← Chapters

Chapter 15

Vol. 2 Ch. 15

Chapter 15

Vol. 2 Ch. 15

ရလဒ်အနေဖြင့် .. ချင်းလိုင်တိအပေါ် ရွာသားများ၏ အမြင်သည် လုံးဝဥဿုံ ပြောင်းလဲသွားတော့သည်။

၇ ရက် ၈ ရက်လောက် ဝမ်းမသွားနိုင် ဖြစ်နေတဲ့သူက အလေ့ကျအရွက်ပြုတ် တစ်ပန်းကန် သောက်လိုက်ရုံနဲ့တင် ဝမ်းသွားတော့မလို ဖြစ်လာပြီတဲ့လား။ ပြီးတော့ အချိန်ကိုတောင် အတိအကျ ပြောနိုင်နေသေးတယ်။

ငရုတ်ကောင်းစေ့လေးရဲ့ ပါးစပ်ကတော့ တကယ်ကို ရွှေချထားရမယ် ...

များမကြာမီ ဆီးအိုးကို အခန်းထဲသို့ သယ်သွားလိုက်ကြသည်။ အားလုံး ရပ်နေကြသည့် နေရာမှာ အိပ်ခန်းနှင့် များစွာ ကွာဝေးသည့်တိုင် ဆူညံသံအချို့ကိုမူ ကြားနေရဆဲဖြစ်သည်။ မည်သူကမှ အခြားတစ်နေရာသို့ ထွက်မသွားလို။ အံ့အားသင့်ဖွယ် အပြောင်းအလဲအား မျက်မြင်ကြုံရမည့် အခွင့်အရေးကို လက်လွှတ်ခံလိုသူ မည်သူမှ မရှိကြချေ။

ဆယ်မိနစ်ခန့် ကြာပြီးနောက် ... ပြုံးရွှင်နေသည့် ချွေ့လောင်ဝူ၏ မျက်နှာကို အားလုံး တွေ့လိုက်ကြရသည်။

ချင်းလိုင်တိကမူ ဤသည်မှာ အစိုဓာတ်နှင့် အပူဒဏ်ကြောင့်ဖြစ်ကြောင်း သိပေသည်။

“အဒေါ်ကို ဒီရက်ပိုင်းအတွင်း ဒုဓလီပြုတ်ရည်ကိုပဲ နေ့တိုင်း တိုက်ပေးပါ ရေဆာရင်လည်း ဒါကိုပဲ ရေအဖြစ် သောက်လို့ရတယ် အရင်ဆုံး အစာကြေလွယ်တာလေးတွေကိုပဲ ကျွေးပါ ကျွန်မ ၅ ရက်နေရင် နောက်တစ်ခေါက် လာကြည့်ပေးပါမယ် ဒါပေမယ့် ဒီပြုတ်ရည်ကိုပဲ အချိန်အကြာကြီး စွဲသောက်လို့ မရဘူးဆိုတာကိုတော့ မှတ်ထားပေးပါ ...”

ထိုပြုတ်ရည်တစ်ခုတည်းအား စွဲစွဲမြဲမြဲ သောက်တော့မည့် အန္တရာယ်မှ ကာကွယ်နိုင်ရန် အလို့ငှာ ချင်းလိုင်တိသည် ချွေ့မိသားစုကို ဒုဓလီပင်အား ကာလကြာရှည် စွဲသောက်ခြင်း၏ ဆိုးကျိုးများကိုပါ အသေအချာ ရှင်းပြလိုက်ရသည်။

“ကောင်းပါပြီ .... ကျေးဇူးတင်ပါတယ် မင်းက ငါတို့မိသားစုအတွက်တော့ တကယ့်ကို ကျေးဇူးရှင်တစ်ယောက်ပါပဲ မင်းအဒေါ် တစ်ရက်လေးပဲ ပိုပြီး အသက်ရှင်နိုင်မယ် ဆိုရင်တောင် ဒီဦးလေးက မင်းကို ဒူးထောက်ပြီး ဂါရဝ လာပြုပါ့မယ်”

ချွေ့လောင်ဝူက စိတ်လှုပ်ရှားမှုကြောင့် မျက်နှာတစ်ခုလုံး နီရဲနေကာ အငိုမျက်လုံး အပြုံးမျက်နှာဖြင့် ပြောလိုက်သည်။

တစ်ရက်လောက်လေးပဲ ပိုပြီး အသက်ရှင်နိုင်ဖို့တဲ့လား ...

ချင်းလိုင်တိက တည်ငြိမ်စွာသာ ပြုံးပြလိုက်သည်။

ဒီလောက်ကတော့ တောင်းဆိုနေစရာတောင် မလိုပါဘူး ...

သူမက ဦးလေးချွေ့သည် လူနာကို စောင့်ရှောက်ရင်း အလုပ်များတော့မည်ဖြစ်ကြောင်း သဘောပေါက်လိုက်သည့်အတွက် စကားပြောမနေတော့ဘဲ လူအုပ်ကြားမှ အတင်းတိုးထွက်ကာသာ အိမ်သို့ ပြန်လာလိုက်တော့သည်။

စန်းလီထွင်ကွန်မြူနတီ၏ အဖွဲ့ဝင်များကလည်း ကောင်မလေး၏ ကျောပြင်သည် အသက်ဓာတ် အပြည့်အဝဖြင့် ဖွံ့ဖြိုးရန် အားယူနေသော ပေါ့ပလာပင်အလား တည့်မတ်ဖြောင့်တန်းနေကြောင်း သတိပြုမိလိုက်ကြသည်။

နောက်ရက်အတွင်းတွင်လည်း ချင်းလိုင်တိသည် လူနာကို စိတ်မချသောကြောင့် ချွေ့အိမ်သို့ နေ့တိုင်း အချိန်တစ်ခုပေးကာ သွားကြည့်ခဲ့သည်။ အဒေါ်ချွေ့တွင် ဝမ်းချုပ်သည့် လက္ခဏာ အရှင်းပျောက်သွားကာ ခံတွင်း ခြောက်နေခြင်းလည်း မရှိ၊ စိတ်ဓာတ်ပင်လျှင် သိသိသာသာ တက်ကြွလာပြီဖြစ်ကြောင်း သိလိုက်ရကာမှသာ စိတ်အေးသွားရတော့သည်။

အသည်းရောင်အသားဝါရောဂါမှာ ကုသရန် လွယ်ကူသည့် ရောဂါဟု သတ်မှတ်၍ ရသလို ခက်ခဲသည်ဟုလည်း ဆိုနိုင်ပေသည်။ အကြောင်းမှာ ၎င်း၏ လက္ခဏာများမှာ များပြားလွန်းသည့်အပြင် ကုသရန် အချိန် နှောင့်နှေးသွားလေလေ အသေးစား ရောဂါလက္ခဏာလေးများမှ ပြင်းထန်သည့် အဆင့်သို့ ပြောင်းလဲသွားလေဖြစ်ကာ တစ်ချိန်ချိန်တွင် အသက်ကို ခြိမ်းခြောက်နိုင်သည့် အဆင့်အထိပင် ရောက်သွားနိုင်သောကြောင့် ဖြစ်သည်။ ရက်ပေါင်းများစွာ ကြာမြင့်ပြီးနောက်တွင် အဒေါ်ချွေ့၏ အသားအရေသည် တစ်ဖြည်းဖြည်း အဝါရောင်ဖျော့လာကာ ညိုမည်းနေမှုများလည်း အားလုံးနီးပါးခန့် ပျောက်ကွယ်သွားတော့သည်။

ကုသနေစဉ် လမ်းတစ်ဝက်တွင် သူမသည် ချွေ့မိသားစုဘက်မှ ပူပန်နေရမည်ကို မလိုလားသောကြောင့် အဒေါ်ချွေ့၏ ဗိုက်ထဲတွင် ကြီးထွားနေသည့် မည်သည့်ရောဂါမှ မရှိတော့ကြောင်း အတည်ပြုရန် ဆေးရုံသို့ သွားပြီး ဆေးစစ်ရန် ပြောခဲ့သေးသည်။ ချင်းလိုင်တိသည် သူမ၏ လက်ဖျားထိပ်တွင် ရှိနေသည်များနှင့် ပတ်သက်၍ အလွန် ယုံကြည်ချက်ရှိပေသည်။

တစ်နေ့သောအခါ ... သူမတို့ မြေးအဘွားသုံးဦး ချက်ပြုတ်ရန် ပြင်ဆင်နေစဉ် ချွေ့လောင်ဝူ၏ အသံကို ရုတ်တရက် ကြားလိုက်ရသည်။

“အဒေါ် အိမ်မှာ ရှိနေလား ...”

ချင်းလိုင်တိက အဒေါ်ချွေ့တွင် တစ်ခုခု ဖြစ်သွားသည်ဟု ထင်လိုက်မိသဖြင့် အိမ်ရှေ့သို့ လှစ်ခနဲ ပြေးထွက်ကာ မေးလိုက်သည်။

“ရှိပါတယ် ဘာဖြစ်လို့လဲ ဦးလေးချွေ့ ...”

“ဘာမှမဖြစ်ဘူး အားလုံး အဆင်ပြေပါတယ် ဒါက ငါတို့အိမ်က ဒုတိယသား မြစ်ထဲသွားပြီး ဖမ်းလာတဲ့ ငါးလေ အဲဒါ မင်းတို့တွေ စားရအောင် လာပေးတာ ...”

သူက ဖျတ်ဖျတ်လူးနေဆဲ လက်ဖဝါးအရွယ် ကျိုက်မငါးနှစ်ကောင်ကို ကိုင်ထားကာ ပြောလိုက်သည်။

(Crucian crap ကို google မှာ သွားရှာကြည့်တော့ “ကျိုက်မ” ငါးလို့ ထွက်လာပါတယ် “ရွှေကြင်းငါး” ဒါမှမဟုတ် “ငါးနီ” လို့လည်း သုံးပါတယ်တဲ့)

“ဦးလေးဝူ ယဉ်ကျေးမနေပါနဲ့ ဦးလေးရဲ့ ဇနီး အားပြန်ဖြည့်ဖို့အတွက်ပဲ ဒါကို သိမ်းထားလိုက်ပါ ...”

ချင်းကွေ့ဟွားသည် လောဘကြီးသူတစ်ဦး ဖြစ်သော်ငြား လူနာရှိနေသည့်အိမ်မှ အသားဟင်းကိုမူ လက်မခံလိုပေ။

“ကိစ္စမရှိပါဘူး ငါ သုံးကောင် ဖမ်းလာတာ တစ်ကောင်ကို ကလေးတွေ အမေအတွက် ချန်ပြီးသား သူမက အများကြီးလည်း မစားနိုင်သေးဘူးလေ ...”

သူက ငါးကို ချကာ သူမတို့ လက်မခံမည်ကို ကြောက်နေသည့်အလား နောက်ပြန်လှည့်မကြည့်စတမ်း လှည့်ထွက်သွားတော့သည်။

ချင်းကွေ့ဟွားက သူ့နောက်ကိုလိုက်ကာ ငါးကို ပြန်ပေးမည် ပြုလိုက်သေးသည့်တိုင် အရိပ်ကိုပင် မမြင်ရတော့ချေ။ ထို့ကြောင့် ငါးကို အိမ်သို့သာ ပြန်ယူလာလိုက်ရတော့၏။ တောက်ပြောင်သည့် အကြေးခွံများဖြင့် ငါးမှာ အလွန် လတ်ဆက်လှကြောင်း သိသာလှသည့်တိုင် ဝူလီထွင်သည် တောင်တန်းဒေသဖြစ်သည့်အတွက် ငါးကို စားလေ့စားထ မရှိကြရာ ချင်းကွေ့ဟွားသည် ၎င်းကို မည်ကဲ့သို့ ချက်သင့်မှန်း မတွေးတတ်တော့ချေ။

“ဘွားဘွား သမီးလုပ်လိုက်မယ် “စံပယ်နံ့မြိုင်”နဲ့ ကြော်ပြီး ငါးစွပ်ပြုတ် လုပ်ကြမယ်လေ ...”

(စံပယ်နံ့မြိုင် - ကိတ်မုန့်တို့၊ အချိုပွဲတို့မှာ အလှဆင်ဖို့ သုံးတဲ့ ဆေးပင်တစ်မျိုးပါတဲ့ သူ့ရဲ့ အရွက်ကိုကျ ငါးဟင်းတွေ၊ စွပ်ပြုတ်တွေမှာ သုံးပါတယ် )

ကျိုက်မငါးသည် အရိုးများကာ အသားနည်းလှသည်။ ထို့ကြောင့် တို့ဖူးနှင့် ရောကြော်ခြင်းက အရသာရှိသကဲ့သို့ အညိုရောင်ဟင်းအနှစ်ဖြင့် နှပ်ခြင်းကလည်း ကောင်းမွန်ကာ ငါးကို ပေါင်းလိုက်ခြင်းက ပိုပြီး စားကောင်းပေသည်။ သို့သော် ထိုဟင်းချက်နည်းအားလုံးမှာ ဟင်းခတ်အမွှေးအကြိုင် အများအပြား လိုအပ်ကာ သူမတို့အိမ်တွင် လတ်တလော၌ ထိုဟင်းချက်အမွှေးအကြိုင်များ ရှိမနေချေ။

သူမသည် စံပယ်နံ့မြိုင်ကို ပြီးခဲ့သည့် ရက်ပိုင်းကမှ တောင်ပေါ်မှ ခူးလာခဲ့ခြင်းဖြစ်သည်။ နေပူလှန်းထား၍ မစိုမခြောက် အနေအထားတွင် ရှိနေသည့် ထိုအပင်မှာ အဝါရောင်အရေပြားတစ်လွှာ ဖုံးအုပ်ထားသည့် မုန်လာဥဖြူ အလားပင်။ ၎င်းထံမှ တိုင်းရင်းဆေးပင်များ၏ အနံ့မျိုးလည်း ရနေပေသည်။ ထိုအပင်ကို ခပ်ကြီးကြီး လှီးဖြတ်ကာ ရေနွေးပူပူထဲ ပစ်ထည့်ပြီးနောက် ဂျင်းနှစ်မွှာကိုပါ ဓါးပြားရိုက်ကာထည့်လိုက်သည်။ တစ်ခဏအကြာတွင် မီးဖိုချောင်ဘက်မှ စံပယ်နံ့မြိုင်၏ မွှေးရနံ့ ပျံ့လွင့်လာတော့၏။ ထို့နောက် သူမက အိုးထဲသို့ ပြောင်းဖူးချပါတီမုန့် တစ်ချပ်ကိုပါ ပစ်ထည့်လိုက်သည်။ နောက်ဆုံးတွင်မှ ငါးကို ထည့်လိုက်သည့်အခါ ပျစ်နှစ်မွှေးပျံ့သည့် အနံ့အရသာနှင့် ပြည့်စုံသော နို့နှစ်ရောင် စွပ်ပြုတ်အဖြစ်သို့ ရောက်ရှိသွားတော့သည်။

ချင်းလိုင်တိအဖို့ ဤသည်မှာ ပြန်လည်မွေးဖွားပြီးနောက်ပိုင်း အသားစားရသည့် ပထမဆုံးအကြိမ် ဖြစ်သည့်အတွက် မွှေးရနံ့ကြောင့် သွားရည်ယိုလုမတတ် ဖြစ်နေမိတော့သည်။ အတိတ်ဘဝက သူမသည် ကျန်းမာရေး မကောင်းခဲ့သောကြောင့် သူမ၏ သွေးတွင်းသကြားဓာတ် မြင့်တက်လာမည်ကို စိုးရိမ်စိတ်ဖြင့် လောင်ဟဲထုန်သည် သူမ စိတ်တိုင်းကျ စားသောက်ခွင့် မပြုခဲ့ချေ။ ယခုမူ သူမထံတွင် လောဘတကြီး စားသောက်ချင်စိတ်မှအပ မည်သည့် နာမကျန်းမှုမှ မရှိတော့ချေ။

သုံးဦးသား စားသောက်ရန် ပြင်ဆင်နေစဉ်မှာပင် သူတို့၏ အိမ်တံခါးဝသို့ အသက် ၂၀ ဝန်းကျင် အရွယ်ခန့် မိန်းကလေးတစ်ဦး ရုတ်တရက် ရောက်လာပြန်သည်။ ဘဲဉပုံ မျက်နှာ၊ ဝိုင်းစက်သည့် မျက်လုံးတို့ကို ပိုင်ဆိုင်ထားသည့် ထိုမိန်းကလေးမှာ ယခင်က အလွန် လှပခဲ့သည့်ဟန်ပင်။ သို့သော် ချိုင့်ဝင်နေသည့် ပါးရိုးများကြောင့် သူမ၏ ရုပ်ရည်မှာ သာမန်မျှသာ ဖြစ်သွားတော့သည်။

“စားဖို့ ပြင်နေကြတာလား တိုက်ဆိုင်လိုက်တာ ငါ ရောက်လာတာနဲ့ ကွက်တိပဲ ...”

ချင်းကွေ့ဟွားနှင့် ဖန်တိတို့မှာ သူမအား စကားပြန်ပြောရမည်ကိုပင် ပျင်းရိသောကြောင့် ချက်ခြင်း အကြည့်လွှဲလိုက်တော့သည်။ လိုင်တိကလည်း ရောက်လာသူမှာ သူတို့၏ ဒုတိယအစ်မ ချင်းယိုတိဖြစ်ကြောင်း သိပေသည်။ ယိုတိသည် ကပ်လျက်ရွာ၏ ထုတ်လုပ်ရေးအဖွဲ့ ကပ္ပတိန်နှင့် လက်ထပ်ထားသူ ဖြစ်သည်။ သူမတို့တွင် ကြီးမားသော တိုက်အိမ်ကြီးများနှင့် အလုပ်များနှင့် များစွာ ရှိကာ ကောင်းမွန်သည့် ဘဝတွင် နေထိုင်ကြသူများ ဖြစ်သည်။

“ဘွားဘွား သမီးကို စိတ်ဆိုးနေတာလား သမီးက အိမ်မှာ အရမ်း အလုပ်များနေလို့ အပြင်ထွက်လို့ မရလို့ပါ အဲဒါကြောင့် စားစရာ ပို့ပေးဖို့ကိုလည်း မေ့သွားမိတာပါ ...”

သူမက ချင်းကွေ့ဟွား၏ လက်ကို ဆွဲကိုင်ကာ တောက်တောက်ပပ ပြုံးပြလိုက်သည်။

ပြီးခဲ့သည့် ၂ လခန့်က ချင်းမိသားစုတွင် ဆန်တစ်စေ့ပင် မရှိတော့သည့်အတွက် လူတိုင်းထံမှ လိုက်လံချေးငှားရန် ကြိုးစားခဲ့ကြရသည်။ အဘွားအိုက ဘေးရွာရှိ ထုတ်လုပ်ရေးအဖွဲ့ထံ လူကြုံပါးကာ ယိုတိအား စားစရာ ၂၀ ကီလိုခန့် ထည့်ပေးလိုက်ရန်နှင့် နှစ်ကုန်ပိုင်း ဆန်ဝေငှချိန်တွင် ပြန်ပေးမည်ဟု တစ်ခါတည်း ပြောခဲ့ရန် မှာခဲ့ဖူးသည်။ သို့သော် ထိုမိန်းကလေးက လူကြုံဖြင့် ပြောလိုက်သည့် စကားများကို နားထောင်ရုံသာ နားထောင်ကာ စားစရာတစ်စေ့ပင် မပေးလိုက်ချေ။

ထိုကိစ္စနှင့် ပတ်သက်၍ အဘွားအိုကြီး ဒေါသထွက်သွားသည်ကို မဆိုထားနှင့်၊ ဖန်တိကပင်လျှင် သူမကို နှာခေါင်းရှုံ့ကာ ပြောလိုက်တော့သည်။

“ဟမ့် .. ဒုတိယအစ်မနဲ့ စကားမပြောချင်ဘူး ..."

“ဟေး ကောင်မလေး .. မတွေ့ရတဲ့ ၂ လအတွင်းမှာ အရပ်တွေ တော်တော်ကြီး ရှည်လာတာပဲ မျက်လုံးကလည်း အရင်ကထက်ပိုပြီး အသက်ဝင်လာသလိုပဲနော် ...”

နေ့တိုင်း ငါးကြီးဆီကို အချိန်မှန် သောက်နေတဲ့ဟာ အသက်အလိုက် ရှိသင့်တဲ့ အရပ်အမြင့်ကို မရောက်ရင်တောင် အရင်ကထက်တော့ သေချာပေါက်ကို ပိုရှည်လာမှာပေါ့။

“ဟမ့် .. ယောက္ခမမိသားစုကိုပဲ ဂရုစိုက်နေတဲ့သူကများ၊ ငါတို့တွေ အစာငတ်ပြီး သေမလို ဖြစ်သွားတာကိုရော သိရဲ့လား ...”

ချင်းယိုတိက စပ်ဖြီးဖြီး ပြုံးပြလိုက်သည်။

“အဲဒါက လိုင်တိ ပြင်ဆင်ပေးတဲ့ ဆေး မဟုတ်လား ရွာထဲမှာ ငါတို့အိမ်က တတိယလေးက အပြင်းအထန် နေမကောင်း ဖြစ်နေတဲ့သူကို အသီးအရွက်ပြုတ်ရည် တစ်ပန်းကန်နဲ့ ကုပေးတယ်လို့ ကြားခဲ့ရလို့လေ လူနာက အဒေါ်ချွေ့ မဟုတ်လား အိုက်ယား အဒေါ်ချွေ့ရဲ့ အခြေအနေကို မသိတဲ့သူ ရှိမယ်လို့တောင် မထင်ဘူး။ သူမအတွက် တကယ်ကို ခက်ခဲခဲ့တာပဲ။ အဘွား မသိဘူးလား ရွာထဲမှာ တတိယလေးက နတ်ဆေးသမားတော်လေး ဖြစ်နေပြီလေ ...”

သူမသည် ချင်းလိုင်တိက ဝက်ပေါက်လေးများ မွေးပေးခဲ့ကြောင်းကိုပါ ကြားခဲ့သေးသော်လည်း ထိုအကြောင်းကိုမူ မယုံကြည်ခဲ့ချေ။ သူ့ညီမ၏ လုပ်ဆောင်ရည်အကြောင်းကို သူမအနေဖြင့် မသိနိုင်စရာ မရှိချေ။ သို့သော် လတ်တလော၌ အားလုံးသည် အသီးအရွက်ပြုတ်ရည် တစ်ပန်းကန်ဖြင့် ရောဂါ ကုပေးခဲ့သည့် အကြောင်းကိုသာ ပြောနေကြကာ တတိယလေး ပြောခဲ့သည့် စကားများအားလုံး တစ်လုံးမကျန် ကွက်တိ ပြန်ကြားနေခဲ့ရသည်။ ရွာထဲသို့ ဝင်လာသည့်အခါတွင်လည်း သူမသည် ရွာဝင်ပေါက်၌ စိတ်လက်ကြည်လင်စွာဖြင့် နေပူဆာလှုံနေသော အဒေါ်ချွေ့ကို ကိုယ်တိုင် မြင်ခဲ့ရသည်။

“တတိယလေး နင်က လျှို့ဝှက်တဲ့နေရာမှာ တကယ်ကို ကျွမ်းကျင်တာပဲ။ ဘာလို့ အရင်က ဒီလို အစွမ်းအစမျိုးကို မတွေ့ခဲ့ရတာပါလိမ့် ...”

ချင်းလိုင်တိက မျက်နှာသေဖြင့် ရပ်နေဆဲပင်။ စင်စစ်အားဖြင့် သူမသည် ကလေးဘဝကတည်းက ဤဒုတိယအစ်မကို သဘောမကျခဲ့ချေ။ အစ်မအကြီးဆုံးသည် ရိုးသားကာ ကြင်နာတတ်ပြီး အိမ်အလုပ် အားလုံးကို သိမ်းကျုံးကာ လုပ်သွားတတ်သည်။ သူမက အလုပ်အမှတ်များ ရရန်အတွက် ငယ်စဉ်အရွယ်ကတည်းက အဘွားဖြစ်သူနှင့်အတူ လုပ်ငန်းခွင်ထဲသို့ လိုက်ခဲ့ရသည်။ သို့သော် ဒုတိယအစ်မကမူ မည်သည့်နေရာတွင်မှ ထူးချွန်သည်ဟု မရှိ၊ အားလုံးထက်အရင် စားသောက်ရန်သာ သိကာ သူမကို ကိုင်တွယ်ရသည်မှာ ငါးရှဉ့်ထက်ပင် ပိုဆိုးသေးသည်။

သူမသည် ငယ်စဉ်ကတည်းက ကောင်းသည့်အရာတစ်ခုခုကို ညီအစ်မလေးယောက်စာ ရလေတိုင်း အစ်မကြီးနှင့် လေးယောက်မြောက် ညီမကို ဝေစုထဲမှ နည်းမျိုးစုံသုံးကာ ချော့မော့၍ ဖယ်ထုတ်လေ့ရှိသည်။ ထိုအကြောင်းကို အဘွားက သိသွားကာ သူမကို ရိုက်နှက်မည် ပြုလေတိုင်း သူမက အစ်မကြီးနှင့် လေးယောက်မြောက်ညီမသည် သူတို့သဘောနှင့်သူတို့ ပေးခြင်းဖြစ်သည်ဟုသာ ပြောလေ့ရှိသည်။

ထိုသို့ဖြင့် စိတ်တိုလွယ်သော ချင်းလိုင်တိကလည်း သူမကို သဘောမကျဆုံး ဖြစ်လာကာ ညီအစ်မနှစ်ဦးသား မကြာခဏ စကားများ ရန်ဖြစ်ကြတော့သည်။ သို့သော် အတိတ်ဘဝ၌ အဘွားဖြစ်သူ ကွယ်လွန်သွားပြီးနောက် အကြီးဆုံး အစ်မဖြစ်သူလည်း ရူးသွပ်သွားချိန်တွင် ဤ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် ဒုတိယအစ်မ တစ်ဦးတည်းကသာလျှင် သူမကို စာပို့ဖုန်းဆက်ကာ အဆက်အသွယ် လုပ်ပြီး လိုအပ်သည့် ပစ္စည်းများကို ပို့ပေးခဲ့သူ ဖြစ်သည်။ သို့သော် သူမက ထိုပစ္စည်းများကို လက်မခံ၊ ဒုတိယအစ်မကို သူမ၏ ကျေးဇူးရှင် ဖြစ်ခွင့်မပေးခဲ့ပေ။

ကျောက်ဟိုင်ယန်း၏ နှင်ထုတ်ခြင်းကို ခံခဲ့ရချိန်တွင်လည်း တစ်ခေါင်းလုံး ဖြူဖွေးနေသည့် ဒုတိယအစ်မသည် သူမကို ကူညီရန် အိမ်အထိ ရောက်လာခဲ့သည်။ ဒုတိယအစ်မက အခြေအနေ ပိုဆိုးလာခဲ့ပါလျှင် သူမနှင့်အတူ ရွာသို့ ပြန်လိုက်ရန်အထိ ပြောခဲ့သည်။ သူမ၏ သားသည် မိဘကို သိတတ်သူ ဖြစ်သည့်အတွက် သူမတို့ ညီအစ်မကို စားစရာ သောက်စရာများ ကျိန်းသေ ထောက်ပံ့ပေးမည် ဖြစ်သည်။

နှစ်ပေါင်းများစွာ ကြာမြင့်သည်အထိ သူမနှင့် ဒုတိယခဲအိုသည် ဆေးရုံသို့ တွန်းလှည်းတစ်စီးဖြင့် ရောက်လာတတ်ကြကာ တစ်ခါလာလျှင် ဆယ်ရက်မှ လဝက်အထိ နေပေးတတ်ပြီး သူမအတွက် ငွေအားရော လူအားပါ ထောက်ပံ့ပေးခဲ့ကြသည်။

ထိုအကြောင်းကို တွေးမိသည့်အခါ ချင်းလိုင်တိသည် ဆက်ပြီး ဟန်မဆောင်နိုင်တော့။ ဒုတိယအစ်မကို ပွေ့ဖက်လိုက်မိတော့သည်။

“ဟမ့် .. မိသားစုထဲမှာ ဒုတိယအစ်မက နှလုံးသား အမဲ့ဆုံးပဲ ...”

“ဟေး .. ကောင်မလေး ဘာလို့ ဒီလိုကြီး ပြောရတာလဲ ငါးစားနေတာကိုတောင် လှမ်းမခေါ်ကြတာ နင်တို့ပါနော် ဘယ်လိုတောင် ပြောရဲရတာလဲ ...”

သူမက လောကဝတ်စကားပင် မဆိုတော့ဘဲ တူနှင့် ပန်းကန်ကို ကောက်ကိုင်ကာ ငါးဗိုက်သား၏ အသားအပေါဆုံး အပိုင်းကို ကောက်ကိုင်လိုက်သည်။

ပေါက်ကရတွေ .. စားချင်သောက်ချင်လို့ကို နေ့လည်စာစားချိန်မှ ကွက်တိ ရောက်လာမှန်း ဒီလောက် သိသာနေတာကို။

ချင်းကွေ့ဟွားက မျက်လုံးကို လှိမ့်ပြကာ ပြောလိုက်သည်။

“ပါးစပ်ကို ပိတ်ထားလိုက်စမ်း ....”

ယိုတိ၏ မျက်နှာမှာ မည်သည့် ပြဿနာမှ မကြုံတွေ့ရဘဲ အပူအပင်ကင်းကင်း နေထိုင်ရသည့် အရိပ်အယောင်တို့ ထင်ဟပ်နေကာ သူမက လိုင်တိအား လက်ထပ်မှုနှင့် ပတ်သက်၍ အမြန် ပြောပြရန်ပင် တိုက်တွန်းလိုက်သေးသည်။ တတိယလေး၏ လက်ထပ်ပွဲနှင့် သူမ၏ ဆေးပညာအရည်အချင်းတို့အကြောင်းမှာ အနီးအနားရှိ ရွာအားလုံးတွင် အကြီးကျယ်ဆုံးသော သတင်းထူး ဖြစ်နေပြီဖြစ်ရာ ၎င်းသည် တစ်ကမ္ဘာလုံးအနှံ့ ပျံ့နှံ့နေပြီဟု ဆိုလျှင်ပင် လွန်အံ့မည် မထင်။

တတိယလေး၏ အိမ်ထောင်ဖက်မှာ နည်းပညာရှင်တစ်ဦးဖြစ်ကြောင်း သိလိုက်ရသည့်အခါ သူမ၏ စိတ်ထဲတွင် မနာလို အားကျစိတ်တို့ ဖြစ်ပေါ်လာတော့သည်။ တစ်ဖက်လူ၏ မိဘများမှာ ပိုင်တာ့ဟွမ်တွင် ဖြစ်ကြောင်း သိလိုက်ရသည့်အခါ ပူပန်သွားရပြန်၏။ တတိယလေး၏ ဘဝ ကောင်းကောင်းမွန်မွန် မရှိမည်ကို စိုးရိမ်မိသကဲ့သို့ တတိယလေး၏ ဘဝ ကောင်းမွန်ကြောင်း သိရပြန်သည့်အခါတွင်လည်း ကြောက်ရွံ့မိနေပြန်တော့သည်။

“အစ်မက ဘယ်ဟာမဆို စေ့စေ့ပေါက်ပေါက် လိုက်မေးတတ်မှန်း မသိတဲ့သူ ဘယ်သူရှိလို့လဲ ဒီကိစ္စတွေကို တတ်နိုင်သလောက် ဝေးဝေးသွားထားစမ်းပါ ...”

ယိုတိနှင့် နျူသာ့ကန်းတို့ လက်ထပ်ထားသည်မှာ သုံးနှစ်နီးပါး ရှိနေပြီဖြစ်ကာ ပြီးခဲ့သည့်နှစ်ကမှ သားတစ်ဦး မွေးဖွားထားကြသူများ ဖြစ်သည်။ သူမသည် အလွန် စကားများသူ ဖြစ်သည့်အပြင် ခင်ပွန်းသည်၏ မိသားစုထဲတွင်လည်း ရေထဲက ဘဲတစ်ကောင်သဖွယ် နေထိုင်သူ ဖြစ်သည်။ ထို့ကြောင့် မည်သူကမှ သူမကို အိုက်လန်ကဲ့သို့ ပူပန်တကြီးဖြင့် ခင်ပွန်း၏ အိမ်တွင် မည်ကဲ့သို့ နေထိုင်ရကြောင်း မေးမနေကြချေ။

သူမအကြောင်း စုံစမ်းလိုက်သည့်အခါတိုင်း ယောက်မနှင့် ရန်ဖြစ်ကာ ယောက်မကို မြေပေါ်သို့ အပြတ်လှဲသိပ်နိုင်ခဲ့ကြောင်း သို့မဟုတ် သူမကို ငြူစူစောင်းမြောင်းတတ်သည့် လင်ညီအစ်မကို ခေါင်းမခေါ်နိုင်အောင် အနိုင်တိုက်နိုင်ခဲ့ကြောင်းများကိုသာ ကြားခဲ့ရပေသည်။

စားသောက်ပြီးနောက် ချင်းယိုတိသည် တစ်အိမ်လုံးကို လှန်လှောရှာဖွေလိုက်သော်လည်း မည်သည့် ပစ္စည်းကောင်းကိုမှ မတွေ့ခဲ့ရ။ ထို့ကြောင့် သူမ၏ အာရုံအလုံးစုံသည် ခြံထဲ၌ စုပုံထားသော ဆေးပင်များထံသို့ ရောက်ရှိသွားတော့သည်။

“ဒီအပင်တွေက နင် တောင်ပေါ်ကနေ ခူးလာတဲ့ ဆေးပင်တွေဆို။ မှန်းစမ်း တစ်ချက်လောက် ကြည့်ကြည့်ရအောင် .. စားကောင်းတာလေးတွေ ရှိရင် အိမ်ပြန်ယူသွားပြီး ငါ့ရဲ့ ယောက်မကို လောဘဇောတွေ တက်လာအောင် လုပ်ပစ်ရမယ် ...”

ချင်းလိုင်တိ၏ မျက်နှာတွင် အမည်းရောင်မျဉ်းကြောင်းတို့ ထွက်ပေါ်လာတော့သည်။

“ဒီအပင်တွေ အကုန်လုံးကို အချိန်တိုအတွင်း ကုန်အောင် မစားနိုင်ဘူး မဟုတ်လား ဘာလို့ ဆေးဖက်ဝင်ပစ္စည်း စုဆောင်းရေးဌာနကို သွားမရောင်းတာလဲ ...”

“ငါလည်း အဲဒီ့အကြောင်းကို ကြားဖူးသေးတယ် လက်ပတ်နီတွေ ဖမ်းတာ မခံရအောင်တော့ ဂရုစိုက်နော် ငါတို့ရွာမှာတောင် အသီးအရွက်တွေ၊ ကြက်ဉတွေကို ခိုးရောင်းတဲ့သူတွေ ရှိတယ် ငါ့ယောက္ခထီးတောင် တစ်ချို့ဟာတွေကို မမြင်ချင်ယောင်ဆောင်ထားတာ ..."

All Chapters