အောင်မြင်ခြင်း
Vol. 18 Ch. 269
နောက်ရက်တွင်တော့ ရှောက်ရွှမ်သည် ကွေ့ဇယ်ပေးထားသော အဖိုးတန်ကြိုးကို ဖြုန်းတီးသလို ဖြစ်မှာ စိုးရိမ်သဖြင့် မသုံးတော့ပါ။ ထိုအစား မြက်ဖြင့်လုပ်ထားသော ကြိုးများဖြင့် ကြိုးထုံးများ ထုံးကြည့်လေသည်။ မြက်ဖြင့်လုပ်သော ကြိုးမှာ ကြမ်းတမ်းသော်လည်း သူ့လက်ကို ရှလောက်အောင်တော့ မကြမ်းတမ်းပေ။ ကြိုးထုံးထုံး၍မရလျှင်လည်း ထိုမြက်နှင့်လုပ်သော ကြိုးကို မီးမွှေးရာတွင် အသုံးပြု၍ရပါသည်။
ရှောက်ရွှမ်သည် ကင်းလှည့်ရင်း၊အမဲလိုက်ရင်းနှင့် ငါးရက်တိုင်တိုင် ကြိုးထုံးများ ထုံးကြည့်နေသည်။ လောင်ခဲ့ကတော့ ရှောက်ရွှမ်တစ်ယောက် ထိုမြက်ကြိုးများနှင့် ဘာကြောင့် အလုပ်ရှုပ်နေသည်ကို နားမလည်ပါ။ သို့သော် ရှောက်ရွှမ်က အလွန်စိတ်အားထက်သန်နေသဖြင့် လောင်ခဲ့လည်း ဘာမှမပြောတော့ပါ။
ကြိုးထုံးကို ထုံး၍မရသဖြင့် ရှောက်ရွှမ် စိတ်ပျက်လာသည်။ သူသည် မြက်ကြိုးကို အောက်သို့လွှတ်ချလိုက်ပြီး ဘူးသီးခြောက်ထဲမှ ရေအနည်းငယ်ယူ သောက်လိုက်သည်။ အချိန်အတော်ကြာအနားယူပြီးနောက် ရှောက်ရွှမ်သည် ဝူ၏ ကျောက်သားအိမ်တော်သို့ သွားကာ ကြိုးထုံးများထုံးရာတွင် အခက်တွေ့နေကြောင်း သွားပြောပြသည် “ကျွန်တော်လုပ်တာ မှားနေတယ်ဆိုတာ စိတ်ထဲက သိနေတယ်ဗျ…ကြိုးထုံးရင်းနဲ့ ကျွန်တော့်လက်ပါ ကြိုးထုံးထဲ ပါပါသွားတယ်” ။
နတ်ဆေးဆရာက ဘာမှမပြောဘဲ ခဏလောက် နှုတ်ဆိတ်နေသည်။ ခဏနေမှ
“အဲဒီလို ဆိုရင် သစ်ရွက်ပေါ်က တွေ့တဲ့ ကြိုးထုံးပုံစံကို မစဉ်းစားနဲ့တော့…လွတ်လွတ်လပ်လပ်စဉ်းစားကြည့်လိုက်…မင်းမြင်လိုက်တဲ့ လက်တစ်စုံအတိုင်း လှုပ်ရှားမနေနဲ့တော့…မင်းနည်းနဲ့မင်း ချည်ကြည့်ဖို့ ကြိုးစားကြည့်” ဟုပြောလိုက်သည်။
ရှောက်ရွှမ်သည်လည်း ထိုသို့ စဉ်းစားမိပါသည်။ ကြိုးထုံးပုံစံသည် သူ့စိတ်ထဲတွင် ရှိနေသော်လည်း ပုံဖော်၍ မရဖြစ်နေသည်။ နောက်မှ ဆက်ကြိုးစားကြည့်တော့မည်။
“မင်းရဲ့စိတ်ကို ဗလာဖြစ်နေအောင် ထားကြည့်လိုက်ပါ”
စိတ်ကိုဗလာဖြစ်အောင် ထားနိုင်သူများမှာ လူတော်များဖြစ်သည်ဟု အများကဆိုကြသည်။ ထိုသူများသည် အခြားလူများ မလုပ်နိုင်သောအရာများကို လုပ်ဆောင်နိုင်ကြသည်။ ပညာဆက်ခံနိုင်ခြင်းဥာဏ်အလင်းပွင့်မှုမှာ ညတွင်းချင်း ဖြစ်မြောက်လာနိုင်သောအရာမဟုတ်ပါ။
ရှောက်ရွှမ်က “ကျွန်တော်သိပြီ”
နတ်ဆေးဆရာက ကျေနပ်စွာခေါင်းငြိမ့်လိုက်ပြီး တစ်စုံတရာ ပြောရန် ပြင်နေစဉ်မှာ ရှောက်ရွှမ်က ဖြတ်ပြောလိုက်သည် “၂ရက်လောက်ကြာရင်
ကျွန်တော်တောထဲကို ခဏခရီးထွက်မလို့၊ သွားမယ့်နေရာက နည်းနည်းဝေးတယ်ဆိုတော့ သုံး၊လေး၊ငါးရက်လောက်ကြာမယ်ထင်တယ်…အရည်အသွေးကောင်းတဲ့ ကျောက်တစ်လုံးတွေ့ထားတာ သွားကြည့်မလို့ပါ”။
နတ်ဆေးဆရာ စိတ်လှုပ်ရှားသွားသည် “မင်းတစ်ယောက်တည်းသွားမှာလား”။
ရှောက်ရွှမ်က သုံး၊လေး၊ငါးရက်လောက် တစ်ယောက်တည်းခရီးထွက်မည်ဆိုတော့ နတ်ဆေးဆရာစိတ်ပူသွားသည်။ တခြားတစ်ယောက်ဖြစ်မည်ဆိုလျှင် နတ်ဆေးဆရာစိတ်ပူနေမည် မဟုတ်ပေ။ သို့သော် သွားမည့်လူက ရှောက်ရွှမ်ဖြစ်နေသဖြင့် နတ်ဆေးဆရာစိတ်ပူသွားသော်လည်း နောက်ဆုံးတွင်တော့ ခေါင်းညိတ်ပြလိုက်ရသည်။
“ကောင်းပြီလေ…သတိဝီရိယနဲ့သွားဦး…စိတ်လိုက်မာန်ပါတွေ မလုပ်နဲ့” နတ်ဆေးဆရာက မှာနေသည်။ “စိတ်ချပါ” ရှောက်ရွှမ်က ကတိ
ပေးလိုက်သည်။
နောက်၂ရက်ခန့်ကြာသောအခါ ရှောက်ရွှမ်သည် ကျောက်လက်နက်ကိရိယာများ၊ ရိက္ခာများကိုယူ၍ မျိုးနွယ်စုထဲမှ ထွက်ခွာသွားလေသည်။
မျိုးနွယ်စုထဲမှ ထွက်ခွာလာပြီးနောက် ရှောက်ရွှမ်သည် တောထဲသို့ တစ်ခါတည်း ဝင်လာခဲ့သည်။ အစောင့်များကတော့ သံသယဖြစ်ဖွယ်ငှက်များကို ရှာဖွေရန် ကောင်းကင်ပေါ်သို့ ကြည့်နေကြသည်။ ရှောက်ရွှမ်သည် သူ့ကိုယ်သူ မျိုးနွယ်စု၏ အခွင့်ထူးခံအဖြစ် မသတ်မှတ်ချင်ပေ။
ပတ်ဝန်းကျင်တွင် အန္တရာယ်အငွေ့အသက်များဖုံးလွှမ်းနေသလို ခံစားရသည်။ အမဲလိုက်လာသည့်အတွေ့အကြုံပေါင်းများစွာကြောင့် ရှောက်ရွှမ်သည် အခြားလူများထက် အာရုံခံနိုင်စွမ်းအားပိုကောင်းပါသည်။
သူ့ကိုယ်လူတစ်ယောက်က မကောင်းကြံနေလျှင်လည်း သိနိုင်သလို အကွာအဝေးတစ်ခု
အတွင်းက အန္တရာယ်များကိုလည်း ခံစားနိုင်သည်။
သစ်တောမှာ စိုစွတ်ထိုင်းမှိုင်းနေပြီး မြူများဖုံးလွှမ်းလျက်ရှိသည်။ အခုအချိန်သည် သာမာန်သားရဲငယ်လေးတစ်ကောင်မှာပင် ရှိရင်းစွဲထက် ပိုအန္တရာယ်ပေးနိုင်မည့် အချိန်မျိုးဖြစ်နေသည်။
ရှောက်ရွှမ်သည် နောက်တောအုပ်တစ်ခုထဲသို့ ဝင်သွားလိုက်သည်။ သစ်ပင်များ ထူထပ်စွာပေါက်နေခြင်းကြောင့် နေရောင်ပင်မထိုးဖောက်နိုင်ပါ။ တောအုပ်ထဲမှာ နေရင်းနှင့် စိတ်များလေးလံ ရှုပ်ထွေးလာသည်။
ရှောက်ရွှမ်သည် သူနှင့် သိပ်မဝေးသောနေရာတွင် သားရဲတစ်ကောင်ရှိနေသည်ကို တွေ့လိုက်သည်။ ထိုသားရဲသည် သစ်ပင်များကြားမှ မြက်တောထဲတွင် ပုန်းအောင်းနေပြီး ရှောက်ရွှမ်ကို ရိုင်းစိုင်းသောမျက်လုံးများဖြင့် ကြည့်နေသည်။
ခါတိုင်းဆိုသားရဲများသည် အမဲလိုက်အဖွဲ့များ
က သူတို့ကို သတ်မှာ သိသဖြင့် အမဲလိုက်အဖွဲ့ကို မြင်ရုံနှင့် ထွက်ပြေးကြသည်။ သူတို့သည် ပုံမှန်မဟုတ်သော အရာများဆိုလျှင် သိရှိနိုင်စွမ်းရှိကြသည်။ သားရဲများသည် လူများကို သားကောင်များ အဖြစ်လည်း မြင်ကြသည်။ ထွက်ပြေးသောအခါများလည်း ရှိသလို လူကို တိုက်ခိုက်သည့်အခါများလည်းရှိပါသည်။
အူသံတစ်ချက်ပြုလိုက်ပြီးနောက် မြက်တောထဲတွင် ပုန်းအောင်းနေသော သားရဲသည် ရှောက်ရွှမ်ကို စတင်တိုက်ခိုက်လာသည်။ မြေပြင်တွင် ဝပ်နေသော သားရဲသည် ရှောက်ရွှမ်ကို ပြင်းထန်စွာတိုက်ခိုက်လိုက်သော်လည်း ရှောက်ရွှမ်၏ ဓားမြောင်က သူ့ကိုယ်ထဲသို့နစ်ဝင်သွားသည်။ သားရဲ၏ကိုယ်မှ သွေးများထွက်လာပြီး၊ ခဏအကြာတွင် ထိုသားရဲသည် အသက်ပျောက်သွားလေသည်။
ရှောက်ရွှမ်သည် နောက်ကို ခြေဆယ်လှမ်းခန့်ဆုတ်လိုက်သည်။ သားရဲအငယ်စားများ တောထဲမှ ပြေးထွက်လာသည်။ သို့သော် ရှောက်ရွှမ်ဆီကို
လာခြင်းမဟုတ်၊ ခုနက ၂ပိုင်းပြတ်သွားသော သားရဲကို စားရန် လာကြခြင်းဖြစ်သည်။ သွေးအနံ့သည် လေထဲလျင်မြန်စွာ ပျံ့လွင့်သွားသောကြောင့် ထိုသတ္တဝါများရောက်လာခြင်းဖြစ်သည်။ ခဏကြာလျှင် သားရဲကြီးများရောက်ရှိလာပြီး သားရဲငယ်များကို မောင်းထုတ်ကာ အသေကောင်ကို စားကြမည် ဖြစ်သည်။
တစ်ရက်လုံးလုံး ခရီးနှင်လာပြီးနောက် ရှောက်ရွှမ်သည် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ တောင်စွယ်မှာ နေကွယ်သောအချိန်ရောက်ပြီ ဖြစ်သဖြင့် အနားယူရန် နေရာတစ်နေရာကို ရှာဖွေရတော့မည်။
တောင်စွန်းတွင်ရှိသော ဂူတစ်ဂူထဲတွင် နေရာယူရန် ဆုံးဖြတ်လိုက်သည်။ ထိုဂူထဲတွင်နေရန် အထဲတွင် ရှိသော လက်သည်းချွန်သားရဲတစ်ကောင်နှင့် တိုက်ခိုက်ပြီး ထိုသားရဲကို မောင်းထုတ်ရသေးသည်။
ဂူထဲတွင် တိရစ္ဆာန်အရိုးများစွာရှိနေပြီး
အနံ့အသက်လည်း မကောင်းပါ။ ပိုးကောင် အကြီးအသေးမျိုးစုံကလည်း ဂူနံရံများတွင် အပြည့်ဖြစ်နေသည်။ ရှောက်ရွှမ်သည် မီးတုတ်တစ်ချောင်း ထွန်းညှိလိုက်ပြီး ထိုပိုးကောင်များကို မောင်းထုတ်လိုက်သည်။ အရိုးများကတော့ တစစီဖြစ်နေပြီး အရိုးများတွင် အပေါက်များဖြစ်ပေါ်နေသည်။
ရှောက်ရွှမ်သည် သားရေချပ်တစ်ခုကို ဆွဲထုတ်လိုက်ပြီး ထိုသားရေချပ်ကို စက္ကူတစ်ရွက်လို အသုံးပြုလိုက်သည်။ သူဘေးပတ်ဝန်းကျင်ရှုခင်းကို သားရေချပ်ပေါ်တွင် ပန်းချီရေးဆွဲမှတ်တမ်းတင်နေသည်။ အခုခရီးကိုထွက်လာခြင်းမှာ ကျောက်တုံးကို ကြည့်ရန်သာမဟုတ် သူရောက်ခဲ့သမျှနေရာများကို ပန်းချီရေးဆွဲမှတ်တမ်းတင်ရန်အတွက် ထွက်လာခြင်းဖြစ်သည်။ နောင်တချိန်တွင် သူမှတ်တမ်းတင်ခဲ့သော နေရာများကို အမဲလိုက်အဖွဲ့များက လာရောက် စူးစမ်းနိုင်ရန် ဖြစ်သည်။
ထို့နောက် ရှောက်ရွှမ်သည် မီးကို ငြှိမ်းလိုက်ပြီး
အနားယူလိုက်တော့သည်။ နောက်တစ်နေ့ ရှောက်ရွှမ်အိပ်ရာနိုးလာသောအခါ ကောင်းကင်မှာ အနည်းငယ် အုံ့ဆိုင်းနေသည်။ ဂူထဲမှ နေ၍ အပြင်ကိုကြည့်လိုက်သောအခါ တောအုပ်မှာ မြူများ ရစ်ဆိုင်းနေသည်ကို တွေ့လိုက်ရသည်။
“မိုးရွာတော့မယ် ထင်တယ်” ရှောက်ရွှမ်က ပြောလိုက်သည်။ ရှောက်ရွှမ်သည် မိုးရွာခြင်းကို မနှစ်သက်ပါ။ ထို့ကြောင့် မိုးတိတ်သွားသည် အထိ ဂူထဲတွင် စောင့်နေရန် ဆုံးဖြတ်လိုက်သည်။
မနေ့ညက ချက်ထားသော သားကောင်အသားကို မနက်စာအဖြစ် စားလိုက်သည်။ သားကောင်၏ အသားမှာ အေးစက်မာကြောနေပြီဖြစ်သည်။ သို့သော် ရှောက်ရွှမ်က ဂရုမစိုက်ဘဲ စားလိုက်သည်။ ထို့နောက် ဂူပေါက်အပြင်ရှိ ကောင်းကင်ကို ကြည့်နေလေသည်။
“မိုးကဘယ်တော့မှ တိတ်မှာလဲ မသိပါဘူးကွာ” ရှောက်ရွှမ်သည် ဂူထဲတွင် မိုးခိုရင်း တီးတိုးရေရွတ်မိသည်။ မိုးအပြင် လေများလည်း
ပြင်းထန်စွာ တိုက်ခတ်နေသည်။
ဂူထဲတွင် ထိုင်နေရင်း သူ့လက်ကောက်ဝတ်တွင် ချည်ထားသော ကြိုးကို ရှောက်ရွှမ်ကြည့်လိုက်မိသည်။ သူသည် ထိုကြိုးကို မကိုင်သည်မှာ ၂ရက်ရှိပြီဖြစ်သည်။ တခြားဘာမှလုပ်စရာမရှိသဖြင့် ထိုကြိုးကို ထုတ်ယူလိုက်သည်။ထို့နောက် သားရေအိတ်ထဲမှ ဓားကို ယူ၍ ကြိုးကို ဖြတ်လိုက်ပြီး ကြိုးထုံးများစတင်ထုံးကြည့်လေ တော့သည်။
သူ့အိပ်မက်ထဲတွင် မြင်ခဲ့သည့်အတိုင်း ကြိုးကို ချည်ကြည့်ရန် ကြိုးစားနေခြင်းဖြစ်သည်။ သို့သော် နတ်ဆေးဆရာမှာလိုက်သောစကားကို အမှတ်ရသွားသောအခါ ကြိုးချည်နေခြင်းကို ရပ်လိုက်ပြီး “အရင်အတိုင်းပဲဆက်လုပ်နေရင် ရလာဒ်က အရင်အတိုင်းပဲ ဖြစ်နေမှာပဲ…ငါ့လက်တွေနဲ့ကြိုးတွေ ရှုပ်ကုန်တာပဲ အဖတ်တင်မယ်” ဟု တွေးလိုက်မိသည်။
ရှောက်ရွှမ်သည် သက်ပြင်းချလိုက်ပြီး မျက်လုံး
များကို မှိတ်ထားကာ မှတ်ဥာဏ်များကို မေ့ဖျောက်ပစ်ရန် ကြိုးစားနေသည်။ ကြိုးကတော့ သူ့လက်ထဲတွင် လှုပ်ရှားလျက်ပင်။
တဖြည်းဖြည်းနှင့် ရှောက်ရွှမ်သည် ကြိုးထုံးပုံစံများကို မေ့သွားသည်။ထို့နောက် မိုးဘယ်တော့တိတ်မလဲ စဉ်းစားနေမိသည်။ မိုးရာသီမဟုတ်သော်လည်း ကောင်းကင်တစ်ခုလုံးမှိုင်းမှုံနေပြီး မိုးကတောက်လျှောက်ရွာနေသည်။
အတွေးများထဲနစ်မြောနေစဉ် ရှောက်ရွှမ်၏ လက်များက သူ့အလိုလိုလှုပ်ရှားနေသည်။ လက်ကောက်ဝတ်တွင် ချည်ထားသော ကြိုးကလည်း လက်ချောင်းများကြားတွင် လှည့်ပတ်နေသည်။ သို့သော် ကြိုးကို ချည်သည့်ပုံစံမှာတော့ အရင်ကနှင့် မတူတော့ပါ။ ရှောက်ရွှမ်စိတ်ထဲတွင်လည်း ကသောင်းကနင်းဖြစ်မနေတော့ပါ၊ သူ့စိတ်ထဲတွင် ဦးတည်ချက်တစ်ခု ခိုင်မာလာသလို ခံစားလိုက်ရသည်။
ယခုတစ်ခေါက်တွင်တော့ ရှောက်ရွှမ်သည် စိတ်
အာရုံပျံ့လွင့်ခြင်းများ မဖြစ်တော့ဘဲ၊ သူ့လက်ထဲက ကြိုးထုံးလှုပ်ရှားမှုကိုသာ အာရုံစိုက်နေနိုင်သည်။ ရှောက်ရွှမ်၏လက်များသည် သူ့စိတ်ထဲက လက်တစ်စုံ၏ လှုပ်ရှားမှုအတိုင်း သူ့အလိုလိုလိုက်လှုပ်ရှားနေပါသည်။
ထိုအခြေအနေမှ လွန်မြောက်သွားသောအခါ ရှောက်ရွှမ်သည် မျက်လုံးဖွင့်လိုက်ပြီး သူ့လက်များကို ပြန်ကြည့်လိုက်သည်။ သူ့လက်ထဲမှ ကြိုးတွင် ကြိုးထုံးလေးများ ထုံးပြီးသား ဖြစ်နေသည်ကိုတွေ့လိုက်ရသောအခါ ရှောက်ရွှမ် အံ့ဩသွားသည်။
အောင်မြင်သွားပြီလား။ ဒါမှမဟုတ် မအောင်သေးဘူးလား။ ရှောက်ရွှမ်သည် ကြိုးထုံးများ၏ အဓိပ္ပါယ်ကို စဉ်းစားကြည့်နေသည်။ ထိုကြိုးထုံများကို ထုံးစဉ်က သူဘာကို စဉ်းစားနေသနည်း။
“အမဲလိုက်ခြင်းလား…မဟုတ်” “ကျောက်တုံးအကြောင်းလား…မဟုတ်”
“မိုး…ဟုတ်သည်…သူမိုးရွာခြင်းအကြောင်းကို စဉ်းစားနေခြင်းဖြစ်သည်”
ထိုအချက်ကို သိလိုက်သောအခါ ရှောက်ရွှမ် စိတ်လှုပ်ရှားသွားသည်။ ထိုကြိုးထုံးများ၏ အဓိပ္ပါယ်ကို ဖော်ဆောင်ရန် ကြိုးစားရဦးမည်။
ဂူအပြင်က ကောင်းကင်ကို မော့ကြည့်လိုက်ရင်း ရှောက်ရွှမ်သည် မတ်တပ်ရပ်လိုက်ကာ ဂူပေါက်ဝနားသို့လျှောက်သွားလိုက်သည်။ ထို့နောက် အသက်ကိုဝအောင်ရှုလိုက်ပြီး၊စွတ်စိုအေးစက်သော ရေငွေ့များကိုခံစားရင်း၊ လက်သီးကိုဆုပ်လိုက်ကာ လက်ကိုအပြင်သို့ဆန့်တန်းထုတ်လိုက်သည်။ ထို့နောက် စိတ်ထဲမှ ရေတွက်နေသည်။
“၅…”
လက်သီးဆုပ်ကို ဖြန့်လိုက်သည်။ လက်သန်းလေးက ဘေးသို့ကားထွက်သွားသည်။
“၄…” လက်သူကြွယ်က ဘေးသို့ကားထွက်သွားသည်။
“၃…” လက်ခလယ်က ဘေးသို့ကားထွက်သွားသည်။
“၂…” လက်ညှိုးက ဘေးသို့ကားထွက်သွားသည်။
“၁…” လက်မက ဘေးသို့ကားထွက်သွားသည်။ အခုဆိုလျှင် သူ့လက်သည် ဖြန့်ထားပြီး ဖြစ်သွားသည်။
“ဖောက်…” အရည်လေးတစ်စက်က သူ့လက်ထဲသို့ ပြုတ်ကျလာသည်။ လက်ဝါးပြင်တစ်ခုလုံးအေးစက်သွားသည်။ ထို့နောက် သူ့လက်ဝါးအလယ်သို့ ငှက်ချေးများ ကျလာသည်။
ရှောက်ရွှမ်က သူ့လက်ဝါးပေါ်က ငှက်ချေးများကို သုတ်ပစ်လိုက်သည်။ သူ့လက်ကို ပြန်ရုတ်လိုက်ရန် ဟန်ပြင်နေစဉ်မှာပင် နောက်ထပ် ငှက်ချေးများက ကျလာပြန်သည်။
ထို့နောက် ဒုတိယ၊တတိယ၊စတုတ္ထ…။
မြေပြင်ပေါ်သို့ ပျစ်ခဲသောရေစက်များ ကျနေခြင်းဖြစ်သည်။
တောင်အောက်မှ တောအုပ်ကို သစ်ပင်များက ကာဆီးထား၏။ မိုးရေစက်များက သစ်ရွက်များပေါ် တဖောက်ဖောက်ကျနေသည်။ ထိုအချိန်တွင် တောင်အောက်မှ အသံတစ်သံထွက်ပေါ်လာလေသည်။