Chapter 7
Vol. 1 Ch. 7
တစ်ညတာသာ ကုန်လွန်သေးသည့်တိုင် ဝက်ပေါက်ကလေးများမှာ ပိုမိုကြီးထွားကာ အားအင်ပြည့်ဖြိုးလာကြသည်။ ချင်းလိုင်တိက သေသွားသည့် ဝက်ပေါက်ကလေးအား ဝက်မကြီး၏ စားသောက်ခြင်း မခံရမီ အမြန်ဆုံး အပြင်ထုတ်လိုက်ကာ ဘတ်တီးရီးယားပိုးမွှားများ မပေါက်ဖွားစေရန် အလို့ငှာ ဝက်ခြံတစ်ခုလုံးကို သန့်ရှင်းရေး လုပ်လိုက်သည်။
သန့်ရှင်းမှုနှင့် ရောဂါပိုးမွှား ကင်းစင်မှုတို့သည် မီးဖွားပြီးစ ကာလအတွင်း မရှိမဖြစ် လိုအပ်သည့် အခြေခံ လိုအပ်ချက်များ ဖြစ်ပေသည်။ တင်းကုပ်တစ်ခုလုံးကို အစအဆုံး သန့်ရှင်းရေး လုပ်ရန် မဖြစ်နိုင်သည့်တိုင် ဆီး၊ မစင်နှင့် သွေးစက်များကိုမူ အချိန်မီ ရှင်းလင်းပေးရမည်ဖြစ်ကာ ကြမ်းခင်းနှင့် နံရံများကိုလည်း ဆားရေဖြင့် နှစ်ကြိမ်တိုင် ဆေးကြောပေးရမည် ဖြစ်ပေသည်။ သန့်ရှင်းသည့် ကောက်ရိုးခြောက်များ ဖြန့်ခင်းပြီးမှသာ ချင်းလိုင်တိလည်း အနားယူနိုင်တော့သည်။
ကံကောင်းထောက်မသည်မှာ ယမန်နေ့က မီးဖွားရ ခက်ခဲသည့် အခြေအနေကို အချိန်မီ ကိုင်တွယ်နိုင်လိုက်သည့်အတွက် ဝက်မကြီးနှစ်ကောင်သည် သူမကို ငြင်းဆန်ရန်မူကိုက်ခဲခြင်း မပြုကြတော့ချေ။
ချင်းလိုင်တိသည် ဒေါက်တာဟဲထံမှ တိရိစ္ဆာန်မွေးမြူကုသရေးပညာကိုသာမက တရုတ်ရိုးရာ တိုင်းရင်းဆေးပညာကိုပါ သင်ယူခဲ့ပေသည်။ ထို့အပြင် လန်ဟဲမြို့၌ သူမ နေထိုင်ခဲ့စဉ် ကာလများက တိုဒေသတွင် ကျွမ်းကျင်ကာ ဝါရင့်သည့် တိရိစ္ဆာန်ဆေးကုဆရာဝန်နှင့် မွေးမြူရေးသမားဟူ၍ မရှိ။ ထို့ကြောင့် ရွာသားများ ကျန်းမာရေးစင်တာသို့ ရောက်လာလေတိုင်း သူမတွင် နေရာတစ်ခုနှင့်တစ်ခုအကြား ကူးချည်သန်းချည်လုပ်ရန် အချိန် မရှိသည့်အတွက် ဘဲများကိုပါ စစ်မြေပြင်အထိ ခေါ်လာခဲ့ရသည်။
ဝမ်လီဖန်းနှင့် လီပန်းဖန်တို့သည် တစ်ခဏမျှ စောင့်ကြည့်နေလိုက်ကြသေးသည့်တိုင် သူမ၏ လုပ်ပုံကိုင်ပုံနှင့် ပတ်သက်၍ ထောက်ပြစရာ ရှာမတွေ့ခဲ့ကြချေ။
ချင်းလိုင်တိက နေ့ခင်းနားချိန်၌ အိမ်သို့ပြန်ကာ ထမင်းစားသည့်အခါ အိမ်ထဲရှိ အနွေးကုတင်ထက်တွင် ဆန် ၁၅ ကီလိုဂရမ် ထည့်ထားသည့် အိတ်တစ်လုံးနှင့် ဆန်စေ့အနည်းငယ် ထည့်ပြုတ်ထားသည့် ကန်စွန်းဥဆန်ပြုတ် တစ်ပန်းကန်ကိုပါ တွေ့လိုက်ရသည်။
“ဒီကောင်မလေးကတော့နော် .. ဆန်ကြမ်းတွေပဲ ယူပါလို့ ငါပြောထားရဲ့သားနဲ့ အဲဒါတွေသာဆို ကီလို ၃၀ လောက်တောင် ရမှာကို ဆန်ဖြူကိုပဲ လိုချင်တယ်နဲ့ ဇွတ်အတင်း ခေါင်းမာနေတယ် ...”
ချင်းလိုင်တိက မွှေးပျံ့နေသည့် ဆန်ပြုတ်ကို သောက်ကာ ပြောလိုက်သည်။
“ဆန်ဖြူက တစ်ခြားနေရာတွေမှာလည်း သုံးလို့ရတယ်လေ အခုခေတ်မှာ ဆန်ကြမ်းဆိုတာ အခြေခံ စားသောက်ကုန် ဖြစ်သွားပြီ ဆန်ဖြူကမှ တကယ် ရှားပါးတာ ...”
“ဘာအတွက် သုံးမှာလဲ ...”
ချင်းကွေ့ဟွားနှင့် ဖန်တိက တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် စိုက်ကြည့်လိုက်ကြသည်။
ချင်းလိုင်တိက တံခါးဝကို လှမ်းကြည့်လိုက်ကာ လှစ်ခနဲ တံခါးထပိတ်လိုက်ပြီးကာမှ တီးတိုးပြောလိုက်သည်။
“မနက်ဖြန် မြို့ပေါ်ကို သွားမလို့ ...”
ထို့နောက်တွင် ဉာဏ်အကောင်းဆုံး တတိယကလေးက မေးလိုက်သည်။
(ဒီနားမှာလေ မူရင်းမှာကတည်းက အဲ့လိုဖြစ်နေတာပါ ချင်းလိုင်တိက တတိယဆိုတော့ မေးတဲ့သူက ချင်းဖန်တိ ဖြစ်မယ်ထင်တယ်)
“မှောင်ခိုဈေးကွက်ကို သယ်သွားပြီး ပစ္စည်းချင်း လဲလာမလို့လား ...”
အတိတ်တွင်လည်း ထိုကောင်မလေးသည် ကြက်ဉနှင့် ပဲပိစပ်များ ရောင်းချနေကြဖြစ်၍ ထိုအကြံအပေါ် မည်သူကမှ အံ့အားသင့်မသွားကြချေ။
“စိတ်မပူပါနဲ့ အကုန်လုံးကို ဗိုက်ဆာတဲ့အထိ မထားဘူးလို့ ကတိပေးပါတယ် ...”
ချင်းကွေ့ဟွားသည် ယခင်က အလွန် ရှေးရိုးစွဲသူတစ်ဦး ဖြစ်ခဲ့ဖူးပေသည်။ သူမက ဆန်ကြမ်းများကို တိတ်တဆိတ် ရောင်းချရာမှ အဖမ်းခံလိုက်ရသူများအကြောင်းကို ပြောလိုက်သည်။ ထိုကဲ့သို့ မှောင်ခိုဈေးကွက်သို့ သွားရောက်ကာ ရောင်းချသူများသည် အခွင့်အရေးသမားအဖြစ် နာမည်အတပ်ခံရကာ အဖွဲ့၏ စာရိတ္တအတန်းများအား တက်ရောက်ရန် အပြစ်ပေးခြင်း ခံရသည်။ ပိုမိုကာ ကြီးလေးသည့် ပြစ်မှုကို ကျူးလွန်သူများအား အလုပ်သမားစခန်းသို့ ပို့ဆောင်လေ့ရှိကာ ထိုကဲ့သို့ အဖမ်းခံရသူများအနက် တစ်ဦးသည် အလုပ်သမားစခန်းသို့ တိုက်ရိုက် အပို့ခံလိုက်ရသည့်အတွက် ကျန်တစ်မိသားစုလုံး အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရသည်။
ချင်းလိုင်တိသည်လည်း ပြီးခဲ့သည့် နှစ်အနည်းငယ်က ဖြစ်ခဲ့သည်များနှင့် ပတ်သက်၍ အနည်းငယ် မရေမရာ ဖြစ်နေဆဲပင်။ အချိန်ကာလ ဝေးကွာလွန်းလှသည့်အတွက် သူမသည် ထိုမှတ်ဉာဏ်များကို ကောင်းကောင်း မမှတ်မိတော့ချေ။
ဖန်တိက တီးတိုး ပြောလိုက်သည်။
“သမီးလည်း တတိယအစ်မနဲ့ လိုက်သွားလိုက်မယ် မနက်ဖြန်က တနင်္ဂနွေနေ့လေ ...”
ချင်းကွေ့ဟွားသည် ခက်ထန်ကြမ်းတမ်းသည့်တိုင် ကျိုးကြောင်ဆီလျော်မှုရှိသည့် အကျင့်စရိုက်ကိုလည်း ပိုင်ဆိုင်ထားပေသည်။ သူမက ချင်းလိုင်တိသည် အသက်အားဖြင့် မငယ်တော့သည့်အပြင် ယခုလက်ရှိ၌ အိမ်ထောင်ပင် ကျနေပြီဖြစ်ရာ ယခုအချိန်မှစ၍ ကြက်မေမေကြီးကဲ့သို့ သူမ၏ အတောင်အောက်တွင် ဖွက်ထား၍ မရတော့၊ လူငယ်စုံတွဲသည် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ကြရတော့မည် ဖြစ်သည်ဟု တွေးကာသာ စိတ်လျော့လိုက်ရတော့သည်။
“ကောင်းပြီ ဒါဆို နှစ်ယောက်လုံး သေချာလေး ဂရုစိုက်ကြ အရင်ဆုံး ၅ ကီလိုပဲ ယူသွားကြဦး ပစ္စည်းတွေ အသိမ်းခံလိုက်ရတယ်ဆိုလည်း ကိစ္စမရှိဘူး လူသာ ဘေးကင်းကင်းနဲ့ ပြန်လာခဲ့ကြ ဟုတ်ပြီလား "
လိုင်တိသည် ဉာဏ်ကောင်းကာ ဖန်တိကမူ သတိကြီးကြီးထားတတ်သူ ဖြစ်ပေရာ ထိုညီအစ်မနှစ်ဦးသည် တစ်ဦးကို တစ်ဦး အထောက်အကူ ပြုနိုင်ပေလိမ့်မည်။
ညအချိန် ရောက်သည့်အခါ ချင်းလိုင်တိက အိပ်ယာလိပ်ကို ယူ၍ ဝက်တင်းကုပ်ရှိရာသို့ ထွက်လာလိုက်သည်။ ဝက်တင်းကုပ်၏ ဘေးတွင် အိမ်အသေးလေးတစ်လုံး ရှိနေ၏။ သူမသည် နေ့ခင်းကတည်းက အိမ်ထဲသို့ မြက်ခြောက်များ ထူထူခင်းထားပြီး ဖြစ်ပေသည်။
နွေရာသီ ဖြစ်သည့်အတွက် ကောက်ရိုးပေါ် အိပ်ရသည့်တိုင် အေးနေလိမ့်မည် မဟုတ်ချေ။ ယနေ့ လောင်ဟဲထုန် မည်သည့်နေရာသို့ သွားကြောင်းနှင့် သူ့ထံတွင် စားစရာ၊ ဝတ်စရာ လုံလုံလောက်လောက် ရှိမရှိကိုလည်း သူမက မသိရသေးချေ။ ထိုသစ်သားတုံးက သူမကို လွမ်းနေမည် မဟုတ်ကြောင်းကိုသာ တပ်အပ် သဘောပေါက်နေခဲ့ပေသည်။
သူ့အတွက်မူ အသစ်စက်စက် လက်ထပ်ထားသည့် ဇနီးသည်မှာ တစ်ကြိမ်တစ်ခါသာ တွေ့ဖူးသေးသည့် အသိညီမလေးတစ်ဦးမျှသာ ဖြစ်ပေသည်။
ထိုအကြောင်းတွေးကာ တစ်ညလုံး မရေမတွက်နိုင်အောင် တစ်ရေးနိုးလာရင်းပင် မိုးလင်းသွားတော့သည်။ ထို့နောက် သူမက ဝက်ပေါက်လေးများအား နို့တိုက်ကာ အစာကျွေးပြီး လိုအပ်သည်များ အားလုံးကို စီစဉ်ဆောင်ရွက်ခဲ့ပြီးနောက် အိမ်သို့ အမြန်ပြန်ကာ မျက်နှာသစ်လိုက်သည်။ အားလုံး ပြီးစီးသွားပြီးနောက် ညီအစ်မနှစ်ယောက်သည် ဆန်များကို ခြင်းတောင်းထဲ ထည့်ဖွက်ကာ ရွာဝင်ပေါက်သို့ ဦးတည်လိုက်ကြတော့သည်။
မွေးမြူရေးသမားများသည် အချိန်ပြည့် အနားမယူဘဲ အလုပ်လုပ်နေရန် မလိုအပ်ချေ။ နေ့ဘက်အချိန်အတွက် တာဝန်ယူထားရသူ အများအပြား ရှိနေသည့်အတွက် တစ်ဦးမဟုတ်တစ်ဦးအား အကူအညီ တောင်းခဲ့နိုင်ပေသည်။
“ဖန်တိ မြန်မြန်လာ ...”
ရွာဝင်ပေါက်တွင် မိန်းကလေးတစ်ဦးက သူမတို့ကို လက်ဝှေ့ယမ်းပြကာ လှမ်းခေါ်လိုက်သည်။
ချင်းလိုင်တိက တစ်ခဏမျှ ကြောင်အသွား၏။ ထို့နောက်တွင်မှ လက်ယမ်းပြနေသူမှာ သူမ၏ ငယ်သူငယ်ချင်း လျှိုပေါင်ကျူးဖြစ်ကြောင်း မှတ်မိသွားတော့သည်။
လျှိုပေါင်ကျူးသည် သူမတို့အိမ်နှင့် နံရံတစ်ချပ်သာခြားသည့် အိမ်နီးနားချင်း ဖြစ်ပေသည်။ လျှိုမိသားစုသည် မုဆိုးမ၏ ပျိုးထောင်မှုအောက်တွင် ကြီးပြင်းလာရသူများ ဖြစ်သည်။ တစ်ဦးတည်းသောသားသည်လည်း အစောကြီးကတည်းက ကွယ်လွန်သွားခဲ့သည့်တိုင် ချင်းမိသားစုနှင့် မတူသည်မှာ လျှိုပေါင်ကျူး၏ မိခင်သည် သား ၇ ယောက်လုံးကို တစ်ကြိမ်တည်း မွေးဖွားနိုင်ခဲ့သည်။ ထို့ကြောင့် မုဆိုးမလျှိုသည် ချင်းကွေ့ဟွားအား “သီလရှင်ကျောင်း” “မိန်းမတိုင်းပြည်” အစရှိသဖြင့် အမျိုးမျိုး နောက်ပြောင်ရန်စသောကြောင့် မကြာခဏ ရန်ဖြစ်ကြရပေသည်။
မုဆိုးမအဘွားအိုနှစ်ဦးက မည်မျှပင် ရန်ဖြစ်နေကြပါစေ ချင်းလိုင်တိသည် ငယ်ငယ်လေးကတည်းက လျှိုပေါင်ကျူးနှင့် အတူတူ ကစားခဲ့ကာ ဂျူနီယာအထက်တန်းကျောင်းသို့ ရောက်သည်အထိ အတန်းဖော်များ ဖြစ်ခဲ့ကြသည်။ စိတ်မကောင်းစွာဖြင့် ချင်းလိုင်တိသည် အဘွားဖြစ်သူ၏ ဆုံးဖြတ်ချက်ကြောင့် ကျောင်း ဆက်မတက်ခဲ့ရသော်လည်း လျှိုပေါင်ကျူးကမူ အထက်တန်း ပြီးဆုံးသည်အထိ အေးဆေးသက်သာစွာ စာဆက်လက်သင်ကြားခွင့် ရခဲ့သည်။ စာရင်းသွင်းခြင်းသာ မကောင်းမွန်ခဲ့ပါလျှင် သူမသည် ကောလိပ်သို့ပင် ဝင်ခွင့် ရနိုင်ပေသည်။
“နင်လည်း မြို့ကို သွားမလို့လား .. အစောကြီးက ပြောထားရင် အတူတူ သွားလို့ ရနေတာကို ...”
လျှိုပေါင်ကျူးက သူမတို့၏ ခြင်းတောင်းများကို သိလိုစိတ် အပြည့်ဖြင့် လှမ်းကြည့်လိုက်သည်။
ထိုမျက်နှာကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ချင်းလိုင်တိ၏ အကြည့်တို့သည် မမြင်ရသည့် တစ်နေရာသို့ မျောလွင့်သွားတော့သည်။
ထိုမျက်နှာကို သူမအနေဖြင့် မေ့နိုင်မည် မထင်။
ချင်းလိုင်တိ တပ်မဟာထဲသို့ ရောက်သွားပြီးနောက် လျှိုပေါင်ကျူးသည် သူမထံ ကြိမ်ဖန်များစွာ ဖုန်းခေါ်၊ စာရေးကာ လန်ဟဲမြို့အထိပင် လာရောက်လည်ပတ်ခဲ့သေးသည်။ ထိုမျှသာမက မုဆိုးမလျှိုက သူမကို အသက် ၄၀ အရွယ် မုဆိုးဖိုကြီးနှင့် အတင်း လက်ထပ်စေသည်ဟုလည်း မျက်ရည်လည်ရွှဲဖြင့် ရင်ဖွင့်ခဲ့သေး၏။ ထိုအကြောင်းကို ကြားသည့်အခါ ချင်းလိုင်တိသည် သူငယ်ချင်းဖြစ်သူအတွက် အလွန် စိတ်မကောင်းဖြစ်သွားရပြီး သူမ၏ အိမ်၌ ယာယီ နေထိုင်ခွင့်ပြုကာ အိမ်သန့်ရှင်းရေး လုပ်ရန်နှင့် ကလေးများအား ပြုစုစောင့်ရှောက်ပေးရန် အကူအညီ တောင်းခဲ့သည်။
ထိုအချိန်အတွင်းမှာပင် သူမ၏ အချစ်ရဆုံးသူငယ်ချင်း လျှိုပေါင်ကျူးသည် ကျောက်ချင်းစုန့်၏ လက်အောက်ရှိ လက်ထောက်တပ်မှူးနှင့် ဆုံမိပြီး ခံစားချက်များ သက်ဝင်ပေါက်ဖွားလာတော့၏။
သို့သော် ချင်းလိုင်တိအား စိတ်တိုစေသည့် အချက်မှာ သူမသည် လျှိုပေါင်ကျူးအား ထိုသူသည် မွေးရပ်မြေ၌ ဇနီးတစ်ဦး ရှိထားပြီး ဖြစ်သည့်အတွက် အထင်အမြင် အလွဲမခံရစေရန် အလို့ငှာ ထိုလူနှင့် အဆက်အဆံ မပြုလုပ်ရန် ကြိမ်ဖန်များစွာ ဖြောင်းဖြနားချခဲ့သော်လည်း လျှိုပေါင်ကျူးက နားမထောင်၊ သူမ၏ လုပ်ရပ်များကို ရှေ့ဆက်နေခဲ့ပေသည်။
ရလဒ်အနေဖြင့် မွေးရပ်မြေတွင် ကျန်ရစ်ခဲ့သည့် ထိုတပ်မှူး၏ ဇနီးက သတင်းရသွားသည့်အခါ လေလိုအလျင်ဖြင့် သားနှစ်ဦးကို လက်က ဆွဲလျက် တပ်မဟာထဲသို့ ရောက်ရှိလာတော့သည်။ သူမက “အမြှောင်မယား” လျှိုပေါင်ကျူးကိုသာ ရိုက်နှက်ခဲ့သည်မဟုတ်၊ နှစ်ပေါင်းများစွာ တစ်အိမ်တည်း အတူနေလာသည့် ချင်းလိုင်တိကိုပါ “တစ်ကျိတ်တည်းတစ်ဉာဏ်တည်း” ဟု စွပ်စွဲကာ မုန်းတီးစွာဖြင့် ပြစ်တင်ကြိမ်းမောင်းတော့သည်။
လျှိုပေါင်ကျူးကမူ တပ်မဟာထဲမှ ထွက်သွားကာ အလုပ်အကိုင်ပါ ပြောင်းလဲပြီး လူကောင်းတစ်ဦးနှင့် ထိမ်းမြားလက်ထပ်လိုက်သည်။ သူမ၏ အလုပ်အကိုင်ကို ပြောင်းလဲပြီးနောက် ရှန်ကျန်းဈေးတွင် စီးပွားရေး စတင် လုပ်ကိုင်ကာ ဝင်ငွေအများအပြား ရှာဖွေနိုင်ခဲ့သည်။
သို့သော် ချင်းလိုင်တိကမူ အကောင်းဆုံးသူငယ်ချင်း၏ ကျေးဇူးကြောင့် "ဝံပုလွေကို အိမ်ထဲသွင်းလာသူ” “မယားရှိလင်နှင့် အောင်သွယ်ပေးသူ” ဟု အမျိုးမျိုး သမုတ်ခံရကာ တပ်မဟာတစ်ခုလုံး၏ ဖယ်ကြဉ်ခြင်းကို ခံခဲ့ရသည်။ ထိုမျှသာမက ကျောက်ချင်းစုန့်ကလည်း သူ သေဆုံးသည့်အချိန်အထိ သူမကြောင့် သူ ရာထူးမတိုးတော့ခြင်း ဖြစ်သည်ဟု နေ့ရှိသရွေ့ ပြစ်တင်ပြောဆိုခဲ့ပေသည်။
ထိုအဖြစ်အပျက်ကြောင့် ကျောက်ချင်းစုန့်သည်လည်း တပ်တွင်းမိသားစုများအကြား နာမည်ပျက်ကာ ဒီမိုကရေစီနည်းကျကျ မဲပေးရွေးချယ်ရသည့် အကြိမ်တိုင်း ရှုံးနိမ့်ခဲ့ရပြီး ရာထူးတိုးစာမေးပွဲ ဝင်ဖြေရာတွင်လည်း အခက်အခဲများဖြင့် ကြုံတွေ့ခဲ့ရသည်။
ချင်းလိုင်တိသည် ဤဘဝ၌ ကျောက်ချင်းစုန့်နှင့် ပတ်သက်တော့မည် မဟုတ်သည့်တိုင် လျှိုပေါင်ကျူးနှင့်လည်း အပေါင်းအသင်း ဆက်လုပ်ရန် အတွေးမရှိတော့ချေ။ ဤသည်မှာ သူမ၏ နောက်ဆုံးစည်း ဖြစ်ပေသည်။
လျှိုပေါင်ကျူးကမူ ထုံးစံအတိုင်းပင် အားတက်သရော စကားပြောနေဆဲပင်။ ချင်းလိုင်တိ၏ အေးစက်လှသည့် အမူအယာကို တွေ့လိုက်ရသည့်အခါ သူမလည်း ကြောင်အသွားရတော့၏။
“လိုင်တိ ဘာဖြစ်လို့လဲ ...”
ချင်းလိုင်တိက သူမကို ခေါင်းထဲပင် မထည့်၊ မလှမ်းမကမ်းတွင် မြင်နေရသည့် ထွန်စက်အနီးသို့ သွားကာ လက်ယမ်းပြလိုက်သည်။
လျှိုပေါင်ကျူးက သူမ၏ နောက်ကျောကို စိုက်ကြည့်ရင်း အတွေးလွန်သွားတော့၏။
မဟုတ်မှလွဲရော သူမလည်း အဲဒီ့အိပ်မက်ကို မက်ခဲ့လို့များလား မဟုတ်ရင် ကျောက်ချင်းစုန့်ကို တွန်းထုတ်ပြီး ဟို တက်လမ်းမရှိတဲ့တစ်ယောက်ကို ရွေးစရာအကြောင်း မရှိဘူးလေ ...
ချင်းညီအစ်မသည် လွန်စွာ ဇီဇာကြောင်တတ်သူများ မဟုတ်လှရာ တစ်ယောက်လျှင် ငါးဆင့်နှုန်းဖြင့် ဈေးညှိနှိုင်းပြီးနောက် နာရီတက်အကြာတွင် မြို့ပေါ်သို့ ရောက်သွားကြတော့သည်။
ဟုန်ရှင်းကောင်တီသည် တောင်ပေါ်မြို့တစ်မြို့ ဖြစ်သည့်တိုင် လူနေရပ်ကွက်များမှာမူ မြေပြန့်ဒေသတွင် ရှိနေပေသည်။ မြို့ထဲသို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် တောင်ပေါ်ရွာများနှင့်မတူ၊ ကွဲပြားသည့် လှုပ်ရှားသက်ဝင်မှုကို ခံစားရပေလိမ့်မည်။ လမ်းမထက်တွင် စက်ဘီးများကို မကြာခဏ မြင်တွေ့နိုင်ကာ ပြည်နယ်ပိုင် စားသောက်ဆိုင်များ၊ ဆံပင်ညှပ်ဆိုင်များသာမက ထောက်ပံ့ရေးနှင့် ဖြန့်ချီရေး ဌာနအဆောက်အဦးကိုပါ မြင်တွေ့နေရပေသည်။
ဖန်တိက အနည်းငယ် စိတ်လှုပ်ရှားနေခဲ့၏။
“အစ်မ ဘုံအဖွဲ့ကိုပဲ သွားမယ်လို့ သဘောတူထားတာ မဟုတ်ဘူးလား ဘာလို့ ကောင်တီအထိ လာတာလဲ ...”
ပြီးတော့ ငါးဆင့်က အရမ်း ဈေးကြီးလွန်းတယ်လေ ... အိမ်က ထွက်မလာခင် အဘွားက တတိယအစ်မ ပိုက်ဆံတွေကို ထင်သလို သုံးပစ်မှာစိုးလို့ဆိုပြီး ဆင့်၂၀ ပေးလိုက်တာကို ရွာအဝင်မှာတင် တတိယအစ်မရဲ့ လှည့်စားတာ ခံလိုက်ရပြီ .. အစ်မက တကယ်ကို ဉာဏ်များတာပဲ။
“လူများများ ရှိလေ စီးပွားရေးလုပ်ဖို့ အခွင့်ကောင်းလေပဲ ...”
ပြီးခဲ့သည့်ဘဝက သူမ ဖတ်ခဲ့ဖူးသည့် ဝတ္ထုများအရ အလုပ်လုပ်သည့်သူ များလေလေ ပစ္စည်းများအား ရောင်းချရန် လွယ်ကူလေ ဖြစ်ပေသည်။
သူမတို့သည် အကြီးဆုံးခဲအို၏ အိမ်၌ အခမ်းအနား ကျင်းပချိန်မှသာ ကောင်တီကို ရောက်ဖူးကြရသည့်တိုင် မူလတန်း၌ အနိုင်ကျင့်ခံ ဖန်တိသည် အလွန်ကောင်းမွန်သည့် မှတ်ဉာဏ်ကို ပိုင်ဆိုင်ထားသည့်အတွက် မှောင်ခိုဈေးသို့ သွားရာလမ်းကို ရှင်းရှင်းလင်းလင်း မှတ်မိနေဆဲပင်။
“အစ်မ .. ဘယ်ဘက်ကို သွားရမှာလေ ဘာလို့ ညာဘက်ကို ချိုးသွားတာလဲ ...”
“ရှူး .. ငါတို့က မှောင်ခိုဈေးကို သွားမှာ မဟုတ်ဘူးလေ ...”
မှောင်ခိုဈေးမှာ အပြိုင်အဆိုင် များပြားလှသည့်အပြင် သူမတို့နှင့် အသိအကျွမ်း မရှိသည့်အတွက် ဘေးကင်းကင်း ပြန်ထွက်လာနိုင်ရန် မသေချာလှချေ။ မည်သူက လုံခြုံရေး တပ်ဖွဲ့ဝင်၊ မည်သူက ဝယ်သူဟူ၍ ခွဲခြားကာ သိနိုင်ခြင်းလည်း မရှိပေရာ ထိုနေရာသို့ သွားခဲ့ပါလျှင် သူမတို့သည် အမြှောက်စာဇာတ်ကောင်လေးများ ဖြစ်သွားပေလိမ့်မည်။
ဖန်တိ၏ ကောင်းသည့်အချက်မှာ သူမသည် ကောင်းစွာ နားမလည်သည့်တိုင် ပါးစပ်အား ပိတ်ထားသင့်သည်ကို သေချာ သဘောပေါက်ထားခြင်း ဖြစ်သည်။ သူမက လမ်းတစ်လျှောက်လုံး မေးခွန်းတစ်ခုပင် မမေးဘဲ တိတ်တဆိတ်သာ လိုက်လာခဲ့သည်။ ဆယ်မိနစ်ကြာပြီးနောက် .. သူမတို့သည် ကောင်တီဆေးရုံ၏ အိမ်ယာဝင်းအတွင်းသို့ ရောက်ရှိလာတော့၏။ ၎င်းသည် နောက်ဖေးလမ်းကြား၏ ထိပ်တွင် တည်ရှိပေသည်။
ဆေးရုံအိမ်ယာတွင် အိမ်တစ်လုံး ရရှိထားသူများသည် ဝင်ငွေနှစ်ခု၊ ကုန်ကျစရိတ် နှစ်ခုကို ပိုင်ဆိုင်ထားသူများ ဖြစ်ပေသည်။ လိုင်တိသည် ပစ္စည်းများကို လက်လွတ်စပယ် မထုတ်ရဲသည့်အတွက် ဖန်တိကို အကူအညီ တောင်းကာ ပတ်ဝန်းကျင်ကိုသာ လှည့်ပတ်အကဲခတ်နေလိုက်သည်။
များမကြာမီ သူမ၏ အနီးသို့ မိန်းမကြီးနှစ်ဦး ရောက်လာကာ တိတ်တိတ်လေး မေးလိုက်၏။
“ကောင်မလေး ဘာတွေ ရောင်းနေတာလဲ ...”
သူမတို့၏ အဝတ်အစားများမှာ မြို့ကြီးသူများနှင့် တူညီခြင်း မရှိ၊ ကျေးလက်ဒေသမှ ရောက်လာကြသူများ ဖြစ်ပေလိမ့်မည်။
“ဆန်ချော(ဆန်ဖြူ)တွေပါ လိုချင်လို့လား ...”
ကောက်ရိတ်သိမ်းချိန် ဖြစ်သည့်တိုင် ယခုနှစ်အတွက် စပါးအသစ်များကို မရိတ်သိမ်းရသေးချေ။ သို့သော် လူတိုင်းသည် ဆန်ချောကိုသာ စားလိုကြရာ ချင်းလိုင်တိ၏ စကားကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ထိုမိန်းမကြီးနှစ်ဦးလုံးမှာ မျက်လုံးများ ဝင်းလက်သွားကြတော့သည်။
“တစ်ပေါင်ကို ဘယ်လောက်လဲ ...”
ချင်းလိုင်တိသည် ဤဒေသ၏ ကုန်ဈေးနှုန်းများကို ကောင်းစွာ မမှတ်မိတော့ရာ မှန်းဆကာသာ ပြောလိုက်ရတော့သည်။
“နှစ်ဆင့် ...”
“အမလေး ဈေးကြီးလိုက်တာ ...”
ချင်းလိုင်တိကလည်း သူမမှာ အနည်းငယ် ချဲ့ကားမိသွားကြောင့် သိလိုက်သည့်တိုင် ထိုနှစ်ဦး၏ ပုံစံမှာ အလွန် ရာထူးမြင့်သည့်အိမ်မှ ဟုတ်ဟန်မတူသည့်အတွက် အမြန် ထပ်ဖြည့်ပြောလိုက်သည်။
“လက်မှတ် မလိုဘူးနော် ပြီးတော့ ကောင်တီက ရောင်းပေးတဲ့ ဈေးထက်လည်း ပိုပြီး သက်သာတယ်လေ ...”
မိန်းမကြီးနှစ်ဦးက တစ်ခဏမျှ တွေးလိုက်ကြပြီးနောက် သူမ၏ စကားမှာ ကျိုးကြောင်းဆီလျော်သည်ဟု ကောက်ချက်ချလိုက်ကြသည်။ လတ်တလောတွင် အစားအသောက်များ ရှားပါးနေကာ အထူးသဖြင့် ဆန်စပါးသည် ပြတ်လပ်လုမတတ်ပင် ဖြစ်နေပေသည်။
ယမန်နေ့ညက သူမတို့နှစ်ဦးသည် နည်းမျိုးစုံသုံး၍ ကြိုးစားအပြီးတွင် စားစရာလက်မှတ်အချို့ ရရှိခဲ့သော်လည်း ကောက်ပဲသီးနှံရုံသို့ ရောက်သည့်အခါ ဆိုင်ဖွင့်လျှင်ဖွင့်ချင်း ကုန်သွားသည့်အတွက် ဆန်စေ့ တစ်စေ့ပင် မရခဲ့ရချေ။
အဆင်သင့်လိုက်တာ .. တစ်ရွာလုံး ပတ်ကြည့်လို့တောင် ဒီလိုဆိုင်မျိုး နောက်တစ်ဆိုင် ထပ်တွေ့တော့မယ် မထင်ဘူး ...
“မင်းမှာ ဘယ်လောက် ပါလာလဲ ...”
လိုင်တိက အဖြူရောင် အဝတ်စဖြင့် ချုပ်ထားသည့်အိတ်ကို ဖွင့်ကာ သူမတို့အား ဆန်ကို အရင်ပြသပြီးမှ ပြောလိုက်သည်။
“ဒီအိတ်ထဲမှာ ၁၀ ကီလိုလောက် ပါတယ် ဒါပေမယ့် ကျွန်မမှာ ချိန်ခွင် ပါမလာတော့ ဒေါ်ဒေါ်တို့ လိုချင်ရင် တစ်ယောက်တစ်ဝက်စီ ယူလိုက်ကြပါလား ...”
လက်ထဲတွင် ဆန်ထုပ်သာ ရှိနေပါလျှင် အဖမ်းခံရသည့်တိုင် လွတ်မြောက်နိုင်ပေသည်။ သို့သော် ချိန်ခွင်ပါ တစ်ပါတည်း ပါလာခဲ့လျှင်မူ ကတုံးကို သန်းကိုက်သည့်အလား ဖြစ်ပေလိမ့်မည်။
အမျိုးသမီးကြီးနှစ်ဦးက အလေးချိန် ချိန်လိုက်ကာ ၁၀ ကီလို ပြည့်ကြောင်း သိလိုက်ရသည်နှင့်တစ်ပြိုင်နက် အလွန် သဘောတွေ့သွားပြီး ခေါင်းငုံ့ကာ ပိုက်ဆံ ထုတ်ပေးလိုက်ကြတော့သည်။
လိုင်တိက ပိုက်ဆံကို သေသေချာချာ ရေတွက်ပြီးကာမှ သူမတို့လက်ထဲသို့ ဆန်ကို ထည့်ပေးလိုက်သည်။ ကံမကောင်းစွာဖြင့် နာရီဝက်နီးပါး ကြာသည်အထိ နောက်ထပ် ဝယ်မည့်သူ ထပ်ရောက်မလာတော့ချေ။
ဈေးမေးသူ အချို့ ရှိသေးသော်ငြား သူမက ၂ ဆင့်ဟု ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ချက်ခြင်း နောက်ပြန်ဆုတ်သွားကြတော့သည်။ ၂ ဆင့်ဟူသော ပမာဏမှာ လူအများစု တတ်နိုင်သည့်ပမာဏ မဟုတ်ချေ။
ဖန်တိက သက်ပြင်းချလိုက်သည်။
“အစ်မ .. ဒီလောက် ဆန်တွေအများကြီး ယူလာခဲ့မှန်းသာ အဘွား သိသွားရင် သမီးတို့တွေ အသတ်ခံရလောက်လား ...”
၅ ကီလိုသာ ယူသွားရန် အားလုံး သဘောတူထားကြပြီး ဖြစ်သည့်တိုင် တတိယအစ်မသည် ဆန် ၁၅ ကီလိုလုံးကို တိတ်တိတ်လေး ခိုးသယ်လာခဲ့သည်။
လိုင်တိထံတွင် စိုးရိမ်မှုဟူ၍ စိုးစဉ်းပင် မရှိ၊ နောက်ပြန်ဆုတ်မည့် အကြံလည်း မရှိပေ။ ထိုစဉ် သူမ၏ အနီးသို့ လူတစ်ယောက် ရုတ်တရက် ရောက်လာသည်။
“ရဲဘော်လေး …”
ဆံပင်တိုတိုညှပ်ထားသည့် ယောကျ်ားလျာပုံစံ အမျိုးသမီးကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ချင်းလိုင်တိသည် ထိုအမျိုးသမီးမှာ ဆရာဝန်တစ်ဦး ဖြစ်လိမ့်မည်ဟု အကြောင်းပြချက် မည်မည်ရရ မရှိပါဘဲ အလိုလိုသိစိတ်အရ ခံစားမိလိုက်သည်။ ဤသည်မှာ တူညီသော အသက်မွေးဝမ်းကြောင်းကို အလိုလို သိကျွမ်းနေသည့် ဆဌမအာရုံ၏ လှုံ့ဆော်မှု ဖြစ်ပေလိမ့်မည်။
“ဆန်ချောတွေ ရှိသေးလား ...”
“ဟုတ်ကဲ့ ကျွန်မတို့ဆန်က အဆီအနှစ် ပြည့်ဝပြီး အနံ့ကလည်း မွှေးကြိုင်နေတာပဲနော် အစ်မကြီး အနီးကပ် ကြည့်ကြည့်ဦးမလားဟင် ...”
အမျိုးသမီးက သာမန်ကာလျှံကာ ကြည့်ကာသာ ပြောလိုက်သည်။
“ရတယ် ရတယ် မလိုဘူး .. အလုပ်သွားရဦးမှာမလို့ .. မင်းမှာ ဆန် ဘယ်လောက် ရှိသေးလဲ ...”
“၅ ပေါင် ကျန်ပါသေးတယ် ...”
အမျိုးသမီးက အလျင်အမြန် ချိန်တွယ်ကြည့်ကာ ပြောလိုက်သည်။
“အိုကေ တစ်ပေါင်ကို ၂ ဆင့်နှုန်းနော် ဟုတ်တယ်မဟုတ်လား ...”
ထို့နောက် သူမက အိပ်ကပ်ထဲသို့ နှိုက်ကာ လက်ကိုင်ပဝါဖြင့် ထုပ်ထားသည့် ငွေများကို ရေတွက်မည် ပြုလိုက်သည်။
ချင်းလိုင်တိ၏ အကြည့်တို့ ရုတ်တရက် ပြောင်းလဲသွား၏။
“ကျွန်မတို့က ငွေမလိုပါဘူး အဲဒီ့အစား တစ်ခြား တစ်ခုခုနဲ့ပဲ အလဲအလှယ် လုပ်လို့ ရမလား ...”