← Chapters

Chapter 12

Vol. 1 Ch. 12

Chapter 12

Vol. 1 Ch. 12

စားသောက်နေစဉ်အတွင်း အဘွားအိုက ဘေးအိမ်မှ လျှိုပေါင်ကျူးအကြောင်းကိုပါ ပြောလိုက်သေး၏။ မုဆိုးမလျှို၏ မြေးမသည် ကျောက်မိသားစု၏ တတိယသားနှင့် လက်ထပ်ကာ တရားဝင်ဇနီး ဖြစ်လာတော့မည့်အကြောင်းကို နေ့တစ်ဝက်အတွင်းမှာပင် စီရင်စုတစ်ခုလုံး သိရှိသွားကြတော့သည်။ ထိုစုံတွဲသည် အလျင်လိုနေသည့်အတွက် စစ်တပ်၏ လက်ထပ်မှတ်ပုံတင်ရန် ခွင့်ပြုချက်ကို မနက်ဖြန်တွင်ပင် ရရှိကြတော့မည် ဖြစ်သည်။ လက်ထပ်ပွဲအခမ်းအနားမှာ မှတ်ပုံတင် ရရှိပြီး နောက်ရက်အတွင်း ကျင်းပမည် ဖြစ်သည်။

ချင်းလိုင်တိက ထိုစကားအားလုံးကို မျက်နှာသေဖြင့်သာ နားထောင်နေလိုက်၏။ စိတ်ထဲတွင်မူ ရယ်ချင်စိတ်ပင် ဖြစ်ပေါ်မိနေသေးသည်။ လက်ထပ်မှတ်ပုံတင် အရယူခြင်းနှင့် လက်ထပ်ပွဲ ကျင်းပသည့် အရှိန်နှုန်းမှာ ပြီးခဲ့သည့် ဘဝနှင့် တစ်ထပ်တည်းပင်။ ကျောက်ချင်းစုန့်သည် စကားပြော အလွန်ညက်ညောသည့် သားမက်တစ်ဦး ဖြစ်ပေသည်။

ညစာစာပြီးနောက် မှောင်ရိပ်ပျိုးလာသည့်အခါ .. ညအိပ်ရမည့် နေရာမှာ နောက်ထပ် ပြဿနာတစ်ခု ဖြစ်လာတော့သည်။ တစ်အိမ်လုံးတွင် အခန်းတစ်ခန်း၊ အနွေးကုတင် တစ်ခုသာ ရှိပေရာ ... အဘွားအိုနှင့် လူငယ်စုံတွဲကို ကုတင်တစ်ခုတည်း အိပ်ခိုင်းရန်လည်း မသင့်လျော်လှချေ။

ဟဲလျန်းရှန်းက မတ်တပ်ထရပ်ကာ ပြောလိုက်သည်။

“ကျွန်တော် ကျောက်ချင်းစုန့်နဲ့ လုပ်စရာလေးတွေ ရှိသေးလို့ ဒီည သူ့အိမ်မှာပဲ သွားအိပ်လိုက်ပါ့မယ် ...”

“လိုင်တိကို လိုက်ပို့ခိုင်းလိုက်လေ မစိုးရိမ်ပါနဲ့ သူက တစ်ရွာလုံး အလွတ်ရနေပြီ ...”

ထိုသို့ဖြင့် လက်ထပ်ထားကာစ လူငယ်စုံတွဲသည် ရွာလမ်းအတိုင်း ဖြည်းဖြည်းချင်း လျှောက်လာလိုက်ကြသည်။ လရောင်က သူတို့နှစ်ဦးအပေါ် ဖြာနေသည်မှာ ဇာပဝါပါးတစ်စ ခြုံလွှမ်းထားသည့်အလားပင်။ ချင်းလိုင်တိက ယခုအချိန်အထိ ထိုအဖြစ်အပျက်ကို အိပ်မက်အလား ထင်မှတ်နေဆဲပင်။ လက်ထပ်မှတ်ပုံတင် ရထားသည်မှာ နှစ်လ နီးပါး ရှိနေပြီဟုပင် မယုံနိုင်သေးချေ။

“မင်း ...”

“ရှင် ...”

နှစ်ဦးလုံး တစ်ပြိုင်တည်း ပြောမိလိုက်ကြသည်။ ဟဲလျန်ရှန်းက နှာခေါင်းကို ပွတ်ကာ ပြောလိုက်သည်။

“မင်း အရင်ပြောပါ ...”

“ရှင့်ရဲ့ နောက်ထပ် အစီအစဉ်က ဘာလဲ ...”

“အရင်ဆုံး စက်ရုံက တာဝန်ကို ပြီးအောင် လုပ်ရမယ် အားလုံး ချောချောမွေ့မွေ့ပဲ ဆိုရင်တော့ လဝက်လောက်ပဲ ကြာမယ်ထင်ပါတယ် တကယ်လို့ မင်းသာ ဆန္ဒရှိရင် ဟိုင်ချန်ကို ငါနဲ့အတူ ပြန်လိုက်ခဲ့လေ ...”

ချင်းလိုင်တိက နှုတ်ခမ်းတို့ကို တွန့်လျက် မေးလိုက်သည်။

“အဆင်မပြေခဲ့ရင်ရော ...”

ဟဲလျန်ရှန်းက အသံတိတ်သွားသည်။

“ဟိုင်ချန်မှာ နေစရာအိမ်ရော ရှိလား ...”

“မရှိဘူး ...”

ထိုစကားကြောင့် သူမ စိတ်မကောင်းဖြစ်သွားမည်ကို စိုးရိမ်ဟန်ဖြင့် ကမန်းကတမ်း ထပ်ပြောလိုက်သည်။

“အချိန်ကျလာတဲ့အခါကျ အိမ်တစ်လုံး အစားပြန်ရဖို့ နည်းလမ်းရှာလိုက်ပါ့မယ် ...”

ယခုလက်ရှိအထိ သူသည် လုပ်သားလူငယ်များ စုပေါင်းနေထိုင်ရာ အိပ်ဆောင်တွင်သာ နေထိုင်ခဲ့ခြင်း ဖြစ်သည်။

ချင်းလိုင်တိက ရယ်မိသွားတော့၏။ ထိုသူသည် အတိတ်ဘဝက သူမအား သူ့အိမ်ကို ငှားပေးခဲ့စဉ်ကလည်း ထိုစကားများကိုပင် ပြောခဲ့ပေသည်။ သူမက သူ့ကို အိမ်ရှာရာ၌ သာမန်မျှသာ ရှာဖွေလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ထိုသူက သစ်တော်ပင်အကြီးကြီးတစ်ပင် ပါရှိသည့် ခြံကို မတွေ့မချင်း မြို့ထဲတွင် ရှိရှိသမျှ အိမ်အားလုံးကို ပိုက်စိပ်တိုက် စုံစမ်းရှာဖွေခဲ့သည်။

သူ အလုပ်ခရီးမှ ပြန်လာလေတိုင်း သူမအတွက် မမျှော်လင့်ထားသည့် လက်ဆောင်တစ်ခုခု ယူလာပေးတတ်သည့် အချိန်များမှာ အတိတ်ဘဝက ချင်းလိုင်တိအတွက် ပျော်စရာအကောင်းဆုံးသော အချိန်များပင် ဖြစ်ပေသည်။

လက်ဆောင်များမှာ တစ်ခါတစ်ရံတွင် ဒေသထွက် အထူးစပါယ်ရှယ် သစ်တော်သီးများ ဖြစ်နေတတ်ပြီး ရွှေဝါရောင် သမ်းကာ မွှေးပျံ့နေသည့် သစ်တော်သီးယို သို့မဟုတ် သစ်တော်ပန်းပွင့်များဖြင့် အလှဆင်ထားသည့် အမှတ်တရ လက်ဆောင်များလည်း ဖြစ်နေတတ်သည်။

ထိုပစ္စည်းများမှာ တန်ဖိုးအားဖြင့် ကြီးမားလှသည် မဟုတ်၊ သို့သော် အထူးတလည် မှတ်မိကာ ဝယ်လာပေးသည်ဟူသည့် ခံစားချက်က နှစ်ဦးစလုံးကို ပျော်ရွှင်ရစေသည်။

ဒါပေမယ့် အခုကျ ကြည့်ပါဦး .. ဒီလောက် အကြာကြီးလည်း ခရီးထွက်သွားသေးတယ် ပြီးတော့ တရားဝင်လည်း လက်ထပ်ထားပြီးပြီကို ဘာလက်ဆောင်မှ ပါမလာဘူး။

“ကျွန်မ ကြားတာတော့ ကျောက်ချင်းစုန့်ကလည်း လျှိုပေါင်ကျူးအတွက် လက်ဆောင်ဝယ်လာပေးခဲ့တယ်တဲ့ဆို ...”

သူမက မတော်တဆ စကားဆက်မိဟန်ဖြင့် ပြောလိုက်သည်။

“မကြားမိပါဘူး ...”

လိုင်တိက ဒေါသထွက်သွား၏။

ဘာ မကြားမိတာလဲ ကျွန်မ ကြားမိတယ်ဆို ကြားမိလိုက်ပေါ့ ရှင့်ကို အရိပ်အမြွက် ပြနေတယ်ဆိုတာ သိရဲ့လား။

“ဟုတ်လား .. ကျွန်မတော့ သူတို့တွေ ပျော်နေတာကို တွေ့မိသလားလို့ပဲ ...”

လာပါ ပေးလိုက်စမ်းပါ .. သစ်ကိုင်းခြောက်တစ်ခုပဲ ပေးရင်တောင် ကျွန်မ ပျော်မိမယ်ဆိုတာ သိရဲ့လား ...

“သတိမထားမိဘူး ...”

ချင်းလိုင်တိ - “...”

အရင်ဘဝတုန်းက တအားကို ဟာသဉာဏ်ရွှင်ပြီး လူများကို တွေးပေးတတ်တဲ့ လောင်ဟဲထုန်က လူငယ်ဘဝတုန်းက ဒီလောက်အထိ ကြမ်းတမ်းပြီး တည့်တိုးဆန်တဲ့လူလို့ ဘာလို့ ဘယ်သူမှ သူမကို မပြောကြတာလဲ။

အိမ်နှစ်လုံးမှာ တစ်နေရာနှင့်တစ်နေရာ များစွာ မဝေးလှရာ မိနစ်ပိုင်းအတွင်းမှာပင် ကျောက်အိမ်သို့ ရောက်ရှိသွားတော့သည်။ သူက စိတ်ထဲတွင် မည်သို့မျှ မခံစားရသော်ငြား ရဲဘော်လေး ရှောင်ချင်းမှာမူ အနည်းငယ် မကျေမချမ်း ဖြစ်နေကြောင်း သတိပြုမိသွားခဲ့သည်။

“ပြန်တော့လေ .. စောင့်နေပေးမယ် ...”

ဟဲလျန်ရှန်း .. ဟဲလျန်ရှန်း .. တော်တော်ကို အကင်းမပါးတဲ့ ယောကျ်ား .. ရှင့်တစ်ဘဝလုံး လူပျိုကြီးအဖြစ်နဲ့သာ အရိုးထုတ်နေတော့။

ထိုသို့ တွေးလိုက်သည့်တိုင် သူမ၏ အိမ်တံခါးဝသို့ ရောက်သည်အထိ စောင့်ကြည့်ပေးနေသော မျက်လုံးတစ်စုံကြောင့် စိတ်ထဲတွင် အလွန် ကျေနပ်သွားရပေသည်။ လက်ထပ်သည့်အဆင့် ပြီးစီးသွားပြီ ဖြစ်သော်ငြား ရှေ့ဆက်ရမည့် လမ်းမှာ အဝေးကြီး ကျန်ရစ်နေဆဲပင်။

နောက်တစ်နေ့ နေ့လည်တွင် .. ဟဲလျန်ရှန်း ပြည်နယ်မြို့တော်သို့ မသွားမီ ဝူလီထွင် ထုတ်လုပ်ရေးအဖွဲ့တွင် ကိစ္စကြီးတစ်ခု ဖြစ်ပွားသွားခဲ့သည်။ လျှိုစန်းဟူကို စစ်တပ်မှ အရာရှိများက ခေါ်ဆောင်သွားခြင်း ဖြစ်သည်။

လျှိုမိသားစုဝင်များအနက် တိုက်ခိုက်ရေးစွမ်းရည်နှင့် ခွန်အား အကောင်းဆုံးသူမှာ အကြီးဆုံးနှစ်ဦး မဟုတ်၊ တတိယသားသာ ဖြစ်ပေသည်။ လျှိုတာ့ဟူသည် အပြင်ပိုင်းပုံစံအရ ခက်ထန်ကြမ်းတမ်းဟန် ရှိသော်လည်း ပျော့ညံ့သည့် အသည်းနှလုံးကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

ကျန်နှစ်ဦးမှာလည်း ကြွက်သားရှိယုံမျှသာပင်။ နံပါတ် ၄၊ ၊ ၆၊ ၇ တို့မှာ သူတို့၏ ညီမလေး လျှိုပေါင်ကျူး၏ စကားကိုသာ နားထောင်တတ်ကြ၏။ သူတို့က ပြဿနာကိုသာ ရှာရဲကြကာ လူကိုမူ မည်သို့မှ မလုပ်ရဲကြချေ။

တတိယသား တစ်ဦးတည်းကသာလျှင် ရိုက်နှက်ရာ၌သာ ထူးချွန်သည် မဟုတ်၊ ကလေးများပင်လျှင် သူ့ကိုမြင်လျှင် ကြောက်လန့်တကြား ငိုပြေးနိုင်လောက်သည်အထိ ထွားကျိုင်းသန်မာသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ထို့အပြင် အဓိကအနေဖြင့် သူ၏ အတွင်းစိတ်သည်လည်း နတ်ဆိုးတစ်ကောင်အလားပင်။

လျှိုမိသားစုဝင်များအနက် သူ့လက်သည် အညစ်ပတ်ဆုံး ဖြစ်ကာ မုဆိုးမနှစ်ဦး ရန်ဖြစ်ကြခြင်းကို စောင့်ကြည့်ရခြင်းအား နှစ်သက်သူလည်း ဖြစ်သည်။ သူက ထိုရန်ပွဲကို အပျော်တမ်း စောင့်ကြည့်ရင်း ချင်းမိသားစုမှ မိန်းကလေးများအား အခွင့်ရလျှင် ရသလို ထိပါးရန် ကြံစည်နေသူလည်း ဖြစ်သည်။ ငရုတ်ကောင်းလေးသည်ပင် သူ၏ ကြံစည်မှုများကို မကြာမကြာ ကြုံတွေ့ခဲ့ရဖူးပေသည်။

လျှိုတာ့ဟူသည် မုဆိုးမလျှို၏ နှလုံးသည်းပွတ် ဖြစ်ပါလျှင် လျှိုစန်းဟူက သူမ၏ စစ်ရေးအကြံပေးပင်။ ယနေ့ သူတို့အားလုံး အလုပ်သို့သွားရန် ပြင်နေကြစဉ် စစ်တပ်မှ အရာရှိတစ်စု ရောက်လာကာ သူတို့အနက် မည်သူက လျှိုစန်းဟူလဲဟု မေးလိုက်၏။ ထို့နောက် အကျိုးအကြောင်း တစ်စုံတစ်ရာပင် မဆိုတော့ဘဲ ငွေရောင်လက်ထိပ်ကို ထုတ်ကာ စန်းဟူကို ဖမ်းခေါ်သွားလိုက်ကြတော့သည်။ မုဆိုးမလျှိုလည်း လုံးဝဥဿုံ ထိတ်လန့်ကြောက်ရွံ့သွားရတော့၏။

စီရင်စု၏ အရာရှိများမှာ ဒေသခံ ယာယီတပ်သားများ မဟုတ်ကြသည့်အတွက် သူမကို မျက်နှာသာ ပေးနေလိမ့်မည် မဟုတ်ချေ။ ငိုကြွေးရင်း အိမ်သို့ ပြန်ရောက်လာကာ ရှုပ်ပွနေသည့် သူမ၏ အိမ်ကို မြင်လိုက်ရကာမှ ဤတစ်ကြိမ်တွင် စန်းဟူသည် ပြဿနာအကြီးကြီးနှင့် ကြုံနေရပြီဖြစ်ကြောင်း သိလိုက်ရတော့သည်။

နှစ်တိုင်းလိုလို လုပ်ငန်းနည်းပါးသည့် ကာလများတွင် စီရင်စုအသီးသီးသည် စိုက်ပျိုးရေး လုပ်ငန်းမှ အဆောက်အဦး တည်ဆောက်ရေး လုပ်ငန်းစီသို့ ပြောင်းလဲကြရသည်။ ခွန်အား သန်မာသည့် လျှိုစန်းဟူသည့် အချိန်တိုင်းလိုလို အလုပ်ပြောင်းလဲ လုပ်ကိုင်နေသူဖြစ်ရာာ စားစရာကို ဂရုစိုက်နိုင်ရုံသာမက စီရင်စုကေဒါများနှင့်လည်း ရင်းနှီးသည့် ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ခဲ့သည့်အတွက် ထိုရလဒ်အပေါ် အလွန် ပျော်ရွှင်နေခဲ့ပေသည်။

သို့သော် ခွေးမြီးကောက် ကျည်တောက်စွပ်သကဲ့သို့ပင် သူတို့မိသားစု၏ ချင်းမိသားစု အပေါ် အနိုင်ကျင့်တတ်သည့် အကျင့်မျိုးကို အခြားဒေသသို့ ရောက်သည့်အခါတွင်လည်း မဖျောက်ဖျက်နိုင်ခဲ့ချေ။ ညအချိန် ဆီးသွားရန် တစ်ရေးနိုး ထသည့်အခါ ရေတင်ရန် အသုံးပြုသော ဒီဇယ်များနှင့် တံတားတည်ဆောက်ထားရာမှ ကျန်နေသော ဘိလပ်မြေနှင့် သံတိုင်များကို တွေ့လိုက်ရသည့်အတွက် အားလပ်ရက်တွင် ထိုပစ္စည်းများကို သူ့အိမ်သို့ တိတ်တိတ်လေး ခိုးသယ်သွားလိုက်တော့သည်။

ဘိလပ်မြေသည် အဆောက်အဦး ဆောက်ရာ၌ အဓိက အသုံးပြုသည့်ပစ္စည်းဖြစ်ကာ အပြင်တွင် ဝယ်ယူ၍ မရနိုင်။ ထို့ကြောင့် မုဆိုးမလျှိုသည် ထိုဘိလပ်မြေများကို တွေ့သည့်အခါ ဝမ်းသာလုံးဆို့သွားရတော့သည်။ သူမက လျှိုစန်းဟူကို တားမြစ်ခြင်း မပြုသည့်အပြင် နောက်တစ်ခါ ပြန်လာသည့်အခါ သံတိုင်များကို အရည်ကျိုကာ တစ်နိုင်စာ သယ်နိုင်သည့် အရွယ်အစားမျိုး ပြောင်း၍ သယ်လာခဲ့ရန်ပင် အကြံပေးလိုက်သည်။ သံအိုးနှင့် ဒီဇယ်များကို ရေနံဆီမီးအိမ်အတွင်း ထည့်ကာ လျှပ်စစ်မီတာခ ချွေတာရန် ကြံစည်ခဲ့ကြ၏။ သို့သော် သူတို့၏ လုပ်ရပ်မှာ အများပြည်သူပိုင် ပစ္စည်းကို ခိုးမှုမြောက်ကြောင်းကိုမူ သဘောမပေါက်ခဲ့ကြချေ။

ပိုပြီး ထင်မှတ်မထားသည်မှာ .. ထိုနေ့မနက် အစောပိုင်းတွင် စီရင်စုအကြီးအကဲအား အမည်မသိ သတင်းပေးသူတစ်ဦးက ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ပျောက်ဆုံးသွားသော ကုန်ကြမ်းပစ္စည်းများအား ဝူလီထွင်ရှိ လျှိုစန်းဟူ၏ အိမ်တွင် တွေ့ခဲ့ရသည်ဟု လျှို့ဝှက်အစီရင်ခံစာတစ်စောင် ပေးပို့လာခဲ့ခြင်း ဖြစ်သည်။

ဆန်၊ ကောက်ပဲသီးနှံ၊ ဂျုံ၊ ဆီနှင့် နေ့စဉ်သုံး စားသောက်ကုန်ပစ္စည်းများ ဖြစ်ခဲ့ပါလျှင် ပြည်သူပိုင်ပစ္စည်းများ၏ တစ်စိတ်တစ်ဒေသကို ခိုးယူခြင်းမျှသာ ဖြစ်သည့်အတွက် ကောင်တီအကြီးအကဲများအနက် အများဆုံး နှစ်ဦးလောက်က နားလည်ပေးနိုင်လိမ့်ဦးမည် ဖြစ်သည်။

သို့သော် ဒီဇယ်၊ စတီးနှင့် ဘိလပ်မြေတို့မှာ စည်းစနစ်ကျကျ သိုလှောင်ထားရှိရသည့် ကုန်ကြမ်းများ ဖြစ်ပေသည်။ ထိုပစ္စည်းများကို တင်းတင်းကြပ်ကြပ် ဝယ်ယူ ထိန်းသိမ်းကာ နိုင်ငံ၏ ညွှန်ကြားချက်အတိုင်း အသုံးပြုရမည် ဖြစ်သည်။ ၎င်းတို့ကို ခိုးယူခြင်းသည် ပြည်သူပိုင်ပစ္စည်းအား ခိုးယူခြင်းနှင့် တစ်သဘောတည်းဟု မှတ်ယူ၍ ရလိမ့်မည် မဟုတ်ချေ။

ထို့အပြင် ပျောက်ဆုံးသည့် ပစ္စည်းအရေအတွက်မှာ အလွန် များပြားသည့်အတွက် ဆောက်လုပ်ရေးအဖွဲ့သည် ကောင်တီကော်မတီကို မည်သို့ အစီရင်ခံ ရှင်းပြသင့်ကြောင်း ပူပန်နေခဲ့ကြရသည်။ ထို့ကြောင့် သတင်းပေးချက်ကို ရလိုက်ရသည်နှင့် တစ်ပြိုင်နက် ချက်ခြင်း အားမာန်တက်ကြွလာကြကာ နောက်ကျောတွင် သေနတ်ကိုယ်စီ လွယ်ထားသည့် တပ်အရာရှိ တစ်ဒါဇင်ထက်မနည်း ဝူလီထွင်သို့ စက်ဘီးများဖြင့် ချက်ခြင်း ရောက်လာကြတော့သည်။

ပထမဆုံး သူတို့လုပ်သည့် အလုပ်မှာ လျှိုအိမ်ကို လှန်လှောရှာဖွေကြခြင်းပင် ဖြစ်သည်။ တိုက်ဆိုင်စွာဖြင့် လျှိုပေါင်ကျူးနှင့် သူမ၏ ယောက်မများသည် မဒမ်ကျိုးနှင့်အတူ မြို့သို့ အဝတ်အစားဝယ်ရန် ထွက်သွားကြကာ မုဆိုးမလျှိုနှင့် သူမ၏ မြေးယောကျ်ားလေးများသည် လယ်ထဲတွင် အလုပ်လုပ်နေကြသည်။

ထို့ကြောင့် အရာရှိများသည် အိမ်ထဲသို့ လွယ်လင့်တကူ ဝင်ရောက်နိုင်သွားကာ မြေအောက်ခန်း၊ ရေစည်နှင့် အနွေးကုတင်၏ ထင်းထည့်သည့် အပေါက်၊ ထို့အပြင် နံရံတွင် ကပ်ကာ ဆောက်ထားသည့် အံဝှက်များထဲမှ သူတို့ ရှာဖွေနေသည့် စစ်ပြင်ဆင်ရေး ပစ္စည်းများစွာကို တွေ့ရှိခဲ့တော့သည်။

ကောင်တီပိုင် ကုန်ကြမ်းအားလုံးတွင် အမှတ်အသားကိုယ်စီ ရှိပေသည်။ သို့သော် လျှိုအိမ်၌ တွေ့ရှိသည့် ပစ္စည်းများတွင် မည်သည့်အမှတ်အသားမှ မပါရှိ။ ဆင်းရဲသား လယ်သမားမိသားစုတစ်စု ဖြစ်သည့် လျှိုမိသားစုသည် ထိုကဲ့သို့ ဝယ်လိုအားများကာ တန်ဖိုးကြီးသည့် ကုန်ကြမ်းများကို အများအပြား သိုလှောင်ထားရန် မည်သို့မျှ မဖြစ်နိုင်ချေ။ ဤတစ်ကြိမ်တွင်မူ လျှိုစန်းဟူ၏ ဘဝသည် အမှန်တကယ်ပင် အဆုံးသတ်သွားတော့မည် ဖြစ်သည်။

မုဆိုးမလျှိုက ကျောက်အိမ်သို့ ချက်ခြင်း ပြေးသွားကာ ကျောက်ချင်းစုန့်အား သူ၏ တတိယဦးလေးအား ကယ်တင်ပေးနိုင်မည့် အဆက်အသွယ်အချို့ ရှာဖွေပေးရန် အကူအညီ တောင်းခံလိုက်သည်။ သူမကိုယ်သူမ မြေပေါ် ပစ်လှဲချကာ တရစပ် ငိုယိုပြီး အကူအညီ တောင်းနေသည့်တိုင် ကျောက်ချင်းစုန့်က သူမကို ကတိမပေးလိုက်ချေ။

ထိုသတင်းကို ကြားသည့်အခါ ချင်းလိုင်တိသည် ပါးချိုင့်အသေးလေးနှစ်ဖက် ပေါ်လာသည်အထိ ပြုံးလိုက်မိတော့သည်။

ဒါကမှ ကျောက်ချင်းစုန့်ရဲ့ တစ်ကိုယ်ကောင်းဆန်ပြီး သူ့တစ်ယောက်တည်းကိုပဲ ကြည့်တတ်တဲ့ ကျောက်ချင်းစုန့်ရဲ့ ပုံစံအစစ်လေ။

အရာရှိတွေရဲ့ ပရိသတ်ဆို .. ဒါဆို ရှင့်အတွက် ဒီနေ့ လက်ဆောင်အကြီးကြီးတစ်ခု ပေးလိုက်ဦးမယ်။

........

ဟဲလျန်ရှန်းက အပြာရောင်တောက်တောက် အုတ်ကြွပ်များဖြင့် ဆောက်ထားသည့် ကျောက်မိသားစု၏ ကျယ်ဝန်းသော အိမ်ထဲသို့ ဝင်လာစဉ် ရေချိုးခန်းထဲမှ ထွက်လာကာစ ကျောက်ချင်းစုန့်နှင့် တွေ့လိုက်သည်။

“လျှောက်လွှာကို တင်ထားပြီးပြီဆိုတော့ မနက်ဖြန် နေ့ခင်းပိုင်းလောက် နောက်ဆုံးထားပြီး ရလိမ့်မယ် ..."

သူက နားထင်ကို ပွတ်ကာ ပြောလိုက်၏။ လျှိုမိသားစု၏ ပြဿနာရှာမှုကြောင့် သူ့ညီအစ်ကိုကောင်း၏ ကိစ္စကိုပင် မေ့လုမတတ် ဖြစ်နေမိတော့သည်။

ဟဲလျန်ရှန်းက နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး တစ်ခွန်းမှ ပြန်မဖြေခဲ့ချေ။

သူနှင့် ကျောက်ချင်းစုန့်သည် အပတ်စဉ် တစ်ခုတည်းမှ သင်တန်းသားများ ဖြစ်ခဲ့ကြသည်။ သူသည် ထိုသင်တန်းသားများအနက် အသက်အငယ်ဆုံးနှင့် အားအနည်းဆုံး ဖြစ်သည့်အတွက် အားလုံးက သူ့ကို လျစ်လျူရှုထားခဲ့ကြကာ ကျောက်ချင်းစုန့် တစ်ဦးတည်းကသာ အစ်ကိုကြီးတစ်ဦးသဖွယ် သူ့ကို သွားလေရာ ခေါ်သွားပြီး လိုအပ်သည့် လမ်းညွှန်ချက်များ ပေးကာ လေ့ကျင့်ရေးတွင်ပါ ကူညီပေးခဲ့သည်။

နောက်ပိုင်းတွင် တစ်ဦးနှင့်တစ်ဦး တပ်ဖွဲ့ မတူညီကြတော့သည့်တိုင် သူတို့နှစ်ဦးအကြားရှိ ခင်မင်ရင်းနှီးမှာမူ ပပျောက်မသွား။ အမှတ်(၂)ဟိုင်ချန် ရေဒီယိုစက်ရုံသို့ ပြောင်းရွှေ့သွားသည်အထိ သူသည် ချင်းစုန့်ကောနှင့် အဆက်အသွယ်မပြတ် ရှိနေဆဲပင်။

ယခုတစ်ခေါက်တွင်လည်း သူသည် သူခိုးဂိုဏ်း၏ အနောက်သို့ လိုက်ရာ၌ နယ်ခြားစည်းကို တိတ်တဆိတ် ကျော်ဖြတ်သွား၍ မရ၊ အစီရင်ခံရဦးမည် ဖြစ်သည့်အတွက် ပြည်နယ်မြို့တော်သို့ လာကာ သတင်းအချို့ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ သို့သော် အချို့သော အကြောင်းပြချက်များကြောင့် သူသည် ဝူလီထွင်သို့ မတော်တဆ ရောက်ရှိလာခဲ့တော့သည်။

“ပြန်လာတာလည်း ကောင်းပါတယ် မင်းမိသားစုဝင်တွေကလည်း ဒီမှာပဲဆိုတော့ သူတို့တွေလည်း ပုန်းနေလို့ ရတာပေါ့ ...”

ကျောက်ချင်းစုန့်က ပြောလိုက်သည်။

“ဒီတစ်ခေါက်တာဝန်ကို ပြီးသွားရင်တော့ မင်းလည်း စက်ရုံထဲမှာ နေရာတစ်နေရာ ခြေကုပ်ယူထားသင့်နေပြီ”

ဟဲလျန်ရှန်းက အသံတိတ်နေဆဲပင်။ သူ့မိသားစုဝင်များ ဤနေရာတွင် ရှိနေခြင်း/ ရှိမနေခြင်းမှာ သူနှင့် လားလားမျှ မသက်ဆိုင်သည့်အလားပင်။

ကျောက်ချင်းစုန့်၏ အကြည့်တို့က သူ့ခြေထောက်ထံသို့ မသိမသာ ကျဆင်းသွားသည်။

ဒီခြေထောက် .. တကယ်လို့ အဲဒီ့ မတော်တဆမှုသာ မဖြစ်ခဲ့ရင် အခုအချိန်လောက်ဆို ရှောင်ဟဲရဲ့ လက်ရှိ ရာထူးက ငါ့ထက်တောင် မြင့်နေမလားပဲ ပြီးတော့ အခုလိုမျိုး လူပျိုဖြစ်နေမှာလည်း မဟုတ်ဘူး။

သူ လမ်းလျှောက်သည့်ပုံစံကို သေချာအာရုံစိုက်ကာ အကဲမခတ်သရွေ့ ခြေထောက်မသန်သူဟု မထင်ရနိုင်သည့်တိုင် ကာယစွမ်းရည် လိုအပ်သည့် တာဝန်များကို ဆောင်ရွက်ရာ၌မူ ဟဲလျန်ရှန်းနှင့် ကျန်တပ်သားများအကြား ကွာဟချက်မှာ အလွန် ကြီးမားသွားပေသည်။

သတင်းပေးတပ်သားတစ်ဦးသည် သူ၏ ဦးနှောက်နှင့် လက်ကိုသာ အများဆုံး အသုံးချရသည့်တိုင် အခြေခံ တိုက်ခိုက်နိုင်စွမ်း၊ ကိုယ်ယောင်ဖျောက်ခြင်းနှင့် ဖုံးကွယ်ထားသည့် ကြီးမားလေးလံသော ပစ္စည်းများအား ရှာဖွေသိမ်းဆည်းခြင်းတို့တွင်မူ သူ၏ ယခင်အရည်အချင်းထက် များစွာ နိမ့်ကျသွားတော့သည်။

ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ချို့ယွင်းမှုသည် ကဏ္ဍတစ်ခုမျှသာ ဖြစ်ကာ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်နိုင်မှုကသာ ပိုပြီး အရေးပါသည့်ကိစ္စတစ်ရပ် ဖြစ်ပေသည်။ ထို့ကြောင့်လည်း သူက အလုပ်ပြောင်းပေးရန် လက်ဦးမှုယူကာ တင်ပြခဲ့ခြင်း ဖြစ်သည်။

ဆက်သွယ်ရေးတပ်သား ဖြစ်လာခြင်းမှာ သူ၏ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ကို စမ်းသပ်လိုက်ခြင်းပင် ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က သူ ကြုံတွေ့ခဲ့သည့် ပျက်စီးယိုယွင်းမှုမှာ ပမာဏအားဖြင့် မသေးငယ်လှပေ။

မြို့တော်မှ ကျွမ်းကျင်ပညာရှင်များ၏ အဆိုအရ သူသည် ဖိအားကစဉ့်ကလျားဖြစ်သည့် ရောဂါကို စတင်ခံစားနေရပြီဖြစ်ကာ ၎င်းနှင့် သက်ဆိုင်သော လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ခြင်း မရှိနိုင်တော့။ သို့မဟုတ်ပါလျှင် စိတ်ကူး၍ပင် မရနိုင်လောက်သည့် အကျိုးဆက်များကို နှိုးဆွမိရာ ရောက်သွားလိမ့်မည်ဟု ဆိုခဲ့ကြသည်။

ကျောက်ချင်းစုန့်က သက်ပြင်းချကာ ဆက်ပြောလိုက်သည်။

“မင်း .. အရမ်းကြီး အရွေးလွန်မနေနဲ့တော့ မိန်းမတွေဆိုတာ အကုန် မျက်လုံးနှစ်လုံးနဲ့ နှာခေါင်းတစ်ပေါက်ပါတာပဲ အိမ်ထောင်မှုကို သေချာ ထိန်းသိမ်းနိုင်ရင် တော်ပြီပေါ့ ...”

သို့သော် သူ့ကို မနှစ်မြို့ဟန်ပြသည့် မိန်းမပျိုလေး၏ မျက်နှာကို မြင်ယောင်မိသည့် အခိုက်အတန့်၌ မိန်းမအားလုံးမှာ မတူညီကြဟု တွေးမိလိုက်ပြန်၏။

ဟဲလျန်ရှန်းသည် ယခင်က လူကြိုက်များသည့် တပ်သားတစ်ဦး ဖြစ်ခဲ့သည်ဟု ဆိုနိုင်ပေသည်။ လုပ်ငန်းပိုင်းတွင် အခြေခိုင်သည့်အပြင် ရုပ်ရည်အားဖြင့်လည်း ကြည့်ကောင်းရာ တပ်ထဲမှ အမျိုးသမီးတပ်သားများကအစ သူ့ကို စကားစမြည် ပြောခွင့်ရရန် တိတ်တခိုး ကြိုးစားခဲ့ကြကာ ခေါင်းဆောင်များကလည်း သူ့ကို အလေးပေးကာ သူတို့၏ တူမများဖြင့်ပင် မိတ်ဆက်အောင်သွယ်ပေးလိုခဲ့ကြသည်။

သူ့တွင်သာ ထိုကဲ့သို့သော ကောင်းမွန်လှသည့် အခြေအနေမျိုး ရှိနေပါလျှင် ကျောက်ချင်းစုန့်သည် ယခုအဆင့်၌ ရပ်တန့်နေလိမ့်မည် မဟုတ်ချေ။

သူ ပြောနေသည့် စကားများမှာ ရှောင်ဟဲကို နားချနေခြင်းလား၊ သူ့ကိုယ်သူ ပြန်နှစ်သိမ့်နေခြင်းလေလားပင် မသဲကွဲတော့ချေ။

All Chapters