← Chapters

Chapter 6

Vol. 1 Ch. 6

Chapter 6

Vol. 1 Ch. 6

နောက်တစ်နေ့မနက် အစောပိုင်း၌ ...

ချင်းလိုင်တိ မနက်စောစော မထနိုင်သည်မှာ ဤသည်က ပထမဆုံးပင် ဖြစ်သည်။ သူမ၏ စိတ်ထဲတွင် အကျွမ်းတဝင် ရှိနေသည့် နေရာသို့ ပြန်ရောက်သွားသယောင် ဝိုးတဝါး ခံစားမိနေခဲ့၏။ ပြတင်းပေါက် အပြင်ဘက်ရှိ သစ်တော်ပင်ကြီးက လေယူရာ ယိမ်းနွဲ့ကာ သစ်ရွက်အချင်းချင်း ပွတ်တိုက်သံဖြင့် မနက်ခင်းကို ကြိုဆိုနေပေသည်။

“ဘာလို့ မထသေးတာလဲ .. တတိယအစ်မ ...”

ထိုစဉ် တံခါးဝအကြားမှ ကျစ်ဆံမြီးအသေးလေးနှစ်ခု စည်းထားသည့် ဝိုင်းစက်သော မျက်နှာလေးတစ်ခု ထွက်ပေါ်လာသည်။

ချင်းလိုင်တိက မျက်လုံးကို အမြန် ပွတ်သပ်လိုက်၏။ သူမ၏ ပြန်လည်မွေးဖွားလာမှုမှာ အစစ်အမှန် ဖြစ်သည့်ဟန်ပင်။ သူမသည် လောင်ဟဲထုန်ထံမှ အကူအညီကို စောင့်မျှော်နေရသည့် မိန်းမအိုကြီး မဟုတ်တော့။ ထို့နောက် သူမက မျက်လုံးကို မှေး၍ စိုက်ကြည့်ကာ မေးလိုက်သည်။

“ဖန်တိလား ...”

ထိုမိန်းကလေးသည် မနေ့ညက အိမ်ပြန်မလာခဲ့။ သူမတို့ကျောင်းက စိုက်ပျိုးရေး လုပ်ငန်းခွင်အကြောင်း ပိုမိုသိရှိနိုင်ရန်အတွက် စိုက်ခင်းများသို့ လေ့လာရေးခရီးတစ်ခု စီစဉ်ပေးခဲ့ရာ သူမသည် မနက်လင်းမှသာ ခရီးမှ ပြန်ရောက်ခဲ့သည်။ ထို့နောက်တွင် အတန်းအချို့ခန့် ဆက်ပြီး တက်ခဲ့ရသေးသည်။ ကျောင်းသားအားလုံးသည် ဆောက်လုပ်ရေးနှင့် စိုက်ပျိုးရေး ပညာရပ်ကို လေ့လာနေကြသူများ ဖြစ်သည့်အတွက် အိမ်နှင့် ခွဲနေရသည့် ကာလများတွင် စားသောက်ရန် အခြောက်အခြမ်းနှင့် အိပ်ယာခင်းများကို ကိုယ်စီ ယူဆောင်ခဲ့ရသည်။

မိန်းကလေးမှာ အနည်းငယ် အံ့အားသင့်နေသည့်ဟန်ပင်။ သူမ၏ တတိယအစ်မသည် ယခင်နေ့များနှင့် မတူ၊ အနည်းငယ် ထူးခြားနေသည်ဟု ခံစားမိနေ၏။ သူမနှင့် မတွေ့ရတော့သည်မှာ ကာလများစွာ ကြာမြင့်နေသယောင် စိတ်ထဲတွင် အနည်းငယ် စိမ်းသက်နေကာ ချက်ခြင်းပင် မမှတ်မိနိုင်ခဲ့ချေ။

“ဒီမှာ ဝက်သားနို့ဆန်ပြုတ် ...”

ဆန်ပြုတ်ဟု ခေါ်ဝေါ်နေသည့်တိုင် ၎င်းမှာ စင်စစ်အားဖြင့် ဆန်ကွဲနှင့် ကန်စွန်းဉအနည်းငယ် ထည့်ကာ ကျိုထားသည့် “ဟော့ကောပေါ့ကော” မျှသာ ဖြစ်ပေသည်။ ဆန်တစ်စေ့မျှပင် မပါရှိသည့်အတွက် အစာအိမ်ထဲတွင် ကောင်းစွာ ကပ်ငြိနေလိမ့်မည် မဟုတ်ချေ။

ချင်းလိုင်တိက ဖန်တိ၏ နူးညံ့လုံးဝိုင်းသော ခေါင်းသေးသေးလေးကို ချစ်စနိုးဖြင့် ပွတ်သပ်လိုက်သည်။ သူမသည် အသက် ၉ နှစ်ခန့် ရှိနေပြီ ဖြစ်သော်ငြား ကာလရှည်ကြာ အာဟာရ ပြတ်လပ်ခဲ့မှုကြောင့် ၆ နှစ် ၇ နှစ်အရွယ်ဟုသာ ထင်ရသည်။ ငယ်သွားပင် မလဲသေးသည့်အတွက် ဟမ်းစတားတစ်ကောင်အလားပင်။

သူမ၏ မိခင်သည် သားဖြစ်သူကို မွေးနေစဉ် မီးဖွားရ ခက်ခဲမှုကြောင့် သားအမိနှစ်ယောက်လုံး သေဆုံးခဲ့ရသည်။ ဖန်တိသည် သူမတို့နှင့် သွေးသား မတော်စပ်၊ နှင်းမုန်တိုင်း ကျဆင်းသည့် တစ်နေ့၌ ချင်းကွေ့ဟွားက သူမကို တောင်တက်လမ်း တစ်နေရာမှ ခေါ်လာခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ဖန်တိသည် အအေးဒဏ်ကြောင့် တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေကာ ဝဝလင်လင် အသက်ရှူနိုင်ရန်ကိုပင် မနည်း ကြိုးစားခဲ့ရသည်။ နှစ်ပေါင်းများစွာကြာ ပြုစုစောင့်ရှောက်မှု အပြီးတွင်မူ သူမထံ၌ ချင်းမိသားစု၏ ဝိသေသလက္ခဏာတစ်ခု ဖြစ်သော မျက်လုံးဝိုင်းကြီးများ ပေါ်ထွက်လာတော့၏။

ဖန်တိဟူသော အမည်ကမူ ... ချင်းကွေ့ဟွားသည် ထိုနာမည်အား သူမဘဝတစ်လျှောက်လုံး စွဲလမ်းနေခဲ့ဟန်ပင်။

ချင်းလိုင်တိက သူမ၏ မျက်လုံးဝိုင်းကြီးများကို စိုက်ကြည့်လိုက်သည်။ ဖန်တိသည် သူမမျက်နှာ၏ သုံးပုံတစ်ပုံခန့်အထိ ကြီးမားသည့် မျက်လုံးဝိုင်းကြီးများကို ပိုင်ဆိုင်ထားသော်ငြား ကံဆိုးစွာဖြင့် ၎င်းတို့သည် သာမန်ကလေးများကဲ့သို့ သက်ဝင်ကြည်လင်နေခြင်း မရှိချေ။

ရွာသားများက ထိုကောင်မလေး၏ မျက်လုံးမှာ အမြဲလိုလို မှုန်ရီနေသည်ဟု ပြောကြကာ သူမကလည်း မည်သူ့ကို မဆို မျက်လုံးကို စွေစောင်း၍သာ ကြည့်လေ့ရှိသည်။ အထူးသဖြင့် မှောင်စပျိုးလာသည့် အချိန်များတွင် မည်သည့် အရာကိုမှ ရှင်းရှင်းလင်းလင်း မမြင်ရတော့ချေ။ သူမကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကိုယ် ခေါင်း သိပ်မကောင်းဟု ခံယူထားသူ ဖြစ်ပေသည်။

သို့သော် ဖန်တိမှာ အမှန်တကယ် ထုံထိုင်းနေသူ မဟုတ်ချေ။ အလွန် ဉာဏ်ကောင်းသည်ဟုပင် သတ်မှတ်၍ ရသူတစ်ဦး ဖြစ်ပေသည်။ ရက်အနည်းငယ်ခန့်သာ အတန်းတက်ရသည့်တိုင် အမြဲလိုလို သင်္ချာတွင် အမှတ်ပြည့် ရတတ်၏။ ဂျူနီယာ အထက်တန်းကျောင်းတွင်ပင် ဓာတု၊ ရူပနှင့် ဇီဝ ဘာသာရပ်များ၌ အမှတ်ပြည့် ရတတ်ကာ မူလတန်းတွင်လည်း ထိပ်တန်းကျောင်းသားတစ်ဦး ဖြစ်ခဲ့ဖူးပေသည်။

ချင်းလိုင်တိသည် သူမ ဆရာဝန် ဖြစ်လာကာမှ ဖန်တိ၏ ရောဂါသည် ဖြစ်လေ့ဖြစ်ထရှိသည့် ညပိုင်းအချိန် ယာယီ အမြင်ချို့ယွင်းမှုဖြစ်ကြောင်း သိခဲ့ရသည်။ ရွာသားများက ထိုအကြောင်းနှင့် ပတ်သက်၍ များများစားစား မသိကြသည့်အပြင် အထူးတလည်လည်း အရေးမထားခဲ့ကြချေ။ ထို့ကြောင့် သူမသည် အသက် ၃၀ မတိုင်မီတွင်ပင် မျက်စိတစ်ဖက် အမြင်ကွယ်သွားကာ အဝေးမှုန် ညာဘက်မျက်လုံး တစ်ဖက်ဖြင့်သာ မနည်း ကြိုးစားရှင်သန်ခဲ့ရသည်။

ချို့ယွင်းသည့် အမြင်အာရုံကို ပိုင်ဆိုင်ထားရရှာသည့် ချင်းဖန်တိသည် မိဘလည်း မရှိ၊ သူမ၏ အနောက်တွင် အဘွားအိုတစ်ဦးကလည်း တရွတ်ဆွဲ ပါလာသေးရာ သူမက အခြားလူများကို ဒုက္ခမပေးလိုတော့သည့်အတွက် အဘွားဖြစ်သူ မျက်စိမမှိတ်နိုင်ခင်အထိ လက်ထပ်ထိမ်းမြားခြင်း မပြုခဲ့ချေ။ ထို့နောက်တွင် အနီးအနားရှိ ဘိုးဘွားရိပ်သာတစ်ခုသို့ သွားရောက်ကာ ကမ္ဘာမြေပေါ်မှ ပျောက်ကွယ်သွားချိန်အထိ ထိုရိပ်သာတွင်သာ နေထိုင်ခဲ့သည်။

“တတိယအစ်မ ဘာဖြစ်လို့လဲ ...”

ဖန်တိက အကျင့်ပါနေသည့်အတိုင်း မျက်စိကို စွေကြည့်လျက် သူမကို မေးလိုက်သည်။

“ဘာမှ မဖြစ်ပါဘူး ငါတို့ရဲ့ စတုတ္ထလေးကို လွမ်းလို့ပါ ...”

ဖန်တိက သူမ၏ စကားကို မယုံ၊ နှာခေါင်းရှုံ့ပြလိုက်ကာ အတော်ကြာ အတွေးလွန်နေပြီးကာမှ လူကြီးတစ်ဦးသဖွယ် ခေါင်းငြိမ့်ပြလိုက်သည်။

“ကြည့်ရတာ တတိယအစ်မက အိမ်ထောင်ကျပြီးမှ ပိုပြီး သိတတ်လာသလိုပဲ ...”

ဒီလက်ထပ်ပွဲက ဘာအသိဉာဏ်မှ မရှိတဲ့ လူနှစ်ယောက် လက်ထပ်တဲ့ပွဲ ထင်ပါတယ်လေ ...

“ကောင်မလေး .. ဒီလောက်အထိ ခေတ်နောက်ကျနေတဲ့ စကားတွေကို ဘယ်ကများ သွားသင်ထားလဲ ဟမ် ... ဒါနဲ့ ငါတို့အိမ်က ဆန်ကုန်သွားပြီလား ...”

အမှန်အတိုင်း ပြောရပါလျှင် အပြစ်တင်ရမည့်သူထဲ၌ သူမလည်း ပါဝင်ပေသည်။ အတိတ်ဘဝတွင် ကျောက်မိသားစုက လက်ထပ်မှတ်ပုံတင် ယူပြီးနောက် သူမထံသို့ ဆန်နှင့် ခေါက်ဆွဲများ အများအပြား ပို့ပေးခဲ့သည်။ ထို့အပြင် မစ္စစ်ကျောက်ကလည်း သူမကို မြို့ပေါ်သို့ ခေါ်သွားကာ အဝတ်အစား အသစ်နှစ်စုံ ချုပ်ပေးခဲ့သေး၏။

လက်ထပ်ရတော့မည့် ပျော်ရွှင်မှုများအကြား နစ်မြောနေသည့်အတွက် သူမ၏ မိသားစုအား အာရုံစိုက်ရန် မေ့လျော့နေခဲ့မိသည်။ စစ်တပ်ထဲသို့ လိုက်သွားပြီး နောက်တွင်လည်း သူမသည် အိမ်သို့ တစ်နှစ်လျှင် နှစ်ကြိမ်ပင် ပြန်မလာနိုင်တော့ချေ။ ပြန်လာချိန်တိုင်းလည်း အဘွားက စားစရာသောက်စရာ အလုံအလောက် ရှိပါသည်ဟုသာ ပြောနေတတ်သဖြင့် သူမသည် ထိုအကြောင်းနှင့် ပတ်သက်ပြီး များစွာ စိတ်မပူမိခဲ့ချေ။

ယခုမူ သူမသည် မိသားစု၏ ကျောထောက်နောက်ခံ ဖြစ်သည့်အတွက် အဘွားနှင့် စတုတ္ထလေးအား ဗိုက်ဟောင်းလောင်း ဖြစ်စေတော့မည် မဟုတ်ချေ။

ဖန်တိက အနည်းငယ် နားလည်ရခက်နေသည့်ဟန်ပင်။

“ဆန်အိုးကဖြင့် ဟောင်းလောင်းဖြစ်နေတာ ကြာလှပြီကို အစ်မ မသိဘူးလား။ ပြီးခဲ့တဲ့ အခေါက်တုန်းက ဒုတိယအစ်မကို စားစရာ နည်းနည်းပါးပါး ယူလာဖို့ ပြောလိုက်သေးတယ် ကြည့်ရတာ သူမလည်း မေ့နေတာ ထင်တယ် ...”

လက်ရှိ ချင်းမိသားစု၏ အခြေအနေမှာ အလုပ်ရမှတ် လိုအပ်သော်လည်း အလုပ်ရမှတ် မရှိ၊ ငွေလိုသော်လည်း ငွေ မရှိသည့် အခြေအနေ ဖြစ်ပေသည်။ သူမတို့သည် တစ်ဦးချင်းစီအတွက် အချိုးကျ ခွဲပေးသည့် အခြေခံစားသောက်ကုန် ဝေစုဖြင့်သာ ရှင်သန်နေကြရသည်။

ချင်းလိုင်တိက မနေ့က ဟဲလျန်ရှန်း ပေးထားခဲ့သည်များကို သတိရသွားကာ ခေါင်းအုံးအောက်မှ ဆွဲထုတ်လိုက်သည်။ သူ ပေးသွားသည်များမှာ စုစုပေါင်း ၁၅ ယွမ်နှင့် နိုင်ငံအနှံ့ လဲလှယ်နိုင်သည့် စားစရာတံဆိပ်ခေါင်းများ ဖြစ်ပေသည်။ ဤသည်မှာ သူ့ ဝေစုထဲမှ ခွဲပေးသွားသည်များ ဖြစ်ပေလိမ့်မည်။

“တတိယခဲအိုက တော်တော်လေး ကြင်နာတတ်တာပဲ ပိုက်ဆံကို ဘယ်လို ပေးရမလဲ ဆိုတာကိုပါ သိတယ် သူက အကြီးဆုံးခဲအိုနဲ့ ဒုတိယခဲအိုထက် အများကြီးကို ပိုသာတယ် ...”

ဖန်တိသည် အလွန် စိတ်လှုပ်ရှားမိနေပြီ ဖြစ်သည်။ အိမ်ပြန်ရောက်လာချိန်တွင် အဘွားဖြစ်သူ ငွေများ ရေတွက်နေသည်ကို တွေ့လိုက်ရကတည်းက တတိယခဲအိုသည် “စေ့စပ်လက်ဆောင်” အဖြစ် ယွမ် ၆၀ ပေးခဲ့ကြောင်း သိလိုက်ရပြီး ဖြစ်သည်။ အကြီးဆုံးခဲအိုရော ဒုတိယခဲအိုကပါ ထိုကဲ့သို့သော လက်ဆောင်မျိုး မပေးခဲ့ဖူးချေ။

ချင်းလိုင်တိမှာ ပြန်လည်မွေးဖွားမှုကြောင့် စိတ်ပိုင်းဆိုင်ရာပါ ပြန်လည်ကာ ငယ်ရွယ်သွားလေသလား မသိ၊ မိန်းမငယ်လေး တစ်ဦးသဖွယ် နှုတ်ခမ်းကိုဆူကာ ပြောလိုက်သည်။

“အခုကနေစပြီး .. သူ့ရဲ့ ဝင်ငွေတွေ တစ်ပြားမကျနန် အကုန် ငါ့ကို ပေးရမှာဆိုတဲ့ အဓိပ္ပါယ်ပဲ ...”

ဘာလို့ ကိုယ့်ဘာသာကိုယ် သိမ်းမထားဘဲနဲ့ ကျန်းမာရေးပစ္စည်းတွေ လျှောက်ဝယ်ရတာလဲ ဒီလူအိုကြီးကတော့ .. တုံးလိုက်တာကို ...

“ဘာကျန်းမာရေးပစ္စည်းလဲ ...”

ချင်းလိုင်တိက ရယ်လိုက်ကာ အဝတ်အစား လဲလျက် အခန်းထဲမှ ခပ်သုတ်သုတ် ထွက်ကာ အိမ်ဝိုင်းတစ်ခုလုံးကို သိမ်းကျုံး အကဲခတ်လိုက်သည်။ ယခုလက်ရှိ ချင်းမိသားစုသည် ရွာတွင် အဆင်းရဲဆုံးဟု ဆိုရလောက်သည့် အဆင့်တွင် ရှိနေပေသည်။

ဘိုးဘွားများ၏ လက်ထက်တွင် ကြီးပွားချမ်းသာသည့် နေ့ရက်များကို ပိုင်ဆိုင်ခဲ့ရသော်ငြား ချင်းကွေ့ဟွား၏ ခင်ပွန်း၊ ယောက္ခမစုံတွဲနှင့် ချွေးမတို့ ရှေ့ဆင့်နောက်ဆင့် နာမကျန်း ဖြစ်ခဲ့သည့်အတွက် အိမ်တွင် ရှိရှိသမျှ ပိုင်ဆိုင်မှုတို့ကိုသာမက အိမ်ဝိုင်းကိုပါ ခွဲခြမ်းစိတ်ဖြာကာ ရောင်းချခဲ့ရသည်။

ထိုသို့ဖြင့် နေထိုင်လက်စ အိမ်မှာလည်း တစ်ဖြည်းဖြည်း ယိုယွင်းလာပြီး ၇ စတုရန်းမီတာမျှသာ ရှိသည့် ခြံဝင်းနှင့် သေးနုပ်ကျဉ်းမြောင်းသည့် အခန်းတစ်ခန်းသာ ကျန်ရစ်တော့၏။

ခြံဝင်းထဲတွင် မီးဖိုချောင်ဟူ၍ပင် မည်မည်ရရ မရှိ၊ အခန်းငယ်တစ်ခုကို ရွှံ့စေးနံရံဖြင့် ကာရံကာသာ မီးဖိုချောင်အဖြစ် အသုံးပြုထားရသည်။ မြေးအဘွားတစ်စုလုံး အိမ်ထဲရှိ တစ်ခုတည်းသော အခန်းတွင်သာ စားကြသောက်ကြ အိပ်စက်ကြပြီး တစ်ခုတည်းသာရှိသည့် အနွေးကုတင်မှာလည်း ဆောင်းတွင်းတွင်ပင် အနွေးဓာတ်ကို လုံလောက်အောင် မပေးနိုင်ချေ။ အေးခဲလှသည့် ရာသီဥတုဒဏ်ကြောင့် ညသန်းခေါင်ယံတွင် မကြာခဏ အိပ်ယာမှ နိုးလာခဲ့ကြရသည်။

အပွင့်လင်းဆုံး ဝန်ခံရပါလျှင် ဤသို့သော အိမ်မျိုးသည် မြို့ပေါ်ရှိ ပြွန်ပုံသဏ္ဌာန် အဆောက်အဦးလောက်ပင် မကောင်းမွန်လှချေ။ သို့ဖြစ်ရာ ရွာသားများက သူတို့အား လှောင်ရယ်ကြသည်မှာလည်း အဆန်းတကျယ် မဟုတ်တော့ပေ။

အိမ်နီးချင်းများကလည်း အမျိုးမျိုး အကြောင်းပြကာ သူတို့ပိုင် ဝိုင်းမြေကို တစ်စတစ်စ ကျူးကျော်တတ်ကြသော်ငြား အားနည်းသော အဘွားအိုနှင့် ကလေးများသာ ရှိသည့် မိသားစုတစ်ခုအနေဖြင့် သူတို့ကို ကိုယ်ထိလက်ရောက် ရိုက်ပုတ်မောင်းထုတ်နိုင်မည် မဟုတ်သလို အော်ဟစ်ကျိန်ဆဲခြင်းကလည်း အသုံးမဝင်လှချေ။ ထို့ကြောင့် ကျေးလက်ဒေသရှိ မိသားစုအနေဖြင့် ဤမျှသော မြေပမာဏကပင်လျှင် လုံလောက်ပြီဟု သဘောထားကာသာ သည်းခံနေခဲ့ကြရသည်။

ချင်းလိုင်တိ၏ “ငရုတ်ကောင်းစေ့လေး” ဟူသော နာမည်မှာလည်း ဝိုင်းထဲသို့ ကျူးကျော်လာသည့် အိမ်နီးချင်းများရန်မှ ကာကွယ်ရင်း ရလာခဲ့ခြင်း ဖြစ်သည်။ အဘွားအိုသည် နာမကျန်းမှုကြောင့် အနွေးကုတင်ပေါ်မှ ပင် မဆင်းနိုင်။

ထို့ကြောင့် ၁၂ နှစ်အရွယ် ချင်းလိုင်တိက မီးဖိုချောင်သုံးဓားကို ကိုင်၍ ခြံရှေ့တွင် ပိတ်ရပ်ကာ ရှေ့တိုးလာသူ မှန်သမျှအား ဓား၏ အရသာကို မြည်းစမ်းကြည့်စေမည်ဟု ခြိမ်းခြောက်ခဲ့သည်။

မူလက ထိုအိမ်နီးချင်းများသည် သူမ၏ စကားကို အယုံအကြည် မရှိခဲ့ကြချေ။ ထို့နောက်တွင် သူမသည် ကျူးကျော်လာသူတစ်ဦး၏ လက်ကို ဓားဖြင့် အမှန်တကယ် ထိုးလိုက်တော့သည်။

ဝါကြန့်ကြန့် ဆံပင်၊ ကြေးနီလုံးသဖွယ် ဝိုင်းစက်နေသည့် မျက်ဝန်းများကို ပိုင်ဆိုင်ထားသည့် မိန်းကလေးထံမှ ရက်စက်မှုနှင့် ပြတ်သားမှုတို့ကို မြင်တွေ့လိုက်ရသည့်အခါ အိမ်နီးချင်းများသည်လည်း သူတို့၏ လုပ်ရပ်များကို ထိန်းချုပ်လိုက်ကြကာ ရှေ့ဆက်ပြီး အခွင့်ကောင်း မယူရဲကြတော့ချေ။

တစ်ဖန် အကြီးဆုံးအစ်မကြီး ချင်းအိုက်လန်ကို ရွာထဲရှိ လူမိုက်များက မျက်စိကျသွားကြပြန်သည်။ သူမတို့၏ အဘွားက မြို့သို့ သွားကာ စားစရာ ဝေငှခြင်းအတွက် တန်းစီနေစဉ် ထိုလူမိုက်များက ညသန်းခေါင်တွင် အုတ်တံတိုင်းကို ကျော်ကာ ခြံထဲသို့ ခိုးဝင်လာခဲ့ကြသည်။

ထို့ကြောင့် ချင်းလိုင်တိမှာ သေလုမတတ် ကြောက်လန့်သွားရကာ မီးဖိုချောင်သုံးဓားကို အသုံးချလိုက်ရပြန်တော့၏။ ထိုအချိန်မှစ၍ အနီးဝန်းကျင် ရွာရှစ်ရွာလုံး “ငရုတ်ကောင်းစေ့လေးမှာ သွားရှုပ်ရန် မကောင်းသည့်သူ” ဖြစ်ကြောင်း သိရှိသွားကြတော့သည်။

ချင်းလိုင်တိသည် မကောင်းသည့် ဂုဏ်သတင်းကို ပိုင်ဆိုင်လိုက်ရသည့်တိုင် ပရိသတ်များလည်း အများအပြား ရရှိလိုက်သေးသည်။ သူမ၏ ညီအစ်မအရင်းများကသာမက ရွာထဲရှိ ကလေးများ အားလုံးကပါ သူမ၏ နောက်လိုက်များ ဖြစ်လာကြတော့သည်။

ချင်းလိုင်တိ သွားသည့်နေရာတိုင်းကို ထိုကလေးက ဆန်ပြုတ်ပန်းကန်လုံးတစ်ဝက်ခန့်ကို လက်ထဲထည့်လျက် တကောက်ကောက် လိုက်နေတတ်သည်။ တစ်စက်တစ်လေ ဖိတ်ကျသွားလေပင် နှမြောကြီးစွာဖြင့် ညည်းကာ ပါးစပ်ထဲ ထိုးထည့်ပြီး ပြောင်စင်သည်အထိ လျှာဖြင့် လျက်လိုက်သေး၏။

သိုလှောင်ရုံထဲရှိ ကန်စွန်းဉခြောက်များမှာ သိမ်းထားသည့် ကာလ ကြာမြင့်လွန်း၍ မှိုနံ့များပင် စွဲနေပြီ ဖြစ်သည်။ ဝါးစား၍ မရနိုင်လောက်အောင်လည်း မာတောင့်နေခဲ့၏။ ချင်းလိုင်တိမှာ မည်မျှပင် ဗိုက်ဆာနေပါစေ ထိုမာတောင့်တောင့် ကန်စွန်းဉခြောက်များအား စားချင်စိတ် ဖြစ်လာအောင် မစွမ်းသာခဲ့ချေ။

“အတူတူ စားရအောင် ...”

ညီမဖြစ်သူနှင့်အတူ ဆန်ပြုတ်ကို တစ်လုပ်တည်းအပြီး သောက်ချလိုက်ပြီးသည့်နောက် ပန်းကန်ကို ပြန်ချလိုက်စဉ်မှာပင် တံခါးဝမှ အလောတကြီး အော်ခေါ်သံကို ကြားလိုက်ရသည်။

“လိုင်တိ အိမ်မှာ ရှိလား ...”

“ရှိပါတယ် .. ဘာကိစ္စရှိလို့လဲ ...”

ချင်းကွေ့ဟွားက သတိကြီးကြီးထားကာ ပြန်ဖြေလိုက်သည်။ သတိ မထား၍လည်း မရ။ ထိုသူ ရောက်လာချိန်မှာ စောလည်း မစော၊ နောက်လည်းမကျ၊ စားချိန်သောက်ချိန်နှင့် ကွက်တိကျနေပေသည်။

ရောက်လာသူမှာ ထုတ်လုပ်ရေးအဖွဲ့၏ အမှတ်ပေးသူ ရှောင်လျှိုဖြစ်ပေသည်။

“အရေးကြီးလို့ ဒေါ်လေးရဲ့ .. ဒေါ်လေးတို့ရဲ့ မိသားစုဝင်လေးကို တောင်နောက်ကို မြန်မြန်လေး လွှတ်လိုက်စမ်းပါ .. မနေ့က မွေးထားတဲ့ ဝက်ပေါက်လေးတွေ ဘာဖြစ်နေမှန်း မသိလို့ ...”

ယမန်နေ့က မွေးထားသည့် ဝက်ပေါက်လေး ၁၂ ကောင်ကို တပ်မဟာ၏ စာရင်းစစ်က ပြုစုစောင့်ရှောက်ရန် တာဝန် ယူလိုက်ရသည်။ သို့သော် သူသည် ပြုစုစောင့်ရှောက်ခြင်းနှင့် စပ်လျဉ်းသည့် အတွေ့အကြုံ မရှိသူ ဖြစ်သည့်အတွက် သတိကြီးကြီးကပ်ကာ မကြာခဏ စောင့်ကြည့်စစ်ဆေးရမည်ကို မသိခဲ့ချေ။

ထိုသို့ဖြင့် တစ်ညလုံး တစ်ကြိမ်မှပင် မနိုးလာဘဲ အိပ်ပျော်သွားခဲ့ကာ နောက်တစ်နေ့မနက် သူ နိုးလာသည့်အခါတွင်မူ ဝက်ပေါက်လေးများအနက် ၂ ကောင်သည် ဝက်တင်းကုပ်အောက်သို့ ပြုတ်ကျကာ သေဆုံးသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။

ထို ဆုံးရှုံးမှုကြောင့် ကျေးရွာတစ်ခုလုံး အလွန်အမင်း ပူဆွေးသွားရတော့၏။

ပုခုံးတုတ်တုတ် ဗိုက်ပူပူနဲ့ ဝက်ဝတုတ်ကြီး နှစ်ကောင်တော့ သွားပါပြီကွာ ရှေ့နှစ်အတွက် နှစ်သစ်ကူးဖက်ထုပ်နဲ့ လွဲပြီထင်ပါရဲ့ ...

အဖွဲ့ခေါင်းဆောင်နှင့် အတွင်းရေးမှူးတို့မှာလည်း ပူပန်စိတ်ကြောင့် နှုတ်ခမ်းထောင့်များ ကွဲကာ အပူဖုများပင် ထွက်နေခဲ့၏။ ကံကောင်းစွာဖြင့် ထိုအချိန်မှာပင် ဝမ်လီဖန်က ချင်းလိုင်တိအား အချိန်ပြည့် မွေးမြူရေး ကြီးကြပ်သူ အဖြစ် ခန့်အပ်ရန် အကြံပေးခဲ့သည်။

သူမသည် ဝက်ပေါက်ကလေးများအား မည်ကဲ့သို့ မီးဖွားပေးရမည်ကိုပင် သိနေရာ ဝက်ပေါက်ကလေးများအား မည်ကဲ့သို့ ပြုစုစောင့်ရှောက်ရမည်ကိုလည်း သိနေပေလိမ့်မည်။ တိရိစ္ဆာန်များမှာလည်း လူသားများကဲ့သို့ပင် ပထမဆုံး မီးဖွားမှု အဆင်မပြေခဲ့ပါလျှင် နောက်ထပ် မီးဖွားရန် ခက်ခဲလာပေတော့မည် ဖြစ်သည်။

ရွာသားများသည် ယခုလက်ရှိ ဝက်ပေါက်ကလေးများကိုသာ ပူပန်နေကြသည် မဟုတ်၊ နောင်တစ်ချိန်တွင် မွေးလာမည့် ဝက်ပေါက်ကလေးများကိုပါ ကြိုတွေးကာ ပူပန်နေကြခြင်း ဖြစ်သည်။

ရှောင်လျှို၏ စကားကို ကြားလိုက်ရသည့်အခါ ချင်းလိုင်တိသည် အနည်းငယ် စိတ်မကောင်းဖြစ်မိသွားတော့သည်။ သို့သော် ယခုလက်ရှိ သူမ လိုအပ်နေသည်မှာ စာနာသနားမှု မဟုတ်၊ စားစရာသာ ဖြစ်ပေရာ ..

“ရှောင်လျှိုကော ရှင်လည်း ကျွန်မတို့ မိသားစုရဲ့ အခြေအနေကို သိနေတာပဲဟာ ကျွန်မသာ မွေးမြူရေးခြံကို သွားကူရင် အိမ်မှာ စားစရာ ရှိတော့မှာ မဟုတ်ဘူးလေ .. အလုပ်လုပ်မှ အလုပ်ရမှတ် ရမယ့်ဟာကို ကျွန်မ အဘွားနဲ့ ဖန်တိက ...”

ကျန်စကားများကိုမူ ကိုယ်တိုင် တွေးကြည့်လျှင်ပင် သိနိုင်ပေသည်။

“ကိစ္စမရှိပါဘူး ဒါအတွက်က စိတ်မပူနဲ့ ခေါင်းဆောင်နဲ့ အတွင်းရေးမှူးက မင်းကို နေ့တိုင်း အလုပ်လာလုပ်မယ် ညဆိုင်းလည်း ဆင်းပေးမယ်ဆိုရင် နေ့တိုင်း တစ်ရက်ကို အလုပ်ရမှတ် ၂၀ ပေးမယ်တဲ့ ...”

အမှတ် ၂၀ တောင်တဲ့လား .. ဒီအမှတ်က သန်သန်မာမာ အလုပ်သမားကြီးတွေတောင် နှစ်ရက်လောက် လုပ်မှ ရတဲ့ အမှတ်လေ ...

ဘေးနားတွင် ရှိနေသည့် ချင်းကွေ့ဟွားက ပြတ်ပြတ်သားသား ပြောလိုက်သည်။

“မဖြစ်နိုင်ဘူး .. တစ်ညလုံး မျက်တောင်မခတ်တမ်း ကြည့်နေရဦးမယ့်ဟာကို .. အနည်းဆုံး ရမှတ် ၃၀ တော့ ပေးရမယ်လေ ...”

ရှောင်လျှိုမှာ အလွန် စိတ်ဖိစီးသွားသည့်ဟန်။

“ဒါ .. ဒါကကျ နည်းနည်း များသလို ...”

သက်လတ်ပိုင်း မိန်းမတွေ တစ်နေ့ ၇ နာရီလောက် လယ်အလုပ်လုပ်တာတောင် ၁၀ မှတ်ပဲ ရတာကို ဒီမိန်းမကတော့ စကားကို စိတ်ကြိုက်ကို ပြောရဲနေတာပဲ ...

“ဒါဆိုလည်း .. တစ်ညလုံး မျက်တောင်မခတ်စတမ်း စောင့်ကြည့်နိုင်မယ့်လူကို စိတ်ကြိုက် ရှာကြည့်လိုက်ပါ ...”

ရှောင်လျှို၏ အမူအယာမှာ လည်ပင်း အညှစ်ခံလိုက်ရသည့်အလား ရှုံ့မဲ့သွားတော့သည်။

“ပြီးတော့ ...”

ချင်းကွေ့ဟွားက တစ်ခဏမျှ ရပ်ကာ အခိုင်အမာ ပြောလိုက်သည်။

“အလုပ်ရမှတ်တွေက နှစ်ကုန်မှ ငွေသားနဲ့ လဲလို့ ရတာ မဟုတ်လား အခု ငါတို့မိသားစုရဲ့ ဆန်အိုးက ဟောင်းလောင်းဖြစ်နေပြီ။ တစ်လျှောက်လုံးလည်း ဖွဲနုပဲ စားလာရတာဆိုတော့ ဒီနေ့ ငါတို့ကို ဆန်နဲ့ပဲ လဲပေးလည်း ရတယ် ...”

အဖွဲ့ဝင်များသည် ခက်ခဲသည့် အချိန်ကာလသို့ ရောက်ရှိနေသည့်တိုင် အခြားမိသားစုများသည် ဆန်ပြုတ်အိုးကြီးတစ်အိုးနှင့် နှံစားပြောင်းမုန့်တို့ကိုမူ စားသောက်နိုင်ကြဆဲ ဖြစ်သည်။ ချင်းမိသားစုကမူ ဖွဲနုကိုသာ စားရသည့်အတွက် အနည်းငယ် စုဆောင်းရဦးမည် ဖြစ်သည်။

ချင်းကွေ့ဟွားသည် သူမအား ညလုံးပေါက် အလုပ်လုပ်စေရန် အသုံးချမည့်သူကို တစ်ကြိမ်တစ်ခါမျှ မကြုံခဲ့ဖူးချေ။ အလုပ်နေရာသို့ သွားရောက်ရန်ကိုလည်း အချိန်များစွာ ပေးရဦးမည် ဖြစ်သည့်အပြင် ယခုလက်ရှိတွင် သူမတို့၏ မိသားစု၌ ကျောထောက်နောက်ခံ ရှိလာပြီ ဖြစ်ပေသည်။ ...

“ငါ့ရဲ့ မြေးသမက်လေး ရဲဘော်ရှောင်ဟဲလေ မင်းလည်း သူ့ကို သိပါတယ် သူက အခု ဟိုင်ချန်မှာ အလုပ်လုပ်နေတာနော် ငါတို့ကို မုဆိုးမကြီးနဲ့ မိဘမဲ့တွေပဲ ရှိတဲ့အိမ်ဆိုပြီး အရင်လိုမျိုး အနိုင်ကျင့်ဖို့ မစဉ်းစားနဲ့တော့ ...”

“ဟေး .. ဒေါ်ဒေါ် .. အဒေါ့်ရဲ့ သမက်ကို ဆွဲမထည့်နဲ့လေ .. တကယ်ကို စကားကို ခြင်္သေ့တစ်ကောင်လိုကို ပြောနေတော့တာပဲ ကျွန်တော်တို့အဖွဲ့မှာလည်း စားစရာက အများကြီး ရှိနေတာ မဟုတ်ဘူးဗျ ...”

ယမန်နေ့က ချင်းကွေ့ဟွားသည် သူမ၏ မြေးမသည် ဝက်များကို ချောချောမွေ့မွေ့ မီးဖွားပေးနိုင်လိမ့်မည်ဟု မယုံကြည့်ခဲ့ချေ။ သို့သော် ယခုမူ ထုတ်လုပ်ရေးအဖွဲ့က သူမ၏ မြေးမအား ကျွမ်းကျင်သူအဖြစ် အလောတကြီး လိုအပ်နေကြောင်း တပ်အပ်သိနေပြီ ဖြစ်ပေရာ သူမသည်လည်း ရူးမိုက်ဟန်ဆောင်နေတော့မည် မဟုတ်ချေ။

ရှောင်လျှိုက သူ၏ ကောင်းကွက်အားလုံးကို ထုတ်ပြအပြီး ချင်းမိသားစုထံတွင် စားစရာနှင့် ဆားများ ပြတ်လပ်နေကြောင်း အကဲခတ်မိလိုက်ရာ စိတ်ထဲတွင် တိတ်တဆိတ် တွက်ချက်လိုက်တော့သည်။ ပြီးခဲ့သည့်နှစ်က လဲလှယ်နှုန်းအရ သူမသာ လဝက်ခန့် စောင့်ရှောက်ရေးတာဝန်ကို ယူရပါလျှင် အလုပ်ရမှတ် ၄၅၀ ကို ပေးရမည် ဖြစ်သည်။ ထိုရမှတ်သည် ဆန်ကြမ်း ၄၅ ကီလိုဖြင့် လဲလှယ်၍ ရပေသည်။ အန်တီလီဖန်သည် ပြောဆိုရ လွယ်ကူသူ ဖြစ်ကာ ကပ္ပတိန်အတွက်မူ .. အန်တီလီဖန် ပြောပေးသရွေ့ အားလုံး အဆင်ပြေပေသည်။

“ကောင်းပြီ .. အတည်ဖြစ်ပြီနော် ကျွန်တော် ခဏနေရင် စားစရာတွေ လာပို့ပေးလှည့်မယ် ...”

ထိုသို့ဖြင့် ချင်းကွေ့ဟွား၏ မျက်စိအောက်တွင်ပင် ချင်းလိုင်တိသည် ဝက်တင်းကုပ်သို့ လိုက်သွားကာ ရွာ၏ သမိုင်းတွင် ပထမဆုံး အမျိုးသမီး မွေးမြူရေး ကြီးကြပ်သူ ဖြစ်လာခဲ့တော့သည်။

All Chapters