Chapter 11
Vol. 1 Ch. 11
ယုန်က သူတို့၏ လက်ထဲတွင် ရှိနေသည်မှာ အမှန်တကယ် ဖြစ်သော်ငြား ချင်းကွေ့ဟွားထံ၌ သက်သေမရှိ။ အကယ်၍ သူမသည် ဤကိစ္စကို ကပ္ပတိန်ထံ သယ်သွားမည် ဆိုလျှင်ပင် ဖြေရှင်းရန်နည်းလမ်း ရှိလိမ့်မည် မဟုတ်ချေ။ သူတို့က ယောကျာ်းသား မရှိသည့် ချင်းမိသားစုကို အနိုင်ကျင့်ကြမည် ဖြစ်သည့်အတွက် သူမသည် မကျေနပ်ချက်များကို မြိုသိပ်ကာသာ ထားလိုက်ရတော့သည်။
တော်တော်ကို စိတ်ပျက်စရာ ကောင်းတာပဲ ...
ချင်းကွေ့ဟွားက အံကို တင်းတင်းကြိတ်ထားလိုက်သည်။ သူမက ထိုကောင်စုတ်လေးများကို အပိုင်းပိုင်း စုတ်ဖြဲပစ်လိုက်ချင်သော်ငြား လက်တွေ့တွင်မူ အမျိုးသမီးတစ်ဦးက မည်မျှပင် ခက်ထန်သန်မာနေပါစေ ယောကျ်ားသားများကို ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။ သူမသာ အမှန်တကယ် လက်ပါမိပါလျှင် ဆိုးကျိုးများကိုသာ ခံစားရပေလိမ့်မည်။
အတိတ်တွင် သူမသည် ထိုအချက်ကို လက်မခံနိုင်ခဲ့သောကြောင့် အမှန်တကယ် အရိုက်အနှက် ခံလိုက်ရကာ အနွေးကုတင်ပေါ်တွင် လဝက်နီးပါးခန့် လှဲလျောင်းနေခဲ့ရသည်။ သို့သော် အကြောင်းပြချက် ပေးရန်နေရာလည်း ရှာမတွေ့သည့်အတွက် လက်လျှော့ခဲ့လိုက်ရသည်။ အားလုံးကိုယ်စီ အတွေးနွံထဲ နစ်နေကြစဉ် ဩရှနက်ရှိုင်းသည့် အသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရတော့သည်။
“သက်သေမရှိဘူးလို့ ဘယ်သူပြောလဲ ...”
လျှိုမိသားစုက လှည့်ကြည့်လိုက်သည့်အခါ အဖြူရောင် ရှပ်အင်္ကျီနှင့် စက်ရုံသုံး အပေခံဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ဦးကို တွေ့လိုက်ရသည်။ သူ့ပုံစံမှာ အတော်လေး ကြည့်ကောင်းသော်ငြား အနည်းငယ်လည်း စပ်စုတတ်ဟန်ပင်။
“ဟိတ်ကောင်လေး .. ကိုယ့်ကိစ္စမဟုတ်ရင် ဝင်မပါနဲ့ ...”
လျှိုမိသားစု၏ မြေးယောကျာ်းလေးများက သူ့ကို ပေစောင်းစောင်းကြည့်ကာ ပြောလိုက်သည်။
ဘေးတွင် ရပ်နေသည့် မဒမ်ကျောက်သည်ပင် ဝင်ကာ အကြံပေးလိုက်သေး၏။
“ရှောင်ဟဲ လိုင်တိက မင်းရဲ့ ဇနီးဆိုပေမယ့် ငါတို့တွေက ဒီကိစ္စကို ဝင်စွက်ဖက်လို့ မရဘူးလေ ...”
ဤမုဆိုးမနှစ်ဦးသည် ဟိုးယခင်ကတည်းက တစ်နှစ်အတွင်း အကြိမ်ပေါင်း မရေမတွက်နိုင်လောက်အောင် ရန်ဖြစ်ခဲ့ကြသူများ ဖြစ်သည်။ သို့သော် ထိုသို့ ဖြစ်ခဲ့ကြသည်မှာ တစ်ဦးနှင့်တစ်ဦး လက်ရည်ညီခဲ့သည့် အချိန်ကသာ ဖြစ်ပေသည်။
လျှိုမိသားစု၏ မြေးယောက်ျားလေးများ တစ်ဦးပြီးတစ်ဦး ပေါ်ထွက်လာချိန်မှစကာ မုဆိုးမချင်းသည် မုဆိုးမလျှိုကို အနိုင်မယူနိုင်တော့ချေ။ လျှိုမိသားစုက ချင်းမိသားစုကို အင်အားသုံးကာ အနိုင်ယူနေခြင်း ဖြစ်ကြောင်းကို မျက်စိပါသူတိုင်း ကောင်းကောင်း မြင်နိုင်ပေသည်။
သူတို့က ချင်းမိသားစု၏ ပိုင်နက်ကိုပင် အတော်များများ ကျူးကျော်ထားကြသေး၏။ ထို့အပြင် သူတို့၏ လျှိုတာ့ဟူသည် ချင်းအိုက်လန်ကို ချစ်ကြိုက်နေသည့်အတွက် အုတ်တံတိုင်းကို ကျော်ကာ သူမအား အခွင့်ကောင်းယူရန် ကြိုးစားခဲ့သည်ဟုပင် သတင်းကြားခဲ့မိသေးသည်။
ထိုခေတ်၏ ကျေးလက်ဒေသတွင် ယောက်ျားသားများသည်သာ အရာရာ ဖြစ်ပေသည်။
သို့သော် ဧည့်သည်ကောင်လေးက လျှိုမိသားစု၏ ယောကျ်ားသားများကို တစ်စက်မျှပင် ကြောက်ရွံ့ဟန်မပြ။ သူက မျက်တောင်တစ်ချက် မခတ်ဘဲ လျှိုလောင်စန်းကို လက်ညှိုးထိုးပြလိုက်သည်။
“မင်းပါးစပ်မှာ ကပ်နေတဲ့ အဖြူရောင် အမွှေးတွေက ယုန်မွှေးတွေလေ...”
လျှိုလောင်စန်းက သတိလက်လွတ်ဖြင့် သူ့လက်ကို နောက်ပို့ကာ တင်ပါးနှင့် ဘောင်းဘီစကို ယုန်မွှေးများ ပြောင်စင်သွားသည်အထိ နှစ်ကြိမ်တိုင် အသည်းအသန် ခါထုတ်လိုက်တော့သည်။ (အပေါ်မှာ mouth လို့ ရေးထားပြီး ဘာလို့ အောက်တစ်ကြောင်းက butt ဖြစ်သွားသလဲတော့ သေချာမသိပါဘူး)
“ပေါက်ကရတွေ တော်လိုက်စမ်း ငါ မင်းကို ရိုက်ပစ်လို့ ရတယ်ဆိုတာ သိရဲ့လား ...”
သို့သော် အင်္ကျီအဖြူနှင့် အမျိုးသားက သူ့ကို ဖျတ်ခနဲ စိုက်ကြည့်ကာသာ ပြောလိုက်သည်။
“ပွတ်မနေနဲ့ တည်ငြိမ်လျှပ်စစ် စီးကူးနှုန်းက ပိုပြီး အားကောင်းလာလိမ့်မယ် ...”
တတိယလျှို ပါးစပ်တွင် အမှန်တကယ်ပင် အဖြူရောင် အမွှေးလေးနှစ်ချောင်း ကပ်ငြိနေပေသည်။ သို့သော် ထူးဆန်းသည်မှာ ထိုအမွှေးနှစ်ချောင်းသည် ပကတိမျက်စိဖြင့် မြင်နိုင်ရန် အလွန် သေးငယ်လွန်းလှရာ အိမ်တံခါးဝတွင် ရပ်နေသည့် ထိုလူငယ်က အနည်းဆုံး ၁၅ မီတာ နီးပါးခန့်ရှိသည့် အကွာအဝေးကို ဖြတ်၍ မြင်နိုင်သည်မှာ မယုံကြည်နိုင်ဖွယ်ရာပင်။
ဒီမျက်လုံးတွေက သိမ်းငှက်ထက်ကို ပိုပြီး အားကောင်းနေတာပဲဟ။
“လှုပ်ရှားနေဖို့ မလိုပါဘူး ယုန်က မီးဖိုထဲက ရေစည်ထဲမှာ ...”
“မင်း .. မင်း ဘယ်လိုလုပ် သိတာလဲ ...”
ထိုသို့ ပြောလိုက်မိသည်နှင့်တစ်ပြိုင်နက် လျှိုလောင်အာသည် မုဆိုးမလျှိုထံမှ “ရူးနေသလား” ဟူသည့် အကြည့်စူးစူးတစ်ချက်ကို လက်ခံလိုက်ရသည့်အတွက် ပျာယာခတ်သွားတော့သည်။
ဟဲလျန်ရှန်းက သူ့ကို အရူးတစ်ယောက်အလား သဘောထားကာ ပြောလိုက်သည်။
“မင်းအင်္ကျီလက်မောင်းမှာ နိုက်ထရိတ် အကြွင်းအကျန်တွေ ရှိနေတယ်လေ ဒီဒေသရဲ့ ရေက တစ်ခြားနေရာတွေနဲ့ မတူဘူး နိုက်ထရိတ် ပါဝင်နှုန်းက တအားများပြီး ထုံးကျောက်ရောင် နိုက်ထရိတ်တွေက ရေ သိုလှောင်တဲ့ ပစ္စည်းကိရိယာတွေပေါ်မှာ ကျန်နေတတ်တယ်လေ ဆားပုံဆောင်ခဲတွေကတော့ လူအများစု မတွေ့နိုင်ပါဘူး လက်ကို ရေစည်ရဲ့ ဟိုးအောက်ဆုံးထဲအထိ နှိုက်ထည့်လိုက်မှပဲ ဒါမျိုး လက်မှာ ကပ်လာနိုင်တာ ..."
ဤဒေသတွင် မွေးဖွားကြီးပြင်းလာသူတိုင်း သူ ပြောသွားသည်များကို ကောင်းကောင်း နားလည်လိုက်ကြပေသည်။ ချင်းကွေ့ဟွား၏ မျက်လုံးများမှာ ချက်ခြင်းဆိုသလို မီးဟုန်းဟုန်းတောက်သွားတော့၏။
ယုန်အော်သံ မကြားရတာ အံ့ဩစရာ မရှိတော့ပါဘူး ဒီလောက် ရေစည်အနက်ကြီးထဲ ရောက်နေမှတော့ ဘယ်သူက ကြားတော့မှာလဲ။
သူတို့၏ လုပ်ရပ် အဖော်ထုတ်ခံလိုက်ရသည့်အတွက် လျှိုတာ့ဟူသည် အံကို တင်းတင်းကြိတ်ကာ အခြား ညီအစ်ကိုများအား အချက်ပြလိုက်သည်။ စိတ်ထဲတွင်လည်း ဒီနေ့ သူသာ ထိုမိန်းမကြီးကို မရိုက်နိုင်လျှင် ရှေ့လျှောက် ရွာထဲ၌ သူတို့ကို ကြောက်မည့်သူ ရှိတော့မည် မဟုတ်ဟု တွေးလိုက်၏။ ရွာသားများအကြား တည်ဆောက်ထားသည့် လျှိုမိသားစုမှ ကျားခုနစ်ကောင်၏ ဂုဏ်သိက္ခာသည် လက်သီးတစ်ချက်၊ ခြေကန်ချက် တစ်ချက်တည်းဖြင့် တည်ဆောက်ထားခဲ့ခြင်း မဟုတ်ချေ။
ခြေကျိုးကောင်ကတော့ .. ကိုယ့်ကိစ္စကိုယ်ပဲ အာရုံစိုက်နေစမ်းပါ။
ထင်မှတ်မထားစွာဖြင့် သူ့ခြေထောက်ကို ရွှေ့ကာ အဖြူရောင်အင်္ကျီနှင့် အမျိုးသား၏ အနားသို့ မချဉ်းကပ်နိုင်ခင်မှာပင် အဖြူရောင် အရိပ်တစ်ခုကို လှစ်ခနဲ မြင်လိုက်ရပါီး “ကလစ်” ဟူသော အသံနှင့်အတူ သူ့လက်မောင်းတစ်ခုလုံး ရုတ်တရက် ထုံကျင်သွားတော့သည်။
“အား .. နာတယ် .. နာတယ် နာတာမှ သေတော့မယ့်အတိုင်းပဲ”
သူ့ကို ကန်လိုက်သူမှာ သူနှင့် ၃ မီတာအကွာတွင် ရှိနေဆဲပင်။ အစောပိုင်းက မြင်လိုက်သည့် အဖြူရောင် အရိပ်မှာ မျက်စိမှားလေသလားဟုပင် ထင်မှတ်ရ၏။ သို့သော် လောင်တာ့ဟူ၏ လက်သီးဆုပ်မှာ အမှန်တကယ်ပင် “ဂျွတ်”ခနဲ မြည်သွားကာ ကြက်ဥတစ်လုံးနီးပါး ကြီးမားသည့် ကြွက်သားများနှင့် လက်မောင်းမှာလည်း ချက်ခြင်းဆိုသလို ပျော့ခွေတွဲကျလာတော့သည်။
“ဒါ .. ဒါ .. အစ်ကိုကြီး လက်မောင်း ကျိုးသွားပြီ ထင်တယ်”
ဒုတိယညီက အလန့်တကြား အော်ပြောလိုက်သည်။ ကြောက်လန့်စိတ်ကြောင့် သူ့တစ်ကိုယ်လုံး ပူထူလာတော့၏။
လျှိုမိသားစုဝင်များ၏ လက်မောင်းကို အလွယ်တကူ ရိုက်ချိုးနိုင်သူအား မြင်ရခြင်းမှာ ဤသည်က ပထမဆုံး အကြိမ်ပင်။ မုဆိုးမလျှိုက သူမ၏ မြေးအကြီးဆုံးကို ပွေ့ဖက်ထားလျက် သူ့အစား သူမသာ လက်အကျိုးခံလိုက်ချင်တော့သည်ဟု ငိုချင်းချလိုက်တော့သည်။
ချင်းကွေ့ဟွားက ထိုအခြေအနေကို အခွင့်ကောင်းယူကာ ရေမရှိသည့် ရေစည်ထဲမှ သူတို့ယုန်ကို သွားရှာလိုက်သည်။ ထို့နောက် သူမက ယုန်လေးကို လက်မောင်းထဲ ပွေ့ထားလျက် ပြောလိုက်၏။
“ရှောင်ဟဲ ရောက်လာပြီပဲ။ မင်းသာ နည်းနည်းလောက် နောက်ကျရင် ငါတို့တော့ ဒီအရိုင်းအစိုင်းတွေ သတ်တာကို ခံရတော့မလားပဲ အဲဒီ့ကောင်တွေက ငါတို့တွေကို သေလောက်အောင်ကို အနိုင်ကျင့်ခဲ့ကြတာလေ ...”
ရွာထဲတွင် နေလာခဲ့သည့် သက်တမ်းတစ်လျှောက်တွင် သူမဘက်မှ ရပ်တည်ပေးသည့် ယောကျ်ားသားဟူ၍ ရှောင်ဟဲတစ်ဦးတည်းသာ ရှိခဲ့ဖူးပေသည်။ အတိတ်တွင် စီရင်စု၏ အကြီးအကဲအချို့က တရားမျှတစေရန် စကားအနည်းငယ် ကူပြောပေးခဲ့ဖူးသည့်တိုင် ထိုသူတို့သည်လည်း ဦးနှောက်မရှိသည့် လျှိုမိသားစုနှင့် ပြဿနာ မဖြစ်လိုကြပေ။ အခြားသူများကမူ လျှိုမိသားစုကို ကြောက်ရွံ့သည့် အဆင့်သို့ပင် ရောက်ရှိနေကြရာ ချင်းကွေ့ဟွားသည် သူမ၏ ကိုယ်ပိုင်ပြဿနာအတွက် မည်သူ့ကိုမှ ဆွဲမထည့်ရဲခဲ့ချေ။
ဟဲလျန်ရှန်းက ခေါင်းကို အသာငြိမ့်ပြလိုက်သော်လည်း အိမ်ထဲမှ ထွက်မသွား။ မလှမ်းမကမ်းတွင် ရပ်နေဆဲဖြစ်သည်။ သူ့ပုံစံမှာ သတိလက်လွတ် ရပ်နေသယောင် ထင်ရသော်လည်း အမှန်တကယ်တွင်မူ လျှိုအိမ်မှ မြေးယောကျ်ားလေးများ အဘွားလျှိုကို နောက်တစ်ကြိမ် ပြဿနာ မရှာနိုင်စေရန် စောင့်ကြည့်နေခြင်း ဖြစ်သည်။
ဤအခိုက်အတန့်၌ သူသည် ပထမဆုံးအကြိမ်အဖြစ် အဘွားချင်၏ စကားများကို နားလည်သွားတော့သည်။ ချင်းမိသားစုတွင် ယောကျ်ားသားဟူ၍ တစ်ယောက်မျှပင် မရှိရာ ရွာထဲရှိ ခွေးကအစ သူတို့ကို အနိုင်ကျင့်လိုကြသည်။ သူသာ လိုင်တိနှင့် လက်မထပ်ခဲ့ပါလျှင် ဤမိသားစုသည် တစ်သက်လုံး ရွာ၏ အလှောင်ပြောင်ခံ ဖြစ်နေရတော့မည် ဖြစ်သည်။ နောက်ပြန်ဆုတ်ရန် လမ်းကြောင်းပင် ကျန်တော့မည် မဟုတ်ချေ။
ယုန်သွားရှာသော လိုင်တိမှာလည်း လမ်းတစ်လျှောက် ယုန်၏ အရိပ်ကိုပင် မတွေ့ခဲ့ရသည့်အတွက် အိမ်သို့သာ ပြန်လာခဲ့လိုက်ရသည်။ သို့သော် အိမ်တံခါးဝသို့ ရောက်သည်နှင့်တစ်ပြိုင်နက် ထင်မှတ်မထားသူတစ်ဦး၏ အရိပ်ကို တွေ့လိုက်ရ၏။
“လောင်ဟဲထုန်လား ...”
အဲဒီ့ “လောင်ဟဲထုန်” ဆိုတာက အသက် ၂၀ ဝန်းကျင် သန်တုန်းမြန်တုန်း သူ့ကို ခေါ်တဲ့ နာမ်စားလား။
ဟဲလျန်းရှန်း၏ နောက်ကျောမှာ မသိမသာ တုန်ရီသွားတော့သည်။ သူက ထိုအသံကို မှတ်မိလိုက်၏။ အသံရှင်မှာ သူ၏ အသစ်စက်စက် “ဇနီးလေး” ဖြစ်ပေသည်။
ဒါပေမယ့် ဘာလို့ သူက သူနဲ့ ဟိုးအရင်ကတည်းက သိနှင့်ပြီးသား အချိန်အကြာကြီး ရင်းနှီးခဲ့ဖူးတဲ့သူလို့ ခံစားနေမိတာပါလိမ့်။
သို့သော် သူသည် လူသားများ၏ မျက်နှာနှင့် ပတ်သက်၍ သိသိသာသာ အထိအရှလွယ်သူ ဖြစ်ကာ တစ်ကြိမ်တစ်ခါ တွေ့ဖူး၊ ပတ်သက်ဆက်ဆံဖူးသူတိုင်းအပေါ် ထင်မြင်ချက်တစ်ခုစီ ရှိထားပေသည်။
ချင်းလိုင်တိကလည်း သူမ၏ စကားများထဲတွင် ခံစားချက်များ သိသိသာသာ ပါသွားကြောင်း သတိပြုမိလိုက်သည့်အတွက် ချက်ခြင်းဆိုသလို စကားကို ဖာထေးကာ ပြောလိုက်သည်။
“ပြန်လာပြီလား .. ယုန်လေး ပြန်ရှာတွေ့ပြီဆို”
ဟဲလျန်ရှန်းက ခေါင်းငြိမ့်ပြလိုက်သည်။
သူမက လျှိုမိသားစုကို သတိပေးဟန်ဖြင့် စိုက်ကြည့်လိုက်၏။
“ငါ ချင်းလိုင်တိ ဒီနေရာကနေ သတိပေးထားလိုက်မယ် ရှေ့လျှောက် ငါတို့ရဲ့ ချင်းမိသားစုမှာ တစ်ခုခု ဖြစ်လို့ကတော့ နင်တို့ကိုပဲ ချက်ခြင်း လာရှာမှာ ...”
မုဆိုးမလျှိုက နှုတ်ခမ်းကို မဲ့ကာ ပြောလိုက်သည်။
“အမလေး မာလိုက်တဲ့လေသံ .. နင့်ကို ထောက်ပံ့ပေးမယ့် ယောကျ်ားချောချောလေး ရတာနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီး ထင်နေတာတော့ မဟုတ်ပါဘူးနော် နင့်ယောကျ်ားက ဒီကို တစ်နှစ်မှ ဘယ်နှခါပဲ ပြန်လာနိုင်မလဲတောင် မသိဘဲနဲ့ ဒါပေမယ့် ငါတို့ လျှိုအိမ်ရဲ့ ကျားခုနစ်ကောင်ကတော့ နေ့တိုင်း အိမ်ထဲမှာ ရှိနေမှာနော် ...”
အားလုံး သက်ပြင်းချလိုက်ကြ၏။
အဲဒါကြောင့်ပဲ ချင်းမိသားစုကလည်း တအား ဒေါသထွက်နေရတာ မဟုတ်လား။
ချင်းရှန်းက လျှိုမိသားစုကို အမှုမထားဟန်ဖြင့် စိုက်ကြည့်လိုက်သည်။ ပေါ်ထွက်လာကာစ စိတ်စေတနာကောင်းလေးများမှာလည်း နောက်တစ်ကြိမ် ပြန်လည်တိမ်မြုပ်သွားရပြန်တော့၏။
ဒီလူတွေက တကယ်ကို စေတနာနဲ့ မတန်ဘူးပဲ။
မုဆိုးမလျှို၏ နှာခေါင်းထိပ်ဖျားပိုင်းသည် ပြာနှမ်းနှမ်းဖြစ်နေကာ လက်မပေါ်ရှိ ကြွက်သားများပေါ်တွင် အနီစက်များ ရှိနေသည်။ ဤသည်မှာ အသည်း မကောင်းခြင်း၏ လက္ခဏာ ဖြစ်သည်။ အတိတ်ဘဝတွင်လည်း သူမသည် အသည်းကင်ဆာ နောက်ဆုံးအဆင့်ဖြင့် ဆုံးပါးသွားခဲ့ရပေသည်။
လျှိုတာ့ဟူ၏ လက်မောင်းနှင့် ပတ်သက်၍မူ ထည့်ပြောနေရန်ပင် လိုအံ့မထင်။
လျှိုအာ့ဟူတွင် ရောင်ယမ်းနေသော မျက်လုံး၊ ဖြူရော်ရော်နှုတ်ခမ်းနှင့် ချိနဲ့သည့် ဒူးခေါင်းများကို ပိုင်ဆိုင်ထားသည့်အပြင် ပြင်းထန်သည့် azoospermia ရောဂါဖြင့်လည်း မွေးဖွားလာခဲ့သူ ဖြစ်သည်။ သို့သော် သူ့တွင် အဆီအပြည့်နှင့် ဝတုတ်တုတ် သားသုံးယောက် ရှိနေပေသည်။
(azoospermia က အမျိုးသားတွေမှာ sperm အလုံအလောက် မရှိတဲ့ ရောဂါလို့ ပြောပါတယ် ပြင်းထန်တဲ့ အဆင့်ဆိုရင် မျိုးမအောင်ကြတော့ပါဘူးတဲ့)
မကောင်းဆိုးဝါးလို လျှိုမိသားစုတွင် ကျန်းမာသန်စွမ်းသူဟူ၍ လျှိုစန်းဟူ တစ်ဦးတည်းသာ ရှိပေသည်။
ဟဲလျန်ရှန်းက ချင်းလိုင်တိကို စိုးရိမ်မှုတို့ မသိမသာ ရောယှက်စွာဖြင့် စိုက်ကြည့်လိုက်သည်။ သို့သော် ထိုကောင်မလေးမှာ တစ်ဖက်မိသားစု၏ တမင်တကာ ခြိမ်းခြောက်ချက်များကို လုံးဝ မကြားလိုက်လေသည့်အလား တည်ငြိမ်နေကာ သူတို့ကိုပင် ခေါင်းစခြေဆုံး အကဲခတ်နေလိုက်သေးသည်။
ကြည့်ရတာ ငါက ဒီဗန်းစကားတွေကို နားလည်နိုင်ဖို့ အသက်ငယ်နေသေးတဲ့ပုံပဲ။
နားမလည်လည်း ကိစ္စတော့ မရှိပါဘူး လျှိုမိသားစုလို အသေးအဖွဲလေးလောက်ကတော့ လက်တစ်ချောင်းတောင် မြှောက်နေစရာ မလိုပါဘူး ...
အသစ်စက်စက် မြေးသမက်လေး ပြန်ရောက်လာကာ သူမတို့၏ အရှေ့မှ မားမားမတ်မတ် ရပ်တည်ပေးခဲ့သည့်အတွက် ချင်းကွေ့ဟွားသည် အလွန် စေတနာကောင်းနေကာ ဖန်တိအား ရွာထိပ်ရှိ တို့ဖူးဆိုင်သို့ သွား၍ နူးညံ့အိစက်နေသော တို့ဖူးတစ်ပေါင် ဝယ်ရန် လွှတ်လိုက်တော့သည်။
ထို့နောက် သူမက ထိုတို့ဖူးကို ကြက်သွန်မြိတ်များဖြင့် ချိုမြိန်မွှေးပျံ့လာသည်အထိ ကြော်ပေးလိုက်သည်။ ထိုမျှသာမက စားပစ်ရန် နှမြောသည့်စိတ်ကြောင့် နှစ်ဝက်နီးပါးခန့် သိမ်းထားသော ဝက်ပေါင်ခြောက်ကိုပါ ထုတ်လာကာ ငရုတ်ပွသီးရောင်စုံတို့ဖြင့် ရောကြော်လျက် ကြက်သွန်ဖြူကို ဓားပြားရိုက်ကာ ပဲပိစပ် တစ်ဇွန်းထည့်၍ ဟင်းချက်လိုက်သည့်အပြင် ခရမ်းသီးနှပ်တစ်ပန်းကန်ကိုပါ ပြင်ဆင်ပေးလိုက်တော့သည်။
ချင်းကွေ့ဟွားသည် အပြင်လောကသို့ တစ်ကြိမ်တစ်ခါမှ မထွက်ဖူး၍ လောကအကြောင်း များစွာ မသိလှသူဟု ဆို၍ရသည့်တိုင် သူမ၏ အချက်အပြုတ် စွမ်းရည်မှာမူ အလွန် ကောင်းမွန်လှပေသည်။ ဟဲလျန်ရှန်းသည် သူ့ကိုယ်သူ ထိုဟင်းများနှင့်သာဆိုလျှင် ထမင်းလေးပန်းကန်ဆက်တိုက်ပင် စားနိုင်လောက်သည်ဟု ခံစားမိလိုက်သော်ငြား နှစ်ပန်းကန် စားပြီးသည်နှင့် တစ်ပြိုင်နက် ပန်းကန်နှင့် တူကို ချထားလိုက်တော့သည်။
အကြောင်းမှာ ထို ချင်းမိသားစုဝင် သုံးဦးသည် သူ့အား ဝဝလင်လင် ဧည့်မခံနိုင်မည်ကို စိုးရိမ်စိတ်ကြောင့် ခါးပတ်များအား တင်းကြပ်နေအောင် ချည်ထားကြကြောင်း သိနေခဲ့၍ ဖြစ်သည်။ ထိုခံစားချက်မှာ သူ့အဖို့ အလွန် အကျွမ်းတဝင် ရှိလွန်းလှသည်။
ပေကျင်းရှိ ထို “အိမ်” တွင်လည်း ဧည့်သည်လာလေတိုင်း သူ့အမေက သူတို့အား ဧည့်သည်နှင့်အတူ ထိုင်မစားရန် ထပ်ကာတလဲလဲ မှာထားလေ့ရှိသည်။ အကယ်၍ အတူတူ စားဖြစ်ခဲ့ပါလျှင်လည်း အသီးအရွက်ဟင်းပန်းကန်များကိုသာ စားရန်နှင့် စားပြီး ငါးမိနစ်အကြာတွင် တူကိုချ၍ “ဗိုက်ပြည့်ပြီ” ဟု ပြောရန် မှာခဲ့သည်။
ဒါပေမယ့် .. လျန်ရှန်းပေါက်စလေးအတွက် တကယ်ရော ဗိုက်ပြည့်ခဲ့ရဲ့လား။
ထိုအကြောင်းကို မည်သူကမှ ဂရုမစိုက်။ ထိုသို့ဖြင့် သူသည် ဆာလောင်မွတ်သိပ်မှုကို နေသားကျသွားတော့သည်။
“ရှောင်ဟဲ ဒီတစ်ခေါက် ပြန်လာပြီးရင် နောက်တစ်ခါ ပြန်ထွက်မသွားရတော့ဘူး မဟုတ်လား မင်းတို့နှစ်ယောက်လုံး အရေးတကြီး ကိစ္စ မရှိရင် ဒီမှာ ရက်နည်းနည်းလောက် ထပ်နေပြီးမှပဲ ဟိုင်ချန်ကို ပြန်ကြပါလား”
သူမက ချင်းလိုင်တိကို ခေါ်သွားရန် အရိပ်အမြွက် ပြလိုက်သည်။
ဟဲလျန်ရှန်းက တစ်ခဏမျှ ရပ်သွားကာ ပြောလိုက်၏။
“အလုပ်က အခုထိ အပြီးမသတ်ရသေးဘူး ကျွန်တော် ဒီမှာ ၂ ရက်ပဲ နေလို့ရမှာ ...”
ချင်းကွေ့ဟွားမှာ အလွန် စိတ်ပျက်သွားမိသော်ငြား သူ့အလုပ်အကြောင်းနှင့် ပတ်သက်၍လည်း ထပ်မမေးရဲ။
“ဘယ်လောက် ကြာမှာတဲ့လဲ ...”
“အဘွားကို အရမ်း စပ်စုတာပဲလို့တော့ မထင်လိုက်ပါနဲ့ မင်းတို့နှစ်ယောက်ကလည်း ငယ်ကြတော့တာ မဟုတ်ဘူးလေ။ ကိစ္စတွေကို အမြန်ဆုံး ကိုင်တွယ်ပြီး လိုင်တိကို မင်းမိဘတွေနဲ့ တွေ့ဖို့ ပိုင်တာ့ဟွမ်ကို ခေါ်သွားပေးလိုက်ပေါ့ ဒါမှ သူတို့လည်း စိတ်ချရမှာလေ ...”
သူ့ဖခင်သည် စိတ်နှင့်ကိုယ်တစ်ခုလုံးကို အနုပညာတွင် မြှုပ်နှံထားသူ ဖြစ်သည်။ သို့သော် သူမကမူ “cello” မှာ မည်သည့်အရာဟုပင် မသိချေ။ ထို့အပြင် ထိုကဲ့သို့သော စိတ်ကူးယဉ်ဆန်သည့် အလုပ်မျိုးက အနာဂတ်တွင် ပေကျင်းသို့ ပြန်လာနိုင်ရန် မဖြစ်နိုင်ဟု ခံစားမိနေ၏။ သို့သော် သူ့အမေကမူ ပေကျင်းရှိ ဆေးရုံကြီးတစ်ခုမှ ဆရာဝန် ဖြစ်ကာ ပြောင်မြောက်သည့် ကုသရေးစွမ်းရည်ကို ပိုင်ဆိုင်ထားသူလည်း ဖြစ်သည်။
တိုင်းပြည်က ထူးချွန်တဲ့ ဆရာဝန်တွေ အချိန်ပြည့် လိုအပ်နေတာဆိုတော့ ငါလည်း တစ်ချိန်ချိန်မှာ ဒေါက်တာဟဲလိုပဲ ပေကျင်းကို ပြန်သွားနိုင်လောက်လား ...
လိုင်တိက အဲဒီကို သေချာပေါက် သွားပြီး အမြင်ကောင်းလေးတွေ သိမ်းပိုက်လာနိုင်မှ ဖြစ်မယ် မဟုတ်ရင် ယောက္ခမနဲ့ ချွေးမက ရှေ့လျှောက် အစေးကပ်တော့မှာ မဟုတ်ဘူး။
“ဒါနဲ့ ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက မင်းမှာ အစ်ကိုတစ်ယောက်ရှိတယ်ဆိုပြီး ပြောခဲ့သလားလို့။ သူက ဘာအလုပ်လုပ်လဲ ...”
“အလုပ်သမားပါ ...”
ချင်းကွေ့ဟွားက စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။
အဆင်ပြေသားပဲ .. အကြီးဆုံးအစ်ကိုက လုပ်သားဆိုရင် အဲဒီ့လိုလူတွေမှာ အရင်းနှီးဆုံး လယ်သမား ညီအစ်ကိုတွေ ရှိတတ်တယ်လေ ဒါဆို လိုင်တိက သူ့လင်ညီအစ်မနဲ့တော့ ဆက်ဆံရေး ကောင်းလောက်မှာပါ။
ချင်းလိုင်တိက တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ လောင်ဟဲနှင့် သူ့မိဘများအကြား ဆက်ဆံရေးမှာ ဘာသိဘာသာပင်။ သူ့အစ်ကိုတို့ ဇနီးမောင်နှံနှင့် ဆက်ဆံရေးမှာမူ အခြား ဇာတ်ကြောင်းတစ်ခု .. မဟုတ်သေးပါဘူး ... မတော်တဆ ဖြစ်ရပ်တစ်ခုသာ ဖြစ်ပေသည်။
.........
စာရေးသူမှာ ပြောစရာ ရှိပါတယ် - လောင်ဟဲထုန် ရောက်လာပြီ လောင်ဟဲထုန် ထွက်သွားပြီ .. လောင်ဟဲထုန် ပြန်ရောက်လာပြန်ပြီ ...
လောင်ဟဲထုန်(အံကို တင်းတင်းကြိတ်လျက်) - ပဲငံပြာရည်လုပ်မလို့ ရောက်နေတာ ..