← Chapters

Chapter 13

Vol. 2 Ch. 13

Chapter 13

Vol. 2 Ch. 13

“ငါ့ကို ယုံလိုက် ငါက တစ်ခါ အိမ်ထောင်ကျဖူးပြီးသား မိန်းမတွေက အိပ်ယာပေါ်မှာဆို တစ်ပုံစံတည်းပဲ အစပိုင်းမှာတော့ သူတို့က ရှားပါးသလိုလိုနဲ့ ဒါပေမယ့် တစ်ဖြည်းဖြည်း သူတို့ရဲ့ နေရာက မှေးမှိန်လာပြီး ကြာလေလေ မင်းရဲ့ သူတို့အပေါ် စိတ်ဝင်စားမှုက လျော့သွားလေပဲ ရာထူးကြီးတဲ့သူကမှ မင်းကို တစ်သက်လုံး အကျိုးပေးနိုင်မှာ ...”

သူ တပ်ထဲတွင် ရှိနေစဉ်က ပါတီအရာရှိလျှိုသည် သူ့ထက် နှစ်အနည်းငယ်စောကာ တပ်ထဲ ရောက်လာသည်မှအပ သူလောက်ပင် မထူးချွန်ကြောင်း မှတ်မိနေဆဲပင်။ နောက်ပိုင်းတွင် ထိုသူသည် မူလတန်းပြ ဆရာမတစ်ဦးနှင့် အိမ်ထောင်ပြုခဲ့၏။ နောက်ခံ မရှိသည့် အခြေအနေကို သည်းမခံနိုင်သည့် သူ့ဇနီးသည် တပ်ရင်းမှူးကတော်၊ တပ်မမှူး၏ အမျိုးသမီးနှင့် မိသားစုဝင်များထံ ရောနှောဝင်ရောက်ကာ မိတ်ဆွေဖွဲ့ရန် ကြိုးပမ်းနိုင်ခဲ့သည်။ ထိုသို့ဖြင့် ထိုသူသည်လည်း ပြည်နယ်၏ ပါတီအရာရှိ ဖြစ်လာခဲ့တော့သည်။

ထိုကဲ့သို့ ပြည်နယ်ပါတီအရာရှိ မဖြစ်မီ နှစ်လအလိုခန့်က ထိုသူ၏ ဇနီးသည် တိုင်းမှူး၏ အိမ်သို့ နေ့တိုင်းနီးပါး သွားခဲ့သည်ဟုပင် သတင်းကြားမိခဲ့သေးသည်။ တိုင်းမှူး၏ မိခင်မှာ တောင်ဘက်ဒေသမှ လာခဲ့သူ ဖြစ်သည့်အတွက် လန်ဟဲမြို့၏ စားစရာများကို အသားမကျ၊ ထို့ကြောင့် သူမသည် နေ့တိုင်းလိုလို တောင်ပိုင်းဒေသ၏ အထူးဟင်းလျာမျိုးစုံကို ပြင်ဆင်ချက်ပြုတ်ကာ ယူသွားပေးသည့်အပြင် တောင်ပိုင်းဒေသ၏ နာမည်ကျော် သရေစာများကိုပါ ပြုလုပ်ပေးသည့်အတွက် တိုင်းမှူး၏ မိခင်မှာ သူမကို အလွန် သဘောကျသွားတော့သည်။

ပျော်ရွှင်နေသည့် မိခင်၏ တိုက်တွန်းချက်ကို နားမထောင်လိုသည့်သား ရှိမည်မထင်ပေ။

ဟဲလျန်ရှန်းက မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ထိုကဲ့သို့သော အတင်းအဖျင်းမျိုးကို မနှစ်သက်လှချေ။ ထို့ကြောင့် ခပ်ပေါ့ပေါ့သာ ပြောလိုက်သည်။

“ကိုယ်ပိုင်အစွမ်းအစက အရေးအကြီးဆုံးပါ ...”

ကျောက်ချင်းစုန့်က "မင်း ငယ်ပါသေးတယ်” ဟူသော ပုံစံဖြင့် ခါးသီးစွာ ရယ်လိုက်သည်။ သူသည် နှစ်ပေါင်းများစွာ စိတ်ထဲတွင် စကားလုံးပေါင်းများစွာကို မျိုသိပ်ထားခဲ့ရကာ မည်သူ့ကိုမှ ထုတ်မပြောနိုင်ခဲ့ချေ။ သို့သော် ရှောင်ဟဲကမူ ခြားနားလှသည်။ သူနှင့် ညီအစ်ကိုဟူ၍ပင် သဘောထား၍ ရနေရာ သူတို့နှစ်ဦးအကြား၌ အကျိုးအမြတ်အတွက် အငြင်းပွားရမှုများ ရှိလာလိမ့်မည် မဟုတ်ချေ။

“ဘာပဲဖြစ်ဖြစ် တစ်ချို့ကိစ္စတွေက တစ်ခါမှားလိုက်ရင် တစ်ဘဝစာပဲ အထူးသဖြင့် အိမ်ထောင်ရေးမှာပေါ့ ...”

“ ငါ့ရဲ့ အိမ်ထောင်ရေးကို အသစ်ပြန်စဖို့ စဉ်းစားနေတာ ၂ နှစ်နီးပါး ရှိနေပြီ။ နောက်ခံကောင်းတဲ့ မိသားစုက လူတွေကလည်း ငါ့ကို စိတ်ဝင်စားမှာ မဟုတ်ဘူးလေ။ ငါကိုယ်တိုင်ကလည်း ဘိုးဘေးတစ်ယောက်လိုမျိုး ရိုရိုသေသေ ဆက်ဆံရမယ့်သူကို မလိုချင်ဘူး။ ပြီးတော့ အရမ်းဆင်းရဲလွန်းတဲ့သူကိုလည်း မကြိုက်ဘူး .. ငါလည်း ဒီလက်ထပ်မှုရဲ့ အကူအညီကို လိုအပ်နေတုန်းပဲလေ ... အစတုန်းကတော့ လျှိုမိသားစုက တော်တော်လေးကို အဆင်ပြေတယ်လို့ တွေးမိခဲ့တာ လျှိုပေါင်ကျူးက ရုပ်ရည်အရရော အကျင့်စရိုက်အရရော တော်တော်လေး ကောင်းတယ်လေ။ ပြီးတော့ သိမ်သိမ်မွေ့မွေ့နဲ့ဆိုတော့ ဟိုင်ယန်နဲ့ ဟိုင်ယန်းကို ဆုံးမသွန်သင်ဖို့လည်း ပြဿနာ မဖြစ်လောက်ဘူး။ ငယ်တယ် ရိုးရှင်းတဲ့ စိတ်ထားရှိတယ် မိသားစုနောက်ခံကလည်း အရမ်းကြီး တောင့်တင်းနေတာ မဟုတ်ဘူး တစ်ခုပဲ နှမြောစရာ ကောင်းတာက ...”

လျှိုစန်းဟူထံ၌ မကောင်းသည့်ကိစ္စတစ်ရပ် ဖြစ်သွားခဲ့ခြင်းပင်။

ဟဲလျန်ရှန်းက မျက်မှောင်ကြုတ်လိုက်၏။ သူနှင့် ညီအစ်ကိုကောင်း ဖြစ်ခဲ့သူကို မမှတ်မိနိုင်တော့သည့်ဟန်ပင်။

အမြဲတမ်း အကျိုးအမြတ်အတွက် တွက်ချက်နေတတ်တဲ့ ဒီရဲဘော်က .. သေလောက်အောင် ပူနေတဲ့ နေရောင်အောက်မှာ သူ့ကို သေနတ်ပစ် ကူလေ့ကျင့်ပေးခဲ့တဲ့ ချင်းစုန့်ကောရော ဟုတ်သေးရဲ့လား။

ကျောက်ချင်းစုန့်ကလည်း သူ့ထံမှ အဖြေကို မလိုအပ်ပေ။ အနွေးကုတင်ပေါ် လှဲလျက်သာ အလုပ်အကြောင်း တွေးနေလိုက်သည်။ သို့သော် သူသည် အသစ်စက်စက်သတို့သားတစ်ဦးတွင် ရှိသင့်သည့် စိတ်လှုပ်ရှား ပျော်ရွှင်မှုတို့ကို လုံးဝ မခံစားမိခဲ့ချေ။

“မနှစ်က ဖြစ်ခဲ့တဲ့ မတော်တဆမှု ... မင်းသာ အဲဒါကို အခွင့်ကောင်း ယူနိုင်ရင် ...”

“ချင်းစုန့်ကော .. ဂရုစိုက်ပါ ...”

သူသည် မနှစ်က ဖြစ်ခဲ့သည်များအား မည်သူ့ကိုမှ ထုတ်မပြောခဲ့ဖူး၊ ဤလောကတွင် ခိုးနားထောင်၍ မရနိုင်သည့် နံရံဟူ၍ မရှိချေ။ အားလုံးက သူ ဒဏ်ရာရသည့် အကြောင်းအရင်းကို သိထားကြကာ တိုင်ပေါ်သို့ပင် မတက်နိုင်သည့်အပေါ် လှောင်ပြောင်ခဲ့ကြသည်။ သို့သော် သူ အမြဲ လေးစားအားကျခဲ့ရသည့် အစ်ကိုကြီးချင်းစုန့်ကပါ ဤကဲ့သို့ ပြောင်းလဲသွားလိမ့်မည်ဟုတော့ မထင်ထားခဲ့ချေ။

“ဒီကိုကြည့် .. ငါ ဖြစ်ပြီးတာတွေကို ပြန်မပြောပါဘူး မင်းရဲ့ ကျွမ်းကျင်မှုတွေကို နှမြောမိရုံသပ်သပ်ပဲ။ နည်းပညာရှင်တစ်ယောက်ပဲ ဖြစ်လာရတယ်ဆိုတာ မင်းအတွက် တော်တော်လေးကို နိမ့်သလားလို့ ...”

“အကုန်လုံးက အလုပ်တွေပဲလေ ...”

ကျောက်ချင်းစုန့်က ရယ်လိုက်၏။

“ဟုတ်တယ် .. အလုပ်က အရေးပါတာပေါ့ ပြီးတော့ ဘဝရဲ့ အရေးပါတဲ့ ကိစ္စတွေက နှောင့်နှေးစေလို့ မရဘူးလေ မင်းလည်း မြန်မြန်ထဖို့တော့ လိုမယ်နော် ဟိုကောင်မလေးက စိတ်မရှည်၊ ဂျူနီယာအထက်တန်းကျောင်းတောင် မအောင်ဘူး ဆိုပေမယ့် မိသားစုကိုတော့ ကောင်းကောင်း စီမံခန့်ခွဲနိုင်တယ် အချိန်ကျလာရင် မင်းရဲ့ အိပ်ယာပေါ်မှာ ဇနီးနဲ့ သားသမီးနဲ့ ဘဝကြီးက တကယ်ကို လှပတာပဲ ...”

မည်သည့်အကြောင်းကြောင့်ရယ်တော့ မသိ၊ ဟဲလျန်းရှန်းသည် ရဲဘော်လေး ရှောင်ချင်းအကြောင်း ကျောက်ချင်းစုန့် ပြောနေခြင်းကို မနှစ်သက်လှချေ။ ထိုသူက လွန်လွန်ကျူးကျူး ပြောထားခြင်း မရှိသော်ငြား သူ့စိတ်ထဲတွင် မသက်မသာ ဖြစ်မိနေဆဲပင်။

“ကောင်မလေးက ငယ်သေးတော့ ဒီလိုမျိုးကိစ္စတွေ ပြောဖို့ စောပါသေးတယ် ...”

“ငယ်လည်း ကိစ္စတော့ မရှိပါဘူး တရားဝင် အိမ်ထောင်ပြုလို့ရတဲ့ အရွယ် ရောက်နေရင် ပြီးတာပဲလေ မင်းက တအားကို ရိုးသားလွန်းနေတာပဲ ...”

ကျောက်ချင်းစုန့်က သူ့ဇနီးဟောင်းအကြောင်းကို တွေးမိသွားတော့သည်။ တစ်ကမ္ဘာလုံးရှိ မိန်းမတိုင်းသာ သူမလို ထက်မြတ်နေပါလျှင် ယောကျ်ားအားလုံးသည် ငြီးငွေ့မှုကြောင့် သေသွားရပေတော့မည်။ နေ့တိုင်း တစ်နေကုန် အလုပ်များနေတတ်ကာ ခင်ပွန်းဖြစ်သူကပင်လျှင် ရုံးမှ ပြန်လာသည့်အခါ သူမကို တစ်လှည့် ပြန်စောင့်ပေးနေရသေးသည်။

“အခုချက်ခြင်း လက်ထပ်ရတာတော့ နှမြောစရာပဲ သူမက ဆင်ခြင်စဉ်းစားတတ်တယ်ဆိုပေမယ့် သူမရဲ့ မိသားစုတွေကတော့ စိုးရိမ်စရာမရှိပါဘူး”

ဟဲလျန်ရှန်းသည် နေ့ခင်းပိုင်းက လျှိုမိသားစုဝင်များ ဝိုင်းအုံကာ ငိုယိုတောင်းပန်ကြသည့် မြင်ကွင်းကို ပြန်တွေးကြည့်ရင်း ခေါင်းကိုက်လာမိတော့သည်။

“လျှိုစန်းဟူရဲ့ လုပ်ရပ်က ဥပဒေနဲ့ မညီဘူးလေ ဒီလိုပစ္စည်းမျိုးတွေအထိ ခိုးရဲတယ်ဆိုတော့ သူ့ကိုယ်သူ သံမဏိကိုယ်ထည်နဲ့ မွေးလာတယ်များ ထင်နေလားပဲ ...”

ကျောက်ချင်းစုန့်က သရော်လိုက်သည်။ သူ့လေသံတွင် စာနာသနားမှုတို့ စိုးစဉ်းမျှပင် မပါ။ ရွံရှာစက်ဆုပ်မှုတို့သာ ပါရှိနေခဲ့သည်။

ထိုတတိယလျှို၏ လုပ်ရပ်က သူ့အနာဂတ်နှင့် ရာထူးတိုးရေး အစီအစဉ်များကိုလည်း ကျိန်းသေ သက်ရောက်ပေလိမ့်မည်။ လက်ထပ်မှတ်ပုံတင် ရထားပြီး ဖြစ်နေ၍သာ မဟုတ်ပါလျှင် သူသည် ဤလက်ထပ်ပွဲကို အသိအမှတ် ပြုတော့လိမ့်မည် မဟုတ်ချေ။

“ငါ့အမေက ဘာမဆို လောလော လောလောနဲ့ လုပ်ချင်တဲ့စိတ် ရှိတယ်လေ တကယ်လို့ သူမသာ လက်ထပ်မှတ်ပုံတင်ကို နှစ်ရက်လောက် နောက်ကျပြီးမှ ယူခဲ့ရင် ...”

ဟဲလျန်ရှန်းက မျက်မှောင်ကျုံ့လိုက်၏။ သူသည် လျှိုစန်းဟူ၏ လုပ်ရပ်ကို မနှစ်မြို့ခြင်းသာ ဖြစ်သည်။

“အခုကနေစပြီး ရာထူးတိုးတာက ကိုယ်ပိုင်အစွမ်းအစအပေါ်မှာပဲ မူတည်တော့မှာပါ အဲဒီ့အကြောင်းတွေ ထည့်တွေးမနေပါနဲ့တော့ ...”

“ရှောင်ဟဲ မင်းက ငယ်သေးတော့ တစ်ချို့ကိစ္စတွေကို နားလည်မှာ မဟုတ်ဘူး ...”

သူ့လိုမျိုး နောက်ခံမရှိ၊ ပညာအရည်အချင်း မရှိသည့် စစ်သားတစ်ဦးအဖို့ ခြေလှမ်းတိုင်းသည် သူ့ဘဝတစ်ခုလုံး၏ သွေးချွေးများကို ရင်းနှီးထားရသည်များ ဖြစ်ပေသည်။ သူ့အဖို့ ရှေ့တစ်လှမ်းတိုးနိုင်ရန် မလွယ်ကူလှသော်ငြား သူ့ခြေလှမ်းကို အခြားသူများ ပိတ်ဆို့ရန်မှာမူ အလွန် လွယ်ကူလှပေသည်။

ထိုအကြောင်းကို တွေးမိသည်နှင့်တစ်ပြိုင်နက် ချက်ခြင်း အိပ်ယာမှ ထထိုင်လိုက်မိတော့၏။ ဖြစ်ခဲ့သည့် ကိစ္စများနှင့် စပ်လျဉ်း၍ ကျောက်နှင့် လျှိုမိသားစုဝင်များ အားလုံးကို ရှင်းရှင်းလင်းလင်း ပြောထားရပေမည်။ လျှိုစန်းဟူကို မည်ကဲ့သို့သော ပြစ်ဒဏ်မျိုး ချမှတ်လိုက်ပါစေ ယခုအချိန်မှစ၍ ထိုသူနှင့် ပတ်သက်၍ တစ်ခွန်းတစ်ပါဒမျှပင် မပြောတော့ရန်နှင့် အထူးသဖြင့် သူနှင့်အတူ တပ်ထဲသို့ လိုက်လာမည့် လျှိုပေါင်ကျူးအား လျှိုစန်းဟူကို ဤကမ္ဘာတွင် မရှိခဲ့ဖူးသူတစ်ဦးအဖြစ်ပင် သဘောထားရန် မှာထားရပေလိမ့်ဦးမည်။

ဟဲလျန်ရှန်းက ဖိနပ်ကောက်စီးကာ အလောတကြီး ထွက်သွားသူကို ငေးကြည့်ရင်း အနည်းငယ် မပျော်မရွှင် ဖြစ်သွားမိတော့သည်။

သို့သော် သူသည်လည်း အနည်းငယ် ဝေဝေဝါးဝါး ဖြစ်နေဆဲပင်။ မနေ့ညက သူသည် ထိုလျှိုမိသားစုအား မည်ကဲ့သို့ ခြိမ်းခြောက်သင့်ကြောင်း စဉ်းစားရင်း အလုပ်များနေခဲ့သေးသည်။ သို့သော် နောက်တစ်နေ့မနက် မိုးလင်းသည့်အခါ လျှိုမိသားစုမှာ ကံဆိုးမိုးမှောင်ကျနှင့်နေပေသည်။ အထူးသဖြင့် အဖမ်းခံလိုက်ရသည့် လျှိုစန်းဟူသည် သူ ကိုင်တွယ်ရန် ပစ်မှတ်ထားထားသူ ဖြစ်ပေသည်။ စီရင်စုက ထိုသူ၏ ခိုးမှုများကို အလိုလို ရှာမတွေ့နိုင်ဟု တစ်ထစ်ချ ယုံကြည်ထား၏။

ဤကမ္ဘာ၌ တိုက်ဆိုင်မှုဟူ၍ မရှိ။ တမင်တကာ ကြံစည်ထားသည့် နှစ်ရှည်အကြံဟူ၍သာ ရှိပေသည်။

အဖြစ်နိုင်ဆုံးသူမှာ နှစ်ရှည်လများ အနိုင်ကျင့်ခံခဲ့ရသည့် ချင်းမိသားစုပင် ဖြစ်ပေသည်။ သို့သော် အသက်ကြီးကာ အားနည်းသည့် မုဆိုးမနှင့် ကလေးများသာ ရှိသည့် ချင်းမိသားစုသည် ထိုကဲ့သို့သော ကိစ္စမျိုးကို လုပ်နိုင်လိမ့်မည် မထင်။ ရဲဘော်ရှောင်ချင်းကလည်း မနေ့က ညစ်ပတ်ယုတ်မာသည့် ခြိမ်းခြောက်စကားများ ကြားခဲ့သူ မဟုတ်ပေ။

ထို့အပြင် လက်မထပ်ခင် စုံစမ်းထားသည့် ရလဒ်များအရ သူမသည် ဆတ်ဆတ်ထိမခံသည့် စရိုက်ရှိသော ကျောင်းပင် မပြီးသေးသည့် သာမန်မိန်းကလေးတစ်ဦးမျှသာ ဖြစ်ပေသည်။ ထိုကဲ့သို့သော ကြီးမားလှသည့် အကွက်ကြီးတစ်ကွက်ကို လူမသိသူမသိ ရွှေ့နိုင်လောက်မည့် အခြေအနေမျိုး မရှိချေ။

ဒါဆို ဘယ်သူလဲ ...

သို့သော် ကျောက်ချင်းစုန့်နှင့်အတူ နေ့ခင်းပိုင်းတွင် ပြည်နယ်မြို့တော်သို့ အလုပ်တာဝန်များအတွက် သွားရမည့်အတွက် ထိုအကြောင်းကို ဆက်မတွေးနိုင်တော့။ ရွာမှ ထွက်မလာမီ ရဲဘော်ရှောင်ချင်းအား ဤရွာထဲမှ လူများမှာ ထင်သလို မရိုးရှင်းကြဟု သတိပေးရဦးမည်ဟု ဂရုတစိုက် မှတ်သားထားလိုက်သည်။

ချင်းလိုင်တိကလည်း ဟဲလျန်ရှန်းကို လိုက်ပို့ပြီးနောက် သူမ၏ မွေးမြူရေးသမားအလုပ်ကိုသာ ဆက်လက် လုပ်ကိုင်လိုက်တော့သည်။

သူမ၏ စွမ်းဆောင်ချက်များကြောင့် ရွာသားအားလုံးသည် သူမမှာ ဒေါက်တာဟဲထံ၌ အမှန်တကယ် သင်ကြားခဲ့သည့် အရည်အချင်းရှိသူတစ်ဦးဖြစ်ကြောင်း သိသွားသည့်အတွက် ကြက်များ နေမကောင်းသည်ဖြစ်စေ၊ ခွေးများ အစာမစားသည်ဖြစ်စေ၊ ဘဲများ ဥမဥတော့သည်ကအစ သူမထံသို့သာ လာရှာတော့သည်။

တောင်တန်းဒေသတွင် နေထိုင်ရခြင်း၏ ကောင်းကျိုးတစ်ချက်မှာ ဆေးဖက်ဝင်အပင်မျိုးစုံကို ဒေသတွင်းမှာပင် ရနိုင်ခြင်း ဖြစ်သည်။ သူမက မနက်တိုင်း ဝက်ပေါက်လေးများကို သွားကြည့်ပြီးနောက် နေ့လယ်ပိုင်းတွင် တောင်ပေါ်တက်ကာ ဆေးပင်ခူးလေ့ရှိသည်။

ဂရုတစိုက် လိုက်လံရှာဖွေကာ အသုံးဝင်မည်ဟု ယူဆရသည့် အပင်အားလုံးကို ပြန်သယ်လာပြီး နေပူထဲတွင် လှန်းထားတတ်သည်။ လုံးဝဥဿုံ ခြောက်သွေ့သွားသည့်အခါ အပင်များကို အမှုန့်ကြိတ်ကာ ဆေးလုံးလုပ်ရန် ပြင်ဆင်တော့၏။

သို့သော် ကံမကောင်းသည်မှာ ဆေးလုံးအများစုမှာ .. ပျားရည်၊ ကြံသကြား၊ ဂျုံမှုန့် သို့မဟုတ် အဆိုးဆုံး အခြေအနေတွင် အုတ်ဂျုံမှုန့်ကို လိုအပ်ရာ ယခုလက်ရှိတွင် အားလုံးထံ၌ ထိုပစ္စည်းများ ပြတ်လပ်နေသည့်အတွက် အဘွားက သူမအား ဆေးလုံးလုပ်ခွင့် မပေးခဲ့ချေ။

ရွာအဝင်ဝသို့ ရောက်သည်နှင့်တစ်ပြိုင်နက် သစ်ပင်အောက်တွင် ထိုင်နေသည့် အမျိုးသမီးကြီးများက သူမကို နှုတ်ဆက်လိုက်သည်။

“လိုင်တိ တောင်ပေါ်ကို ဆေးပင်တွေ သွားခူးပြန်တာလား။ မနက်ဖြန်မှ နင့်ဆီကို ခေါင်းကိုက်ရင် ဖျားရင်နာရင် သောက်ဖို့ ဆေးလာတောင်းဦးမယ်”

“ငါတို့အိမ်က ပေါက်စလေးက အစားစားချင်စိတ် မရှိဘူး ဖြစ်နေတာ အဲဒါ ငါ့ကို စားစရာ နည်းနည်းပါးပါး ပေးပါလား ...”

သူမကို တမင်တကာ စနောက်နေကြခြင်းဖြစ်ကြောင်း သိသည့်အတွက် လိုင်တိသည် ပြုံးကာသာ သဘောတူလိုက်သည်။ ထို့နောက် သူမက ခြင်းတောင်းကို ချကာ နေရောင်ခြည်နွေးနွေးလေး ကျဆင်းနေသည့် ကျောက်တုံးကြီးတစ်တုံးအပေါ် ထိုင်ကာ သူတို့၏ စကားဝိုင်းကို နားထောင်နေလိုက်သည်။

“ကြားပြီးကြပြီလား ချွေ့လောင်ဝူရဲ့ မိန်းမက ဆေးရုံကနေ ဆင်းလာပြီတဲ့ ...”

“အိုး .. ဘာဖြစ်တာတဲ့လဲ တစ်ခါ နေမကောင်းဖြစ်တိုင်း ဆေးရုံကို ပြေးနေရတာ မိသားစုထဲမှာ ရွှေတွေငွေတွေ အများကြီးရှိတောင် ဘယ်လိုမှ ခံနိုင်မှာ မဟုတ်ဘူး”

အားလုံးက စာနာစွာဖြင့် ခေါင်းငြိမ့်လိုက်သည်။ ဤကာလတွင် အသေးအမွှား နာမကျန်းမှုလေးများမှာ ကုသ၍ ရသော်လည်း ကြီးကြီးမားမား ရောဂါများမှာမူ ကံကြမ္မာ၏ အလိုအရပင်။ လောင်ချွေ့ကဲ့သို့ ဆေးရုံကို မကြာခဏ သွားပြနိုင်သူအရေအတွက်ပင်လျှင် များများစားစား မရှိခဲ့ချေ။

တစ်ယောက်ပြီးတစ်ယောက် သက်ပြင်းချလိုက်ကြကာ အသည်းနုသူအချို့ဆိုလျှင် မျက်ရည်စများကိုပင် သုတ်လိုက်ကြတော့သည်။

ချင်းလိုင်တိက အကြာကြီး စဉ်းစားနေသည့်တိုင် လောင်ချွေ့ဆိုသူကို မမှတ်မိသည့်အတွက် ထုတ်မေးလိုက်တော့သည်။

“အဒေါ်ချွေ့က ဘာရောဂါ ဖြစ်တာလဲ ...”

“ရှူး .. အဲဒါက သေတော့မှာတဲ့ ...”

ထိုအကြောင်း စကားဆက်မိသည်နှင့်တစ်ပြိုင်နက် အားလုံး စိတ်လှုပ်ရှားသွားကြကာ တစ်ယောက်တစ်ပေါက် ဝင်ပြောလိုက်ကြတော့သည်။ တစ်ချို့က သူမ၏ မျက်နှာမှာ ဝက်သားခြောက်ကြပ်တိုက်ကင်ကဲ့သို့ ဝါထိန်နေသည်ဟု ပြောကြသည်။

အချို့က သူမ၏ လက်ဖဝါးနှင့် လက်ချောင်းအားလုံးမှာ ရွှံ့လူးထားသလား အောက်မေ့ရအောင် ဝါနေသည်ဟု ပြောကြသည်။ ဟိုးယခင်ကတည်းက သူမသည် ယာအလုပ်များကို မလုပ်နိုင်ခဲ့။ သို့သော် နောက်ပိုင်းတွင် ခြေတစ်လှမ်းနှစ်လှမ်း ရွှေ့ရန်ကိုပင် နံရံကို အားပြုထားရတော့ကာ ယခုနှစ်တွင် အနွေးကုတင်ပေါ်မှပင် မဆင်းနိုင်တော့ဟု ပြောကြသည်။

တစ်ကိုယ်လုံး ဝါထိန်နေသည်ဟု ကြားလိုက်ရသည့် တစ်ခဏ၌ ချင်းလိုင်တိသည် ရောဂါတစ်မျိုးကို တွေးမိသွားတော့သည်။

“အသံကို တိုးတိုးပြောပါ သူတို့တွေ ပြန်လာကြတော့မှာလား မသိဘူး ...”

ရွာအဝင်ပေါက်ကို လှမ်းကြည့်ရင်း စကားဝိုင်းထဲမှ တစ်ယောက်က တီးတိုး ရေရွတ်လိုက်သည်။

မလှမ်းမကမ်းတွင် တွန်းလှည်းတစ်ခုကို ဆွဲကာ ရွာထဲသို့ ဝင်လာသည့် ပိန်လှီညိုမည်းနေသော အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။ တွန်းလှည်းပေါ်တွင် ယိုယွင်းပျက်စီးနေသည့် မြက်ဖျာတစ်ချပ် တင်ထားကာ လူပုံစံ အဝတ်ပုံတစ်ခုက ဖျာအစွန်းမှ ငေါထွက်နေသည်။

“ပြန်လာကြပြီလား သူရော ဘယ်လိုနေသေးလဲ ...”

“ဆရာဝန်က ဘာပြောလိုက်လဲ ...”

အားလုံးက ရလဒ်ကို သိထားကြပြီး ဖြစ်သည့်တိုင် စိုးရိမ်တကြီး မေးနေကြဆဲပင်။ ချွေ့လောင်ဝူက လေသံမျှသာ ထွက်ကာ တုန့်ပြန်လိုက်သည်။ နီရဲယောင်ယမ်းနေသည့် သူ့မျက်လုံးတို့မှာ အလွန်အမင်း ပင်ပန်းနေမှုကို ဖော်ပြနေသည်။

ချင်းလိုင်တိကမူ အခြားလူများနှင့် မတူ၊ ရှေ့သို့ နှစ်လှမ်းမျှ တိုးကာ လှည်းပေါ်တွင် လှဲနေသည့် အမျိုးသမီးကို အကဲခတ်လိုက်သည်။ အဝါရောင်သမ်းနေသည့် မျက်ဆန်တို့က ကောင်းကင်ပြင်ကိုသာ ဗလာသပ်သပ် စိုက်ကြည့်နေကာ မျက်နှာတစ်ပြင်လုံးမှာလည်း အဆီအသားမရှိ၊ အရိုးချိုင့်ခွက်တို့သာ ကျန်ရစ်တော့သည်။

ရွာသားများ၏ စကားအရ အဒေါ်ချွေ့သည် တစ်ကိုယ်ရည်သန့်ရှင်းရေး အားနည်းကာ ဆေးဝါးအထောက်အပံ့ ချွတ်ယွင်းသည့် ကျေးလက်ဒေသ၌ အဖြစ်များသော အသားဝါရောဂါကို ခံစားနေရသည့်ဟန်ပင်။ သို့သော် ထူးဆန်းသည်မှာ သူမ၏ မျက်နှာသည် အားလုံးက ပြောနေကြသကဲ့သို့ ဝါထိန်နေသည် မဟုတ်။ ညိုညစ်ညစ် လိမ္မော်ရောင် မဟုတ်ဘဲ အနက်ထဲတွင် အဝါရောထည့်ထားသည့် စိမ်းပုတ်ရောင်မျိုး ဖြစ်နေပေသည်။

ရွာသားများက တစ်ယောက်ကိုတစ်ယောက် မျက်စိပျက်မျက်နှာပျက်ဖြင့် စိုက်ကြည့်လိုက်ကြသည်။ ဤတစ်ရက်နှစ်ရက်အတွင်းမှာပင် ကိစ္စကုန်တော့မည့်ဟန်ပင်။

သေချာ အနီးကပ် ကြည့်လိုက်ပြီးနောက် .. ချင်းလိုင်တိသည် သူမ မြင်လိုက်သည်မှာ မှန်ကန်ကြောင်း သဘောပေါက်လိုက်သည်။

သူမသည် ထူးခြားဆန်းပြားသည့် ရောဂါအမျိုးမျိုးကို မြင်တွေ့ခဲ့ဖူးသည့်တိုင် ယခုလက္ခဏာကို မြင်လိုက်ရသည့်အခါတွင်လည်း အံ့ဩမိနေဆဲပင်။

အသားဝါရောဂါကို ခံစားနေရသူ၏ အသားအရောင် အမည်းရောင်သို့ ပြောင်းလဲသွားခြင်းသည် အသက်အန္တရာယ် စိုးရိမ်ရကြောင်း ညွှန်ပြသည့် ရှားပါးလက္ခာဏာတစ်ရပ် ဖြစ်ပေသည်။

“အထိတ်တလန့် ဖြစ်စေမိပြီ .. အိမ်ကို အမြန်ပြန်ကြရအောင် ...”

ချွေ့လောင်ဝူက ခေါင်းကို ငိုက်စိုက်ချလျက် လှည်းကို အမြန်ဆွဲသွားလိုက်သည်။ တစ်ဖန် သူ့ဇနီးအား လှုပ်ယမ်းမိမည်ကို စိုးရိမ်ဟန်ဖြင့် အရှိန်ကို နှေးလိုက်ပြန်၏။ မြေမညီသည့် နေရာများသို့ ရောက်သည့်အခါ အရှိန်ကို ပုံမှန်ထက်ပင် ပိုပြီး နှေးလိုက်ကာ ဘီးကို တစ်ဘီးချင်း တရွေ့ရွေ့ လိမ့်စေရုံမျှသာ ဆွဲသွားလိုက်သည်။

ထိုလုပ်ရပ်များအရ သူသည် ဇနီးသည်အပေါ် အလွန် ထောက်ထားငဲ့ညှာတတ်သူဖြစ်ကြောင်း သိသာလှပေသည်။ ချင်းလိုင်တိက သူ့အပေါ် ပို၍ပင် သဘောကျမိသွားကာ အနားသို့ ချဉ်းကပ်၍ မေးလိုက်သည်။

All Chapters