Chapter 4
Vol. 1 Ch. 4
နှစ်နာရီခန့် ကြာပြီးနောက် ...
ချင်းလိုင်တိက အနီရောင်ကတ်ထူစာအုပ်ကို လက်ထဲတွင် ကိုင်ထားသည်။ စာအုပ်၏ တစ်ဖက်ခြမ်းတွင် ခေါင်းဆောင်ကြီး၏ မိန့်ခွန်းကို အနီရောင် စာသားများဖြင့် ပုံနှိပ်ထားကာ ကျန်တစ်ဖက်တွင်မူ သူမတို့၏ ကိုယ်ရေးအချက်အလက်များကို ရေးသားထားသည်။
အလယ်တည့်တည့်တွင် ရေးသားထားသည့် "လက်ထပ်မှတ်ပုံတင်" ဟူသည့် စာသားမှာမူ အထင်ရှားဆုံးပင်။
ဟဲလျန်ရှန်းကမူ စာအုပ်ကိုပင် လှန်မကြည့်ချေ။ လက်ထပ်မှတ်ပုံတင်ကို တယုတယ စိုက်ကြည့်နေသူအား ငေးကြည့်ကာသာ ပြောလိုက်သည်။
"နောက်မှပဲ ဓာတ်ပုံတွေ ထည့်ကြရအောင် ဒီည အလုပ် လုပ်စရာလေးတွေ ရှိသေးလို့ ပြန်လာမှပဲ လက်ထပ်ပွဲအကြောင်း ပြောကြတာပေါ့ ..."
ဤဒေသ၏ လက်ထပ်မှတ်ပုံတင်တွင် စတစ်ကာ ဝစ်ခုတစ်လေပင် မပါရှိချေ။ ဓာတ်ပုံတစ်ပုံ ရိုက်နိုင်ရန်မှာပင် ခဲယဉ်းလွန်းလှသည့်တိုင် လက်ထပ်ကြသည့် လူငယ်စုံတွဲတိုင်း အဖြူအမည်းဓာတ်ပုံတစ်ပုံကိုမူ မဖြစ်မနေ ရိုက်ကူးလေ့ ရှ်ိကြသည်။
ချင်းလိုင်တိကလည်း လုပ်ရိုးလုပ်စဉ်များကို များစွာ အရေးမထား။ ဟဲလျန်ရှန်း ပူပန်နေရသည့် အကြောင်းအရင်းကိုလည်း သိထားပေရာ ...
"ကောင်းပါပြီ ဒါဆိုလည်း ရှင် လုပ်စရာ ရှိတာပဲ သွားလုပ်လိုက်ပါ ..."
ဟဲလျန်ရှန်း၏ စိတ်ထဲတွင် တစ်ခုခု ပြောချင်စိတ် ဖြစ်ပေါ်လာသော်ငြား နောက်ဆုံးတွင်မူ ဘာမှ မပြောခဲ့လိုက်ချေ။ နှစ်ဦးသား သူစိမ်းများနှယ် ခပ်ခွါခွါ အနေအထားဖြင့် ပြန်လာခဲ့လိုက်ကြသည်။ ဖရဲသီး စားလိုသည့် ရွာသားများလည်း ရွာထိပ်ရှိ သစ်ပင်ကြီးအောက်တွင် စုရုံး ရောက်ရှိနေကြသည်။
"ငရုတ်ကောင်းစေ့လေးကတော့ ကျိန်းသေ နောင်တရနေလောက်ပြီ ..."
"ပြောမရဘူး ပြည်သူ့ရေးရာရုံး မရောက်ခင် လမ်းတစ်ဝက်လောက်ကတည်းက နောင်တရချင် ရနေလောက်ပြီ ..."
"အရင်တစ်ခါ သူမနဲ့ စကားပြောတုန်းကလည်း ငါ့မှာ ရှိရှိသမျှအရိုး အကုန် ကျိုးပဲ့ကုန်တော့မလိုပဲ။ ဒီစရိုက်မျိုးကို ဘယ်လိုယောကျာ်းကရော သည်းခံနိုင်မှာတဲ့လဲ ..."
"ဟုတ်ပါ့ မှတ်မိသေးတယ် မဟုတ်လား ငါ့အသိ ညီလေးတစ်ယောက်ဆို သူမရဲ့ ကန်ချက်ကြောင့် မျိုးကန်းတော့မလို့တဲ့ ဆေးရုံမှာတောင် လဝက်လောက် နေလိုက်ရတယ် ..."
သို့သော် ထိုစကားဝိုင်း၏ ဇာတ်လိုက်ကျော်နှစ်ဦးကမူ လက်ထပ်မှတ်ပုံတင်ကို ယူကာ ဘေးရန်ကင်းကင်းဖြင့် ပြန်ရောက်လာခဲ့ကြပြီဖြစ်သည်။ ဟဲလျန်ရှန်းက သူ့လက်ကို ဆန့်ထုတ်ကာပင် သူမအား ထွန်စက်ပေါ်မှ ဆင်းနိုင်ရန် ကူညီပေးလိုက်သေးသည်။
ထို့အပြင် သူ့လက်ကို ဆုပ်ကိုင်လိုက်သည့် ငရုတ်ကောင်းစေ့လေး၏ အပြုအမူမှာလည်း စုံတွဲအိုကြီးတစ်တွဲအလား သဘာဝကျနေပေသည်။
"အိုး ငါပဲ အမြင်မှားတာလား .. ဒီ လူငယ်စုံတွဲက တစ်ယောက်နဲ့တစ်ယောက် အရမ်းကို လိုက်ဖက်နေသလိုပဲနော် အဲဒီ့ရှောင်ဟဲ သူ့ကြည့်ရတာလည်း သိပ်မဆိုးတဲ့ပုံပါပဲ ..."
မုဆိုးမလျှိုက သွားများပင် ကျွတ်ထွက်သွားတော့မတတ် ရယ်မောလိုက်သည်။ သူမ၏ မြေးမမှာ မှန်သည့်ဟန်ပင်။ ငရုတ်ကောင်းစေ့လေး၏ အကျင့်စရိုက်သည် ရန်စ၍ ကောင်းလှသူ မဟုတ်။ ထောက်ခံသူ များလေလေ သူမက ကန့်လန့်တိုက်လေဖြစ်ကာ ဆန့်ကျင်သူ များလေလေ ထိုဆန့်ကျင်သည့် ကိစ္စကို ဖြစ်မြောက်အောင် လုပ်ပြတတ်သည့် လူစားမျိုး ဖြစ်ပေသည်။
ထိုစရိုက်မျိုးမှာ အခြားကိစ္စများအတွက်သာ ဖြစ်ပေသည်။ တစ်စုံတစ်ယောက်နှင့် လက်ထပ်ကာ သူမ၏ ကံကြမ္မာကို ပြောင်းလဲခြင်းမှာမူ မတူညီ၊ တစ်ချိန်ချိန်တွင် ကျိန်းသေ နောင်တရရပေလိမ့်မည်။
ခါးကို လှုပ်ယမ်းကာဖြင့် အိမ်ထဲသို့ ဝင်လာသည့် မုဆိုးမလျှိုသည် ဖင်ပူအောင်ပင် မထိုင်ရသေး၊ တံခါးဝမှ အသံတစ်ခုကို ကြားလိုက်ရသည်။
"အဒေါ် အလုပ်များနေလားဟင် ..."
ကပ္ပတိန်၏ ဇနီးဖြစ်သူ ဝမ်လီဖန်က ဝါးခြင်းတောင်းတစ်ခုကို ကိုင်ဆွဲလျက် ပြုံးကာ အိမ်ထဲသို့ ဝင်လာသည်။
မုဆိုးမလျှိုက မျက်လုံးကို လှိမ့်ကာ ပြောလိုက်သည်။
"အိုး မင်းကတော့ တကယ်ကို ဇနီးကောင်း ဖြစ်ထိုက်ပါပေတယ် ..."
ဝမ်လီဖန်က ပတ်ဝန်းကျင်ကို လှည့်ပတ်အကဲခတ်လိုက်သည်။ ခြံဝင်းမှာ ကျယ်ဝန်းသည့်တိုင် ဝက်သိုက်အလား ရှုပ်ပွနေ၏။ ထို့နောက်တွင် သူမက မျက်နှာချင်းဆိုင်ရှိ မုဆိုးမချင်း၏ အိမ်ကို တွေးမိလိုက်သည်။ မုဆိုးမချင်း၏ ခြံဝင်းမှာ သေးငယ်သည့်တိုင် ပစ္စည်းအားလုံးကို နေရာတကျ စီစီရီရီ ထားကာ မြေကြီးများကအစ ဖွာနေခြင်း မရှိပေ။
ချင်းအဒေါ်သည် တင်းမာခက်ထန်သည့် အကျင့်ကို ပိုင်ဆိုင်ထားသည့်တိုင် အိမ်မှုကိစ္စနှင့် ပတ်သက်၍ ထောက်ပြလောက်စရာ ဟာကွက် မရှိ။ အဒေါ်လျှို၏ အိမ်မှာမူ ...
ထားပါ သူမကို ယုံယုံကြည်ကြည် လွှဲထားတဲ့သူ ရှိနေလို့သာပေါ့ မဟုတ်လို့ကတော့ လာကို လာမနေဘူး ...
"ဒေါ်ဒေါ်တို့အိမ်က ပေါင်ကျူးကလည်း ၁၉ နှစ် မဟုတ်လား ..."
မုဆိုးမလျှိုက ပြောလိုက်သည်။
"ဟုတ်ပါ့ကွယ် မျက်စိတစ်မှိတ်အတွင်းမှာကို အပျိုကြီးဖားဖား ဖြစ်လာနေပြီ ငယ်ငယ်တုန်းကဆို နေရာတကာ သေးပေါက်ချတတ်...."
ဝမ်လီဖန်က ခြူသံပါသည့် ညဉ်းသံများ မကြားရမီ ခပ်ယဲ့ယဲ့ပြုံးကာ စကားစဖြတ်လိုက်သာ်။
"ကျွန်မတို့ရဲ့ ရှေ့မှာတင် အိမ်ထောင်ရေးကောင်းတစ်ခု ဖြစ်သွားတာပဲ အဒေါ်လည်း ဒါကို ပျော်ပါ့မလားတော့ မသိပေမယ့်ပေါ့နော် ..."
သူမက စကားစကို ရပ်တန့်ကာ အရှေ့ဘက်ဆုံး အခန်းတံခါး မသိမသာ ပွင့်လာသည်ကို မြင်လိုက်ရသည့်အခါ လေသံကို တမင်တကာ တိုးကာ ပြောလိုက်သည်။
"ရွာအစွန်က ကျောက်မိသားစုရဲ့ နံပါတ်သုံးကလေးလေ မှတ်မိသေးလား ..."
ကျောက်ချင်းစုန့်သည် ရွာထဲတွင် အခိုင်မာဆုံး အနာဂတ်ကို ပိုင်ဆိုင်ထားသည့် ယောကျာ်းတစ်ယောက် ဖြစ်သည်။ ၁၅ နှစ် ၁၆ နှစ်အရွယ် တပ်မတော်ထဲသို့ ဝင်ရောက်ပြီးချိန်မှစကာ များစွာသော အလုပ်ကမ်းလှမ်းမှုတို့ကို လက်ခံခဲ့ရသည်။ သူ ပထမဆုံး လက်ထပ်သည့် ဇနီးမှာ မြို့သူတစ်ဦး ဖြစ်သည်။ သူမက စစ်တပ်ဆေးရုံမှ သူနာပြုတစ်ဦးဖြစ်ကာ သားတစ်ဦး သမီးတစ်ဦး ထွန်းကားခဲ့ကြသော်လည်း ပြီးခဲ့သည့် တစ်နှစ်ကျော်ခန့်က တစ်ယောက်နှင့်တစ်ယောက် ခွဲခွါနေရချိန် ပိုများလာသောကြောင့်ဟုဆိုကာ ကွာရှင်းလိုက်ကြသည်။
"သူက အခု လူလွတ်ဖြစ်နေတာ ၂ နှစ်တောင် ရှိပြီဆိုတော့ အဖွဲ့ကလည်း သူ့ရဲ့ ကိုယ်ပိုင်ဘဝနဲ့ ပတ်သက်ပြီး တအားကို စိုးရိမ်နေကြတယ်လေ အဲဒါနဲ့ နောက်ထပ် ဇနီးတစ်ယောက် ထပ်ရှာဖို့ အကြံပေးလာကြတယ် ပြီးတော့ ကျောက်မိသားစုကလည်း အဒေါ်ရဲ့ ကလေးက သင့်လျော်တယ်လို့ ထင်ကြလို့ ..."
ကျောက်ချင်းစုန့်ဟူသော နာမည်ကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် မုဆိုးမလျှိုက နားကို စွင့်ထားလိုက်တော့၏။ အပြင်းအထန် နာမကျန်း ဖြစ်ပြီးနောက် သူမ၏ မြေးမသည် ကိစ္စရပ်များအား ခန့်မှန်းရာ၌ မှန်ကန်တိကျလာဟန်ပင်။ သူမက လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ဤနေ့ဤရက်တွင် ငရုတ်ကောင်းစေ့လေး ရေထဲသို့ ပြုတ်ကျလိမ့်မည်ဟု ပြောကာ မည်သူမည်ဝါက သူမကို ကယ်တင်လိမ့်မည်၊ မုဆိုးမချင်းက မည်သူ့ကို အကြပ်ကိုင်လိမ့်မည်ကအစ တိတိကျကျ ပြောခဲ့သည်။ သူမက မြေးမဖြစ်သူ၏ ရည်ရွယ်ချက်ကိုလည်း ကြားခဲ့ရသည်။ ငရုတ်ကောင်းစေ့လေးက ရှောင်ဟဲ၏ မကောင်းကြောင်း ပြောသည့်အခါ သူမက ထိုသူ့အပေါ် ခုန်အုပ်တော့မတတ်ပင်။
ရှောင်လောင်ကျောင်းက ရှောင်ဟဲကို ရွေးချယ်သရွေ့ ကျောက်ချင်းစုန့်က ငါတို့ ပေါင်ကျူးရဲ့အပိုင် ဖြစ်လာမှာ မဟုတ်လား ...
"သူက ဒုတိယအကြိမ် လက်ထပ်တာဆိုတာတော့ မမေ့လိုက်နဲ့နော် ဒါပေမယ့် အသက်ကတော့ အရမ်း မကြီးသေးပါဘူး အခုမှ ၂၈ နှစ်ပဲ ရှိသေးတာဆိုတော့ ငယ်ရွယ် သန်မာတဲ့ အရွယ်ပဲ ရှိနေတုန်းလေ ..."
"အဓိကအချက်က သူက ရှေ့နှစ်ဝက်အတွင်း ရာထူးတိုးလာဦးမှာဆိုတော့ စစ်တပ်ဝင်းထဲက စီရင်စုခေါင်းဆောင်နဲ့ ဘေးချင်းကပ် ဝန်ထမ်းအိမ်ယာကိုတောင် ရလိမ့်မယ် ထင်တယ် ပေါင်ကျိုးသာ ကောင်းကောင်း ပြုမူရင် ဒါမှမဟုတ် ကုန်စည်ဖလှယ်တာကို သင်ယူနိုင်ရင် တပ်မတော်က သင့်တော်တဲ့ အလုပ်နဲ့ စားစရာတောင် ပေးဦးမှာ ..."
မုဆိုးမလျှိုက လျှာသပ်ကာ ပြောလိုက်သည်။
"တကယ်ကြီးလား ..."
"တကယ်ပေါ့ ခေါင်းဆောင်တွေက လက်မှတ် ရတာနဲ့ ချက်ခြင်း အလုပ်စီစဉ်ပေးမှာတဲ့ ..."
"ပြီးတော့ ကျောက်စုံတွဲကလည်း လင်မယားနှစ်ယောက် အပြန်အလှန် ဂရုစိုက်နိုင်သရွေ့ သူတို့က ဝင် မစွက်ဖက်ဘူးတဲ့ ..."
အတိုချုပ် ပြောရပါလျှင် လက်ထပ်လိုက်သည်နှင့်တစ်ပြိုင်နက် ဘဝပြောင်းသွားနိုင်သည့် အလုပ်အကိုင်နှင့် အိမ်ကြီးရှင်သခင်မ ထို့အပြင် အရာရှိကတော်ပါ ဖြစ်လာမည် ဖြစ်သည်။
ဝမ်လီဖန်မှာ ပိုမိုကာ စိတ်အားထက်သန်လာကာ ကျောက်ချင်းစုန့်၏ ကောင်းကြောင်းများကို ရေနှစ်ခွက် ကုန်သည်အထိ အာပေါင်အာရင်းသန်သန်ဖြင့် ပြောလာတော့သည်။ ထို့နောက်တွင်မှ သူမက ဝါးခြင်းတောင်းကို ကောက်ကိုင်ကာ တွန့်ဆုတ်စွာဖြင့် ပြောလိုက်၏။
"ဒါက သူ့မိသားစုက ပေးခိုင်းလိုက်တာတွေပါ ဒေါ်ဒေါ်ရဲ့ ကျန်းမာရေး ပိုကောင်းစေဖို့အတွက်ပါတဲ့ ပြီးတော့ ချင်းစုန့်ကလည်း မနက်ဖြန် လာတွေ့မယ်လို့ ပြောတယ် အဲဒီ့အခါကျ ကလေးနှစ်ယောက်ကို တစ်ယောက်အကြောင်း တစ်ယောက် သိသွားအောင် ခွင့်ပေးလိုက်ပေါ့ ဟုတ်ပြီလား ..."
ခြင်းထဲတွင် လိမ္မော်သီး နှစ်ပါကင်၊ သကြားညို နှစ်ပေါင်နှင့် ကြက်ဥခြောက်လုံး အပါအဝင် ပစ္စည်းအများအပြား ပါဝင်သည်။ အားလုံးမှာ မြို့ကြီးများတွင်ပင် အလုံအလောက် မရနိုင်သည့် ရှားပါးပစ္စည်းများ ဖြစ်ပေသည်။ မုဆိုးမလျှိုက ၎င်းတို့ကို လောဘတကြီး စိုက်ကြည့်ရင်း ပိုမိုကာပင် စိတ်တိုင်းကျလာတော့၏။ ဤသည်မှာ ကျောက်မိသားစုက သူမတို့ မိသားစုကို အထင်မသေးသည့် သက်သေပင် ဖြစ်သည်။
လက်ထပ်ခြင်းဟူသည် .. မိသားစု၏ နောက်ခံ၊ ရုပ်ရည်သွင်ပြင်၊ အကျင့်စရိုက်၊ အလုပ်အကိုင်၊ စွမ်းဆောင်ရည် အစရှိသည့် ကဏ္ဍမျိုးစုံကို ထည့်သွင်းစဉ်းစားရမည် ဖြစ်သော်ငြား သူမအနေဖြင့် ကြေးများနေစရာ မရှိ။ တစ်ခုလပ်ဟူသည့် အချက်နှင့် စပ်လျဉ်း၍မူ .. ကြံပင်လျှင် နှစ်ဖက်စလုံး မချိုဟုသာ သဘောပိုက်ထားရပေတော့မည်။
သဘောတူတော့မည့် အချိန်မှာပင် အရှေ့ဘက်အခန်းမှ အသံတစ်သံ ထွက်လာတော့သည်။
"ဒုက္ခခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မင်္ဂလာဧည့်ခံပွဲကျ သေချာပေါက် ကောင်းကောင်း ဧည့်ခံပါ့မယ် ..."
၁၈ နှစ် ၁၉ နှစ်အရွယ် အသားဖြူဖြူနှင့် မိန်းကလေးက ပြောလိုက်သည်။ သူမသည် အိပ်ယာမဝင်မီ ကျစ်ဆံမြီး ကျစ်ထားခဲ့သည့်ဟန်ပင်။ ယခု ဆံပင်ကို ဖြေချထားသည့်အခါ အနည်းငယ် လှိုင်းတွန့်သဏ္ဍာန် ကောက်နေခဲ့သည်။ သူမ၏ မျက်နှာအချိုးအစားမှာ ချင်းလိုင်တိကဲ့သို့ သိသာထင်ရှားနေခြင်း မရှိသည့်တိုင် ရှားရှားပါးပါး မိန်းမလှတစ်ဦးအဖြစ် သတ်မှတ်၍ ရနေဆဲပင်။
ချင်းလိုင်တိအကြောင်း တွေးမိသည့်အခါ ဝမ်လီဖန်သည် သူမကို သနားမိလာတော့သည်။ သူမက ချင်းလိုင်တိအပေါ် အကောင်းမြင်စိတ်များသူ ဖြစ်သည့်အတွက် ပြီးခဲ့သည့် ၂ နှစ်အတွင်း သူမနှင့် လက်ထပ်ရန် လူပျိုများစွာကို ရှာဖွေပေးခဲ့ဖူးသည့်တိုင် တစ်ယောက်မှ အဆင်မပြေခဲ့ချေ။ လျှိုပေါင်ကျူးသည် အမြဲ နူးညံ့ညင်သာသည့် ပုံစံမျိုးဖြင့်သာ နေခဲ့သည့်တိုင် သူမ၏ စိတ်ထဲတွင်မူ ထိုမိန်းကလေးမှာ သဘောထားမမှန်ဟုသာ အမြဲ ခံစားမိခဲ့သည်။
သူမက အလုပ်လုပ်ရမည့် အချိန်တိုင်း အမြဲ ပုန်းရှောင်နေကာ အရာရာတိုင်းတွင်လည်း ချင်းလိုင်တိကို ယှဉ်ပြိုင်တတ်သည်။ ချင်းလိုင်တိက လွယ်ကူသည့်အလုပ် ရပါလျှင် သူမက မျက်ရည်စက်လက်ဖြင့် စောဒကတက်သည်။ ချင်းလိုင်တိက ခက်ခဲသည့် တာဝန်ကို ရပါလျှင်မူ လှောင်ပြောင်ရန်သာ စောင့်နေတတ်၏။
အိုက်ယား ကျောက်မိသားစုက ဒီကောင်မလေးမှာ အစ်ကိုတွေ အများကြီး ရှိတယ်ဆိုပြီး မျက်စိကျနေတာလား မသိဘူး ချင်းမိသားစုမှာ ပိုက်ဆံ မရှိအောင် ဘယ်သူကများ ဖန်ဆင်းထားပါလိမ့်နော် ...
ချင်းလိုင်တိက ကျောက်အိမ်အရှေ့သို့ အရောက်တွင် ဟဲလျန်ရှန်းကို နှုတ်ဆက်လိုက်သည်။ ထို့နောက် သူမက အဘွားထံ စကားအနည်းငယ် သွားပြောကာ အိပ်ယာဝင်လိုက်သည်။
သူမသည် အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ မှေးတစ်ဝက် ငိုက်တစ်ဝက်သာ အိပ်ပျော်တော့သည်။ သိူ့သော် ယခုမူ ကိစ္စကြီးတစ်ခုကို အခြေကျအောင် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် သုံးရက်သုံးည အိပ်ရလျှင်ပင် အိပ်ပျော်ပေတော့မည်။
ဤနေ့မှာ သူမဘဝအတွက် အအေးချမ်းဆုံးနေ့ပင်။ နောက်တစ်ကြိမ် ပြန်နိုးလာသည့်အခါ ခြံဝင်းထဲမှ တီးတိုးစကားသံကို ကြားလိုက်ရသည်။
"ရှောင်ဟဲ မင်းတို့က ရှေ့လျှောက် ကိုယ့်ဘဝနဲ့ကိုယ် နေကြရတော့မှာ ငါလည်း မင်းတို့ကို စောင့်ရှောက်ပေးနိုင်မှာ မဟုတ်ဘူး လိုင်တိကို ကျေးဇူးပြုပြီး သည်းခံပေးပါ သူမက ငယ်ငယ်လေးကတည်းက အလိုလိုက်ခံထားရတော့ စိတ်မရှည်တတ်ဘူး ..."
"ဟုတ်ကဲ့ ..."
ထို့နောက်တွင် သူက သူ သယ်လာသည့် ခရီးဆောင်အိတ်ထဲမှ ပစ္စည်းများကို ဆွဲထုတ်လိုက်သည်။
"ကိစ္စတွေက အလောတကြီး ဖြစ်သွားရတော့ ... ဒါ ကျွန်တော့်ရဲ့ လက်ဆောင်အသေးလေးပါ ..."
ချင်းလိုင်တိက ရယ်ချင်သွားသည်။
ဒီယောကျာ်းက မိန်းမတွေကို ဘယ်လို စိတ်ကျေနပ်အောင် လုပ်ရမယ်ဆိုတာ ကောင်းကောင်း သိတာပဲ ပြီးခဲ့တဲ့ ဘဝကလည်း ဆံပင်တွေဖြူ ခါးတွေ ကုန်းတဲ့အထိ ဉာဏ်ပညာရှိပြီး ဟာသဓာတ်ခံရှိတဲ့သူ ဖြစ်နေတုန်းပဲ သူ့ကို လေးစားအားကျတဲ့ ဆန့်ကျင်ဘက်လိင်တွေဆိုတာလည်း အများကြီးမှ အများကြီး ကောလိပ်မှာ စာသင်တော့လည်း သူ့ကို ပန်းတွေ ပန်းချီကားတွေ လက်ဆောင်ပို့ပေးတဲ့ ကျောင်းသူတွေတောင် ရှိလာသေးတယ် ...
သူမက သဝန်တိုခြင်း အလျဉ်းမရှိခဲ့။ ထို ကောလိပ်ကျောင်းသူလေးများမှာ အသိဉာဏ်ရှိသူများ ဖြစ်ကြသည့်အပြင် လောင်ဟဲထုန်ကို ရိုးရိုးသားသား လေးစားကြခြင်းသာဖြစ်ကြောင်း သိနေ၍ ဖြစ်သည်။
"နိုးလာတာနဲ့ မျောက်တစ်ကောင်လို လူးလှိမ့်နေတာ ..."
ချင်းလိုင်တိက ရပ်လိုက်သည်။ အဘွားဖြစ်သူ၏ စရိုက်အရ သူမသည် စိတ်ခံစားချက် အပြည့်ဖြင့် ဤသို့ ပြောလိမ့်မည် ဖြစ်သည်။
"သူမရဲ့ ဒီလိုစရိုက်က .. ယောကျာ်းလေးသာ ဖြစ်ခဲ့ရင် သိပ်ကောင်းမှာပဲ ..."
ကျိန်းသေပင် အဘွားအို၏ ပါးစပ်ကလည်း ထိုအတိုင်း ထွက်လာခဲ့၏။
"သူမရဲ့ ဒီလိုစရိုက်က .. ယောကျာ်းလေးသာ ဖြစ်ခဲ့ရင် သိပ်ကောင်းမှာပဲ ..."
ချင်းလိုင်တိက ပြုံးလိုက်သည်။ လူအိုကြီး၏ သားလိုချင်သည့်ဆန္ဒ မည်မျှ ပြင်းပြကြောင်း သူမတို့၏ နာမည်ကို ကြည့်ရုံဖြင့်ပင် သိနိုင်ပေသည်။
သို့သော် ဤသည်မှာ စကားအဖြစ်မျှသာပင်။ သူမကိုယ်သူမ ယောကျာ်းဆန်သည်၊ ပဒေသရာဇ်ဆန်သည်ဟု တွေးကာ ပြဿနာများစွာ ရှာခဲ့ဖူးသော်ငြား နောက်နှစ်ပေါင်းများစွာ ကြာသည့်အခါ ကြင်နာသနားမှု၊ တရားမျှတမှုနှင့် အကျင့်စာရိတ္တအကြောင်း တွင်တွင်ပြောနေသူ အချို့မှာ တစ်နေ့တာအဆုံးတွင် ပစ်ပယ်ခံရသူများ ဖြစ်ကြောင်း သဘောပေါက်ခဲ့ရသည်။
ပစ်ပယ်သူ အချို့က စိတ်သဘောထား ကျဉ်းမြောင်းကာ သူမ၏ အစ်မများမှာ ကောင်းစွာ မပြုစုတတ်သောကြောင့် စွန့်ပစ်ရသည်ဟု စောဒကတက်လာကြသည်။ သို့သော် သူမတို့၏ အဘွားသည် စားစရာ မရှိသည့် အနေအထားသို့ ရောက်ခဲ့သည့်တိုင် သူမတို့ တစ်ဦးတစ်ယောက်က်ုမှ မစွန့်ပစ်ခဲ့ချေ။ ဤနှစ်များအတွင်း သူမ သိကျွမ်းခဲ့သည့် ရွာထဲမှ မိန်းကလေး အများစုမှာ စွန့်ပစ်ခံရကာ မည်သည့်နေရာ ရောက်နေကြပြီမှန်းပင် မသိကြတော့ချေ။
"ဘယ်သူနဲ့ ပြောနေတာလဲ ..."
သူမက သိရက်နှင့် မေးလိုက်သည်။
"ရှောင်ဟဲလေ .."
ချင်းကွေ့ဟွားက တံခါးဝအကြားမှတစ်ဆင့် သူမကို မျက်စိမှိတ်ပြလိုက်သည်။
"မင်းရဲ့လူက ပြန်တော့မှာတဲ့ ထပြီး စကားနည်းနည်းပါးပါး ပြောပါလား ..."
ချင်းလိုင်တိ - "..."
ဟဲလျန်ရှန်းက အိမ်ထဲသို့ မဝင်ဘဲ တံခါးဝမှတစ်ဆင့်သာ အိမ်ထဲသို့ လှမ်းကြည့်လိုက်သည်။
"အလောတကြီး ထွက်လာရတော့ ကျွန်တော့်လက်ထဲမှာ ငွေ များများစားစား ပါမလာခဲ့ဘူး ဒါလေးကိုပဲ အရင် ယူထားပေးပါ ..."
ထို့နောက် သူက သူမတို့ သဘောတူမည်ကိုပင် မစောင့်ဘဲ အိမ်ရှေ့မှ လှည့်ထွက်သွားလိုက်သည်။
ချင်းလိုင်တိက သူမ၏ "ကြင်နာတတ်သည့် မိခင်ကောင်း ဇနီးကောင်းတစ်ဦး" ပုံရိပ်ကို ထင်ဟပ်စေမည့် စကားကောင်းအနည်းငယ် ပြောရန် တွေးထားခဲ့သော်ငြား ထင်မှတ်မထားစွာဖြင့် ထိုအမျိုးသားသည် ချာခနဲ လှည့်ထွက်ကာ မြင်းတစ်ကောင်ထက်ပင် ပိုမြန်သည့် အရှိန်ဖြင့် ပြန်သွားခဲ့သည်။
သူမသာ ပြန်လည်မွေးဖွားကာ မှတ်ဉာဏ်များ ရှိနေသေး၍ မဟုတ်ပါလျှင် ထိုသူ၏ စိတ်ရင်းအမှန်ကို မှန်းဆမိနိုင်လိမ့်မည် မဟုတ်ချေ။
ထားပါ အနာဂတ်မှာလည်း အခွင့်အရေးတွေ အများကြီး ရှိဦးမှာပါ ဘာပဲဖြစ်ဖြစ် အခု တရားဝင် လင်မယား ဖြစ်နေပြီပဲဟာ ...
"ငေးမနေနဲ့ ဘယ်သူမှ မရှိတော့ဘူး ဝက်စာကျွေးဖို့ လုပ်တော့ ..."
ထိုအခါမှ ချင်းလိုင်တိကလည်း ယမန်နေ့က ချထားသည့် အလုပ်ခွဲတမ်းများအရ သူမသည် ဝက်စာရိတ်ကာ စီရင်စုဌာနချုပ်သို့ သွားပြီး အလေးချိန် ချိန်ရမည်ဖြစ်ကြောင်း အမှတ်ရသွားတော့သည်။ အမှတ်ပေး စိစစ်သူက ညှိုးလျော် ရိနွမ်းသည်များ ပါမပါ အကဲဖြတ်ပြီးနောက် တစ်ကီလိုဂရမ် ပြည့်လေတိုင်း အလုပ်အမှတ် ၅ မှတ် ပေးမည် ဖြစ်သည်။
သူမ၏ သေးသွယ်သော လက်မောင်းနှင့် ခြေထောက်များကြောင့် အလုပ်ကြမ်းကို မလုပ်နိုင်။ ဝက်စာရိတ်သည်မှာ လွယ်ကူသည့်အလုပ်ဟု သတ်မှတ်၍ ရပေရာ မိန်းမငယ်လေး အများအပြားက ထိုအလုပ်ကို လုပ်ခွင့်ရရန် အလုအယက် ဝေစုခွဲကြရသည်။ သူတို့အားလုံး ရိတ်ပြီးသွားပါလျှင် ဝက်စာကောင်းကောင်း ကျန်တော့မည် မဟုတ်ချေ။ ထို့ကြောင့် သူမလည်း ခြင်းကို ဆွဲကာ တောင်နောက်သို့ အမြန် ပြေးသွားလိုက်တော့သည်။
ရွာအစွန်သိူ့ ရောက်သည့်အခါ အိမ်တစ်အိမ်၏ ရှေ့တွင် လူများ စုရုံးနေသည်ကို တွေ့လိုက်ရသည်။ အားလုံး၏ မျက်နှာထက်တွင် စိုးရိမ်မှုတို့ အထင်းသား ကပ်ငြိနေသည်။
"ဆက်သွယ်ပြီးပြီလား ..."
ခေါင်းဆောင်လီပန်းဖန်းက ကျယ်လောင်စွာ မေးလိုက်သည်။
"ခေါ်ထားတယ် ဒါပေမယ့် သူတို့လည်း ဒေါက်တာဟဲ ဘယ်အချိန် ပြန်လာမယ် မသိဘူးတဲ့ ..."
အားလုံး ဟင်ခနဲ ဖြစ်သွားကြတော့သည်။
"ဒါဆို ဟိုဘက်အဖွဲ့က မွေးမြူရေးသမားကရော သူ့ကိုရော တွေ့ခဲ့လား ..."
"မတွေ့ခဲ့ဘူး လေ့ကျင့်ရေးသင်တန်း သွားတာ မနက်ဖြန်အထိတောင် ပြန်မရောက်နိုင်လောက်ဘူးတဲ့ ..."
အားလုံးက ပူပန်စွာဖြင့် ခြေဆောင့်လိုက်သည်။
"ကလေးတွေက မွေးတော့မှာ ဘယ်သူက မနက်ဖြန်အထိ စောင့်နိုင်မှာတဲ့လဲ ..."
"တအားကို မွေးရခက်နေတဲ့ပုံဆိုတော့ ဒီတစ်ခါ ငါတို့တွေ ဆုံးရှုံးမှု များလိမ့်မယ် ထင်တယ် ..."
"မွေးရတာ လွယ်ပေမယ့် .. တစ်နှစ်လုံး သေချာစောင့်ရှောက်ခဲ့တာတောင် နောက်ဆုံးတော့ .. ငါတို့အဖွဲ့ကိုက ကံဆိုးတာ ထင်ပါတယ် ..."
ချင်းလိုင်တိက သဘောမပေါက်သေးသော်ငြား "မီးဖွားရခက်" ဟူသည့် စကားကို ကြားသည့်အခါ အကြံတစ်ခု ရသွားတော့သည်။
"ဦးလေး ကျွန်မ လုပ်နိုင်ပါတယ် ..."