတွင် အမှတ်အသားများစွာဖြစ်နေပါသည်။
“နတ်ဆေးဆရာဆွဲထားတဲ့ နယ်စပ်ကို ရောက်ဖို့တော့ အဝေးကြီးလိုသေးတယ်” မိုင်သည် အမှတ်အသားများကို ကြည့်ရင်း ပြောလိုက်သည်။
နတ်ဆေးဆရာနှင့် ခေါင်းဆောင်များရေးဆွဲသော အစီအစဉ်အရတော့ မီးတောက်ဦးချိုမျိုးနွယ်စုသည် ပိုင်နက်အကျယ်ကြီးရမည်ဖြစ်သည်။ သို့သော် သူတို့ကိုယ်ပိုင်သတ်မှတ်ချက်နှင့် နယ်စပ်မျဉ်းကို ရေးဆွဲသည်တော့ မဟုတ်ပါ။ ဘိုးဘေးများထားခဲ့သော မြေပုံအရ နယ်စပ်မျဉ်းများကို ရေးဆွဲသတ်မှတ်ခြင်းဖြစ်ပါသည်။
မီးတောက်ဦးချိုမျိုးနွယ်စုသည် သားရဲတို့ ပျော်စံရာမြေတွင် အခြေချမနေထိုင်ဖူးပါ။ လွန်ခဲ့သော နှစ်တစ်ထောင်အတွင်းတွင် ပထဝီသွင်ပြင်အနေအထားများ ပြောင်းလဲခဲ့သလို
မီးတောက်ဦးချိုမျိုးနွယ်စုများလည်း သားရဲတို့ပျော်စံရာမြေတွင် မနေထိုင်ကြသေးပါ။ ထို့ကြောင့် အရင်တုန်းကဆိုလျှင် သားရဲတို့ပျော်စံရာမြေနယ်နိမိတ်သည် အကျယ်ကြီး ဖြစ်လေသည်။ မီးတောက်ဦးချိုမျိုးနွယ်စုတို့က ဘိုးဘေးတို့ သတ်မှတ်ထားသော နယ်နိမိတ်အတိုင်း လိုချင်သည်ဆိုပါက သားရဲတို့ ပျော်စံရာမြေတွင်ရှိသော သားရဲများနှင့် ကြောက်မက်ဖွယ်သားရဲကြီးများကို ရှင်းလင်းပစ်ရမည် ဖြစ်သည်။
“အပင်တွေစိုက်မယ်ဆို နေရာကျယ်ကျယ်ရှိမှဖြစ်မယ်…ကျွဲ၊နွားတွေ မွေးမယ်ဆိုလည်း စားကျက်မြေတွေ လိုအပ်တယ်” ရှောက်ရွှမ်က ပြောလိုက်သည်။
“အမှန်ပဲ” ကျန်သူများက ခေါင်းငြိမ့်လိုက်သည်။ သူတို့သည် နောင်တချိန်ဖြစ်လာမည့် နယ်မြေများကို မြင်ယောင်ရင်း စိတ်လှုပ်ရှားလာကြသည်။
“ကဲ…အားလုံး သတိဝီရိယနဲ့ နေကြတော့ဟေ့” မိုင်က ပြောလိုက်သည်။
အခုတော့ အန္တရာယ်ရှိသော သားရဲများကို မရှင်းလင်းရသေးပါ။ အဆိပ်ရှိသော သစ်ပင်များ၊ သားရဲများနှင့် ကြောက်မက်ဖွယ်သားရဲကြီးများကို သူတို့ သတိထားရမည်ဖြစ်သည်။
သူတို့သည် အတွေ့အကြုံရင့်ကျက်သူများ ဖြစ်ကြသော်လည်း မိုင်က သတိပေးလိုက်သောအခါ အားလုံးသည် စကားပြောရယ်မောခြင်းတို့ကို ရပ်တန့်လိုက်ကြသည်။
တခြားလူများက သားရဲတို့ပျော်စံရာမြေကို ကြောက်ကြသော်လည်း မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကတော့ ထိုနေရာတွင် အခြေချရန် သိပ်မခက်ခဲဟု ယူဆကြသည်။ ထို့ပြင် သူတို့သည် သားရဲတို့ ပျော်စံရာမြေနှင့် ရင်းနှီးနေသလို ခံစားကြရသည်။ ထိုနေရာသည် သူတို့ယခင်အမဲလိုက်နေကြနေရာနှင့် တူနေသလို ခံစားရသည်။ ထို့ကြောင့် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် သားရဲတို့ပျော်စံရာမြေ၏ ပတ်ဝန်းကျင်နှင့် လိုက်လျောညီးထွေဖြစ်အောင် ပြောင်းလဲလာ
နိုင်ကြသည်။ ထိုပတ်ဝန်းကျင်သည် အန္တရာယ်များသော်လည်း သူတို့ကတော့ ထိုနေရာကို နှစ်သက်ကြသည်။
နောက်တစ်ရက်တွင် စစ်သည်တော်များ စတင်အမဲလိုက်ထွက်ကြသည်။ သားကောင်များကို သတ်ရန် ကျောက်လက်နက်ကိရိယာများကို အသုံးပြုကြသည်။ နေဝင်ခါနီးသောအခါ ထိုနားရှိသစ်ပင်တစ်ပင်တွင် အမှတ်အသားပြုလုပ်ကြသည်။ နောက်စစ်သည်တော်တဖွဲ့က ထိုနေရာမှစတင်၍ ရှင်းလင်းခြင်းကို ဆက်လုပ်ကြမည်ဖြစ်သည်။ တစ်ရက်ပြီး တစ်ရက် ဆောင်းဝင်သည့်အချိန်အထိ သူတို့သည် နယ်မြေရှင်းလင်းခြင်းကို လုပ်ဆောင်ကြမည်ဖြစ်သည်။