Chapter 1
Vol. 1 Ch. 1
ချင်းလိုင်တိသည် အိပ်ယာမှ နိုးထလာသည့်အခါ သူမ၏ ခန္ဓာကိုယ်မှာ ပြတင်းပေါက်ကို ကျားကန်ထားသည့် မှိုစွဲနေသော ဗီရိုဘေးရှိ အနွေးကုတင်ပေါ်တွင် ရှိနေကြောင်း တွေ့လိုက်ရသည်။ ထိုဗီရိုတွင် သံချေးတက်နေသည့် ကျားခေါင်း သော့ခလောက်တစ်ခုကိုလည်း ချိတ်ဆွဲထား၏။
ဒါ ငါ့ရဲ့ ဇာတိမြို့ မဟုတ်ဘူးလား ...
ပိုပြီး တိကျစွာ ပြောရပါလျှင် ဤသည်မှာ တောင်တန်းပေါ်ရှိ သူမ၏ ဇာတိမြို့ ဖြစ်ပေသည်။
စစ်တပ်ထဲသို့ ဝင်ရောက်ပြီးချိန်မှစ၍ သူမသည် မိဘများ၏ နေအိမ်သို့ မပြန်ဖြစ်တော့၊ နောက်ဆုံးတစ်ခေါက် ရောက်ခဲ့သည်မှာပင် လွန်ခဲ့သော နှစ် ၃၀ ခန့်က ဖြစ်ပေသည်။ အိမ်သို့ အပြေးအလွှား ပြန်လာခဲ့စဉ်က သူမသည် ဘဝတစ်သက်တာလုံး အနိုင်ကျင့်ခံခဲ့ရမှုကြောင့် ရွှံ့ကုတင်ပေါ်တွင် စိတ်ဝိဉာဉ် ကင်းမဲ့စွာဖြင့် လဲလျောင်းနေသည့် အဘွားဖြစ်သူ ချင်းကွေ့ဟွားကိုသာ တွေ့ခဲ့သည်။
အဘွား ချင်းကွေ့ဟွားသည် အခြားဒေသမှ ပြောင်းရွှေ့လာခဲ့သူ ဖြစ်သည်။ သူမက တရုတ်ပြည်သူ့သမ္မတနိုင်ငံခေတ်တွင် ကျောက်တုန်းစီရင်စုမှ ရှစ်လန်စီရင်စုသို့ ပြောင်းရွှေ့လာခဲ့သည်။ သူမ စတင် ရွှေ့ပြောင်းခဲ့စဉ်က သူမနှင့်အတူ မိသားစုဝင် ၂၀ ထက်မနည်း ပါရှိခဲ့၏။ သို့သော် ဝူလီထွင် တောင်ပေ့်ရွာသို့ ရောက်ချိန်တွင်မူ အတူပါလာသူများအနက် ပင်လုံးကြိုင်ပန်းငယ်လေး တစ်ဦးသာ ကျန်ရှိတော့သည်။
ထိုအချိန်က ပင်လုံးကြိုင်ပန်းငယ်လေးသည် ဆာလောင်မွတ်သိပ်မှုကြောင့် သေလုမတတ် ဖြစ်နေခဲ့ရသည်။ ထို့နောက်တွင် သူမသည် ကြင်နာတတ်သည့် ချင်းမျိုးနွယ် မိသားစုနှင့် တွေ့ဆုံကာ မွေးစားခံလိုက်ရသည်။ ထိုခေတ်အချိန်များက ဝဝလင်လင် စားသောက်နိုင်သည့် မိသားစုဟူ၍ လက်ချိုးရေရလောက်အောင်ပင် ရှားပါးခဲ့သည့်တိုင် သူမကမူ မျက်နှာတစ်ခုလုံး နှင်းဆီရောင်သန်းအောင် ပြည့်ပြည့်ဖြိုးဖြိုး ဖြစ်လာသည်အထိ ဝလင်စွာ စားသောက်နိုင်ခဲ့၏။
နောက်ထပ် နှစ်အနည်းငယ် အကြာတွင် သူမသည် ချင်းမိသားစု၏ တစ်ဦးတည်းသောသားနှင့် ချစ်ကျွမ်းဝင်ခဲ့သည်။ တစ်ဦးက သူစိမ်းလူနှင့် လက်မထပ်လို၊ ကျန်တစ်ဦးကလည်း အပြင်လူနှင့် လက်မထပ်လိုသူ ဖြစ်သည့်အတွက် ချင်းမိသားစု၏ သဘောတူညီမှုအရ များမကြာမီမှာပင် လက်ထပ်ထိမ်းမြားခဲ့လိုက်ကြသည်။
ကံဆိုးစွာဖြင့် အချိန်ကောင်းလေးများသည် ကြာရှည်မခံခဲ့ကြချေ။ ဝဝတုတ်တုတ် သားလေးတစ်ဦး မွေးဖွားအပြီး ဒုတိယမြောက်နှစ်တွင်ပင် ခင်ပွန်းဖြစ်သူနှင့် ယောက္ခမနှစ်ဦးစလုံး ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားခဲ့ကြသည်။ ထိုသို့ဖြင့် ၁၇ နှစ်အရွယ် ချင်းကွေ့ဟွားနှင့် သူမ၏ သားသည် ဝူလီထွင်ရွာ၏ နာမည်ကျော် မုဆိုးမသားအမိ ဖြစ်လာကာ တစ်ရွာလုံး၏ ငြူစူစောင်းမြောင်းခြင်းကို ခံခဲ့ရတော့သည်။
သားဖြစ်သူနှင့် ချွေးမဖြစ်သူ ကွယ်လွန်သွားသည့်အခါတွင်မူ မုဆိုးမအိုကြီး ချင်းကွေ့ဟွားသည် မြေးလေးယောက်စလုံးကို ပြုစုစောင့်ရှောက်ရန် တာဝန်ယူလိုက်ရသည့်အပြင် သူတို့နှင့် ထိမ်းမြားပေးရန် ရွာထဲမှ လူချမ်းသာ မိသားစုများကိုပါ ရှာဖွေခဲ့ရသည်။
ချင်းလိုင်တိက သူမ၏ အစ်မအကြီးဆုံးဖြစ်သူ ချင်းအိုက်လန်သည် မြို့ပေါ်ရှိ စတီးစက်ရုံမှ အလုပ်သမားတစ်ဦးနှင့် ထိမ်းမြားခဲ့ကာ ဒုတိယအစ်မ ချင်းယိုတိ၏ ယောက္ခမမှာလည်း အနီးအနားရှိ တပ်မဟာထုတ်လုပ်ရေးအဖွဲ့မှ ခေါင်းဆောင်တစ်ဦး ဖြစ်ပေသည်။ သူမကိုယ်တိုင်သည်ပင်လျှင် ကောင်းမွန်သော ထိမ်းမြားမှုတစ်ခုကို ပိုင်ဆိုင်ခဲ့ပေ၏။
သူမ လက်ထပ်ခဲ့သူမှာ ကျောက်ချင်းစုန့်ဟု အမည်ရကာ သူမနှင့် လက်မထပ်ခင်ကတည်းက တပ်ခွဲအဆင့် ကေဒါတစ်ဦး ဖြစ်နှင့်နေပြီး ဖြစ်သည်။ စစ်တပ်အတွက် စားနပ်ရိက္ခာ ထောက်ပံ့ရေးကို တာဝန်ယူထားရသူ ဖြစ်သည့်အလျောက် သူမကိုပင် သူနှင့်အတူ စားသောက်ရန် ဖိတ်ခေါ်နိုင်သူလည်း ဖြစ်သည်။ ခြွင်းချက်ဟူ၍ တစ်ကြိမ် ကွာရှင်းဖူးကာ သားတစ်ယောက် သမီးတစ်ယောက် ရှိနေသည့် ပြစ်ချက်တစ်ခုသာလျှင် ရှိပေသည်။
အစပိုင်းက သူမသည် ထိုကိစ္စကို များစွာ မကျေနပ်ခဲ့ပေ။ သို့သော် အဘွားက ထိုသို့သော အရပ်ရှည်ကာ ရုပ်ရည်ချောမောသည့် ကေဒါမျိုးနှင့် လက်ထပ်နိုင်ရန်မှာ ခေါင်းဆောင်များ၏ သမီးများအတွက်ပင် ခဲယဉ်းသည့် အခွင့်အရေးတစ်ခု ဖြစ်ပေရာ သူမကဲ့သို့သော မိဘမဲ့၊ လူဆင်းရဲ မိန်းကလေးတစ်ဦးအနေဖြင့် များစွာ ကြေးများမနေသင့်ဟု ပြောလာခဲ့၏။
သို့သော် မိထွေးတစ်ဦး ဖြစ်ရန်မှာ လွယ်ကူသည့်ကိစ္စတော့ မဟုတ်လှချေ။ လင်ပါသားသည် ငါးနှစ်အရွယ် ရှိနေပြီ ဖြစ်သည့်အတွက် ကိစ္စများစွာကို ကောင်းစွာ မှတ်မိနိုင်နေပြီ ဖြစ်သည်။ သူက သွေးရင်းမိခင်နှင့် မိခင်ဘက်က အမျိုးများကိုသာ အကောင်းမြင်ကာ မိထွေးဖြစ်သူက သူ့ကို သားအရင်းတစ်ဦးနှယ် ကောင်းစွာ ပြုစုစောင့်ရှောက်ပါက ဤသည်မှာ လုပ်သင့်လုပ်ထိုက်သည့် ဝတ္တရားဟုသာ သတ်မှတ်မည်ဖြစ်ပြီး သူမဘက်မှ ဆိုးဆိုးဝါးဝါး ဆက်ဆံပါလျှင်မူ ... ပြစ်တင်ပြောဆိုမှုတို့က ထိပ်ဆုံးမှ ပေါ်ထွက်လာမည် ဖြစ်သည်။
ထို့အပြင် ၂ နှစ်အရွယ် လင်ပါသမီးကလည်း မိခင်အရင်းကသာ ပိုကောင်းသည်ဟု ထင်မြင်လာမည် ဖြစ်၏။ မိခင်အရင်းကသာ သူမကို မရိုက်၊ မငေါက်၊ ကြင်ကြင်နာနာ ဆက်ဆံကာ အဝတ်လှလှလေးများ ချုပ်ပေးပြီး အမြဲလိုလို တော်ဖီကီလိုဝက်ကို ဝယ်ပေးမည်ဟု တွေးလာပေလိမ့်မည်။
ပတ်ဝန်းကျင်ကလည်း မိထွေးဖြစ်သည့်အတွက် ကလေးများကို သူမ၏ သွေးသားရင်းသဖွယ် ဆက်ဆံလိမ့်မည် မဟုတ်ဟု ဝေဖန်ကြပေမည်။ ချင်းလိုင်တိသည် သူမ၏ အဆင့်အတန်းကို မြှင့်တင်ရန် အလို့ငှာ လက်ထပ်ပြီး နှစ်ဝက်အကြာတွင် သားတစ်ဦး မွေးဖွားလိုခဲ့သော်ငြား ကျောက်ချင်းစုန့်က သူ့သားသမီးများမှာ အလွန် ငယ်ရွယ်သေးရာ သူတို့တွင် မိထွေးရှိနေပြီဟု အထင်မမှားစေလိုသေးသည့်အတွက် သူတို့ လက်ခံစပြုလာချိန်အထိ ၂ နှစ်ခန့် ထပ်စောင့်ပေးရန် ပြောလာခဲ့သည်။
၂ နှစ်ခန့် ကြာမြင့်ပြီးနောက် လင်ပါသားသမီးနှစ်ဦးဖြစ်သော ဟိုင်ယန်နှင့် ဟိုင်ယန်းတို့နှစ်ဦး မူလတန်းကျောင်းသား ဖြစ်လာကြချိန်တွင်မူ ... ကျောက်ချင်းစုန့်သည် ခြောက်လလျှင်တစ်ကြိမ်ပင် အိမ်ပြန်မလာနိုင်လောက်အောင် အလုပ်များနေတော့၏။ သူက သူ့အထက်လူကြီးကို အစီရင်ခံပြီးသည်အထိ ထပ်မံ စောင့်ဆိုင်းပေးပါဟု ပြောလာပြန်သည်။
စောင့်ဆိုင်းမှုသည် နှစ်ပေါင်းများစွာ ကြာမြင့်သည်အထိ ပြီးဆုံးမသွား။ နှစ်ဦးစလုံးသည် ခက်ခဲပင်ပန်းစွာ အလုပ်ကြိုးစားခဲ့ကြသော်လည်း အဆုံးတွင်မူ မည်သည်ကိုမှ မပိုင်ဆိုင်ခဲ့ကြချေ။ ကျောက်ချင်းစုန့် ပင်စင်ယူကာ လင်ပါသားသမီးနှစ်ဦး ကောလိပ်မှ ဘွဲ့ရချိန်တွင် သူမ၏ စောင့်ဆိုင်းမှုတို့ ပြီးဆုံးသွားပြီ ဖြစ်သော်ငြား ... သူမ၏ အသက်အရွယ်မှာ မငယ်တော့သည့်အတွက် ကလေးယူရန် တွေးပင် မတွေးဝံ့တော့ချေ။
မင်းရဲ့ ယောကျာ်းဘက်က ပါလာတဲ့ သားသမီးတွေကိုပဲ ပြုစုစောင့်ရှောက်၊ လက်ထပ်တဲ့အချိန် ရောက်လာရင်လည်း ကူညီပေးပြီး သူတို့ မွေးလာမယ့် မြေးတွေကိုပဲ စောင့်ရှောက်ပေးလိုက်ပါ့လား တစ်ခြားမိန်းမတွေလည်း ဘဝကို ဒီအတိုင်း ဖြတ်သန်းနေတာပဲကို ...
သို့သော် ရင်နာဖွယ် ဖြစ်ရပ်မှာ .. မြေးလေးများ ရလာပြီးနောက် မကြာမီတွင်ပင် ကျောက်ချင်းစုန့်သည် လေဖြတ်သွားခဲ့သည်။ သူမက သူ့ကို ငါးနှစ်တိုင်တိုင် ပြုစုပေးခဲ့သော်လည်း နောက်ဆုံးတွင်မူ အသက်ကို မကယ်တင်လိုက်နိုင်ခဲ့ချေ။ မွေးဖခင် ကွယ်လွန်သည်နှင့် တစ်ပြိုင်နက် လင်ပါသားသမီးများသည် မိခင်အရင်းထံ အပြေးအလွှား ပြန်သွားကာ သူမကို ပြုစုစောင့်ရှောက်ရန် အလုအယက် တာဝန်ယူလိုက်ကြသည်။ မိထွေးကိုမူ အိမ်မှ ကန်ထုတ်လိုက်ကြ၏။
ပိုပြီး ရင်နာဖွယ် ကောင်းသည်မှာ .. ထို ကောင်းမွန်လှပါသော အိမ်ထောင်ရေးသည် စင်စစ်အားဖြင့် ချင်းမိသားစု၏ ငွေညှစ်မှုသာ ဖြစ်ပေသည်။
အဖွားဖြစ်သူ၏ ခက်ထန်မှုနှင့် သူမကိုယ်တိုင်၏ "ပြင်းထန်ပူလောင်သော အကျင့်စရိုက်" တို့ ပေါင်းစပ်လိုက်သည့်အခါ ဆယ်မိုင်ဝန်းကျင် အနီးအနားရှိ ရွာ ၈ ရွာမှ အိမ်ထောင်မပြုရသေးသည့် မည့်သည့် လူလွတ်အမျိုးသားကမှ သူမကို လက်ထပ်ခွင့် မတောင်းရဲကြတော့ချေ။ အသက်ကို အမှုမထားဘဲ ဆူးပါသည့် နှင်းဆီကို ခူးရဲသူဟူ၍ ရှိလိမ့်မည် မဟုတ်ချေ။
ကျေးလက်နေ မိန်းကလေး အများစုသည် ၁၆နှစ်၊ ၁၇ နှစ် အရွယ်ကတည်းက ရည်းစားထားစ ပြုနေကြပြီ ဖြစ်သည်။ ၁၈ နှစ် ပြည့်ပြီးသူဆိုလျှင်ပင် ရွာသားများက မစဉ်းစားကြတော့ရာ သူမကဲ့သို့ မိန်းမအိုကြီးဆိုလျှင် စကားထဲပင် ထည့်ပြောလိမ့်မည် မဟုတ်ချေ။ ရွာသူရွာသားများက ထိမ်းမြားခြင်း မပြုနိုင်သည်ကို အကြောင်းပြကာ သူမအား လှောင်ပြောင်သရော်ခဲ့ကြသည်။
အသက် ၁၈ နှစ် ပြည့်ပြီးသည့် အချိန်တွင် သူမဘဝ၏ အလှည့်အပြောင်းတစ်ခု စတင်လာတော့သည်။ ထိုစဉ်က သူမသည် ရေကန်ဘေးတွင် အဝတ်လျှော်နေစဉ် ကန်ထဲသို့ ခြေချော်ကျသွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ရေကန်ဘေးမှ ဖြတ်သွားသော ပြည်သူ့လွတ်မြောက်ရေး တပ်မတော် တပ်မနှင့် ဆုံတွေ့ကာ ကယ်ဆယ်ခံခဲ့ရသည်။
ထိုကယ်ဆယ်မှုက အရေးမပါ။ အဘွားက သူမအား ကယ်တင်ခဲ့သူမှာ ရွာလူကြီးကျောက်၏ တတိယသား ဖြစ်ကြောင်းနှင့် ထိုသူမှာ စစ်တပ်၏ ကေဒါတစ်ဦးဖြစ်ကြောင်း သိလိုက်ရသည်နှင့် တစ်ပြိုင်နက် သူ့မြေးမ၏ ဂုဏ်သတင်း ပျက်စီးသွားရပါပြီဟု စတင် ပြောဆိုတော့၏။ သူမက သူသာ သူမ၏ မြေးမကို လက်မထပ်ပါလျှင် သူ့အလုပ်ထဲ အနှောင့်အယှက် ဖြစ်သည်အထိ အသက်ကို လောင်းကြေးထပ်ကာပင် ပြဿနာရှာပြမည်ဟု ခြိမ်းခြောက်ခဲ့သည်။
သားဖြစ်သူ၏ အနာဂတ်အတွက် ကျောက်မိသားစုသည် တုန့်ဆိုင်းစွာဖြင့်ပင် သဘောတူလိုက်ရတော့သည်။ ကျောက်ချင်းစုန့်သည် လွန်ခဲ့သော ၂ နှစ်ခန့်က ကွာရှင်းခဲ့ကာ ဤတစ်ကြိမ် ရွာသို့ ပြန်လာခြင်းမှာ သူတို့၏ ဆက်ဆံရေးကို အသစ် ပြန်လည်တည်ဆောက်ရန်အတွက် ဆွေမျိုးများထံ အလည်ပြန်လာခြင်း ဖြစ်သည်။
ခက်ခက်ခဲခဲ ရရှိထားသည့် ရလဒ်များ မပျက်ယွင်းသွားစေရန် အလို့ငှာ အဘွားက သူမနှင့် ကျောက်ချင်းစုန့်ကို နေ့ချင်းအပြီး လက်ထပ်မှတ်ပုံတင်စေကာ နောက်တစ်နေ့တွင် ထိုသူနှင့်အတူ စစ်တပ်ထဲသို့ လိုက်သွားစေခဲ့သည်။ သူမ၏ မြန်ဆန်လှသော လုပ်ရပ်များကြောင့် တစ်ရွာလုံး တုန်လှုပ်သွားကြသည်။
အားလုံးက ချင်းမိသားစု၏ လုပ်ရပ်များမှာ အကြပ်ကိုင် ခြိမ်းခြောက်မှုဖြစ်သည်ဟု စွပ်စွဲကာ ချင်းလိုင်တိကိုလည်း ရစ်ငှက်အဖြစ်မှ ဇာမဏိဘဝသို့ နေ့တွင်းချင်း ပြောင်းလဲသွားသူဟု လှောင်ပြောင်သမုတ်ခဲ့ကြသည်။
သို့သော် ကိုယ့်ဝမ်းနာကို ကိုယ်သာ သိပေသည်။ လင်ပါသားသမီးနှစ်ဦးကို အသာထား၊ ကျောက်မိသားစု၏ သူမအပေါ် သဘောထား တစ်ခုတည်းကပင်လျှင် အသက်ရှူကြပ်စရာပင်။
မဒမ်ကျောက်က သူမကို "ကြွက်စုတ်လိုကောင်မ" "ဂြိုဟ်ဆိုးမ" စသည်ဖြင့် မကြားတကြား ခေါ်ဝေါ်ကာ ချင်းမိသားစုဝင်များ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားခြင်းမှာလည်း သူမကြောင့် ဖြစ်ရမည်ဟု ပြောခဲ့သည်။
ထိုမျှသာမက သားဖြစ်သူ ရာထူး မတက်ခြင်းသည်ပင်လျှင် ချင်းလိုင်တိ၏ အပြစ်ကြောင့်ဟု စွပ်စွဲကာ သူမ၏ နေ့စဉ်ဘဝကို ခက်ခဲအောင် အမျိုးမျိုး လုပ်ဆောင်ခဲ့သည်ကိုမူ ထည့်ပြောနေရန်ပင် မလိုတော့ချေ။
ယောက်မများကလည်း သူမကို လှောင်ပြောင်ရန်သာ စောင့်ကြည့်နေကြ၏။
ဒါဆို ကျောက်ချင်းစုန့်ကရော ...
ထိုလူ့အကြောင်း တွေးလိုက်မိသည်နှင့် တစ်ပြိုင်နက် ချင်းလိုင်တိသည် ဟွန့်ခနဲ လှောင်ရယ်မိလိုက်တော့သည်။ စိုစွတ်စ ပြုလာသည့် မျက်လုံးထောင့်စွန်းကိုပါ ပွတ်သပ်လိုက်၏။
နေပါဦး .. တစ်ခုခု မှားနေသလားလို့ ...
သူမက ဖြူဖွေးသေးသွယ်သည့် လက်မောင်းနှစ်ဖက်ကို စိုက်ကြည့်လိုက်သည်။ မိန်းကလေးတစ်ဦးအနေဖြင့်ပင် ထူးခြားရသည်အထိ နူးညံ့ချောမွေ့နေကာ နှစ်ပေါင်းများစွာ အလုပ်ကြမ်း လုပ်ခဲ့ရသည့် အမှတ်အသားဖြစ်သော အသားမာများကို မဆိုထားနှင့်၊ ချွေးပေါက်ကိုပင်လျှင် မတွေ့ရချေ။
မျက်နှာကို ထိကြည့်လိုက်သည့်အခါတွင်လည်း ကလေးအဆီမှအပ အသားများများစားစား မတြွေရချေ။ အစိုဓာတ်များ ပြည့်ဝကာ အခွံခွါထားကာစ ကြက်ဥအလား ဖြူဖွေးဝင်းမွတ်နေပြီး အရေးအကြောင်းဟူ၍ တစ်ခုတစ်လေပင် မရှိချေ။
သူမကို နှစ်ပေါင်းများစွာ ဒုက္ခပေးသည့် အနီးမှုန်ပင်လျှင် ပျောက်သွားတော့၏။ ပြတင်းပေါက် အပြင်ဘက်ရှိ သစ်ရွက်ပေါ်မှ ပိုးကောင်ငယ်လေးများကိုပင် ကောင်းစွာ မြင်တွေ့နေရပေသည်။
နေပါဦး ဘာလို့ ရေတွေ စိုစိစိုစိ ဖြစ်နေရတာလဲ ...
သူမက ချက်ခြင်း ထရပ်လိုက်သည့်အခါ လောကတစ်ခုလုံး ကျွမ်းထိုးမှောက်ခုန် ဖြစ်သွားတော့သည်။ ရေစိုနေသည့် ပွင့်ရိုက်အထည်ကို မြင်လိုက်ရသည့် တစ်ခဏ၌ ခြောက်ခြားဖွယ် အတွေးတစ်ရပ်က သူမ၏ အာရုံထဲတွင် ရုတ်တရပ် ပေါ်ထွက်လာခဲ့သည်။
ပြန်ပြီး မွေးဖွားလာတာလား ...
ပြီးတော့ ၁၈ နှစ် ပြည့်ကာစ .. ရေထဲ ပြုတ်ကျတဲ့ ရက်မှာမှ ပြန်ပြီး မွေးဖွားလာတာလား ...
သူမသည် ထိုပွင့်ရိုက်အထည်အား ဝတ်ဆင်ခွင့်ရရန် အဘွားနှင့် အငြင်းအခုန် လုပ်ခဲ့ရကြောင်း မှတ်မိနေဆဲပင်။ အစ်မကြီး၏ အဝတ်ဟောင်းများကိုသာ ဝတ်ဆင်ရသည့်အတွက်သာ အဘွားက သဘောတူခဲ့ခြင်း ဖြစ်သောကြောင့် သူမသည် ထိုပွင့်ရိုက်ထည်ကို အလွန် တန်ဖိုးထားကာ နေ့တိုင်း ထုတ်ဝတ်ရန်ပင် မဝံ့ရဲခဲ့ချေ။ ရေထဲ ပြုတ်ကျသည့် တစ်ရက်တည်းသာလျှင် ဝတ်ဆင်ခဲ့ဖူးသည်။
အဲဒီ့နေ့မှာ ပြန်မွေးဖွားလာတာဆိုတော့ .. ကျောက်ချင်းစုန့်ကိုလည်း လက်ထပ်စရာ မလို၊ နှစ်တွေ အကြာကြီး မိထွေး လုပ်နေစရာလည်း မလိုတော့ဘူးပေါ့ ဒါဆို ကန်ထုတ်တာလည်း ခံရတော့မှာ မဟုတ်ဘူး ...
နုနယ်ငယ်ရွယ်သည့် မျက်နှာထက်ရှိ မျက်ဝန်းတစ်စုံတို့ ဝင်းလက်တောက်ပသွားခဲ့သည်။
သို့သော် အားရအောင် မပျော်ရသေးမီမှာပင် တံခါးဝမှ စကားသံတစ်ခုကို ကြားလိုက်ရသည်။
"ဟေး တတိယယောက်မ နင် တကယ်ပဲ မုဆိုးမကြီးချင်းက လူတစ်ယောက်ကို ခြိမ်းခြောက်နေတာကို တွေ့ခဲ့တာလား ..."
"မျက်လုံးနဲ့ တပ်အပ်ကို မြင်ခဲ့တာပါဆိုနေ။ မုဆိုးမကြီးချင်းကလေ အဲဒီ့လူငယ်လေးရဲ့ ခြေထောက်ကို ဖက်ထားပြီး သူတို့မိသားစုရဲ့ လိုင်တိက ရှက်လွန်းလို့ ဘယ်သူ့ကိုမှကို မျက်နှာ မပြရဲတော့ပါဘူး သူသာ လိုင်တိကို လက်မထပ်ရင် သူမက သူ့ရှေ့မှာတင် ဆွဲကြိုးချပြီး သေလိုက်မှာနဲ့ ပြောနေတာ ..."
"ဒါပေမယ့် ငါ ဦးလေးလျှိုတို့ အိမ်ကနေ ကြားလာတာတော့ သူမက အဲဒီ့တစ်ယောက်ရဲ့ အလုပ်အထိ လိုက်လာပြီး အလုပ်ပြုတ်သွားအောင် ပြဿနာ ရှာပစ်မှာလို့ ခြိမ်းခြောက်တာဆို ..."
"ဘယ်လိုပဲ ပြောပြော သူတို့လုပ်ရပ်တွေက လူမဆန်တာတော့ အမှန်ပဲလေ မုဆိုးမချင်းက ဆင်းရဲတွင်း နက်လွန်းလို့ ဒီလို အရှက်မရှိတဲ့ လုပ်ရပ်တွေကိုတောင် လုပ်ရဲနေပြီ ..."
"ဆင်းရဲလွန်းလို့ ရူးသွားတယ်ဆိုတာ ရှိပါ့မလား သူမရဲ့ ငရုတ်ကောင်းစေ့လေးကမှ လင်လိုချင်လွန်းလို့ ရူးနေတာ မဟုတ်ဘူးလား ..."
မိန်းမကြီးတစ်ဦးက မကောင်းသောသဘောဖြင့် လှောင်ပြောင် ရယ်မောလိုက်သည်။ အခြားမိန်းမများကလည်း သူမနှင့်အတူ ရယ်မောလိုက်ကြ၏။
"ပြောမရဘူး လက်ထပ်ဖို့အကြောင်း စကားစတာက ငရုတ်ကောင်းစေ့လေး ဖြစ်ချင်လည်း ဖြစ်နေမှာပေါ့ လက်ထပ်ဖို့ ပြောနေတာ ၂ နှစ်လောက် ရှိနေပြီ အခုထိ သူ့ကိုယ်သူနဲ့တောင် ပြန် လက်မထပ်နိုင်သေးဘူးလေ ..."
သူတို့သည် အားလုံးအနက် အချို့အဝက်ခန့်ကိုသာ သိထားကြခြင်း ဖြစ်သည်။
ချီလီထွင်ရှိ လီမိသားစု၏ ဒုတိယသားသည် သူမနှင့် အတန်းဖော်ဖြစ်ကာ ကျောင်းတက်စဉ်ကတည်းက သူမကို များစွာ သဘောကျခဲ့သူ ဖြစ်သည်။
ထင်မှတ်မထားစွာဖြင့် သူသည် သူ့မိသားစုဝင်များအား သူမသည် ဝူလီထွင်ရှိ ချင်မိသားစု၏ မြေးမဖြစ်ကြောင်း ထုတ်ပြောမိခဲ့သည်။ အဘွားအိုက သူမ မိခင်မှာလည်း မုဆိုးမတစ်ဦးဖြစ်ကာ မျိုးရိုးနာမည်မှာ "ချင်း" ဟု သိလိုက်ရသည်နှင့် တစ်ပြိုင်နက် နာမည်ကျော် "မကောင်းဆိုးဝါးကြယ်" ဖြစ်ရမည်ဟု သဘောပေါက်သွားပြီး သားဖြစ်သူကို သူမနှင့် အဆက်အသွယ် လုပ်ခွင့်မပြုတော့ချေ။ သားဖြစ်သူသည် လဝက်ခန့် ပူဆွေးသောက ရောက်ခဲ့ရသေးသော်ငြား များမကြာမီတွင်ပင် အခြား မိန်းကလေးတစ်ဦးနှင့်အတူ ပျော်ရွှင်သော အိမ်ထောင်တစ်ခု တည်ထောင်သွားခဲ့၏။
နောက်တစ်ယောက်မှာ အိမ်နီးချင်း ရှောင်ကျန်းဖြစ်သည်။ အောင်သွယ်တော်က သူမကို ရှောင်ကျန်းနှင့် မိတ်ဆက်ပေးစဉ်က သူမသည် မုဆိုးမချင်း၏ မြေးဟု ထုတ်မပြောရဲခဲ့ချေ။ သတို့သားဘက်မှ မိဘများက သူမကို အလွန် စိတ်တိုင်းကျကာ အချင်းချင်း ဇာတာခွင် ဖလှယ်တော့မည့် အချိန်တွင် မည်သူက ဝူလီထွင်သို့ အလည်ရောက်သွားသည် မသိ၊ မုဆိုးမချင်းအကြောင်း သိလိုက်ရသည်နှင့် တစ်ပြိုင်နက် ယုန်တစ်ကောင်ထက် ပိုမို လျင်မြန်စွာပင် ထွက်ပြေးသွားတော့သည်။
နောက်ပိုင်းတွင် ရှောင်လျှို့နှင့် အောင်သွယ်ပေးခဲ့ကြသည်။ သူ့မိဘများသည် ငယ်စဉ်ကတည်းက ကွယ်လွန်သွားခဲ့ကာ မိသားစုအခြေအနေမှာလည်း များစွာ မကောင်းမွန်သည့်အတွက် ချင်းမိသားစု၏ ဂုဏ်သတင်းကို သူက များစွာ ထည့်မတွက်ခဲ့ချေ။ သို့သော် လက်မထပ်မီ တစ်ပတ်အလို အနီးအနားရှိ ထုတ်လုပ်ရေးအဖွဲ့၏ ရုပ်ရှင်ရိုက်ကူးရေးကို သွားကြည့်စဉ် လမ်း၌ ချင်းလိုင်တိသည် လမထွက်၍ မှောင်နေသည်ကို အခွင့်ကောင်းယူကာ စေ့စပ်ထားသူကို ပြင်းထန်စွာ ရိုက်နှက်ခဲ့သည်။
ရိုက်နှက်မှုမှာ ပြင်းထန်ရက်စက်လွန်းလှသည့်အတွက် တိုက်နယ်ဆေးရုံသို့ ချက်ခြင်း ပို့ဆောင်လိုက်ရကာ လဝက်ခန့် ဆေးရုံတက်လိုက်ရသည်။ ထိုသို့ဖြင့် နောက်တစ်ကြိမ် လက်ထပ်ပွဲ ပျက်သွားရပြန်သည်။
ထပ်ကာတလဲလဲ လက်ထပ်ပွဲ ပျက်ခဲ့ရသည့်အတွက် သူမသည် ရွာသားများ၏ ညစာထမင်းဝိုင်း၌ လှောင်ပြောင်ရယ်မောဖွယ် ခေါင်းစီးတစ်ခု ဖြစ်လာခဲ့တော့သည်။
"မုဆိုးမချင်းက ခြိမ်းခြောက်အကြပ်ကိုင်ချင်နေတာ မဆန်းပါဘူး လိုင်တိရဲ့ စိတ်နေစိတ်ထားနဲ့ဆို ဘာလှည့်ကွက်မှ မပါဘဲ လက်ထပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ ..."
အားလုံးက ပြိုင်တူ ရယ်မောလိုက်ကြ၏။ ချင်းလိုင်တိသည် အပြင်ထွက်ကာ အခြေအနေကို အကဲခတ်လိုသည့်တိုင် ရေထဲ ပြုတ်ကျမှုကြောင့် ကြောက်လန့်နေလေ၍လား၊ အာဟာရ ချို့တဲ့မှုလေကြောင့်လား မသိ ကုတင်ပေါ်မှ ထရန်ပင် အားမရှိ ဖြစ်နေရရှာသည်။ အနည်းငယ် လှုပ်ရှားလိုက်လျှင်ပင် ခေါင်းတစ်ခုလုံး ချာချာလည်အောင် မူးဝေနေတော့၏။
ဒါပေမယ့် ဒီတစ်ခါတော့ ကျောက်ချင်းစုန့် ပါမလာပါစေနဲ့တော့ ...
လိုင်တိသည် လျှာကို သွေးထွက်သည်အထိ ကိုက်ခဲရင်း တံခါးဝအနားသို့ ပင်ပန်းကြီးစွာဖြင့် တရွေ့ရွေ့ တိုးလာလိုက်သည်။ ထို့နောက် တံခါးကို ဖွင့်နိုင်တော့မည့် အချိန်တွင် သူမ၏ အမြင်အာရုံတစ်ခုလုံး အမှောင်ကျသွား၏။
သူမ နောက်တစ်ကြိမ် ပြန်နိုးလာသည့်အခါ ခြံထဲတွင် ဆွေးနွေးတိုင်ပင်နေသံကို ကြားလိုက်ရသည်။ ကြိုးစားပမ်းစား နားထောင်လိုက်ပြီးနောက် စကားတစ်ခွန်းကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၏။
"ဒေါ်ဒေါ် ရှင်တော့ အမှားလုပ်မိသွားပြီ လိုင်တိကို လက်ထပ်ဖို့ သဘောတူတာ ချင်းစုန့် မဟုတ်ဘဲ သူ့ရဲဘော်တဲ့ ..."
"အနာဂတ်မှာ ချင်းစုန့်က တပ်ရင်းမှူး ဖြစ်လာနိုင်ချေ ရှိတယ်တဲ့။ ဒါပေမယ့် ရှင့်ရဲ့ သားမက်လောင်းလေးကတော့ နှစ်ဝက်လောက်နေရင် တပ်မတော်ကနေ အငြိမ်းစား ယူတော့မှာ ဆိုလားပဲ ..."
"သူ့ပုံစံကလေ ဖြူဖွေးကြည်လင်နေတာ အလုပ်လုပ်နိုင်မယ့် ပုံစံမျိုးလည်း မပြောဘူး ဒီလိုပုံစံနဲ့ ဘယ်လိုလုပ်ပြီး မိသားစုကို ထောက်ပံ့နိုင်ပါ့မလဲ ..."
"ဒေါ်ဒေါ် ရှင့်ရဲ့ မြေးသမက်လေးက မသန်စွမ်းဆိုတာ မသိထားဘူးလား ..."