← Chapters

Chapter 2

Vol. 1 Ch. 2

Chapter 2

Vol. 1 Ch. 2

အိပ်ယာမှ ပြန်နိုးလာကာစ ချင်းလိုင်တိမှာ သွေးအန်လုမတတ်ပင် ဖြစ်သွားတော့သည်။

ထိုစကားများမှာ ချင်းကွေ့ဟွားအတွက်လည်း မိုးကြိုးပစ်ချလိုက်သည့်အလားပင်။

သူမ၏ မြေးမအား ကယ်တင်ခဲ့သူနှစ်ဦးမှာ ပြည်သူ့တပ်မဟာမှ တပ်သားများ ဖြစ်ကာ တစ်ဦးမှာ ကျောက်မိသားစု၏ တတိယသား ဖြစ်သည်။ သို့သော် သူမသည် ကျောက်ချင်းစုန့်ကို မ‌မြင်ဖူးတော့သည်မှာ နှစ်ပေါင်းများစွာ ကြာလှပြီ ဖြစ်သည့်အပြင် ကျောက်မိသားစု ခြံဝင်းထဲ၌ စစ်ဝတ်စုံ ဝတ်ထားသည့် လူငယ်တစ်ဦးကို မြင်တွေ့လိုက်ရာ ...

သူမ ငိုယိုအော်ဟစ်ကာ ပြဿနာ ရှာခဲ့သူမှာ ကျောက်ချင်းစုန့်အစစ် မဟုတ်လောက်ဟု မည်သူမှ ထင်မိလိမ့်မည် မဟုတ်ချေ။

ကျောက်ချင်းစုန့်သည် ကောင်းမွန်သည့် အခြေအနေကို ပိုင်ဆိုင်ထားသူ ဖြစ်ရာ သူမ၏ မြေးမသာ ရေထဲ မကျခဲ့ပါလျှင် ထိုသို့ ခြိမ်းခြောက်ရန် တွေးပင် တွေးရဲလိမ့်မည် မဟုတ်ချေ။

သို့သော် ကျောက်ချင်းစုန့်၏ ရဲဘော်မှာမူ ... ချင်းကွေ့ဟွားသည် အမြင်အာရုံတစ်ခုလုံး အမှောင်ကျသွားပြီဟုပင် ခံစားမိလာတော့သည်။ ထိုလူငယ်လေးသည် စစ်တပ်မှ အငြိမ်းစားယူကာ ဟိုင်ချန်တွင် အလုပ်သမား လုပ်နေသည်ဟု သိလိုက်ရသည့်အတွက် သူမ၏ ရင်ဘက်တစ်ခုလုံး နာကျင်လာတော့၏။

ဘေးအိမ်မှ မုဆိုးမလျှိုက လက်ရှိ အခြေအနေမှာ လုံလောက်အောင် စိတ်လှုပ်ရှားစရာ မကောင်းသေးဟု တွေးနေဟန်ပင်။ သူမက အနာကို ဆားထပ်ဖြူးလိုက်သည်။

"အိုး .. ရှင် မသိဘူးလား ကြားမိတာတော့ အဲဒီ့ကောင်လေးရဲ့ မိသားစုအခြေအနေက ကောင်းတယ်တဲ့ သူက ပေကျင်းက ဆိုလားပဲ"

ချင်းကွေ့ဟွား၏ မျက်လုံးတို့ ပြန်လည်ဝင်းလက်လာသည်။

"ဒါပေမယ့် ဒီလို ကောင်းတဲ့ကိစ္စမျိုးက ငါတို့လို ဝူလီထွင်က ဆင်းရဲတဲ့ မိသားစုတွေမှာ ဖြစ်မလာနိုင်ဘူး မဟုတ်လား ကြားတာတော့ သူ့မိဘတွေက ပေသာ့ဟွမ်ကို အပို့ခံလိုက်ရပြီး အနာဂတ်မှာလည်း ပြန်မလာနိုင်လောက်ဘူးတဲ့"

ချင်းကွေ့ဟွား၏ အမြင်အာရုံတို့ အမှောင်ကျသွားပြန်သည်။

ဝူလီထွင် ထုတ်လုပ်ရေးအဖွဲ့ရဲ့ နွားတင်းကုပ်မှာ နေတဲ့သူ နည်းနည်းပါးပါး ရှိမှန်းတော့ သိထားပေမယ့် ပေသာ့ဟွမ်ဆိုတာက ဘယ်လို နေရာမျိုးလဲ။ မည်းမှောင်နေတဲ့ မြေဆီလွှာထဲမှာ အိပ်စက်ရတဲ့လူတွေ ဘယ်လောက်တောင် များနေပြီလဲ။

အခန်းထဲမှ ချင်းလိုင်တိကလည်း တစ်ခုခု မှားယွင်းနေသည်ကို ခံစားလိုက်ရသည်။

ကျောက်ချင်းစုန့်ရဲ့ ရဲဘော်တွေထဲမှာ မိဘတွေ ပေသာ့ဟွမ်ကို အပို့ခံလိုက်ရတဲ့သူဆိုလို့ တစ်ယောက်ပဲ ရှိသလားလို့။

မုဆိုးမလျှိုက မျက်လုံးတို့ကို မှေးကျဉ်းကာ ပြောလိုက်သည်။

"အိုး ရှင် မသိသေးဘူး မဟုတ်လား အဲဒီ့လူငယ်လေးက တော်တော်လေးကို တက်လမ်းရှိခဲ့တာလေ တပ်ထဲမှာ စပိုင်တွေကို ဖမ်းရတဲ့ တာဝန်ကို အထူးပြု ယူထားရတဲ့ သတင်း‌‌ပို့တပ်သားလေ သူ ဘာလို့ အငြိမ်းစား ယူလိုက်တာလဲရော သိလား"

"ဘာလို့လဲ ..."

ချင်းကွေ့ဟွားက ကိုယ်ကို မတ်မတ်ထားကာ နားထောင်လိုက်သည်။

"သူက မသန်စွမ်းတဲ့ ..."

နားထောင်နေသူအားလုံး ဟာခနဲ ဖြစ်သွားတော့သည်။ ဆင်းရဲရုံသာမက သနားစရာကောင်းသည့် ဘဝကို ပိုင်ဆိုင်သည့်တိုင် ကိစ္စမရှိသော်ငြား ကိုယ်ကာယ မသန်စွမ်းပါလျှင်မူ ကျိန်းသေ ငတ်မွတ်လိမ့်မည် ဖြစ်ကြောင်းကို လယ်ထဲတွင် အလုပ်လုပ်သူအားလုံး ကောင်းစွာ သိထားကြပေသည်။

"အိုက်ယား ဒေါ်ဒေါ်ချင်း ရှင်တော့ ဒီတစ်ခါ အမှားကြီး မှားသွားပြီ လိုင်တိက နည်းနည်းလေး ခက်ထန်ပြီး သာမန်ကောင်မလေးတွေလိုမျိုး အိမ်ထောင်ဖက် ရှာရခက်တယ်ဆိုပေမယ့် ဒီလိုမျိုး မသန်စွမ်းကိုတော့ အမိဖမ်းမပေးသင့်ပါဘူး"

"နင်ပဲ မသန်စွမ်းနဲ့ယူ နင်တို့ တစ်မိသားစုလုံးပဲ မသန်စွမ်းနဲ့ ယူလိုက် .."

ချင်းကွေ့ဟွားက ချက်ခြင်း နှုတ်လှန်ထိုးလိုက်သည်။

ထိုသို့ဖြင့် မုဆိုးမချင်း၏ ခြံဝင်းထဲတွင် အော်ဟစ်ဆဲဆိုသံများဖြင့် အချိန်ကာလ တစ်ခုခန့် ဆူညံပွက်လောရိုက်သွားတော့သည်။ သို့သော် ချင်းလိုင်တိ၏ နှလုံးခုန်သံမှာမူ စည်းချက်လွဲသွားခဲ့သည်။

မိဘတွေက မြောက်ပိုင်းကျက်တီးမြေကို အပို့ခံလိုက်ရတယ် သတင်းပို့ တပ်သား ပြီးတော့ မျိုးရိုးနာမည် "ဟဲ" ခြေထောက်ကလည်း ဒဏ်ရာ ရထားတဲ့သူဆိုတော့ .. မဟုတ်မှလွဲရော ...

အချက်အလက်အားလုံးက ဘေးအိမ်မှ အိမ်နီးချင်း လောင်ဟဲကို ညွှန်ပြနေပေသည်။

လန်ဟဲမြို့သားအားလုံး၏ အမြင်တွင် လောင်ဟဲထုန်သည် ဉာဏ်ကြီးရှင်တစ်ဦး ဖြစ်သည်။

လောင်ဟဲထုန်၏ အမည်ရင်းမှာ ဟဲလျန်ရှန့်ဖြစ်ကာ ပေကျင်းဇာတိဖွား ဖြစ်သည်။ သူ၏ ဂျူနီယာအထက်တန်းဆင့် ပညာရေးမှတ်တမ်းကြောင့် စစ်တပ်ထဲသို့ ဝင်ရောက်ရန် အထူးတလည် စည်းရုံးခြင်း ခံခဲ့ရသူလည်း ဖြစ်သည်။ သူသည် သတင်းပို့တပ်သား ဖြစ်လာရန် အောက်ခြေအဆင့်မှ စတင်ကာ ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့သည်။

အထူးတလည် ပြောင်မြောက်လှသည့် အရည်အချင်းနှင့် ရဲစွမ်းသတ္တိကြောင့် သူသည် စစ်တပ်၏ တစ်သီးပုဂ္ဂလ လျှို့ဝှက်တပ်သားတစ်ဦး ဖြစ်လာခဲ့သည်။ မစ်ရှင်တစ်ခု ဆောင်ရွက်စဉ်အတွင်း ခြေထောက် ဒဏ်ရာရသွားခဲ့၍သာ မဟုတ်ပါလျှင် သူသည် ဟိုင်ချန် အမှတ် ၂ ဝိုင်ယာလက်စက်ရုံတွင် စက်မှုပညာရှင် ဖြစ်လာလိမ့်မည် မဟုတ်ချေ။

အခြားသူတစ်ဦးဦးကသာ သူကဲ့သို့ တွေ့ကြုံခံစားရပါလျှင် စစ်တပ်မှ အနားယူကာ ဝပ်ရှော့ဒါရိုက်တာတစ်ဦး အနေဖြင့်သာ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းတော့မည် ဖြစ်သည်။ သို့သော် ဟဲလျန်ရှန့်ကမူ မတူ၊ မည်သည့်အခြေအနေမျိုးနှင့် ကြုံတွေ့ရပါစေ သူ၏ လေ့လာမှုကို လက်မလျော့ခဲ့ချေ။ ရေဒီယို စက်ရုံတွင် အလုပ်လုပ်ခြင်း၏ ကောင်းကျိုးများကို အရယူကာ ရေဒီယိုတစ်ခုလုံးကို သူကိုယ်တိုင် အစအဆုံး ပြုလုပ်နိုင်သည်အထိ လေ့လာခဲ့သည်။

သူသည် အင်္ဂလိပ်ဘာသာဖြင့် ရေးထားသည့် ဖတ်စာအုပ်များကိုသာမက ဂျာမန်ဘာသာဖြင့် ရေးထားသည်များကိုပါ ကိုယ်တိုင် ဖတ်ရှုလေ့လာကာ စက်ရုံရှိ စက်မှုပညာရှင်များအား ရေဒီယိုနယ်ပယ်၏ နောက်ဆုံးပေါ် သတင်းအချက်အလက်များကို ကူညီကာ ဘာသာပြန်ပေးခဲ့သည်။ ထိုသို့ဖြင့် အချိန်တိုလေးအတွင်းမှာပင် ထိုနယ်ပယ်၏ ကျွမ်းကျင်သူတစ်ဦး ဖြစ်လာတော့၏။

သူ့ထက် ပိုမိုကာ ကျွမ်းကျင်သူများ ရှိသေးသည့်တိုင် ထိုသူများက နိုင်ငံခြားဘာသာစကားအရာ၌ သူလောက် မကျွမ်းကျင်။

နိုင်ငံခြားဘာသာစကားကို သူ့ထက် ပိုမိုကာ နားလည်ကြသူများကလည်း ‌နည်းပညာပိုင်း၌ သူ့လို မကျွမ်းကျင်ကြချေ။

နောက်ပိုင်းတွင် သူ၏ ထူးချွန်ပြောင်မြောက်သော စက်မှုစွမ်းရည်နှင့် ထူးကဲသာလွန်သော ဘာသာပြန်အရည်အချင်းများကြောင့် လန်ဟဲမြို့၊ ရှစ်လန်ခရိုင်ရှိ အမှတ် ၄၁၂ ရေဒီယိုစက်ရုံသို့ ပြောင်းရွှေ့ခွင့် ရသွားခဲ့သည်။ ကျောက်ချင်းစုန့်ပင် မနာလိုဖြစ်ရသည်အထိ ထပ်တလဲလဲ ရာထူးတိုးကာ ရေဒီယိုအင်ဂျင်နီယာအဖြစ် နှစ်ပေါင်းများစွာ လေ့လာသင်ယူပြီးနောက် စီနီယာအင်ဂျင်နီယာအဆင့်အထိ တက်လှမ်းနိုင်ခဲ့သည်။

နဂါးနိုင်ငံတော်သစ် တည်ထောင်စဉ် နှစ် ၂၀ အတွင်း ရေဒီယိုနယ်ပယ်သည် အနုနည်းဖြင့် နှိပ်ကွပ်ခံခဲ့ရသည်။ စက်ရုံအမှတ် ၄၁၂ မှာ စစ်တပ်နယ်ပယ်အတွင်း၌ ၎င်း၏ ပြောင်မြောက်ထူးကဲသော ထုတ်လုပ်မှုများကြောင့် ဘက်ပေါင်းစုံမှ ဖိနှိပ်မှုတို့၏ အဓိကပစ်မှတ် ဖြစ်ခဲ့ရသည်။

ဂျူနီယာအထက်တန်းဆင့်အထိ သင်ကြားခဲ့ဖူးသည့် ထိပ်တန်းတပ်သားဟဲသည် ထိုကဲ့သို့သော စက်ရုံမျိုးတွင်ပင် မြောက်များစွာသော တီထွင်မှုမျိုးစုံကို ပြုလုပ်ခဲ့ကာ နယ်ပယ်တစ်ခုလုံး၏ အကျော်ဇေယျ ဖြစ်လာခဲ့ခြင်းမှာ သူ၏ ပင်ကိုယ်ပါရမီ တစ်ခုတည်းကြောင့်သာ မဟုတ်၊ အခြားလူများထက် ဆယ်ဆမက အားစိုက်ထုတ်ခဲ့သည့် ကြိုးစားမှုများကြောင့်လည်း ပါဝင်ပေသည်။

ချင်းလိုင်တိက ထိုသူသည် တစ်ကိုယ်လုံး နှင်းစက်တို့ စိုရွှဲလျက် လေ့ကျင့်ရေးမှ ပြန်လာကာ ည ၂ နာရီအထိ မီးပိတ်ကာ အိပ်စက်ခြင်း မရှိသေးကြောင်းကို မှတ်မိနေဆဲပင်။ သူမကို တွေ့လေတိုင်းလည်း သူက အသာအယာ ခေါင်းဆတ်ပြကာ သူမကို လမ်းဖယ်ပေးလေ့ ရှိခဲ့သည်။

တိတ်ဆိတ် ယဉ်ကျေးကာ တည်ငြိမ်ပြီး နွေးထွေးသည့် နှလုံးသားကို ပိုင်ဆိုင်ထားသည်။ ဤသည်မှာ လိုင်တိ၏ ဘေးအိမ်နီးချင်း လောင်ဟဲအပေါ် ထင်မြင်ချက် ဖြစ်သည်။ ထိုနှစ်များက ကျောက်ချင်းစုန့်သည် အမြဲလိုလို မစ်ရှင်နှင့် ခရီးထွက်နေရသည့်အတွက် သူ၏ အရွယ်မရောက်သေးသော သားသမီးနှစ်ဦးသည် အခက်အခဲတစ်ခုခု ကြုံရလေတိုင်း လောင်ဟဲ(ဦးလေးဟဲ)ကိုသာ အကူအညီ တောင်းခဲ့ကြသည်။

မီးလုံး ကျွမ်းသွားလေတိုင်း၊ ရေနွေးအိုး သို့မဟုတ် အိမ်သာပိုက် ပိတ်သွားလေတိုင်း ... သူမသည် သူမကိုယ်တိုင် မပြင်တတ်ခင်အချိန်အထိ လောင်ဟဲကိုသာ အကူအညီ တောင်းခဲ့ရသည်။

နှစ်အနည်းငယ်ခန့် ဆက်တိုက် မိုးများခဲ့သည့်အတွက် သူမတို့ နေထိုင်သည့် အိမ်ခေါင်မိုးများ ပျက်စီးခဲ့ကြရသည်။

ရာသီဥတုအခြေအနေ သိပ်မကောင်းဟု ခန့်မှန်းရသည်နှင့်တစ်ပြိုင်နက် လောင်ဟဲသည် ပြင်ဆင်ရန် အမြန် လူငှားခဲ့တော့သည်။ သူက စက်ဘီးစီးကာ ပြန်လာပြီး သူတို့အိမ်အမိုးကို ပြင်ပေးခဲ့ကာ အဝတ်လျှော်ဇလုံနှင့် ထမင်းအိုးတို့ကို အသုံးပြု၍ ရေခံစေခဲ့သည်။ သူ့အိမ်သော့ကို ပေးကာပင် မိုးသည်းသည့် ရက်များ၌ သူ့အိမ်ထဲသို့ ဝင်နေနေရန် ပြောခဲ့ကာ သူကမူ ထိုရက်များအတွင်း အလုပ်ရုံ၌သာ စားသောက်အိပ်စက်ခဲ့သည်။

ထိုကဲ့သို့သော အိမ်နီးချင်းကောင်းမျိုး ဖြစ်သည့်အတွက် ကျောက်ဟိုင်ယန်းကပင် ဦးလေးဟဲကမှ သူတို့အဖေနှင့် ပိုတူသေးသည်ဟု ပြောခဲ့ဖူးပေသည်။

သူမက ကျောက်ချင်းစုန့်နှင့်အတူ တစ်မိသားစုလုံး လန်ဟဲမြို့မှ ပြောင်းရွှေ့ခဲ့ရပြီးနောက် လောင်ဟဲနှင့် ထပ်တွေ့နိုင်တော့မည် မဟုတ်ဟု ထင်ထားခဲ့ဖူးသည်။ သို့သော် ကျောက်ဟိုင်ယန်း၏ နှင်ထုတ်မှုကြောင့် ကူကယ်ရာ မဲ့နေရစဉ်တွင် ထိုသူက သူမ၏ ဘဝထဲသို့ နောက်တစ်ကြိမ် ပေါ်ထွက်လာတော့သည်။

ထို အိမ်နီးချင်းဟောင်းက အိမ်ခြေရာမဲ့ဖြစ်နေသော သူမကို ရှာဖွေရန်အတွက် ရထားတစ်တန်၊ ကားတစ်တန်ဖြင့် ကီလိုမီတာ ၃၀၀၀ ထက်မနည်း ခရီးနှင်ခဲ့သည်။ သူမကို တွေ့သည့်အခါတွင်လည်း ဖြစ်ပျကိခဲ့သမျှကို မေးမြန်း စပ်စုနေခြင်း မရှိ၊ စကားတစ်ခွန်းမှ မဆိုဘဲ အိမ်ငှားကာ လိုအပ်သည့် အိမ်ထောင်ပစ္စည်းများကို ဝယ်ပေးခဲ့သည်။

ထိုသူက အချိန်တိုအတွင်းမှာပင် သူမ၏ အကြောင်းကို မည်ကဲ့သို့ စုံစမ်းနိုင်ခဲ့ကြောင်းကို သူမလည်း မသိခဲ့ချေ။ ‌လန်ဟဲမြို့သားများနှင့် သူမ အဆက်အသွယ် ပြတ်တောက်နေသည်မှာ နှစ်ပေါင်း မနည်းလှတော့ပေ။

ထော့ကျိုးဖြစ်နေသည့် ခြေတစ်ဖက်နှင့် အလွန် ဆိုးဝါးလှသော အဝေးမှုန်ခြင်းကို ပိုင်ဆိုင်ထားသည့် ထိုသူသည် လူအုပ်ကြားမှ သူမကို ဘယ်လို မှတ်မိနိုင်ခဲ့ကြောင်းကိုလည်း သူမ နားမလည်နိုင်ချေ။

သူမအား သိမ်ငယ်စိတ် မဝင်စေလိုသည့်အတွက် သူက အသက်မွေးဝမ်းကျောင်းရန် လက်မှုလုပ်ငန်းတစ်ခုကိုပင် ကူရှာပေးခဲ့သည်။ အလင်းရောင် ကောင်းကောင်းရသည့် အချိန်များ၌ သိုးမွေးထိုးပေးရကာ တစ်လလျှင် ယွမ် ၇၀၀ မှ ၈၀၀ ခန့်အထိ ဝင်ငွေ ရခဲ့သည်။

ထိုမျှသာမက သူ လာသည့်အခေါက်တိုင်းလည်း အသားငါးနှင့် ပုစွန်များကို မကြာခဏ ယူလာပေးလေ့ ရှိသည်။ သူက သူ စားမကုန်၍ ယူလာခဲ့ခြင်း ဖြစ်သည်ဟု ပြောသည့်တိုင် ထို စားစရာများမှာ တန်ကြေးအားဖြင့် မနည်းလှချေ။

နှစ်ပေါင်းများစွာ အိမ်ရှင်မတစ်ဦး ဖြစ်ခဲ့သည့် ချင်းလိုင်တိသည် မည်သည့်ပစ္စည်းက ဈေးကွက်ထဲတွင် ဈေး မည်မျှပေါက်ကြောင်း ကောင်းကောင်း သိပေသည်။ ထုတ်လုပ်မှု ရက်စွဲမှာလည်း လွန်စွာ လတ်ဆတ်နေသေးရာ စားမကုန်သည့် လက်ဆောင်များ ဖြစ်စရာ အကြောင်းမရှိပေ။

လောဟဲထုန်က သူမကို ‌ကြောက်ရွံ့တုန့်ဆိုင်းမနေရန် အားပေးခဲ့သည်။ လက်ရှိကာလမှာ တရားဥ‌ပဒေ စိုးမိုးသည့် အချိန် ဖြစ်သည့်အတွက် သူမ၏ နေအိမ်ကို ပြန်အရယူနိုင်ရန် သူက ကူညီပေးမည်ဟု ပြောခဲ့သည်။ အိမ်ကို ပြန်မရသည့်တိုင် သူမအနေဖြင့် လျော်ကြေးငွေ လုံလုံလောက်လောက် ရနိုင်မည် ဖြစ်သည်။

သို့သော် သူ မသိသည့်အချက်မှာ .. ကျောက်ချင်းစုန့်သည် သူ အသက်ရှင်နေစဉ်ကတည်းက ပိုင်ဆိုင်မှု အားလုံးကို ကျောက်ဟိုင်ယန်းထံသို့ သူမ မသိအောင် လွှဲပြောင်းပေးထားခဲ့ပြီး ဖြစ်ပေသည်။ ကျောက်ဟိုင်ယန်းက ထိုအိမ်ကို ရောင်းချခဲ့သည်မှာပင် ကာလ မနည်းတော့ရာ သူမ‌အနေဖြင့် တရားစွဲသည့်တိုင် အနိုင်ရရန် အကြောင်းမရှိလှပေ။

လောဟဲထုန်က သူမကို ယခင်အိမ်နီးချင်းဟောင်းများအား သတိရပါလျှင် သူနှင့်အတူ လန်ဟဲမြို့သို့ ပြန်လိုက်ခဲ့ရန် တိုက်တွန်းခဲ့သည်။ သူ့အိမ်တွင် သူတစ်ဦးတည်းသာ နေထိုင်ရာ အကယ်၍ သူမသာ ပြန်လိုက်လိုပါလျှင် ပတ်ဝန်းကျင် အမြင်မစောင်းရန်အတွက် သူက သူငယ်ချင်းများနှင့် သွားနေပေးမည်ဟု ပြောခဲ့သည်။

သို့သော် သူမ နေထိုင်ခဲ့ဖူးသည့် ရပ်ကွက်၏ အိမ်ခြံမြေဈေးများမှာ အလွန် မြင့်မားလှကြောင်း ချင်းလိုင်တိက ကောင်းကောင်း သိထားပေသည်။ ကိုယ်ပိုင်အိမ်ကို သူစိမ်းသူအား အလကားနေစေကာ သူကိုယ်တိုင်က အခြားတစ်နေရာတွင် အိမ်ငှားနေပေးမည့် အိမ်ရှင်မျိုး ရှိနိုင်လိမ့်မည် မဟုတ်ချေ။

လောဟဲထုန်က သူမသည် ယခင်က သစ်တော်သီးပင်ကို သဘောကျကြောင်း ပြောခဲ့ဖူးသည်ကို ယခုအထိ မှတ်မိနေသေးသည်ဟု ပြောခဲ့သည်။ ထို့ကြောင့် သူက တစ်မြို့လုံးအနှံ့ လိုက်ရှာကာ ပြတင်းပေါက်ဘေးတွင် သစ်တော်ပင်တစ်ပင် ပါရှိသည့် အခန်းတစ်ခန်းကို ငှားပေးခဲ့သည်။

ချင်းလိုင်တိကိုယ်တိုင်ကမူ သူမ ထိုကဲ့သို့သော အကြောင်းအရာမျိုး ပြောခဲ့ဖူးလေသလားပင် မမှတ်မိတော့ချေ။ သို့သော် လေယူရာ ယိမ်းနွဲ့နေသည့် သစ်တော်ပင်မှာ ကခုန်နေသည့် မိန်းမပျိုတစ်ဦးအလား မျက်စိပသာဒ ဖြစ်လှသည့်အတွက် အမှန်တကယ်ပင် နှစ်ခြိုက်မိသွားပေသည်။

ချင်းလိုင်တိသည် အရူးမဟုတ်။ ဤကမ္ဘာ၌ သူစိမ်းသူတစ်ဦးအား အကြောင်းပြချက်မရှိ ကြင်နာမည့်သူ မရှိနိုင်၊ အတုန့်အလှည့်ကို မမျှော်ကိုးပဲ အရာရာ ပေးဆပ်မည့်သူဟူ၍လည်း မရှိနိုင်ပေ။

သူမ ငယ်ရွယ်စဉ်က အကူအညီ တောင်းသမျှကို ခြွင်းချက်မရှိ ကူညီခဲ့သည့် အိမ်နီးချင်းကောင်းမှသည် အသက်အရွယ် ကြီးရင့်ချိန်၌ နေထိုင်စရာ ပေးသည့် ကျေးဇူးရှင်တစ်ဦးအထိ။ လောင်ဟဲသည် စကားတစ်ခွန်းမှ မဆိုဘဲ သူမဘဝထဲသို့ နေရာအကြီးကြီးတစ်ခု ယူထားခဲ့သည်။ ငယ်စဉ်အချိန်က သူမသည် တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ စကားနှိုက်ခဲ့ဖူးသည့်တိုင် ထိုသူက သူနှင့် ကျောက်ချင်းစုန့်သည် သူငယ်ချင်းကောင်းများ ဖြစ်ကြသည့်အပြင် အိမ်နီးချင်းများလည်း ဖြစ်ကြပေရာ တစ်ဦးနှင့်တစ်ဦး ကူညီရိုင်းပင်းရသည်မှာ သဘာဝဖြစ်သည်ဟုသာ ဖြေခဲ့သည်။

ထို့အပြင် သူသည် ထို ရပ်ကွက်အတွင်းရှိ မိသားစုအားလုံးကိုလည်း အလျဉ်းသင့်သလို ကူညီတတ်သူ ဖြစ်ပေသည်။

သူ့ဘဝ၏ နောက်ဆုံး သုံးနှစ်တာအထိ သူသည် ပင်စင်လစာ အားလုံးကို သူမ၏ ကျန်းမာရေး ဆေးစစ်ချက်အတွက် အသုံးပြုခဲ့သည်။ သွေးတိုးနှင့် နှလုံးရောဂါအတွက် ကောင်းမွန်သည်ဟု တီဗီတွင် ကြော်ငြာသမျှ သံလိုက်ကုထုံး၊ ရေနွေးအိတ်တိုင်းကိုလည်း ဝယ်ယူပေးခဲ့သည်။

အွန်လိုင်းပေါ်မှတစ်ဆင့် မည်ကဲ့သို့ ဈေးဝယ်ရမည်ကို မသိ၊ ဖုန်းနှင့် ငွေပေးချေခြင်းကိုလည်း မသိသူတစ်ဦး ဖြစ်သည့်အတွက် သူသည် နီမြန်းနေသော မျက်နှာဖြင့်ပင် ရပ်ကွက်ထဲရှိ လူငယ်လေးများကို သူ့ကိုယ်စား ငွေပေးချေပေးရန် အကူအညီ တောင်းခဲ့ရသည်။

မည်သို့မည်ပုံ အသုံးပြုရမည်မှန်းပင် မသိသည့် ကျန်းမာရေး စောင့်ရှောက်မှု ပစ္စည်းများကို လက်ခံလိုက်ရသည့် အခိုက်အတန့်၌ ချင်းလိုင်တိသည် ရယ်ရခက် ငိုရခက် ဖြစ်သွားခဲ့ရသေးသည်။

ထိုနေ့တွင် လောင်ဟဲက သူမ၏ အကြည့်တို့ကို ရှောင်ဖယ်ခြင်း မပြုတော့။ အက်ကွဲနေသည့် အသံဖြင့် ဝန်ခံလိုက်တော့သည်။

"ဟုတ်တယ် ကျွန်တော် ရဲဘော်ရှောင်ချင်းကို သဘောကျတယ် မင်းကို ရေထဲကနေ ကယ်ခဲ့တဲ့ ရက်ကတည်းက သဘောကျမိသွားခဲ့တာ အခုလို ဖွင့်ပြောရတာကလည်း မင်းကို အခွင့်အရေး ယူချင်လို့ မဟုတ်ရပါဘူး ဒါပေမယ့် ဘဝရဲ့ နောက်ဆုံးလက်ကျန် နှစ် ၂၀ လောက်ကို မင်းနဲ့အတူ ဖြတ်သန်းခွင့်ရဖို့ တကယ် မျှော်လင့်မိပါတယ် နှစ် ၂၀ မဟုတ်ဘဲ ၁၀ နှစ် ဒါမှမဟုတ် ၈ နှစ်ပဲ ဆိုရင်တောင် ဂုဏ်ယူပျော်ရွှင်မိမှာပါ ဒါပေမယ့် မင်းက ဒီအကြောင်းတွေ မတွေးချင်ဘူးဆိုရင်လည်း စောင့်နေပေးပါ့မယ် ..."

ဤသည်မှာ သူ့တစ်သက်တာလုံးတွင် အရှည်ဆုံး စကား ဖြစ်ပေသည်။

ချင်းလိုင်တိက သူ၏ ချစ်စိတ်ကို သိလိုက်ရသောကြောင့်သာမက ရှည်ကြာလွန်းသော ချစ်သက်တမ်းကြောင့်ပါ အံ့ဩသွားခဲ့ရတော့သည်။ သူမထံတွင် အလှအပဟူ၍ မကျန်ရှိတော့ပေ။ ရောဂါ ခံစားနေရသည့်အပြင် လမ်းဘေးခွေးတစ်ကောင်အလား ခြူးတစ်ပြားမှ မရှိသူ ဖြစ်နေသော်လည်း သူကမူ ဝိုင်ယာလက်လောက၏ မသေမျိုး နတ်ဘုရားတစ်ပါးလိုလူ ဖြစ်ပေသည်။

ထို့ကြောင့် သူမအနေဖြင့် ချက်ခြင်း အဖြေ ပြန်မပေးနိုင်၊ စဉ်းစားပါရစေဟုသာ ပြောခဲ့လိုက်သည်။

ညလုံးပေါက် စဉ်းစားပြီးနောက် မိုးလင်းသည့်အခါ ထိုသူအား အကြောင်းပြန်ရန် တွေးနေစဉ်မှာပင် ကံကြမ္မာက သူမကို ကျီစယ်ခဲ့ပြန်သည်။ အိပ်ယာနိုးလာသည့် အချိနခ၌ ၁၈ နှစ်အရွယ်သို့ ပြန်လည်ရောက်ရှိသွားခဲ့ရသည်။

ထိုသို့ဖြင့် ... ယူကျုံးမရစွာဖြင့် ရင်ဘက်ကို ထုနေသည့် ချင်းကွေ့ဟွားသည် ကြွပ်ဆတ်ဆတ် စကားသံတစ်ခုကို ကြားလိုက်ရသည်။

"ကျွန်မ ဆန္ဒရှိပါတယ် ဒီနေ့ပဲ လက်ထပ်မှတ်ပုံတင် သွားလုပ်ကြရအောင် ..."

အရှင်းဆုံး ပြောရပါလျှင် အတိတ်ဘဝက သူမကို မည်သူ ကယ်တင်ခဲ့ကြောင်း ရှင်းရှင်းလင်းလင်း မသိခဲ့ချေ။ ရေထဲသို့ ပြုတ်ကျသွားပြီးနောက် စစ်ဝတ်စုံ ဝတ်ထားသည့် အမျိုးသားတစ်ဦးက ရေထဲ ခုန်ဆင်းကာ သူမကို ကမ်းစပ်အထိ သယ်လာပေးခဲ့ကြောင်းကိုသာ မှတ်မိခဲ့သည်။ ထို့နောက်တစ်ဖန် သတိလစ်သွားခဲ့ရပြန်၏။

နောက်တစ်ကြိမ် နိုးလာသည့်အခါတွင် အဘွားဖြစ်သူ၏ တိုက်တွန်းမှုကြောင့် ကျောက်ချင်းစုန့်အား လက်ထပ်မှတ်ပုံတင်ယူရန် တွန့်ဆုတ်စွာဖြင့် မေးမြန်းခဲ့ရသည်။

သို့သော် လောင်ဟဲထုန်က သူ့အချစ်များအား ဝန်ခံသည့်ညက သူမကို ကယ်တင်ခဲ့သူမှာ သူ ဖြစ်သည်ဟု ရှင်းရှင်းလင်းလင်း ပြောခဲ့သည်။

ချင်းမိသားစုက ကျောက်ချင်းစုန့်ကို အတင်းအကြပ် ဖိအားပေးသည့်အတွက် သူသည် ထိုလျှို့ဝှက်ချက်ကို နှလုံးသားထဲ၌သာ တစ်သက်လုံး မြှုပ်နှံထားခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က အတင်းအကြပ် ဖိအားပေးထားသည့် လက်ထပ်မှု အောင်မြင်သွားသည့်အတွက် သူမ၏ အဘွားသည် အလွန် ဝမ်းသာနေခဲ့သည်။ သို့သော် သူမ မသိသည်မှာ ကျောက်ချင်းစုန့်ကလည်း သူ၏ အိမ်ထောင်အသစ်အတွက် သူမက အသင့်တော်ဆုံး ဖြစ်သောကြောင့် လက်ခံခဲ့ခြင်း ဖြစ်ပေသည်။

ဤတစ်ကြိမ်တွင်မူ ချင်းကွေ့ဟွားသည် အတိတ်ဘဝကကဲ့သို့ ပျော်ရွှင်မနေတော့ချေ။ သူမက အငယ်ဆုံးမြေးမကို နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

"လိုင်တိ .. ရေထဲပြုတ်ကျပြီး ခေါင်းရှုပ်နေတာလား စောစောက မင်းအဒေါ်တွေ ပြောတာ ကြားလိုက်တယ် မဟုတ်လား ငါတို့ရဲ့ ဂုဏ်သတင်းက သိပ်မကောင်းဘူး ဆိုပေမယ့် လက်ထပ်တယ်ဆိုတာ တစ်ဘဝလုံးနဲ့ ဆိုင်တဲ့ ကိစ္စနော် စိတ်ရှုပ်ထွေးသွားလို့ မဖြစ်ဘူး ..."

လိုင်တိက အခိုင်အမာ ပြောလိုက်သည်။

"သမီးက စိတ်မရှုပ်ထွေးနေပါဘူး ..."

လောင်ဟဲအား လက်ထပ်ရန်မှာ ပြီးခဲ့သည့်ဘဝ သူမ မသေဆုံးခင်က ကတိပေးခဲ့သင့်သည့်အရာ ဖြစ်ပေသည်။ သူမ၏ ပြတ်သားမှုကို မြင်လိုက်ရသည့်အခါ ချင်းကွေ့ဟွားက လိုင်တိသည် သူမ၏ နာမည်ဂုဏ်သတင်း ပျက်ယွင်းခြင်းကို သည်းမခံနိုင် ဖြစ်နေသည်ဟု ကောက်ချက်ချကာ နောင်တရမိသွားတော့သည်။

"ဒါတွေအားလုံးက ငါ ကန်းနေလို့ ဖြစ်သွားရတာတွေပဲ တောင်းပန်ပါတယ် အဘွား မင်းကို မကူညီနိုင်ခဲ့ဘူး ..."

လိုင်တိက အဘွားအို၏ ပိန်လှီရင့်ရော်နေသည့် လက်တစ်စုံကို ဆုပ်ကိုင်လိုက်သည်။ မခံစားရတာ ကြာပြီဖြစ်သည့် မိသားစု၏ နွေးထွေးမှုကို ပြန်လည်ခံစားလိုက်ရသည့်အတွက် အဘွားအိုကို ပွေ့ဖက်ကာ တစ်ပတ်လည်လိုက်လိုစိတ်များပင် ဖြစ်ပေါ်နေတော့၏။

"အဲဒီ့ကောင်လေးရဲ့ စိတ်ထားက တော်တော်လေး အေးစက်တယ်တဲ့ အနာဂတ်မှာ မင်း မပျော်ရွှင်ရရင် ဘယ်လို လုပ်မလဲ ..."

ချင်းကွေ့ဟွားက သူမကို နားချရန် ကြိုးစားမိနေဆဲပင်။

ဒီကောင်မလေးကတော့လေ နွေးထွေးတယ်ဆိုတာ ဘာမှန်း မသိတဲ့ ရေခဲတုံးကိုမှ ဘာလို့ လက်ထပ်ချင်နေတာလဲ မသိဘူး အဲဒီ့ကောင်လေးကဖြင့် သစ်သားတုံးကြီးလိုပဲ။

လိုင်တိက မျက်မှန်ကို တပ်လျက် တီဗီချန်နယ်၏ အရောင်းကြော်ငြာလိုင်းကို ဖုန်းဆက်ကာ အကြံတောင်းခဲ့သည့် လူအိုကြီး ဟဲထုန်ကို စဉ်းစားမိလိုက်သည်။ ထိုသူက စကားအနည်းငယ်ခန့် မေးမြန်းပြီးလေတိုင်း မှတ်စုစာအုပ်ထဲတွင် အလေးအနက် ချရေးထားလေ့ ရှိသည်။ သူမက မျက်လုံးများ မှိတ်ကျသွားသည်အထိ ပြုံးကာ ပြောလိုက်သည်။

"အခြားလူကို ထောက်ထားညှာတာတတ်လား ဆိုတာကလည်း လူ့ဘဝမှာ အရေးပါတာပဲလေ ..."

ဘာမှ ပြောစရာ မရှိတော့ရင် အရင်ဆုံး လက်ထပ်မှတ်ပုံတင် သွားယူထားရမယ်။

All Chapters