Chapter 5
Vol. 1 Ch. 5
အားလုံးက လှည့်ကြည့်လိုက်ကြသည်။
ဟေး ဒါက နေ့ခင်းပိုင်းတုန်းကမှ လက်ထပ်ထားတဲ့ ချင်းမိသားစုက ငရုတ်ကောင်းလေး မဟုတ်လား ...
“မင်းက လုပ်နိုင်လို့လား ...”
“လိုင်တိ .. အပျော်သပ်သပ် လာလုပ်မနေနဲ့ ဒါက ပြောင်စရာ မဟုတ်ဘူး ...”
“ဟုတ်တယ် ဒီကောင်မလေးက ဆိုးလွန်းတယ် .. ငါပြောမယ် သိလား မုဆိုးမချင်းက သူမကို အရမ်းကို အလိုလိုက်လွန်းတယ်ဟ။ အနာဂတ်ကျ သူ့ယောကျာ်းအိမ်ကို ရောက်တဲ့အခါ ပိုပြီးတောင် ဆိုးလာလိမ့်ဦးမယ် ...”
ကပ္ပတိန် လီပန်းဖန်းသည် အလွန် စိတ်ဖိစီးနေခဲ့သည်။ သူက အခြားလူများ၏ အငြင်းအခုန်စကားများကြောင့် ခေါင်းကိုက်လာရတော့၏။
“သွားသွား .. ကိုယ့်အလုပ်ကို သွားလုပ်ကြ ဒီနေရာမှာ ပွဲလာကြည့်နေကြတာ မင်းတို့တွေ စားဖို့သောက်ဖို့ မလိုကြတော့လို့လား ...”
ချင်းလိုင်တိက လူအုပ်ကြားမှ တိုးထွက်လာကာ ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။
“ဦးလေး ကျွန်မက ဒေါက်တာဟဲဆီကနေ သင်ဖူးတယ် အဲဒါကြောင့် ကျွန်မကို တစ်ကြိမ်လောက် ကြိုးစားခွင့်ပေးပါ ...”
လတ်တလောနှစ်များတွင် ကြက်ငှက်တုပ်ကွေးရောဂါသည် ပိုမိုကာပင် ပြင်းထန်လာခဲ့သည်။ တပ်မဟာအသီးသီး၏ ဝက်ခြံများကို လူသူအရောက်အပေါက်နည်းသည့် တောင်နောက်ပိုင်းများတွင်သာ သီးခြား တည်ဆောက်ထားသည်။ ဝက်များ အများအပြား မွေးထားသည့်အတွက် မွေးမြူရေးသမားတစ်ဦးလည်း ကျိန်းသေ လိုအပ်လာပေတော့သည်။ ဝူလီထွင်တွင် အချိန်ပြည့် မွေးမြူရေးသမား မရှိ။ ဖျားနာသူ တစ်ဦးဦး ရှိလာလေတိုင်း နွားတင်းကုပ်မှ ဒေါက်တာဟဲက ကူညီကာ လာရောက်ကြည့်ရှုပေးလေ့ရှိသည်။
ဤနှစ်တွင် တပ်မဟာမှ ဝက်မ သုံးကောင်ကို မွေးမြူထားကာ ၎င်းတို့အနက် နှစ်ကောင်ကို သားဖောက်နှင့်ပြီး ဖြစ်သည်။ ကံဆိုးစွာဖြင့် ဒေါက်တာဟဲသည် အလုပ်ကိစ္စဖြင့် မြို့သို့ ပြန်သွားကာ အနီးအနားရှိ တပ်မဟာမှ မွေးမြူရေးသမားကလည်း လေ့ကျင့်ရေးကိစ္စအတွက် မြို့ပေါ်သို့ တက်သွားခဲ့သည်။ ထို့အတွက် သူတို့သည် မီးဖွားပေးမည့်သူကို ရှာမတွေ့နိုင်ခဲ့ချေ။
ဝက်သားပေါက်လေးများအား မီးဖွားရခြင်းမှာ ကလေးမွေးရခြင်းနှင့် မတူ၊ အကြောင်းမှာ မီးဖွားနေစဉ်အတွင်း ဝက်မသည် အလွန်အမင်း နိုးကြားခက်ထန်ကာ အရိုင်းစိတ် ဝင်နေတတ်သည့်အတွက် မွေးကင်းစ ဝက်ပေါက်ကလေးများကိုသာမက လူသားများကိုပါ သေသည်အထိ ရန်ပြုနိုင်၍ ဖြစ်သည်။
ဝက်မများကို မွေးရခြင်းမှာ သာမန်ဝက်များအား မွေးရခြင်းထက် ပိုမိုခက်ခဲပေသည်။ မွေးမြူခြင်း၊ သားဖောက်ခြင်းနှင့် မီးဖွားပေးခြင်း အစရှိသည့် လုပ်ငန်းဆောင်တာအားလုံးမှာ စွမ်းအင်များစွာ စိုက်ထုတ်ရန် လိုအပ်ကာ အကယ်၍ မီးဖွားပေးသူ၏ ညံ့ဖျင်းမှုကြောင့် ဝက်မက ဝက်ပေါက်ကလေးများကို သတ်လိုက်မိပါလျှင် ဆုံးရှုံးမှုမှာလည်း လွန်စွာ ကြီးမားပေလိမ့်မည်။
လီပန်းဖန်းအဖို့လည်း အဆောတလျင် သဘောတူလိုက်ရန် မလွယ်လှချေ။ သူက အကိုက်ခံထားရကာစ ဘယ်ဘက်လက်ကို ပွတ်သပ်ကာ မေးလိုက်သည်။
“ဒေါက်တာဟဲ .. သူ မင်းကို ဒီအကြောင်း သင်ပေးထားပြီးပြီလား ...”
အားလုံး၏ အကြည့်ကို စုပြုံလက်ခံလိုက်ရသည့်တိုင် ချင်းလိုင်တိက ကြောက်လန့်မသွား။ သူမသည် နှစ်ပေါင်းများစွာ ဆရာဝန် ဖြစ်ခဲ့ဖူးပေသည်။
“အဘိုးဟဲနဲ့ ကျွန်မက ဟိုး လွန်ခဲ့တဲ့တစ်နှစ်ကျော်က ဘေးဘက်အဖွဲ့က ဝက်မကို မီးဖွားပေးခဲ့ဖူးပါတယ် အဲဒီ့တုန်းက ကျွန်မပဲ သူ့ရဲ့ လက်ထောက်အဖြစ် ကူညီပေးခဲ့တာပါ ...”
“ဒီလိုကိုး ... ဒါပေမယ့် လိုင်တိက အခုထိ လက်မထပ်ရသေးတဲ့ အပျိုကြီးလေ။ မဟုတ်သေးပါဘူး သူမက အခုလေးတင် လက်ထပ်ပြီးသွားပြီ ...”
သူမက လက်ထပ်မှတ်ပုံတင်ကို နေ့ခင်းပိုင်းတွင် ရရှိထားကာ ထိုအမျိုးသားကလည်း နေ့ခင်းတွင်ပင် ပြန်သွားခဲ့သည်။ အားလုံးက သူမကို စာနာသနားစိတ်နှင့် လှောင်ပြောင်လိုမှုတို့ ရောယှက်ထားသည့် အကြည့်တို့ဖြင့် စိုက်ကြည့်လာတော့၏။
လီပန်းဖန်းက တုန့်ဆိုင်းနေဆဲပင်။ သို့သော် ဝမ်လီဖန်ကမူ ထပ်ပြီး စောင့်မနေနိုင်တော့။
“အပျိုကြီးတွေက မီးဖွားပေးလို့ မရဘူးလို့ ဘယ်သူပြောလဲ အမျိုးသားဆရာဝန်တွေတောင် မီးယပ်ရောဂါတွေကို ကုသနိုင်သားပဲ ...”
ကြည့်နေသူအားလုံး ရယ်မောမိသွားကြတော့သည်။ ချင်းလိုင်တိကလည်း သူမကို ကျေးဇူးတင်သည့် အကြည့်တို့ဖြင့် ပြုံးပြလိုက်သည်။ ဝမ်လီဖန်ကမူ လူစုခွဲရန် ညွှန်ကြားနှင့်ပြီး ဖြစ်သည်။
“ဘာတွေ ဝိုင်းအုံကြည့်နေကြတာလဲ ရေနွေးကျိုတဲ့သူက ကျို သကြားညိုရည် ကျိုမယ့်သူက ကျိုလေ ဝက်ပေါက်လေးတွေကို သန့်ရှင်းပေးဖို့ လုပ်ကြ။ စားတဲ့အချိန်ကျ ပြောင်းခေါက်ဆွဲတွေ ပိုထည့်ဖို့လည်း မမေ့နဲ့ဦး ...”
ချင်းလိုင်တိ လက်ဆေးပြီးသည့်အခါတွင် ဝက်ခြံတစ်ခုလုံး လူလွတ်နေကာ ချွန်ထက်သည့် နှုတ်သီးနှင့် ကြီးမားသော ဝမ်းဗိုက်တို့ကို ပိုင်ဆိုင်ထားသည့် အမည်းရောင် ဝက်မနှစ်ကောင်သာ ရှိနေတော့သည်။
သူမက ဘေးပတ်ပတ်လည်ကို ဖျတ်ခနဲ လှမ်းကြည့်လိုက်ပြီးနောက် ဝက်မ၏ နို့အုံရှိ အမှတ်များနှင့် ကောက်ရိုးပေါ်ရှိ သွေးစက်များကို အကဲခတ်လိုက်သည်။
“နာနေတာ သုံးရက်လောက် ရှိပြီလား ...”
“ဟုတ်တယ် တမြန်မနေ့ကတည်းက ညဉ်းနေတာ အစာလည်း မစားဘူး .. ငါလည်း သူတို့က မွေးတော့မှာလို့ မသိခဲ့တော့ ...”
ဝက်မများကို ကြည့်ရှုရန် တာဝန်ယူထားရသူက အနားသို့ ညင်သာစွာ ချဉ်းကပ်လာသည့် ချင်းလိုင်တိကို ပြောလိုက်သည်။ ထိုစဉ် နာကျင်မှုကြောင့် မျက်စိစုံမှိတ်ကာ ညဉ်းတွားနေသည့် ဝက်မက ချက်ခြင်း မျက်လုံး ဖွင့်ကြည့်လာကာ သူမကို မျက်စိတစ်မှိတ်အတွင်းမှာပင် အသက်ပျောက်အောင် တိုက်ခိုက်တော့မယောင် စူးစူးရဲရဲ စိုက်ကြည့်လာတော့၏။
“ဒီလောက် အကြာကြီး နာကျင်နေတာဆိုတော့ မီးဖွားရခက်တဲ့ ရောဂါများလား။ ဝက်ဖြစ်နေလို့သာပေါ့ ငါတို့လို မိန်းမတွေသာဆို အသက်နှစ်ချောင်းလုံး ဆုံးလောက်ပြီ ...”
အမျိုးသမီးကြီးက စိတ်ဖိစီးစွာဖြင့် ပြောလိုက်သည်။
“ဟုတ်တယ် မဟုတ်လား ပြီးခဲ့တဲ့နှစ်က ငါ့တူရဲ့ မိန်းမကလည်း နှစ်ရက်နဲ့ တစ်ညတောင် နာကျင်နေတာလေ ကျန်းမာရေးစင်တာကို ပို့ပေးလိုက်ပေမယ့် အဖက်မတင်ခဲ့ဘူး .. ဝဋ်ကြွေးတွေပဲ ...”
စိတ်ဖိစီးနေသော အမျိုးသမီးက မျက်ရည်စများကို သုတ်ကာ ပြောလိုက်သည်။
“ဒီနှစ် ငါတို့တွေ အသား ဘယ်နှကီလိုလောက်ပဲ ခွဲတမ်းရမလဲ မသိဘူး .... ဝက်တွေသာ အကုန် သေသွားရင် ငါတို့တွေ ဒီတစ်နှစ် ဘယ်လိုရော အသက်ဆက်ရပါ့မလဲ ...”
“ငါတို့အိမ်က ကလေးလေးကလည်း ဖျားနေတာ နည်းနည်း ကြာနေပြီလေ သူက ဝက်သားစားချင်လို့နဲ့ ခဏခဏ ပူဆာနေတာ အဲဒါ တရုတ်နှစ်သစ်ကူးမှ စားပါကလေးရယ်ဆိုပြီး မနည်း ချော့ထားရတယ် .. အိုက်ယား သနားစရာ ကောင်းလိုက်တဲ့ ငါ့ကလေးလေး ...”
ရဲရဲတင်းတင်း ပြောလိုက်သူ အချို့လည်း ရှိနေသေးသည်။
“ဘာတွေ ကြောက်နေတာလဲ မီးမဖွားနိုင်လို့ သေရင်တောင် ဝက်မကြီးကို စားလို့ ရတာပဲဟာ ပြီးတော့ ကံကောင်းရင် မြေမနင်းသားလေးတွေပါ စားချင် စားနိုင်မှာ ...”
“ရှက်စရာ ကောင်းလိုက်တာ ...”
ထိုသို့ ပြောလိုက်သည့်တိုင် စိတ်ထဲတွင်မူ မျှော်လင့်နေဟန်ဖြင့် တံတွေးမျိုချကာ ဝက်မကြီးကို စိုက်ကြည့်နေလိုက်သည်။
“ဟေး .. အဒေါ်သုံး .. စားရမယ်ဆိုတဲ့အချိန်ကျ အဒေါ် တကယ် စားမစား ကျွန်တော် စောင့်ကြည့်နေမှာနော်။ တကယ်လို့ မစားချင်ရင်လည်း အဒေါ့်ရဲ့ ဝေစုကို ပေးလိုက်လေ ဟုတ်ပြီလား ...”
အားလုံးက တစ်ယောက်တစ်ခွန်း စကားများနေကြသည့်အတွက် ဝက်မကြီး၏ ဗိုက်နှင့် ခါးကို အကြိမ်အနည်းငယ်ခန့် ဖိနှိပ်ကြည့်နေသော ချင်းလိုင်တိ၏ လျှပ်စီးထက်ပင် ပိုမိုမြန်ဆန်သည့် လုပ်ရပ်များကို မမြင်လိုက်ကြချေ။ သူမကို မာန်ဖီနေသည့် ဝက်မကြီးကလည်း အစွယ်များကို ချက်ခြင်း ပြန်ရုတ်လိုက်ကာ ညဉ်းတွားသံများမှာလည်း သိသိသာသာပင် တိုးသွားတော့သည်။
ဝမ်လီဖန်က ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ပြီးနောက် ကျားမြီးဆွဲရန် ကြံနေသူကို တွေ့လိုက်သည်။
“ဟိတ် .. ကောင်မလေး ...”
စကား မဆုံးသေးခင်မှာပင် ချင်းလိုင်တိက ဝက်၏ ခါးကို နောက်ထပ် နှစ်ကြိမ်ခန့် ဖိလိုက်ပြန်၏။ ဝက်မကြီးကလည်း လူသားတစ်ဦးအလား သူမ၏ ဘေးနားသို့ လှဲချကာ ချင်လိုင်တိ၏ အကူအညီကို လက်ခံခွင့်ပြုလိုက်သည်။
ထိုစဉ် “ဟေး” ဟူသော အသံ ထွက်ပေါ်လာကာ ကြည့်နေသူအားလုံး မျက်လုံးပြူးသွားတော့သည်။
“လိုင် .. လိုင်တိ .. မင်းက ဘယ်ကလဲ ...”
ထိုသူ၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ပြီးနောက် အားလုံးသည် နက်ပြာရောင် အရာတစ်ခုကို တိတ်တဆိတ် ဆွဲထုတ်လာသည့် ချင်းလိုင်တိကို မြင်သွားကြတော့သည်။
“ဝက်ပေါက်ကလေး ...”
မွေးဖွားရာတွင် ခက်ခဲမှုကြောင့် ဝက်ပေါက်ကလေးများသည် အောက်စီဂျင် ပြတ်လပ်ကာ အသက်ရှူကြပ်သည့် ဝေဒနာကို ခံစားနေကြရသည်။ သို့သော် အင်မတန် အသက်ပြင်းသည့် အကောင်များ ဖြစ်သည့်အလျောက် ဝမ်းဗိုက်ထဲမှ ဆွဲထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် ချက်ခြင်း လှုပ်ရှားလာကြတော့၏။
ချင်းလိုင်တိက အရိုးကို မထိခိုက်စေဘဲ ရင်ညွှန့်ရိုးကို ဖိကာ နှလုံးကို နှိုးဆွလိုက်သည်။ မပြင်းလွန်း မပေါ့လွန်းသည့် အားကို ထုတ်သုံးရန်မှာ စင်စစ်အားဖြင့် အခက်ခဲဆုံး ထိန်းချုပ်မှုတစ်ရပ် ဖြစ်ပေသည်။ သူမက ဝက်ပေါက်လေးများထံမှ အသံထွက်လာသည်အထိ ဆက်တိုက် ဖိနေလိုက်၏။
ထို့နောက်တွင် အားလုံးသည် ဝက်ပေါက်ကလေးများအား တစ်ကောင်ပြီးတစ်ကောင် စိတ်အေးသက်သာစွာဖြင့် ဆွဲထုတ်လာသော ချင်းလိုင်တိကို မြင်တွေ့လိုက်ကြရတော့သည်။
“ဝက်ပေါက်ကလေးတွေ ...”
“အကုန် ရှင်တယ်ဟ ...”
ထိုသို့ဖြင့် ပန်းရောင်သမ်းကာ နူးညံ့နေသည့် မွေးကင်းစ ဝက်ပေါက်လေး ရှစ်ကောင်ကို သန့်ရှင်းရေး လုပ်ပေးကာ ဝက်မကြီး၏ ဘေးတွင် အစဉ်လိုက် နေရာချထားပေးလိုက်သည်။ ဝမ်လီဖန်နှင့် လီပန်းဖန်းတို့မှာ ချင်းလိုင်တိအား သူမ၏ မီးဖွားခြင်းနှင့် ပတ်သက်သည့် ကျွမ်းကျင်မှုအပေါ် မေးခွန်းပင် မထုတ်ရဲကြတော့။ ဝမ်းသာလုံးဆို့နေသည့်အတွက် ပြောစရာစကားပင် ရှာမရတော့ချေ။
“ဒီလောက်တောင် အများကြီး မွေးလာတာလား ...”
“တစ် နှစ် သုံး ... ခုနစ် ရှစ် ..ရှစ် .. ရှစ်ကောင်တောင် .. ရှစ်ကောင်ကြီးတောင်တဲ့လား ...”
သူက မြည်တမ်းလိုက်သည်။
လက်ရှိကာလ၌ ပြည်သူများထံတွင် စားစရာသောက်စရာ အလုံအလောက် မရှိ၊ အာဟာရ ဖြစ်စေသည့် အသားငါး ဟူ၍လည်း ကောင်းကောင်းမွန်မွန် မစားရချေ။ ဝက်ပေါက်ရှစ်ကောင်ဟူသည့် ပမာဏမှာ အလွန်များပြားသည်ဟုပင် ဆိုနိုင်ပေသည်။ ထို့အပြင် ဤဝက်မကြီးမှာ ယခုမှ ပထမဆုံး သားပေါက်ခြင်း ဖြစ်ပေသည်။
ချင်းလိုင်တိကမူ ပျော်မနေ။ သူမက မျက်မှောင်ကြုတ်ကာ ဝက်မကြီး၏ ခါးကို အကြိမ်အနည်းငယ်ခန့် ဖိကြည့်လိုက်သည်။
“နှစ်ကောင် ကျန်နေသေးတယ် အခုထိ ထွက်မလာသေးဘူး ...”
အားလုံး ကြောင်အသွားကြ၏။
“သေချာလို့လား ...”
ချင်းလိုင်တိက စကားတစ်ခွန်းမှ မဆို၊ မီးဖွားခြင်းတွင်သာ ဆက်ပြီး အာရုံစိုက်နေလိုက်သည်။
လက်ရှိကာလ၌ တပ်မဟာများသည် ဝက်ပေါက်ကလေးများ လျှောက်ထားရန် နွေဦးပေါက်ချိန်တိုင်း ကောင်တီသို့ သွားရကာ ၎င်းတို့ကို နှစ်ကုန်အထိ မွေးမြူထားရသည်။ အဖွဲ့ဝင်များအတွက် ဝက်ပေါက်များ အပို မွေးချင်သူများကမူ ဝက်မကြီးများ ရှိနေသည့် တပ်မဟာသို့သွားကာ ၎င်းတို့ကို ဈေးကြီးပေးကာ ဝယ်ယူကြရသည်။ သို့ဖြစ်ရာ .. ဝက်ပေါက် ရှစ်ကောင် .. မဟုတ်သေးဘူး .. ဆယ်ကောင်ဟူသော ပမာဏမှာ သူတို့အတွက်မူ ကြီးစွာသော ကံကောင်းခြင်းပင် ဖြစ်သည်။
အလဲအလှယ် မလုပ်ဘဲ ကိုယ့်အဖွဲ့ထဲတွင်ပင် ဆက်ပြီး မွေးမြူထားမည် ဆိုပါလျှင်လည်း သူတို့ထံတွင် ဝဝဖီးဖီး ဝက်ကြီး ဆယ်ကောင် ရလာမည် ဖြစ်သည်။ ဝက်ပေါ်ကာ အသားများကို အညီအမျှ ဝေမျှလိုက်ပါလျှင် အိမ်တိုင်း အိမ်တိုင်း စိတ်တိုင်းကျ ဝလင်စွာ စားနိုင်မည် ဖြစ်သည်။ နှစ်သစ်ကူးနေ့၌ ဖက်ထုပ်ကို သုံးကြိမ်ဆက်တိုက် စားနိုင်တော့မည် ဖြစ်၏။
ဒီနှစ်တော့ ဝူလီထွင် တပ်ဖွဲ့တွေ ဂုဏ်ယူရတော့မယ့် အချိန်ပဲ ...
ဤသည်မှာ ခန့်မှန်းခြေသာ ရှိသေးသည်။ ချင်းလိုင်တိ ပြောသည့် ဝက်ပေါက် ၁၀ ကောင် ဟူသည်မှာ ဝက်မကြီး တစ်ကောင်တည်းက မွေးလာသည့် ပမာဏသာ ရှိသေးသည်။ ဘေးခြံထဲ၌ နှစ်ရက်ဆက်တိုက် ညဉ်းတွားနေသည့် နောက်ထပ် ဝက်တစ်ကောင် ရှိသေး၏။
ထိုသို့ဖြင့် နေ့ခင်းပိုင်းတွင် ဝက်မနှစ်ကောင်မှ ဝက်ပေါက်လေး အကောင် ၂၀ ကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့သည်။ အကောင်ပေါက်ကလေးများမှာ ပိန်လှီကာ အရောင်မှာလည်း မွဲခြောက်နေသည့်တိုင် .. အသေအပျောက် မရှိဘဲ မွေးဖွားနိုင်ခဲ့သည်။
ချင်းလိုင်တိကမူ ခါးကိုပင် ဆန့်မထားနိုင်တော့။ ဝက်ခြံ၏ နံရံကို မှီကာသာ ထိုင်နေလိုက်တော့သည်။
“ဦးလေး .. အဒေါ် .. ဒီ ဝက်သားပေါက် နှစ်အုပ်ကို သီးခြားစီ ထားမှ ရမယ်နော် ပြီးတော့ ညပိုင်းကျရင် သူတို့ကို တစ်ယောက်လောက် အစာကျွေးပေးရမယ်။ တွေ့လား ဝက်မကြီးက ဝက်ပေါက်လေးတွေကို နို့တိုက်နေပြီ ...”
လီပန်းဖန်းနှင့် ဝမ်လီဖန်တို့မှာ ယခုအချိန်အထိ မယုံနိုင်သေး။ သူတို့က ဒေါက်တာဟဲသည် မြို့ကြီးရှိ ဆေးရုံကြီးမှ ရောက်လာခဲ့သူဟု ခံစားမိနေကြဆဲ ဖြစ်သည်။
သူက အကြိမ်လေး နည်းနည်းလောက်ပဲ သင်ပေးရုံနဲ့တင် ဒီလိုမျိုး တော်တဲ့ တပည့်တစ်ယောက် မွေးထုတ်ပေးနိုင်တယ်ပေါ့ .. သူသာ ငါ့ကို သင်ပေးရင် .. ငါလည်း အံ့ဖွယ်သမားတော်တစ်ယောက် ဖြစ်လာနိုင်လောက်လား ...
“မင်းက အရင်ဆုံး အိမ်ပြန်ပြီး နားလိုက်ပါဦး ပြီးမှ ဒီဝက်ပေါက်တွေကို ဘယ်သူတွေ မွေးမလဲ ဆိုတာကို တပ်မဟာ အကြီးအကဲတွေနဲ့အတူ တိုင်ပင်ကြတာပေါ့ ...”
အိမ်တွင် ချင်းကွေ့ဟွားက သတင်းဖြန့်ရန် ပြန်ရောက်လာသည့် ကောင်တီအဖွဲ့ဝင်တစ်ဦးထံမှ မြေးမဖြစ်သူ၏ ပြောင်မြောက်လှသော စွမ်းဆောင်မှုကို နားထောင်နေခဲ့သည်။
“တကယ်ပါပဲ ငါ နင့်ကို ဒေါက်တာဟဲဆီကနေ သင်ယူပါလို့ ခဏခဏ မပြောခဲ့ဘူးလား ...”
ချင်းကွေ့ဟွားသည် သူမ၏ ရည်ရွယ်ချက်ကို ဘယ်သောအခါကမှ ဖုံးကွယ်မထားချေ။ ထိုအချိန်က သူမ၏ မိသားစုတွင် စားစရာပင် အလုံအလောက် မရှိခဲ့ချေ။ နွားတင်းကုပ်ရှိ ထိုလူအိုကြီးထံ စားသောက်စရာများ ဝေမျှပေးခြင်းမှာ အမှန်တကယ် ကြင်နာတတ်သောကြောင့်လေလား ... စင်စစ်အားဖြင့် သူမသည် ထိုလူအိုကြီးထံ၌ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုများ ရှိနေကြောင်း သိထားသည့်အတွက် သူမ၏ မြေးမများ ထိုသူ့ထံမှ သင်ယူနိုင်စေရန် အလိုငှာ ထိုလူအိုကြီးအတွက် စားသောက်စရာများ သွားပေးခိုင်းခဲ့ခြင်း ဖြစ်သည်။
ပထမဦးဆုံး သွားခဲ့သူမှာ အိုက်လန်ဖြစ်သည်။ သို့သော် သူမသည် အရွယ်ရောက်ပြီးသူတစ်ဦး ဖြစ်သည့်အတွက် မျက်နှာအပျက်မခံလိုသောကြောင့် တစ်ခေါက်သာလျှင် သွားခဲ့၏။
ထိုသို့ဖြင့် ချင်းကွေ့ဟွားသည် ဉာဏ်အကောင်းဆုံး ယိုတိကို လွှတ်ခဲ့သည်။ သို့သော် ထိုမိန်းကလေးကလည်း သင်ယူခြင်း မပြုဘဲ ပုန်းရှောင်ထွက်ပြေးနေခဲ့သည်။ သူမက နွားတင်းကုပ်ထဲတွင် ပုန်းကာ ပုရစ်ကောက်နေတတ်ပြီး တစ်ခါတစ်ရံတွင်မူ ကြိုးခုန်တမ်း ဆော့နေခဲ့သည်။ ချင်းကွေ့ဟွားက သူမကို ကြိမ်ဖန်များစွာ လိုက်ရှာခဲ့ရကာ သင်ယူလိုခြင်း မရှိကြောင်း သိလိုက်ရသည့်အတွက် အဆိုးဆုံး တတိယမိန်းကလေးကိုသာ လွှတ်လိုက်ရတော့သည်။
“အဲဒီ့အချိန်တုန်းက မင်းက ၁၀ နှစ်တောင် မပြည့်သေးဘူးလေ ငါ သွားခိုင်းတာကိုလည်း မသွားဘူး အရမ်းကို ခေါင်းမာခဲ့တာ .. ဖင်ကို ကြိမ်နဲ့ရိုက်ပြီး အတင်း တွန်းပို့ခဲ့တာ ကျေးဇူးတင်ရမယ် ...”
ထိုအချိန်က ဖြစ်ခဲ့သည်များကို ပြန်တွေးကြည့်ပြီးနောက် အဘွားအိုသည် ရယ်မောမိသွားတော့သည်။
“ဒါနဲ့ ဒေါက်တာဟဲကို ကားနဲ့ လာခေါ်သွားကြတာ ၂ လတောင် ရှိပြီ မဟုတ်လား သူ ဘယ်အချိန်များ ပြန်လာမလဲ မသိဘူးနော် ...”
ချင်းလိုင်တိက ခေါင်းကိုသာ ယမ်းပြလိုက်သည်။ အတိတ်ဘဝက သူမ၏ မှတ်ဉာဏ်များအရ မစ္စတာဟဲသည် ခေါင်းဆောင်ကြီးအတွက် အလုပ်လုပ်ပေးနေသည့် မြို့တော်မှ ဆရာဝန်နှင့် တွေ့ဆုံရန် ခေါ်သွားခြင်း ခံခဲ့ရသည်။ အနာဂတ်တွင် သူသည် ခေါင်းဆောင်ကြီး၏ အနီးကပ် ဆရာဝန်တစ်ဦး ဖြစ်လာကာ ပြည်သူများအကြားတွင် “ တော်ဝင်သမားတော်ချုပ်” ဟု ကျော်ကြားလာတော့သည်။
ဒီလိုလူမျိုးက ဘယ်လိုလုပ် တောကြိုတောင်ကြားကို ပြန်လာပါတော့မလဲ ...
ဒေါက်တာဟဲ၏ အမည်ရင်းမှာ ဟဲလီပိုင်ဖြစ်သည်။ သူသည် တရုတ်တိုင်းရင်းသမားတော် မိသားစုမှ ဆင်သက်လာသူ ဖြစ်ကာ ပေကျင်းမြို့တွင် နှစ်ပေါင်းများစွာကြာ ဆေးပညာကို သင်ယူခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံခေတ်တွင် သူသည် ပီကင်းနှင့် ရှန်ဟိုင်း ဆေးပညာကောလိပ်တို့၏ ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ လွတ်မြောက်ရေးကာလအလွန်တွင် ပေကျင်းဆေးရုံ၌ စစ်မှုထမ်းဟောင်းများ၏ ကျန်းမာရေး စောင့်ရှောက်မှုအတွက် တာဝန်ယူ ကုသပေးခဲ့ရသည်။
ဟဲမိသားစုသည် မျိုးရိုးစဉ်ဆက် ဆေးပညာဖြင့် အသက်မွေးခဲ့ကြသူများ ဖြစ်သည့်အပြင် ငွေကြေးပမာဏ အနည်းငယ်နှင့် မြေယာအများအပြားကိုလည်း စုဆောင်းထားခဲ့ကြသည့်အတွက် ၁၉၆၆ ခုနှစ်တွင် သူသည် ပညာတတ်လူအိုကြီးများအနက် တိုးတက်ပြောင်းလဲလာသူ အုပ်စုတွင် ပထမဆုံးအသုတ်အဖြစ် ပါဝင်ခဲ့သည်။
ချင်းလိုင်တိသည် ထိုလူအိုကြီးထံမှ ဆေးပညာကို စတင် လေ့လာခဲ့စဉ်က အဘွားဖြစ်သူ၏ အရိုက်ခံရမည်ကို ကြောက်လန့်စိတ်ကြောင့် လာရောက်ပုန်းရှောင်ခဲ့ရင်း ထိုအဘိုးအိုက သူမကို အသီးချိုချဉ်၊ ခဲဖျက်၊ ခဲတံ အစရှိသည့် လက်ဆောင်အသေးအမွှားလေးများ ပေးတတ်သည့်အပြင် မျက်လှည့်ပြကွက်များလည်း ပြတတ်သောကြောင့်သာ လာခဲ့ခြင်း ဖြစ်သည်။ သူမက သူ သင်ပေးသည့် ဆေးဘက်ဝင် အပင်များနှင့် ၎င်း၏ ဂုဏ်သတ္တိများကို ကျက်မှတ်ကာ အလွတ်ဆိုပြနိုင်လေတိုင်း “အပိုဆု” အနည်းငယ် ရလေ့ရှိခဲ့သည်။
ထိုအချိန်က သူမ သင်ယူခဲ့သည့် လှည့်ကွက်အနည်းငယ်အပေါ် အခြေခံကာ လူအများ လေးစားရသည့် အလုပ်အကိုင်တစ်ခုကို အမှန်တကယ် ပိုင်ဆိုင်ရလိမ့်မည်ဟုတော့ မည်သူကမှ ထင်မှတ်မထားကြချေ။
သို့သော် ကံမကောင်းစွာဖြင့် သူမက တန်ဖိုး မထားခဲ့ချေ။ ထို့ကြောင့် နောက်ပိုင်းတွင် ဟဲလီပိုင်က သူမ၏ လိပ်စာကို ရှာတွေ့ကာ သူမထံ အလည်လာရောက်ခဲ့သည့်တိုင် သူမထံတွင် သူ့ကို ထွက်တွေ့ရန် သတ္တိမရှိခဲ့ချေ။
ခေါင်းတစ်ခုလုံး ဖွေးဖွေးဖြူနေသည့် အဘိုးအိုက သက်ပြင်းချကာ ယွမ်နှစ်ရာတန်ကို အသာချ၍ လန်ဟဲမြို့မှ စိတ်ပျက်လက်ပျက်ဖြင့် ပြန်ထွက်သွားခဲ့ရသည်။
ထိုအချိန်မှစ၍ သူမ၏ နှလုံးသားထဲတွင် အပြစ်ရှိစိတ်တို့ အမြစ်တွယ်လာကာ ပြန်လည်မွေးဖွားခွင့်ရလိုစိတ်များ ဖြစ်ပေါ်လာတော့သည်။