အခန်း (၂၅၃၉-၂၅၄၁)
Vol. 106 Ch. 2539-2541
အပိုင်း (၂၅၃၉)
ရန်ကိုင်၏မေးခွန်းကိုကြားသော် လူအိုကြီးပန်က ခါးသက်စွာရယ်မောလျက် ပြန်ပြောလိုက်၏။ “လုံခြုံတာလား… အခုမှ အစပဲရှိသေးတယ်…”
ရန်ကိုင့်၏အမူအယာ ပြောင်းလဲသွားခဲ့လေသည်။ “ဒါဆို ဝိဉာဉ်ဖျက်မိုးကြိုးတွေက…”
လူအိုကြီးပန်က ခေါင်းခါလျက် “အဲ့မိုးကြိုးတွေကိုတော့ စိတ်ပူစရာမလိုတော့ဘူး… မိုးကြိုးဇုန်ကို ဖြတ်ကျော်ပြီးသွားပြီဆိုတော့ နောက်တစ်လအတွင်း နောက်ထပ်မိုးကြိုးတွေ ထပ်ပစ်ချလာတော့မှာမဟုတ်ဘူး… ဒီတိုင်းပဲ ရံဖန်ရံခါ ပစ်ချင်တဲ့နေရာ ပစ်ချတတ်တဲ့ မိုးကြိုးတစ်ခုတစ်လေလောက်ပဲ ရှိတော့တာ… ငါတို့အခု ဂရုစိုက်ရမှာက အာကာသလေပြင်းပဲ…”
ပီစန်းမှ ရန်ကိုင့်အား ရှေးဟောင်းကုန်းမြေထဲသို့ သွားသည့် လမ်းကြောင်းထဲတွင်ရှိနေသော အန္တရာယ်များအကြောင်းပြောပြစဉ်က အာကာသလေပြင်းလည်း ပါပေသည်။
လက်ရှိ လူအိုကြီးပန်၏ မှုန်ကုပ်နေသည့် မျက်နှာအမူအယာကို ကြည့်ရသလောက် အာကာသလေပြင်းသည် အတော်လေးကိုမှ အားကောင်းသည့်ပုံပင်။
“အာကာသလေပြင်းက ဘယ်လောက်အားကောင်းတာလဲ…” ရန်ကိုင်က လေသံတိုးတိုးဖြင့် မေးလိုက်သည်။
လူအိုကြီးပန်က ပြန်၍ ပြောလိုက်၏။ “အဖျက်စွမ်းအားမှာဆိုရင်တော့ မိုးကြိုးကပိုပြီး အားကောင်းတယ်… ဒါပေမဲ့ ဒီလမ်းကြောင်းထဲကို ဝင်လာဖူးတဲ့လူတိုင်း အာကာသလေပြင်းကို ပိုပြီးကြောက်ကြတယ်…”
“ဘာဖြစ်လို့လဲ…” ကျန်းရို့ရှီက ဝင်မေးလိုက်လေသည်။
“ဘာဖြစ်လို့လဲဆိုတော့ အာကာသလေပြင်းတွေက မိုးကြိုးတွေလို မရပ်ပဲနဲ့ တောက်လျှောက်ကို လာနေလို့ပဲ… အာကာသလေပြင်းထဲကို ဖြတ်သွားရတာ ကိုယ့်အသားကို ဓါးသွားတွေနဲ့ တစ်လွှာချင်း တစ်လွှာချင်း ဖြတ်ထုတ်နေတဲ့ ဓါးသွားမုန်တိုင်းထဲကို ဖြတ်သွားနေရသလိုပဲ… ပြီးတော့ အဲ့အာကာသလေပြင်းက ရုပ်ခန္ဓာကိုယ်တင်မဟုတ်ဘူး ဝိဉာဉ်ကိုပါ ထိခိုက်အောင် လုပ်နိုင်သေးတယ်… ဒါကြောင့် အာကာသလေပြင်းထဲမှာ အကြာကြီး နေမိလိုက်လို့ရှိရင် လုံးဝကို ဒုက္ခရောက်မှာ…”
ထိုစကားကိုကြားသော် ကျန်းရို့ရှီ ဇောချွေးပြန်သွားခဲ့လေ၏။
လူအိုကြီးပန်က အလေးအနက်အမူအယာဖြင့် ဆက်ပြောလိုက်သည်။ “အခု မိုးကြိုးဇုန်ကို ဖြတ်ကျော်လာပြီးသွားပြီဆိုတော့ အာကာသလေပြင်းတွေနဲ့ ကြုံရတော့မယ်… ငါတို့သာ အမွှေးတိုင်တစ်ချောင်းစာအတွင်း လုံခြုံတဲ့နေရာတစ်ခု မရှာနိုင်ရင် ကျိန်းသေ သေသွားရလိမ့်မယ်…”
“အာကာသလေပြင်း…” ရန်ကိုင် မျက်နှာပျက်သွားခဲ့လေသည်။ အာကာသလေပြင်း ဤမျှ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု သူမထင်ထားခဲ့ချေ။ သို့သော်ငြား လူအိုကြီးပန်ပြောသွားသည့်စကားထဲမှ သဲလွန်စတစ်ခုကို တွေ့လိုက်၏။ “ဒီနေရာမှာ အာကာသလေပြင်းဒဏ်ကနေ ပုန်းခိုလို့ရတဲ့ ရှိသေးတာလား…”
လူအိုကြီးပန်သည် ဘေးပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်နေရင်းမှ ရှင်းပြလိုက်လေ၏။ “ခုနတုန်းက မိုးကြိုးတွေကိုရှောင်ဖို့ ငါ တောက်လျှောက် လမ်းကြောင်းပြောင်းလိုက်ရလို့ အခု ဘယ်နေရာရောက်လို့ ရောက်နေမှန်းတောင် သေချာမသိတော့ဘူး။ ဒါပေမဲ့ ငါ ထင်တာသာ မှန်မယ်ဆိုရင် ဒီနေရာက ဒီလမ်းကြောင်းရဲ့ အလယ်ဗဟိုပဲ…”
“အလယ်ဗဟို…” ကျန်းရို့ရှီ မျက်မှောင်ကျုံ့သွားခဲ့လေသည်။ ရုတ်တရက် သူမ၏အမူအယာ တောင့်တင်းသွားခဲ့လေ၏။ “လူအိုကြီးပန်… ရှင်ပြောနေတဲ့အလယ်ဗဟိုကလေ…”
သူမ စကားဆုံးအောင် မပြောနိုင်သေးခင်မှာပင် အဝေးတစ်နေရာဆီမှ အနီရောင်အလင်းစက်နှစ်ခု ထွက်ပေါ်လာခဲ့လေသည်။ တစ်ချိန်တည်းတွင် ခြောက်ခြားဖွယ်ရာကောင်းလှသော အအေးဓာတ်တို့သည် ကျန်းရို့ရှီတို့ ရှိနေသည့် နေရာဆီသို့ ပျံ့နှံ့လာခဲ့ရာ ကျန်းရို့ရှီနှင့် လူအိုကြီးပန်တို့ နှစ်ဦးစလုံး တုန်တုန်ရီရီ ဖြစ်သွားခဲ့ရလေသည်။
“အား…” ကျန်းရို့ရှီက အလန့်တကြား ထအော်လေ၏။ သူမလှမ်းမြင်လိုက်ရသည့် အနီစက်နှစ်ခုမှာ အခြားမဟုတ်။ မျက်လုံးနှစ်လုံးသာ ဖြစ်ပေသည်။ ထိုမျက်လုံးထဲ သွေးဆာရက်စက်မှု၊ ဆာလောင်နေသည့် အမုန်းတရားတို့ ပါဝင်နေခဲ့သည်။ ထိုမျက်လုံး၏ တစ်ချက်စိုက်ကြည့်လိုက်ခြင်းခံရရုံဖြင့်ပင်လျှင် သာမန်လူတစ်ဦး တောင့်တောင့်ကြီး ဖြစ်သွားနိုင်ပေသည်။
“တစ္ဆေဘုရင်…” ရန်ကိုင်က ရေရွတ်လိုက်လေသည်။ ရန်ကိုင်သည် တစ္ဆေဘုရင်ဆီမှ အကြည့်မလွှဲလိုက်ဘဲ စိတ်စွမ်းအင်ကို သိပ်သည်းစေလျက် တစ္ဆေဘုရင်အား တိုက်ခိုက်လိုက်လေသည်။ ။
တိုက်ခိုက်ပြီးသည့်နောက် ရန်ကိုင့်၏မျက်နှာ မသိမသာလေး ဖြူလျော်သွားခဲ့လေသည်။
အနီရောင်အလင်းစက်နှစ်စက်မှာမူ ရပ်တန့်သွားခဲ့ခြင်းမရှိဘဲ ရန်ကိုင်မှ တိုက်ခိုက်ပြီးသွားသည်နှင့် တစ်ပြိုင်နက် အရှိန်အဟုန်ပြင်းစွာ ရန်ကိုင်တို့ဆီသို့ တိုးဝင်လာလေ၏။
တစ္ဆေဘုရင်မှ ထိုကဲ့သို့ တိုးဝင်လာလိုက်သည်နှင့်တစ်ပြိုင်နက် ရန်ကိုင့်၏စိတ်အစုံမှာလည်း ကသောင်းကနင်း ဖြစ်သွားခဲ့ရလေသည်။ သူ့တစ်ကိုယ်လုံးသည် ငရဲခန်းတစ်ခုထဲသို့ ရောက်ရှိသွားသည့်အလား ခြောက်ခြားဖွယ်ရာကောင်းသော တစ္ဆေများ၏ ဝန်းရံခြင်းခံနေရသလို ခံစားလိုက်ရသည်။ သူ့နားထဲ အဖန်တလဲလဲ မြည်ဟီးနေသော ထူးဆန်းသည့် အော်မြည်သံများမှာ သူ့အား အသူတရာချောက်နက်ထဲသို့ ဆွဲချရန် ကြိုးစားနေသယောင်။ ဤသည်မှာ အလွန်ကိုမှ ရွံရှာစက်ဆုပ်ဖွယ်ကောင်းသလို ခြောက်ခြားဖွယ်ရာလည်း ကောင်းလှပေသည်။
“သုတ်သင်ခြင်းနတ်ဆိုးမျက်လုံး…” အခြေအနေမဟန်တော့ကြောင်း သိလိုက်သော် ရန်ကိုင်သည် သူ့ခွန်အားကို ဆက်လက်၍ ထိန်ချန်ထားမနေတော့ဘဲ ခွန်အားအကုန်အစင်ကို ထုတ်သုံးလိုက်ရာ သူ၏ ညာဘက်မျက်လုံးများမှာ တမုဟုတ်ချည်း ရွှေရောင်တလက်လက် တောက်ပလာတော့လေသည်။ သူ့ညာဘက်မျက်လုံး ရွှေရောင်ပြောင်းသွားသည်နှင့် တစ်ပြိုင်နက် ရန်ကိုင့်၏စိတ်အစုံကို ပိတ်လှောင်ထားသော ပုံရိပ်ယောင်မှာလည်း တမုဟုတ်ချည်း ပြိုကွဲသွားတော့လေသည်။
ထိုရွှေရောင်မျက်လုံးထဲမှ ဖြာထွက်လာသော စွမ်းအားသည် ပုံရိပ်ယောင်ကိုသာလျှင် ချိုးဖြတ်သွားနိုင်ခြင်းမဟုတ် တစ္ဆေဘုရင်ကိုပါ ဆက်လက်၍ တိုက်ခိုက်လိုက်လေသည်။
“ဟမ့်…”
မြူခိုးထုတွင်းမှ အေးစက်စက်နှာခေါင်းရှုံ့သံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ တစ္ဆေဘုရင်မှာ ရန်ကိုင့်၏တန်ပြန်တိုက်ခိုက်မှုကြောင့် ဒေါသထွက်သွားသည့်ပုံပင်။ ရုတ်ချည်းဆိုသလို ကျန်းရို့ရှီနှင့် လူအိုကြီးပန်တို့ ခံစားနေရသည့် အအေးဓာတ်မှာ ပို၍ ပြင်းထန်လာတော့လေသည်။ ထိုမျှသာလျှင် မဟုတ်သေးဘဲ ကြားလိုက်သည့်လူတိုင်းအား ကြက်သီးမွေးညှင်း ထသွားစေနိုင်သော ခြောက်ခြားဖွယ်ရာကောင်းသည့် အော်မြည်သံများမှာလည်း ဘက်ပေါင်းစုံမှ ထွက်ပေါ်လာတော့လေသည်။
ထိုရုတ်တရက် ပြောင်းလဲသွားသော အဖြစ်အပျက်များကို လူအိုကြီးပန်နှင့် ကျန်းရို့ရှီတို့မှာ အမီမလိုက်နိုင် ဖြစ်နေခဲ့လေသည်။ သူတို့၏စိတ်ဝိဉာဉ်မှာ လုံလောက်အောင် အားကောင်းခြင်း မရှိသည့်အတွက်ကြောင့် တစ္ဆေဘုရင်မှ နှာခေါင်းရှုံ့လိုက်သည်နှင့် တစ်ပြိုင်နက် နှစ်ဦးစလုံးသည် အသိစိတ်မဲ့သလို ဖြစ်သွားကာ သူတို့ရှေ့တည့်တည့်သို့သာ ငေးကြောင်ကြောင်ဖြင့် ရပ်ကြည့်နေကြတော့လေ၏။
ရန်ကိုင်သည် ထိုနှစ်ဦးအား လှမ်းကိုင်ထားရင်းမှ တစ္ဆေဘုရင်ဘက်သို့လှည့်၍ အော်ပြောလိုက်လေသည်။ “တစ္ဆေဘုရင်… ငါတို့ မိုးကြိုးဇုန်ကနေ ဖြတ်သွားရင်း ဒီနေရာကို မတော်တဆ ရောက်လာရုံပဲ… မင်းကို လာနှောင့်ယှက်တာမဟုတ်ဘူး… ဒါကြောင့် ကျေးဇူးပြုပြီး ငါတို့ကို သွားခွင့်ပေးဖို့ မျှော်လင့်ပါတယ်…”
“ခဲ ခဲ ခဲ…” တစ္ဆေဘုရင်၏ ကြက်သီးမွေးညှင်းထဖွယ် ရယ်မောသံကြီးမှာ ဘက်ပေါင်းစုံမှ ထွက်ပေါ်လာလေသည်။ တစ်ချိန်တည်းတွင် ရန်ကိုင်မြင်တွေ့နေရသော မြူခိုးထုတွင်းရှိ အနီရောင်အလင်းစက်နှစ်စက်မှာလည်း ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့လေ၏။
တစ္ဆေဘုရင် ပျောက်ကွယ်သွားပြီးသည့်နောက်တွင် မိုးကြိုးများကြောင့် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သော ယင်ဝိဉာဉ်များမှာ တစ်ဖန် ပြန်ပေါ်လာတော့လေသည်။ ယင်ဝိဉာဉ်များမှာလည်း အခွင့်ကောင်းရသည်နှင့် တစ်ပြိုင်နက် ရန်ကိုင့်အား တိုက်ခိုက်ရန်အလို့ငှာ သူ့အား ဘက်ပေါင်းစုံမှ ဝန်းရံထားကြလေသည်။ တစ်ချိန်တည်းတွင် ရန်ကိုင့်ခြေထောက်အောက်ဘက်ရှိ မြေပြင်ပေါ်မှ ခြောက်ခြားဖွယ်ရာ တစ္ဆေလက်သည်းများ ထွက်ပေါ်လာပြီး သူ့ခြေထောက်ကို လှမ်းဆွဲရန် ကြိုးစားကြလေသည်။ သို့သော်ငြား ရန်ကိုင်မှ သူ့ပတ်ပတ်လည်တွင် ကာရံထားသည့် ဧကရာဇ်ချီကြောင့် ထိုတစ္ဆေလက်သည်းများမှာ ရန်ကိုင့်အား မထိနိုင်သေးခင်မှာပင် ရေနွေးပူလောင်သွားသည့်အလား တရှဲရှဲမြည်သံများနှင့်အတူ အသီးသီး ပြန်ဆုတ်သွားကြလေ၏။
ရန်ကိုင်သည် တစ်ခုသောဘက်သို့လှည့်၍ နှာခေါင်းရှုံ့ကာ အေးစက်စက်လေသံဖြင့် ပြောလိုက်လေ၏။ “မင်းက တကယ်ကို မောက်မာလွန်းနေတာပဲ တစ္ဆေဘုရင်…”
ရန်ကိုင်မှ ထိုကဲ့သို့ပြောလိုက်သော် တစ္ဆေဘုရင်မှာ အမှန်အကန်ကို ဒေါသထွက်သွားသည့်အလား ဧရာမတစ္ဆေလက်သည်းကြီးတစ်ခုသည် ထူးဆန်းသောမြူခိုးထုတွင်းမှ ရုတ်တရက် ထွက်ပေါ်လာကာ တောင်တစ်လုံးနှယ် ရန်ကိုင်တို့အား ရိုက်ချလာခဲ့လေသည်။
“သွေးနားထင်ရောက်မနေနဲ့ကွ…”
ချက်ချင်းဆိုသလို ရန်ကိုင့်၏နဖူးသည် အရောင်တလက်လက် တောက်ပလာခဲ့လေ၏။ ထို့နောက်တွင် နဖူးဆီမှ ဆေဘာဓါးတစ်ချောင်း ထွက်ပေါ်လာခဲ့ပြီး တိုးဝင်လာနေသည့် တစ္ဆေလက်သည်းကို ရှောင်ဖယ်လျက် မြူခိုးထုထဲရှိ အခြားသောတစ်နေရာဆီသို့ တိုးဝင်သွားခဲ့လေသည်။
ဤသည်မှာ ရန်ကိုင့်၏ ဝိဉာဉ်ခွဲဆေဘာဓါးမှ ထုတ်သုံးလိုက်သော ကောင်းကင်ခွဲဓါးချက်သာ ဖြစ်လေသည်။
ရန်ကိုင့်၏ဓါးချက် ထွက်ပေါ်လာပြီးသည့်နောက်တွင် မြူခိုးထုအတွင်းမှ စူးစူးဝါးဝါးအော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းတွင် ရန်ကိုင့်ဆီသို့ တိုးဝင်လာနေသော ဧရာမတစ္ဆေလက်သည်းကြီးမှာလည်း မှိတ်တုတ်မှိတ်တုတ်ဖြစ်ကာ ပျောက်ကွယ်သွားခဲ့လေသည်။ ထို့နောက်တွင် မရေမတွက်နိုင်သော ရန်ကိုင့်အား မြေကြီးထဲသို့ဆွဲချရန် ကြိုးစားနေကြသည့် မြေပြင်ပေါ်မှ ထွက်ပေါ်လာနေသော လက်များမှာလည်း အသီးသီး ပျောက်ကွယ်ကုန်ကြလေ၏။
ရန်ကိုင့်ပတ်ပတ်လည်တွင် စုဝေးနေကြသော ယင်ဝိဉာဉ်များမှာ တစ်ခဏတာမျှ မင်သက်နေပြီးသည့်နောက် အဘက်ဘက်သို့ ထွက်ပြေးသွားကုန်ကြလေသည်။
မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင်ရှိနေသည့် ဘေးပတ်ဝန်းကျင်သည် ပြန်လည်၍ ငြိမ်းချမ်းသွားတော့သည်။
သူ့ဘက်မှ နဂါးမှန်းသိအောင် အမောက်သာ ထောင်မပြလျှင် တစ္ဆေဘုရင် ပြန်ဆုတ်သွားလိမ့်မည်မဟုတ်မှန်း ရန်ကိုင် သိနေခဲ့လေသည်။ သို့သော်ငြား ရန်ကိုင့်၏ ကောင်းကင်ခွဲဓါးချက်နှင့် တိုက်ခိုက်ခြင်း ခံလိုက်ရသည့်တိုင် အသက်ပျောက်သွားခြင်းမရှိဘဲ ဒဏ်ရာရရုံသာ ရသွားသော တစ္ဆေဘုရင်၏ စွမ်းအားမှာ အမှန်တကယ်ကို အထင်ကြီးဖွယ်ကောင်းလှပေသည်။
ထို့အပြင် ထူးဆန်းသောမြူခိုးထုကြီး ရှိနေသည့်အတွက်ကြောင့် တစ္ဆေဘုရင်နှင့် ရင်ဆိုင်တိုက်ခိုက်ရန်မှာလည်း အတော်လေးကိုမှ ခက်ခဲလှသည်။ ထိုအကြောင်းကြောင့်သာမဟုတ်လျှင် ရန်ကိုင်သည် တစ္ဆေဘုရင်နှင့် အချိန်ကုန်ခံကာ စကားပြောနေလိမ့်မည်မဟုတ်ဘဲ တစ်ခါတည်း တိုက်ခိုက်ခဲ့ပေလိမ့်မည်။
တစ္ဆေဘုရင် ပြန်ဆုတ်သွားပြီးသည့်နောက် မိန်းမောနေသည့် ကျန်းရို့ရှီနှင့် လူအိုကြီးပန်တို့ နိုးလာခဲ့လေသည်။ အသိဝင်လာသည်နှင့် တစ်ပြိုင်နက် ဘာတွေဖြစ်လို့ဖြစ်သွားမှန်းကို သိနေသည့်အလား နှစ်ယောက်စလုံးမှာ ရင်တဒိန်းဒိန်းခုန်လာကြပြီး နဖူးထက် ချွေးအေးများ ဝေ့သီလာကြလေသည်။
“အချိန်မရှိတော့ဘူး… ငါတို့ မြန်မြန်လုပ်မှရတော့မယ်…” လူအိုကြီးပန်သည် တစ္ဆေဘုရင်အား အာရုံစိုက်နေချိန် မရှိတော့ဘဲ ရှေ့မှဦးဆောင်၍သာ သွားလေ၏။
အာကာသလေပြင်းများ တိုက်ခိုက်နေသည့်အသံများမှာ ထွက်ပေါ်လာနေခဲ့လေပြီ။ သူတို့သည်သာ အချိန်မီ လုံခြုံသည့်အကာအကွယ်တစ်ခု မရှာနိုင်ပါက ကျိန်းသေ သေရပေလိမ့်မည်။
လူအိုကြီးပန်သည် မြေနေရာအနေအထားကို လေ့လာနေရင်းမှ လမ်းကြောင်းပြောင်းကာ ခရီးဆက်နေခဲ့သည်။ အစပိုင်းတွင် လူအိုကြီးပန်မှာ မည်သည့်ဘက်သို့ သွားလို့သွားရမှန်း မသိသည့်အလား တုံ့ဆိုင်းတုံ့ဆိုင်း လုပ်နေခဲ့ပါသော်ငြား အချိန်တစ်ခုကြာပြီးသည့်နောက်တွင် လမ်းကြောင်းကို ရှာတွေ့သွားသည့်အလား တစ်ချက်မျှပင် တုံ့ဆိုင်းမနေတော့ဘဲ အလျင်အမြန် စတင်၍ လမ်းသွက်သွက်လျှောက်တော့လေသည်။
အချိန်ကြာလာသည့်နောက် လေပြေလေညင်းများ စတင်၍ တိုက်ခတ်လာတော့သည်။ သို့သော်ငြား ထိုလေပြေလေညင်းမှာ သာမန်လေပြေလေညှင်းကဲ့သို့ အေးစိမ့်စိမ့်လေး ဖြစ်မနေဘဲ ဓါးသွားလေးများ ရောယှတ်ပါဝင်နေသည့် ဓါးသွားမုန်တိုင်းတစ်ခုနှယ် ဖြစ်နေခဲ့သည်။ ဤမျှအားနည်းလှသော လေပြေလေညင်းသည်ပင်လျှင် ဤကဲ့သို့ ဖြစ်နေမည်ဆိုပါက တကယ့်အာကာသလေပြင်းသာဆိုလျှင် မည်မျှခြောက်ခြားဖွယ်ရာကောင်းကြောင်း ခန့်မှန်းကြည့်နိုင်ပေသည်။
ထိုလေပြေလေညင်းကို ခံစားမိလိုက်သည့်နောက် လူအိုကြီးပန်ပြောနေသည်မှာ အမှန်ဖြစ်နေကြောင်း ရန်ကိုင်နှင့် ကျန်းရို့ရှီတို့နှစ်ဦးစလုံး နားလည်လိုက်သည်။ သူတို့ ယခုကြုံနေရသော အာကာသလေပြင်းသည် မိုးကြိုးထက် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းပေသည်။
မိုးကြိုးများသည် ဟိုနေရာတစ်ကွက် ဒီနေရာတစ်ကွက် တဂျုန်းဂျုန်း ပစ်ချနေခြင်း ဖြစ်သည့်အတွက်ကြောင့် ရှောင်ကွင်းသွား၍ ရပါသော်ငြား အာကာသလေပြင်းမှာမူ လမ်းကြောင်းတစ်ခုလုံးအနှံ့ အပြည့်တိုက်ခတ်နေခြင်း ဖြစ်သည့်အတွက်ကြောင့် အကာအကွယ်တစ်ခု ရှာ၍သာ နားခိုနိုင်ပေသည်။
လေများ တဖြူးဖြူး တိုက်ခတ်လာသည့်အလျောက် အားကောင်းသော ခန္ဓာကိုယ်နှင့် ကျင့်ကြံခြင်းအား ပိုင်ဆိုင်ထားသည့် ရန်ကိုင်မှာ တောင့်ခံနိုင်သေးပါသော်ငြား အားနည်းသည့် ကျန်းရို့ရှီနှင့် လူအိုကြီးပန်တို့မှာတော့ သူတို့၏ အရင်းအမြစ်ချီကို လှည့်ပတ်၍ စတင် ခုခံကြရတော့လေသည်။
“ဟိုမှာပဲ…” လူအိုကြီးပန်က ရုတ်တရက် ဝမ်းသာတကြီးဖြင့် တစ်နေရာဆီသို့ ညွှန်ပြရင်း ပြောလိုက်လေသည်။ “အဲ့မှာ နေရာလပ်ရှိဦးမယ်လို့ မျှော်လင့်ရတာပါပဲ…”
ထိုကဲ့သို့ ပြောပြီးသွားသည်နှင့် တစ်ပြိုင်နက် လူအိုကြီးပန်သည် ထိုနေရာဆီသို့ ပြေးထွက်သွားလေသည်။
ရန်ကိုင်လည်း ကျန်းရို့ရှီနှင့်အတူ လူအိုကြီးပန်နောက်သို့ ပြေးလိုက်သွားလေရာ မကြာမီတွင် လူအိုကြီးပန်ညွှန်ပြနေသည့်အရာမှာ လိုဏ်ဂူတစ်လုံး ဖြစ်နေကြောင်း တွေ့လိုက်ရသည်။
ထူးဆန်းစွာဖြင့် ထိုလိုဏ်ဂူထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် အကုန်လုံးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့လေသည်။ မြူခိုးများ မရှိတော့သလို ပတ်ဝန်းကျင်ကိုလည်း သေသေချာချာမြင်လာရသည်။ တဝီဝီတိုက်ခတ်နေသော လေပြင်းများကိုလည်း မတွေ့ရတော့ဘဲ လေပြင်းသံများကိုသာ ကြားရတော့လေသည်။
လိုဏ်ဂူအရွယ်အစားမှာတော့ အတော်လေးကိုမှ ကျဉ်းမြောင်းလှကာ အလျားမှာ ဆယ့်ငါးမီတာခန့်လောက်သာ ရှိပေသည်။ လူဆယ်ယောက်လောက် ဝင်လိုက်ရုံဖြင့် လိုဏ်ဂူတစ်ခုလုံး ပြည့်ကြပ်သွားနိုင်ပေသည်။
ရန်ကိုင်တို့အဖွဲ့ ရောက်မလာခင်ကတည်းက ဤနေရာတွင် ကျင့်ကြံသူခြောက်ဦး ရှိနေခဲ့လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၅၄၀)
လိုဏ်ဂူထဲတွင် ရှိနေသည့် ကျင့်ကြံသူများမှာ တာအိုသခင်အဆင့် ကျင့်ကြံသူများသာ ဖြစ်ကြပေသည်။ အချို့မှာ ပထမအဆင့်များ ဖြစ်ကြပြီး အချို့မှာမူ တတိယအဆင့်များ ဖြစ်ကြသည်။ မည်သူမှတော့ ဧကရာဇ်အဆင့်သို့ မရောက်ထားကြချေ။
ရန်ကိုင်တို့ဝင်လာသည်ကိုမြင်သော် ထိုလူများသည် ရန်ကိုင့်ဆီသို့ လှည့်ကြည့်လာကြလေသည်။ သို့သော်ငြား အရမ်းကြီးတော့ ဂရုမစိုက်ခဲ့ပေ။
“ညီလေး… သခင်မလေး… ဒီကိုလာခဲ့… ဒီမှာနေရာလွတ်ရှိသေးတယ်…” လူအိုကြီးပန်က လက်ယပ်ခေါ်လိုက်လေသည်။
ထောင့်တစ်နေရာတွင် လူသုံးယောက် အတူတကွ တင်ပလင်ခွေထိုင်လို့ရမည့် နေရာလပ်တစ်ခု ရှိနေပေသည်။
ဂူထဲတွင်ရှိနေသည့် လူများမှာ တစ်ကိုယ်တည်း လှုပ်ရှားကြသည့်လူများ ဖြစ်သည့်အလား တစ်သီးတစ်ခြားဆီ ထိုင်နေကြလေသည်။ လက်ရှိအချိန်တွင် လိုဏ်ဂူတစ်ခုလုံးမှာ သုဿန်တစ်စပြင်နှယ် တိတ်ဆိတ်နေခဲ့ပြီး အပြင်ဘက်မှ လေတိုက်ခတ်သံများသာ ထွက်ပေါ်နေခဲ့သည်။
တစ်ခဏအကြာတွင် လေပြင်းများမှာ ပိုပို၍ ပြင်းထန်လာခဲ့ပြီး လူအချို့လည်း လိုဏ်ဂူထဲသို့ ဝင်ရောက်လာကြလေသည်။
လိုဏ်ဂူအရွယ်အစားမှာ အတော်လေးကိုမှ သေးသလို အများဆုံးမှ ဆယ်ယောက်လောက်သာ ကာသည့်အတွက်ကြောင့် နောက်ဝင်လာသည့်လူများမှာ လိုဏ်ဂူအဝနားတွင်သာ ရပ်နေရတော့လေသည်။ ထိုလူများမှာလည်း အလွန်ကိုမှ စိုးရိမ်နေကြသည်။ လေပြင်းများ အထဲသို့ မတိုက်ခတ်လာပါစေနှင့်ဟု ကြိတ်၍ ဆုတောင်းနေရလေ၏။ အကြောင်းမှာ လေပြင်းများသာ တိုက်ခတ်လာမည်ဆိုပါက ပထမဦးဆုံးခံစားရမည့်လူမှာ သူတို့သာ ဖြစ်သည့်အတွက်ကြောင့်ပင်။
“လူအိုကြီးပန်… ဒီလေပြင်းက ဘယ်လောက်တောင်ကြာမှာလဲ…” ရန်ကိုင်သည် အပြင်ကို တစ်ချက်မျှ စစ်ဆေးကြည့်ပြီးသည့်နောက် လူအိုကြီးပန်ဘက်သို့ လှည့်၍ မေးလိုက်လေသည်။
“အဲ့ဒါတော့ ပြောရခက်တယ်… တစ်ခါတစ်လေ နေ့တစ်ဝက်ပဲကြာပေမဲ့ တစ်ခါတစ်လေကျတော့ ခြောက်ရက်လောက်အထိ ကြာသွားတတ်တယ်… လေပြင်းတိုက်တဲ့ပုံစံကလည်း အရမ်းပြောရခက်လွန်းတယ်… ဒါပေမဲ့ မိုးကြိုးတွေလာပြီးတဲ့နောက်မှပဲ လေပြင်းက အမြဲတမ်းလာလေ့ရှိတာဆိုတော့ ညီငယ်လေး ရှေးဟောင်းနယ်မြေထဲကနေ ပြန်လာရင်တော့ အဲ့တစ်ချက်ကို သေချာမှတ်ထားလိုက်ပေါ့…” လူအိုကြီးပန်က ပြောလိုက်လေသည်။
ရန်ကိုင်က ခေါင်းညိတ်လိုက်၏။ “အခုလိုသတိပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် လူအိုကြီးပန်…”
“ဒါပေမဲ့ မင်း အရမ်းကြီးတော့လည်း စိတ်ပူနေစရာမလိုပါဘူး… အာကာသလေပြင်းက ကြောက်ဖို့ကောင်းတယ်ဆိုပေမဲ့ အခုလို လိုဏ်ဂူတစ်လုံး ရှာနိုင်လို့ရှိရင် ဘာမှစိတ်ပူနေစရာမလိုတော့ဘူး…” လူအိုကြီးပန်က ပြုံး၍ ပြောလိုက်လေသည်။
ရန်ကိုင်က မျက်ခုံးပင့်လိုက်လေသည်။ “လူအိုကြီးပန်ပြောချင်တာက ဒီလမ်းကြောင်းထဲမှာ ဒီလိုလိုဏ်ဂူမျိုးတွေ ထပ်ရှိနေသေးတယ်ပေါ့…”
“ဟုတ်တယ်…” လူအိုကြီးပန်က ခေါင်းညိတ်၍ ရှင်းပြလိုက်လေ၏။ “ရှေးဟောင်းကုန်းမြေထဲကို သွားတဲ့လမ်းကြောင်းက အရှေ့နဲ့အနောက်ပဲပွင့်ပြီး ဘေးနှစ်ဖက်နှစ်ချက်စလုံးက ပိတ်နေတာ… ဒါပေမဲ့ အဲ့ဘေးနှစ်ဖက်နှစ်ချက်စလုံးမှာ လိုဏ်ဂူတွေအများကြီးရှိတယ်… လိုဏ်ဂူတစ်ခုချင်းစီက လူဆယ်ယောက်လောက်ပဲကာတာ… ပြီးတော့ ဒီလိုဏ်ဂူတွေက သူ့ဘာသာ သဘာဝအတိုင်း ဖြစ်လာလို့လားတော့မသိဘူး အရမ်းမောကြောတယ်… ပုံမှန်တိုက်ခိုက်မှုတွေနဲ့ ဒီလိုဏ်ဂူတွေကို ဘယ်လိုမှ ဖျက်ဆီးလို့မရဘူး… ဒီတော့ ညီငယ်လေး ပြန်လာမယ်ဆိုလို့ရှိရင် အာကာသလေပြင်းနဲ့ ကြုံရပြီဆိုတာနဲ့ ဒီလိုလိုဏ်ဂူတွေကို ရအောင်သာ ရှာထားပေတော့… မဟုတ်ရင် ဘာနေရာလပ်မှ ရတော့မှာမဟုတ်ဘူး… ငါတို့ ဒီတစ်ကြိမ် ကံကောင်းသွားတယ်လို့ ပြောရမယ်… ပုံမှန်ဆိုလို့ရှိရင် ဒီလမ်းကြောင်းထဲမှာ ဂူရှာမတွေ့လို့ သေသွားတဲ့ကျင့်ကြံသူတွေ နှစ်စဉ်နှစ်တိုင်း အများကြီးပဲ… လိုဏ်ဂူရှာလို့တွေ့တယ်ဆိုလို့ရှိရင်တောင် အာကာသလေပြင်း တိုက်လာခဲ့ရင် လိုဏ်ဂူထဲကို ရောက်နိုင်ဖို့က မေးစရာရှိသေးတယ်…”
ထိုစကားကိုကြားသော် ကျန်းရို့ရှီက လျှာလေးတစ်လစ်တစ်လစ်ထုတ်လျက် “ဒါကြောင့် ကျွန်မတို့ ဒီကိုလာတုန်းက လမ်းမှာ အရိုးဖြူတွေအများကြီး တွေ့ခဲ့ရတာကိုး…”
လူအိုကြီးပန်က ခေါင်းခါလျက် သက်ပြင်းချလိုက်၏။ “မဟုတ်ဘူး… အဲ့အလောင်းတွေအကုန်လုံးက အာကာသလေပြင်းကြောင့် ဖြစ်လာတာမဟုတ်ဘူး… အတော်များများက လူသားတွေကြောင့်ပဲဖြစ်တာ…”
ကျန်းရို့ရှီ မျက်မှောင်ကြုတ်သွားသည်ကိုမြင်သော် လူအိုကြီးပန်က ဆက်၍ ပြောလိုက်လေ၏။ “ဒီလူအိုကြီး ဘာပြောချင်လဲဆိုတာကို သခင်မလေး သိလာမှာပါ…”
လူအိုကြီးပန်က ထိုကဲ့သို့ပြောလာသော် ကျန်းရို့ရှီလည်း ဘာမှထပ်မမေးတော့ချေ။
ထိုစဉ် လူတစ်ဦးသည် အပြင်ဘက်မှ လိုဏ်ဂူထဲသို့ အရမ်းကာရော ပြေးဝင်လာလေ၏။
သို့သော်ငြား ထိုလူ အထဲဝင်လာမည်အထိကို စောင့်မနေဘဲ လိုဏ်ဂူပေါက်ဝတွင်ရပ်နေသော ပိန်ပိန်ပါးပါးနှင့် ကျင့်ကြံသူက သူ့လက်ကိုမြှောက်၍ တိုက်ခိုက်လိုက်လေ၏။
ပြေးဝင်လာနေသည့်လူမှာလည်း ထိတ်လန့်အားနည်းဟန်မပြဘဲ ပြန်၍ တိုက်ခိုက်လိုက်လေ၏။
ပေါက်ကွဲသံအကျယ်ကြီးတစ်သံ ထွက်ပေါ်လာခဲ့ပြီးသည့်နောက် ကျင့်ကြံသူနှစ်ဦးစလုံး မလှုပ်မယှက် ဖြစ်သွားကြလေသည်။ နှစ်ယောက်စလုံးမှာ လက်ရည်ညီနေကြသည့်ပုံပင်။
ထို့နောက်တွင် ဖရိုဖရဲဖြစ်နေသည့်လူတစ်ဦး လိုဏ်ဂူပေါက်ဝသို့ ရောက်လာလေ၏။ ထိုလူ၏မျက်လုံးထဲ ဒေါသတရားနှင့် စိတ်မရှည်သည့်အရိပ်အယောင်တို့ ပြည့်နေခဲ့လေသည်။
“ဒီမှာနေရာမရှိတော့ဘူး… အခြားတစ်နေရာဆီ သွားလိုက်တော့ ရောင်းရင်း…” လိုဏ်ဂူပေါက်ဝ၌ရပ်နေသော ပိန်ပိန်ပါးပါးနှင့် ကျင့်ကြံသူက အေးစက်စက်အမူအယာဖြင့် ပြောလိုက်လေသည်။
“ငါ ဘယ်ကို ထပ်သွားရမှာလဲ…” ရောက်လာသည့်လူက အံတင်းတင်းကြိတ်လိုက်လေ၏။ အာကာသလေပြင်းမှာ စတင် တိုက်ခတ်လာပြီဖြစ်သည့်အတွက်ကြောင့် ဤနေရာသို့ အသည်းအသန် ပြေးလာခဲ့ရခြင်း ဖြစ်ပါသော်ငြား သူတွေ့လိုက်ရသည့်လိုဏ်ဂူမှာ လူပြည့်နေခဲ့လေပြီ။ ယခုနေမှ နောက်ထပ်လိုဏ်ဂူအသစ်တစ်လုံး ထပ်ရှာရမည်ဆိုပါက အာကာသလေပြင်းကြောင့်ပင်လျှင် အသက်ပျောက်သွားရပေတော့မည်။
သို့သော်ငြား လိုဏ်ဂူထဲ ဇွတ်တိုးဝင်ဖို့ရာလည်း ပိန်ပိန်ပါးပါးနှင့် ကျင့်ကြံသူမှာ ရင်ဆိုင်ရလွယ်ကူသည့် ပြိုင်ဘက်တစ်ယောက်မဟုတ်။ သူတို့သာ တကယ်ကြီး တိုက်ခိုက်ကြမည်ဆိုပါက မည်သူနိုင်မလဲဆိုသည်ကို ပြောရခက်လှပေသည်။ ထို့အပြင် အာကာသလေပြင်းကြောင့် အသစ်ရောက်လာသည့်လူအဖို့ သိပ်၍ အခြေအနေမဟန်။ ထို့အတွက်ကြောင့် ပိန်ပိန်ပါးပါးနှင့်ကျင့်ကြံသူအား ပစ်မှတ်ထားမနေတော့ဘဲ လိုဏ်ဂူထဲသို့သာ ဝေ့ကြည့်လိုက်ရပေသည်။ နေရာလပ်မရှိတော့သည့်အတွက်ကြောင့် လုယူရန်သာ ရှိတော့သည်။
ပုံမှန်အားဖြင့် တာအိုသခင်ပထမအဆင့်သာ ရှိသေးသော လူအိုကြီးပန်မှာ လူအုပ်ကြီးအနက် အားအနည်းဆုံးလူ ဖြစ်သဖြင့် အလွယ်ကူဆုံး ပစ်မှတ်ဖြစ်သည်မှာ ဧကန်မုချပင်။ သို့သော်ငြား ထိုလူမှ လူအိုကြီးအား မောင်းမထုတ်ရသေးခင်မှာပင် ရန်ကိုင့်အား သတိပြုမိသွားပြီး မျက်မှောင်ကြုတ်သွားခဲ့လေသည်။
ရန်ကိုင်သည် တင်ပလင်ခွေကာ ထိုင်နေပြီး သူ့အရှိန်အဝါကို ဖြန့်ကျက်ထားခြင်းမရှိသော်ငြား သူကိုယ်တိုင်သည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေဆဲ။ အသစ်ရောက်လာသည့်လူမှာ ရန်ကိုင့်၏ကျင့်ကြံခြင်းအား ဖောက်မမြင်နိုင်ခဲ့ပေ။ ထို့အပြင် ရန်ကိုင်နှင့် လူအိုကြီးပန်တို့သည် အပေါင်းအပါများဖြစ်ကြလေသည်။ ရန်ကိုင့်၏ကျင့်ကြံခြင်း မည်သို့ပင် ဖြစ်နေစေကာမူ အသစ်ရောက်လာသည့်သူအနေဖြင့် မဆင်မခြင် စွန့်စား၍မဖြစ်တော့ချေ။
တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက်တွင် အသစ်ရောက်လာသည့်လူ၏ အကြည့်သည် လိုဏ်ဂူထောင့်တွင်ရှိနေသော လူတစ်ဦးဆီသို့ ရောက်လာခဲ့လေသည်။ ထို့နောက် လက်ညှိုးထိုး၍ အော်ပြောလိုက်လေ၏။ “ကောင်လေး… ထွက်လာခဲ့စမ်း… ငါ မင်းနေရာကို လိုချင်တယ်…”
ထိုလူ လက်ညှိုးထိုးနေသည့်လူမှာ အသက်သုံးဆယ်အရွယ်လောက်ရှိမည့် လူငယ်လေးတစ်ဦးဖြစ်ပေသည်။ ထိုလူငယ်လေးသည် ထောင့်ထဲတွင်ပုန်းနေပြီး ထိုနေရာတွင် ခွေခွေလေးနေနေခြင်း ဖြစ်ပေသည်။ သူ၏ကျင့်ကြံခြင်းမှာ လူအိုကြီးပန်ကဲ့သို့ပင် တာအိုသခင်ပထမအဆင့်သာ ရှိပေသေးသည်။
အသစ်ရောက်လာသည့်လူ၏ စကားကိုကြားသော် ထိုလူငယ်လေးမှာ တုန်တုန်ရီရီ ဖြစ်သွားခဲ့ပြီး မကြားချင်ယောင်ဆောင်နေလိုက်၏။
ထိုအချင်းအရာကိုမြင်သော် အသစ်ရောက်လာသည့်လူက လှောင်ပြုံးပြုံးလျက် ပြန်ပြောလိုက်လေ၏။ “ငါ မင်းကို အသက်သုံးရှိုက်စာ အချိန်ပေးမယ်… အဲ့အချိန်အတွင်းမှာ ထွက်မလာသေးဘူးဆိုရင်တော့ ငါကိုယ်တိုင် မင်းကို ဆွဲထုတ်တော့မှာ… မင်းသေတယ်ရှင်တယ်ကို ငါ ဂရုစိုက်နေမှာမဟုတ်ဘူး…”
ရွေးချယ်စရာမရှိတော့သည့်အဆုံးတွင် လူငယ်လေးက ခေါင်းမော့၍ ပြန်ပြောလိုက်လေသည်။ “ဘာလို့ ငါလဲ… ဘာလို့ ငါ့ကိုမှ လာရွေးတာလဲ…”
သူသည် ဤလိုဏ်ဂူထဲသို့ ပထမဦးဆုံး ဝင်လာသည့်လူ ဖြစ်ပေသည်။ ယခုကဲ့သို့အခြေအနေမျိုးနှင့် မကြုံရလေအောင်ပင် လိုဏ်ဂူအတွင်းထဲသို့လာ၍ ပုန်းအောင်းနေခြင်း ဖြစ်ပါသော်ငြား ထိုလူသည် သူ့အား ရွေးခေါ်လိုက်ပေသေးသည်။
အာကာသလေပြင်းမှာ နီးကပ်လာနေခဲ့လေပြီ။ ထို့အတွက်ကြောင့် အခြားတစ်နေရာတစ်ခု ထပ်ရှာနေရန် အချိန်မရှိတော့ချေ။ သူသာ ယခုနေ အပြင်ထွက်သွားပါက ကျိန်းသေ သေရပေလိမ့်မည်။ သို့သော်ငြား အသစ်ရောက်လာသည့်လူမှာ သူ့ထက် နှစ်ဆမက ပို၍အားကောင်းလှသဖြင့် တကယ်တမ်းသာ တိုက်ခိုက်ကြမည်ဆိုလျှင် သူ လုံးဝ နိုင်လိမ့်မည်မဟုတ်ချေ။ ထို့အတွက်ကြောင့် ထိုလူငယ်လေးမှာ ဒေါသထွက်နေသည့်တိုင် ကူကယ်ရာလည်း မဲ့နေခဲ့၏။
အသစ်ရောက်လာသည့်လူက ပြန်ပြောလိုက်၏။ “တကယ်ဆိုရင် မင်းတို့လို အားနည်းတဲ့လူတွေက ရှေးဟောင်းကုန်းမြေထဲကို ဝင်ကိုဝင်မလာသင့်တာ… ဒါပေမဲ့ မင်းက ဝင်လာတယ်ဆိုမှတော့ သေဖို့ပြင်ဆင်ထားသင့်တာပေါ့… အခု ထွက်သွားလိုက်ပေတော့…”
“မထွက်သွားဘူးကွာ… ငါ အခုနေ ထွက်သွားရင် ကျိန်းသေ သေမှာ… မင်းငါ့ကို သိပ်ပြီး တွန်းအားပေးမလာနဲ့နော်… မင်း ဆက်ပြီး တွန်းအားပေးလို့ရှိနေရင် ငါ ငါ့ကိုယ်ငါ ဖောက်ခွဲပစ်ပြီး ဒီမှာရှိနေတဲ့လူတွေအကုန်လုံးကို ငါနဲ့အတူ ဆွဲခေါ်သွားမှာ…”
ထိုစကားထွက်လာသည်နှင့်တစ်ပြိုင်နက် လိုဏ်ဂူထဲတွင်ရှိနေသော လူပေါင်းများစွာ၏ အမူအယာ ပြောင်းလဲသွားခဲ့ကြလေသည်။ သို့သော်ငြား လူတော်တော်များများမှာ ထိုလူငယ်လေး၏စကားနှင့်ပတ်သက်၍ မကျေနပ်ကြသည့်တိုင် အရမ်းကြီးတော့ စိတ်ထဲမထားခဲ့ချေ။ အကြောင်းမှာ သူတို့သည် ထိုလူငယ်လေးထက် ပို၍ အားကောင်းသည့် အတွက်ကြောင့်ပင်လျှင်။ လူငယ်လေးအနေဖြင့် သူ့ကိုယ်သူ ဖောက်ခွဲချင်သည်ဆိုလျှင်ပင် လိုဏ်ဂူထဲတွင်ရှိနေသော လူတစ်ဝက်လောက်မှာ လူငယ်လေး သူ့ကိုယ်သူ မဖောက်ခွဲခင် အချိန်မီ ဝင်တားနိုင်ကြပေသည်။
“ဟား ဟား ဟား…” အသစ်ရောက်လာသည့်လူက ဝါးလုံးကွဲအော်ရယ်မောလျက် လူငယ်လေးအား လှောင်ပြောင်လိုဟန်ဖြင့် ကြည့်လိုက်လေသည်။ “မင်းကိုယ်မင်း ဖောက်ခွဲချင်တာလား… ဖောက်ခွဲလိုက်လေ… ငါကြည့်နေတယ်…”
လူငယ်လေး သူ့ကိုယ်သူ ဖောက်ခွဲရဲလိမ့်မည် မဟုတ်မှန်း အသစ်ရောက်လာသည့်လူ သိနေခဲ့သည်။ ထို့အတွက်ကြောင့် ဆက်၍ ဖိအားပေးလိုက်လေသည်။ သူထင်ထားသည့်အတိုင်းပင် လူငယ်လေးမှာ စတင်၍ ထိတ်လန့်လာခဲ့ပြီး ဘေးပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်ရင်း အော်ဟစ်တောင်းဆိုလိုက်လေ၏။ “ဆရာတို့ ကျေးဇူးပြုပြီး ကျုပ်ကို ကူညီပေးပါနော်… ကျုပ်သာ အခုနေ အပြင်ထွက်သွားရင် ကျိန်းသေ သေမှာ… ဆရာတို့ ကျေးဇူးပြုပြီး ကျုပ်ကို ကူညီပေးကြပါနော်…”
ထိုသို့ပြောနေရင်းမှ လူငယ်လေးသည် လက်နှစ်ဖက်ကို လက်သီးသဖွယ်ဆုပ်၍ ရင်ဘတ်နေရာတွင် ထားရင်းမှ တောင်းဆိုလိုက်လေသည်။ သူ့ပုံစံမှာ ဒူးမထောက်ရုံတမယ်ပင်။
သို့သော်ငြား ဤနေရာရှိလူတိုင်းမှာ သူစိမ်းများဖြစ်ကြသည့်အတွက်ကြောင့် မည်သူမျှ သူ့အား လာရောက်မကူညီပေးကြပေ။
ကျန်းရို့ရှီမှာ ထိုမြင်ကွင်းအား မကြည့်ရက်တော့သည့်အတွက်ကြောင့် ရန်ကိုင့်ဆီသို့ လှမ်းကြည့်လိုက်ပါသော်ငြား ရန်ကိုင်သည် အေးအေးဆေးဆေးသာ ရှိနေသည်ကိုမြင်သော် သူမလည်း အံကြိတ်ရုံသာ တတ်နိုင်ခဲ့လေ၏။
အသစ်ရောက်လာသည့်လူမှာ စတင်၍ စိတ်မရှည်ဖြစ်လာတော့ကာ အော်ပြောလိုက်လေ၏။ “ငါ မင်းကို နောက်ဆုံးအခွင့်အရေးတစ်ခု ထပ်ပေးမယ်… မဟုတ်ရင်တော့ ငါ့ကို အကြမ်းနည်းသုံးလို့ဆိုပြီး လာအပြစ်မတင်နဲ့နော်…”
ထိုသို့ပြောပြီးသည့်နောက်တွင် သူ့လက်ကိုဆန့်ထုတ်၍ လူငယ်လေးအား လှမ်းဖမ်းဆွဲရန် ကြိုးစားလိုက်လေသည်။
လိုဏ်ဂူမှာ သေးသလို လူများဖြင့် ပြည့်နေခဲ့ပါသော်ငြား အသစ်ရောက်လာသည့်လူမှာ တာအိုသခင်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် လူငယ်လေးအား အခြားမည်သူ့ကိုမှ မထိဘဲ အောင်အောင်မြင်မြင် လှမ်းဖမ်းဆွဲလိုက်နိုင်ပေသည်။ သူ့ပုံစံကို ကြည့်ရသလောက် လူငယ်လေးမှ လိုဏ်ဂူထဲမှဆွဲထုတ်၍ အပြင်သို့လွှင့်ပစ်ရန် ကြံနေသည့်ပုံပင်။
လူငယ်လေးမှာ ငေးကြောင်ကြောင်ဖြစ်သွားလေ၏။ တာအိုသခင်တတိယအဆင့် ပညာရှင်တစ်ဦးနှင့် ရင်ဆိုင်ရသော် သူလည်း ဘာမှမတတ်နိုင်တော့ချေ။ သူ့ကိုယ်သူလည်း ဖောက်ခွဲရဲသည့်သတ္တိမရှိ။ ထို့အတွက်ကြောင့် ငေးငိုင်ငိုင်ဖြင့် ထိုလူမှ သူ့အား ဆွဲခေါ်နေသည်ကို ရပ်ကြည့်နေရုံသာ တတ်နိုင်ခဲ့လေ၏။
သို့ရာတွင် ထိုအခိုက်အတန့်၌ အရင်းအမြစ်ချီ တစ်စွန်းတစ်စ ထွက်ပေါ်လာခဲ့လေသည်။
လူငယ်လေးအား အပြင်သို့ ဆွဲထုတ်ရန် ကြိုးစားနေသည့် အသစ်ရောက်လာသည့်လူမှာ တစ်ချက်အော်ငြီးလျက် နောက်သို့ ဒယီးဒယိုင် ဆုတ်သွားခဲ့ရလေ၏။
ဟန်ချက် ပြန်ထိန်းလိုက်ပြီးသည့်နောက်တွင် ဒေါမာန်တကြီးဖြင့် ထအော်လေသည်။ “ဘယ်ကောင်လုပ်တာလဲ… ဘယ်ကောင် ငါ့ကိစ္စကို ဝင်ရှုပ်ရဲတာလဲ…”
ထိုလူသည် လူအုပ်ကြီးအား ဝေ့ကြည့်လိုက်ပြီးသည့်နောက် အဆုံးတွင် ကျန်းရို့ရှီဆီ၌ ရပ်တန့်သွားခဲ့လေသည်။ ထို့နောက် သူ့အမူအယာ ပြောင်းလဲသွားခဲ့လေ၏။ “နင်ပဲ…”
“ဟုတ်တယ်… ငါပဲ…” ကျန်းရို့ရှီက ဝန်ခံလိုက်လေသည်။
အသစ်ရောက်လာသည့်လူမှာ မျက်နှာကြီးမဲ့လျက် ကျန်းရို့ရှီအား စိုက်ကြည့်နေခဲ့လေသည်။
ကျန်းရို့ရှီတစ်ယောက်တည်းသာ ရှိနေမည်ဆိုလျှင် ကိစ္စမရှိ။ သို့သော်ငြား ကျန်းရို့ရှီသည် ရန်ကိုင်နှင့်အတူ ရှိနေခြင်း ဖြစ်လေသည်။ တကယ်တမ်းသာ တိုက်ခိုက်ကြမည်ဆိုပါက ရန်ကိုင်လည်း ရပ်ကြည့်နေတော့လိမ့်မည်မဟုတ်ချေ။ ထို့အတွက်ကြောင့် အသစ်ရောက်လာသည့်လူမှာ ရှေ့တိုးရအခက် နောက်ဆုတ်ရအခက် ဖြစ်နေတော့လေသည်။
ထို့အတွက်ကြောင့် တစ်ခဏမျှ စဉ်းစားပြီးသည့်နောက်တွင် လက်သီးဆုပ်၍ ပြောလိုက်လေသည်။ “ကျုပ်လည်း အာကာသလေပြင်းလာနေလို့ မလွှဲသာလို့ အခုလိုမျိုး လုပ်လိုက်ရတာပါ သခင်မလေး… ဒါကြောင့် ကျေးဇူးပြုပြီး ဒီကိစ္စကနေ ဘေးထွက်နေပေးဖို့ တောင်းဆိုချင်ပါတယ်… ဒါပေမဲ့ သခင်မလေးက ခေါင်းမာပြီးတော့ ဆက်ပြီး နှောင့်ယှက်နေဦးမယ်ဆိုရင်တော့ ကျုပ်လည်း အထိုက်အသင့် တုံ့ပြန်ရတော့မှာပါ… ခွေးတစ်ကောင်တောင် ချောင်ပိတ်ရိုက်ခံရရင် ပြန်ကိုက်တတ်တာ သဘာဝပါပဲ သခင်မလေး…”
အသစ်ရောက်လာသည့်လူမှာ ကျန်းရို့ရှီမှာ ပြောနေသယောင် ထင်ရသော်ငြား တကယ့်တကယ်တွင် ရန်ကိုင့်ကိုပြောနေခြင်း ဖြစ်ပေသည်။ သို့သော်ငြား ရန်ကိုင်ကမူ တစ်ချက်ကလေးမှပင် မတုံ့ပြန် ငြိမ်သက်စွာသာ တင်ပလင်ခွေထိုင်နေခဲ့လေသည်။ ထို့အတွက်ကြောင့် အသစ်ရောက်လာသည့်လူမှာ ကျန်းရို့ရှီသည် ရန်ကိုင့်၏အပေါင်းအပါ ဟုတ်မဟုတ် စတင်၍ ဝေခွဲရခက်လာတော့လေသည်။
“အာကာသလေပြင်းလာနေလို့ ရှင်ဒီမှာ ဝင်နားချင်နေတာ ကိစ္စမရှိဘူး…. ဒါပေမဲ့ ဒီနေရာက ဦးသူယူပဲလေ… အခု ဒီနေရာမှာ နေရာလပ်မှ မရှိတော့တာ… ရှင့်ဘာသာ ဘာဖြစ်လို့ အခြားနေရာတစ်ခုကို သွားမရှာချင်ရတာလဲ… ရှင့်အသက်အဖိုးတန်တာ မှန်တယ်… ဒါပေမဲ့ အခြားလူတွေရဲ့ အသက်ကလည်း အဖိုးမတန်တာ မဟုတ်ဘူးလေ…” ကျန်းရို့ရှီက ထိုလူအား ဒေါသတကြီးဖြင့် စိုက်ကြည့်ရင်း ပြန်ပြောလိုက်လေသည်။
အတိတ်အခါက ကျန်းရို့ရှီသည် အားနည်းသည့်အတွက်ကြောင့် အနိုင်ကျင့်ဗိုလ်ကျခြင်း ခံခဲ့ရလေသည်။ ထို့အတွက်ကြောင့် ယခုကဲ့သို့ အားနည်းသည့်လူတစ်ဦး အနိုင်ကျင့်ဗိုလ်ကျခံနေရသည်ကိုမြင်သော် ကျန်းရို့ရှီမှာ ရပ်ကြည့်မနေနိုင်ဘဲ ဝင်ပါလိုက်ခြင်း ဖြစ်လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၅၄၁)
အသစ်ရောက်လာသည့်လူမှာ ဒေါသူပုန်ထသွားခဲ့လေ၏။ “နင် ဘာဖြစ်လို့ ဒီလောက်တောင် ခေါင်းမာချင်နေတာလဲ ကောင်မလေး… နင် ခုလိုလုပ်ရတာ တကယ် တန်ရောတန်ရဲ့လား… နင်နဲ့သူနဲ့က သူစိမ်းတွေနော်… သူစိမ်းတစ်ယောက်အတွက် နင် အခုလိုမျိုး ဝင်ပါလိုက်ရတာ တန်လို့လား…”
ကျန်းရို့ရှီက နှာခေါင်းရှုံ့လိုက်လေ၏။ “တန် မတန်တော့မသိဘူး… ဒါပေမဲ့ အခုလိုမျိုး သူ အနိုင်ကျင့်ခံနေရတာကိုတော့ ကျွန်မ ရပ်ကြည့်မနေနိုင်ဘူး…”
“ငါ့လခွမ်းကွာ…” အသစ်ရောက်လာသည့်လူမှာ လုံးဝကိုမှ ဒေါသူပုန်ထနေခဲ့လေသည်။ သို့သော်ငြား သူ့ဒေါသကို ဖွင့်မထုတ်ရဲခဲ့ချေ။
(ဆိုးလိုက်တဲ့ကံကွာ… ဒီနေ့ကြမှ ဒီလိုစိတ်ရှုပ်စရာကောင်းတဲ့ ကောင်မလေးနဲ့ လာတိုးနေရတယ်…)
သာမန်နေ့မျိုးတွင်သာ ဆိုလျှင်တော့ ဤကဲ့သို့သော ကောင်မလေးနှင့် ရန်ထိုင်ဖြစ်နေ၍ ကိစ္စမရှိပါသော်ငြား ယခုတွင်မူ သူ့၌ အချိန်မရှိချေ။
ထိုစဉ်က ရန်ကိုင်က အသစ်ရောက်လာသည့်လူဘက်သို့ လှည့်၍ ပြောလိုက်လေသည်။ “အာကာသလေပြင်းက ပိုပိုပြီး အားကောင်းလာနေပြီ… ရောင်းရင်း မင်းသာ အခုနေ နေရာတစ်ခု ထပ်မရှာရင် ရှာလို့တွေ့တော့မှာ မဟုတ်ဘူးနော်…”
အသစ်ရောက်လာသည့်လူမှာ ကျန်းရို့ရှီအား မုန်းတီးစွာ စိုက်ကြည့်ပြီးသည့်နောက် လှည့်ထွက်သွားလေသည်။
ခြိမ်းခြောက်စကားပင် မပြောတော့ချေ။ အကြောင်းမှာ သူသာ ဤနေရာတွင် ဆက်နေ၍ ကျန်းရို့ရှီနှင့် စကားများနေမည်ဆိုပါက နောက်ထပ်လိုဏ်ဂူတစ်လုံး ရှာရမည့်အခွင့်အရေးကို လက်လွတ်သွားနိုင်သည့် အတွက်ကြောင့်ပင်။
“ကျေးဇူးအများကြီးတင်ပါတယ်… အခုလိုမျိုး ကူညီပေးခဲ့တဲ့ ကျေးဇူးကို ကျုပ် ဘယ်တော့မှ မမေ့ပါဘူး…” လိုဏ်ဂူအတွင်းပိုင်းတွင် ပုန်းနေသည့် လူငယ်လေးသည် လက်သီးဆုပ်၍ ကျန်းရို့ရှီဘက်သို့ ဦးညွှတ်ကာ ပြောလိုက်လေသည်။
ကျန်းရို့ရှီသာ ဝင်မကူညီပေးပါက ထိုလူငယ်လေးမှာ လိုဏ်ဂူအပြင်ဘက်သို့ ကျိန်းသေ လွှင့်ပစ်ခံရပေလိမ့်မည်။
ကျန်းရို့ရှီက ပြုံးလျက် လက်ဝှေ့ယမ်းကာ ပြန်ပြောလိုက်လေ၏။ “မလိုပါဘူး…”
ထိုစဉ် လူအိုကြီးပန်က ချောင်းဟန့်လျက် ပြန်ပြောလိုက်လေသည်။ “သခင်မလေးရဲ့ အခုလို ကူညီတတ်တဲ့စိတ်ထားကို ဒီလူအိုကြီး တကယ်လေးစားပါတယ်… ဒါပေမဲ့ အခု သခင်မလေး လုပ်လိုက်တဲ့ကိစ္စက လုံးဝကို အသုံးမဝင်တဲ့ လုပ်ရပ်တစ်ခုပဲ…”
“ဘာဖြစ်လို့လဲ…” ကျန်းရို့ရှီသည် လူအိုကြီးပန်ဘက်သို့ ဇဝေဇဝါဖြင့် လှမ်းမေးလေ၏။
လူအိုကြီးပန်က သက်ပြင်းချလျက် ပြန်ပြောလိုက်လေ၏။ “အာကာသလေပြင်း နီးလာတာနဲ့အမျှ လူတွေက ပိုပိုပြီး ရောက်လာမှာပဲ… အခုတစ်ကြိမ်တော့ သခင်မလေး ကူပေးနိုင်တယ်ပဲထားပါဦး… ဒါပေမဲ့ နောက်တစ်ကြိမ်ကျရင်ရော… နောက်ထပ်လာတဲ့လူတွေကိုလည်း တားနိုင်ဦးမှာလား…”
လူအိုကြီးပန်၏စကား ဆုံးသွားသည်နှင့်တစ်ပြိုင်နက် အပြင်ဘက်ဆီမှ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့လေ၏။ ထို့နောက်တွင် ထူးဆန်းသောမြူခိုးဆီမှ ထွက်ပြေးလာသော ကျင့်ကြံသူပေါင်းများစွာမှာ လိုဏ်ဂူထဲသို့ တဟုန်ထိုး ပြေးဝင်လာကြလေသည်။
လိုဏ်ဂူဝင်ပေါက်သို့ရောက်၍ အထဲသို့ လှမ်းကြည့်လိုက်သော် လူများပြည့်နေကြောင်း တွေ့လိုက်ရပြီးသည့်နောက် အကုန်လုံး၏မျက်နှာ သုန်မှုန်သွားခဲ့ကြလေသည်။ သို့ရာတွင် ယခုကဲ့သို့ ဖြစ်မည်မှန်းကို ကြိုတင်မျှော်မှန်းထားသည့်အလား မည်သည့်အပိုစကားမှ ပြောမနေဘဲ သူတို့၏မှော်ရတနာအသီးသီးကိုထုတ်၍ တိုက်ခိုက်လိုက်ကြလေသည်။
အရင်းအမြစ်ချီပေါက်ကွဲသံများကြားဝယ် အော်သံနှစ်သံ ထွက်ပေါ်လာခဲ့လေ၏။ သွေးများပန်းထွက်လာခဲ့ပြီး ဝင်ပေါက်အနားတွင် ရပ်နေသော ကျင့်ကြံသူနှစ်ဦး မတုံ့ပြန်နိုင်သေးခင်မှာပင် သေဆုံးသွားခဲ့ရလေသည်။ ထို့နောက်တွင် အသစ်ရောက်လာသည့်လူများမှာ ရယ်မောလျက် အလောင်းများကို အပြင်သို့ ကန်ထုတ်လိုက်ကြလေ၏။ “မသေချင်ရင် ငါတို့ကို နေရာနည်းနည်းပေး…” ထိုလူများက ပြောလိုက်လေသည်။
ပြောနေရင်းနှင့်မှ ထိုလူများ၏တိုက်ခိုက်မှုများမှာ ပိုပို၍ပြင်းထန်လာသဖြင့် လိုဏ်ဂူအနားတွင်ရှိနေသော ကျင့်ကြံသူများမှာ အလန့်တကြား ထအော်ကြရတော့လေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ကျန်းရို့ရှီမှ မင်တက်နေခဲ့လေသည်။ ယခုမှသာလျှင် လူအိုကြီးပန်ပြောသည်မှာ အမှန်ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။ သူမ လာရင်း တွေ့ခဲ့ရသည့်အလောင်းများ၏ အများစုမှ အာကာသလေပြင်းကြောင့် သေဆုံးသွားခဲ့ရခြင်းမဟုတ်ဘဲ ကျင့်ကြံသူများကြောင့်သာ သေဆုံးသွားရခြင်းမှန်း နားလည်သွားတော့လေသည်။ အာကာသလေပြင်း တိုက်ခတ်လာသည့်အကြိမ်တိုင်း ဤကဲ့သို့ သေခြင်းရှင်ခြင်း တိုက်ပွဲများ မရေမတွက်နိုင်အောင် ဖြစ်ပွားကြလေရာ မရေမတွက်နိုင်သော ကျင့်ကြံသူများမှာလည်း အသီးသီး သေဆုံးကုန်ကြရလေသည်။ ဤနေရာသည် သင်္ချိုင်းကုန်းတစ်ခုနှင့်ပင် ဆင်နေပေသေးသည်။ ဤလိုဏ်ဂူတွင်ပင်လျှင် ဤကဲ့သို့ဖြစ်နေလေရာ လမ်းကြောင်းထဲရှိ အခြားသောလိုဏ်ဂူများတွင်လည်း ဤနည်းတူ ဖြစ်နေရပေလိမ့်မည်။
လူတစ်သုတ်ရောက်လာပြီး ဂူထဲတွင်ရှိနေသည့် လူများကို ရှင်းထုတ်ပြီး နေရာဝင်လုယူပြီးသည့်နောက် နောက်ထပ်လူတစ်သုတ် ရောက်လာကာ တိုက်ပွဲများ ထပ်ဖြစ်ကြလေသည်။ ဤသို့ဖြင့် တိုက်ပွဲများမှာ တစ်ပွဲပြီးတစ်ပွဲကို ဖြစ်နေတော့လေရာ အခြေအနေတစ်ခုလုံးမှာလည်း အလွန်ကိုမှ ကသောင်းကနင်း ဖြစ်နေတော့လေသည်။ တစ်ခါတစ်ရံ လိုဏ်ဂူထဲရှိ လူများမှာ ရှင်းထုတ်ခံလိုက်ရချိန် အချို့အခါများတွင်လည်း လိုဏ်ဂူအပြင်ဘက်တွင်ရှိနေသည့် လူများသာ ပြန်လည်၍ သတ်ဖြတ်ခံလိုက်ရလေသည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် အမှန်တကယ်ကို အားကောင်းလှသည့် ပညာရှင်များသာ အသက်ရှင်နိုင်ကြလေ၏။ အားနည်းသည့်လူများမှာမူ တစ်ပါးသူ၏ ချနင်းခံကျောက်တုံးများသာ ဖြစ်သွားကြရပေသည်။
မကြာမီ လိုဏ်ဂူတစ်ခုလုံး ကသောင်းကနင်း ဖြစ်နေလေရာ လိုဏ်ဂူအတွင်းထဲထိသို့ပါ ရောက်လာလေ၏။ တိုက်ခိုက်မှုပေါင်းစုံမှာလည်း လိုဏ်ဂူအပြင်ဘက်တွင်သာ ရပ်တန့်မနေတော့ဘဲ အတွင်းပိုင်းထိသို့ပါ ရောက်လာခဲ့လေသည်။ လူတိုင်းသည် လိုဏ်ဂူထဲတွင်ရှိနေသည့် လူမှန်သမျှ ရန်သူအဖြစ် သဘောထားနေသည့်ပုံပင်။
ရန်ကိုင်နှင့် သူ့အဖွဲ့သားများမှာ လိုဏ်ဂူအတွင်းပိုင်းထဲတွင် ရှိနေသော်ငြား တိုက်ပွဲအား မရှောင်လွှဲနိုင်ခဲ့ချေ။ သို့သော်ငြား ရန်ကိုင်မှ လက်တစ်ချက်ဝှေ့ယမ်း၍ လူအိုကြီးပန်နှင့် ကျန်းရို့ရှီတို့အား သတ်ဖြတ်ရန် ကြိုးစားလာကြသော တာအိုသခင် တတိယအဆင့် ကျင့်ကြံသူနှစ်ဦးအား သတ်ပြလိုက်ပြီးသည့်နောက်တွင် မည်သူမှ ရန်ကိုင့်အား ဆက်၍ ပစ်မှတ်မထားရဲကြတော့ချေ။
ဤသို့ဖြင့် လိုဏ်ဂူထဲရှိလူများမှာ အဖန်တလဲလဲ ပြောင်းလဲနေခဲ့လေရာ မကြာမီတွင် လိုဏ်ဂူထဲ၌ မူလရှိနေသည့် လူတစ်ဝက်လောက်မှာ လူသစ်များဖြင့် အစားထိုးခြင်း ခံလိုက်ရလေ၏။
လေပြင်းတိုက်ခတ်သံများမှာ ပိုပို၍ ကျယ်လောင်လာခဲ့လေသည်။
ရုတ်တရက် လိုဏ်ဂူထဲသို့ မဝင်နိုင်ခဲ့သော ကျင့်ကြံသူများ ထအော်ကြတော့လေသည်။ ထို့နောက်တွင် အလွန်ကိုမှ ထိတ်လန့်ကြောက်ရွံ့နေသည့် ပုံစံဖြင့် ကိုယ့်အသက်ကိုပင်လျှင် ဂရုမစိုက်နိုင်တော့ဘဲ လိုဏ်ဂူထဲသို့ အတင်းပြေးဝင်လာကြတော့လေ၏။ သို့သော်ငြား ဂူထဲတွင်ရှိနေသည့်လူများမှာ ထိုလူများကို အထဲသို့ဝင်မလာနိုင်အောင် တားဆီးထားခဲ့လေသည်။
ထို့နောက်တွင် အကုန်လုံး၏ ရှေ့မှောက်၌ ဂူထဲသို့ဝင်ရန် ကြိုးစားနေသည့်လူများ၏ ခန္ဓာကိုယ်ပေါ်တွင် မရေမတွက်နိုင်သော ဓါးချက်များ အသီးသီး ထွက်ပေါ်လာတော့လေသည်။ ထို့နောက်တွင် သူတို့၏အရေပြားများမှာ တစ်လွှာချင်း စတင်၍ ကွာကျလာတော့လေ၏။ ထိုအချင်းအရာနှင့် ထိုလူများ၏အော်သံကိုကြည့်ရင်း လိုဏ်ဂူထဲတွင်ရှိနေသော လူပေါင်းများစွာ ကြက်သီးမွေးညှင်း ထသွားကုန်ကြလေသည်။
ထိုမျှသာလျှင်မဟုတ် လိုဏ်ဂူအဝနားတွင် ရပ်နေသည့် ကျင့်ကြံသူများသည်ပင်လျှင် လိုဏ်ဂူအတွင်းပိုင်းထဲသို့ အလိုလို ဆုတ်သွားကြလေသည်။
အသက်ဆယ်ရှိုက်စာအတွင်း လိုဏ်ဂူအပြင်ဘက်တွင်ရှိနေသော ကျင့်ကြံသူအားလုံးမှာ အသွေးအသားများ တိုက်စားခံလိုက်ရကာ အရိုးများသာ ကျန်ရစ်တော့လေသည်။ ထို့နောက်တွင် ခြောက်ခြားဖွယ်ရာကောင်းလှသည့် အရိုးဖြူဖြူကြီးများမှာ မြေပြင်ပေါ်သို ပုံလျက်သား လဲကျသွားတော့လေ၏။
တော်တော်ကြာသည့်အခါမှသာ လူအိုကြီးပန်က သက်ပြင်းချလျက် ပြောလိုက်လေ၏။ “အခု ငါတို့ လုံခြုံသွားပြီ…”
ယခု အာကာသလေပြင်းမှာ စတင်၍ တိုက်ခတ်လာပြီ ဖြစ်သည့်အတွက်ကြောင့် လိုဏ်ဂူအပြင်ဘက်တွင်ရှိနေသည့် မည်သည့်ကျင့်ကြံသူမဆို လိုဏ်ဂူများကို ဆက်ရှာရန် အခွင့်အရေးရတော့လိမ့်မည် မဟုတ်ချေ။ လေပြင်းထဲတွင်ပင်လျှင် သူတို့၏အသွေးအသားများ တိုက်စားခံရကာ အရိုးခြောက်များအဖြစ်သို့ ပြောင်းလဲသွားရပေတော့မည်။ တစ်နည်းအားဖြင့်ဆိုရသော် လိုဏ်ဂူအတွင်းထဲတွင်ရှိနေသည့် ကျင့်ကြံသူများအဖို့ အခြားသူများ သူတို့နေရာအား လာလုမည်ကို စိုးရိမ်စရာ မလိုတော့ချေ။
လူအိုကြီးပန်၏စကားကို ကြားပြီးသည့်နောက် ကျန်းရို့ရှီသည် လိုဏ်ဂူတစ်ဝိုက်အား လှည့်ပတ်ကြည့်လိုက်လေသည်။ အစောပိုင်းက သူမဝင်ကယ်ပေးခဲ့သော လူငယ်လေးအား မတွေ့ရတော့ချေ။ ထို့အတွက်ကြောင့် သက်ပြင်းတစ်ချက် ချမိလိုက်လေ၏။ လူအိုကြီးပန်ပြောသည့်အတိုင်းပင် သူမ၏လုပ်ရပ်မှာ လုံးဝ အသုံးမဝင်ခဲ့ချေ။ ထိုလူငယ်လေးသည် အသစ်ရောက်သည့်လူများ၏ အစားထိုးခြင်း ခံလိုက်ရလောက်ပေပြီ။ လက်ရှိအချိန်တွင် လိုဏ်ဂူအထဲ၌ လူဆယ်ယောက်ကျော်မက ရှိနေခဲ့ပြီး လူအိုကြီးပန်မှလွဲ၍ ကျန်သည့်လူအားလုံးမှာ တာအိုသခင် ဒုတိယအဆင့် သို့မဟုတ် တတိယအဆင့်များ ဖြစ်ကြပေသည်။ တိုက်ပွဲကြောင့် အတော်လေးအားကုန်ခဲ့ရသဖြင့် ထိုလူများမှာ အသီးသီး အားပြန်ဖြည့်နေကြလေ၏။
ထို့အတွက်ကြောင့် လက်ရှိအချိန်တွင် လိုဏ်ဂူတစ်ခုလုံးမှာ သုဿန်တစ်စပြင်နှယ် တိတ်ဆိတ်နေခဲ့ပြီး ခြောက်ခြားဖွယ်ရာကောင်းသည့် လေပြင်းတိုက်သံများသာ ထွက်ပေါ်နေတော့သည်။
အာကာသလေပြင်းမှာ အားနည်းသွားသည့်အရိပ်အယောင်မပေါ် တဖြည်းဖြည်းနှင့် အားကောင်းသည်ထက် အားကောင်းလာခဲ့သည်။ နှစ်နာရီခန့် ကြာပြီးသည့်နောက် တင်ပလင်ခွေထိုင်နေသည့် ရန်ကိုင် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့ပြီး လိုဏ်ဂူဝင်ပေါက်ဆီသို့ လှမ်းကြည့်လိုက်လေသည်။ သူ့စိတ်ထဲ ဘာကြောင့်မှန်းမသိ မသက်မသာ ခံစားနေခဲ့ရသည်။
လက်ရှိအချိန်တွင် ဂူဝင်ပေါက်တစ်ခုလုံးကို ထူးဆန်းသော မြူခိုးများက လွှမ်းခြုံထားသည့်အတွက်ကြောင့် အာကာသလေပြင်းများကို ကြားနေရသည့်တိုင် အပြင်ဘက်တွင် မည်ကဲ့သို့ အခြေအနေမျိုးရှိနေသလဲ ဆိုသည်ကို မသိနိုင်ခဲ့ရပေ။
ရန်ကိုင်သည် လိုဏ်ဂူအပြင်ဘက်ရှိ အခြေအနေများကို အသေးစိတ် စစ်ဆေးကြည့်နေခဲ့လေသည်။ ထိုစဉ် မြူခိုးအတွင်းပိုင်းထဲမှ အော်မြည်ကြွေးသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ထိုအော်သံမှာ တဝူးဝူးတိုက်ခတ်နေသည့် လေပြင်းများကြောင့် ဝိုးတဝါးတား ဖြစ်သွားခဲ့ရပါသော်ငြား လူတိုင်းမှာမူ ထိုအော်သံကို အသေအချာ ကြားလိုက်ရပေသည်။
လိုဏ်ဂူထဲတွင်ရှိနေသည့်လူများ ချက်ချင်း မျက်လုံးပွင့်လာခဲ့ပြီး ဝင်ပေါက်ဆီသို့ လှမ်းကြည့်လိုက်ကြသည်။
“ငါ နားကြားမှားသွားတာလား…” လိုဏ်ဂူဝင်ပေါက်အနီးတွင် ထိုင်နေသော ကျင့်ကြံသူတစ်ဦးက မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။
“ယင်ဝိဉာဉ်ပဲ…” နောက်ထပ်ကျင့်ကြံသူတစ်ဦးကလည်း ပြောလိုက်လေသည်။
“ဒီလိုရှေးဟောင်းကုန်းမြေရဲ့ လမ်းကြောင်းထဲမှာ ယင်ဝိဉာဉ်တွေ ရှိနေတာ ဘာထူးဆန်းလို့လဲ… ငါတို့ လာတုန်းကလည်း ယင်ဝိဉာဉ်ကို တွေ့ခဲ့ရတာပဲ… အခုမှ ဘာတွေ ထူးထူးဆန်းဆန်း လုပ်နေကြတာလဲ…”
“ငါတို့ လာတုန်းက တွေ့ခဲ့ရတာတော့ တွေ့ခဲ့ရတာပေါ့… ဒါပေမဲ့ အခုလာနေတဲ့ ယင်ဝိဉာဉ်တွေက ငါတို့ဘက်ကို ဦးတည်လာနေတယ်လို့ မင်း မခံစားမိဘူးလား…” အခြားသောကျင့်ကြံသူတစ်ဦးက ဝင်ပြောလိုက်လေသည်။
“မင်းပြောတာတော့ တကယ်ရယ်စရာပဲကွ… အာကာသလေပြင်း တိုက်ခတ်လာပြီဆိုလို့ရှိရင် ငါတို့တွေတင် ပုန်းရတာမဟုတ်ဘူး… ဒီထဲမှာရှိနေတဲ့ ယင်ဝိဉာဉ်တွေလည်း သူ့ဘာသူ အခြားနေရာတစ်ခုရှာပြီး သွားပုန်းနေရတာ… ဘာဖြစ်လို့ ငါတို့ဆီကို လာရမှာလဲ…”
“အဲ့ဒါတော့ဟုတ်တယ်… ငါ ဒီကို တစ်ကြိမ်မက ရောက်ဖူးတယ်… ရောက်လာတဲ့အကြိမ်တိုင်း အာကာသလေပြင်းလာပြီဆိုတာနဲ့ ဘယ်ယင်ဝိဉာဉ်ကိုမှ မတွေ့ရတော့ဘူး… မင်းအတွေးလွန်နေတာပဲဖြစ်မယ် ရောင်းရင်း…”
“ဟုတ်လောက်တယ်နော်…” ထိုလူမှာ ခေါင်းတညိတ်ညိတ်ဖြင့် အခြားသူများပြောသည်ကို မယုံချင်ယုံချင်ဖြင့် ယုံကြည်လိုက်ရတော့လေသည်။