← Chapters

အခန်း (၂၅၄၅-၂၅၄၇)

Vol. 106 Ch. 2545-2547

အခန်း (၂၅၄၅-၂၅၄၇)

Vol. 106 Ch. 2545-2547

အပိုင်း (၂၅၄၅)

“ပြော… မင်း ဘာဖြစ်လို့ ဆရာ့ကို အလစ်ချောင်းတိုက်ခိုက်လိုက်တာလဲ…” ဂူထဲတွင်ရှိနေသော ကျင့်ကြံသူတစ်ဦးက ရန်ကိုင်အား အလစ်ချောင်းတိုက်ခိုက်လိုက်သည့် ကျင့်ကြံသူကိုကြည့်၍ အော်မေးလိုက်လေသည်။

ထိုလူမှာ အံကိုသာ တင်းတင်းကြိတ်ထားခဲ့ပြီး ဘာမှပြန်မပြောခဲ့ပေ။

“ဟဲ ဟဲ… ကြည့်ရတာ ဒီကောင်က တော်တော် အကြောမာတဲ့ပုံပဲကွ… အရှင်လတ်လတ် ဝိဉာဉ်ဆွဲထုတ်ခံရပြီး သန့်စင်ခံရတာ ဘယ်လိုခံစားချက်မျိုးလဲဆိုတာကို ဒီကောင် သိသွားအောင် လုပ်ပေးရတော့မယ်နဲ့တူတယ်…” အခြားတစ်ယောက်က ညစ်ကျယ်ကျယ်ပြုံးရင်း ဝင်ပြောလိုက်လေသည်။

“ဟား ဟား ဟား…” ရန်ကိုင့်အား အလစ်ချောင်းတိုက်ခိုက်လိုက်သည့်လူသည် ရုတ်တရက် ဝါးလုံးကွဲ အော်ဟစ်ရယ်မောတော့လေသည်။ ထိုလူ၏ရယ်သံကြောင့် အကုန်လုံးမှာ မင်သက်သွားကုန်ကြရလေ၏။

တစ်ခဏအကြာတွင် ရန်ကိုင့်အား အလစ်ချောင်းတိုက်ခိုက်လိုက်သည့်လူသည် လှောင်ပြုံးပြုံးလျက် အေးစက်စက်အမူအယာဖြင့် ပြောလိုက်လေသည်။ “ငါ့ဝိဉာဉ်ကိုသန့်စင်ဖို့ ဟုတ်လား… မင်းတို့မှာ အဲ့လိုလုပ်ရဲတဲ့ သတ္တိရှိလို့လားကွ… ငါ ဘယ်ကလာလဲ မင်းတို့သိလား… မင်းတို့ ငါ့ခေါင်းပေါ်က ဆံပင်မွေးတစ်ချောင်းကို ထိခိုက်အောင် လုပ်ရဲရင် ငါ့ဂိုဏ်းက မင်းတို့အကုန်လုံးကို ရှင်းထုတ်ပစ်မှာ…”

ထိုလူ၏စကားကိုကြားလိုက်သည်နှင့် အကုန်လုံး၏အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့ကြလေသည်။ နောက်ခံဖြင့် ခြိမ်းခြောက်လိုက်ခြင်းမှာ အကုန်လုံးအပေါ် အနည်းနှင့်အများဆိုသလို အကျိုးသက်ရောက်မှု ရှိသွားသည့်ပုံပင်။

သေချာစဉ်းစားလိုက်သည့်နောက် ထိုလူပြောသည်မှာလည်း ယုတ္တိရှိကြောင်း တွေ့ရှိသွားရလေသည်။ ထိုလူတွင်သာ အားကောင်းသည့်နောက်ခံအား ပိုင်ဆိုင်ထားခြင်းမရှိပါက ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးအား မည်သို့များ အလစ်ချောင်းတိုက်ခိုက်ရဲပါမည်နည်း။

ရန်ကိုင်သည် ဂိုဏ်းတစ်ဂိုဏ်းဂိုဏ်းအား ရန်စစော်ကားသည့်အတွက်ကြောင့် ထိုဂိုဏ်းသည် ဤလူကိုလွှတ်၍ ရန်ကိုင်အား လုပ်ကြံသတ်ဖြတ်ခိုင်းလိုက်ခြင်း ဖြစ်ရပေလိမ့်မည်။

အစောပိုင်းက အကုန်လုံးမှာ ရန်ကိုင်သည် သူတို့အား ကယ်တင်ပေးခဲ့သည့် ကျေးဇူးရှင်တစ်ဦးဖြစ်သည်ဟု တွေးလျက် သေချာမစဉ်းစားဘဲ လုပ်ခဲ့မိလေသည်။ သို့သော်ငြား ယခု သေသေချာချာ ပြန်ကြည့်ကြည့်လိုက်သည့်နောက် ဤကိစ္စမှာ အတော်လေးကိုမှ ထူးဆန်းနေကြောင်း တွေ့ရှိလိုက်ရလေသည်။

“ဟား ဟား ဟား… အခု ကြောက်သွားပြီလား…” ကျင့်ကြံသူများ၏အမူအယာ ပြောင်းလဲသွားသည်ကိုမြင်သော် ထိုလူက လှောင်ပြုံးပြုံးလျက် “မင်းတို့ကိစ္စပဲမင်းတို့ အာရုံစိုက်ဖို့ ငါအကြံပေးချင်တယ်… ငါ့ကိစ္စမှာ လာပြီး ဝင်…”

“ဖြန်း…”

သူ့စကားကို ဆုံးအောင်မပြောနိုင်သေးခင်မှာပင် ကျန်းရို့ရှီသည် သူ့ရှေ့သို့ရောက်လာပြီး သူ့ပါးအား ရိုက်ချလိုက်လေသည်။

ရုတ်တရက် ပါးရိုက်ခံလိုက်ရသည့်အတွက်ကြောင့် ထိုလူမှာ ငေးကြောင်ကြောင် ဖြစ်နေလေ၏။ ခဏအကြာမှသာ အသိပြန်ဝင်လာချိန် သွားဆယ်ချောင်းကျော်မက သူ့ပါးစပ်ထဲမှ ကျွတ်ထွက်နေကြောင်း တွေ့လိုက်ရလေသည်။ ထိုသွားများ ကျွတ်ထွက်သွားသည့်နေရာမှလည်း သွေးများ တရဟော စီးကျနေလေ၏။

ထိုလူ၏ အလစ်ချောင်းတိုက်ခိုက်မှုကြောင့် ရန်ကိုင်မှာ မည်သည့်ဒဏ်ရာမှ ရမသွားခဲ့ပါသော်ငြား ကျန်းရို့ရှီမှာတော့ အလွန်ကိုမှ ဒေါသထွက်နေမိလေသည်။ တစ်ယောက်ယောက်သည် ရန်ကိုင်အား ကျေးဇူးမတင်ရုံမက သူ့ကိုပင်လျှင် အလစ်ချောင်းသတ်ဖြတ်ရန် ကြိုးစားလိမ့်မည်ဟု ကျန်းရို့ရှီ လုံးဝမထင်ထားခဲ့ချေ။

ဤကဲ့သို့သောလူမျိုးသည် သေလျှင်ပင် သနားဖို့မတန်သည့် လူစားမျိုးဖြစ်ပေသည်။

သူမ၏ဒေါသကိုသာ အတတ်နိုင်ဆုံး ချုပ်တည်းထားခဲ့သည့် အတွက်ကြောင့်သာ မဟုတ်လျှင် ကျန်းရို့ရှီ၏လက်ဝါးချက်ကြောင့် ဤလူ တစ်ခါတည်း အသက်ထွက်သွားလောက်ပေပြီ။

အခြားသူများမှာ သူ့အား ကြောက်ချင်ကြောက်လိမ့်မည် ဖြစ်သော်ငြား သူမကတော့ မကြောက်ချေ။

အကုန်လုံးမှာ ထိုမြင်ကွင်းကိုကြည့်ရင်း ထပ်မံ၍ မှင်တက်သွားရပြန်လေသည်။ ဤမိန်းမချောလေးတွင် ဤကဲ့သို့သော ကြောက်မက်ဖွယ်ရာကောင်းသည့် ပုံစံမျိုး ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။

“လေတိုက်တာလည်း ရပ်သွားပြီ… ယင်ဝိဉာဉ်တွေလည်း ထွက်သွားပြီဆိုတော့ အကုန်လုံးကို ငါလိုက်ပြီးတော့ မပို့ပေးတော့ပါဘူး…” ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် ပြောလိုက်လေသည်။

ရန်ကိုင်ဘာပြောချင်နေသလဲဆိုသည်ကို လူတိုင်း နားလည်လိုက်ကြသည်။ သူနှင့် ဤလူကြား မည်သို့သော ရန်ငြိုးရန်စ ရှိနေပါစေ ဤလူ၏နောက်ခံ မည်သို့ပင်ဖြစ်နေစေကာမူ ရန်ကိုင်သည် မည်သူမျှ သူ့ကိစ္စထဲ ဝင်ပါမည်ကို မလိုလားချေ။

သူတို့မှာ ရန်ကိုင့်အား အလစ်ချောင်းတိုက်ခိုက်လိုက်သည့် လူကိုပင်လျှင် ဘာမှမလုပ်ရဲလေရာ ဤနေရာတွင် ဆက်နေ၍လည်း ဘာများ ထူးပါဦးမည်နည်း။ လက်ရှိ သူတို့မြင်နေရသည်မှာ အပေါ်ယံသာ ရှိပေသေးသည်။ ထို့အပြင် စိတ်သွားတိုင်းလည်း ကိုယ်မပါ။

တစ်ချက်မျှ စဉ်းစားပြီးသည့်နောက်တွင် လူတစ်ဦးသည် ရုတ်တရက် လက်သီးဆုပ်၍ ပြောလိုက်လေ၏။ “ကျုပ်ရဲ့အသက်ကို ကယ်ပေးခဲ့တဲ့အတွက် ဆရာ့ကို ကျေးဇူးအများကြီးတင်ပါတယ်… ဆရာလည်း ရှေးဟောင်းကုန်းမြေကနေ လုံလုံခြုံခြုံ အန္တရာယ်ကင်းကင်းနဲ့ ပြန်လာနိုင်ပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်… နှုတ်ဆက်ပါတယ်ဆရာ…”

ထိုသို့ပြောပြီးသည့်နောက်တွင် ထိုလူသည် လိုဏ်ဂူထဲမှ ပြေးထွက်သွားပြီး မြူခိုးထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။ လူတစ်ယောက်ထွက်သွားသည်နှင့် တစ်ပြိုင်နက် ကျန်လူများသည်လည်း အလျှိုလျှို ထွက်ခွာသွားကုန်ကြလေ၏။

တစ်ခဏအကြာတွင် ရန်ကိုင်သည် ချီဟဲဖုန်းဘက်သို့လှည့်၍ မေးလိုက်လေ၏။ “မင်းရော မသွားဘူးလား…”

အကုန်လုံးမှာ ထွက်သွားပြီဖြစ်ပါသော်ငြား ချီဟဲဖုန်းမှာတော့ ကျန်နေရစ်ခဲ့လေသည်။ ထို့အတွက်‌ကြောင့် ရန်ကိုင့်မှာ စိတ်ဝင်စားသွားပြီး မေးမိလိုက်ခြင်းဖြစ်၏။

ချီဟဲဖုန်းက ခေါင်းခါလျက် “ဒီချီမှာ ဆရာ့ကို ပြောစရာ အခြားကိစ္စတစ်ခု ရှိသေးတယ်…”

ရန်ကိုင်က အဓိပ္ပာယ်ပါပါ ပြုံးလျက် “ဒီတော့ မင်းငါ့ကို သိတယ်ပေါ့…”

ထိုစကားကိုကြားသည့်အခါ ချီဟဲဖုန်းက ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ဆရာ သတိထားမိတယ်ပေါ့…”

“ချီဟိုင်က မင်းနဲ့ဘာတော်လဲ..”

“ချီဟိုင်က ကျုပ်တို့ချီမိသားစုရဲ့ သခင်လေးတစ်ယောက်ပါ…” ချီဟဲဖုန်းက ပြန်ပြောလိုက်လေသည်။ “ကြယ်ပျက်ပင်လယ်ထဲကနေ ပြန်ရောက်လာတဲ့နောက်ပိုင်း သခင်လေးက ကျုပ်တို့တွေကို ခေါ်ပြီး ဆရာ့ပုံစံ ဘယ်လိုရှိလဲဆိုတာကို ရှင်းပြခဲ့ပါတယ်… ပြီးတော့ ဆရာက အရှေ့ဘက်နယ်မြေကို လာမှာမှန်း ကြိုသိသွားတဲ့အတွက် ဆရာနဲ့ပတ်သက်ပြီး မျက်စိဒေါက်ထောက်ထားဖို့၊ သတင်းတွေစုံစမ်းထားဖို့လည်း ပြောခဲ့ပါတယ်…”

ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေ၏။ “ငါ အရှေ့ဘက်နယ်မြေကို သွားမယ်လို့ပဲ ပြောခဲ့တာလေ… ရှေးဟောင်းကုန်းမြေထဲကို သွားမယ်လို့ ပြောခဲ့တာမှမဟုတ်တာ… မင်းကို ဒီမှာလာတွေ့ရတာ တော်တော်လေးကို တိုက်ဆိုင်နေတာပဲ…”

“ဆရာ… မြို့ထဲမှာတုန်းက စားသောက်ဆိုင်တစ်ဆိုင်ကို ဝင်ခဲ့သေးတယ်မလား… အဲ့စားသောက်ဆိုင်ကို ကျုပ်တို့ချီမိသားစုက ပိုင်တာပါ…” ချီဟဲဖုန်းက ကသိကအောက်အမူအယာဖြင့် ရှင်းပြလိုက်လေသည်။

ထိုစကားကိုကြားသည့်အခါမှသာ စားသောက်ဆိုင်ပိုင်ရှင်သည် သူ့အား အရူးဝိုင်ဆယ်အိုးကို ဘာကြောင့်ပေးချင်ခဲ့မှန်း ရန်ကိုင် နားလည်သွားတော့လေသည်။ ထိုလူများသည် ချီမိသားစုမှလူများ ဖြစ်နေသည်ကိုး။

“ဆရာ ရှေးဟောင်းကုန်းမြေထဲ သွားတော့မယ်လို့လဲ ကျုပ်တို့ သတင်းတွေကြားပါတယ်… ဒါကြောင့် ဒီမှာလာပြီး ကြိုစောင့်နေတာပါ…” ချီဟဲဖုန်းသည် ရန်ကိုင် စိတ်မကျေမနပ် ဖြစ်သွားမည်ကို စိုးရိမ်နေသည့်အလား ရန်ကိုင်၏အမူအယာကို သေသေချာချာ စောင့်ကြည့်ရင်း စကားများကို သေသေချာချာ သတိထားပြီး ပြောလိုက်လေသည်။

ရန်ကိုင်ကမူ ဤကိစ္စနှင့်ပတ်သက်၍ ပျော်မနေခဲ့။ ထို့‌ကြောင့် အေးစက်စက်အမူအယာဖြင့်သာ ပြန်ပြောလိုက်လေသည်။ “မင်းတို့ချီမိသားစုက တော်တော်လေးကို ဩဇာရှိတာပဲကွ…”

“ဒေါသကိုထိန်းပါဆရာ…” ချီဟဲဖုန်းက အလျင်စလို ပြန်ပြောလိုက်လေသည်။ “ကျုပ်တို့လည်း သခင်လေးကြောင့်ပဲ ဆရာ့အကြောင်းကို စုံစမ်းရဲခဲ့တာပါ…”

“ငါသိတယ်…” ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “မင်းတို့သခင်လေးချီဟိုင်ကို သွားပြန်ပြောလိုက်… ငါ အဲ့နှင်းခဲအဆိပ်ကို ကုမပေးနိုင်တော့ဘူးလို့… ငါ့မှာလည်း အဲ့ဒါမရှိတော့ဘူးလို့…”

“ဟမ်…” ချီဟဲဖုန်းက ထိတ်လန့်တကြားဖြင့် ပြန်မေးလိုက်လေ၏။ “အဲ့ဒါဆိုရင် ဘယ်ရောက်သွားတာလဲ…”

“ဘာလဲ… ငါက ဖြစ်သမျှကိစ္စအကုန်လုံးကို မင်းကို လိုက်ပြောပြရနေမှာလား…” ရန်ကိုင်၏ မျက်လုံးထဲ အေးစက်စက်အလင်းတစ်ချက် ဖြတ်ပြေးသွားလေသည်။ ဖီးနစ်မီးတောက်ကိစ္စသည် လူတိုင်းအား လျှောက်ပြောသင့်သည့် ရာမျိုးမဟုတ်ချေ‌။ ချီဟိုင်သည် ထိုအကြောင်းကို သတင်းဖွလိမ့်မည်ဟု ရန်ကိုင် မထင်ပါသော်ငြား နည်းနည်းပါးပါး‌လောက် စဉ်းစားကြည့်မည်ဆိုပါက ရန်ကိုင်တွင် ဖီးနစ်မီးတောက်ရှိနေကြောင်း စဉ်းစားတတ်သည့်မည်သူမဆို သဘောပေါက်သွားနိုင်ပေသည်။

ထိုသို့ဖြစ်လာသည့်အခါ ပြဿနာများသည် မီးခိုးကြွက်လျှောက် ဖြစ်လာပေတော့မည်။

ထို့အတွက်ကြောင့် ရန်ကိုင်မှာ ချီဟိုင်၏လုပ်ပုံနှင့် ပတ်သက်၍ မကျေမနပ်ဖြစ်နေခြင်း ဖြစ်လေသည်။ အရှေ့ဘက်နယ်မြေသို့ သူလာမည်ဟု ချီဟိုင်အား ပြောခဲ့ခြင်းသာ ဖြစ်လေသည်။ ချီဟိုင်အား ကူညီပေးပါမည်ဟု တစ်ခါမှ မပြောခဲ့ချေ။

“အဲ့ဒါတော့ ဘယ်ဟုတ်ပါ့မလဲ ဆရာရယ်…” ချီဟဲဖုန်းမှာ ရန်ကိုင့်၏ ခက်ထန်သောအမူအယာကြောင့် ထိတ်လန့်သွားခဲ့ပြီး အလျင်စလို လက်သီးဆုပ်၍ ပြန်ပြောလိုက်လေ၏။

“ဒါဆိုရင် ပြန်သွားပြီး ချီဟိုင်ကိုပြန်ပြောလိုက်… အခုလိုမျိုး နောက်တစ်ကြိမ် ထပ်လုပ်ရဲတယ်ဆိုလို့ရှိရင် ငါကိုယ်တိုင် ချီမိသားစုဆီ လာခဲ့မယ်လို့…” ရန်ကိုင်က စိတ်မရှည်ဟန်ဖြင့် သူ့လက်ကိုဝှေ့ယမ်း၍ ပြောလိုက်လေသည်။

ချီဟဲဖုန်း၏အမူအယာ ပြောင်းလဲသွားခဲ့လေသည်။ ချီမိသားစုမှာ အားကောင်းသည်မှန်ပါသော်ငြား ရန်ကိုင်ကဲ့သို့ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးကို ရန်စလိုက်၍ မည်သည့်ကောင်းကျိုးမှ မရှိချေ။ သို့သော်ငြား သူ့သခင်လေးညွှန်ကြားထားသည့် ကိစ္စအား မလုပ်ဘဲနှင့်လည်း ဤအတိုင်းပြန်သွား၍ မဖြစ်ပြန်။

တစ်ခဏမျှ စဉ်းစားပြီးသည့်နောက်တွင် လက်သီးဆုပ်၍ ပြောလိုက်လေသည်။ “ဆရာ… ဒီချီမှာ နောက်ထပ်ပြောစရာတစ်ခု ရှိပါသေးတယ်…”

ရန်ကိုင်သည် ချီဟဲဖုန်းအား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်၍ ပြောလိုက်လေသည်။ “အဆိပ်ဖြေမဲ့ကိစ္စအကြောင်း နောက်တစ်ခွန်းထပ်ပြောရဲမယ်ဆိုရင်တော့ ငါ မင်းကို လွှင့်ပစ်တော့မှာနော်…”

“မဟုတ်ပါဘူး မဟုတ်ပါဘူး… အဆိပ်ဖြေမဲ့ကိစ္စမဟုတ်ပါဘူး… ဒီလူကိစ္စပါပဲ…”

ပြောပြီးသည့်နောက်တွင် ရန်ကိုင့်အား အလစ်ချောင်းတိုက်ခိုက်လိုက်သည့်လူကို ညွှန်ပြလိုက်လေ၏။

“သူဘယ်ကလဲ မင်းသိတာလား…” ရန်ကိုင်က အံ့အားသင့်တကြီးဖြင့် မေးလိုက်လေသည်။

ရန်ကိုင်လည်း သိချင်မိသွားခဲ့လေသည်။ သူသည် အရှေ့ဘက်နယ်မြေမှ မဟုတ်သလို ယခုမှသာလျှင် ရှေးဟောင်းကုန်းမြေထဲသို့ ပထမဦးဆုံးအကြိမ် ဝင်ဖူးခြင်း ဖြစ်လေသည်။ သို့သော်ငြား ထိုကဲ့သို့ ဝင်ဝင်ချင်းမှာပင် လုပ်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်တွေ့ရသည်မှာ အမှန်တကယ်ကိုမှ ထူးဆန်းလှပေသည်။

ချီဟဲဖုန်းက ပြန်ပြောလိုက်လေ၏။ “ဆရာ… ဒီချီထင်တာတော့ သူက မရဏဂိုဏ်းကနဲ့တူတယ်…”

“မရဏဂိုဏ်း…” ရန်ကိုင်မျက်လုံးမှေးစင်းသွားခဲ့ပြီး သူ့အား အလစ်ချောင်းတိုက်ခိုက်လိုက်သည့်လူကို ကြည့်လိုကလေသည်။ ထို့နောက် ချီဟဲဖုန်းဘက်သို့လှည့်၍ ပြန်မေးလိုက်လေ၏။ “မင်းမှာသက်သေရှိလား…”

“ရှိပါတယ်… လွန်ခဲ့တဲ့လတုန်းက မရဏဂိုဏ်းက တပည့်တွေအများကြီး ရှေးဟောင်းကုန်းမြေရဲ့လမ်းကြောင်းထဲကို ဝင်သွားပါတယ်… ကျုပ်ရထားတဲ့သတင်းအရတော့ မရဏဂိုဏ်းက တပည့်တွေက လမ်းကြောင်းထဲမှာ တစ်ယောက်ယောက်ကို စောင့်နေတဲ့ပုံပါပဲ… သူတို့အဖွဲ့ကိုဦးဆောင်လာတဲ့လူကတော့ မရဏဂိုဏ်းရဲ့အကြီးအကဲ ဧကရာဇ်ဒုတိယအဆင့်ကို ရောက်နေတဲ့ ဟွာဖေးချန်ပါ…”

“ဟွာဖေးချန်…” ရန်ကိုင် ရေရွတ်လိုက်လေ၏။ ထိုလူကို သူမသိပေ။

“ဟွာဖေးချန်ကို ဆရာ မသိလောက်ပေမဲ့ သူ့အဖွဲ့ထဲက တစ်ယောက်ယောက်ကိုတော့ သိလောက်ပါလိမ့်မယ်…”

“ဘယ်သူလဲ…”

“ယင်လဲ့ရှန်းပဲ…”

ရန်ကိုင်မျက်ခုံးပင့်သွားပြီး ပြုံးဖြီးလျက် “သူလည်းဒီရောက်နေတာလား… ကောင်းတယ်… ရန်သူတွေအတွက် ဒီလောကကြီးက တကယ်ကို ကျဉ်းတာပဲကွ…”

ရန်ကိုင့်၏ မျှော်လင့်စောင့်စားနေသည့် အမူအယာကြောင့် ချီဟဲဖုန်း ကြောင်သွားခဲ့လေသည်။ ရန်ကိုင့်အား စောင့်ကြိုနေသည့် မရဏဂိုဏ်းမှ တပည့်ပေါင်းများစွာ ရှိနေလေသည်။ ထို့အပြင် ထိုအဖွဲ့ကို ဦးဆောင်လာသည့်လူမှာ ဧကရာဇ်ဒုတိယအဆင့်သို့ ရောက်နေသည့် အကြီးအကဲတစ်ဦးဖြစ်သည်။ သို့သော်ငြား ရန်ကိုင်ကမူ ကြောက်သွားခဲ့ခြင်းမရှိဘဲ ထိုလူများကို ဤနေရာတွင် တွေ့လိုက်ရသည့်အပေါ် အလွန်ကိုမှ ကျေနပ်ပီတိ ဖြစ်နေသည့်ပုံစံမျိုးပင် လုပ်ပြနေခဲ့လေသည်။

သူတို့သခင်လေးပြောပုံအရ ရန်ကိုင်နှင့် ကြယ်ပျက်ပင်လယ်ထဲတွင် တွေ့စဉ်က ရန်ကိုင်သည် တာအိုသခင်တတိယအဆင့်သာ ရှိပေသေးသည်။ ထို့အတွက်ကြောင့် ရန်ကိုင်သည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးဖြစ်မည်ဆိုလျှင်ပင် ပထမအဆင့်သာ ရှိပေလိမ့်ဦးမည်။ ရန်ကိုင့်အနေဖြင့် ကြယ်ပျက်ပင်လယ်ထဲ၌ မည်သို့သော အကျိုးအမြတ်ကို ရခဲ့စေကာမူ ဟွာဖေးချန်ကဲ့သို့ ဝါရင့် သမ္ဘာရင့် ဧကရာဇ်ဒုတိယအဆင့်သို့ရောက်နေ‌သော ပညာရှင်တစ်ဦးနှင့် ယှဉ်ပြိုင်ဖို့ရာ မဖြစ်နိုင်ချေ။

“ကျုပ်တို့လည်း မရဏဂိုဏ်းကလူတွေ ဘာကြံလို့ကြံနေမှန်း မသိကြဘူး… ဒါပေမဲ့ ချီမိသားစုက ဒီနေရာမှာ တော်တော်လေးကို ဩဇာရှိတယ်လေ… ဒါကြောင့် မျက်စိဒေါက်ထောက် ကြည့်နေခဲ့တာ… နောက်ဆုံး ဆရာရောက်လာတဲ့အခါကြမှပဲ ဒီကိစ္စက ဆရာနဲ့ဆက်စပ်နေမယ်မှန်း သခင်လေး ခန့်မှန်းမိသွားတာ… ဆရာနဲ့ ယင်လဲ့ရှန်းကြားမှာ ပြဿနာရှိမှန်း ကျုပ်တို့လည်း သိထားပါတယ်.. ဒါပေမဲ့ ဆရာ ဒီကို လာမယ်ဆိုတာကို သူတို့ဘယ်လိုသိသွားလဲဆိုတာကိုပဲ ကျုပ်တို့မသိတာပါ…” ချီဟဲဖုန်းက နားမလည်နိုင်သည့် အမူအယာဖြင့် ပြောလိုက်လေသည်။

“မသိဘဲ ဘယ်နေပါ့မလဲ… ဒီကောင်တွေ လုံးဝကို သိထားတာ…” ရန်ကိုင်က နှာခေါင်းရှုံ့လိုက်လေသည်။

ရှောင်ရှောင် ရှေးဟောင်းကုန်းမြေထဲတွင် ရှိနေသည်ဆိုသည့်အကြောင်းကို ယင်လဲ့ရှန်းမှ ပြောပြခဲ့ခြင်း ဖြစ်ပေသည်။ ထို့အပြင် ထိုစဉ်က ရန်ကိုင်၏တုံ့ပြန်ပုံအရ ရန်ကိုင်သည် ရှေးဟောင်းကုန်းမြေသို့လာ၍ ရှောင်ရှောင်ကို ကျိန်းသေရှာလိမ့်မည်မှန်း ယင်လဲ့ရှန်း ခန့်မှန်းမိလောက်ပေသည်။ ထို့အတွက်ကြောင့်ပင်လျှင် သူ့လူများကိုခေါ်၍ ရန်ကိုင့်အား အလစ်ချောင်းတိုက်ခိုက်ရန်အတွက် ဤနေရာတွင် စောင့်ဆိုင်းနေခြင်း ဖြစ်လေသည်။

ကြည့်ရသ‌လောက် ယင်လဲ့ရှန်းသည် ကြယ်ပျက်ပင်လယ်ထဲတွင် ကြုံခဲ့ရသည့် ကိစ္စနှင့်ပတ်သက်၍ အလွန်ကိုမှ အခဲမကြေ ဖြစ်နေသည့်ပုံပင်။ ကြယ်ပျက်ပင်လယ် ပိတ်သွားသည်မှာ မကြာသေးပါသော်ငြား ရန်ကိုင့်အား သတ်ဖြတ်နိုင်ရန်အတွက် ထောင်ချောက်ပင် ကြိုဆင်ထားခဲ့သည်။

ယခု ရန်ကိုင့်အား အလစ်ချောင်းတိုက်ခိုက်လိုက်သည့်လူမှာတော့ ရန်ကိုင့်၏တည်နေရာကို ထောက်လှမ်းရန်အတွက် စေလွှတ်လိုက်သည့် ကင်းထောက်တစ်ယောက်လောက်သာ ဖြစ်ပေလိမ့်မည်။ သို့သော်ငြား ဤလူသည် သူ့သဘောဖြင့်သူ ရန်ကိုင့်အား အလစ်ချောင်းတိုက်ခိုက်လိုက်လိမ့်မည်ဟု ယင်လဲ့ရှန်း ထင်ထားခဲ့လိမ့်မည် မဟုတ်ချေ။ ထို့အတွက်ကြောင့် ရန်ကိုင့်အား အလစ်ချောင်းတိုက်ခိုက်မည့် သူ့အစီအစဉ်မှာ ရန်ကိုင့်နားဆီသို့ ပေါက်ကြားသွားရတော့လေ၏။

“ယင်လဲ့ရှန်း… ဒီတစ်ကြိမ်တော့ မင်း သေပြီသာမှတ်ပေတော့…” ရန်ကိုင်က ရေရွတ်လိုက်လေ၏။

ယခင်တစ်ကြိမ်က ရှောင်ရှောင်၏တည်နေရာကို သိလိုသည့်အတွက်ကြောင့် ယင်လဲ့ရှန်းအား လွှတ်ပေးခဲ့ပေသည်။ သို့သော်ငြား ယခုတစ်ကြိမ်တွင်မူ ယင်လဲ့ရှန်းသည် သူ့သဘောနှင့်သူ သေမင်းတံခါးအား လာခေါက်နေမှဖြင့် ရန်ကိုင်ကလည်း သက်ညှာပေးနေစရာ မလိုတော့ချေ။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၅၄၆)

“ဆရာ… ဟွာဖေးချန်ဆိုတာ မရဏဂိုဏ်းရဲ့ အကြီးအကဲတစ်ဦးပဲ… လွန်ခဲ့တဲ့နှစ်တစ်ရာလောက်တုန်းက ဧကရာဇ်ဒုတိယအဆင့်ကို ရောက်ထားခဲ့တာ… ဒီအရှေ့ဘက်နယ်မြေမှာ တော်တော်လေး နာမည်ကျော်ကြားတယ်လို့ ပြောလို့ရတယ်… အဲ့ဒါတင်မဟုတ်သေးဘူး… ယင်လဲ့ရှန်းကပါ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေပြီ… ဒီတော့ ဆရာ သူတို့ဆီကနေ ရှောင်နေရင်ပိုကောင်းလိမ့်မယ်…” ရန်ကိုင့်၏တုံ့ပြန်မှုကြောင့် ချီဟဲဖုန်း အံ့အားသင့်သွားခဲ့ရလေသည်။ ရန်ကိုင်သည် တက်သစ်စ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးသာလျှင် ဖြစ်လင့်ကစား ဟွာဖေးချန်အား ကြောက်ရွံ့သွားခြင်းမရှိဘဲ သူတို့နှင့် တွေ့ရန်ကိုပင် စိတ်အားထက်သန်နေခဲ့လေသည်။

“ဆရာ… အခု အရင်ဆုံး ဒီကနေထွက်သွားပြီး နောက်မှ အကြံတစ်ခုခု ပြန်စဉ်းစားရင် ပိုကောင်းလိမ့်မယ်နော်…” ချီဟဲဖုန်းက တိုက်တွန်းလိုက်လေသည်။

“ယင်လဲ့ရှန်းလည်း ဧကရာဇ်အဆင့်ကို ရောက်သွားတာလား…” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ “သူဘယ်တုန်းက ဧကရာဇ်အဆင့်ကို ရောက်သွားတာလဲ…”

“ဘယ်အချိန်က ဧကရာဇ်အဆင့်ကို ရောက်သွားလဲဆိုတာတော့ သေချာတော့မပြောတတ်ဘူး… ဒါပေမဲ့ သိရသလောက်တော့ ကြယ်ပျက်ပင်လယ်ထဲက ထွက်လာတဲ့အချိန် သူ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေပြီ…” ချီဟဲဖုန်းက ပြန်ပြောလိုက်လေသည်။

“ကြည့်ရတာ သူလည်း ကြယ်ပျက်ပင်လယ်ထဲမှာ ကံကောင်းခဲ့တယ်နဲ့တူတယ်…” ရန်ကိုင် သူ့ဘာသူ ရေရွတ်လိုက်၏။

ရန်ကိုင်နှင့် ယင်လဲ့ရှန်းတို့ ကြယ်ပျက်ပင်လယ်ထဲတွင် တွေ့စဉ်က ယင်လဲ့ရှန်းသည် တာအိုသခင်တတိယအဆင့် ပညာရှင်တစ်ဦးသာ ရှိပေသေးသည်။ ရန်ကိုင်ကိုယ်တိုင်မှာ မဟာဧကရာဇ်နှစ်ပါးကြား တိုက်ပွဲကို မြင်တွေ့ခဲ့ရသည့်အတွက်ကြောင့် ဧကရာဇ်အဆင့်သို့ ချိုးဖြတ်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။ ယင်လဲ့ရှန်းကရော မည်ကဲ့သို့သော အခွင့်အလမ်းမျိုးနှင့် ကြုံခဲ့ရ၍ ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ရလေသနည်း။

သို့ရာတွင် ရန်ကိုင်မှာမူ ထိုကိစ္စနှင့်ပတ်သက်၍ အရမ်းကြီး အံ့အားသင့်နေခြင်းမရှိခဲ့ပေ။ ကြယ်ပျက်ပင်လယ်ထဲတွင် အခွင့်အလမ်းပေါင်း မြောက်များစွာ ရှိနေလေရာ ယင်လဲ့ရှန်းအနေဖြင့် အခွင့်အလမ်းတစ်ခုခုနှင့် ကြုံကြိုက်ရပြီး ဧကရာဇ်အဆင့်သို့ တက်လှမ်းသွားသည်မှာ အထူးအဆန်းတော့ မဟုတ်ချေ။

တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့အား အလစ်ချောင်းတိုက်ခိုက်လိုက်သည့်လူ၏ ခေါင်းကို ဆွဲကိုင်၍ သူနှင့် အကြည့်ချင်းဆုံစေလိုက်လေသည်။ ထို့နောက်တွင် ရန်ကိုင့်၏ညာဘက်မျက်လုံး ရွှေရောင်တဖျတ်ဖျတ် တောက်ပသွားခဲ့လေ၏။

“မင်းက မရဏဂိုဏ်းကလား…” ရန်ကိုင်က မေးလိုက်သည်။

တာအိုသခင်တတိယအဆင့်သာ ရှိပေသေးလေရာ ထိုလူမှာ ရန်ကိုင့်၏စိတ်စွမ်းအင်ဖိနှိပ်မှုကို မည်ကဲ့သို့များ ခုခံနိုင်ပါမည်နည်း။ ခဏတာမျှ ရုန်းကန်နေပြီးသည့်နောက် မည်သို့မှ ပြန်လည်၍ မခုခံနိုင်တော့ချေ။

“ဟုတ်ပါတယ်…”

“မင်းတို့ ဒီရှေးဟောင်းကုန်းမြေထဲကိုရောက်လာတာ ငါ့ကြောင့်လား…”

“ဟုတ်တယ်…”

“မင်းတို့နဲ့အတူ လူဘယ်လောက်ပါလာလဲ… ဧကရာဇ်အဆင့် ပညာရှင်တွေထဲမှာ ဟွာဖေးချန်နဲ့ ယင်လဲ့ရှန်းအပြင် အခြားဘယ်သူတွေပါသေးလဲ…”

“စုစုပေါင်း လူနှစ်ဆယ့်ငါးယောက် လာတာပါ… ဧကရာဇ်အဆင့် ပညာရှင်တွေကတော့ အကြီးအကဲဟွာနဲ့ စီနီယာအစ်ကိုယင်တို့ပါပဲ… အခြားဘယ်သူမှ မပါပါဘူး…”

ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေ၏။ “ယင်လဲ့ရှန်း ရူးနေတာလား… ဒီလောက်လေးနဲ့ ဒီသခင်လေးကို နိုင်မယ်လို့ သူတကယ်ကြီးထင်နေတာလား… မင်းတို့မှာ အခြား ဘာလှည့်ကွက်တွေရှိသေးလဲ…”

“ငါတို့ ညီအစ်ကိုရောင်းရင်းတွေက ကောင်းကင်ပိတ်လှောင်ခြင်းအစီအရင်ကို လျှို့ဝှက်ခင်းကျင်းထားမှာ… မင်းသာ အဲ့အစီအရင်ထဲ ပိတ်မိသွားလို့ရှိရင် အကြီးအကဲဟွာနဲ့ စီနီယာအစ်ကိုယင်က မင်းကို ကိုယ်တိုင်သတ်ပစ်မှာ…” ရန်ကိုင့်အား အလစ်ချောင်းတိုက်ခိုက်ခဲ့သည့်လူက ပြန်ပြောလိုက်သည်။

“ကောင်းကင်ပိတ်လှောင်ခြင်းအစီအရင်…” ချီဟဲဖုန်း အလန့်တကြား ထဆိုလေ၏။

ရန်ကိုင်သည် ချီဟဲဖုန်းကိုကြည့်၍ မေးလိုက်လေသည်။ “အဲ့ဒါ ဘယ်လိုအစီအရင်မျိုးလဲ…”

“အဲ့ဒါက မရဏဂိုဏ်းရဲ့ အားအကောင်းဆုံး ပိတ်လှောင်ခြင်းအစီအရင်တွေထဲက တစ်မျိုးပဲ… အဲ့အစီအရင်ထဲ ပိတ်မိသွားပြီဆိုတာနဲ့ အထဲမှာရှိနေတဲ့လူက အသက်စွမ်းအင်တွေ တောက်လျှောက်စုပ်ယူခံရမှာ… ပြီးတော့ အဲ့အစီအရင်က အထဲမှာပိတ်မိနေတဲ့လူကို သီးသန့်ပိတ်လှောင်ပစ်လိုက်တာ… ဒီတော့ အစီအရင်ကို အထဲကနေ ချိုးဖြတ်ဖို့က လုံးဝမဖြစ်နိုင်ဘူး…” ချီဟဲဖုန်းက ထူးဆန်းသည့် အမူအယာဖြင့် ပြောလိုက်လေသည်။

တစ်ချက်မျှရပ်ပြီးသည့်နောက် မျက်မှောင်ကြုတ်၍ ထပ်ပြောလိုက်လေ၏။ “ဧကရာဇ်အဆင့် ပညာရှင်လေးတစ်ယောက်ပဲကို၊ ဘာဖြစ်လို့ ကောင်းကင်ပိတ်လှောင်ခြင်းအစီအရင်ကိုပါ သုံးတာလဲ… အဲ့ဒါက ပိုလွန်းမနေဘူးလား…”

တကယ်တော့ ချီဟဲဖုန်း၏အမြင်အရ ဟွာဖေးချန်ကိုယ်တိုင်ရောက်လာသည်ကပင်လျှင် ရန်ကိုင့်အား မျက်နှာသာပေးရာ ရောက်နေလေပြီ။ တကယ်တော့ ရန်ကိုင် မည်မျှပင် အားကောင်းနေစေကာမူ သူသည် ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ဦးသာလျှင် မဟုတ်ပေလော။ ဧကရာဇ်ပထမအဆင့်နှင့် ဒုတိယအဆင့် ကျင့်ကြံသူနှစ်ဦးမှ ပူးပေါင်းတိုက်ခိုက်မှုမှ သူ့အနေဖြင့် မည်ကဲ့သို့များ လွတ်မြောက်နိုင်ပါမည်နည်း။

ထိုနှစ်ဦး ပူးပေါင်းတိုက်ခိုက်ရုံဖြင့်ပင်လျှင် ရန်ကိုင့်အား အနိုင်ယူနိုင်ရန် လုံလောက်နေပြီဖြစ်လေရာ ဘာကြောင့်များ ကောင်းကင်ပိတ်လှောင်ခြင်းအစီအရင်ကိုပါ ထပ်မံ အသုံးပြုရလေသနည်း။ ထိုအစီအရင်ကို ခင်းကျင်းရန်အတွက် မရဏဂိုဏ်းမှ တပည့်များသည် သူတို့၏သွေးအဆီအနှစ်ကိုသုံး၍ သန့်စင်ထားသော မရဏငရဲခန်းအလံတိုင်များကို အသုံးပြုရန် လိုပေသည်။ အစီအရင်သာ ပျက်စီးသွားမည်ဆိုပါက အစီအရင်ကိုအသုံးပြုရန် ခင်းကျင်းထားသည့် မှော်ရတနာများလည်း ပျက်စီးသွားမည်ဖြစ်သလို အစီအရင်အား ခင်းကျင်းရာတွင် ပူးပေါင်းပါဝင်ကြသော တပည့်တိုင်းသည်လည်း တစ္ဆေတစ်သောင်းကိုက်ချက်ဟူသာ ဘေးထွက်ဆိုးကျိုးကို ခံစားရပေလိမ့်မည်။

မရဏဂိုဏ်းတစ်ခုလုံးကို လွှမ်းခြုံထားသော ဂိုဏ်းအကာအကွယ် အစီအရင်ကြီးမှာ ဧကရာဇ်အဆင့်သို့ရောက်နေသော မရဏငရဲခန်းအလံတိုင်သုံးခုအား အစီအရင်ဗဟိုအချက်အချာအဖြစ် အသုံးပြုထားသော ဧရာမကောင်းကင်ပိတ်လှောင်ခြင်းအစီအရင်ကြီးတစ်ခုသာ ဖြစ်ပေသည်။ ပြင်ပရန်သူတစ်ဦးတစ်ယောက်သည်သာ မရဏဂိုဏ်းထဲသို့ ကျူးကျော်လာမည်ဆိုပါက ထိုအစီအရင်အသက်ဝင်လာပြီး ထိုကျင့်ကြံသူအား အထဲတွင် ပိတ်လှောင်ထားပေလိမ့်မည်။

ထို့အတွက်ကြောင့် မရဏဂိုဏ်း၏ တပည့် အယောက်နှစ်ဆယ်ကျော်မက ပါဝင်ပူးပေါင်းလျက် ဖန်တီးထားသော ကောင်းကင်ပိတ်လှောင်ခြင်းအစီအရင်မှာ အမှန်တကယ်ကို အစွမ်းထက်သည်ဟု ပြော၍ရပေသည်။

ရန်ကိုင် မည်မျှ အားကောင်း၍များ မရဏဂိုဏ်းသည် ဤအတိုင်းအတာထိ လုပ်ရလေသနည်း။ ချီဟဲဖုန်း မပြောတတ်တော့ချေ။

သို့သော်ငြား ယင်လဲ့ရှန်းသည် ရန်ကိုင်မှာ လေဟာနယ်နိယာမများကို တတ်ကျွမ်းထားမှန်း ကြိုသိထားသည့်အတွက်ကြောင့် ဤအစီအရင်အား မရရအောင် အသုံးပြုခဲ့သည်ဆိုသောအချက်ကိုတော့ သူမသိခဲ့ပါချေ။ ဟွာဖေးချန်သည် ရန်ကိုင့်ထက် အားကောင်းလျှင် အားကောင်းလိမ့်မည် ဖြစ်သော်ငြား ရန်ကိုင့်၏ပြေးပေါက်ကို ပိတ်ဆို့ထားခြင်းမရှိဘဲ ရန်ကိုင့်အား သတ်ချင်သည်ဆိုလျှင်တော့ မဖြစ်နိုင်ပေ။

ရှေးခေတ်အချိန်များတည်းက လေဟာနယ်တာအိုကို တတ်ကျွမ်းထားသောသူများကို သတ်ရန်မှာ အခက်ခဲဆုံးဖြစ်ပေသည်။ ထိုကျင့်ကြံသူများကို သတ်နိုင်ရန်အတွက် ပထမဦးစွာအနေဖြင့် ဘက်ပေါင်းစုံကို ပိတ်ဆို့ထားရပေလိမ့်မည်။

“သီးသန့်ပိတ်လှောင်ပစ်တာလား…” ရန်ကိုင် တွေးလိုက်လေသည်။ မရဏဂိုဏ်းမှလူများ ကောင်းကင်ပိတ်လှောင်ခြင်းအစီအရင်အား ဘာကြောင့် အသုံးပြုရသလဲဆိုသည်ကို ရန်ကိုင် ချက်ချင်း နားလည်သွားလေသည်။

“ဆရာ… အရင်ပြန်ဆုတ်သင့်တယ်နော်… ဆရာ ရှေးဟောင်းကုန်းမြေထဲကို သွားရတာ တစ်ခုခု ရှာဖို့ဆိုလို့ရှိရင် ကျုပ်တို့ ချီမိသားစုကို အားကိုးလို့ရတယ်… ကျုပ်တို့ အတတ်နိုင်ဆုံး ကူရှာပေးမယ်…” ချီဟဲဖုန်းက ရန်ကိုင့်အား စိတ်အားထက်သန်စွာဖြင့် ကြည့်ရင်း ပြောလိုက်လေသည်။ ရန်ကိုင့်၏လက်ရှိခွန်အားအရ ထိုအစီအရင်ထဲသို့ ဝင်သွားသည်မှာ ကိုယ့်သေတွင်းကိုယ်တူးခြင်းနှင့်မခြားမှန်း သူပြောနိုင်ပေသည်။

“ငါရှာနေတာနဲ့ပတ်သက်ပြီး မင်းတို့ချီမိသားစု မကူညီပေးနိုင်ဘူး…” ရန်ကိုင်က ခေါင်းခါလိုက်လေသည်။

ရန်ကိုင်သည် ရတနာကိုရှာနေခြင်းမဟုတ်။ ရှောင်ရှောင်ကို ရှာနေခြင်းသာ ဖြစ်လေသည်။ ထိုကိစ္စနှင့်ပတ်သက်၍ ချီမိသားစုမှာ သူ့အား မည်ကဲ့သို့များ ကူညီပေးနိုင်ပါမည်နည်း။

ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့အား လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခဲ့သည့်လူအား လွှတ်ပေးလိုက်လေသည်။ ရန်ကိုင့်လက်မှ လွတ်သွားသည်နှင့် တစ်ပြိုင်နက် ထိုလူသည် မြေပြင်ပေါ်သို့ ခွေခွေလေး လဲကျသွားလေ၏။ အပြင်ပန်းတွင် မည်သည့်ဒဏ်ရာမှ ရမထားသော်ငြား ထိုလူ၏အတွင်းပိုင်းမှာတော့ လုံးဝကို ပျက်စီးနေခဲ့ရလေပြီ။

“သွားရအောင်…” ရန်ကိုင်သည် ကျန်းရို့ရှီနှင့် လူအိုကြီးပန်ဘက်သို့ လှည့်၍ ပြောလိုက်လေသည်။ ဘာမှထပ်သိစရာ မလိုတော့သည့်အတွက်ကြောင့် ကျန်းရို့ရှီနှင့် လူအိုကြီးပန်အား ဧကရာဇ်ချီဖြင့် လွှမ်းခြုံပြီးသည့်နောက် လိုဏ်ဂူထဲမှ တစ္ဆေတစ်ကောင်နှယ် ပျောက်သွားခဲ့လေ၏။

“ဆရာ… ဆရာ…” ချီဟဲဖုန်းမှာ နှစ်ကြိမ်တိုင်တိုင် အော်ခေါ်ခဲ့ပါသော်ငြား မည်သည့်ပြန်ထူးသံမျှ မကြားခဲ့ရချေ။ ချီဟဲဖုန်းသည် ရန်ကိုင်တို့ပျောက်ကွယ်သွားပြီးသည့်နောက် လိုဏ်ဂူထဲမှထွက်၍ ပြေးလိုက်ကြည့်ပါသော်ငြား ထူးဆန်းသောမြူခိုးသည် သူ့အမြင်အာရုံနှင့် ကောင်းကင်စိတ်အာရုံကို ပိတ်ဆို့ထားခဲ့ပေသည်။ ချီဟဲဖုန်းမှာ တစ်ခဏတာမျှ ငေးကြောင်ကြောင်ဖြင့် ရပ်နေပြီးသည့်နောက် စိတ်ပျက်ပျက်ဖြင့် ခြေဆောင့်လိုက်လေသည်။ မြူခိုးထုကြီးထဲ ရန်ကိုင့်အား ရှာတွေ့ရန်မှာ မဖြစ်နိုင်တော့ချေ။ လိုဏ်ဂူထဲတွင် ခဏမျှကြာအောင် စောင့်နေခဲ့ပါသော်ငြား ရန်ကိုင်ပြန်မလာမှန်း သိလိုက်ရသော် ချီဟဲဖုန်းလည်း လာရာလမ်းကြောင်းအတိုင်းသာ ပြန်လှည့်လာတော့လေသည်။ ယနေ့ဖြစ်ပျက်သွားသည့် ကိစ္စအကြောင်းစုံကို သူ့သခင်လေးဆီ မြန်နိုင်သမျှမြန်အောင် ပြန်ပို့ရပေလိမ့်မည်။ သို့မှသာ နောက်ဘာဆက်လုပ်မလဲ ဆိုသည်ကို သူ့သခင်လေး ဆုံးဖြတ်တတ်ပေလိမ့်မည်။

ရန်ကိုင်တို့ အာကာသလေပြင်းမှ ပုန်းအောင်းခဲ့သည့် လိုဏ်ဂူရှိရာမှ မိုင်ငါးဆယ်ခန့်အကွာတွင် နောက်ထပ်လိုဏ်ဂူတစ်လုံး ရှိနေခဲ့လေသည်။ ဤလိုဏ်ဂူကြီးသည် ရန်ကိုင်တို့နားနေခဲ့သည့်လိုဏ်ဂူထက် အများကြီးပိုကြီးပြီး လူနှစ်ဆယ်ခန့် ကာပေသည်။

ဤလိုဏ်ဂူထဲတွင်ရှိနေသည့် လူများမှာ တူညီသောဝတ်ရုံကို ဝတ်ဆင်ထားကြရာ တစ်ဂိုဏ်းတည်းမှလာကြမှန်း သိသာလှပေသည်။

သူတို့ခေါင်းဆောင်မှာတော့ တရုတ်ရိုးရာဝတ်စုံကို ဝတ်ဆင်ထားသည့် ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦးဖြစ်သည်။ ထိုလူမှာ အသက်ငါးဆယ်ခန့် ရှိပါသော်ငြား သူ့မျက်နှာမှာ ပျိုရွယ်ပြီး ပန်းရောင်သန်းနေခဲ့လေသည်။

ထိုလူမှာ အခြားမဟုတ် မရဏဂိုဏ်း၏အကြီးအကဲ ဟွာဖေးချန်သာ ဖြစ်သည်။ သူ့ဘေးနားတွင် ယင်လဲ့ရှန်းရှိနေခဲ့ပေသည်။ ယင်လဲ့ရှန်းသည် အေးစက်စက်အမူအယာဖြင့် ပြုံးရင်း ထူးဆန်းသောမြူခိုးတည့်တည့်ကို စိုက်ကြည့်နေခဲ့လေသည်။

ကြယ်ပျက်ပင်လယ်ထဲ ရန်ကိုင်နှင့်တွေ့ခဲ့သည့်အကြောင်းကို ပြန်စဉ်းစားမိလိုက်သည့်အခါတိုင်း ယင်လဲ့ရှန်းမှာ အိပ်မပျော်စားမဝင် ဖြစ်ခဲ့ရလေသည်။

ကျင့်ကြံသူတစ်ဦး ဖြစ်လာချိန်မှစ၍ သူ့ဘဝတွင် တစ်ကြိမ်တစ်ခါမျှပင်လျှင် ထိုမျှ ဆိုးဆိုးရွားရွား မခံစားခဲ့ရပေ။ သူကသည်သာ အခြားသူများအား အကြွင်းမဲ့ခွန်အားဖြင့် ဖိနှိပ်ခဲ့သူ ဖြစ်လေသည်။ တစ်ပါးသူမှ သူ့အပေါ် တစ်ခါမှ ဖိနှိပ်နိုင်ခဲ့ခြင်း မရှိချေ။

ထို့အတွက်ကြောင့် ရန်ကိုင်မှ သူ့အား အထက်စီးမှ နှိပ်ကွက်ပြောဆိုသွားသည့်အကြောင်းကို ပြန်စဉ်းစားမိလိုက်တိုင်း ယင်လဲ့ရှန်းမှာ ကြိတ်မနိုင်ခဲမရ ဖြစ်ရသည်။

ပိုဆိုးသည်မှာ ရန်ကိုင့်လက်မှ အသက်ရှင်လွတ်မြောက်နိုင်ရန်အတွက် သူ့ကိုယ်သူနှိမ့်ချ၍ပင် ရန်ကိုင့်ကို ဖားယားခဲ့ရသည်။ သူ့တွင်သာ ရန်ကိုင်စိတ်ဝင်စားနေသည့် အကြောင်းအရာ ရှိမနေခဲ့ပါက ဟင်းလင်းပြင်စီးကြောင်းထဲ၌ သေရလိမ့်မည်မှန်း ယင်လဲ့ရှန်း တစ်ထစ်ချ သိနေခဲ့သည်။ အဆုံးတွင်တော့ အသက်ရှင်နိုင်ရန်အတွက် ဝိဉာဉ်စာချုပ်အပေါ် အားကိုးခဲ့ရပေသည်။

ကြယ်တာရာလမ်းကြောင်းထဲတွင်ရှိစဉ်က ရန်ကိုင်သည် သူ့ပြိုင်ဘက်မဖြစ်နိုင်ခဲ့ပါသော်ငြား ဆယ်နှစ်ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် သူနှင့် လက်ရည်တူ ယှဉ်တိုက်လာနိုင်ရုံမက သူ့ကိုပင်လျှင် ဖိနှိပ်နိုင်ခဲ့လေသည်။

ရန်ကိုင့်ကိုသာ နောက်ထပ် နှစ်အနည်းငယ် အချိန်ထပ်ပေးလိုက်မည်ဆိုပါက သူမည်မျှကြောက်မက်ဖွယ်ကောင်းလာမလဲ ဆိုသည်ကို မည်သူမျှ မပြောနိုင်ချေ။ ထို့အတွက်ကြောင့် ယင်လဲ့ရှန်းမှာ ရန်ကိုင့်အား မြန်နိုင်သမျှမြန်အောင် ရှင်းထုတ်ပစ်ချင်နေမိပေသည်။ ရန်ကိုင့်ကိုသာ ဆက်၍ ကြီးထွားခွင့် ပေးလိုက်မည်ဆိုပါက တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သူ့အတွက် အသက်အန္တရာယ်ရှိလာနိုင်မှန်း ယင်လဲ့ရှန်းသိနေခဲ့သည်။

ထိုအကြောင်းကြောင့်ပင် ဂိုဏ်းကိုပြန်ရောက်သည်နှင့်တစ်ပြိုင်နက် အကြီးအကဲဟွာဖေးချန်နှင့်တကွ ဂိုဏ်းသားအယောက်နှစ်ဆယ်ကျော်ကို သူနှင့်အတူ ရှေးဟောင်းကုန်းမြေထဲသို့ သွားခွင့်ပေးရန် သူ့ဆရာကို တောင်းဆိုခဲ့ပေသည်။

အကြီးအကဲဟွာဖေးချန်၊ ကောင်းကင်ပိတ်လှောင်ခြင်းအစီအရင်နှင့် သူ့ဝှက်ဖဲများကို ပေါင်းလိုက်မည်ဆိုပါက ရန်ကိုင် အသက်ရှင်လျက် လွတ်မြောက်နိုင်စရာ အကြောင်းမရှိချေ။

ရန်ကိုင် သူ့ရှေ့တွင် ဒူးထောက်၍ အသနားခံ တောင်းပန်နေရသည့် မြင်ကွင်းကိုပင်လျှင် ယင်လဲ့ရှန်း မြင်ယောင်မိနေလေသည်။

ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာခဲ့လေ၏။ “အကြီးအကဲ… သတင်းဆိုး…”

ထိုလူ၏အော်သံကြောင့် ယင်လဲ့ရှန်းမှာ မျက်မှောင်ကြုတ်သွားခဲ့ပြီး စကားပြောလိုက်သည့် မရဏဂိုဏ်းမှ တပည့်ဆီသို့ လှမ်းကြည့်လိုက်လေသည်။

“ဘာကိစ္စလဲ…” ယင်လဲ့ရှန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

ဟွာဖေးချန်သည်လည်း ထိုတပည့်အား လှမ်းကြည့်လိုက်လေသည်။

“စီနီယာအစ်ကိုယောင် သေသွားပြီ…” ထိုတပည့်က ကတုန်ကယင်ဖြင့် ပြန်ပြောလိုက်၏။

“ဘယ်သူ သူ့ကိုသတ်လိုက်တာလဲ…” ယင်လဲ့ရှန်းက မေးလိုက်လေသည်။

ဤလျှိုမြောင်ထဲတွင် ပညာရှင်ပေါင်းများစွာ ရှိနေပါသော်ငြား မရဏဂိုဏ်းဟူသော နာမည်သည် အရှေ့ဘက်နယ်မြေရှိလူများအား ဖိန့်ဖိန့်တုန်သွားအောင် လုပ်နိုင်သည့် အမည်နာမတစ်ခု ဖြစ်ပေသည်။ ထိုသို့ဖြစ်လေရာ သူတို့ဂိုဏ်း၏တပည့်တစ်ဦးကို မည်သူကများ သတ်ပစ်ရဲလေသနည်း။

“ကြည့်ရတာ ဒီလူနဲ့တူတယ်….” ပြောပြီးသည့်နောက် ထိုတပည့်သည် ဓာတ်လုံးတစ်လုံးကို ထုတ်ပြလိုက်လေ၏။ ထိုဓာတ်လုံးဆီမှ ရန်ကိုင်မှ သူ့အား လုပ်ကြံသတ်ဖြတ်သည့်လူအား သတ်ပစ်နေသည့်ပုံ ထွက်ပေါ်လာခဲ့လေသည်။

“ရန်ကိုင်…” ယင်လဲ့ရှန်း အံတင်းတင်းကြိတ်လိုက်လေသည်။ ပုံရိပ်ယောင်ထဲရှိ ရန်ကိုင့်ပုံရိပ်ကိုကြည့်ရင်း ယင်လဲ့ရှန်း၏မျက်လုံးများ ရဲတက်လာတော့လေ၏။

“အဲ့ဒါသူပဲ… ဒီသခင်မလေးကို အနိုင်ကျင့်တာ အဲ့ခွေးသူတောင်းစားပဲ… ဒီတော့ သူ တကယ်ကြီး ဒီလျှိုမြောင်ထဲကို ဝင်လာတာပဲ… ဟွာဖေးချန်… ရှင် အဲ့ကောင်ကို ကျိန်းသေ ဖမ်းပေးရမယ်နော်… အဲ့ဒါမှ ဒီသခင်မလေး သူ့ကို ကောင်းကောင်းနှိပ်စက်လို့ရမှာ…” ရန်ကိုင့်၏ပုံရိပ် ထွက်ပေါ်လာသည်ကိုမြင်သော် လိုဏ်ဂူ၏ အခြားတစ်ဖက်တွင် ထိုင်နေသော အနီရောင်ဝတ်ရုံဝတ်ကောင်မလေးမှာ ရုတ်တရက် ထရပ်လာ၍ အသံကျယ်ကျယ်ဖြင့် ထအော်ပြောတော့လေ၏။

ဤကောင်မလေးမှာ လူအိုကြီးပန်အား ကျာပွတ်နှင့်ရိုက်ခဲ့သည့် ကောင်မလေးသာ ဖြစ်ပေသည်။ လက်ရှိအချိန်တွင် သူမ၏သက်တော်စောင့်ဖြစ်သော လူအိုကြီးဖုသည်လည်း သူမအနီးအနား၌ ရှိနေခဲ့လေ၏။ သို့သော်ငြား တာအိုသခင်တတိယအဆင့်သို့ ရောက်နေသော အစောင့်နှစ်ဦးကိုမူ မည်သည့်နေရာတွင်မှ မတွေ့ရချေ။ သူတို့ သေလားရှင်လား မည်သူမျှ မပြောတတ်ကြ။

အနီရောင်ဝတ်ရုံဝတ်ကောင်မလေးသည် တာအိုသခင်တတိယအဆင့် ပညာရှင်တစ်ဦးသာလျှင် ဖြစ်လင့်ကစား ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးဖြစ်သော ဟွာဖေးချန်ကိုပင်လျှင် မလေးမစားလုပ်ဝံ့သည်။ သို့တိုင် ဟွာဖေးချန်မှာတော့ ဒေါသထွက်သွားပုံမရဘဲ ကူကယ်ရာမဲ့စွာဖြင့်သာ ရပ်နေလေ၏။

ယင်လဲ့ရှန်းသည် အနီရောင်ဝတ်ရုံဝတ်ကောင်မလေးဘက်သို့လှည့်၍ ယဲ့ယဲ့လေးပြုံးကာ မေးလိုက်လေသည်။ “သခင်မလေးလင်းအာ… သခင်မလေး အပြစ်ပေးချင်တဲ့လူက ဒီလူလား…”

“ဟုတ်တယ်…” လင်းအာဟူသော ကောင်မလေးက အံကိုတင်းတင်းကြိတ်၍ မီးထွက်မတတ် မျက်ဝန်းအစုံဖြင့် ဓာတ်လုံးထဲမှ ပေါ်လာသော ပုံရိပ်ကို စိုက်ကြည့်လျက် ပြောလိုက်လေသည်။ “သူ ပြာဖြစ်သွားရင်တောင် ကျွန်မ သူ့ကို မှတ်မိတယ်… ရှင်တို့ သူ့ကို ကျွန်မအတွက် ဖမ်းပေးမှကိုရမယ်… အဲ့ဒါမှ သူ့ကို ဒူးထောက်ခိုင်းပြီး ကောင်းကောင်း ထိုင်နှိပ်စက်ပစ်လို့ရမှာ…”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၅၄၇)

လွန်ခဲ့သော နှစ်ရက်ခန့်က ဤသခင်မလေးဆိုသူသည် မရဏဂိုဏ်းမှ အဖွဲ့သားများ နားခိုနေသည့် လိုဏ်ဂူထဲသို့ ဗြုန်းစားကြီး ရောက်လာခဲ့ပြီး ဟွာဖေးချန်နှင့် သူ့အဖွဲ့သားများကို လူတစ်ဦးအား သူမအတွက် သင်ခန်းစာပေးပေးရန် အမိန့်ပေးလာခဲ့ပေသည်။

ထိုလူသည် သူမအား အနိုင်ကျင့်သွားသည်ဟု ပြောခဲ့သည်။

ထိုသခင်မလေး၏ တောင်းဆိုချက်ကို ကြားလိုက်ရစဉ် ဟွာဖေးချန်နှင့် ယင်လဲ့ရှန်းတို့မှာ အကြပ်ရိုက်သွားခဲ့ရသည်။ သူတို့သည် ရန်ကိုင့်အား အလစ်ချောင်းတိုက်ခိုက်ရန်အတွက် ဤနေရာသို့ ရောက်လာကြခြင်း ဖြစ်ကာ အခြားလူတစ်ဦးအပေါ်တွင် အာရုံစိုက်နေရန် အချိန်မရှိပေ။

အခြားလူတစ်ဦးဦးသာဆိုလျှင်တော့ ဟွာဖေးချန်နှင့် ယင်လဲ့ရှန်းတို့မှာ မသိချင်ယောင်သာ ဆောင်ထားလိုက်မည်ဖြစ်ပါသော်ငြား ဤသခင်မလေးမှာ နယ်နယ်ရရ လူတစ်ဦးမဟုတ်။ ဤကောင်မလေး၏နောက်ခံသည် အလွန်တရာကိုမှ ကြီးမားလွန်းလှလေရာ မရဏဂိုဏ်း၏ ဂိုဏ်းချုပ်သည်ပင်လျှင် သူမအား ယဉ်ယဉ်ကျေးကျေးဖြင့် ဆက်ဆံရလေသည်။ ဟွာဖေးချန်နှင့် ယင်လဲ့ရှန်းတို့ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့။

သူတို့စိတ်ထဲတွင်လည်း ဤသခင်မလေးအား ရန်စစော်ကားလိုက်သည့် အရူးအား ကြိတ်၍ ကျိန်ဆဲနေမိလေသည်။ ထိုကောင်ကြောင့်သာမဟုတ်ပါက သူတို့သည်လည်း ဤသခင်မလေး၏ အရှုပ်အထွေးထဲ ဝင်ပါရလိမ့်မည် မဟုတ်ချေ။ သူတို့အနေဖြင့် ဤသခင်မလေးကို ကူညီပေးနိုင်ပါသော်ငြား သူတို့ဘက်ကကူညီပေးလိုက်၍ ရန်ကိုင့်အား နိုးနိုးကြားကြား ဖြစ်သွားစေမည်ကို စိုးရိမ်နေရပေသည်။ သို့သော်ငြား သူတို့ မည်သို့ပင် မကူညီချင်စေကာမူ သခင်မလေး၏အမိန့်ကို မနာခံဘဲ နေ၍မရချေ။

သူတို့ခမျာ စိတ်ပျက်ပျက်နှင့် အံကိုတင်းတင်းကြိတ်နေစဉ် အာကာသလေပြင်းများ တိုက်ခတ်လာသည့်အတွက်ကြောင့် အကုန်လုံး အတူတကွ ဤလိုဏ်ဂူထဲတွင် နှစ်ရက်ခန့်ကြာအောင် ပုန်းအောင်းနေခဲ့ရသည်။

ယခုမူ ယင်လဲ့ရှန်းမှာ ထိုကိစ္စနှင့်ပတ်သက်၍ စိတ်ပျက်နေခြင်းမရှိတော့ဘဲ အတော်လေးပင် ပျော်နေခဲ့လေသည်။ “သခင်လေးလင်းအာ… ကြည့်ရတာ ကျုပ်တို့ရင်ဆိုင်ချင်နေတဲ့လူက တစ်ယောက်တည်းပဲနဲ့တူတယ်…”

“တစ်ယောက်တည်း…” မိန်းကလေးလင်းအား ကြောင်သွားခဲ့လေသည်။ လူအိုကြီးဖုသည်ပင်လျှင် မျက်လုံးပြူးသွားခဲ့၏။ “ဘယ်လိုတောင်တိုက်ဆိုင်တာလဲဟ…”

ယင်လဲ့ရှန်းက ရှင်းပြလိုက်၏။ “ကျုပ် သခင်မလေးကို ဖုံးကွယ်မထားတော့ပါဘူး… တကယ်တော့ အဲ့လူရဲ့နာမည်က ရန်ကိုင်ပဲ… သူနဲ့ကျုပ်ကြားမှာ ရန်ငြိုးရန်စတွေရှိတယ်… ဒါကြောင့်ပဲ သူ့ကိုရှင်းပစ်ဖို့အတွက် ဒီရှေးဟောင်းကုန်းမြေဆီလာခဲ့တာ…”

ထိုစကားကိုကြားသော် လူအိုကြီးဖု၏အမူအယာ ထူးဆန်းသွားခဲ့လေသည်။ “သူက တစ်ယောက်တည်းပဲလေ… အဲ့ဒါကို မင်းတို့က ဘယ်လိုလုပ်ပြီး ဒီလောက် လူအများကြီး ခေါ်လာရတာလဲ… ပြီးတော့ ကောင်းကင်ပိတ်လှောင်ခြင်းအစီအရင်ကိုပါ ပြင်ဆင်လာသေးတယ်… မင်း သူ့ကို အရမ်းအထင်ကြီးလွန်းနေတာ မဟုတ်ဘူးလား…”

“ခင်ဗျား သူ့ကို အထင်သေးလို့မရဘူး လူအိုကြီးဖု…” ယင်လဲ့ရှန်းက အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “ခင်ဗျား သူနဲ့ ရင်ဆိုင်ဖူးလားတော့ ကျုပ်မသိဘူး… ဒါပေမဲ့ အဲ့ကောင်က ထင်ထားသလောက် မရိုးရှင်းဘူး…”

လူအိုကြီးဖု၏မျက်နှာ နီမြန်းသွားခဲ့ပြီး ခေါင်းညိတ်လိုက်လေ၏။ “အဲ့ဒါတော့ဟုတ်တယ်…”

ရန်ကိုင်နှင့် ဆုံတွေ့ခဲ့သည့် အဖြစ်အပျက်ကို ပြန်စဉ်းစားကြည့်မိလိုက်သော် ယင်လဲ့ရှန်းပြောသည်မှာ မှန်ကြောင်း လူအိုကြီးဖု သိလိုက်သည်။ ထိုလူငယ်လေးသည် ဧကရာဇ်ပထမအဆင့် ပညာရှင်တစ်ဦးသာလျှင် ဖြစ်လင့်ကစား တကယ်ယှဉ်ပြိုင်တိုက်ခိုက်ရချိန်တွင်တော့ သူ့ခမျာ တစ်ချက်ကလေးပင် ပြန်မတိုက်ခိုက်နိုင်သည်အထိ ဖိနှိပ်ပစ်ခံလိုက်ရသည်။

ထို့ကြောင့်သာမဟုတ်ပါက မရဏဂိုဏ်းဆီမှ လာရောက် အကူအညီတောင်းခဲ့ရလိမ့်မည် မဟုတ်ချေ။

“အဲ့ကောင်က အားကောင်းရုံတင်မဟုတ်သေးဘူး… အခြားစွမ်းအားတစ်မျိုးကိုပါ ကျွမ်းကျင်ထားသေးတယ်… အဲ့စွမ်းအားကြောင့်ပဲ ဒီလောက်ထိ စိတ်ပူနေရတာ… အဲ့ဒါကြောင့်သာ မဟုတ်လို့ရှိရင် ကောင်းကင်ပိတ်လှောင်ခြင်းအစီအရင်ကိုတောင် သုံးမှာမဟုတ်ဘူး…” ယင်လဲ့ရှန်းက အေးစက်စက်အမူအယာဖြင့် ပြောလိုက်လေသည်။

“ဘယ်လိုစွမ်းအားလဲ…” လူအိုကြီးဖုက ပြန်မေးလိုက်သည်။

“လေဟာနယ်စွမ်းအားပဲ…”

“ဘယ်လို…” လူအိုကြီးဖုက ထိတ်လန့်အံ့အားသင့်သွားသည့်အမူအယာဖြင့် “သူ လေဟာနယ်စွမ်းအားကို ကျွမ်းကျင်ထားလို့ မင်းပြောလိုက်တာလား…”

“ဟုတ်တယ်…” ယင်လဲ့ရှန်း၏အမူအယာမှာလည်း သုန်မှုန်နေခဲ့လေသည်။ “တော်ရုံတန်ရုံ ကျွမ်းကျင်ထားတာမဟုတ်ဘူး… လေဟာနယ်စွမ်းအားကိုသုံးပြီး ဟင်းလင်းပြင်ကိုပါ ဆုတ်ဖြဲပစ်နိုင်တဲ့အထိကို ကျွမ်းကျင်ထားတာ…”

“သူ တကယ်ကြီး အဲ့လိုမျိုး လုပ်နိုင်တာလား…” လူအိုကြီးဖု၏မျက်လုံးများ တဖျတ်ဖျတ် တောက်ပသွားခဲ့လေသည်။ ထို့နောက် ပြန်၍ မေးလိုက်လေ၏။ “ဖြစ်နိုင်တာက သူက စိတ်ဝိဉာဉ်သားရဲကျွန်းက ဟိုလူရဲ့ တပည့်များ ဖြစ်နေမလား…”

လူအိုကြီးဖုမှာ နာမည်ကိုမပြောခဲ့ပါသော်ငြား သူမည်သူ့ကို ပြောနေမှန်း ဟွာဖေးချန်နှင့် ယင်လဲ့ရှန်းတို့ နှစ်ဦးစလုံး သိလိုက်ပေသည်။ ရန်ကိုင်သာ ထိုလူ၏တပည့် ဖြစ်မည်ဆိုပါက ယနေ့ကိစ္စသည် ပြဿနာများသွားပြီဟု ပြော၍ရသည်။ ထိုလူသည် မဟာဧကရာဇ်ဆယ်ပါးပြီးလျှင် အားအကောင်းဆုံးသော ပညာရှင်တစ်ဦး ဖြစ်ကာ ကြယ်တာရာအစုအဝေးထဲတွင်လည်း အလွန်ကိုမှ နာမည်ကျော်ကြားသည့် ပညာရှင်တစ်ဦးဖြစ်ပေသည်။ နံပတ်တစ်ဧကရာဇ်အဆင့်ပညာရှင်ဟူသော သူ၏ဂုဏ်ပုဒ်ကို ထည့်မတွက်လျှင်ပင် ထိုလူသည် စိတ်ဝိဉာဉ်သားရဲကျွန်းတွင် နေနေသည့်လူတစ်ဦးဖြစ်ပြီး သားရဲသခင်မဟာဧကရာဇ်၏ လေးစားတန်ဖိုးထားခံရသော လက်အောက်ငယ်သားတစ်ဦးလည်း ဖြစ်ပေသည်။

မည်သူကများ သူ့တပည့်ကို သွားရန်စရဲမည်နည်း။ သူ့အား ရန်စလိုက်ခြင်းသည် စိတ်ဝိဉာဉ်သားရဲကျွန်းကို ရန်စလိုက်ခြင်း မည်ပေသည်။ လူအိုကြီးဖုနှင့် လင်းအာဟူသော ကောင်မလေးသည်ပင်လျှင် ထိုကဲ့သို့သော အကျိုးဆက်များကို ရင်မဆိုင်နိုင်ချေ။

ထို့အတွက်ကြောင့် လူအိုကြီးဖု စိတ်ပူသွားရခြင်း ဖြစ်လေသည်။ သို့သော်ငြား ယင်လဲ့ရှန်းက ခေါင်းခါ၍ ပြန်ပြောလိုက်၏။ “ကျုပ်သိသလောက်ဆိုရင်တော့ သူနဲ့ အဲ့လူကြီးမင်းနဲ့ ဘာမှ မပတ်သက်ဘူး… ဒီတော့ ခင်ဗျားတို့ စိတ်ပူနေစရာမလိုဘူး…”

“မင်းဘယ်လိုသိတာလဲ…” လူအိုကြီးဖုက ပြန်မေးလိုက်လေသည်။ သခင်မလေး၏ သက်တော်စောင့်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် သူ့အနေဖြင့် သူ့သခင်မလေး ပြဿနာမတက်စေရန်အတွက် ကိစ္စအလုံးစုံကို သေချာစုံစမ်းရပေမည်။

ယင်လဲ့ရှန်းက ပြုံး၍ပြန်ပြောလိုက်၏။ “ဘာလို့လဲဆိုတော့ သူက တောင်ဘက်နယ်မြေက မို့လို့ပဲ…”

“တောင်ဘက်နယ်မြေ…” ထိုစကားကိုကြားသည့်အခါမှသာ လူအိုကြီးဖု စိတ်သက်သာရာရသွားခဲ့လေ၏။ “အဲ့ဒါဆိုရင်တော့ သူနဲ့ အဲ့လူကြားမှာ ဘာဆက်ဆံရေးမှမရှိတာ သေချာသွားပြီ…” ခဏမျှရပ်ပြီးသည့်နောက် ဆက်၍ပြောလိုက်လေ၏။ “ဒီတော့ ကောင်းကင်ပိတ်လှောင်ခြင်းအစီအရင်က ဟင်းလင်းပြင်ကို ပိတ်ဆို့ဖို့ပေါ့…”

“ဟုတ်တယ်…” ယင်လဲ့ရှန်းက မိစ္ဆာဆန်ဆန်ပြုံးလျက် ပြန်ပြောလိုက်၏။ “ဒီတစ်ကြိမ်တော့ လေဟာနယ်စွမ်းအားကိုမသုံးဘဲ သူဘယ်လိုထွက်ပြေးမလဲဆိုတာကို ကျုပ် တကယ်သိချင်နေပြီ…”

ဟွာဖေးချန်က ရုတ်တရက် ဖြတ်ပြောလိုက်၏။ “အဲ့ကောင်လေးက ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးဖြစ်နေပြီလား…”

ရန်ကိုင်သတ်လိုက်သော မျိုးရိုးနာမည်ယောင်နှင့်လူသည် တာအိုသခင်တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သလို လူအိုကြီးဖုနှင့် သခင်မလေးတို့မှာလည်း ရန်ကိုင့်လက်မှ ထွက်ပြေးလာခဲ့ရလေသည်။ ထိုအချက်ကိုကြည့်ရုံဖြင့်ပင်လျှင် ရန်ကိုင် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေပြီမှာ သိသာလှသည်။

“ဟုတ်တယ်လေ… သူက ဘယ်အဆင့်လို့ မင်းကထင်နေတာလဲ…” လူအိုကြီးဖုသည် ဟွာဖေးချန်အား ထူးထူးဆန်းဆန်းအမူအယာဖြင့် ကြည့်လိုက်လေသည်။

ဟွာဖေးချန်က မျက်မှောင်ကြုတ်လျက် ပြန်ပြောလိုက်လေ၏။ “ကြယ်ပျက်ပင်လယ်ထဲမှာရှိတုန်းက အဲ့ကောင်လေးက တာအိုသခင်တတိယအဆင့် ပညာရှင်တစ်ဦးပဲ ဖြစ်သေးတာလို့ ဂိုဏ်းတူတူလေးယင်က ပြောတယ်… ဒီအချိန်အတောအတွင်းမှာ…”

“သူ့ပါရမီကလည်း ထိပ်တန်းပဲ… ပြီးတော့ ကြယ်ပျက်ပင်လယ်ထဲမှာ အခွင့်အလမ်းတွေ အများကြီးရှိနေတာဆိုတော့ အဲ့အချိန်အတွင်းမှာ သူဧကရာဇ်အဆင့်ကို ရောက်သွားတာ အထူးအဆန်းတော့မဟုတ်ဘူး… ကျုပ်တောင်မှ ဧကရာဇ်အဆင့်ကို ရောက်နိုင်ခဲ့သေးတာပဲ မဟုတ်ဘူးလား… သူသာ ဧကရာဇ်အဆင့် ဖြစ်မနေခဲ့ရင် ကျုပ် ဂိုဏ်းတူဦးလေးဟွာနဲ့ ဒီက ရောင်းရင်းညီအစ်ကိုတွေကို ခေါ်လာခဲ့မှာမဟုတ်ဘူး…” ယင်လဲ့ရှန်းက ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်လေသည်။

“ကြယ်ပျက်ပင်လယ်… သူလည်း ကြယ်ပျက်ပင်လယ်ထဲ ရောက်ခဲ့တာလား…” လူအိုကြီးဖု အံ့အားသင့်သွားခဲ့လေသည်။ “ဒီတော့ မင်းပြောချင်တာက သူက ဧကရာဇ်အဆင့်ကို ရောက်ထားတာ မကြာသေးဘူးပေါ့…”

ဧကရာဇ်အဆင့်သို့ မကြာသေးခင်ကမှ တက်ရောက်ထားသော ကျင့်ကြံသူတစ်ဦးသည် သူအသစ်ရရှိလာသော ကျင့်ကြံခြင်းအား အခြေတည်ငြိမ်သွားအောင် လုပ်ရန် အချိန်မရှိသေးသလို ဧကရာဇ်ချီနှင့် ရင်းနှီးအောင်လုပ်ရန်လည်း အချိန်မရှိသေးချေ။ သို့သော်ငြား ထိုကဲ့သို့သော လူငယ်လေးတစ်ဦးသည် သူ့အား ပြန်၍ မတိုက်ခိုက်နိုင်အောင်ပင် ဖိနှိပ်ပစ်နိုင်ခဲ့သည်။ လူအိုကြီးဖုမှာ သူ့နားပင်သူ မယုံကြည်နိုင် ဖြစ်သွားခဲ့ရလေသည်။

(ငါ အရမ်းများ အသက်ကြီးလာလို့လား…)

“စိတ်မပူနဲ့လူအိုကြီးဖု… သူဘယ်လိုပဲ ကံကောင်းခဲ့ ကံကောင်းခဲ့ ဒီနေ့ ဒီနေရာမှာ ကျိန်းသေကို သေရလိမ့်မယ်…” ယင်လဲ့ရှန်း သွားပေါ်အောင် ပြုံးဖြီးပြရင်း ပြောလိုက်လေသည်။

“ရှင်တို့ ဘာတွေပြောနေကြတာလဲ…” အချိန်အတော်ကြာအောင် ငြိမ်သက်စွာ နားထောင်နေခဲ့သော လင်းအာဆိုသည့် သခင်မလေးမှာ နောက်ဆုံးတွင်တော့ စိတ်မရှည်ဖြစ်လာခဲ့လေသည်။ “အဲ့လူကိုဖမ်းပြီး ကျွန်မဆီခေါ်လာပေးဖို့ ရှင်တို့ကို ကျွန်မ ပြောနေတယ်လေ… ဘာဖြစ်လို့ ဒီအတိုင်းရပ်နေကြတာလဲ…”

ယင်လဲ့ရှန်းက လင်းအာဘက်သို့ လှည့်၍ ပြုံးကာ ပြောလိုက်လေ၏။ “အဲ့ကောင်ကိုဖမ်းဖို့က ကျုပ်တို့ နည်းနည်း ပြင်ဆင်စရာရှိသေးလို့ပါ သခင်မလေး… ဒါပေမဲ့ စိတ်မပူပါနဲ့ သခင်မလေးလင်းအာ… နောက်ငါးရက်အတွင်း ဒီယင် အဲ့ကောင်ကို သခင်မလေးလင်းအာဆီ အရောက်ပို့ပေးပါမယ်… အဲ့ချိန်ကြရင် သခင်မလေးလင်းအာ စိတ်ကြိုက် သူ့ကို အပြစ်ပေးလို့ရပါပြီ….”

လင်းအာဟူသော ကောင်မလေးက နှာခေါင်းရှုံ့လျက် “အဲ့လိုဖြစ်ရင် ပိုကောင်းလိမ့်မယ်… အဲ့ခါကြမှ အဲ့ကောင်ကို ကိုယ်တုံးလုံးချွတ်ပြီးတော့ လမ်းမပေါ်မှာ ပစ်ထားရမယ်… အဲ့ဒါမှ အခြားသူတွေ သူ့ကို ထိုင်ရယ်လို့ရမှာ…”

ထိုအကြောင်းကိုတွေးရင်း ကောင်မလေး၏မျက်နှာမှာ ပြုံးဖြီးဖြီး ဖြစ်လာလေသည်။ ဤအပြစ်ပေးမှုသည် သူမ စဉ်းစားတတ်သည့် အဆိုးရွားဆုံးသော အပြစ်ပေးမှုဖြစ်သည့်ပုံပင်။ ကျန်းရို့ရှီကိုလည်း ဤကဲ့သို့သော နည်းလမ်းကိုသုံး၍ ခြိမ်းခြောက်ခဲ့ပေသေးသည်။

ယင်လဲ့ရှန်းနှင့် အခြားသူများမှာ သူမအား ကသိကအောက် အမူအယာဖြင့် ကြည့်နေကြလေသည်။ ထိုစဉ် ဟွာဖေးချန်က ဝင်ပြောလိုက်လေ၏။ “ဂိုဏ်းတူတူလေးယောင် သေသွားပြီဆိုမှတော့ ငါတို့ ဒီမှာဆက်နေလို့ မဖြစ်တော့ဘူး… မျိုးရိုးနာမည်ရန်နဲ့ကောင် ငါတို့ထောင်ချောက်အကြောင်း သိသွားပြီး ထွက်ပြေးဖို့ကြိုးစားနေလောက်ပြီ… ငါတို့ အစီအစဉ်ပြောင်းမှ ရတော့မယ်…”

ယင်လဲ့ရှန်းက ခေါင်းညိတ်လိုက်၏။ “ဂိုဏ်းတူဦးလေးပြောတဲ့အတိုင်း လုပ်ကြတာပေါ့…”

ထိုကဲ့သို့ပြောပြီးသွားသည်နှင့် ယင်လဲ့ရှန်းတို့အဖွဲ့သည် လိုဏ်ဂူထဲမှ ထွက်လာခဲ့ကြလေသည်။ လူအိုကြီးဖုနှင့် လင်းအာဆိုသည့် သခင်မလေးမှာလည်း သူတို့နောက်မှ လိုက်လာကြလေ၏။

ထူးဆန်းသောမြူခိုးထုထဲ လူအိုကြီးပန်သည် ရှေ့ဆုံးမှ၊ ကျန်းရို့ရှီသည် အလယ်မှ၊ ရန်ကိုင်သည် နောက်ဆုံးမှနေ၍ ခရီးဆက်နေကြသည်။ တစ်ခါတစ်ရံပေါ်လာခဲ့သည့် ယင်ဝိဉာဉ်များမှာမူ ရန်ကိုင်တို့အဖွဲ့၏ အလွယ်တကူ ရှင်းထုတ်ပစ်ခြင်း ခံလိုက်ရလေသည်။

အချိန်အတော်ကြာအောင် လမ်းလျှောက်လာပြီးသည့်နောက်တွင် ရန်ကိုင်က ရုတ်တရက်မေးလိုက်လေ၏။ “ကျုပ်တို့ ဘယ်လောက် ထပ်သွားဖို့ လိုသေးလဲ လူအိုကြီးပန်…”

လူအိုကြီးပန်၏အသံ ထွက်လာခဲ့လေသည်။ “လမ်းတစ်ဝက်လောက်ပဲ ရောက်သေးတယ်… ဒီလျှိုမြောင်ရဲ့ထွက်ပေါက်ဆီ ရောက်ဖို့ဆိုလို့ရှိရင် နောက်ထပ်နှစ်ရက်လောက် ထပ်သွားရဦးမယ်…”

“နှစ်ရက်…” ရန်ကိုင်သည် တစ်ခဏမျှ စဉ်းစားပြီးသည့်နောက် ပြန်ပြောလိုက်လေ၏။ “ခုနတုန်းက ဘာဖြစ်သွားလဲဆိုတာ လူအိုကြီးပန် ခင်ဗျားလည်း မြင်လိုက်တယ်မလား… ကျုပ်ရန်သူတွေက ကျုပ်ကို အရှေ့ကနေ ကြိုစောင့်နေကြပြီ… ဒီကောင်တွေက ရင်ဆိုင်ဖို့ လွယ်တဲ့ကောင်တွေမဟုတ်ဘူး… ဒီတော့ ခင်ဗျား အခုနေ ပြန်သွားလိုက်ရင် ကောင်းလိမ့်မယ်… ကျန်တဲ့ခရီးကို ကျုပ်တို့ဘာသာ ဆက်သွားလိုက်မယ်…”

သို့ရာတွင် လူအိုကြီးပန်က အဓိပ္ပာယ်ပါပါ ပြုံးဖြီးလျက် “ဒီလူအိုကြီးလည်း မရဏဂိုဏ်းအကြောင်း ကြားဖူးပါတယ်… တကယ်ဆိုရင် သူတို့တွေက ငါရန်စလို့ရတဲ့ လူတွေမဟုတ်ဘူး… ဒါပေမဲ့ ဒီလျှိုမြောင်ထဲမှာတော့ ငါ့ဘာသာငါ သွားချင်သလိုသွား လာချင်သလိုလာနိုင်တယ်လို့ ယုံကြည်ပြီးသား… ဒီတော့ ညီငယ်လေး ငါနဲ့ပတ်သက်ပြီး စိတ်ပူနေစရာမလိုဘူး… ငါ မင်းကို ထွက်ပေါက်တဲ့ရောက်တဲ့ထိ လုံလုံခြုံခြုံနဲ့ လိုက်ပို့ပေးပါ့မယ်လို့ ပြောထားပြီးမှတော့ လမ်းတစ်ဝက်နဲ့တော့ ပြန်သွားလို့ ဘယ်ဖြစ်ပါ့မလဲ…”

ရန်ကိုင်မှ သူ့ပြဿနာအရှုပ်အရှင်းထဲ သူ့အား ဆွဲခေါ်သွားမိမည်ကို စိတ်ပူနေခြင်းဖြစ်မှန်း လူအိုကြီးပန် ပြောနိုင်ပေသည်။ သို့သော်ငြား ဤလျှိုမြောင်ထဲတွင် လူအိုကြီးပန် သာမန်လူလောက်ကို မကြောက်ချေ။ ရန်သူတစ်ဦးနှင့် ရင်ဆိုင်ရမည်ဆိုလျှင်ပင် ထူးဆန်းသောမြူခိုးထဲ ဝင်ရောက်ကာ ထွက်ပြေးနိုင်ပေသည်။ ဧကရာဇ်တတိယအဆင့်သို့ ရောက်နေသည့် လူတစ်ဦးသည်ပင်လျှင် သူ့အား ရှာနိုင်လိမ့်မည် မဟုတ်။

ဤလျှိုမြောင်အား လူအိုကြီးပန်ထက် မည်သူမှ ပို၍မရင်းနှီးချေ။

တစ်ချက်မျှရပ်ပြီးသည့်နောက် လူအိုကြီးပန်က ဆက်ပြောလိုက်လေသည်။ “စိတ်ပူမနေနဲ့ ညီငယ်လေး… သူတို့ မင်းကို အလစ်ချောင်းတိုက်ခိုက်မယ်ဆိုလို့ရှိရင်တောင် ဒီမှာတော့ လုပ်လို့ရမှာမဟုတ်ဘူး… ငါထင်တာသာမှန်ရင် သူတို့ မင်းကို ထွက်ပေါက်မှာ စောင့်နေလိမ့်မယ် အဲ့နားရောက်တော့မှပဲ ငါထွက်သွားလည်း နောက်မကျသေးဘူး…”

လူအိုကြီးပန်ပြောသည်မှာ ယုတ္တိရှိပေသည်။ မရဏဂိုဏ်းသည် ရန်ကိုင့်အား အလစ်ချောင်းတိုက်ခိုက်မည်ဆိုလျှင်ပင် ဤနေရာတွင်တော့ မတိုက်ခိုက်လောက်။ ထွက်ပေါက်နားတွင်သာ တိုက်ခိုက်လောက်ပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်လည်း ဘာမှ ထပ်ပြောမနေတော့ဘဲ ခေါင်းသာညိတ်လိုက်လေ၏။ “ကျေးဇူးအများကြီးတင်ပါတယ် လူအိုကြီးပန်…”

ထို့နောက်တွင် ရန်ကိုင်တို့သုံးဦး ဆက်၍ ခရီးဆက်ကြတော့လေသည်။

အန္တရာယ်အများဆုံးဖြစ်သော ပစ်ချင်သလိုပစ်နေသည့် မိုးကြိုးများနှင့် အာကာသလေပြင်းတို့ကို ဖြတ်ကျော်လာပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် လူအိုကြီးပန်အနေဖြင့် လမ်းကြောင်းများ ကွေ့ပတ်သွားစရာ မလိုတော့ချေ။ လူအိုကြီးပန်ပြောပုံအရ ဤလျှိုမြောင်ကြီးသည် နောက်ထပ်တစ်လလောက် အတော်လေးကိုမှ လုံခြုံသွားလေပြီ။ သူတို့စိတ်ပူစရာဆို၍ ရံဖန်ရံခါ ထွက်ပေါ်လာတတ်သော ယင်ဝိဉာဉ်များသာ ရှိတော့သည်။

ရန်ကိုင့်မှာတော့ တစ္ဆေဘုရင် လက်မလျှော့သေးမည်ကို စိတ်ပူနေခဲ့ရသည်။ တကယ်တော့ ရန်ကိုင်သည် သူ့လက်အောက်ငယ်သားပေါင်းများစွာကို သတ်ဖြတ်ခဲ့သည် မဟုတ်ပေလော။ သို့သော်ငြား နေ့ဝက်ခန့်ကြာအောင် လျှောက်လာပြီးသည့်တိုင် တစ္ဆေဘုရင်ကို မတွေ့ရသဖြင့် သူအတွေးလွန်နေခြင်းသာ ဖြစ်မည်ဟု ဆုံးဖြတ်လိုက်လေ၏။ တစ္ဆေဘုရင်သည်လည်း သူကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားမည်ဆိုလျှင်ပင် ရန်ကိုင့်အား ဘာမျှ လုပ်နိုင်လိမ့်မည်မဟုတ်မှန်း သိနေသည့်အတွက်ကြောင့် လက်လျှော့သွားသည့်ပုံပင်။

ရန်ကိုင်သတ်ဖြတ်လိုက်သည့် ယင်ဝိဉာဉ်များအတွက်မူ ဤလျှိုမြောင်ထဲတွင် ယင်ဝိဉာဉ်ပေါင်း မြောက်မြားစွာရှိနေလေရာ ရန်ကိုင် မည်မျှပင် သတ်လိုက်စေကာမူ ကိစ္စမရှိပေ။

All Chapters