← Chapters

အခန်း (၂၅၄၂-၂၅၄၄)

Vol. 106 Ch. 2542-2544

အခန်း (၂၅၄၂-၂၅၄၄)

Vol. 106 Ch. 2542-2544

အပိုင်း (၂၅၄၂)

ထိုကျင့်ကြံသူများ အချင်းချင်း‌ ပြောဆိုနေကြသည်ကို ရန်ကိုင်လည်း ကြားပေသည်။ ထိုလူများ ပြောနေသည်ကို ကြားပြီးသည့်နောက် ရန်ကိုင့်မှာ စိတ်သက်သာရာ ရမသွားခဲ့ဘဲ ပို၍ပင် နိုးနိုးကြားကြား ဖြစ်သွားခဲ့ပြီး လူအိုကြီးပန်အား တိုးတိုးလေး မေးလိုက်လေသည်။ “အာကာသလေပြင်း တိုက်ခတ်နေတဲ့အချိန် ယင်ဝိဉာဉ်တွေ ထွက်မလာဘူးဆိုတာ အမှန်ပဲလား လူအိုကြီးပန်…”

“ဟုတ်တယ်… အာကာသလေပြင်းတွေ တိုက်ခတ်နေပြီဆိုရင် ယင်ဝိဉာဉ်တွေ ထွက်လာလေ့မရှိဘူး…” လူအိုကြီးပန်က တစ်ချက်ရပ်၍ ဆက်ပြောလိုက်သည်။ “ဒါပေမဲ့…”

“ဒါပေမဲ့ ဘာဖြစ်လဲ…”

“အာကာသလေပြင်းလာတိုင်း ယင်ဝိဉာဉ်တွေ အမြဲတမ်း ထွက်မလာတာတော့ မဟုတ်ဘူး… ယင်ဝိဉာဉ်တွေ ထွက်မလာရတဲ့ အကြောင်းအရင်းက သူတို့ မလာနိုင်လို့မဟုတ်ဘဲနဲ့ မလာချင်လို့ပဲ… တစ်ခါတုန်းကဆိုလို့ရှိရင် ယင်ဝိဉာဉ်တွေထွက်လာတာကို ဒီလူအိုကြီး မြင်ခဲ့ဖူးတယ်… ဒါပေမဲ့ အဲ့လိုမျိုးဖြစ်က အရမ်းရှားပါတယ်… ညီငယ်လေး မင်း စိတ်အေးအေး…”

ရုတ်တရက်ဆိုသလို လူအိုကြီးပန်မှာ ဆက်၍ စကားမပြောတော့ဘဲ လိုဏ်ဂူဝင်ပေါက်ဝသို့သာ ကြောက်လန့်တကြားဖြင့် လှမ်းကြည့်လိုက်လေသည်။ ထူးဆန်းသောမြူခိုးထဲမှ ထွက်လာသည့် ထွင်းဖောက်မြင်နိုင်သည့်ပုံရိပ် ဆယ်ခုခန့်ကို တွေ့လိုက်ရလေ၏။

ထိုပုံရိပ်များမှာ လူသားပုံစံသာ ဖြစ်သော်ငြား ၎င်းတို့၏မျက်နှာများမှာ ရှုံ့တွနေသည့်အတွက်ကြောင့် သူတို့၏ တကယ့်ပုံစံကို ပြောရခက်လှပေသည်။

သို့သော်ငြား ထိုအရာများ မည်သည့်အရာပင်ဖြစ်နေစေကာမူ ၎င်းတို့၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ရစ်သိုင်းနေသော ရက်စက်ကြမ်းကြုတ်ပြီး အေးစက်စက်အရှိန်အဝါသည် မြင်လိုက်ရုံဖြင့်ပင် တန်းသိနိုင်ပေသည်။

ထိုအရာများသည် ထူးဆန်းသောမြူခိုးထဲမှ ထွက်လာပြီးသည့်နောက်တွင် ကိုက်စားပစ်ရန် တစ်စုံတစ်ယောက်ကို လိုက်ရှာနေသည့်အလား ၎င်းတို့၏ မျက်နှာအသွင်အပြင်များမှာ စတင်၍ ကြမ်းကြုတ်ခက်ထန်ကာ ကြောက်မက်ဖွယ်ကောင်းလာခဲ့လေသည်။

“ငါ့လခွမ်း… ဒီကောင်တွေ တကယ်ကြီးရောက်လာတယ်ဟ… ဘယ်ကောင့်ခွေးပါးစပ်က ပြောလိုက်တာလဲကွာ…”

“အကုန်လုံး သတိထားပေတော့…”

ဝင်ပေါက်တွင်ရှိနေသော ကျင့်ကြံသူပေါင်းများစွာသည် ချက်ချင်း တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြလေသည်။ ယင်ဝိဉာဉ်များ ပြေးဝင်လာသည်နှင့် တစ်ပြိုင်နက် ယင်ဝိဉာဉ်များ၏ တိုက်ခိုက်မှုကို ခါးစည်းခံရမည့်လူမှာ သူတို့သာလျှင် ဖြစ်ကြပေသည်။ သူတို့၌ ပြန်ဆုတ်ရန်လည်း နည်းလမ်းမရှိချေ။ ထို့အတွက်ကြောင့် တိုက်ခိုက်ရုံသာ တတ်နိုင်လေ၏။

ချက်ချင်းဆိုသလို ဝင်ပေါက်အနားတွင်ရှိနေသော ကျင့်ကြံသူများမှာ သူတို့၏ မှော်ရတနာအသီးသီးကို ထုတ်ယူလျက် ယင်ဝိဉာဉ်များဆီသို့ ပြေးဝင်သွားကြလေ၏။

ယင်ဝိဉာဉ်များအား တိုက်ခိုက်ကြသည့် ကျင့်ကြံသူအားလုံးမှာ အားကောင်းသည့်လူများချည်းသာ ဖြစ်ကြသည်။ ထိုသို့သာမဟုတ်ပါက သူတို့အနေဖြင့် ဤလိုဏ်ဂူထဲ၌ နေရာတစ်နေရာ မည်သို့များ ရနိုင်ပါမည်နည်း။ သို့သော်ငြား သူတို့၏တိုက်ခိုက်မှုများမှာ ယင်ဝိဉာဉ်များအပေါ် အကျိုးသက်ရောက်မှု သိပ်မရှိလှ။ သူတို့၏တိုက်ကွက်များဖြင့် ထိမှန်ခြင်းခံလိုက်ရသည့်တိုင် မည်သည့်ယင်ဝိဉာဉ်မှ သေဆုံးသွားခြင်းမရှိခဲ့ပေ။

“ငါ့လခွမ်း… ဒီကောင်တွေအကုန်လုံးက တစ္ဆေဗိုလ်ချုပ်အဆင့်မှာကွ…” တစ်ယောက်ယောက်က ဖြူဖတ်ဖြူလျော်မျက်နှာဖြင့် အလန့်တကြား ထအော်လေသည်။

ယင်ဝိဉာဉ်များကို အဆင့်အမျိုးမျိုး ခွဲထားကြသည်။ သာမန်ယင်ဝိဉာဉ်များမှစ၍ တစ္ဆေဗိုလ်ချုပ်၊ တစ္ဆေအရှင်သခင်နှင့် တစ္ဆေဘုရင်များ ဟူ၍ပင်။ သာမန်တစ္ဆေများမှာ အလွန်တရာကိုမှ အားနည်းလေရာ လူအိုကြီးပန်ကဲ့သို့သော လူမျိုးသည်ပင်လျှင် ထိုသာမန်တစ္ဆေများကို အလွယ်တကူ ရှင်းပစ်နိုင်ပေသည်။ သို့သော်ငြား တစ္ဆေဗိုလ်ချုပ် သို့မဟုတ် တစ္ဆေအရှင်သခင်များ ပေါ်လာမည်ဆိုလျှင်တော့ လူအိုကြီးပန်လည်း ဘာမှ လုပ်နိုင်တော့လိမ့်မည် မဟုတ်ချေ။ သူတို့ အစောပိုင်းက ရင်ဆိုင်ကြုံတွေ့ခဲ့ရသော တစ္ဆေဘုရင်မှာမူ ဤလျှိုမြောင်ကို ကြီးစိုးနေသည့် အရှင်သခင်တစ်ပါး ဖြစ်ပေသည်။ ဧကရာဇ်အဆင့် ပညာရှင်များသည်ပင်လျှင် ထိုတစ္ဆေဘုရင်အား အထင်မသေးရဲကြချေ။

တစ္ဆေဘုရင်နှင့် တွေ့စဉ်က လူအိုကြီးပန်နှင့် ကျန်းရို့ရှီတို့မှာ မည်သို့မှ မခုခံနိုင်ခဲ့ကြချေ။ ရန်ကိုင်၏ကျေးဇူးကြောင့်သာလျှင် တစ္ဆေဘုရင်လက်မှ အသက်ရှင်လျက် လွတ်မြောက်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။

ထို့အတွက်ကြောင့် ယခုပေါ်လာသည့် ယင်ဝိဉာဉ်များမှာ တစ္ဆေဗိုလ်ချုပ်အဆင့်တွင်ရှိနေကြောင်း ကြားသိလိုက်ရသည့်နောက်တွင် လိုဏ်ဂူထဲတွင်ရှိနေသည့် ကျင့်ကြံသူများ၏ အမူအယာများ အပြောင်းလဲကြီး ပြောင်းလဲသွားကုန်ကြလေ၏။ သူတို့တိုက်ခိုက်မှုများမှာ တစ္ဆေဗိုလ်ချုပ်များအပေါ်သို့ ကျသွားခဲ့ပါသော်ငြား ဆိုးဆိုးရွားရွား ဒဏ်ရာများကို ရသွားစေခြင်း မရှိဘဲ ထို့အစား ပြေးဝင်လာနေသည့် တစ္ဆေဗိုလ်ချုပ်များကို နောက်သို့ အနည်းငယ် ပြန်ဆုတ်သွားရုံသာ လုပ်နိုင်ခဲ့လေသည်။

မည်သို့ပင် ဖြစ်နေစေကာမူ လိုဏ်ဂူထဲတွင်ရှိနေသည့် မည်သူမျှ သာမန်ညောင်ညများ မဟုတ်ကြချေ။ သူတို့အားလုံးသည် ယင်ဝိဉာဉ်များအား မည်ကဲ့သို့ ကိုင်တွယ်ရမလဲဆိုသည်ကို ကောင်းကောင်း သိထားကြပေသည်။ လိုဏ်ဂူဝင်ပေါက်နားတွင် အလေးအနက်အမူအယာဖြင့် ရပ်နေပြီးသည့်နောက်တွင် အကုန်လုံးသည် စိတ်စွမ်းအင်တိုက်ကွက်အသီးသီးကို ထုတ်သုံးကာ တိုက်ခိုက်ကြတော့လေသည်။

သူတို့၏တိုက်ခိုက်မှုများနှင့် ထိမှန်ခြင်း ခံလိုက်ရပြီးသည့်နောက်တွင် တစ္ဆေဗိုလ်ချုပ်အများစုမှာ နာကျင်စွာအော်ဟစ်ရင်း တမုဟုတ်ချည်း ရှင်းပစ်ခံလိုက်ရလေသည်။ အသက်ရှင်ကျန်ရစ်နေသည့် တစ္ဆေဗိုလ်ချုပ်များပင်လျှင် ၎င်းတို့၏ခန္ဓာကိုယ်အရောင်အဝါမှာ သိသိသာသာကို မှိန်ကျသွားခဲ့လေ၏။ သို့သော်ငြား နာကျင်မှုကို မခံစားရသည့်အတွက်ကြောင့် ထိုတစ္ဆေဗိုလ်ချုပ်များမှာ စူးဝါးစွာ ဟိန်းဟောက်ရင်း ဆက်လက်၍ ပြေးဝင်တိုက်ခိုက်လာကြလေ၏။

နောက်ထပ်စိတ်စွမ်းအင်လှိုင်းတစ်လှိုင်း ထပ်မံထွက်ပေါ်လာပြီးသည့်နောက်တွင် အသက်ရှင်ကျန်ရစ်နေသည့် တစ္ဆေဗိုလ်ချုပ်အားလုံး အပြတ်ရှင်းပစ်ခံလိုက်ရတော့လေသည်။

ထိုအချင်းအရာကို မြင်လိုက်သည့်အခါမှသာ လိုဏ်ဂူဝင်ပေါက်နားတွင်ရှိနေသည့် ကျင့်ကြံသူအားလုံး စိတ်သက်သာရာ ရသွားကြတော့လေ၏။ တစ္ဆေဗိုလ်ချုပ်များကို သူတို့မကြောက်ပါသော်ငြား လက်ရှိအချိန်တွင် အာကာသလေပြင်းဒဏ်မှ ရှောင်နေသည့်အတွက်ကြောင့် မလိုလားအပ်သော ပြဿနာများနှင့် မရင်ဆိုင်ချင်ပေ။ ကံကောင်းစွာဖြင့် ပေါ်လာသည့် တစ္ဆေဗိုလ်ချုပ်များမှာ အရေအတွက် အနည်းငယ်သာ ရှိသည့်အတွက်‌ကြောင့် သူတို့၏ပူးပေါင်းအားဖြင့် ရှင်းပစ်နိုင်ခဲ့ပေသည်။

“ထပ်ရှိသေးတယ်…” ရန်ကိုင့်၏အမူအယာ ရုတ်တရက် လေးနက်တည်ကြည်သွားခဲ့ပြီး သတိပေးလိုက်လေ၏။

“ဘာ…” ဝင်ပေါက်နားတွင်ရှိနေသော ကျင့်ကြံသူများ၏အမူအယာ ထပ်မံပြောင်းလဲသွားကြပြန်လေသည်။ သို့သော်ငြား သူတို့ဘာမှ မမေးနိုင်သေးခင်မှာပင် ရန်ကိုင်ပြောချင်နေသည့်အရာကို နားလည်လိုက်လေ၏။

ထူးဆန်းသောမြူခိုးထုထဲဆီမှ နောက်ထပ် တစ္ဆေဗိုလ်ချုပ်တစ်အုပ် ထပ်မံထွက်ပေါ်လာခဲ့လေသည်။

“ရွှစ် ရွှစ် ရွှစ်…”

ပိုမိုများပြားသော ယင်ဝိဉာဉ်များ ယခုတစ်ကြိမ်၌ ထွက်ပေါ်လာကြလေသည်။ ဤတစ်သုတ်တွင် အဆင့်အမျိုးမျိုးရှိသော ယင်ဝိဉာဉ်များ ပါဝင်နေကြလေ၏။ အချို့ယင်ဝိဉာဉ်များမှာ သာမန်တစ္ဆေများသာဖြစ်ကြပြီး အချို့မှာတော့ တစ္ဆေဗိုလ်ချုပ်များဖြစ်ကြကာ အနည်းအကျဉ်းမှာတော့ တစ္ဆေအရှင်သခင်များ ဖြစ်ကြပေသည်။

မျက်တောင်တစ်ခတ်အတွင်း လိုဏ်ဂူတစ်ခုလုံး ယင်ဝိဉာဉ်များ၏ ဝိုင်းရံခြင်း ခံလိုက်ရလေသည်။ လိုဏ်ဂူထဲတွင်ရှိနေသည့် ကျင့်ကြံသူများမှာ သူတို့အား ဘက်ပေါင်းစုံမှ ဝိုင်းရံထားသည့် ယင်ဝိဉာဉ်များကိုကြည့်ရင်း ငရဲခန်းထဲသို့ ရောက်သွားသလို ခံစားလိုက်ရလေသည်။

“ဂလု…”

ထိုယင်ဝိဉာဉ်များကိုကြည့်ရင်း လူအချို့မှာ တံတွေးတစ်လုပ်စီ မျိုချမိလိုက်ကြသည်။

“ဘယ်လိုလုပ်ပြီး ဒီလိုတွေ ဖြစ်လာရတာလဲ…”

“အာကာသလေပြင်း တိုက်ခတ်နေတာမဟုတ်ဘူးလား… ဘာဖြစ်လို့ ယင်ဝိဉာဉ်တွေက ထွက်လာရတာလဲ…”

“ဒီမှာ ဘာတွေဖြစ်နေတာလဲကွာ…”

“မင်း စောက်ပါးစပ်ကိုပိတ်ပြီး အဲ့ကောင်တွေကို မြန်မြန်သတ်ပေတော့… မဟုတ်ရင် အကုန်ကြွသွားလိမ့်မယ်…”

ယခုလေးတင် စိတ်အေးသွားခဲ့ရသော ကျင့်ကြံသူများမှာ နောက်တစ်ကြိမ် စိတ်ပူလာရတော့လေ၏။ အကုန်လုံးမှာ ယင်ဝိဉာဉ်များကိုကြည့်ရင်း တုံ့ဆိုင်းတွေဝေနေကြစဉ် ယင်ဝိဉာဉ်များမှာတော့ သူတို့ဆီသို့ ပြေးဝင်တိုက်ခိုက်လာနေကြလေပြီ။

ထို့အတွက်ကြောင့် လိုဏ်ဂူဝင်ပေါက်နားတွင် ရှိနေသော ကျင့်ကြံသူများမှာလည်း သူတို့၏ စိတ်စွမ်းအင်နှင့် အရင်းအမြစ်ချီကို လှည့်ပတ်လျက် ရူးသွပ်စွာ ပြေးဝင်လာနေသော ယင်ဝိဉာဉ်များကို ပြန်လည်၍ သတ်ဖြတ်ရတော့လေ၏။

စူးရှစွာ အော်မြည်သံများနှင့်အတူ ယင်ဝိဉာဉ်များ တစ်ကောင်ပြီးတစ်ကောင် ပျောက်ကွယ်ကုန်ကြလေသည်။ သို့သော်ငြား ယင်ဝိဉာဉ်များမှာ အကန့်အသတ်မရှိသည့်ပုံပင်။ ဝင်ပေါက်တွင် ရှိနေသော ကျင့်ကြံသူများမှာ အချိန်အတန်ကြာအောင် တိုက်ခိုက်နေခဲ့သလို ထိုအချိန်အတောအတွင်း ယင်ဝိဉာဉ်ပေါင်းများစွာကို ရှင်းပစ်နိုင်ခဲ့ပါသော်ငြား ယင်ဝိဉာဉ်အရေအတွက်မှာတော့ လျော့ကျသွားခဲ့ခြင်းမရှိဘဲ ပိုပို၍ပင် တိုးလာနေခဲ့သေးသည်။

ထိုအဖြစ်အပျက်ကြောင့် လိုဏ်ဂူထဲတွင်ရှိနေသည့် ကျင့်ကြံသူများမှာ စတင်၍ တုန်လှုပ်ခြောက်ခြားရတော့လေသည်။

ယင်ဝိဉာဉ်များကို စိတ်စွမ်းအင်ဖြင့် ရှင်းပစ်၍ရပါသော်ငြား စိတ်စွမ်းအင်သည် မကုန်ခမ်းနိုင်သည့် အရာတစ်ခု မဟုတ်ချေ။ တစ်ကြိမ် တိုက်ခိုက်လိုက်တိုင်း တိုက်ခိုက်လိုက်တိုင်း စိတ်စွမ်းအင်များစွာကို သုံးစွဲရသည်။ စိတ်စွမ်းအင်ကုန်သွားပြီဆိုသည်နှင့် သူတို့သည် သေရမည်ကို ထိုင်စောင့်နေရမည့်လူများ ဖြစ်သွားကြပေလိမ့်မည်။

ထို့အပြင် စိတ်စွမ်းအင်အား အလွန်အကျွံ သုံးစွဲခြင်းသည် မိမိ၏ဝိဉာဉ်ကို ထိခိုက်စေနိုင်ပေသည်။ မည်သည့်ကျင့်ကြံသူမှ ထိုကဲ့သို့ မဖြစ်ချင်ကြချေ။

လက်ဖက်ရည်တစ်ခွက်စာခန့် ကြာပြီးသည့်နောက်တွင် ဝင်ပေါက်ဝတွင်ရှိနေသော ကျင့်ကြံသူများ၏မျက်နှာမှာ ဖြူဖတ်ဖြူလျော် ဖြစ်ကုန်ကြပြီး တစ်ကိုယ်လုံးမှာလည်း ချွေးများဖြင့် စိုရွှဲနေတော့လေသည်။

“အနောက်မှာရှိနေတဲ့ ရောင်းရင်းတို့… ငါတို့ကို မကူညီပေးတော့ဘူးလား… ငါတို့ ဆက်ပြီး မထိန်းထားနိုင်တော့ဘူး…”

“ဟုတ်တယ်… ငါတို့ကို မြန်မြန်လာကူပေးပါဦး… ငါတို့သေသွားလို့ရှိရင် ယင်ဝိဉာဉ်တွေကို ရင်ဆိုင်ရမဲ့လူက မင်းတို့တွေဖြစ်သွားမှာနော်… မင်းတို့ အနောက်မှာပဲ တစ်သက်လုံး ပုန်းနေလို့မရဘူး…”

“တစ်ယောက်ယောက် ငါ့နေရာကို ခဏလောက်အစားဝင်ပေးလို့ရမလား… ငါတစ်ချက်လောက်နားချင်လို့… ငါ့စိတ်စွမ်းအင် ကုန်ခါနီးဖြစ်နေပြီ… ကူညီပေးမယ်ဆို တကယ်ကို ကျေးဇူးတင်မှာပါကွာ…”

လိုဏ်ဂူအနောက်ဘက်ခြမ်းတွင်ရှိနေသော ကျင့်ကြံသူများမှာလည်း မျက်နှာမကောင်းကြ။ ဝင်ပေါက်နားတွင်ရှိနေသော ကျင့်ကြံသူများပြောသည်မှာ အမှန်မှန်း သူတို့သိကြပါသော်ငြား မည်သူကများ သူတို့နေရာအား အစားယူ၍ ယင်ဝိဉာဉ်များကို တိုက်ခိုက်ချင်ပါမည်နည်း။ သူတို့သာ ရှေ့ထွက်ပြီး သွားတိုက်ခိုက်၍ စိတ်စွမ်းအင်ကုန်ဆုံးသွားခဲ့မည်ဆိုလျှင် မည်သို့များ ဖြစ်သွားလေမည်နည်း။ သေခြင်းတရားသည်ကသာ သူတို့အား စောင့်ကြိုနေပေလိမ့်မည်။

အရှေ့ဘက်မှလူများမှာ အော်ဟစ်၍ အကူအညီတောင်းခံနေကြပါသော်ငြား နောက်ဘက်တွင်ရှိနေသည့် လူများမှာမူ တုတ်တုတ်မျှမလှုပ်။ ဝင်ကူညီဖို့ရာဆိုလျှင် ဝေလာဝေး။

“လူအိုကြီးပန်… ဒီကိစ္စကလေ…” ရန်ကိုင်သည် ရုတ်တရက် လူအိုကြီးပန်ဘက်သို့လှည့်၍ တိုးတိုးလေးမေးလိုက်လေသည်။

လူအိုကြီးပန်သည် တစ်ချက်လောက်စဉ်းစားလိုက်ရုံဖြင့်ပင်လျှင် ရန်ကိုင် ဘာပြောချင်နေသလဲ ဆိုသည်ကို နားလည်သွားခဲ့လေသည်။ “ဖြစ်နိုင်တယ်…”

ပုံမှန်အားဖြင့် ယင်ဝိဉာဉ်များသည် အာကာသလေပြင်း တိုက်ခတ်နေစဉ်အတောအတွင်း ပေါ်လာလေ့မရှိကြချေ။ သို့သော်ငြား လက်ရှိအခြေအနေမှာ အတော်လေးထူးဆန်းနေလေ၏။ ထို့အပြင် ယင်ဝိဉာဉ်များ လှုပ်ရှားနေသည့်ပုံစံကို ကြည့်ရသလောက် ယင်ဝိဉာဉ်များသည် သူတို့လိုဏ်ဂူကိုသာ ပစ်မှတ်ထားနေသည့်ပုံပင်။ ထိုအချင်းအရာကို ထောက်ရှုကြည့်မည်ဆိုပါက ယင်ဝိဉာဉ်များသည် ဤလိုဏ်ဂူထဲတွင်ရှိနေသော လူတစ်ဦးတစ်ယောက်အပေါ်တွင် ရန်ငြှိုးရှိနေသည်မှာ သေချာသလောက် ရှိပေသည်။

ထိုကဲ့သို့ စဉ်းစားမိလိုက်သည့်နောက်တွင် ရန်ကိုင်သည် တစ္ဆေဘုရင်ကို ပြန်သတိရသွားခဲ့လေသည်။

တစ္ဆေဘုရင်သည် ရန်ကိုင့်လက်ချက်ကြောင့် ဒဏ်ရာရသွားခဲ့သဖြင့် သူ့အပေါ် အခဲမကြေခြင်း ဖြစ်လောက်သည်။ တစ္ဆေဘုရင်သည် ရန်ကိုင့်အား ထိပ်တိုက် မရင်ဆိုင်ရဲသည့်အတွက်‌ကြောင့် လမ်းကြောင်းထဲတွင်ရှိနေသော ယင်ဝိဉာဉ်များကို ထိန်းချုပ်စေခိုင်း၍ ရန်ကိုင့်၏ခွန်အားကို လျှော့ချလိုနေခြင်း ဖြစ်လောက်ပေသည်။

သို့သော်ငြား အမှန်တရားကိုသိနေသည့်တိုင် ရန်ကိုင့်မှာ ဤအဖြစ်အပျက်မှ ရုန်းထွက်နိုင်မည့်အခွင့်အရေး ရှိမနေခဲ့ပေ။ ယင်ဝိဉာဉ်များသာ ဤအတိုင်း ဆက်တိုက်ခိုက်နေမည်ဆိုပါက ထိုအကောင်များသည် အနှေးနှင့်အမြန်ဆိုသလို သူ့အနားသို့ ရောက်လာပေလိမ့်မည်။

တကယ့်တကယ်တွင် ယနေ့ကိစ္စသည် ရန်ကိုင်တို့ကြောင့်သာ ဖြစ်လာခြင်းဖြစ်ပြီး အခြားသူများနှင့် ဘာမှမဆိုင်ချေ။ ထိုလူများမှာ ရန်ကိုင့်ကြောင့်သာ ဤအရှုပ်အထွေးထဲသို့ ဆွဲခေါ်ခံလိုက်ရခြင်းဖြစ်ပေသည်။

ရန်ကိုင်နှင့် လူအိုကြီးပန်တို့ တိုးတိုးတိတ်တိတ် တီးတိုး ဆွေးနွေးနေကြစဉ် လိုဏ်ဂူအတွင်းပိုင်းထဲတွင်ရှိနေသော လူတစ်ဦးက ရုတ်တရက်ရပ်၍ အော်ပြောလိုက်လေသည်။ “အကုန်လုံး… အခုလိုအခြေအနေမျိုးမှာ ငါတို့ အသက်ရှင်ချင်တယ်ဆိုလို့ရှိရင် အတူတူ ပူးပေါင်းဖို့ လိုလိမ့်မယ်…”

“ဟုတ်တယ်… ငါတို့ အတူတူ ပူးပေါင်းဖို့လိုလိမ့်မယ်… ရောင်းရင်း မင်းတော်တယ်ကွာ… မြန်မြန် ငါတို့ကို လာကူညီပေးပါဦး… မင်းသာ လာကူညီပေးမယ်ဆိုလို့ရှိရင် ဒီကိစ္စပြီးသွားတာနဲ့ ငါမင်းကို အရင်းအမြစ်ကျောက် သန်းနှစ်ဆယ်နဲ့ ကျေးဇူးဆပ်မယ်ကွာ…” တာအိုသခင် တတိယအဆင့်ကျင့်ကြံသူတစ်ဦးက အလျင်စလို ပြောလိုက်လေသည်။ သူ့မျက်နှာမှာ ဖြူဖတ်ဖြူလျော်ဖြစ်နေ၏။ ဤအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် သူ့အနေဖြင့် ဆက်၍ မတောင့်ခံနိုင်တော့ချေ။

အစောပိုင်းက စကားပြောလိုက်သည့်လူသည် ထိုလူကိုကြည့်၍ ပြောလိုက်လေ၏။ “ခဏလောက်စောင့်ပါဦး… ကျုပ် အခြားလူတွေနဲ့ တစ်ချက် ဆွေးနွေးကြည့်လိုက်ပါဦးမယ်… မကြာပါဘူး…”

“ဘယ်လို… မင်း ဆက်ပြီးဆွေးနွေးနေလို့ရှိရင် ငါတို့ အကုန် သေကုန်လိမ့်မယ်ဟ…”

“ငါတို့ကတော့ ဒီမှာ အသက်ကိုရှေ့တန်းတင်ပြီး တိုက်ခိုက်နေရတာ… မင်းတို့က အထဲမှာ အငြိမ်သားနဲ့ ထိုင်နေတယ်… ငါတို့ ဒီအတိုင်းဖြစ်ခွင့်ပေးမယ်ထင်နေတာလား… မင်းတို့ လာမကူညီတော့ဘူးဆိုလို့ရှိရင် ယင်ဝိဉာဉ်တွေကို အထဲကို လွှတ်ပေးလိုက်လို့ဆိုပြီး ငါတို့ကို လာအပြစ်မတင်နဲ့နော်…”

“ဟုတ်တယ်… ငါတို့ သေရမယ်ဆိုလို့ရှိရင် မင်းတို့ကိုပါ အတူ ဆွဲခေါ်သွားပစ်မှာ…”

“ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ ရောင်းရင်းတို့… ကျုပ်ကို အသက်သုံးဆယ်ရှိုက်စာပဲ အချိန်ပေးပါ… ပြီးရင် ချက်ချင်း ပြန်ပြောပေးပါ့မယ်…” လိုဏ်ဂူအတွင်းပိုင်းထဲတွင် ရှိနေသောလူက ပြောလိုက်လေ၏။

ထိုလူ၏စကားကို ကြားလိုက်ပြီးသည့်နောက် ဝင်ပေါက်ဝတွင်ရှိနေသော ကျင့်ကြံသူများ ပါးစပ်ပိတ်သွားခဲ့ကြလေသည်။ ထိုလူ့ပုံစံမှာ ယုံရသည့်ပုံ ပေါက်ပေ၏။ ယနေ့ကိစ္စကို ထိုလူမည်ကဲ့သို့ ကိုင်တွယ်မလဲဆိုသည်ကို သူတို့သိချင်ကြပေသည်။ ထို့အပြင် ယင်ဝိဉာဉ်များအား အသက်သုံးဆယ်ရှိုက်စာခန့် ခုခံရန်မှာ သူတို့အတွက် သိပ်မခက်လှပေ။

ထိုလူများ ငြိမ်ကျသွားသည်ကိုမြင်သော် လိုဏ်ဂူအတွင်းပိုင်းထဲတွင် ရှိနေသည့်လူက လက်သီးဆုပ်၍ ပြောလိုက်လေ၏။ “ချီမိသားစုက ဟဲဖုန်း ရောင်းရင်းတို့ကို နှုတ်ဆက်ပါတယ်…”

“ချီမိသားစု…” ရန်ကိုင်ကြောင်သွားခဲ့ပြီး ဟဲဖုန်းအား လှမ်းကြည့်လိုက်လေသည်။ ရုတ်တရက်ဆိုသလို နှစ်ဦးသား အကြည့်ဆုံသွားကြလေ၏။ ဟဲဖုန်း သူ့အား ပြုံးပြနေသည်ကိုမြင်သော် ရန်ကိုင် နှာခေါင်းရှုံ့လိုက်လေ၏။ (ဒီကောင် ငါ့ကို သိနေတာလား…)

(ဟုတ်တယ်… သူသိနေတာပဲဖြစ်ရမယ်… မဟုတ်ရင် အခုလိုမျိုး ပြုံးပြမှာမဟုတ်ဘူး…)

“လက်စသတ်တော့ ရောင်းရင်းက ချီမိသားစုကကိုး… ခင်ဗျားတို့မိသားစုကို လေးစားနေတာ တော်တော်ကြာပြီ…”

ဟဲဖုန်းက သူ့နောက်ခံအား ပြောပြလိုက်သည်နှင့် တစ်ပြိုင်နက် လူပေါင်းများစွာက စကားဆိုလိုက်ကြလေသည်။ တကယ်တော့ ချီမိသားစုသည် ရှေးဟောင်းကုန်းမြေအနီးတွင် တည်ရှိနေသော အင်အားစုကြီးတစ်ခုပင် မဟုတ်လေလော။

ချီဟဲဖုန်းသည် မည်သည့်အပိုစကားမှ ပြောမနေတော့ဘဲ လိုရင်းကိုသာ တန်းပြောလိုက်လေသည်။ “ရောင်းရင်းတို့လည်း လက်ရှိအခြေအနေကို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ်… ဝင်ပေါက်မှာရှိနေတဲ့ ရောင်းရင်းတို့သာ စိတ်စွမ်းအင်ကုန်သွားမယ်ဆိုလို့ရှိရင် ယင်ဝိဉာဉ်တွေက ကျုပ်တို့ဆီ ဆက်တိုးလာတော့မှာ… အဲ့ခါကြရင် ကျုပ်တို့လည်း ဘယ်လိုမှ ရှောင်လွှဲလို့ ရတော့မှာမဟုတ်ဘူး… ဒီတိုင်းသာ ဆက်သွားနေမယ်ဆိုလို့ရှိရင် ဒီလိုဏ်ဂူထဲမှာရှိနေတဲ့ လူတစ်ဝက်လောက်ပဲ အသက်ရှင်နိုင်မှာ… အဲ့ဒါတောင် ကံကောင်းမှာ…”

“ဒါကြောင့် ရောင်းရင်းတို့ တစ်ကိုယ်ကောင်းဆန်စိတ်တွေကို ဘေးဖယ်ပြီးတော့ ရိုးရိုးသားသားနဲ့ အတူတူ ပူးပေါင်းပေးဖို့ ဒီချီ တောင်းဆိုချင်ပါတယ်… ဒါမှပဲ ကျုပ်တို့ အခုအခြေအနေကနေ အသက်ရှင်လျက် လွတ်မြောက်နိုင်မှာပါ…”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၅၄၃)

“ပြီးတော့ ဒီလိုဏ်ဂူထဲမှာ လူက ဆယ့်နှစ်ယောက်တောင်ရှိနေတာ… ဝင်‌ပေါက်က လေးယောက်လောက်ပဲ ကာတာဆိုတော့ ငါတို့ အဖွဲ့ခွဲပြီးတော့ တစ်ဖွဲ့ကို အမွှေးတိုင်တစ်ချောင်းစာလောက်ကြာအောင် စောင့်ကြရင် ပိုအဆင်ပြေသွားမယ်လို့ထင်တယ်…”

“အဲ့လိုဆိုလို့ရှိရင် အဖွဲ့တိုင်းက အနည်းဆုံး နာရီဝက်လောက် နားလို့ရတယ်… အဲ့နာရီဝက်အတွင်းတော့ ကုန်သွားတဲ့ စိတ်စွမ်းအင် အကုန်လုံးနီးပါးကို ယ်…”

“ပြီးတော့ ငါတို့လုပ်ဖို့လိုတာက ပြေးဝင်လာနေတဲ့ ယင်ဝိဉာဉ်တွေ မှန်သမျှကို ဖြစ်နိုင်ရင် အကုန်သတ်ပစ်ဖို့ပဲ… မသတ်နိုင်ရင်လည်း တားထားပေါ့… အဲ့လိုဆိုလို့ရှိရင် အာကာသလေပြင်းရပ်သွားတာနဲ့ ဒီကောင်တွေနဲ့ပတ်သက်ပြီး ဆက်ပြီး စိတ်ရှုပ်ခံနေစရာ မလိုတော့ဘူး… ချက်ချင်း ထွက်ပြေးလို့ရပြီ…”

“ဒါပေမဲ့ အဲ့လိုလုပ်နိုင်ဖို့အတွက် ငါတို့ အတူတူ ပူးပေါင်းမှရမှာ…. ပြီးတော့ တစ်ယောက်ကိုတစ်ယောက် ယုံကြည်နေဖို့လည်းလိုတယ်… အချင်းချင်း မကောင်းကြံလို့က လုံးဝမဖြစ်ဘူး…”

“ဒါကတော့ ဒီချီ ကမ်းလှမ်းချင်တာပါ… ရောင်းရင်းတို့ ဘယ်လိုထင်လဲမသိဘူး…” ထိုသို့ပြောပြီးသည့်နောက်တွင် ချီဟဲဖုန်းသည် ဘေးပတ်ဝန်းကျင်ရှိလူများကို လှည့်ပတ်ကြည့်လိုက်လေသည်။

ဝင်ပေါက်နားတွင်ရှိနေသော ကျင့်ကြံသူများမှာတော့ မည်သည့်ကန့်ကွက်စကားမှ မဆိုကြ။ တကယ်တော့ သူတို့သည် အချိန်အတော်ကြာအောင် တိုက်ခိုက်ရထားပြီးသည့်အတွက်ကြောင့် သူတို့စိတ်ထဲ နားသာ နားချင်နေတော့ပေသည်။ ချီဟဲဖုန်းမှ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ထိုလူများမှာ အားတက်သရော ထောက်ခံကြလေသည်။

လိုဏ်ဂူထဲတွင်ရှိနေသည့် ကျင့်ကြံသူများမှာ ချီဟဲဖုန်း၏ကမ်းလှမ်းချက်ကို လက်မခံချင်ပါသော်ငြား စဉ်းစားတတ်သည့်လူတိုင်း ချီဟဲဖုန်းပြောသည်မှာ အမှန်မှန်း သိနိုင်ပေသည်။ ယနေ့ ယင်ဝိဉာဉ်များလက်မှ လွတ်မြောက်လိုပါက အတူတူပူးပေါင်းရုံသာ ရှိပေသည်။

ထို့ကြောင့် တစ်ခဏတာမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင် တစ်ယောက်ယောက်က ပြောလိုက်လေသည်။ “ရောင်းရင်းချီပြောတာမှန်တယ်… ငါ သဘောတူတယ်…”

“ငါလည်း သဘောတူတယ်…”

“ဟုတ်တယ်… ငါလည်း သဘောတူတယ်…”

သို့ဖြင့် တစ်ယောက်ပြီးတစ်ယောက် သဘောတူလာခဲ့ကြရာ မကြာမီတွင် အကုန်လုံး သဘောတူသွားခဲ့ကြလေသည်။

ချီဟဲဖုန်းသည် ရန်ကိုင့်ဘက်သို့လှည့်၍ ကြည့်လာခဲ့သည်။ ထိုအခါက ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်လေ၏။ “ရောင်းရင်းချီပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့…”

ချီဟဲဖုန်း၏ အမူအယာ ရုတ်ချည်းဆိုသလို လေးနက်တည်ကြည်သွားခဲ့လေသည်။ “ဘယ်သူမှ မကန့်ကွက်ဘူးဆိုမှတော့ အဲ့အတိုင်းပဲ စကြတာပေါ့… ဒါပေမဲ့ ဒီချီ အရင်ပြောထားလိုက်မယ်… ဘယ်သူမဆို ကိုယ့်အလှည့်မှာ အမှားလုပ်လို့ မရဘူးနော်… တစ်ယောက်ယောက်သာ ကိုယ့်အလှည့်ရောက်လို့ ရေသာခိုနေမယ်ဆိုလို့ရှိရင်တော့ ဒီမှာရှိနေတဲ့ ဘယ်သူကမှ ညှာတာနေမှာမဟုတ်ဘူး…”

“ဟုတ်တယ် အဲ့လိုပဲဖြစ်သင့်တာ…”

မကြာမီ ချီဟဲဖုန်း၏ ကမ်းလှမ်းချက်အတိုင်း လက်ကျန်ရှစ်ယောက်မှာ အဖွဲ့နှစ်ဖွဲ့ ခွဲလိုက်ကြလေ၏။

ချီဟဲဖုန်းသည် ရန်ကိုင်၊ ကျန်းရို့ရှီနှင့် လူအိုကြီးပန်တို့မှာ တစ်ဖွဲ့တည်းဖြစ်ကြောင်းကို သိထားသည့်ပုံပင်။ ထို့ကြောင့် သူတို့အား လူခွဲရန် မပြောဘဲ ရန်ကိုင်တို့အဖွဲ့ထဲသို့သာ တာအိုသခင် ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦးကို ထည့်ပေးလိုက်လေ၏။

နှစ်ဖွဲ့ခွဲပြီးသည့်နောက် ချီဟဲဖုန်းသည် သူ့အဖွဲ့နှင့်အတူ ဝင်ပေါက်သို့ ထွက်သွားလေသည်။

ဝင်ပေါက်နားတွင် ရှိနေသော ကျင့်ကြံသူလေးဦးမှာ နောက်သို့ အလျင်အမြန် ပြန်ဆုတ်လာကြလေ၏။

ချီဟဲဖုန်းနှင့် သူအဖွဲ့မှ နေရာယူပြီးသွားသည်နှင့် တစ်ပြိုင်နက် ပြန်ဆုတ်လာခဲ့ကြသော ကျင့်ကြံသူများသည် ဆေးလုံးအသီးသီးကို ထုတ်သောက်၍ အားပြန်ဖြည့်ကြတော့လေသည်။ သူတို့၌ အားပြန်ဖြည့်ရန် နာရီဝက်သာ အချိန်ရှိသဖြင့် ထိုနာရီဝက်ဟူသော အချိန်ကို အကျိုးရှိရှိ အသုံးချရပေလိမ့်မည်။

ချီဟဲဖုန်းတို့အဖွဲ့မှာလည်း အတိုင်အဖောက်ညီညီ ကြိုးစားတိုက်ခိုက်မှု‌ကြောင့် မည်သည့်ယင်ဝိဉာဉ်မှ သူတို့အား ဖြတ်ကျော်လာနိုင်ခဲ့ခြင်း မရှိဘဲ ဝင်ပေါက်တွင်သာ အသတ်ခံလိုက်ကြရလေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း လက်ကျန်ကျင့်ကြံသူများမှာ ချီဟဲဖုန်းပြောသည့်အတိုင်း လုပ်လိုက်သည်မှာ မှန်ကန်ကြောင်း ပို၍ယုံကြည်လာတော့သည်။

ယနေ့အဖြစ်အပျက်မှသာ သူတို့အားလုံး အသက်ရှင်နိုင်ခဲ့မည်ဆိုပါက ချီဟဲဖုန်းသည် လူအုပ်ကြီး၏သူရဲကောင်း ဖြစ်လာပေတော့မည်။ ချီဟဲဖုန်းမှ ရှေ့ထွက်၍ ထွက်ပြောလိုက်သည့်အတွက်ကြောင့်သာ မဟုတ်လျှင် လိုဏ်ဂူထဲတွင်ရှိနေသည့် လူဆယ့်နှစ်ယောက်မှာ တစ်စစီပြန့်ကျဲနေသည့် ကျားစေ့များသာ ဖြစ်ကြပေလိမ့်မည်။

သူတို့အလှည့် ရောက်ခါနီးလာသည်ကိုမြင်သော် ရန်ကိုင်က ဖြည်းဖြည်းချင်းထရပ်၍ ပြောလိုက်လေ၏။ “လူအိုကြီးပန်… ကျုပ်နောက်မှာပုန်းပြီးတော့ လွတ်လာတဲ့အကောင်တွေကိုပဲ ရှင်းထုတ်ပစ်လိုက်…”

ထိုစကားကိုကြားသော် လူအိုကြီးပန်သည် ဘာမှပြန်မပြောခဲ့ပဲ ခေါင်းသာ ညိတ်ပြလိုက်လေ၏။

တာအိုသခင် ပထမအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည့်အတွက်ကြောင့် သူသည် ဤလိုဏ်ဂူထဲတွင် အားအနည်းဆုံးဖြစ်ပေသည်။ ထို့အပြင် အသက်လည်းကြီးနေလေ၏။ ထိုသို့ဖြစ်လေရာ လူအိုကြီးပန်သည်သာ မြောက်မြားလှစွာသော သာမန်တစ္ဆေများကို ယှဉ်ပြိုင်တိုက်ခိုက်ရမည်ဆိုပါက မည်သည့်နည်းနှင့်မျှ အသက်ရှင်နိုင်လိမ့်မည် မဟုတ်ချေ။ တစ္ဆေဗိုလ်ချုပ်များ ဆိုလျှင်တော့ ပြောနေစရာပင်မလိုတော့။

ရန်ကိုင်သည် တစ္ဆေဘုရင်နှင့်ပင်လျှင် ထိပ်တိုက်ယှဉ်ပြိုင်နိုင်လောက်အောင် အားကောင်းလွန်းသည့်အတွက်ကြောင့် တစ္ဆေဘုရင်၏ လက်အောက်ငယ်သားများဖြစ်ကြသော တစ္ဆေဗိုလ်ချုပ်၊ တစ္ဆေအရှင်သခင်များဆိုလျှင်တော့ သူ့အတွက် စာမဖွဲ့လောက်တော့ချေ။ ထို့အတွက်ကြောင့် ရန်ကိုင့်၏ ကမ်းလှမ်းချက်ကို မငြင်းပယ်ခဲ့ခြင်း ဖြစ်ပေသည်။

ခဏအတွင်း ရန်ကိုင်တို့အဖွဲ့သည် ချီဟဲဖုန်းတို့အဖွဲ့ကို အစားထိုးသွားလေ၏။

ကျန်းရို့ရှီ၏လက်ဆီမှ မျက်စိကျိန်းမတတ် အလင်းတန်းတို့ ပေါက်ကွဲထွက်လာခဲ့ပြီး သိပ်သည်းလှသည့် စိတ်စွမ်းအင်လှိုင်းများ ဖြာထွက်လာခဲ့လေသည်။ ထိုစိတ်စွမ်းအင်လှိုင်းများသည် ဓါးသွားတစ်စင်းအဖြစ်သို့ ပြောင်းလဲလျက် တိုးဝင်လာနေသော ယင်ဝိဉာဉ်အားလုံးကို သစ်ဆွေးတုံးများအလား ပိုင်းဖြတ်သွားခဲ့လေ၏။

ထိုအချင်းအရာကိုမြင်လိုက်သည့်အခါ ရန်ကိုင်တို့အဖွဲ့ထဲတွင်ရှိနေသော တာအိုသခင်ဒုတိယအဆင့် ကျင့်ကြံသူမှာ ကျန်းရို့ရှီအား အံ့ဩတကြီးဖြင့် ကြည့်လိုက်လေသည်။ ယခုမှသာလျှင် ဤမိန်းမလှလေးမှာ အလွန်ကိုမှ အားကောင်းမှန်း နားလည်သွားတော့သည်။ သူ့စိတ်ထဲ သူမအား လေးစားမိသွားသလို ကြောက်လည်းကြောက်မိသွားခဲ့လေသည်။ သို့ရာတွင် အတူတူ ပူးပေါင်းလုပ်ဆောင်နေခြင်း ဖြစ်သည့်အတွက်ကြောင့် ရေသာခို၍မရပေ။ ထို့အတွက်ကြောင့်ပင်လျှင် တာအိုသခင် ဒုတိယအဆင့် ကျင့်ကြံသူမှာလည်း အံကိုတင်းတင်းကြိတ်၍ စိတ်စွမ်းအင်ကိုထုတ်လွှတ်ကာ ပြေးဝင်လာနေသည့် ယင်ဝိဉာဉ်များကို စတင်၍ တိုက်ခိုက်တော့လေ၏။

ရန်ကိုင်၏ စွမ်းဆောင်ရည်မှာတော့ ကျန်းရို့ရှီလောက် ထူးခြားတောက်ပြောင်နေခြင်း မရှိခဲ့ပေ။ သို့သော်ငြား ရန်ကိုင်မှ သူ့စိတ်စွမ်းအင်အား ထုတ်လွှတ်လိုက်သည့်အကြိမ်တိုင်း ယင်ဝိဉာဉ်ပေါင်းများစွာ သေဆုံးခဲ့ရလေသည်။ သေဆုံးသွားသည့် ယင်ဝိဉာဉ်အများစုမှာ ထူးဆန်းသောမြူခိုးထဲတွင် ရှိနေသည့်အတွက်ကြောင့် ထိုယင်ဝိဉာဉ်များ မည်သို့ပင် အော်ဟစ်နေစေကာမူ မည်သူမျှ သတိမထားမိခဲ့ကြချေ။

တစ်ခါတစ်ရံ ရန်ကိုင်သည် ယင်ဝိဉာဉ်တစ်ကောင်နှစ်ကောင် လွှတ်ပေးပြီး လူအိုကြီးပန်အား ရင်ဆိုင်စေလေသည်။

လူအိုကြီးပန်အား ဤကဲ့သို့ ရင်ဆိုင်စေရခြင်းမှာ လူအိုကြီးပန်၏မာန ထိခိုက်သွားမည်စိုးသည့်အတွက်ကြောင့်မဟုတ်။ အဖွဲ့ထဲတွင်ရှိနေသည့် ကျန်သည့်လူအားလုံးမှာ ပင်ပင်ပန်းပန်း ကြိုးကြိုးစားစားဖြင့် တိုက်ခိုက်နေကြလေရာ လူအိုကြီးပန်အနေဖြင့် နောက်တွင်သာပုန်းနေပြီး ဘာမှမလုပ်ဘဲ နေနေမည်ဆိုလျှင် မသင့်တော်ရာရောက်ပေလိမ့်မည်။ ထို့အပြင် လူအိုကြီးပန်အဖို့ သာမန်တစ္ဆေ တစ်ကောင်နှစ်ကောင်လောက်ကို ရင်ဆိုင်ရသည်မှာ ပြဿနာမရှိချေ။

ရန်ကိုင်မှ အပေါက်ဝကို ဦးစီးလိုက်သည်နှင့် တစ်ပြိုင်နက် အခြေအနေမှာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့တော့လေသည်။

ယခင်က အဖွဲ့နှစ်ဖွဲ့ လိုဏ်ဂူဝင်ပေါက်ဝကို စောင့်ကြပ်စဉ်က ဝင်ပေါက်ဝတွင်ရှိနေသော ယင်ဝိဉာဉ်များမှာ မနည်းမနောပင်။ ထို့အပြင် သူတို့ဘက်မှ ယင်ဝိဉာဉ်များကို သတ်လိုက်သည့်အကြိမ်တိုင်း ပိုပို၍များပြားသော ယင်ဝိဉာဉ်များ ပေါ်လာလေ့ရှိကြသည်။

သို့သော်ငြား ကျန်းရို့ရှီမှ တိုးဝင်လာနေသည့် ယင်ဝိဉာဉ်မှန်သမျှအား သတ်ပစ်နေသလို ရန်ကိုင်ကိုယ်တိုင်ကလည်း မြူခိုးထဲတွင်ရှိနေသော ယင်ဝိဉာဉ်များကို သတ်ဖြတ်ပစ်နေသည့်အတွက်ကြောင့် ဝင်ပေါက်ဝရှိအခြေအနေမှာ ယခင်ကနှင့်စာလျှင် သိပ်၍ မဆိုးတော့ချေ။

ယင်ဝိဉာဉ်အရေအတွက်မှာလည်း သိသိသာသာကို လျော့ကျသွားခဲ့လေရာ မသိလျှင် ယင်ဝိဉာဉ်များ ဆက်၍ မလာတော့သလားဟုပင် ထင်သွားရနိုင်ပေသည်။

ထိုအချင်းအရာကိုမြင်လိုက်သော် လိုဏ်ဂူထဲတွင် နားနေကြသော ကျင့်ကြံသူရှစ်ဦးမှာ မျှော်လင့်ချက်လင်းရောင်ခြည်ကို မြင်လိုက်ရသည့်အလား မျက်လုံးများ တဖျတ်ဖျတ် တောက်ပလာခဲ့ကြလေသည်။

နောက်ထပ် အမွှေးတိုင်တစ်ချောင်းစာခန့် ကြာပြီးသည့်နောက်တွင် ရန်ကိုင်မှ ဘာမှမပြောရသေးပါသော်ငြား ပထမဦးဆုံးအဖွဲ့သည် ရှေ့တက်လာပြီး ရန်ကိုင်တို့နေရာကို ပြန်အစားဝင်လေသည်။

ယခုအချိန်တွင်မူ မည်သူမှ ကိုယ့်အကျိုးအမြတ်အတွက် မတွေးနေကြတော့ချေ။ ယနေ့အဖြစ်အပျက်မှ အသက်ရှင်လျက် လွတ်မြောက်လိုပါက အတူတကွ ပူးပေါင်းလုပ်ဆောင်ရမည်မှန်း လူတိုင်း သိထားကြပေသည်။

သို့သော်ငြား ပထမအဖွဲ့မှ နေရာဝင်ယူလိုက်သည်နှင့် တစ်ပြိုင်နက် လျော့ကျသွားသယောင် ထင်မှတ်ရသော ယင်ဝိဉာဉ်အရေအတွက်မှာ ရုတ်ချည်းဆိုသလို ပိုမိုတိုးပွားလာကြောင်း တွေ့ရှိလိုက်ရလေသည်။

ဤသို့ဖြင့် လိုဏ်ဂူထဲတွင်ရှိနေသည့် လူဆယ့်နှစ်ဦးမှာ အလှည့်ကျဖြင့် လိုဏ်ဂူဝင်ပေါက်ကို စောင့်ကြပ်နေတော့လေ၏။

တစ်ရက်ကြာပြီးသည့်နောက် အကုန်လုံး၏အမူအယာမှာ တဖြည်းဖြည်းနှင့် လေးနက်တည်ကြည်လာတော့လေသည်။ အကြောင်းမှာ တစ်ရက်တိုင်တိုင် ကြာသွားပြီးသည့်တိုင် ယင်ဝိဉာဉ်များမှာ ပြန်ဆုတ်သွားမည့် အရိပ်အယောင်မပြဘဲ သူတို့လိုဏ်ဂူအား ဆက်လက်၍ တိုက်ခိုက်လာနေသည့် အတွက်ကြောင့်ပင်။

ယခုအချိန်ဆိုလျှင် ကျင့်ကြံသူအများစုမှာ ဒဏ်ရာပင် ရနေကြလေပြီ။ မည်သူမျှ သေကွင်းသေကွက်ဒဏ်ရာများကို ရမထားကြပါသော်ငြား ဒဏ်ရာများကိုမကုဘဲ ဤအတိုင်းထားလိုက်မည်ဆိုပါက အနှေးနှင့်အမြန်ဆိုသလို ပြဿနာတက်လာနိုင်ပေသည်။

ရန်ကိုင်တို့အဖွဲ့သည်သာ ရန်ကိုင့်၏ တိတ်တဆိတ်ကာကွယ်ပေးမှုကြောင့် အကောင်းအတိုင်း ရှိနေကြပေသည်။

သူတို့ရထားသည့် ဒဏ်ရာများ၏ အဓိကအကြောင်းအရင်းမှာ စိတ်စွမ်းအင်အား အလွန်အကျွံသုံးစွဲနေရသလို တောက်လျှောက်လည်း သုံးစွဲနေရသည့်အတွက်ကြောင့်ပင်။ စိတ်စွမ်းအင်များကို ပြန်လည်ဖြည့်တင်းရန် အချိန်ရပါသော်ငြား စိတ်စွမ်းအင်များကို အလွန်အကျွံ အသုံးပြုရသည့်အတွက်ကြောင့် မူးဝေလာသည့်ခံစားချက်ကိုမူ ပယ်ဖျောက်၍ ရလိမ့်မည်မဟုတ်ချေ။

ထို့အပြင် ပို၍ဆိုးသည့်အချက်မှာ သူတို့တွင် စိတ်စွမ်းအင်ကို ပြန်လည်အားဖြည့်ပေးနိုင်သည့် ဆေးလုံးများ တဖြည်းဖြည်း ကုန်ခမ်းလာခြင်းပင်လျှင်။

ဆေးလုံးများ ကုန်သွားမည်ဆိုပါက သူတို့၏စိတ်စွမ်းအင်အား အချိန်တိုအတွင်း မည်သို့မှ ပြန်လည်ဖြည့်တင်းနိုင်တော့လိမ့်မည်မဟုတ်ချေ။ ထိုအချိန်သို့ရောက်သည့်တိုင် အာကာသလေပြင်းမှာလည်း ရပ်တန့်သွားခြင်းမရှိသေးပါက သေခြင်းတရားသည်ကသာ သူတို့အား စောင့်ကြိုနေတော့ပေလိမ့်မည်။

ချီဟဲဖုန်းမှာ သူ့တွင်ရှိနေသော ဆေးလုံးများကို ဝေငှပေးခဲ့ပါသော်ငြား သူပိုင်ဆိုင်ထားသည်မှာ ရေပုံးထဲရှိ ရေတစ်စက်စာမျှလောက်သာဖြစ်သဖြင့် အရမ်းကြီး အကျိုးမထူးခဲ့ပေ။

နေ့တစ်ဝက်ခန့် ကြာပြီးသည့်နောက် အခြေအနေမှာ ပို၍ဆိုးရွားလာတော့လေသည်။

လိုဏ်ဂူထဲရှိ လူများမှာ မျက်နှာမကောင်းကြတော့။ အကုန်လုံးမှာ ဂူဝင်ပေါက်ကို စောင့်ကြပ်နေရချိန် ဒေါမာန်တကြီးဖြင့် ယင်ဝိဉာဉ်များအား အရူးအမူး တိုက်ခိုက်နေကြလေသည်။

ချီဟဲဖုန်းမှာလည်း မျက်မှောင်ကြုတ်နေလေသည်။ သို့သော်ငြား လက်ရှိပြဿနာကို ဖြေရှင်းပေးနိုင်မည့်အဖြေ သူ့တွင် ရှိမနေခဲ့ချေ။

နောက်ဆုံးတွင် ချီဟဲဖုန်းသည် ကူကယ်ရာမဲ့စွာဖြင့် ရန်ကိုင့်ဆီသို့ လှမ်းကြည့်လာလိုက်လေသည်။

ချီဟဲဖုန်း သူ့ဘက်သို့ လှည့်ကြည့်လာသည်ကိုမြင်သော် ရန်ကိုင်သည် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ သူ့စိတ်ထဲ မကျေမနပ်ဖြစ်မိပါသော်ငြား လက်ရှိအခြေအနေမှာ သူဝင်မပါ၍ မဖြစ်သည့် အခြေအနေသို့ ရောက်လာပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်လည်း ဆက်၍ ငြိမ်မနေတော့ဘဲ လူအိုကြီးပန်နှင့် ကျန်းရို့ရှီတို့အား အထဲတွင်သာ ထိုင်နေရန် ပြောပြီးသည့်နောက် ဝင်ပေါက်ဝဆီသို့ လျှောက်သွားလိုက်လေသည်။

လူများသည် ရန်ကိုင် ဘာလုပ်ချင်လို့ လုပ်ချင်နေမှန်း မသိသည့်အတွက်ကြောင့် သူ့အား စိတ်ဝင်တစားဖြင့် ကြည့်လာကြလေ၏။

ဂူပေါက်ဝသို့အရောက်တွင် ရန်ကိုင်သည် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလျက် အနန္တဓါးကို ထုတ်ယူလိုက်လေသည်။ သူ၏အရှိန်အဝါမှာလည်း ရုတ်ချည်းဆိုသလို ပေါက်ကွဲထွက်လာခဲ့လေ၏။

“ဘုန်း…”

လိုဏ်ဂူတစ်ခုလုံး သိမ့်သိမ့်တုန်ခါသွားခဲ့သည်။

“ဒါက…”

“ဧကရာဇ်အဆင့် ပညာရှင်…”

“ငါတို့ထဲမှာ ဧကရာဇ်အဆင့် ပညာရှင်တစ်ယောက် ရှိနေတာလား…”

လူတိုင်းသည် ရန်ကိုင့်အား ဝိုင်းအုံ၍ စိုက်ကြည့်လာကြလေသည်။

ရန်ကိုင်သည် ထူးကဲသော စွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသခဲ့ပါသော်ငြား သူ့စွမ်းအားကိုအကုန်အစင်ကို ထုတ်သုံး၍ ယင်ဝိဉာဉ်များအား မတိုက်ခိုက်ခဲ့ချေ။ ထို့အပြင် အခြားသောကျင့်ကြံသူများမှာ ကိုယ့်အရေးကိုယ်သာ ဂရုစိုက်နေရသည့်အတွက်ကြောင့် ရန်ကိုင့်အပေါ် ဂရုစိုက်နေရန် အချိန်မရှိချေ။ ထို့အတွက်ကြောင့်ပင်လျှင် ရန်ကိုင့်၏ကျင့်ကြံခြင်းနှင့်ပတ်သက်၍ တစ်ခုခု ထူးခြားနေသည်ကို မမြင်နိုင်ခဲ့။ ယခုမှသာလျှင် ရန်ကိုင်သည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေမှန်း သိသွားခြင်း ဖြစ်လေသည်။

အံ့ဩစရာမဟုတ်တော့ချေ။ ရန်ကိုင့်အဖွဲ့ထဲတွင်ရှိနေသော ကျင့်ကြံသူသုံးဦး အကောင်းအတိုင်း ရှိနေခြင်းမှာ အထူးအဆန်းမဟုတ်တော့။ သူတို့အလှည့်တိုင်း ယင်ဝိဉာဉ်များ ပို၍ကျဲပါးသွားသည်မှာလည်း အထူးအဆန်းမဟုတ်တော့။ ဘာကြောင့် ထိုကဲ့သို့ဖြစ်ရသလဲဆိုသည်ကို ယခု သူတို့ နားလည်သွားခဲ့လေပြီ။

“ဟား ဟား ဟား… ငါတို့ အသက်ရှင်ပြီကွ… ငါတို့အသက်ရှင်ပြီ….”

“ငါ့လခွမ်းကွာ… ဒီနေ့ ဒီမှာ သေရတော့မယ်လို့ တွေးနေတာ… ကြည့်ရတာ ကောင်းကင်က ငါ့ကို ပစ်ပယ်မထားဘူးပဲ…”

“ဆရာ… ကျေးဇူးပြုပြီး အဲ့ယင်ဝိဉာဉ်တွေကို ကောင်းကောင်း သင်ခန်းစာပေးလိုက်ပါဆရာ…”

လက်ရှိအချိန်တွင် လူတိုင်းမှာ ရန်ကိုင့်အား အော်ဟစ်အားပေး၍ ထောက်ခံနေကြလေသည်။ ရန်ကိုင်သာ ဝင်ပေါက်အား စောင့်ကြပ်နေမည်ဆိုပါက မည်သည့်ယင်ဝိဉာဉ်မျှ ရှေ့သို့တိုးလာနိုင်မည်မဟုတ်ဟု ယုံကြည်နေကြသည့်ပုံပင်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၅၄၄)

ချီဟဲဖုန်းက အလေးအနက်အမူအယာဖြင့် ပြောလိုက်လေသည်။ “ကျေးဇူးအများကြီးတင်ပါတယ်ဆရာ…”

လက်ရှိအချိန်တွင် ရန်ကိုင်သည် အကုန်လုံး၏ အသက်ကယ်ကျေးဇူးရှင် ဖြစ်လာခဲ့လေပြီ။ ရန်ကိုင့်ကြောင့်သာမဟုတ်လျှင် မည်သူမျှ ဤယင်ဝိဉာဉ်များကို ဆက်၍ ထိန်းထားနိုင်တော့လိမ့်မည်မဟုတ်ချေ။ ထို့အတွက်‌ကြောင့် ချီဟဲဖုန်းမှ ရန်ကိုင့်အား ကျေးဇူးတင်လိုက်ရခြင်း ဖြစ်ပေသည်။

“မင်းတို့ နောက်ကိုသွားပေတော့…” ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် လိုဏ်ဂူဝင်ပေါက်ဝတွင် ပေါ်လာခဲ့လေ၏။

ဝင်ပေါက်ဝကိုစောင့်ကြပ်နေသည့် ကျင့်ကြံသူလေးဦးမှာလည်း စကားတစ်ခွန်းမှပြောမနေဘဲ နောက်သို့ ချက်ချင်းဆုတ်သွားကြလေသည်။

ထိုလူများ နောက်သို့ ဆုတ်သွားကြသည်နှင့် တစ်ပြိုင်နက် မရေမတွက်နိုင်သော ယင်ဝိဉာဉ်များသည် စူးစူးဝါးဝါးအော်ဟစ်ရင်း ရန်ကိုင့်ဆီသို့ အရူးအမူး ပြေးဝင်လာကြလေ၏။ ထိုယင်ဝိဉာဉ်များကို ကြည့်ရင်း အကုန်လုံးမှာ ရန်ကိုင့်အတွက် ဇောချွေးပြန်နေကြရလေသည်။ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး အားကောင်းသည်မှာ မှန်ပါသော်ငြား ရန်ကိုင်သည်လည်း သူတို့ကဲ့သို့ပင် တစ်ရက်ခွဲတိုင်တိုင် ဤကဲ့သို့ တိုက်ခိုက်နေရခြင်း ဖြစ်ပေသည်။ ထို့ကြောင့် သူ့တွင်ရှိနေသော စွမ်းအားများမှာလည်း အတန်အသင့် ကုန်ဆုံးကောင်း ကုန်ဆုံးနေပေလိမ့်မည်။ ယခု ရန်ကိုင်သည် သူတို့၏ တစ်ခုတည်းသောမျှော်လင့်ချက် ဖြစ်သွားသည့်အတွက်ကြောင့် ရန်ကိုင် တစ်ခုခုဖြစ်သွားမည်ကို မည်သူမျှ မမြင်ချင်ကြပေ။

ရန်ကိုင်သည် အကုန်လုံး၏ရှေ့မှောက်တွင် တောင်တစ်လုံးနှယ် မားမားမတ်မတ် ရပ်တည်နေခဲ့ပြီး ယင်ဝိဉာဉ်များ သူ့အနီးသို့ရောက်လာမှသာ လှုပ်ရှားလိုက်လေ၏။ ရန်ကိုင့်ဆီမှ စိတ်စွမ်းအင်တို့သည် ဆူနာမီလှိုင်းလုံးနှယ် ပေါက်ကွဲထွက်လာခဲ့လေသည်။

“ဘုန်း…”

မမြင်နိုင်သော နံရံတစ်ခုသည် ရန်ကိုင့်ရှေ့တွင် ဖြစ်တည်လာသည့်အလား ရန်ကိုင့်ဆီသို့ ခုန်ဝင်လာကြသည့် ယင်ဝိဉာဉ်အားလုံး နောက်သို့ ပြန်လွင့်စင်ထွက်သွားခဲ့ကြကုန်လေ၏။ ထို့အပြင် မမြင်နိုင်သော ဖိအားတစ်မျိုးမျိုးအောက်တွင် ယင်ဝိဉာဉ်များမှာ စူးစူးဝါးဝါးအော်ဟစ်ရင်း အလွန်လျင်မြန်သည့်နှုန်းဖြင့် အငွေ့ပျံပျောက်ကွယ်ကုန်ကြလေသည်။

ဤသည်မှာ အဆုံးသတ်မဟုတ်သေးချေ။ ရန်ကိုင်သည် အနန္တဓါးကို အဆက်မပြတ် ဝှေ့ယမ်းရင်း ဓါးလှိုင်းများအား အဘက်ဘက်သို့ ပစ်လွှတ်နေလေ၏။ ဤသို့ဖြင့် ယင်ဝိဉာဉ်ပေါင်းများစွာမှာ တမုဟုတ်ချည်း ရှင်းပစ်ခံလိုက်ရလေသည်။

ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးသည် ကောင်းကင်စိတ်အာရုံကို သုံး၍ တိုက်ခိုက်သည်လောက် အစွမ်းထက်ခြင်းမရှိပါသော်ငြား ရန်ကိုင်သည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်သလို အနန္တဓါးမှာလည်း ဧကရာဇ်အဆင့် မှော်ရတနာတစ်ခု ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင့်၏တိုက်ကွက်မှာ အမှန်အကန်ကိုတော့ အားကောင်းပေသည်။

ရန်ကိုင့်၏ဓါးလှိုင်းများနှင့် တွေ့သည်နှင့် အဆင့်နိမ့်သော ယင်ဝိဉာဉ်များမဆိုထားနှင့် တစ္ဆေဗိုလ်ချုပ်များသည်ပင်လျှင် တစ်စစီ ဖြစ်ကုန်ကြရသည်။ အားကောင်းသော အရှင်သခင်များဆိုလျှင်လည်း မသေရုံတမယ်သာ ရှိတော့လေသည်။

ထိုအချင်းအရာကိုမြင်သော် လိုဏ်ဂူအတွင်းပိုင်းထဲတွင်ရှိနေသည့် ကျင့်ကြံသူများ စိတ်အားတက်ကြွလာကြတော့လေ၏။

“မင်းကြည့်ရတာ သိပ်အဆင်မပြေသလိုပဲနော် ရောင်းရင်း…” ချီဟဲဖုန်းသည် ရုတ်တရက် သူ့ဘေးနားတွင်ရှိနေသော လူဘက်သို့လှည့်၍ စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။ “မင်း ဒဏ်ရာတွေပြင်းလား…”

ထိုစကားကိုကြားသော် ချီဟဲဖုန်းဘေးနားတွင်ရှိနေသည့် ကျင့်ကြံသူ၏မျက်လုံးထဲ တုန်လှုပ်ခြောက်ခြားရိပ်တို့ ဖြတ်ပြေးသွားခဲ့လေသည်။ သို့သော်ငြား မကြာမီတွင် ပြန်၍ပြောလိုက်လေ၏။ “အခုလိုမျိုး စိတ်ပူပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ရောင်းရင်းချီ… ကျုပ်ဒဏ်ရာတွေက အဲ့လောက်မပြင်းပါဘူး… နည်းနည်းလောက် အနားယူလိုက်ရုံနဲ့တင် ပြန်ကောင်းသွားမှာပါ…”

“အဲ့ဒါကောင်းတယ်… ဒီဆရာရဲ့ အကူအညီနဲ့ဆိုလို့ရှိရင် ငါတို့ ဒီကပ်ဘေးကနေ အသက်ရှင်လျက် လွတ်မြောက်နိုင်ပြီ… သူက ငါတို့ရဲ့ကျေးဇူးရှင်ပဲ…”

ထိုလူမှာ ချီဟဲဖုန်း ဘာကြောင့် သူအား ဤကဲ့သို့ စိုးရိမ်တကြီးဖြင့် လာမေးနေရသလဲဆိုသည်ကို နားမလည်သည့်တိုင် တစ်ဖက်လူက စေတနာဖြင့် မေးမြန်းနေခြင်း ဖြစ်သည့်အတွက်ကြောင့် သူ့ဘက်မှလည်း ပြုံး၍သာ ပြန်ခေါင်းညိတ်လိုက်ရလေသည်။ “ဟုတ်တယ်…”

“ရောင်းရင်း ဘယ်ဂိုဏ်းကလာတာလဲ…” ချီဟဲဖုန်းက မေးလိုက်လေသည်။

“ဘယ်ဂိုဏ်းကမှမဟုတ်ဘူး… ကျုပ်က တစ်ကိုယ်တည်းသမား…” သူက ပြန်ပြောလိုက်သည်။

ချီဟဲဖုန်းက မျက်ခုံးပင့်လျက် “ရောင်းရင်းကိုကြည့်ရတာ တော်တော် ပါရမီပါမဲ့ပုံပဲနော်… ဘယ်ဂိုဏ်းရဲ့အကူအညီမှ မပါပဲနဲ့ တာအိုသခင်တတိယအဆင့်ကိုတောင် ရောက်အောင် ကျင့်ကြံနိုင်တာဆိုတော့ ရောင်းရင်း ကျုပ်တို့ ချီမိသားစုထဲကို ဝင်ဖို့ စိတ်ဝင်စားလား…”

“အခုလိုကမ်းလှမ်းပေးတဲ့အတွက် ရောင်းရင်းချီကို ကျေးဇူးတင်ပါတယ်… ဒါပေမဲ့ ကျုပ်က လွတ်လွတ်လပ်လပ်နေရတာကြိုက်တော့ ဘယ်ဂိုဏ်းထဲကိုမှ မဝင်ချင်သေးဘူးဗျ…”

“အဲ့ဒါလည်းရပါတယ်…” ထိုသို့ပြောပြီးသည့်နောက်တွင် ချီဟဲဖုန်းသည် ထိုလူအား ဆက်၍ စကားပြောမနေတော့ဘဲ ရန်ကိုင့်ဘက်သို့ လှည့်ကြည့်လိုက်လေသည်။

ရန်ကိုင်သည် ဝင်ပေါက်ဝတွင် ရပ်လျက် ချိုးဖြတ်မရနိုင်သည့် တောင်တစ်လုံးနှယ် သူ၏အနန္တဓါးကိုဝှေ့ယမ်းရင်း တိုးဝင်လာနေသည့် ယင်ဝိဉာဉ်များကို ရှင်းထုတ်ပစ်နေခဲ့လေသည်။

တစ်ခါတစ်ရံ ယင်ဝိဉာဉ်များ တစ်ကောင်တစ်လေ လွတ်လာပါသော်ငြား ထိုယင်ဝိဉာဉ်များမှာ လိုဏ်ဂူထဲတွင်ရှိနေသည့် ကျင့်ကြံသူများ၏ ရှင်းပစ်ခြင်း ခံလိုက်ရလေသည်။

ထိုသို့ဖြစ်လာသည့်နောက်တွင် လိုဏ်ဂူထဲတွင်ရှိနေသည့် လူများမှာလည်း စိတ်ပူမနေကြတော့ဘဲ စိတ်အေးသွားကုန်ကြလေသည်။

ရန်ကိုင်သာ တောင့်ခံနိုင်သရွေ့ ဤယင်ဝိဉာဉ်များလက်မှ လွတ်မြောက်နိုင်ပေလိမ့်မည်။ ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ဆိုသည့်အတိုင်း ရန်ကိုင့်၏ခွန်အားမှာ အမှန်တကယ်ကို ကြောက်မက်ဖွယ်ကောင်းလှပေသည်။ သို့သော်ငြား သူတို့စိတ်ပူနေရသည့် တစ်ချက်တော့ ရှိပေသည်။ ကပ်ဘေးအဆုံးသတ်မသွားခင် ရန်ကိုင် ခွန်အားကုန်သွားမည်ကိုပင်။ လူတစ်ဦး၏ခွန်အားမှာ အမြဲတစေ အကန့်အသတ်နှင့် ရှိပေသည်။ ထို့‌ကြောင့် နေ့ဝက်ခန့်ကြာပြီးသည့်နောက်တွင် သူတို့စိုးရိမ်နေရသည့်ကိစ္စ စဖြစ်လာတော့လေသည်။

ယခုဆိုလျှင် ရန်ကိုင်၏တိုက်ထုတ်မှုများမှာ ယခင်ကကဲ့သို့ အားကောင်းခြင်း မရှိတော့ချေ။ ရန်ကိုင့်၏တိုက်ခိုက်မှုများ အားနည်းလာသည့်အလျောက် သူ၏အကာအကွယ်ကိုချိုးဖြတ်၍ တိုးထွက်လာသည့် ယင်ဝိဉာဉ်အရေအတွက်မှာလည်း တဖြည်းဖြည်းနှင့် တိုးပွားလာခဲ့လေသည်။

သို့သော်ငြား ဤသည်မှာ အထူးအဆန်းတော့မဟုတ်။ ရန်ကိုင်သည် ထိုယင်ဝိဉာဉ်များကို နေ့တစ်ဝက်တိုင်တိုင် သူတစ်ယောက်တည်းဖြင့် ခုခံထားနိုင်သည်မှာပင် သူမည်မျှအားကောင်းကြောင်းကို ပြသနေခဲ့လေသည်။ တကယ်တော့ ထိုဝိဉာဉ်များကို ခုခံနိုင်ရန်အတွက် တာအိုသခင်အဆင့် ကျင့်ကြံသူလေးဦး အတူပူးပေါင်းခဲ့ရသည် မဟုတ်ပေလော။ ထို့အပြင် ထိုလူလေးဦးသည် အမွှေးတိုင်တစ်ချောင်းစာသာ ခုခံနိုင်ခဲ့ခြင်း ဖြစ်လေသည်။ ရန်ကိုင်ကမူ သူ့တစ်ကိုယ်တည်းဖြင့် နေ့တစ်ဝက်တိုင်တိုင် ခုခံနိုင်ခဲ့ခြင်း ဖြစ်ပေသည်။

နောက်ထပ်နေ့ဝက်ခန့် ကြာပြီးသည့်နောက်တွင် ရန်ကိုင့်၏လက် စတင်၍ တုန်တုန်ရီရီ ဖြစ်လာခဲ့ပြီး သူ့မျက်နှာမှာလည်း ဖြူလျော်လာခဲ့လေသည်။ ရန်ကိုင် အကန့်အသတ်သို့ ရောက်ခါနီးနေခဲ့လေပြီ။

ချီဟဲဖုန်းက မတ်တပ်ရပ်၍ ပြောလိုက်လေ၏။ “ဆရာ… ခဏလောက် နောက်ပြန်သွားပြီး နားနေလိုက်ပါလား… ကျုပ်တို့ ဝင်ပေါက်ကို တာဝန်ယူထားလိုက်မယ်လေ…”

“ဟုတ်တယ်ဆရာ… ဆရာသာတစ်ခုခုဖြစ်သွားရင် ကျုပ်တို့အကုန်လုံး ဒုက္ခရောက်ရမှာ… ဒါကြောင့် အရင် ပြန်အနားယူလိုက်ပါဆရာ…” တခြားသောကျင့်ကြံသူများမှာလည်း အလျင်စလို သဘောတူလိုက်ကြလေ၏။

သူတို့အမှန်တကယ်ကို စိတ်ပူနေခြင်းဖြစ်ပေသည်။ ရန်ကိုင်သာ တစ်ခုခုဖြစ်သွားမည်ဆိုပါက လိုဏ်ဂူထဲတွင်ရှိနေသည့် ကျင့်ကြံသူအားလုံး ဒုက္ခရောက်ကြရပေလိမ့်မည်။

ထိုစကားကိုကြားသော် ရန်ကိုင်သည် တစ်ခဏမျှ စဉ်းစားလိုက်ပြီးသည့်နောက် ခေါင်းညိတ်လိုက်လေသည်။ “ကောင်းပြီလေ…”

ရန်ကိုင်သည် လိုဏ်ဂူဝင်ပေါက်ဝကို တစ်နေ့လုံး ကာကွယ်ပေးထားသည့်အတွက်ကြောင့် ထိုတစ်နေ့တာ အချိန်အတောအတွင်း လိုဏ်ဂူထဲတွင်ရှိနေသည့် ကျင့်ကြံသူအားလုံးမှာ အပြည့်အဝ အားပြန်ပြည့်လောက်ပေပြီ။

ထိုအခိုက်အတန့်မှာပင် လိုဏ်ဂူအပြင်ဘက်တွင်ရှိနေသော လေပြင်းတိုက်ခတ်သံများမှာ စတင်၍ အားပျော့လာတော့လေသည်။

ထိုအချင်းအရာကြောင့် လိုဏ်ဂူထဲတွင်ရှိနေသည့်လူအားလုံး ကြောင်သွားခဲ့ပြီး ဝင်ပေါက်ဝဆီသို့ သေသေချာချာ လှမ်းကြည့်လိုက်ကြလေသည်။

တစ်ခဏအကြာတွင် တစ်စုံတစ်ဦးက ကတုန်ကယင်လေသံဖြင့် ပြောလိုက်လေ၏။ “အာကာသလေပြင်း အားပျော့လာပြီ…”

“ဟား ဟား ဟား… အားပျော့လာပြီကွ… အားပျော့သွားပြီ…”

“အာကာသလေပြင်း ရပ်တန့်သွားတော့မယ်… ငါတို့ အသက်ရှင်နိုင်ပြီကွ…”

အာကာသလေပြင်း အားပျော့လာကြောင်း နားလည်လိုက်သော် လိုဏ်ဂူထဲတွင်ရှိနေသည့် ကျင့်ကြံသူအားလုံး စိတ်လှုပ်ရှားစွာဖြင့် ထအော်ကြတော့လေသည်။ လက်ရှိအချိန်တွင် အာကာသလေပြင်း အားပျော့သွားသည်ထက် ပို၍ ပျော်စရာကောင်းသည့်သတင်း သူတို့အတွက် မရှိတော့ချေ။ အာကာသလေပြင်း အားပျော့လာသည့်အလျောက် ယင်ဝိဉာဉ်များမှာလည်း တုံ့ပြန်မှုတစ်မျိုးမျိုးကို ရရှိလိုက်သည့်အလား ထူးဆန်းသောမြူခိုးထုထဲသို့ ပြန်၍ ဆုတ်ခွာသွားကြလေသည်။ မျက်တောင်တစ်ခတ်အတွင်း လိုဏ်ဂူထဲ၌ ရှိနေသော ကျင့်ကြံသူများ နှစ်ရက်တိတိ ရင်ဆိုင်ခဲ့ရသည့်ကပ်ဘေးမှာ ပျောက်ကွယ်သွားခဲ့လေသည်။

ထိုအချင်းအရာကြောင့် လိုဏ်ဂူထဲတွင်ရှိနေသော ကျင့်ကြံသူအားလုံးမှာ ဝမ်းသာမဆုံး ဖြစ်နေကြလေ၏။ နောက်ဆုံးတွင် ဤကပ်ဘေးကြီးကို သူတို့အားလုံး အတူပူးပေါင်း၍ ရင်ဆိုင်ကျော်လွှားနိုင်ခဲ့လေပြီ။

“သတိထားဆရာ…” ချီဟဲဖုန်းက ရုတ်တရက် ထအော်လေသည်။

ထိုအခိုက်အတန့်မှာပင်လျှင် လိုဏ်ဂူအတွင်းပိုင်းဆီမှ အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာခဲ့ပြီး ရန်ကိုင့်ခေါင်းတည့်တည့်သို့ တိုးဝင်သွားလေ၏။ ထို့နောက်တွင် ပုံရိပ်တစ်ခု ရန်ကိုင့်ကျောဘက်တွင် ပေါ်လာပြီး ရန်ကိုင့်ခေါင်းအား လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။

“မင်းလုပ်ရဲလား…” ချီဟဲဖုန်းမှာ ထအော်၍ ပြေးဝင်ကူညီလိုက်ရန် ပြင်ပါသော်ငြား ထိုလူလှုပ်ရှားသွားသည်မှာ အလွန်ကိုမှ ရုတ်တရက်ဆန်လွန်းသည့်အတွက်ကြောင့် မည်သူမျှ အလျင်မီ မတုံ့ပြန်နိုင်ခဲ့ချေ။

အခြားသူများမှာလည်း ဘာတွေဖြစ်လို့ဖြစ်နေမှန်း မသိသည့်အတွက်ကြောင့် ထိတ်လန့်တုန်လှုပ်လာခဲ့ပြီး အချိန်မရွေးခုခံရန် ပြင်ဆင်ကြတော့လေ၏။

“ဘုန်း…”

ထိုအသံထွက်လာသည့်နောက်တွင် လက်ဝါးချက်မှာ ရန်ကိုင့်နဖူးတည့်တည့်အား ထိမှန်သွားခဲ့လေ၏။ ထို့နောက်တွင် ရန်ကိုင့်အား တိုက်ခိုက်လိုက်သည့်လူမှာ ရက်စက်ကြုမ်းကြုတ်စွာ ပြုံးလိုက်လေသည်။

အောင်မြင်စွာ တိုက်ခိုက်လိုက်ပြီးသည့်နောက်တွင် ထိုလူသည် အခြားသူများ၏ ဝိုင်းဝန်းတိုက်ခိုက်ခံရမည်ကို စိုးရိမ်သည့်အတွက်ကြောင့် လိုဏ်ဂူထဲမှ မြန်နိုင်သမျှ မြန်အောင် ထွက်ပြေးသွားခဲ့လေသည်။

တကယ်တော့ ရန်ကိုင်သည် ဤလိုဏ်ဂူထဲတွင်ရှိနေသည့် ကျင့်ကြံသူပေါင်းများစွာကို ကယ်တင်ခဲ့သူမဟုတ်ပေလော။

ရန်ကိုင်တိုက်ခိုက်ခံနေရသည့်နောက် အခြားသူများမှာ ဤအတိုင်းငြိမ်နေလိမ့်မည်မဟုတ်‌။ သို့သော်ငြား ထိုလူသည် ထွက်မသွားခင် ကျန်းရို့ရှီဘက်သို့ တစ်ချက်လှမ်းကြည့်၍ ညစ်ကျယ်ကျယ်ပြုံးပြလိုက်လေ၏။ သို့သော်ငြား ကျန်းရို့ရှီမှာ အနည်းငယ်မျှပင်လျှင် ထိတ်လန့်တုန်လှုပ်နေခြင်းမရှိဘဲ သူ့ကိုသာ အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်နေကြောင်း တွေ့လိုက်ရလေသည်။ ထို့အပြင် သူ့အား တားမည့်အရိပ်အယောင်လည်း မပြချေ။

ထို့အတွက်ကြောင့် ရန်ကိုင့်အား တိုက်ခိုက်လိုက်သည့်လူမှာ ရင်တဒုန်းဒုန်းခုန်သွားခဲ့ပြီး စတင်၍ စိတ်မသက်မသာ ဖြစ်လာတော့လေ၏။

“ငါ့ကို တိုက်ခိုက်ပြီးတာနဲ့ မင်းက ထွက်ပြေးချင်နေတာလား…” အသံတစ်သံ သူ့နောက်ဘက်မှ ထွက်ပေါ်လာလေ၏။ ထိုအသံကြောင့် ရန်ကိုင့်အား တိုက်ခိုက်လိုက်သည့်လူ ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့လေသည်။

ထိုလူသည် ချက်ချင်း နောက်သို့လှည့်ကြည့်လိုက်ရာ ရန်ကိုင်သည် လှောင်ပြုံးပြုံးလျက် သူ့အား စိုက်ကြည့်နေကြောင်း တွေ့လိုက်ရလေသည်။ ဖြူဖတ်ဖြူလျော်ဖြစ်နေသော ရန်ကိုင့်မျက်နှာမှာ ပန်းရောင်သန်းနေခဲ့ပြီး အားနည်းသည့်သူ့အရှိန်အဝါမှာလည်း ပျောက်ချင်းမလှ ပျောက်နေခဲ့လေသည်။ လက်ရှိအချိန်တွင် ရန်ကိုင်သည် ဒေါင်ဒေါင်မြည်နေသည့်လူတစ်ဦးနှယ် အလွန်ကိုမှ အားအင်များဖြင့် တက်ကြွနေလေ၏။

(ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…)

ရန်ကိုင်သည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်ပါသော်ငြား ဝင်ပေါက်တစ်ခုလုံးကို တစ်ရက်တိုင်တိုင် ကာကွယ်ပေးထားရလေရာ မည်သို့များ အားမကုန်ဘဲ နေပါမည်နည်း။ ထို့အတွက်ကြောင့် ဤကိစ္စနှင့်ပတ်သက်၍ အဖြေတစ်ခုသာ ရှိတော့လေသည်။ ရန်ကိုင်သည် အစကတည်းက သူ့ခွန်အားကို ဖုံးကွယ်ထားခဲ့ခြင်းသာ ဖြစ်ပေသည်။

ထိုအချက်ကိုနားလည်လိုက်သော် ထိုလူ ဇောချွေးပြန်သွားလေ၏။

ရန်ကိုင်သည် ထိုလူ၏ လက်ကို လှမ်းဖမ်းဆွဲ၍ လက်ကောက်ဝတ်အား ဖျစ်ချလိုက်ရာ အရိုးကျိုးသံများ ထွက်ပေါ်လာခဲ့သည်။

“အား…” ထိုလူမှာ နာကျင်စွာ ထအော်တော့လေ၏။ ရန်ကိုင့်လက်မှရုန်းထွက်ရန် ကြိုးစားလိုက်ပါသော်ငြား သူမည်သို့ပင် ကြိုးစားစေကာမူ မည်သို့မျှ မရုန်းထွက်နိုင်ကြောင်း တွေ့လိုက်ရလေသည်။ ထို့အပြင် သူ့ကျင့်ကြံခြင်းမှာလည်း ဖိနှိပ်ထားခံရသည့်အတွက်ကြောင့် လုံးဝကို ကူကယ်ရာမဲ့သွားခဲ့ရလေ၏။

ရန်ကိုင်သည် ထိုလူအား လိုဏ်ဂူထဲသို့ ပစ်ထည့်လိုက်ရာ ထိုလူမှာ လိုဏ်ဂူနံရံနှင့် ပြေးဝင်ဆောင့်ပြီး ပါးစပ်မှ သွေးပွက်ပွက် ထိုးအန်လိုက်ရလေသည်။

“ဘာတွေဖြစ်နေတာလဲ…”

“ဟုတ်တယ် ဘာတွေဖြစ်နေတာလဲ…”

အခုမှသာ အခြားသူများလည်း အသိပြန်ဝင်လာကြတော့သည်။ သို့သော်ငြား သူတို့ အသိပြန်ဝင်လာချိန်တွင် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ကြောင်သွားခဲ့လေသည်။ ရန်ကိုင် ထိုလူအား ဘာကြောင့် တိုက်ခိုက်လို့ တိုက်ခိုက်လိုက်မှန်း နားမလည်ကြ။

ချီဟဲဖုန်းက အေးစက်စက်အမူအယာဖြင့် ပြောလိုက်လေ၏။ “အဲ့ကောင်က ဆရာ အားကုန်နေတာကို အခွင့်ကောင်းယူပြီး အလစ်ချောင်းတိုက်ခိုက်တာလေ… ဒီလိုကောင်မျိုးကို လုံးဝ သနားနေလို့မရဘူး…”

ထိုစကားကိုကြားသော် အကုန်လုံး ထိတ်လန့်သွားခဲ့ပြီး နံရံနှင့်ဝင်ဆောင့်သွားသော ကျင့်ကြံသူအား လှမ်းကြည့်လိုက်ကြသည်။

ထိုလူမှာ အစောပိုင်းက ချီဟဲဖုန်း စကားပြောနေသည့်လူသာ ဖြစ်လေသည်။

အလွန်ကိုမှ နာကျင်မှုကြောင့် ပါးရေတွန့်နေသော သူ့မျက်နှာမှာ ပို၍ပင် ပါးရေတွန့်သွားသယောင် ထင်မှတ်ရပြီး သူ့နဖူးမှာလည်း ချွေးအေးများဖြင့် ဝေ့သီလာတော့လေသည်။

“အကျင့်မကောင်းလိုက်တာ… ဆရာ့ကြောင့်သာ အသက်ရှင်နိုင်ခဲ့တာကို မင်းက ကျေးဇူးမတင်ပဲနဲ့ ဆရာ့ကိုတောင် အလစ်ချောင်းတိုက်ခိုက်လိုက်တယ်ပေါ့ ဟုတ်လား… မင်းမှာ လူ့အသိစိတ်တောင်မရှိတော့ဘူးလား… ဘယ်လိုတောင် သောက်ကျင့်မကောင်းတာလဲကွ… ဒီလိုကောင်မျိုးတွေကို သူတို့ရဲ့ဝိဉာဉ်ကို အရှင်လတ်လတ်ဆွဲထုတ်ပြီး သန့်စင်ပစ်ရမှာ… ဆရာ… ဆရာ အကူအညီလိုလို့ရှိရင် ပြောသာပြောလိုက်… ကျုပ်မှာ ဒီကောင် ဒီလောကကြီးထဲမှာ မွေးလာရတာကို နောင်တရအောင် လုပ်ပေးနိုင်မဲ့ နည်းလမ်းအချို့ရှိတယ်…”

“ဟုတ်တယ် ဟုတ်တယ်… ကျုပ်မှာလည်း ဝိဉာဉ်သန့်စင်တဲ့ နည်းလမ်းအချို့ရှိတယ်… ဆရာသာဆန္ဒရှိလို့ရှိရင် ဒီကောင့်ရဲ့ဘဝကို သေတာထက်ဆိုးအောင် ကူလုပ်ပေးလို့ရတယ်…”

ထိုစကားကိုကြားလိုက်သော် ရန်ကိုင့်အား အလစ်ချောင်းတိုက်ခိုက်လိုက်သည့်လူ၏ မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် တုန်ရီလာခဲ့ရတော့သည်။

All Chapters