Chapter 3
Vol. 1 Ch. 3
"လိုင်တိ အဲဒီ့ မျိုးရိုးနာမည် "ဟဲ" နဲ့ ကောင်လေးက ကျောက်ချင်းစုန့်ထက် ပိုသာနိုင်ပါ့မလား အန်တီကျောက်ရဲ့ တတိယသားလေ သူ့ကို မှတ်မိသေးတယ် မဟုတ်လား သူက သိပ်မကြာခင် တပ်ရင်းမှူး ဖြစ်တော့မှာတဲ့ တပ်ရင်းမှူးဆိုတာ ကောင်တီတရားသူကြီးနဲ့တောင် ရာထူးချင်း အတူတူလေ သူ့ကို လက်ထပ်လိုက်ရင် မင်းဘဝတစ်ခုလုံး ကောင်းချီးတွေ အပြည့် ဖြစ်သွားတော့မှာ တစ်ရွာလုံး ဘယ်သူမှ ငါတို့ ချင်းမိသားစုကို အထင်သေးရဲတော့မှာ မဟုတ်ဘူး ..."
"သူက ဒုတိယအိမ်ထောင်လေ ..."
"ဒုတိယအိမ်ထောင်ဆိုတော့လည်း ဘာဖြစ်လဲ သူ့အရင်မိန်းမက မြို့ပေါ်ကလေ တစ်ယောက်နဲ့တစ်ယောက် အကျင့်စရိုက်ချင်း မကိုက်ညီလို့ပဲ ကွာရှင်းလိုက်ကြတာ မဟုတ်ဘူးလား ယောကျာ်းတွေက အသစ်ကိုပဲ ကြိုက်တာ အဟောင်းကို ပြန်မလိုချင်ဘူး ငါတို့ရဲ့ တတိယလေးကလည်း ကြည့်ကောင်းတာပဲဟာ ပူနေဖို့ မလိုပါဘူး ..."
"သူ့မှာ ကလေးလည်း ရှိ ..."
"ကလေးတွေက ငယ်သေးတယ်လေ အကြီးလေးကမှ ငါးနှစ် အငယ်လေးဆို ၂ နှစ်ပဲ ရှိသေးတာကို မင်းသာ သူတို့ကို ကောင်းကောင်း ဆက်ဆံပေးရင် .. စေတနာ ရောင်ပြန်ဟပ်မှာပါ ..."
ချင်းလိုင်တိက စိတ်ထဲမှ တိတ်တိတ်လေး လှောင်ရယ်လိုက်သည်။
မိထွေးတစ်ယောက် လုပ်ဖို့က ဒီလောက်တောင် လွယ်ပါ့မလား ..
စင်စစ်အားဖြင့် သူမ၏ စိတ်နေစိတ်ထားမှာလည်း အလွန် ဆိုးဝါးလှပေသည်။ ထိုမျှသာမက လင်ပါသားသမီးနှစ်ဦးကလည်း ဆိုးယုတ်သည့် စိတ်ထားကို ပိုင်ဆိုင်ထားသူများ ဖြစ်ကြသည်။ ထို့ကြောင့် သူမသည် များစွာသော အခက်အခဲများကို ခံစားခဲ့ရသည်။ လင်ပါသားသမီးများက အရွယ်ရောက်လာသည့်အခါ သူမကို ကန့်လန့်တိုက်လာကြသည်ကိုမူ ထုတ်ပြောနေရန်ပင် မလိုအပ်ချေ။
အရေခွံပါ ခွါချင်နေကြတာလေ သူတို့က ...
"ဟင်း .. ဒီကောင်မလေးကတော့ .. ဘာလို့ ငါ့စကားတွေကို ကန့်လန့်တွေပဲ ပြောနေရတာလဲ မင်းတစ်သက်လုံး ဘယ်တုန်းကမှ ပင်ပင်ပန်းပန်း နေစရာ မလိုတော့မယ့် ကိစ္စလေ နေစရာ ရှိတယ် စားစရာရှိတယ် ဂုဏ်ပုဒ်တစ်ခုပါ ရဦးမှာလေ ဘာလို့ စက်ဘီးကိုပါ ထပ်လိုချင်နေဦးမှာလဲ ..."
ချင်းလိုင်တိက မျက်မှောင်ကြုတ်လိုက်သည်။ စိတ်ထဲတွင် ပြောလိုသည့် စကားများ တစ်သီတစ်တန်းလိုက်ကြီး ထွက်လာသည့်တိုင် ယခုအချိန်မှာ ထိုစကားများကို ထုတ်ပြောရမည့်အချိန် မဟုတ်သေးချေ။ သူမက မျက်လုံးကို လှိမ့်ပြကာ ပြောလိုက်သည်။
"ဒါပေမယ့် သမီး ကြားတာတော့ သူက မိဘကို အရမ်း သိတတ်တာတဲ့ တစ်လတစ်လကို သူ ရတဲ့ လစာထဲကနေ ယွမ် ၄၀ အိမ်ပြန်ပို့ပေးတယ် ဆိုလားပဲ ..."
ဤသည်မှာ မရည်ရွယ်သည့် ဟာသတစ်ခုမျှသာ ဖြစ်သော်ငြား စကားလုံးများအပေါ် အထိအရှလွယ်သည့် ချင်းကွေ့ဟွား၏ အမူအယာမှာမူ ချက်ခြင်း ပြောင်းလဲသွားတော့သည်။
"ဘယ်ကနေ ကြားခဲ့တာလဲ ..."
အတိတ်ဘဝက ချင်းလိုင်တိသည် ကျောက်ချင်းစုန့်မှာ သားလိမ္မာတစ်ဦး ဖြစ်ကြောင်းကို လက်ထပ်ပြီးမှ သိခဲ့ခြင်း ဖြစ်သည်။
"ပြီးခဲ့တဲ့တစ်ခေါက် မြစ်ဆိပ်မှာ အဝတ်သွားလျှော်တုန်းက အန်တီကျောက် ပြောနေတာကို ကြားခဲ့တာ သူမက အရမ်းကို ဂုဏ်ယူနေတာလေ သူတို့ရဲ့ အုတ်အိမ်ကလည်း တတိယသား ပို့တဲ့ ငွေနဲ့ပဲ ဆောက်ထားတာတဲ့ ..."
ချင်းကွေ့ဟွား၏ နှုတ်ခမ်းတို့ တုန်ရီသွားတော့သည်။ ကောင်းကောင်းမွန်မွန် ဝတ်ဆင်စားသောက်နိုင်ရန် အိမ်ထောင်ပြုခြင်း ဖြစ်သော်ငြား သားသမီးဝတ္တရား ကျေပွန်လွန်းသည့် ခင်ပွန်းမျိုးနှင့် အိမ်ထောင်ကျခဲ့ပါလျှင် ဒုက္ခခံရမည့်သူမှာ ဇနီးသည်ပင် ဖြစ်ပေသည်။
"မိုက်လိုက်တဲ့ကောင်မလေး ငါတို့ အနေအထားနဲ့ ကျောက်ချင်းစုန့်လို လူမျိုးကို ရှာတွေ့ဖို့ဆိုတာ .. ဘိုးဘေးအုတ်ဂူကနေ အခိုးအငွေ့တွေ ထွက်လာတဲ့အထိ ကောင်းချီးပေးခံရတဲ့ ကိစ္စမျိုးလေ .. ကြံက နှစ်ဖက်စလုံး ချိုမနေတာတော့ နှမြောစရာပဲ ..."
သို့သော် စိတ်ထဲတွင်မူ သူမက ချင်းလိုင်တိသာ ကျောက်တတိယသား၏ နှလုံးသားကို ဆုပ်ကိုင်ထားနိုင်ပါလျှင် သူ ရသမျှ လစာအားလုံး သူမကိုယ်တိုင် စီမံခွင့် ရလေမလားဟု တွေးမိနေဆဲပင်။
ချင်းလိုင်တိက ခါးသီးစွာသာ ပြုံးပြလိုက်၏။ ထိုကဲ့သို့သော ကံကောင်းမှုများဖြင့် ပြည့်နှက်နေသူကို လက်ထပ်ကာ မိထွေး ဖြစ်လိုသူများ အများအပြား ရှိပေလိမ့်မည်။ သို့သော် အချို့လူများ၏ နှလုံးသားမှာ တစ်သက်တာ ကုန်ဆုံးသည့်တိုင် နွေးထွေးလာနိုင်မည် မဟုတ်ချေ။ ကျောက်ချင်းစုန့် လိုအပ်နေသည်မှာ ချစ်ခြင်းတရား မဟုတ်၊ အခမဲ့အိမ်ဖော်တစ်ဦးသာ ဖြစ်ပေသည်။
"ဘွားဘွား သမီး ကလေးထိန်း မဖြစ်ချင်ဘူး ကြီးလာရင် ဆရာဝန်မကြီးပဲ လုပ်ချင်တာ ဆရာဝန် ဖြစ်တဲ့အခါကျ ဘွားဘွားကို အိမ်အကြီးကြီးတစ်လုံးလည်း ဆောက်ပေးမယ် ကားလည်း ဝယ်ပေးမှာ ..."
ချင်းကွေ့ဟွားသည် ထိုစကားကို ကြားသည့်အခါ သွားဖုံးများ ပေါ်သည်အထိ နှစ်ခြိုက်စွာ ရယ်မောမိသွားတော့သည်။ သူမ ဘဝတစ်လျှောက် ခင်ပွန်းသည်သာမက သားသမီးများပင်လျှင် ထိုကဲ့သို့ မပြောဖူး၊ သူမ၏ ရင်ခွင်အောက်တွင် ကြီးပြင်းခဲ့ပါသည့် ဤ တတိယမြေး တစ်ဦးတည်းကသာ ပြောခဲ့ပေသည်။
ချင်းလိုင်တိက မီးတောက်ကို လောင်စာ ထပ်ဖြည့်ပေးလိုက်၏။
"ဘွားဘွား ... အကြီးဆုံးခဲအိုတို့ ခြံဝင်းထဲက တစ်ယောက်တည်း နေရတဲ့ ဘွားဘွားကြီးကို မှတ်မိသေးလားဟင် ..."
"သူမနဲ့ ဘာဆိုင်လို့လဲ ..."
အကြီးဆုံးမြေးမ ချင်းအိုက်လန်၏ ခင်ပွန်းဘက်မှ မိသားစုများသည် နိုင်ငံပိုင်စတီးစက်ရုံ၏ ခြံဝင်းထဲတွင် နေထိုင်ကြခြင်းဖြစ်ရာ သူမသည်လည်း ထိုခြံဝင်းသို့ မကြာခဏ ရောက်ဖူးသည့်အတွက် ထို အထီးကျန်အဘွားအို၏ ဘဝမှာ မည်မျှအထိ သနားစဖွယ် ကောင်းလှကြောင်းကို မျက်မြင် ကြုံတွေ့ဖူးပေသည်။
"ဘေးနားက အိမ်နီးချင်းတွေဆီကနေ ကြားရတာတော့လေ အတိတ်တုန်းက သူမကလည်း မိန်းမကောင်းလေးပဲတဲ့ သနားစရာ ကောင်းတာကလေ သူ့ထက် အသက် ၁၀ နှစ်ကျော်လောက်ကြီးတဲ့ ယောကျာ်းကြီးနဲ့ လက်ထပ်လိုက်ရတယ် အဲဒီ့လူကလည်း အရင်ဇနီးနဲ့ ကွာရှင်းထားတဲ့သူဆိုတော့ .. သူမ ဘယ်လောက်ပဲ ကောင်းပေးပေး ကလေးတွေက အမေအရင်းကိုပဲ ချစ်ကြတာ ယောကျာ်းကလည်း ကလေးတွေကို အားနာလို့ သူသာ ဒီမိန်းမနဲ့ ကလေး ထပ်ယူလိုက်ရင် အရင်သားသမီးတွေ အနိုင်ကျင့်ခံရမှာစိုးလို့ဆိုပြီး တိတ်တိတ်လေး သားကြောဖြတ်ပစ်လိုက်တယ်တဲ့။ ဘွားဘွား သားကြောဖြတ်တယ်ဆိုတာ ဘာလဲဆိုတာ သိတယ် မဟုတ်လား ..."
ချင်းကွေ့ဟွား၏ မျက်နှာပေါ်ရှိ အပြုံးတို့ ပျောက်ကွယ်သွားတော့သည်။
သားသမီး ရှိနှင့်ပြီးဖြစ်သည့် ယောကျာ်းများသည် နောက်ထပ် သားသမီးယူရန် များစွာ စိတ်အားမထက်သန်လှတော့ချေ။ အထူးသဖြင့် အလုပ်တစ်ခုသာ ရှိသည့် အလုပ်ကြမ်းသမားများဆိုလျှင် ပို၍ပင် ဤသို့ တွေးလှသေးသည်။ သားသမီး များလာလေလေ သားသမီးများအကြား ပြိုင်ဆိုင်မှု ပြင်းထန်လေ ဖြစ်သည်။ အိမ်ထောင်မှု အရေးကိစ္စမှာလည်း သားသမီး ပိုများလေ အလုပ်ရမှတ် ပိုများလေဖြစ်သည့် ကျေးလက်ဒေသထက် ပိုမိုကာ ခဲယဉ်းပေ၏။
"အဲဒါ ဘယ်လို ခွဲစိတ်မှုမျိုးလည်း ဆိုတာတော့ သမီးလည်း မသိပါဘူး ဒါပေမယ့် အဲဒီ့လူအိုကြီးက တော်တော်လေး ဉာဏ်ကောင်းတယ်လို့ ပြောရမယ် နောက်ပိုင်းကျ သူ့သား မိန်းမယူတဲ့အခါ အိမ်ရယ် စက်ဘီးရယ် ဝယ်နိုင်အောင်ဆိုပြီးပါ တိတ်တိတ်လေး ပိုက်ဆံစုထားသေးတယ်တဲ့ သူ့ဇနီး နေမကောင်းဖြစ်ရင်ကျ ပိုက်ဆံမရှိဘူးပဲ ပြောတာလေ သူ့ကြောင့် သူ့မိန်းမမှာ ခဏခဏကို သေမလို ဖြစ်ခဲ့ရတာ ..."
ချင်းကွေ့ဟွား - "..."
သူမ၏ မျက်နှာမှာ အမူအယာ ကင်းမဲ့နေဆဲ ဖြစ်သည့်တိုင် လက်သီးဆုပ်ထားသည့် လက်မှာမူ ပို၍ပင် တင်းကြပ်လာတော့သည်။
"ပိုပြီးဆိုးတာကလေ .. အဲဒီ့အဘိုးကြီး နေမကောင်းဖြစ်တော့ကျ သူ့မိန်းမက နှစ်တွေ အများကြီး ပြုစုစောင့်ရှောက်ပေးရတယ်လေ။ ပြီးတော့ လူအိုကြီးလည်း သေသွားရော လင်ပါသားသမီးတွေက သူမကို အိမ်ကနေ နှင်ထုတ်လိုက်လို့ သူတို့အိမ်ဘေးလေးမှာ အဖီလေး ဆွဲပြီး နေနေရတယ်လေ အဲဒါတင် မကဘူး စားဖို့သောက်ဖို့အတွက်ပါ အမှိုက်ပုံထဲ လိုက်ရှာစားနေရတယ်တဲ့ ..."
ချင်းကွေ့ဟွားမှာ ဒေါသစိတ်ကို ဆက်ပြီး ချုပ်တည်းမထားနိုင်တော့ချေ။
"ဘာ ..."
"သေသင့်တဲ့ အဘိုးကြီး ... ဒင်းက အသိစိတ်ဆိုတာရော ရှိသေးလား ..."
ချင်းလိုင်တိက အံကိုသာ တင်းတင်းကြိတ်ထားလိုက်သည်။ သူမ ပြောခဲ့သည်များမှာ အတိတ်ဘဝက သူမကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များ ဖြစ်ပေသည်။
မီးသင်္ဂြိုဟ်ပြီးနောက် ကျောက်ချင်းစုန့်၏ ပိုင်ဆိုင်မှုများကို အမျိုးအစား ခွဲရ၍သာ မဟုတ်ပါလျှင် သူမသည် ခွဲစိတ်မှတ်တမ်းစာရွက်ကို ရှာတွေ့ခဲ့လိမ့်မည် မဟုတ်ချေ။
သူမဘဝ တစ်သက်တာလုံး အခြားသူများက လွယ်လွယ်ကူကူ ကိုယ်ဝန်ဆောင်နိုင်သည့်တိုင် သူမအတွက် အဘယ်ကြောင့် ဤမျှ ခက်ခဲနေရကြောင်း အဖြေ ရှာမရခဲ့ချေ။ အိမ်မှ နှင်ထုတ်ခံရပြီးနောက် လမ်းလယ်ခေါင်ထွက်ကာ ဖြေရှင်းချက် တောင်းခံခဲ့၍သာ မဟုတ်ပါလျှင် သူမ နေထိုင်သည့် အိမ်ကို ကျောက်ချင်းစုန့်က ဟိုး လွန်ခဲ့သည့် နှစ်များစွာကတည်းက သားဖြစ်သူထံ လွှဲပြောင်းထားပြီး ဖြစ်ကြောင်းကိုပင် သိလိမ့်မည် မဟုတ်ချေ။
ကျောက်ချင်းစုန့်က အဖေကောင်းတစ်ယောက် ဖြစ်ချင်တယ်ဆိုရင်လည်း သူ့ဘာသာသူ သားအဖ သုံးယောက်တည်းပဲ နေကြလေ ဘာလို့ တစ်ခြားလူကို သူတို့ဘဝထဲ ဆွဲသွင်းပြီး ဒုက္ခပေးကြတာလဲ ...
ချင်းကွေ့ဟွားကမူ သူမ၏ ကျောက်ချင်းစုန့်အပေါ် အထင်ကြီးမှုတို့ကို လုံးဝဥဿုံ စွန့်ပစ်လိုက်ချေပြီ။
"ဒါပေမယ့် စစ်တပ်က အလုပ်လည်း စီစဉ်ပေးတယ်ဆို .. အဲဒီ့နေရာမှာပဲ အလုပ်အကိုင်အခွင့်အရေးတွေ ရှိနေတာတော့ နှမြောစရာပဲ .. မင်းသာ ကြိုးကြိုးစားစား စာလေ့လာခဲ့ရင် ဒါမှမဟုတ် အရည်အချင်း တစ်ခုခု ရှိနေရင်တော့ ပိုကောင်းတာပေါ့ ..."
"သမီးမှာ အရည်အချင်း ရှိပါတယ် ..."
ချင်းကွေ့ဟွားက သူမကို စိုက်ကြည့်လိုက်သည်။
"အတည်ပြောနေတာကို ဖြတ်မပြောနဲ့ ..."
"သမီးလည်း အတည်ပြောနေတာပါဆို။ အနာဂတ်ကျ သမီးက ဆရာဝန် ဖြစ်လာမှာလို့ ..."
၁၉၆၆ ခုနှစ်တွင် ရွာသို့ မျိုးရိုးနာမည် "ဟဲ" နှင့် ဆရာဝန်အိုကြီးတစ်ဦး ရောက်လာခဲ့ဖူးသည်။ သူက သူ့ကိုယ်သူ ပေကျင်းမြို့ရှိ ဆေးရုံကြီးမှ ဆရာဝန်တစ်ဦးဟု ပြောခဲ့သည်။ ထိုစဉ်က သူမသည် ထိုလူအိုကြီး၏ အနောက်မှ တကောက်ကောက် လိုက်ခဲ့ဖူးသည်။ သူ နေမကောင်း ဖြစ်သည့်အါ သူမက ကလေးအချို့ကို တိတ်တိတ်လေး လွှတ်ကာ သူ့အတွက် စားစရာများ ပို့ပေးခဲ့ဖူးသည့်အတွက် ထိုလူအိုကြီးက သူမကို နှစ်ပေါင်းများစွာကြာ ဆေးပညာ သင်ကြားပေးခဲ့သည်။
နောက်ပိုင်းတွင် သူမသည် စစ်တပ်နှင့်အတူ လန်ဟဲမြို့သို့ ပြောင်းရွှေ့ခဲ့ရသည်။ လင်ပါသားသမီးနှစ်ဦး မူလတန်း တက်ရချိန်တွင်မူ သူမထံတွင် ထွေထွေထူးထူး လုပ်စရာအလုပ် မရှိတော့ချေ။ သို့သော် သူမက ထောက်ပံ့ပို့ဆောင်ရေးဌာနမှ စီစဉ်ကျင်းပသည့် အခြေခံလူတန်းစားများအတွက် ကျန်းမာရေးနှင့် ဆေးဝါးထောက်ပံ့ရေး လေ့ကျင့်မှုသင်တန်းတွင် ပါဝင်ရန် ရွေးချယ်ခံခဲ့ရသည်။ နှစ်ဝက်ခန့်သာ လေ့လာခဲ့ရသည့်တိုင် သူမထံတွင် အခြေခံကောင်း ရှိနေသည့်အတွက် စက်ရုံကျန်းမာရေးဌာန၏ ဆရာဝန်အဖြစ် ရွေးချယ်ခြင်း ခံရကာ ထိုဌာနတွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သည်။
လေ့ကျင့်ရေးအတန်းများမှာ အားလုံးအတွက် တစ်သမတ်တည်း ဖြစ်သော်ငြား သူမသည် အခြားသော သင်တန်းသားများထက် ပိုမိုသာလွန်အောင် များစွာ ကြိုးစားခဲ့သည်။ အလုပ် စဝင်ပြီး ခြောက်လခန့် အကြာတွင်ပင် သူမထံသို့ လာပြသည့် လူနာဦးရေမှာ အခြား ဆရာဝန်များထက် ပိုမိုများနေပြီ ဖြစ်သည်။ တစ်ယောက်စကား တစ်ယောက်နားဖြင့် သူမ၏ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုကို သိရှိသူ ပိုမို များပြားလာကာ ကျန်းမာရေးဆေးပေးခန်းမှာလည်း ထပ်တူပင် ကျော်ကြားလာပြီး သူမထံ လာရောက်ပြသရန်အတွက် ကျေးလက်ဒေသမှ အထူးတလည် လာရောက်ကြသူများပင်လျှင် ရှိလာတော့သည်။
ထိုနှစ်များမှာ သူမဘဝအတွက် အပျော်ရွှင်ရဆုံး နေ့ရက်များပင် ဖြစ်သည်။ အတည်တကျ အလုပ်အကိုင်တစ်ခု၊ ကောင်းမွန်သော လစာနှင့် ရလဒ်ကောင်းများကို ပိုင်ဆိုင်ရသည့်အပြင် ရာထူးနှစ်ဆင့်ဆက်တိုက် ရာထူးတိုးခဲ့ကာ ကျန်းမာရေးဌာန တစ်ခုလုံး၏ ဒါရိုက်တာ ဖြစ်တော့မည့် အခြေအနေသို့ပင် ရောက်လာတော့သည်။
ကံမကောင်းစွာဖြင့် .. တစ်နေကုန် အလုပ်များနေကာ အိမ်တွင်းစည်းကမ်းကြပ်မတ်ရေးကို လျစ်လျူရှုမိသည့်အတွက် သူမ၏ လင်ပါသားဖြစ်သူ ကျောက်ဟိုင်ယန်းသည် ရန်ပွဲထဲတွင် ပါဝင်ခဲ့သည်။ ကျောက်ဟိုင်ယန်ကလည်း သူမနှင့်ရွယ်တူ အတန်းဖော််များက သူမကို အနိုင်ကျင့်ပါသည်ဟု နေ့စဉ်နေ့တိုင်း ငိုယိုကာ တိုင်တန်းလာခဲ့သည်။
ထို့ကြောင့် မကြာခဏ ခရီးဝေးသွားရသည့် ကျောက်ချင်းစုန့်က သူမကို အလုပ်ဆက်လုပ်ခွင့် မပေးတော့ချေ။ သူက သူမကို သူ့လစာ၏ သုံးပုံနှစ်ပုံ ပေးမည်ဟု ကတိပေးကာ သူမ၏ အခက်အခဲအားလုံးကို သူက ဖြေရှင်းပေးမည်ဖြစ်၍ သူ့ကလေးနှစ်ယောက်ကိုသာ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပေးရန် တောင်းဆိုခဲ့သည်။
သူက ထိုစကားအတိုင်း လက်တွေ့လည်း ဆောင်ရွက်ပေးခဲ့ကာ ရန်ပွဲတကာ ဝင်ပါတတ်သည့် ကလေးကလည်း ထိပ်တန်းကျောင်းသားတစ်ဦး ဖြစ်လာခဲ့တော့သည်။ သို့သော် သူမ ဘာဆုံးရှုံးသွားခဲ့ရသလဲ ဆိုသည့်အချက်ကိုမူ .. မည်သူကမှ ဂရုမစိုက်ကြချေ။
ထိုအကြောင်းကို တွေးမိလေတိုင်း ချင်းလိုင်တိက လက်သီးကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတော့၏။
မိထွေး လုပ်ချင်တဲ့သူ ရှိရင်လည်း လုပ်စမ်းပါစေ ငါကတော့ ဆရာဝန်ပဲ လုပ်မှာ ...
မြေးမဖြစ်သူက ထွက်သွားရန် ဆုံးဖြတ်ထားပြီဖြစ်ကြောင်း သိလိုက်ရသည့်အခါ ချင်းကွေ့ဟွားသည်လည်း ဟဲလျန်ရှန်း၏ ကြင်နာမှုကို ပြန်လည်တွေးတောမိသွားတော့သည်။ ထိုသူသည် ခြေထောက်များ မသန်စွမ်းတော့သည့်တိုင် အလုပ်အကိုင် အတည်တကျနှင့် မြို့ကြီးပြကြီးတွင် နေထိုင်သူ ဖြစ်နေဆဲပင်။
အနာဂတ်တွင် သူမ၏ မြေးမသည်လည်း စားစရာ ထောက်ပံ့ပေးဌာနမှ အစားအသောက်များကို စားသောက်ရမည်ဖြစ်ရာ ချင်းကွေ့ဟွားသည် တွ့န်ဆုတ်စွာဖြင့် သူမ၏ ရင်ဘက်ထဲမှ စက္ကူအချို့ကို ထုတ်ယူလိုက်သည်။
"နေ့ရက်တွေ ရှည်ကြာလေ အိပ်မက်တွေ ပိုများလေ ဖြစ်လာမှာကြောက်လို့ သူ့ကိုအခုချက်ခြင်း လာခဲ့ဖို့ ဖိအားပေးခဲ့တယ် ..."
ချင်းလိုင်တိက စာရွက်ကို ဖွင့်ကြည့်လိုက်သည့်အခါ ၎င်းမှာ ဟဲလျန်ရှန်း၏ အိမ်ယာပိုင်ဆိုင်မှု စာရင်းစာအုပ်ဖြစ်ကြောင်း သိလိုက်ရသည်။ ပိုပြီး တိုက်ဆိုင်သည်မှာ ... မိတ်ဆက်စာ၏ အကြောင်းအရင်းမှာ ဘလိုင်းဒိတ်လုပ်ကာ လက်ထပ်ရန် ဖြစ်နေပေသည်။
သူမက ရုတ်ချည်းဆိုသလို ကိစ္စအချို့ကို သတိရသွားတော့သည်။ သူမ၏ အတိတ်ဘဝတွင်လည်း လောင်ဟဲထုံသည် ရှီးလန်သို့ လာရောက်ခဲ့ဖူးဟန်ပင်။ သူ အလုပ်လုပ်နေသည့် စက်ရုံမှ အရေးကြီး ပစ္စည်းကိရိယာအချို့ အခိုးခံလိုက်ရသည့်အတွက် ၎င်းတို့ကို ကိုင်တွယ် အသုံးပြုသော စက်မှုပညာရှင်တစ်ဦးအနေဖြင့် ထိုပစ္စည်းများအား ပြန်လည် ရှာဖွေရေးအတွက် တာဝန်ရှိနေပေသည်။ ထိုအကြောင်းကို အခြားလူများထံမှ ဖုံးကွယ်ထားရန် အလို့ငှာ သူက မိတ်ဆက်စာတစ်စောင်ကို ရေးခဲ့သည်။
ထိုစဉ်က ကုန်းတွင်းပိုင်းဒေသနှင့် မိုင်ပေါင်းများစွာ ဝေးကွာသော ဒေသသို့ တစ်ကိုယ်တော် ခရီးနှင်ရန်မှာ သူ့အတွက် အလွန် ခဲယဉ်းလှကြောင်း ထုတ်ပြောရန် အလွန် ရှက်ရွံ့နေခဲ့သည်။
"နိုင်းနိုင်း(ဘွားဘွား) တပ်မဌာနချုပ်ကို သွားပြီး သမီးရဲ့ ထိမ်းမြားမှုအတွက် မိတ်ဆက်စာတစ်စောင် ရေးပေးဖို့ ပြောပေးပါ ရွာဝင်ပေါက်မှာ ပြန်ဆုံကြမယ်နော် ..."
ချင်းကွေ့ဟွားမှာ ထိုစကားများကြောင့် ကြောင်အသွားကာ အတော်ကြာသည်အထိ အသိစိတ် ပြန်ကပ်မလာတော့ချေ။ သို့သော် သူမ တောင်းဆိုသည့်အတိုင်း လုပ်ပေးရန် ထွက်သွားလိုက်တော့ချေ။ ထိုနည်းတူပင် ဟဲလျန်ရှန်းသည်လည်း ကြောင်အနေခဲ့၏။
သူက သူ့ရှေ့ရှိ နက်မှောင်တောက်ပသော ဆံပင်များကို ကျစ်ဆံမြီးနှစ်ဖက်ခွဲစည်းထားသည့် ပန်းနုရောင်ပါးပြင်ပိုင်ရှင် မိန်းကလေးကို စိုက်ကြည့်လိုက်သည်။ သူမကလည်း မဟူရာရောင် မျက်ဝန်းများဖြင့် သူ့ကို မျက်တောင်မခတ်စတမ်း ငေးကြည့်နေ၏။
"မင်းက ..."
"သူမက မင်းရဲ့ ဇနီးပဲ ..."
ကျောက်မိသားစုက ကျီစယ်လိုက်သည်။
ဟဲလျန်ရှန်း၏ မျက်ခုံးတို့ မသိမသာ တွန့်ကွေးသွားကာ ဒေါသနှင့် ရှုပ်ထွေးမှုတို့ ရောနှောနေသည့် အမူအယာတစ်ခု ဖြစ်ပေါ်လာတော့သည်။
"ဒီက ညီမလေး ... ခဏလောက် ထွက်လာခဲ့ပါဦး ..."
အခြားသူများက သူတို့၏ စကားကို ချောင်းနားထောင်နေခြင်း မရှိကြောင်း သေချာအောင် အကဲခတ်ပြီးနောက် သူက အလေးအနက် ပြောလိုက်သည်။
"ဒါက နားလည်မှု လွဲနေကြတာ ထင်တယ် မင်းကို ကယ်ပေးချင်ရုံသပ်သပ်ပဲ လုပ်ခဲ့တာပါ ဒီအကြောင်းပြချက်နဲ့ မင်းကို အခွင့်ကောင်းယူလိုက်ဖို့ မဖြစ်သင့် ..."
ချင်းလိုင်တိမှာ အနည်းငယ် ရယ်ချင်သွားတော့သည်။
အရူးကောင် .. အရင်ဘဝကလည်း သူများ ဒုက္ခရောက်တာကို အခွင့်ကောင်း မယူချင်ဘူးလို့ ပြောခဲ့တာပဲလေ။ ဒါပေမယ့် အဲဒီ့အချိန်မှာ ငါက မုဆိုးမတောင် ဖြစ်နေပြီကို ဘာလို့များ ဆက်ပြီး ဖုံးကွယ်ထားနေရသေးတာလဲ .. အဲဒီ့လို ဖုံးကွယ်ထားနေသရွေ့ကတော့ ရှင်နဲ့ ထိုက်တန်တဲ့ ပျော်ရွှင်မှုကို ဖျက်ဆီးမိနေဦးမှာပဲ ...
"တကယ်တမ်းတော့ ကျွန်မကမှ တစ်ခြားလူရဲ့ ဒုက္ခအပေါ် အခွင့်ကောင်းယူတဲ့လူပါ ..."
ဟဲလျန်ရှန်းက ကြောင်အသွားသည်။ သူသည် အရပ်ရှည်ကာ ဖြူဖွေးသည့် အသားအရေနှင့် နက်မှောင်သော ဆံပင်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ မျက်နှာအစိတ်အပိုင်းများမှာလည်း အချိုးအစား ကျနကာ လှပသော အရှေ့တိုင်းမျက်နှာပေါက်ကို ပိုင်ဆိုင်ထားသူ ဖြစ်သော်ငြား တရုတ်ကာရိုက်တာ မျက်နှာပေါက်ကို သဘောကျကြသည့် ဤဒေသတွင်မူ သူ့ပုံစံမှာ အနည်းငယ် .. လှပလွန်းနေပေသည်။
ဒါပေမယ့် ကိုယ်လုံးကိုယ်ပေါက်ကတော့ မိုက်ပါတယ် ဟီးဟီး ...
"အတည်တကျ မိတ်ဆက်ပါ့မယ် ကျွန်မနာမည်က ချင်းလိုင်တိပါ ရှင့်နာမည်က ဟဲလျန်ရှန်း ဟုတ်တယ် မဟုတ်လား ..."
"အင်း ..."
သူက သူ့ရှေ့သို့ ဆန့်ထုတ်ပြလာသည့် ဖြူလွလွ လက်သွယ်သွယ်ကို စိုက်ကြည့်လိုက်သည်။ ဖြူဖွေးလှသည့် လက်အလှကို မျက်မြင် တွေ့နေရသည့်အတွက် ဆုပ်ကိုင်ရမည်ကိုပင် မဝံ့ရဲတော့ချေ။
ရေထဲမှ ကယ်တင်ပေးခဲ့ချိန်က သူမ၏ အဝတ်အစားအားလူံး ရေစိုကာ ခန္ဓာကိုယ်နှင့် ကပ်နေခဲ့သည်။ နွေရာသီ ဖြစ်သည့်အတွက် သူမက အဝတ်ပါးပါးလေးသာ ဝတ်ဆင်ထားရာ သူက သူမ၏ ခန္ဓာကိုယ်ကို မတော်တဆ မြင်လိုက်ရသည့်အတွက် အပြစ်ရှိစိတ်ကို ခံစားမိခဲ့သည်။ ထို့ကြောင့်လည်း ချင်းကွေ့ဟွားက သူ၏ အိမ်ထောင်စုစာရင်းနှင့် မိတ်ဆက်စာကို အတင်းအကြပ် တောင်းသည့်အခါ ပေးခဲ့ခြင်း ဖြစ်သည်။
သူသည် ခေတ်ဟောင်းဝါဒကို ဖက်တွယ်ထားတတ်သူတစ်ဦး မဟုတ်သည့်တိုင် ကိုယ်ချင်းစာတရားကို လက်ကိုင်ထားသူ ဖြစ်ပေသည်။ ယခုလေးတင်မှ ကျောက်မိသားစုက သူ့ကို သူမအကြောင်း အလွန်အကျုး ချဲ့ကားပြောခဲ့ပြီး ဖြစ်သည်။ သူမသည် အိမ်ထောင်ပြုရန် အရွယ်လွန်နေသည့် မိန်းကလေးတစ်ဦးဖြစ်ကာ ကြိမ်ဖန်များစွာ ဘလိုင်းဒိတ် တွေ့ခဲ့ဖူးသည့်တိုင် အခြေအနေ မကောင်းခဲ့ပေ။ အားလုံးက သူမသည် လက်ထပ်ရန် အရွယ်လွန်နေသည့် အပျိုကြီးဖြစ်ကာ ဆန့်ကျင်ဘက်လိင်တစ်ဦးဦးကသာ သူမခန္ဓာကိုယ်အစိတ်အပိုင်းများကို တွေ့သွားပါလျှင်
နောင်တစ်ချိန်တွင် သူမအဖို့ လက်ထပ်ရန် ခဲယဉ်းသွားလိမ့်မည်ဟု ပြောလာကြသည်။ သူက ထိုအကြောင်းနှင့် ပတ်သက်၍ စိတ်ထဲ မထားသည့်တိုင် နားလည်ပေးနိုင်ပေသည်။
"မင်းက ငါ့ရဲ့ အခြေအနေ အစစ်ကို မသိလောက်ဘူး ..."
"သိပါတယ် ရှင်က ပေကျင်းက အသက်က ၂၃ နှစ် ပြီးတော့ စစ်မှုထမ်းဟောင်း မိဘတွေက ပေသာ့ဟွမ်မှာ ရှင်ကတော့ ဟိုင်ချန်မှာ အလုပ်လုပ်နေတယ် ဟုတ်တယ်မဟုတ်လား ..."
မိန်းမလှလေးက ပိုင်နိုင်စွာဖြင့် ပြောလိုက်သည့်အတွက် ဟဲလျန်ရှန်းသည်ပင် ကြောင်အသွားရတော့သည်။
"ငါ့ရဲ့ ဘယ်ဘက်ခြေထောက်က မသန်ဘူးနော် .. မင်း စိတ်ထဲ မထားမထားဘူးလား ..."
"စိတ်ထဲ မထားပါဘူး ..."
ထို့အပြင် ခြေထောက် ဒဏ်ရာရခဲ့ခြင်းမှာ သူ့လုပ်ဖော်ကိုင်ဖက်များကို ကယ်တင်ခြင်းကြောင့် ရခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ အမိတိုင်းပြည်ကို ကာကွယ်ခဲ့ခြင်း၏ ဆုတံဆိပ်ပင် ဖြစ်ပေသည်။
ထို့အပြင် သူမလည်း ရှိနေပြီ ဖြစ်ပေရာ ထိုခြေထောက်ကို ကုသရန် ကျိန်းသေ နည်းလမ်းရှာနိုင်တော့မည် ဖြစ်သည်။
"ငါက ကလေးတွေကိုလည်း မကြိုက်ဘူး မိန်းကလေး တော်တော်များများက ဒါကို မကြိုက် ..."
"လက်ခံတယ် ..."
အခုတော့ ကလေးတွေကို မကြိုက်ဘူးလို့ ပြောထားဦးပေါ့ အရင်ဘဝက ကလေးတွေကို တွေ့တာနဲ့ လမ်းတောင် မလျှောက်နိုင်တော့တဲ့လူကများ။
"မင်းစကားတွေကို တာဝန်ယူနိုင်လား ..."
လိုင်တိ၏ မျက်လုံးတို့က မြေခွေးတစ်ကောင်သဖွယ် ကြည့်ကောင်းလှပစွာ မှေးကျဉ်းသွားတော့သည်။
သူမ၏ အကြည့်ထဲမှ စိတ်ပိုင်းဖြတ်ထားမှုတို့ကို မြင်လိုက်ရသည့်အခါ ဟဲလျန်ရှန်းသည် ရှေ့ဆက်ပြီး အချိန်ဆွဲမနေတော့ချေ။
"ဒါဆို အမြန်ဆုံး လက်ထပ်မယ်ဆိုရင်ရော အဆင်ပြေလား ..."
ခိုးယူခံ ပစ္စည်းများနှင့် ပတ်သက်၍ သဲလွန်စများ အများအပြား ရှိနေသောကြောင့် ရဲဘော်အများအပြားက စီရင်စုတွင် စောင့်ဆိုင်းနေကြသည်။ ထို့ကြောင့် သူသည် မနက်ဖြန်အထိ အချိန်ဆွဲမနေရဲတော့ချေ။
သူက ထိုပစ္စည်းများမှာ အနောက်သို့မဟုတ် အနောက်မြောက်ဘက်သို့ သွားနိုင်ရန် ရှစ်လန်စီရင်စုသို့ ရောက်နေလောက်ပြီဟု ခန့်မှန်းရသည်။ နယ်ခြားစည်းမှတစ်ဆင့် ပြည်ပသို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို ပြန်ရနိုင်တော့မည် မဟုတ်ချေ။
ထိုပစ္စည်းများမှာ ဟိုင်ချန် အမှတ် ၂ စက်ရုံသို့ နမူနာပစ္စည်းအဖြစ် ပေးပို့ထားခြင်း ဖြစ်သည်။ သို့သော် စက်ရုံထဲတွင်ပင် အခိုးခံလိုက်ရရာ ၎င်းတို့ကို ပြန်ရှာမတွေ့ပါလျှင် စက်ရုံတစ်ခုလုံး ဒုက္ခရောက်သွားတော့မည်ဖြစ်သည်။ ထို့ကြောင့် အသက်ကိုပင် စတေးရပါစေ ၎င်းတို့ကို အရ ပြန်ယူရမည် ဖြစ်သည်။
"မရှိပါဘူး ..."
"ကောင်းတယ် ..."