← Chapters

မိုးတိတ်ချိန်

Vol. 18 Ch. 270

မိုးတိတ်ချိန်

Vol. 18 Ch. 270

မိုးရွာနေပါသည်။ မိုးတကယ်ရွာနေပါသည်။ ရှောက်ရွှမ်ခန့်မှန်းထားသည့်အချိန်နှင့် ဆိုလျှင် စက္ကန့်အနည်းငယ်သာကွာပါသည်။

တိုက်ဆိုင်တာပဲလား။ ဒါမှမဟုတ် ကြိုးထုံးက ခန့်မှန်းထားသော ရလာဒ် အတိုင်း ဖြစ်ပေါ်ခြင်းလား။ မိုး‌ရေဖြင့် ငှက်ချေးများကို ဆေးကြောလိုက်ပြီး ရှောက်ရွှမ်သည် ဂူပေါက်ထဲသို့ ပြန်ဝင်လာသည်။ ထို့နောက် သားရေအိတ်ထဲမှ မြက်ကြိုးကို ယူကာ ဓားဖြင့် ဖြတ်လိုက်ပြန်သည်။ အပြင်တွင် မိုးရွာနေသောကြောင့် နောက်တစ်ကြိမ် ကြိုးကို ထုံးကြည့်ရန် ဆုံးဖြတ်လိုက်သည်။ မိုးကတချိန်ချိန်တွင် တိတ်သွားမည် ဖြစ်သည်။

ရှောက်ရွှမ်သည် သူကြိုးကို ထုံးလိုက်စဉ်က သူ့စိတ်အခြေအနေကို ပြန်တွေးကြည့်နေသည်။ ထိုအချိန်က သူသည် ဘာအကြောင်းကို စဉ်းစားနေ

သနည်း။ ရှောက်ရွှမ်သည် ကြိုးကို ကောက်ကိုင်လိုက်ကာ မျက်လုံးမှိတ်လိုက်ပြီး ရှုပ်ထွေးနေသော စိတ်ကူးများကို ရပ်တန့်လိုက်သည်။ ထို့နောက် မိုးတိတ်မည့်အချိန်ကို စောင့်နေလိုက်သည်။

နောက်ဆုံးတွင်တော့ ကြိုးထုံးပုံစံများ ရှောက်ရွှမ် စိတ်ထဲတွင် ပေါ်လာသည်။ ယခုတစ်ခေါက်ပေါ်လာသော ကြိုးထုံးပုံစံသည် ပြီးခဲ့သည့်တစ်ခေါက်က လုပ်လိုက်သည့် ကြိုးထုံးပုံစံနှင့် မတူပါ။ ရှောက်ရွှမ်သည် သူ့လက်၏လှုပ်ရှားပုံကို သေချာစောင့်ကြည့်နေသည်။ သူ့လက်ထဲတွင် စိတ်ထဲက ပေါ်လာသော ကြိုးထုံနှင့် ပုံစံတူသော ကြိုးထုံးတစ်ခုပုံစံပေါ်လာသည်။

ကြိုးထုံးကို ထုံးပြီးသွားသောအခါ ရှောက်ရွှမ်တစ်ယောက် သတိလစ်ချင်သလို ပြန်ဖြစ်လာသည်။ မျက်လုံးများအမှောင်ကျသွားပြီး ဦးနှောက်မှာလည်း နာကျင်နေပါသည်။ ရှောက်ရွှမ်သည် သူ့လက်ထဲက ကြိုးထုံးကို ကြည့်လိုက်ပြီး

ထိုကြိုးထုံး၏ အဓိပ္ပါယ်ကို သိရရန် စဉ်းစားနေသည်။

မွန်းမတည့်ခင် မိုးတိတ်တော့မည် ဖြစ်သည်။ နေရောင်မရှိတော့သည် အချိန်မှာပင် ရှောက်ရွှမ်သည် မိုးတိတ်မည့်အချိန်ကို အတိအကျခန့်မှန်းနိုင်လေသည်။ မုဆိုးတစ်ယောက်အနေနှင့် မိုးတိတ်မည့်အချိန်ကို ခန့်မှန်းနိုင်ခြင်းမှာ မထူးဆန်းပါ။ မကြာခင်မွန်းတည့်တော့မည်ဖြစ်သည်။ မိုးတိတ်မည့်အချိန်ကို သိပ်စောင့်စရာ မလိုတော့ပေ။

ရှောက်ရွှမ်သည် ကြိုးထုံးကို ဘေးတွင်ချထားပြီး ငရုတ်သီးကင်တစ်တောင့်ကို ကိုက်စားနေလိုက်သည်။ ထို့နောက်နံရံကို မှီကာ အနားယူနေသည်။ သူအားပြန်ပြည့်လာရန် လိုအပ်နေသည် မဟုတ်ပါလား။ မွန်းတည့်ချိန်ရောက်ခါနီးသည် အထိ မိုးမတိတ်သေးပေ။

ဂူထဲသို့ဝင်သွားပြီးနောက် ရှောက်ရွှမ်သည် အပြင်ကို ကြည့်လိုက်သည်။ ထူထဲသော

တိမ်တိုက်ကြီးများ တဖြည်းဖြည်း ပြိုကွဲလာနေပြီဖြစ်သည်။ တိမ်များကြားမှ နေရောင်ထွက်ပေါ်လာသည်။ ရွာနေသော မိုးသည်လည်း တဖြည်းဖြည်းတိတ်သွားသည်။ တိမ်ညိုတိမ်မည်းများလည်း လွင့်စင်သွားပြီး နေထွက်လာလေသည်။

ပထမအကြိမ်ခန့်မှန်းတာ မှန်သွားတာက တိုက်ဆိုင်မှုပင်ဖြစ်သည်။ သို့သော် နှစ်ကြိမ်တောင်မှန်ခြင်းက တိုက်ဆိုင်ခြင်းလား။ သစ်ရွက်ပေါ်တွင် ကြိုးထုံးပုံစံအမျိုးမျိုးကို မှတ်တမ်းတင်ထားသည်ဟု ရှောက်ရွှမ်ယုံကြည်ထားသည်။ ထိုသစ်ရွက်သည် ရာသီဥတုခန့်မှန်းသည် စာအုပ်များလား။ ရှောက်ရွှမ်သည် ခရီးများထွက်သည့်အခါတိုင်း ရာသီဥတုခန့်မှန်းသည့် စာအုပ်ယူလေ့မရှိပါ။ သစ်ရွက်သည် ရာသီဥတုခန့်မှန်းသည် စာအုပ်တစ်အုပ်ကို မှတ်တမ်းတင်ထားမည်ဟု သူမမျှော်လင့်ထားပေ။

ထိုသစ်ရွက်ကို ဘယ်သူက လက်ဆင့်ကမ်းခဲ့သည်ကိုလည်း ရှောက်ရွှမ်မသိ။ နတ်ရုပ်ကလည်း ဘာမှအချက်မပြပေ။ မိုးတိတ်သွားသောအခါ

ချာချာသည် အပြင်သို့ ပျံထွက်သွားပြီး သားရဲအလတ်စားတစ်ကောင်ကို ချီ၍ ပြန်လာသည်။ ထို့နောက် ရှောက်ရွှမ်နှင့် အတူစားလိုက်ကြသည်။ စားပြီးသောအခါ ချာချာသည် ဂူထဲသို့ဝင်၍ ရှောက်ရွှမ်ဘေးတွင် အနားယူနေလေသည်။

ရှောက်ရွှမ်၏ ခွန်အားများမှာ ပြန်ပြည့်တော့မည် ဖြစ်ပါသည်။ သားရေအိတ်ထဲတွင် ကျန်နေသော မြက်ကြိုးများကို ကြည့်လိုက်ပြီး ရှောက်ရွှမ်သည် သေချာစဉ်းစားနေသည်။ စဉ်းစားပြီးနောက်တွင်တော့ ထိုကြိုးများကို ဓားဖြင့်ဖြတ်လိုက်ပြန်သည်။ မျိုးနွယ်စုဆီသို့ ပြန်သွားရန် အလျင်မလိုသဖြင့် နောက်တစ်ခေါက် ကြိုးထုံးလုပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။သူသည် ကြိုးထုံးများအကြောင်းကို ထပ်မံလေ့လာချင်နေသေးသည် မဟုတ်ပါလား။

သူရှာဖွေချင်နေသော ကျောက်တုံးဘယ်နားတွင်ရှိမလဲ ခန့်မှန်းချင်နေသည်။ သို့သော်တတိယမြောက်အခေါက်ကတော့ အရင်အခေါက်များလို မလွယ်တော့ချေ။

ကြိုးကို ထုံးကြည့်လိုက်သည်။ နောက်တစ်ခေါက် ထုံးကြည့်သည်။ မအောင်မြင်ပါ။

နောက်တစ်ခေါက်ထုံးကြည့်သည်။ မအောင်မြင်ပါ။

သားရေအိတ်ထဲတွင်ပါသော မြက်ကြိုးများအမှာ အားလုံးကုန်လုနီးဖြစ်သွားပြီ။ ရှောက်ရွှမ်သည် သူ့လက်ထဲတွင် ရှုပ်ထွေးနေသော ကြိုးများကို ဘေးတွင်ချထားလိုက်ပြီး နံရံကို မှီကာ အနားယူနေသည်။

ငါဘာလို့မအောင်မြင်တာလဲ။

ပထမအကြိမ်နှင့် ဒုတိယအကြိမ်တုန်းက အောင်မြင်သွားတာ တိုက်ဆိုင်၍လား။

ချာချာက ရှောက်ရွှမ်ဘေးတွင်ရပ်ရင်း ကြိုးထုံးများချည်လိုက်၊ နံရံကို ခေါင်းနှင့်ဆောင့်လိုက်လုပ်နေသည်ကို ကြည့်နေသည်။ ချာချာသည် ရှောက်

ရွှမ်ကို လုံးဝနားမလည်ပါ။ သူကတော့ လူသားများသည် တိရစ္ဆာန်များအမြင်တွင် ရယ်စရာကောင်းသည်ဟု ထင်နေမလား မပြောတတ်ပါ။

ရှောက်ရွှမ်သည် အားပြန်ပြည့်သွားသောအခါ ကြိုးတစ်ချောင်းကို ကောက်ယူ၍ နောက်တစ်ကြိမ် ကြိုးစားပြန်သည်။ ကြိုးထုံးပြီးစီးသွားသောအခါ ရှောက်ရွှမ်သည် ကြိုးထုံးကို ကြည့်လိုက်သည်။ ယခုတစ်ခေါက်တွင်တော့ အောင်မြင်သွားပြီ။ ထိုအခါမှ ရှောက်ရွှမ်လည်း သက်ပြင်းချလိုက်နိုင်သည်။ ခုနကအခေါက်များတုန်းက သူစိတ်များရှုပ်ထွေးနေ၍ မအောင်မြင်ခြင်းများလား။ သူဆက်သွားရမည့်နေရာသည် သူရှာချင်နေသော ကျောက်တုံးရှိသည့်နေရာပင်ဖြစ်သည်။

သို့သော် ကြိုးထုံးက ညွှန်ပြနေသည့်နေရာနှင့် ချာချာက ညွှန်ပြနေသောနေရာနှစ်ခုမှာ ကွဲပြားနေပါသည်။ ကြိုးထုံးကပေးသော အဓိပ္ပါယ်ကိုနားလည်နိုင်ရန် ကြိုးကို အနည်းငယ်ပြန်ချိန်ညှိလိုက်ပြီး နောက်တစ်ကြိမ် ထပ်ကြိုးစားကြည့်

ပြန်သည်။ ရလာဒ်ကကတော့ မပြောင်းလဲသွားပါ။ ကြိုးထုံးက အဖြေထုတ်ပေးလိုက်သော အရပ်မျက်နှာကို ရှောက်ရွှမ်ကြည့်လိုက်သည်။ ကြိုးထုံးနှင့် ချာချာဘယ်အရာက ပိုအရေးပါသနည်း။ ခဏလောက်စဉ်းစားကြည့်လိုက်ပြီးနောက် ရှောက်ရွှမ် ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။

“ကျောက်တုံးရှိတဲ့နေရာကို မသွားသေးဘူးကွာ…ကြိုးထုံးက ပြနေတဲ့နေရာကို အရင်သွားကြည့်ရအောင်” ရှောက်ရွှမ်သည် ချာချာညွှန်ပြသော အရပ်မျက်နှာနှင့် ဆန့်ကျင်ဖက်ကို ညွှန်ပြရင်း ပြောလိုက်သည်။ ရှောက်ရွှမ်ပြလိုက်သော နေရာသည် သူတို့တစ်ခါမှ မရောက်ဖူးသေးသော် နေရာဖြစ်သည်။ ထိုထူးဆန်းသော တောအုပ်သို့ သွားရမည့်မှာ နည်းနည်းတော့ ကျောချမ်းစရာကောင်းသည်။

အချိန်လည်းမရှိတော့သလို လူလည်းအားနည်းနေသဖြင့် ထိုနေရာသို့ မနက်ဖြန်မှ သွားရန် ဆုံးဖြတ်လိုက်သည်။ နောက်တစ်နေ့မနက်လင်းသောအခါ ရှောက်ရွှမ်ရော ချာချာပါ အားပြန်ပြည့်

နေပြီဖြစ်သည်။ သူတို့သည် ဂူထဲမှ ထွက်ခွာလာပြီး ကြိုးထုံးက ညွှန်ပြသော အရပ်မျက်နှာဖက်သို့ ထွက်ခွာလာခဲ့ကြသည်။ တောအုပ်ထဲတွင် စီးဆင်းနေသော မြစ်တစ်စင်းရှိသည်။ မြစ်သည် အစိမ်းရောင်သမ်းနေပြီး မြစ်နားတွင် တိရစ္ဆာန်များ မြူးထူးကျက်စားနေကြသည်။

ရှောက်ရွှမ်က မြစ်ကမ်းနံဘေးမှ မသွားပါ။မြစ်ကမ်းနံဘေးမှ သွားခြင်းသည် အန္တရာယ်များလွန်းသည်။ မြစ်နှင့် မီတာ၂၀၊၃၀ခန့် ခွာ၍ လျှောက်လာခဲ့သည်။ ထိုသို့ သွားနေရင်း မြစ်နားတွင် တစ်စုံတရာကို တွေ့လိုက်ရသဖြင့် ရှောက်ရွှမ်သည် ထိုအရာကို ကြည့်ရန် မြစ်နားသို့ ချဉ်းကပ်လာသည်။ မြစ်နားရောက်သောအခါ လေချွန်သံတစ်ခုကို ကြားလိုက်ရသည်။ ရှောက်ရွှမ်သည် ပတ်ဝန်းကျင်ကို မျက်ခြည်မပြတ်စောင့်ကြည့်နေသည်။ လှုပ်ရှားမှုတစ်ခုကို မြင်လိုက်ရသောအခါ ရှောက်ရွှမ်သည် ဘေးဘက်သို့ ရှောင်ထွက်လိုက်သည်။

“ဖောက်”

ရှောက်ရွှမ်ရပ်နေသောနေရာကို ရေမြားတစ်ချောင်းက လာရောက်ထိမှန်သွားသည်။

ရေမြား? ရှောက်ရွှမ် မျက်ခုံးများ မြင့်တက်သွားသည်။ ထိုရေမြားသည် ဘယ်ကလာသနည်း။ မြစ်ထဲက ငါးတစ်ကောင် ပစ်လိုက်ခြင်းလား။ သို့သော် ရှောက်ရွှမ် စဉ်းစားချိန်မရ။ နောက်ရေမြားတစ်ချောင်းက မြစ်ထဲမှ ထပ်မံထွက်လာသည်။ ရေမြားသာဖြစ်သောလည်း ထိုရေမြားသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင် အပြည့်ရှိပြီး အရှိန်အဟုန်မှာလည်း အလွန်မြန်လှသည်။ ဒုတိယရေမြားသည် ရှောက်ရွှမ်ကို မထိသွားပေ။

တတိယမြောက် နှင့် စတုတ္ထမြောက်ရေမြားများကို ထပ်မံပစ်လွှတ်သည်။ မြစ်ထဲတွင် သတ္တဝါတစ်ကောင်ကောင်တော့ ရှိနေလေပြီ။ ရှောက်ရွှမ်သည် စုံစမ်းနေရန် အချိန်မရပေ။ ရေမြားကို ရှောင်လိုက်ပြီးနောက်တွင်တော့ ရှောက်ရွှမ်သည် မြစ်ကမ်းနံဘေးမှ ထွက်ခွာလာခဲ့သည်။

‘တောနက်လေ အန္တရာယ်ပိုကြီးလေဖြစ်သည်။ ငါးလေးတစ်ကောင်ပင် ကိုယ့်ကို ဒုက္ခပေးနိုင်သော သတ္တဝါဖြစ်လာနိုင်ပါသည်’

All Chapters