← Chapters

Chapter 8

Vol. 1 Ch. 8

Chapter 8

Vol. 1 Ch. 8

“ဘာနဲ့ လဲချင်တာလဲ ...”

ဆရာဝန်အမျိုးသမီးမှာ ကြောင်အသွားကာ ပိုက်ဆံ ဆက်ရေရန်ပင် မေ့လျော့သွားတော့သည်။

လက်ရှိကာလတွင် ငွေကြေးသည်လည်း တန်ဖိုးရှိသည့်တိုင် စားစရာများမှာ ပိုပြီး တန်ဖိုးကြီးပေသည်။ သူမထံတွင် ကလေးအများအပြား ရှိနေသည့်အပြင် သူမ၏ သမီးဖြစ်သူသည် နေမကောင်းဖြစ်နေကာ ဆန်ပြုတ်သောက်လိုသည်ဟု တောင်းဆိုနေခဲ့သည်။

သို့သော် မိဘနှစ်ပါးစလုံးမှာ အလုပ်လုပ်နေရသည့်အတွက် ဆန်ဝယ်ရန် တန်းစီနေချိန် မရှိသည့်အတွက် ဆန်ဖြူဆန်ချောကို မဝယ်နိုင်ခဲ့ချေ။

သန့်စင်ခန်း သွားရန် ထွက်လာစဉ် လမ်း၌ အမျိုးသမီးကြီးနှစ်ဦးထံမှ တစ်စွန်းတစ်စ ကြားလိုက်ရသည့်အတွက် ဤနေရာသို့ အမြန် ရောက်လာခဲ့ခြင်း ဖြစ်သည်။

ကောင်တီတွင် နေထိုင်သူများ ဖလှယ်လေ့ရှိသည့် ပစ္စည်းများမှာ ဝယ်ယူရန် ခက်ခဲသည့် ဆပ်ပြာနှင့် အဝတ်စ ကဲ့သို့သော ပစ္စည်းမျိုး ဖြစ်ပေသည်။ သူမတို့ ဇနီးမောင်နှံနှစ်ဦးလုံးမှာ ဆရာဝန်များ ဖြစ်သည့်တိုင် ထိုပစ္စည်းများသည် သူမတို့အတွက်ပင်လျှင် လုံလောက်ရုံမျှသာ ရှိသည့်အတွက် ထိုပစ္စည်းများနှင့် ဖလှယ်ပေးရန် တောင်းဆိုလာပါလျှင် လက်ခံနိုင်လိမ့်မည် မဟုတ်ချေ။

“အစ်မကြီး ကျွန်မကို အလဲအလှယ်အနေနဲ့ ငါးကြီးဆီ နှစ်ပုလင်း ပေးလို့ရမလား ...”’

ချင်းလိုင်တိ၏ စကားများက သူမကို အံ့အားသင့်သွားစေခဲ့သည်။

“အဲဒီ့ဆေးကို ဘာလို့ လိုချင်တာလဲ ...”

မျက်မှောက်ခေတ်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ကာစ အချိန်များနှင့်မတူ၊ ငါးကြီးဆီကို သန့်စင်ပေးနိုင်သည့် နည်းပညာနှင့် ပစ္စည်းကိရိယာများ အစုံအလင် ပိုင်ဆိုင်ထားသည့် ပြည်တွင်းကုမ္ပဏီများ အများအပြား ရှိနေပြီဖြစ်ရာ ငါးကြီးဆီ၏ ဈေးနှုန်းမှာလည်း ယခင်ကဲ့သို့ မမြင့်မားလှတော့ချေ။ သို့သော် ၎င်းသည်လည်း ဆေးဝါးတစ်မျိုးပင် ဖြစ်သည့်အတွက် ဈေးချိုသည်ဟုလည်း မဆိုသာပေ။

“ကျွန်မရဲ့ ညီမလေးက နေမကောင်းဖြစ်နေတာ အဲဒါ ဆရာဝန်က ငါးကြီးဆီ တိုက်ပေးရမယ် ဆိုလို့ပါ ...”

ဖန်တိ၏ ညပိုင်း ယာယီအမြင်ကွယ်မှုနှင့် အဝေးမှုန်ခြင်းတို့သည် သူငယ်နာနှင့် ဆင်တူကာ ဗီတာမင် A နှင့် D ချို့ယွင်းမှု၏ နောက်ဆက်တွဲများ ဖြစ်သည့်အတွက် ငါးကြီးဆီသည် အသင့်လျော်ဆုံး အားဖြည့်ဓာတ်စာ ဖြစ်ပေသည်။

“မလိုချင်ဘူး .. သမီးက နေကောင်းပါတယ် အစ်မရဲ့ ...”

ဖန်တိက စိတ်ဖိစီးမှုကြောင့် မျက်နှာများပင် နီရဲလာတော့သည်။

ဒီဆန်တွေက တစ်အိမ်လုံးစာအတွက် ရထားတဲ့ ဝေစုလေ ဘယ်လိုလုပ် တစ်ယောက်တည်းအတွက် သုံးပစ်လိုက်လို့ ရမှာလဲ။

လိုင်တိက သူမကို ပြုံးပြလိုက်သည်။

“စကားကို နားထောင် ...”

အစ်မဖြစ်သူ၏ နာမည်ကို တသွင်သွင် ခေါ်နေသည့် ကလေးမလေးကို ကြည့်နေရင်း ဆရာဝန်အမျိုးသမီးမှာလည်း အလွန် စိတ်အေးသွားရတော့သည်။

သူမ၏ ဆေးဘက်ဆိုင်ရာ အတွေ့အကြုံကို အခြေခံကာ အကဲခတ်ရပါလျှင် ထိုညီအစ်မနှစ်ဦးမှာ လိမ်ညာနေဟန် မရှိ၊ ဆေးကိုလည်း ကြုံရာကျပန်း တောင်းဆိုနေခြင်း မဟုတ်ချေ။

“ဒါပေမယ့် နှစ်ပုလင်းတော့ မရလောက်ဘူး ထင်တယ် တို့ဆေးရုံမှာလည်း လောလောဆယ် ငါးကြီးဆီတွေ ပစ္စည်းပြတ်နေတယ် ...”

အာဟာရချို့တဲ့ခြင်းမှာ ဤဒေသတွင် ဖြစ်ရိုးဖြစ်စဉ်တစ်ခုမျှသာ ဖြစ်ပေသည်။

“ကောင်းပါပြီ ဒါဆို အစ်မကြီး ကျွန်မကို အရင်ဆုံး တစ်ပုလင်းပဲ လဲပေးလို့ ရမလားဟင် မလုံလောက်ရင် ကျွန်မ ပိုက်ဆံထပ်ပေးပါ့မယ် ...”

တစ်ခဏအကြာတွင် ဆရာဝန်အမျိုးသမီးက ဝေလငါးနှစ်ကောင်တံဆိပ်ပါ ငါးကြီးဆီတစ်ဘူးနှင့်အတူ ပြန်ရောက်လာကာ သူမတို့အား ဆေးအညွှန်းနှင့် သောက်ရမည့် အချိုးအစားကို ရှင်းပြပေးလိုက်သည့်အပြင် ၅၀ ဆင့်ပါ ရက်ရက်ရောရော ထပ်ပေးလိုက်သေးသည်။

ဆေးရုံနှင့် ဝေးကွာသည့် နေရာသို့ ရောက်သည့်အခါ ဖန်တိက စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်။

“ဆန် ငါးကီလိုတောင် တတိယအစ်မ ငါးကီလိုကြီးကို ဒီတစ်ပုလင်းနဲ့ ဖလှယ်လိုက်တယ်ပေါ့ သမီးတို့တော့ အကုန် ငတ်ပြီး သေကြတော့မှာပဲ ...”

သူမ၏ အသံတွင် ရှိုက်သံများပင် ကပ်ငြိလာတော့သည်။

သူမသည် စားစရာကို အမှန်တကယ်ပင် ဂရုစိုက်လှပေသည်။ နာမကျန်းဖြစ်မှုကို မခံစားရသည့်တိုင် ငတ်မွတ်မှုမှာမူ အမှန်တကယ် ကြုံတွေ့ရသည့် ဝေဒနာ ဖြစ်ပေသည်။ ဆေးသောက်ရန် မလိုအပ်သော်ငြား ဆန်ကမူ သူမကို အသက်ရှင်အောင် စွမ်းဆောင်နိုင်ပေသည်။

“အရူးမလေး ငါတို့က ရှေ့လျှောက်လည်း စားစရာတွေက ထပ်ရနေဦးမှာပဲလေ ဆောင်းဦးကျ ကောက်ရိတ်တော့မှာဆိုတော့ ရှေ့တစ်လနှစ်လလောက်ဆို စားရာတွေ ရလာတော့မှာ ဒါပေမယ့် မျက်လုံးဆိုတာ တစ်စုံပဲ ရှိတာလေ ...”

ဖန်တိက ခေါင်းကို ငိုက်စိုက်ချလိုက်ကာ ဘာတစ်ခွန်းမှ ဆက်မပြောတော့ချေ။ သို့သော် ခြေလှမ်းတို့မှာမူ ပိုမိုကာ လေးလံလာတော့၏။

“ပြီးတော့ ညဘက်တွေဆို မမြင်ရတဲ့အကြောင်းကို ဘာလို့ ငါနဲ့ ဘွားဘွားကို မပြောရတာလဲ အစောကြီးကတည်းကသာ ပြောခဲ့ရင် စောစောစီးစီး ဆေးကုပေးနိုင်မှာလေ ဒါဆို အခုအချိန်လောက်ဆို အားလုံး အဆင်ပြေနေလောက်ပြီ အခုကနေစပြီး စာရေးတာတွေ စာဖတ်တာတွေကို နေရောင်အောက်တည့်တည့်ကြီး သွားပြီး မလုပ်ရတော့ဘူး။ ညဘက်တွေမှာလည်း မလုပ်ရတော့ဘူး ကြားလား ထိုင်ရင်လည်း ခန္ဓာကိုယ်ကို တည့်တည့်ထိုင် မဟုတ်ရင် ညဘက် မမြင်ရတာရော အဝေးမှုန်တာပါ မသက်သာဘဲ နေလိမ့်မယ် ...”

“ဟေး .. ချင်းဖန်တိ ပြောနေတာကို ကြားရဲ့လား”

“အင်း ...”

သူတို့သည် အိမ်သို့ ချက်ခြင်း မပြန်ခဲ့ကြ၊ ထိုအစား ဟိုဟိုဒီဒီ လျှောက်သွားကာ မှောင်ခိုဈေးထဲသို့ပင် လှည့်ပတ်ကြည့်လိုက်ကြသေးသည်။ ဟဲလျန်ရှန်း သူမကို ပေးသွားသည့် တစ်နိုင်ငံလုံးအနှံ့ အသုံးပြုနိုင်သော စားစရာလက်မှတ်များမှာ ဆန်ချောဆန်ကောင်းများ ထုတ်ယူနိုင်သည့် လက်မှတ် ဖြစ်ပေသည်။ သူမက ထိုလက်မှတ်များကို ဆန်ကြမ်းဝယ်ယူခွင့် ဒေသတွင်းလက်မှတ်များဖြင့် လဲလှယ်လိုက်သည်။ ထိုမျှသာမက ဆန်ချော ရောင်းရာမှ ရရှိသည့် ငွေ နှစ်ယွမ်ခွဲကိုလည်း ဆန်ကြမ်းများ ဝယ်ရာ၌ အကုန် သုံးလိုက်ရာ လက်ရှိတွင် သူမတို့ထံ၌ စုစုပေါင်း ဆန်ကြမ်း ၆၀ ကီလို ရှိနေပြီ ဖြစ်သည်။

ထိပ်တန်းကျောင်းသူ ဖန်တိမှာ သူမ၏ ဦးနှောက်တစ်ခုလုံး အလုပ်မလုပ်နိုင်တော့ဟု ခံစားမိလာတော့သည်။

မနေ့က တတိယအစ်မသာ အဖွဲ့ခေါင်းဆောင်ကို ဆန်ချောများ မတောင်းဆိုခဲ့ပါလျှင် ခေါင်းဆောင်သည် သူမတို့ကို ဆန်ကြမ်း ၄၅ ကီလို ပေးမည်ဖြစ်သည်။ သို့သော် ကုန်ပစ္စည်း ဖလှယ်အပြီး လက်မှတ်နနှင့် ငွေတို့ကို ထည့်ပေါင်းလိုက်သည့်အခါ သူမတို့ထံတွင် စုစုပေါင်း ကီလို ၆၀ ရှိနေပြီ ဖြစ်သည်။ ပိုလျှံသည့် ၁၅ ကီလိုမှာ သူမတို့ တစ်မိသားစုလုံးအတွက် အချိန်ကာလတစ်ခု ကြာမြင့်သည်အထိ လုံလောက်သည့်အပြင် ငါးကြီးဆီနှင့် ဆန်ပြုတ်ပန်းကန်တို့ကိုပါ အပို ရလိုက်သေးသည်။

တတိယအစ်မက တကယ်ကို ဉာဏ်ကြီးရှင်ပဲ ...

အိမ်ပြန်ရောက်သည့်အခါ .. ချင်းကွေ့ဟွားသည် ဆန်ချောအားလုံးကို သယ်သွားသည့် သူမတို့၏ လုပ်ရပ်ကို ဒေါသထွက်ရလွန်း၍ ပစ္စည်းများစွာ သယ်ကာ ပြန်လာသည်ကို မြင်လိုက်ရသည့်တိုင် ဝမ်းမသာနိုင်သေးချေ။ ထို့နောက် သူမကလည်း ဖန်တိအား မျက်လုံးနှင့် ခန္ဓာကိုယ်ကို ကုသရန် ဆေးများကို ပေးလိုက်သည်။

နောက်ထပ် ရက်အနည်းငယ်အတွင်း ချင်းလိုင်တိသည် အပြင်သို့ မထွက်တော့ချေ။ ထမင်းစားသောက်သည့် အချိန်ကအစ ဝက်တင်းကုပ်တွင်ပင် အချိန်ကုန်ကာ သူမ၏ တာဝန်များကိုသာ ကြိုးကြိုးစားစား ဆောင်ရွက်နေခဲ့သည်။ မွေးမြူရေးခြံမှ တာဝန်ရှိသူများကလည်း ဤဖြစ်ရပ်ကို သတိပြုမိသွားရာ ယခုအချိန်မှစ၍ သူမသည် ဝူလီထန် ထုတ်လုပ်ရေးအသင်း၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့တော့သည်။ အခြား အဖွဲ့များ၏ မွေးမြူရေးသမားများကဲ့သို့ပင် သူမသည်လည်း အလုပ်ရမှတ်များ အပြည့်အဝ ရနိုင်ကာ တစ်ပတ်လျှင် တနင်္ဂနွေတစ်ရက် အနားယူနိုင်ပြီ ဖြစ်သည််။

ပင်ပန်းခဲ့သမျှအားလုံး အကျိုးထူးပေသည်။ လဝက်ခန့် ပြုစုပျိုးထောင်ပေးပြီးနောက် ဝက်များသည် တစ်နေ့တစ်ခြား ဝဖြိုးလာကာ တစ်ကိုယ်လုံး ပန်းရောင်သမ်းလျက် အားရဖွယ် ကောင်းလောက်အောင် ပြည့်ဖြိုး ကြီးထွားလာကြတော့သည်။

ထုတ်လုပ်ရေးအဖွဲ့မှ ဝက်ပေါက်များ ထပ်မံ မွေးမထုတ်နိုင်တော့သည်မှာ နှစ်ပေါင်းများစွာ ကြာလှပြီ ဖြစ်သည်။ ဝက်တင်းကုပ်ထဲရှိ ဝက်ပေါက်ကလေးများအား မြင်နေရသည်မှာ ရွှေချောင်းငွေချောင်းလေးများကို ထိုင်ကြည့်နေရသည့်အလားပင်။

“အိုး ဝက်ပေါက်လေးတွေ အများကြီးပါ့လား ၁၈ ကောင်တောင် ရှိတယ် မနေ့ကတောင် ဟိုဘက်အသင်းက ဝမ်လောင်ဝူကို ငါတို့ရဲ့ ပထမဆုံးတစ်သုတ်ကတင် ဝက်ပေါက် ၁၀ ကောင် ပါတယ်လို့ ပြောလိုက်သေးတယ် သူက မယုံဘူးတဲ့ ...”

သူက ရေနွေးကို တစ်ငုံသောက်ကာ ပြောလိုက်သည်။

“ဟုတ်ပါ့ အဲဒီ့နေ့က နှစ်ကောင် သေသွားလို့သာပေါ့ မဟုတ်ရင် အကောင် ၂၀ တောင် ရှိနေမှာ ...”

အားလုံးက သက်ပြင်းချကာ ပြောလိုက်ကြသည်။

နှမြောလိုက်တာ ...

“ဒါနဲ့ ပြောရဦးမယ် ငါတို့လိုင်တိက အတော်ဆုံးနော် သူမက ဒေါက်တာဟဲဘေးနားကနေ တကယ်ကို အရည်အချင်း အစစ်အမှန်နဲ့ လေ့လာသင်ယူခဲ့တာ ...”

အဘွားအိုက မှန်ကြည့်၍ ရနိုင်လောက်အောင်ပင် ကြည်လင်နေသည့် ဆန်ပြုတ်ပန်းကန်ကို ကိုင်ကာ ဝင်ပြောလိုက်သည်။

“ဟုတ်တယ် ငါတို့လိုင်တိက ဒေါက်တာဟဲရဲ့ တပည့် ဖြစ်မယ်ထင်တယ် ...”

“အနီးကပ် အတွင်းစည်းတပည့်တောင် ဖြစ်နေမလားပဲ ...”

“ဟုတ်မှာ ဟုတ်မှာ ...”

ချင်းလိုင်တိ - “...”

ဒီစကားတွေ ကြားရတော့ သိုင်းဝတ္ထုထဲ ရောက်သွားသလားတောင် ထင်ရတယ် ...

အိမ်ပြန်ရောက်သည့်အခါ သူမသည် ညစာအတွက် မွှေးပျံ့နေသော ကန်စွန်းဉချိုဆန်ပြုတ်တစ်ပန်းကန်ကို ရရှိလိုက်သည်။ ဆန်ပြုတ်ကို ကန်စွန်းဉခြောက်များဖြင့်သာ ပြုလုပ်ထားသည် မဟုတ်၊ ပြောင်းစေ့များကိုပါ ထည့်ထားသည့်အတွက် ပျစ်နှစ်နူးညံ့ကာ ချိုမြိန်သည့် အရသာကို ရရှိနေပေသည်။ အချဉ်စိမ်ထားသည့် ဟင်းရွက်များဖြင့် တွဲဖက်စားလိုက်သည့်အခါ အရသာမှာ နတ်သုဒ္ဓါအလားပင်။

လိုင်တိနှင့် ဖန်တိတို့သည် နှစ်ပန်းကန်ဆက်တိုက် စားသောက်လိုက်ကြပြီးနောက် ချင်းကွေ့ဟွားကို မသိမသာ အကဲခတ်လိုက်ကြသည်။

“စားချင်တာသာ စား မင်းတို့ကို သေတဲ့အထိ အငတ်မထားပါဘူး ...”

ထိုသို့ဖြင့် ညီအစ်မနှစ်ဦးသားသည် ဆန်ပြုတ် နောက်တစ်ပန်းကန် ထပ်ထည့်လိုက်ကြတော့သည်။ ဆန်ပြုတ်၏ မွှေးရနံ့ မည်မျှ သင်းပျံ့လှကြောင်းကိုမူ ထပ်ပြောနေရင်ပင် လိုအပ်တော့မည် မထင်။

“ဒါနဲ့ အခု ကျောက်မိသားစုရဲ့ တတိယသားက ဘယ်သူနဲ့ တွေ့နေလဲ သိလား ...”

ချင်းကွေ့ဟွားက နှုတ်ခမ်းတို့ကို မဲ့ကာရွဲ့ကာဖြင့် မေးလိုက်သည်။

လိုင်တိနှင့် ဖန်တိက မျက်လုံးအပြူးသားဖြင့် ပြန်ကြည့်လိုက်သည်။

သူမက ဘယ်ဘက်ခြံဘက်သို့ လက်ညှိုးထိုးပြလိုက်၏။

“အစ်မပေါင်ကျူးလား ...”

ချင်းလိုင်တိက ကြောင်အသွား၏။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း လျှိုပေါင်ကျူးသည် သူမ အလုပ်လုပ်ရာ ဝက်တင်းကုပ်သို့ မကြာခဏ လာရောက်လည်ပတ်ခဲ့သည့်တိုင် ကျောက်ချင်းစုန့်နှင့် လက်ထပ်ရန် ကတိကဝတ် ပြုထားပြီး ဖြစ်ကြောင်းကိုမူ အရိပ်အမြွက်မျှပင် မပြောခဲ့ဖူးချေ။

သို့သော် သူမ မြို့ပေါ်သို့ သွားမည့်အချိန်ကို မသိမသာ စပ်စုခဲ့ပေသည်။ သူမက ချင်းလိုင်တိအား ဟဲလျန်ရှန်းနှင့်အတူ ဟိုင်ချန်တွင် လိုက်နေသည့်အခါ ဟဲလျန်ရှန်း အိမ်တွင် မရှိသည့် အချိန်များ၌ တစ်ယောက်တည်း မဖြစ်စေရန် သူမအား အဖော်ခေါ်သွားပေးရန်ပါ အရိပ်အမြွက် ပြောလိုက်သေးသည်။ လျှိုပေါင်ကျူးသည် ချင်းလိုင်တိဘက်မှ ထိုစကားများ စတင် ထွက်ရှိလာမည့်အချိန်ကို စောင့်နေသည့်ဟန်ပင်။

ချင်းလိုင်တိမှအပ လူအားလုံးက ဟဲလျန်ရှန်းသည် သူ့အပေါ် ဂုတ်သွေးစုပ်သည့် ချင်းမိသားစုကို စက်ဆုပ်ရွံရှာကာ ဟိုင်ချန်သို့ အမြန် ပြန်သွားပြီး ရွာကို ပြန်မလာနိုင်လောက်တော့ဟုသာ တွေးထားခဲ့ကြသည်။

မျှမျှတတ ပြောရပါလျှင် ကျောက်ချင်းစုန့်၏ အနေအထားမှာ အလွန် ကောင်းမွန်သည်ဟု ဆိုနိုင်ပေသည်။ အကယ်၍ မိထွေးကောင်းတစ်ဦးအဖြစ် နေထိုင်ကာ ကိုယ့်သွေးသားအရင်းကို မမွေးရပါလျှင်လည်း အဆင်ပြေသည့်သူ၊ ကိုယ်ပိုင်ဘဝနှင့် မိသားစုကို ဟန်ချက်ညီအောင် စောင့်ရှောက်နိုင်သူ၊ ကျောက်ချင်းစုန့်၏ လှည့်ကွက်အသေးစားလေးများအား ဂရုမထားသူ၊ ပင်စင်ယူပြီးနောက် သူတစ်ဦးတည်း သုံးစွဲရန်အတွက် တိတ်တိတ်လေး ငွေခိုးစုထားသည်ကို မျက်ကွယ်ပြုထားနိုင်သူဆိုလျှင် ကျောက်ချင်းစုန့်နှင့် လက်ထပ်ရခြင်းမှာ ဆိုးလှသည်တော့ မဟုတ်ချေ။

တပ်မဟာထဲ ဝင်ရောက်ခဲ့သည့် အစောပိုင်းနှစ်များကတည်းက ရာထူးတစ်ခုကို ခိုင်ခိုင်မာမာ ရရှိထားသူ ဖြစ်ပေရာ ကျေးလက်ဒေသမှ မိန်းကလေးများအဖို့ သူနှင့် လက်ထပ်ခွင့် ရခြင်းမှာ နတ်ရေကန်ထဲ ခုန်ဆင်းလိုက်သည့်အလား ဘဝပြောင်းသွားနိုင်သည့် အခွင့်အရေး ဖြစ်ပေသည်။

သို့သော် ဤကမ္ဘာ၌ အထက်ပါ အချက်များအားလုံးနှင့် ပြည့်စုံသူ မိန်းကလေး များများစားစား ရှိနိုင်လိမ့်မည် မဟုတ်ချေ။

ချင်းလိုင်တိက တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။

လျှိုပေါင်ကျူးက အဲဒီ့ကောင်နဲ့ လက်ထပ်ချင်တယ်ဆိုလည်း လက်ထပ်ပါစေ ငါကတော့ တစ်ခြားသူရဲ့ ကိစ္စထဲ ဝင်မပါဘူး .. ပြောမရဘူး ဒီနှစ်ယောက်ထဲမှာ ဘယ်သူက အရင်ဖောက်ပြန်မလဲတောင် သေချာ မပြောနိုင်ဘူး ...

သူမ၏ မျက်နှာထက်တွင် နောင်တရသည့် အရိပ်အယောင်နှင့် ဒေါသအငွေ့အသက်များကို မတွေ့ရကာမှ ချင်းကွေ့ဟွားလည်း စိတ်အေးသွားရကာ ဖန်တိအား ငါးကြီးဆီ သောက်ခြင်းက သူမအတွက် အကျိုးသက်ရောက်မှု ရှိမရှိ မေးမြန်းလိုက်တော့သည်။

ကောင်မလေးက သူမ၏ မျက်လုံးကို မှေးကျဉ်းကာ တစ်ခဏမျှ စဉ်းစားလိုက်သည်။

“အဆင်ပြေတယ် အရင်ကဆို နေမဝင်ခင်ကတည်းကကို မမြင်ရတော့ဘူး အခုကျ တော်တော်လေး မှောင်ကာမှ မမြင်ရတော့တာ ...”

“နွားနို့ရယ် ပြီးတော့ တစ်ချိန်ချိန် ငါတို့ ဝယ်နိုင်လာတဲ့ အခါကျ ဝက်အသည်းနဲ့ သိုးအသည်းလည်း ဝယ်ရမယ် အဲဒါတွေက ဒီရောဂါကို ကုသတဲ့ နေရာမှာ အထောက်အကူပြုတယ်လေ ...”

“ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး တော်တော်လေးကို အကျွမ်းတဝင် ဖြစ်နေပြီပဲ ...”

ချင်းကွေ့ဟွားက ပြောလိုက်သည်။ သို့သော် သူမ၏ စိတ်ထဲတွင်မူ နှစ်ကုန်ပိုင်း၌ ဝမ်လီဖန်းနှင့် မျက်နှာချင်းဆိုင်ကာ စကားပြောနိုင်ပါတော့မလားဟု တထိတ်ထိတ် ဖြစ်မိနေဆဲပင်။

“ဝက်အသည်း စားချင်တယ်လို့ ပြောလိုက်တာ ဘယ်သူပါလိမ့် ငါတို့ လိုင်တိက အစားပုတ်လေးပါလား ...”

ထိုစဉ် လိုင်တိနှင့် ရုပ်ချင်း အလွန်ဆင်တူသည့် ဆံပင်တိုတို၊ ပိန်ပိန်ပါးပါးနှင့် အမျိုးသမီးတစ်ခုက အိမ်ထဲသို့ ပြုံးကာ ဝင်လာလိုက်သည်။

“အစ်မ ...”

ချင်းလိုင်တိက သူမကို လွမ်းဆွတ်မှုအပြည့်ဖြင့် ခေါ်လိုက်သည်။

ချင်းအိုက်လန်မှာ အသက် ၂၄ နှစ်သာ ရှိသေးသည်။ သို့သော် ဝါကြန့်ကြန့်မျက်နှာ၊ မည်းမှောင်ချိုင့်ဝင်နေသော မျက်ကွင်းများနှင့် သိသာထင်ရှားနေသော ပါးရိုးများ၊ ခြောက်ကပ်ကာ အရေခွံလန်နေသော နှုတ်ခမ်းများကို ပိုင်ဆိုင်ထားသောကြောင့် သူစိမ်းများသည် သူမကို အသက် ၃၀ အရွယ်ဟုပင် အထင်မှားကြပေလိမ့်မည်။

ချင်းလိုင်တိက သူမ၏ အစ်မသည် လက်မထပ်မီက ပြည့်ဖောင်းလုံးဝန်းသည့် ပါးပြင်နှင့် နီမြန်းသော နှုတ်ခမ်းတို့ကို ပိုင်ဆိုင်ထားသူတစ်ဦး ဖြစ်ကြောင်း ယခုအချိန်အထိ မှတ်မိနေဆဲပင်။ သူမသည် ကောင်တီတစ်ခုလုံးရှိ ရွာများအားလုံး၏ မိန်းမလှအဖြစ်ပင် သတ်မှတ်ခံခဲ့ရသူ ဖြစ်သည်။ သို့သော် စိုးရိမ်ကြောင့်ကြမှုတို့က သူမ၏ လှပမှု အားလုံးကို တိုက်စားသွားတော့သည်။

လျှိုမိသားစု၏ အခြေအနေမှာ အလွန်ကောင်းမွန်လှပေသည်။ ထိုမိသားစု၏ ယောက္ခမများ၊ ဦးလေးများနှင့် အဘွားများကအစ အလုပ်ကိုယ်စီ ရှိကြသည်။ အကြီးဆုံးခဲအို လျှိုကျားဝေ့သည် စတီးစက်ရုံမှ အလုပ်သမားတစ်ဦး ဖြစ်ကာ လစာမှာလည်း မနည်းလှချေ။

ချင်းအိုက်လန်ကဲ့သို့သော ကျေးတောသူသည် လှပသော ရုပ်ရည်ကြောင့်သာ မဟုတ်ပါလျှင် သူနှင့် လက်ထပ်နိုင်လိမ့်မည် မဟုတ်ချေ။ သို့သော် အလုပ်ကိုယ်စီ ရှိကြသည့် မိသားစုတွင် သူမတစ်ဦးတည်းကသာ ကျေးလက်အိမ်ထောင်စု ကိုင်ဆောင်ထားပြီး အားလုံး၏ ဝေစုထဲမှ စားစရာများကို စားသောက်ရသူ ဖြစ်သည့်အတွက် အတင်းစကားဆိုခြင်းနှင့် ကြုံရမည်မှာ မလွဲဧကန် ဖြစ်ပေသည်။

ထို့အပြင် သူမနှင့် လျှိုကျားဝေ့သည် အိမ်ထောင်သက်တမ်း ၆ နှစ် ရှိနေပြီ ဖြစ်သည့်တိုင် သားသမီး တစ်ဦးတစ်လေပင် မထွန်းကားသေးသည့်အတွက် လျှိုမိသားစုသည် ပိုမိုကာပင် အလိုမကျ ဖြစ်လာကြတော့သည်။

ခင်ပွန်းဖြစ်သူ၏ နေအိမ်တွင် နေထိုင်ရခြင်းမှာ ပျော်ရွှင်ဖွယ် မကောင်းသည့်အခါ လျှိုကျားဝေ့သည် မည်မျှပင် ရိုးသားကာ တစ်ဖက်သားကို တွေးပေးတတ်သူ ဖြစ်နေပါစေ သူမအနေဖြင့် မလန်းဆန်း၊ မတက်ကြွတော့ချေ။

ပြီးခဲ့သည့်ဘဝက ချင်းလိုင်တိ ကြုံတွေ့ခဲ့ဖူးသည့် လူနာများထဲတွင် အလားတူ ဖြစ်ရပ်မျိုး များစွာ ရှိခဲ့ဖူးပေသည်။ တစ်ခါတစ်ရံ၌ သားသမီး မွေးဖွားနိုင်ခြင်း ရှိမရှိမှာ ရောဂါရှိခြင်း၊ မရှိခြင်းနှင့် မသက်ဆိုင်၊ စိတ်ပိုင်းဆိုင်ရာ အခြေအနေဖြင့် သက်ဆိုင်ပေသည်။

စိတ်ဖိစီးလေလေ သန္ဓေအောင်နိုင်ခြေ နည်းလေလေပင်။ သန္ဓေအောင်နိုင်ခြေ နည်းမည်ကို ပူပန်လေ ပိုပြီး စိတ်ဖိစီးရလေ ဖြစ်သည်။ ထို့အပြင် လက်မထပ်ဘဲ ဘဝကို ကောင်းမွန်စွာ ဖြတ်သန်းနေသူ၊ သားသမီး မရှိသော်လည်း ပျော်ရွှင်ဖွယ်ဘဝကို ပိုင်ဆိုင်ထားသူများ အများအပြား ရှိနေရာ ချင်းလိုင်တိသည် သူမ၏ အစ်မဖြစ်သူအတွက် ပို၍ပင် စိတ်မကောင်းဖြစ်မိခဲ့တော့သည်။

ဘာလို့ သူမလို လူကောင်းတစ်ယောက်က ဒီလိုအခြေအနေကြီးနဲ့ပဲ ဘဝကို အထီးကျန်ကျန် ဖြတ်သန်းသွားရမှာလဲ ...

“ဘာလဲ ကောင်မလေး ကိုယ့်အစ်မကိုတောင် မမှတ်မိတော့ဘူးလား ...”

ချင်းအိုက်လန်က သူမ၏ ပုခုံးကို ပုတ်ကာ ခပ်ပြုံးပြုံး ပြောလိုက်သည်။

“သိပါတယ် .. ဒီတိုင်း အစ်မကို လွမ်းနေလို့ ...”

ချင်းအိုက်လန်က မျက်မှောင်တွန့်ကာ ပြုံးပြလိုက်သည်။

“အစ်မကို လွမ်းတာလား အရသာရှိတဲ့ စားစရာတွေကို လွမ်းတာလား ...”

သူမက အိတ်ကို လှပ်ပြရင်း ပြောလိုက်သည်။

“ပဲခေါက်ဆွဲတွေက ကိုယ်တိုင် ကြော်လာတာ စားမယ်ဆိုကာမှ သကြားနည်းနည်းထည့်ပြီး ရေပွက်ပွက်ဆူတဲ့အထဲ ခဏ စိမ်လိုက်ရုံပဲ နင်တို့တွေလည်း အခုဆို ကြီးပြင်းလာကြပြီလေ ဗိုက်ကို အဆာမခံနဲ့တော့ ...”

သူမသည်လည်း သကြားများကို တိတ်တိတ်လေး ခွဲပြီး သိမ်းထားသည့်တိုင် အများဆုံးမှ ၂ ဇွန်း ၃ ဇွန်းစာသာ ရခဲ့သည်။

“ပဲလက်မသီးကြော် နှစ်ကီလိုလည်း ပါသေးတယ် လာမြည်းကြည့်ဦး ...”

(ပဲလက်မသီးကလေ ဒီဘက်ကအခေါ်ဆို ပဲပုဇွန်သီးလို အသီးမျိုးပါ)

“ငရုတ်သီးဆားလှော်ရယ် စီချွမ်းငရုတ်ကောင်းရယ် ထည့်ပြီး ကြော်ထားတော့ ကြွပ်ရွပြီး မွှေးနေတာပဲ တစ်ခုလောက် စားလိုက်ရရင်ကို နောက်ထပ် ထပ်ထပ်ပြီး စားချင်နေတော့မှာ ...”

အငယ်လေးနှစ်ဦး စားသောက်နေကြစဉ် ချင်းကွေ့ဟွားက သူမ၏ ဗိုက်ကို စိုက်ကြည့်ရင်း အနည်းငယ် ပူပန်စွာဖြင့် မေးလိုက်သည်။

“ဘာသတင်းမှ မထူးသေးဘူးလား ...”

ချင်းအိုက်လန်က ခါးသီးစွာဖြင့်သာ ခေါင်းကို ယမ်းပြလိုက်၏။

“ပြီးခဲ့တဲ့တစ်ခေါက်က တိုင်းရင်းဆေးသမားတော်တွေနဲ့ ပြတာကလည်း အသုံးမဝင်ဘူးလား ...”

အိုက်လန်က မျက်လုံးထောင့်စွန်းမှ မျက်ရည်စက်များကို အသာ သုတ်ရင်းသာ ခေါင်းငြိမ့်ပြလိုက်သည်။

အကြီးဆုံးမြေးမ၏ ဝမ်းနည်းမှုကို မမြင်ရက်တော့သောကြောင့် ချင်းကွေ့ဟွားသည် အမြန်ဆုံး စကားလမ်းကြောင်း ပြောင်းလိုက်ရတော့သည်။

“ဘာလို့ ပစ္စည်းတွေ အများကြီး ယူလာရတာလဲ ကိုယ့်ဘာသာကိုယ်ပဲ ကောင်းကောင်းစားတာ မဟုတ်ဘူး နင့်ညီမတွေနဲ့ ငါ့မှာ စားစရာသောက်စရာ အပြည့်အစုံ ရှိတယ် စိတ်ပူမနေနဲ့ .. ယောက္ခမတွေနဲ့ရော အဆင်ပြေရဲ့လား ...”

“အဆင်ပြေပါတယ် သူတို့တွေ မသိပါဘူး သမီးဘာသာ အပြင်ထွက်ပြီး စားစရာရှာလာတာ ...”

“ဒီပစ္စည်းကောင်းတွေကို သိမ်းထားလို့ရော ရလို့လား ...”

သူမသည် လျှိုမိသားစုဘက်မှ ခမည်းခမက်ကို မတွေ့ဖူးခြင်းတော့ မဟုတ်ချေ။ ထိုသူမှာ ရေအေးထဲ စိမ်ထားသည့် ကြက်အရေခွံသဖွယ် တွန့်လိမ်ရှုံ့မဲ့သည့် မျက်နှာထားကို ပိုင်ဆိုင်ထားရာ ဤမျှ များပြားလှသည့် ပစ္စည်းများအား သူမ၏ မျက်စိအောက်မှ ထုတ်ယူလာနိုင်ရန် မဖြစ်နိုင်လှချေ။

ချင်းအိုက်လန်က စကားစကို ရပ်လိုက်၏။ ညီမနှစ်ဦး ပျော်ရွှင်စွာ စားသောက်နေကြသည်ကို မြင်လိုက်ရသည့်အတွက် စိတ်ညစ်ဖွယ်ကိစ္စများကို ထုတ်မပြောလိုတော့ချေ။

“ဘွားဘွား ဒီနေ့ သမီး ပြန်လာတာ လုပ်စရာကိစ္စလေး ရှိလို့ ပြီးတော့ ဘွားဘွားရဲ့ အကြံကိုလည်း လိုလို့ပါ ...”

“သမီးရဲ့ ယောက္ခမက ရှေ့လဆို ပင်စင်ယူတော့မှာလေ အဲဒါ မိသားစုဝင်တစ်ယောက်က သူမရဲ့ နေရာမှာ ဝင်ပြီး အလုပ်လုပ်လို့ ရတယ်တဲ့။ လူတိုင်းမှာ အလုပ်တွေ ရှိနေကြတော့လေ။ သမီး ယူလိုက်သင့်တယ်လို့ ထင်လားဟင် ...”

“သေချာပေါက်ကို ယူသင့်တာပေါ့ ...”

ဟမ်းစတားပေါက်စလေး ချင်းလိုင်တိက ရုတ်တရက် ဝင်ပြောလိုက်သည်။

All Chapters