Chapter 16
Vol. 2 Ch. 16
ချင်းလိုင်တိသည် လွန်ခဲ့သော ၂ လအတွင်း ငွေရှာနိုင်မည့် နည်းလမ်းကိုသာ မျိုးစုံ စဉ်းစားနေခဲ့သည်။ သူမက အရောင်းဌာနသို့ သွားကာ နှစ်ကြိမ်တိုင် စုံစမ်းခဲ့သေးသော်လည်း ဌာနဘက်မှ ဂျင်ဆင်းနှင့် ပန်းကလန်ကဲ့သို့သော တန်ဖိုးကြီး ဆေးမြစ်များကိုသာ ဝယ်ယူလိုပေသည်။ ထို့ကြောင့် သူမသည် နှစ်လတိုင်တိုင် မိုးလင်းမှ မိုးချုပ်သည်အထိ စေ့စေ့စပ်စပ် လိုက်ရှာသည့်တိုင် ဂျင်ဆင်းမြစ်၏ အရိပ်အယောင်ကိုပင် မတွေ့ခဲ့ရချေ။
တောင်ပေါ်တွင် သူမ ရှာတွေ့ခဲ့သည့် အလေ့ကျ အသီးအရွက်ရိုင်းများမှာလည်း သခွားမွှေးနှင့် တရုတ်ဇီးသီးများသာ ဖြစ်ကာ အရည်အသွေးမှာ စိုက်ခင်းဖြင့် ဂရုတစိုက် စိုက်ပျိုုးထားသော အသီးများနှင့် ကွာခြားလှသောကြောင့် မည်သူကမှ ၎င်းတို့ကို မလိုချင်ကြချေ။
ချင်းယိုတိက သူမ၏ အတွေးများကို သတိမထားမိ၊ သူမ၏ ထင်မြင်ချက်ကိုသာ တရစပ် ဆက်ပြောနေလိုက်သည်။
“ငါတို့အဖွဲ့ထဲမှာလေ တော်တော်လေး ဉာဏ်ကောင်းတဲ့ ကောင်မလေးတစ်ယောက် ရှိတယ် စစချင်းတုန်းကတော့ သူက ကြက်ဉဘဲဉတွေကိုပဲ တိတ်တိတ်လေး ခိုးရောင်းတာ သူ့မှာ ရောင်းစရာ သိပ်မကျန်တော့ရင် တစ်ခြားလူတွေစီကပါ ယူပြီးတော့ အမြတ်ရအောင် ရောင်းပေးတယ်လေ အဲဒါနဲ့ သူမကို အားကျပြီး ကျန်တဲ့လူတွေကပါ သူ့အတိုင်း လိုက်လုပ်လာကြရော။ နောက်ကျ အဲ့ကောင်မလေး ဘာဖြစ်သွားလဲ သိလား ...”
“သူကလေ ကြက်ဉဆားရည်စိမ်၊ ဘဲဉဆားရည်စိမ်တွေ လုပ်ပြီး မြို့ပေါ်က အစိုးရခြံဝင်းထဲ သွားရောင်းလိုက်ပြန်ရော။ နောက်တစ်ခါ ထပ်ကံကောင်းသွားပြန်တယ် ပြောရမလားပဲ။ နင် ပြောကြည့် ဒီကောင်မလေး ဒီလို အကြံတွေကို ဘယ်ကနေများ စဉ်းစားမိလဲ မသိဘူးနော် ...”
ထိုအကြောင်း ကြားလိုက်ရသည့်အခါ ချင်းလိုင်တိ၏ စိတ်ထဲတွင် အလင်းတစ်ချက် ဖြတ်ပြေးသွားကာ အကြံဉာဏ်သစ်တစ်ခု ရလိုက်တော့သည်။
ထိုသို့ဖြင့် နောက်ထပ်လဝက်အတွင်း ချင်းလိုင်တိသည် ပုံမှန်ထက်ပင် ပိုပြီး အလုပ်များနေတော့သည်။ သူမက ဝက်များကို စောင့်ရှောက်ကာ တောင်ပေါ်သို့ ဆေးပင်တက်ခူးသည့်အပြင် ညဉ့်နက်သည်အထိ ခြံဝင်းတစ်ခုလုံး မီးခိုးငွေ့များ ဖုံးလွှမ်းနေအောင် ကြော်လှော်ချက်ပြုတ်ရင်း အလုပ်များနေခဲ့သည်။
ထို့နောက်တွင် သူမသည် အမျိုးသားနေ့ အပြီး နေသာသည့် နေ့တစ်နေ့ကို ရွေးချယ်ကာ မြို့ပေါ်သို့ နောက်တစ်ကြိမ် သွားလိုက်ပြန်သည်။
သူမက ရွာအဝင်တွင် ထွန်စက်ကို ငှားလိုက်သည်။ ကံကောင်းစွာဖြင့် သူမ ငှားသည့်အချိန်တွင် ထွန်စက်ပေါ်၌ လူငယ်တစ်ဦးသာ ရှိနေသေးသည်။ သတ္ထုကိုင်းမျက်မှန်ကို တပ်ဆင်ထားသည့် ထိုလူငယ်၏ ပုံစံမှာ အလွန်ရည်မွန်ကြော့ရှင်းလှသည်။ သူက ဝူလီထွင်ရှိ လူငယ်ဌာနတွင် သင်ကြားပေးရန် တာဝန်ရှိသူဖြစ်ကာ အားလုံးက သူ့ကို လျောင်စစ်ယန်ဟုသာ သိထားကြပြီး နာမည်အပြည့်အစုံကိုမူ မည်သူကမှ မသိကြချေ။
နှစ်စဉ်နှစ်တိုင်း ကျေးလက်ဒေသသို့ သင်ကြားပေးရန် ပညာတတ်လူငယ်များစွာကို စေလွှတ်ပေးလေ့ရှိကာ ထိုလူငယ်အများစုမှာ မြို့ကြီးသားများ ဖြစ်ကြသည့်အတွက် လယ်ယာစိုက်ပျိုးရေးနှင့် ပတ်သက်၍ တစ်လုံးတစ်ပါဒမျှပင် မသိကြချေ။ ထို့ကြောင့် အလုပ်လုပ်ရမည့် အချိန်တွင် ဖျားနာဟန်ဆောင်ကြသူများလည်း ရှိလာခဲ့တော့သည်။ ရလဒ်အနေဖြင့် နှစ်ကုန်ပိုင်းအတွက် စားစရာခွဲတမ်း ရသည့်အခါ ကျေးရွာအဖွဲ့ဝင်များသည် သူတို့ကိုပါ ဝေမျှပေးရသည့်အတွက် ပညာတတ်အုပ်စုနှင့် ရွာသားများအကြားတွင် စည်းတစ်ခု သိသိသာသာ ခြားနားသွားတော့သည်။
လိုင်တိကမူ ခြွင်းချက်ဖြစ်သည်။ သူမတွင် အထက်စီးဆန်သည့် အကျင့်စရိုက်ကို ပိုင်ဆိုင်ထားကာ အရာရာကို သိလိုစိတ်အပြည့်လည်း ရှိနေပေသည်။ သူမသည် ထိုသူတို့ကို အမြဲလိုလို မေးခွန်းများ မေးနေတတ်ကာ ထပ်တလဲလဲ လည်ပတ်မေးမြန်းမှုများကြောင့် ရန်သူကို မိတ်ဆွေအဖြစ်သို့ ပြောင်းလဲနိုင်သွားတော့သည်။
ဥပမာအားဖြင့် သူမသည် သူမ၏ အရှေ့ရှိ ပညာတတ်လူငယ်လေး ချင်းလျောင်သည် ဟိုင်ချန်မှဖြစ်ကာ ထိုသူ၏ ဖခင်သည် ရေဒီယိုစက်ရုံ၏ ပစ္စည်းထုပ်ပိုးသူတစ်ဦးဖြစ်ကြောင်း သိထားပေသည်။ သူသည် ဖခင်၏ အလုပ်နေရာကို တိုက်ရိုက်ဝင်ယူလိုက်၍ ရသော်ငြား အစ်မဖြစ်သူက ကျေးလက်ဒေသသို့ သွားကာ ဆင်းရဲဒုက္ခခံရမည်ကို မကြည့်ရက်သဖြင့် ရေဒီယိုစက်ရုံမှ အလုပ်ကို သူ့သဘောဖြင့်သူ စွန့်လွှတ်ခဲ့လိုက်သည်။ ၁၉၆၆ မှ ၁၉၇၃ ခုနှစ်အထိ သူသည် ၇ နှစ်တိုင်တိုင် ဝူလီထွင်တွင် လုပ်အားပေး လုပ်ခဲ့သည်။
အတိတ်က သူမသည် လျောင်ကျီရှန်း၏ ဘဝအကြောင်းကို သိထားခဲ့သော်လည်း များစွာ အလေးအနက် မထားမိခဲ့ချေ။ သို့သော် ယခုမူ ကိစ္စတစ်ခုကို ရုတ်တရက် သတိပြုမိသွားတော့သည်။
လောင်ဟဲကလည်း ရေဒီယိုစက်ရုံမှာ အလုပ်လုပ်နေတာ မဟုတ်လား ဒါဆို သူနဲ့ လျောင်မိသားစုက လုပ်ဖော်ကိုင်ဖက်တွေတောင် ဖြစ်နေမလား မသိဘူး။
ဒါဆို အခုက စကားလက်ဆုံကျရမယ့် အချိန်ကောင်းပဲ။
“အစ်ကိုလျောင်လည်း ကောင်တီကို သွားမလို့လား ...”
လျောင်ကျီရှန်းက ပတ်ဝန်းကျင်ကို ဗလာသပ်သပ်ဖြင့် ငေးကြည့်နေစဉ် ချင်းလိုင်တိဘက်မှ စကားစလာသည့်အတွက် အနည်းငယ် အံ့ဩမိသွားတော့သည်။
သူသည် တပ်မဟာစီရင်စုတစ်ခုလုံးတွင် သိသာထင်ရှားမှု မရှိဆုံး ယောကျ်ားတစ်ဦးဖြစ်ကာ ကလေးများကပင်လျှင် အနိုင်ကျင့်လိုကြသည့် ငါးမီတာထက် ပိုဝေးသွားပါလျှင် လူနှင့် တိရိစ္ဆာန်ကိုပင် မခွဲခြားတတ်တော့သည့်၊ လေးလံသည့် ပစ္စည်းများကို ကောက်ယူနိုင်ခြင်း မရှိသည့် ပညာတတ် လေးလုံးမှန်ကြောင်တစ်ဦးဖြစ်ကာ ချင်းလိုင်တိကမူ တပ်မဟာအဖွဲ့တစ်ခုလုံးတွင် အလှဆုံးမိန်းကလေး ဖြစ်ပေသည်။ ထို့အပြင် လက်ရှိ၌ သူမသည် လှပရုံသာမက သေလုနီးနီး လူတစ်ဦးကိုပင် အသက်ပြန်သွင်းပေးနိုင်သည့် နတ်ဆေးသမားတော်တစ်ဦး ဖြစ်နေလေသည်။
စင်စစ်အားဖြင့် သူသည် မွေးကတည်းက စကားနည်းသူ ဖြစ်ပေသည်။ အမြင်အာရုံ ကောင်းမွန်ခဲ့စဉ်က သူသည် အလယ်တန်းကျောင်း စာပေအသင်း၏ ကျောထောက်နောက်ခံတစ်ဦး ဖြစ်ခဲ့ကာ ငယ်ရွယ်မှုအရှိန်ဖြင့် ဖုန့်ချိုးကိုပင် အော်ငေါက်ခဲ့ဖူးသည်။ သို့သော် ပြီးခဲ့သည့် နှစ်အနည်းငယ်ခန့်မှ စတင်ကာ သူ့အမြင်အာရုံ မှုန်ဝါးလာခဲ့သည့်အတွက် တစ်ဖြည်းဖြည်း စိတ်အားငယ်လာတော့သည်။
ချင်းလိုင်တိက ကြောင်အနေသူကို ပြုံးပြကာသာ ဆက်မေးလိုက်တော့သည်။
“အစ်ကိုလျောင် .. ဒီနေ့ မြို့ပေါ်ကို သွားတာ ဘာလုပ်စရာ ရှိလို့လဲ ...”
“မဟုတ် မဟုတ်ဘူး .. ဘုံအဖွဲ့ကိုပဲ သွားမလို့။ အိုး ဟုတ်သားပဲ ကိစ္စတစ်ခု ဖြစ်သွားသေးတယ်လေ ...”
ချင်းလိုင်တိက မည်မျှပင် ပြုံးပြနေပါစေ တစ်ဖက်လူထံ၌ ပြဿနာတစ်ခုခု ရှိမရှိကို မသိနိုင်ခဲ့သည့်အတွက် ရွာထဲမှ စိတ်ဝင်စားစရာကိစ္စများနှင့် ဟိုင်ချန်တွင် ပေါ်နေသည့် အသစ်အဆန်းများအကြောင်း ပြောကာသာ စကားလမ်းကြောင်း လွှဲလိုက်တော့သည်။ လျောင်ကျီရှန်းက သူမကိုပင် စေ့စေ့စပ်စပ် မကြည့်ရဲ၊ ချင်းလိုင်တိ တစ်ဦးတည်းကသာ ကရားရေလွှတ် တတွတ်တွတ် ပြောနေခဲ့ခြင်း ဖြစ်သည်။
“မင်းက ဟိုင်ချန်က လူနဲ့ လက်ထပ်လိုက်ပြီဆို ...”
သူက ထိုအကြောင်းကိုသာ ကြားခဲ့ခြင်း မဟုတ်၊ ငရုတ်ကောင်းစေ့လေးသည် သူမ၏ ထိုလက်ထပ်ပွဲအပေါ် နောင်တရကာ ကွာရှင်းလိမ့်မည်လားဟု ရွာထဲမှ အဒေါ်ကြီးများ အလောင်းအစား လုပ်နေကြသည်ကိုပင် ကြားခဲ့ရသေးသည်။
တိတိကျကျ ပြောရပါလျှင် ထိုနည်းပညာရှင်ကောင်လေးက သူမကို မည်သည့်အချိန်တွင် စွန့်ပစ်သွားလေမလဲဟု လောင်းကြေးထပ်နေကြခြင်း ဖြစ်သည်။
သူသည် အမြင်အာရုံ ချို့ယွင်းမှုကြောင့် အမျိုးသမီးများနှင့် အလုပ်အတူတူ လုပ်ရသဖြင့် အတင်းအဖျင်းများစွာကို ကြားခဲ့ရပေသည်။ သို့သော် ထိုအတင်းပြောသူ အုပ်စုထဲသို့ သူကိုယ်တိုင် ဝင်ရောက်ကာ ပြောဆိုခြင်းကိုမူ တစ်ကြိမ်မှ မလုပ်ခဲ့ဖူးချေ။
လိုင်တိကလည်း သူ၏ အကျင့်စရိုက်ကို ယုံကြည်သည့်အတွက် ဟဲလျန်ရှန်း၏ အခြေအနေကို အသေးစိတ် ရှင်းပြကာ သူမ ပြောပြ၍ ရသည့် အကြောင်းအရာများကို ပြောပြလိုက်သည်။
သူမ၏ စကားကို နားထောင်ပြီးနောက် လျောင်ကျီချင်းက မသဲမကွဲ ရေရွတ်လိုက်သည်။
“မနှစ်က အဖေတို့ စက်ရုံကို လူသစ်တစ်ယောက် ပြောင်းလာတယ် သူက အလုပ်ပြောင်းတဲ့ မသန်စွမ်း စစ်သားတဲ့ ပြောကြတာတော့ ဟိုးအရင်တုန်းက လျှို့ဝှက်တပ်ဖွဲ့မှာ မစ်ရှင်တွေ အများကြီး လုပ်ခဲ့ဖူးတဲ့သူဆိုလားပဲ ...”
လိုင်တိက ထိုစကားကို အံ့ဩသွားဟန်ဆောင်လိုက်သည်။
“ဟယ် .. ဦးလေးလျောင်က ဘယ်စက်ရုံမှာ လုပ်တာလဲ ကျွန်မရဲ့ အမျိုးသားက ဟိုင်ချန် ဝိုင်ယာလက်စက်ရုံ အမှတ်(၂) မှာလေ ...”
လျောင်ကျီရှင်းက ပေါင်ကိုပုတ်ကာ ပြောလိုက်သည်။
“အတူတူပဲ ...”
ထိုသို့ဖြင့် သူတို့နှစ်ဦး၏ စကားဝိုင်းမှာ ပိုမိုကာ တရင်းတနှီး ဖြစ်လာကာ နေ့စဉ် တွေ့မြင်နေကျ တစ်ရွာတည်းသားများသဖွယ် ရင်းနှီးသွားကြတော့သည်။
လိုင်တိ၏ စကားလမ်းကြောင်းအောက်တွင် လျောင်ကျီရှင်းသည် သူ သိထားသမျှ အားလုံးကို ထုတ်ပြောမိသွားတော့သည်။ သူက စက်ရုံတစ်ခုလုံးအပေါ် ခြုံငုံသုံးသပ်ပြလိုက်ရုံသာမက အဖွဲ့ခေါင်းဆောင်၏ အကျင့်စရိုက်၊ နည်းပညာရှင်တစ်ဦး၏ လစာနှင့် အကျိုးခံစားခွင့်များအကြောင်းကိုပါ သူ သိထားသမျှ ပြောပြလိုက်သည်။
ထိုအချိန်က လစာမှာ အားလုံး သိသာမြင်သာသည့် အကြောင်းအရာဖြစ်ရာ လစာထုတ်သည့်နေ့သို့ ရောက်လေတိုင်း စက်ရုံ၏ ဒါရိုက်တာနှင့် အတွင်းရေးမှူးမှအပ အားလုံးသည် ငွေကြေးဌာနသို့ သွားကာ လက်မှတ်ထိုးပြီးမှ လစာထုတ်ယူရသည့်အတွက် မည်သည့်ဝန်ထမ်းက လစာ မည်မျှ ရကြောင်းကို အားလုံး သိထားကြပေသည်။ နည်းပညာရှင်ဟဲသည်လည်း စက်ရုံ၏ ဝန်ထမ်းတစ်ဦးပင် ဖြစ်ပေရာ သူ့လစာမှာ လျှို့ဝှက်ချက် မဟုတ်တော့ချေ။
လိုင်တိက စိတ်ဝင်တစားဖြင့် နားထောင်လိုက်သည်။ အချို့သော အကြောင်းအရာများမှာ အတိတ်ဘဝက သူမ သိထားသည့် အကြောင်းအရာများ ဖြစ်သော်လည်း သူမ မသိထားသည်များလည်း ပါရှိပေသည်။
ဥပမာအားဖြင့် မစ္စတာဟဲသည် စက်ရုံရှိ အလုပ်သမများအကြား အလွန် ရေပန်းစားကာ ရေဒီယိုဌာနမှ အစီအစဉ်တင်ဆက်သူဆိုလျှင် သူ့ထံ နေ့တိုင်း လာရောက်ကာ ချစ်ကြောင်းကြိုက်ကြောင်း လာပြောတတ်ကြောင်း၊ စက်ရုံအတွင်းရေးမှူးက သူ့ကို သူ့တူမဖြင့် မကြာခဏ မိတ်ဆက်ပေးလိုခဲ့ကြောင်း၊ သို့သော် နည်းပညာရှင်ဟဲက ငြင်းဆန်ခဲ့ကြောင်း အစရှိသည့် အကြောင်းအရာများ ဖြစ်သည်။
“ဒါပေမယ့် စိတ်ချပါ ပညာရှင်ဟဲက အရမ်းကို တည်ကြည်တဲ့သူ သူက သေချာပေါက်ကို လူကောင်းတစ်ယောက်ပါ ....”
လိုင်တိက ခပ်တိုးတိုး ရယ်လိုက်သည်။ သူမသည်လည်း လောင်ဟဲ မည်မျှအထိ တည်ကြည်ကြောင်း သိထားပေသည်။ သူမကို စောင့်ရှောက်ပေးခဲ့သည့် သုံးနှစ်အတွင်း ထိုလူသည် သူမ ဝတ်ထားသည့် အဝတ်အစားများ ပါးလွှာလေတိုင်း၊ ကြယ်သီးတစ်လုံးလုံး ပြုတ်နေလေတိုင်း ချက်ခြင်း အကြည့်လွှဲသွားလေ့ရှိသည်။ အဘိုးကြီးအဘွားကြီး ဖြစ်နေသည့်တိုင် သူ၏ အမျိုးသမီးများအပေါ် လေးစားတတ်သည့်စိတ်မှာ အသွေးထဲအသားထဲအထိ အရိုးစွဲနေပြီ ဖြစ်သည်။
ဤဘဝတွင် လက်ထပ်မှတ်ပုံတင်ယူရန် သဘောတူခဲ့ခြင်းမှာ သူ၏ မြင့်မားလှသော ကိုယ်ကျင့်တရားစံနှုန်းကြောင့် ဖြစ်သည်။ သူ့နေရာတွင် အခြားယောကျ်ားတစ်ဦးဦးသာ ဖြစ်ခဲ့ပါလျှင် ချင်းမိသားစု၏ အခြေအနေကို သိရသည်နှင့် တစ်ပြိုင်နက် လက်ထပ်မှတ်ပုံတင်ယူရန် လုံးဝ သဘောတူတော့မည် မဟုတ်ချေ။
မဆွတ်ခင်က ညွတ်ချင်နေသည့် မက်မွန်ပွင့်များအတွက်မူ .. သူမနည်းသူမဟန်ဖြင့် ကျိန်းသေ ရှင်းထုတ်ပစ်မည် ဖြစ်သည်။
“ကျွန်မတို့က လက်ထပ်ထားပြီးသားဆိုပေမယ့် တစ်ယောက်နဲ့တစ်ယောက် အဝေးကြီး ခွဲနေရတော့ ဒါနဲ့ ပတ်သက်ပြီး ကျွန်မတို့မှာ ဘာမှ တတ်နိုင်တာ မရှိဘူးလေ အစ်ကိုလျောင် .. ဒီလိုဆိုရင်ရော ဘယ်လိုလဲ ရှင် အိမ်ပြန်တဲ့အခါကျ သူ့အတွက် ပစ္စည်းလေးတွေ လူကြုံ သယ်သွားပေးပါလား ...”
လောင်ဟဲသည် အိမ်နှင့် အဝေးတွင် ရှိနေကာ သူ့မစ်ရှင်သည်လည်း နောက်ထပ် နှစ်ဝက်နီးပါးခန့် ကြာမြင့်ဦးမည် ဖြစ်သည့်အတွက် သူမဘက်မှ ပစ္စည်းများ ပို့ပေးသည့်တိုင် လက်ခံနိုင်လိမ့်မည် မဟုတ်ကြောင်းကို ချင်းလိုင်တိလည်း သိထားပေသည်။
လျောင်ကျီရှင်းက ထိုအကြောင်းကို သိမထား၊ ထို့ကြောင့် ဝမ်းသာအားရ သဘောတူလိုက်သည်။
“ကောင်းပြီလေ .. ကျွန်တော်လည်း ရှေ့အပတ်ကျ အိမ်ပြန်ဖို့ ရှိတယ် ဒီနေ့လည်း ဒေသထွက်ပစ္စည်းလေး နည်းနည်းပါးပါး ဝယ်မယ်ဆိုပြီး မြို့ပေါ် တက်လာတာ မနက်ဖြန်ကျ လူကြုံပါးမယ့် ပစ္စည်းတွေကို ပညာတတ်လူငယ်ဌာနကို ပို့ထားလိုက်လေ ...”
များမကြာမီ ထွန်စက်က ဘုံအဖွဲ့သို့ ရောက်ရှိသွားသည်။ လျောင်ကျီရှင်းက အရင်ဆုံး ထွန်စက်ပေါ်မှ ဆင်းသွားလိုက်၏။ သို့သော် ချင်းလိုင်တိကမူ ကောင်တီသို့ ရောက်ရှိရန် နောက်ထပ် မိနစ် ၂၀ နီးပါးခန့် ထပ်စီးရမည် ဖြစ်သည်။
ကောင်တီမြို့၏ သွင်ပြင်သဏ္ဌာန်သည် များစွာ ပြောင်းလဲမသွားသေးပေ။ လမ်းပေါ်တွင် တွေ့နေရသည့် လယ်သမားအရေအတွက်သာ ပိုပြီး များပြားလာခဲ့ပေသည်။
ဆောင်းဦး ရိတ်သိမ်းကာလအပြီးတွင် အချို့သောာ ထုတ်လုပ်ရေးအဖွဲ့များသည် ကောက်ပဲသီးနှံများကို ဖြန့်ချီခဲ့ကြသည်။ ထိုအခါ အမှန်တကယ် ငွေကြေး ပြတ်လပ်နေကြသည့် မိသားစုများသည် မြို့ပေါ်သို့ တက်ကာ ပဲပုပ်စေ့၊ ဆန် အစရှိသည်တို့ကို ငွေကြေးဖြင့် ဖလှယ်ကြသည်။
ကောင်တီဆေးရုံ၏ ဝန်ထမ်းအိမ်ယာကို ရှာတွေ့ပြီးနောက် အနီရောင်လက်ပတ် ဝတ်ဆင်ထားသူများကို တွေ့လိုက်ရသည့်အခါ ချင်းလိုင်တိသည် သူမ၏ ကျောပိုးအိတ်ကို အောက်ချလိုက်တော့သည်။
“ကောင်မလေး .. ဘာတွေ ရောင်းနေတာလဲ ...”
သိလိုစိတ်အပြည့်ဖြင့် လာမေးသူများ ရှိလာသော်ငြား ခြင်းတောင်းတစ်ခုလုံးအပြည့် ဖြစ်နေသည့် အရွက်ခြောက်များကို တွေ့လိုက်ရသည့်အခါ စိတ်ဝင်စားမှု ပျောက်ဆုံးသွားကြတော့သည်။
“အဒေါ် ကျွန်မမှာ ခမ်းတောက်မြစ် ကောင်းတာလေးတွေ ပါလာပါတယ်။ မိသားစုဝင်တွေထဲမှာ လည်ချောင်းနာတဲ့သူတို့ .. ဝမ်းချုပ်တဲ့သူတို့ ရှိရင် ရေထဲစိမ်ပြီး သောက်ပေးရုံပါပဲ ...”
လူတိုင်းက ထိုဆေးမြစ်အကြောင်း ကြားဖူးထားကြသော်လည်း နေမကောင်း မဖြစ်ဘဲ ထိုဆေးမြစ်ကို ဝယ်မည့်သူ ရှိနိုင်မည် မဟုတ်ချေ။ အချိန်အကြာကြီး ရောင်းချနေသည့်တိုင် သူမ၏ အိမ်သားမှာ လတ်တလောတွင် ဝမ်းချုပ်နေသည်ဟုဆိုကာ ဆင့် ၂၀ ဖြင့် ဝယ်သွားသည့် အဒေါ်ကြီးတစ်ဦးသာ ရှိခဲ့သည်။
ချင်းလိုင်တိကလည်း ဆေးမြစ်ဆေးပင်များသည် ဆန်ဖြူဆန်ချောနှင့် မတူကြောင်း ကောင်းကောင်းသိပေသည်။ ပထမဆုံးအချက်အနေဖြင့် ၎င်းတို့ကို လိုအပ်သူ အလွနန် နည်းပါးလှသည်။ ဒုတိယအချက်အနေဖြင့် သူမသည် ဆေးပင်အကြောင်း ကောင်းကောင်း မသိသူများက သူမ ရောင်းချသည့် ဆေးမြစ်အား အဆင်အခြင်မဲ့စွာ စားသုံးမည်ကို စိုးရိမ်ရသည်။
အကယ်၍ အမှားအယွင်း တစ်ခုခု ဖြစ်သွားခဲ့ပါလျှင် သူမ ရရှိထားသည့် အမြတ်များနှင့် မကာမိလောက်အောင်ပင် ဆုံးရှုံးရမည် ဖြစ်သည်။ ထို့ကြောင့် သူမသည် စိုးရိမ်ပူပန်စွာဖြင့် နောက်ထပ် တစ်နာရီခန့် ထပ်မံ စောင့်ဆိုင်းလိုက်သည်။ ထို့နောက် ဆေးရုံထဲမှ လူများ အလုပ်ဆင်းလာကြကာ မည်သူကမှ သူမကို အာရုံစိုက်မနေမှန်း သေချာမှသာ ခြင်းကို ကောက်ကိုင်ကာ ဆေးရုံ၏ ဆေးအရောင်းဌာနသို့ ထွက်သွားလိုက်တော့သည်။
လက်ရှိ၌ ဆေးအရောင်းဌာနတွင် အနောက်တိုင်းဆေးဝါးသာမက တရုတ်ရိုးရာဆေးများလည်း ရှိနေကာ တစ်နှစ်တည်း ဘွဲ့ရထားသည့် အနောက်တိုင်း ဆေးပညာရှင်နှင့် တရုတ်ဆေးပညာရှင်တို့ကိုပါ ပူးတွဲ အလုပ်ခန့်ထားသည်။ ချင်းလိုင်တိက ဌာနတစ်ခုလုံးကို အကဲခတ်ကြည့်လိုက်ပြီးနောက် နေဗီပြာရောင် အင်္ကျီကို ဝတ်ဆင်ထားသော ဆံပင်များသာမက မုတ်ဆိတ်ပါ ဆွတ်ဆွတ်ဖြူနေသည့် အဘိုးအိုကို မြင်လိုက်သည့်အခါ အလောတကြီး နှုတ်ဆက်လိုက်သည်။
“မင်္ဂလာပါ ဆရာ .. ခမ်းတောက်မြစ်များ လိုလား မသိဘူး ...”
ဆရာဝန်အိုကြီးက စိတ်မဝင်စား။ သတ္တိကောင်းသည့် လယ်သမားများသည် ဆေးဌာနသို့ ဆေးပင်များ မကြာခဏ လာရောက် ရောင်းချတတ်သော်ငြား ဂျင်ဆင်းနှင့် ထန်းမမြစ်မှလွဲ၍ သူသည် ယေဘုယျအားဖြင့် မည်သည့် ဆေးမြစ်ကိုမှ မလိုအပ်ချေ။
(ထန်းမမြစ် - ထန်းပင်ရဲ့ အမြစ်ကို ပြောချင်တာ မဟုတ်ပါဘူး သူ့ရဲ့ နာမည်က Gasrtodia elata ဖြစ်ပြီးတော့ သစ်ခွ အနွယ်ဝင် တစ်မျိုးပါတဲ့ ဂျပန်၊ တရုတ်၊ ကိုရီးယား စတဲ့ ဒေသတွေမှာ အဓိက တွေ့ရတတ်ပြီး ခေါင်းကိုက်ခေါင်းမူးတာနဲ့ ဝက်ရူးပြန်ရောဂါတွေကို ကုသဖို့ အဓိက သုံးပါတယ်တဲ့)
“ဒေါက်တာ တစ်ချက်လောက် ကြည့်ကြည့်ပါလား ဒါက သဘာဝအတိုင်း ပေါက်နေတဲ့ အလေ့ကျ အပင်ပါ ပြီးတော့ အမြစ်တွေလည်း အများကြီး ပါပါတယ် ....”
ဆရာဝန်အိုကြီး၏ ထွက်သွားမည့်ဟန် ပြင်နေသည့် ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။ လက်ရှိကာလ၌ ဆေးကုမ္ပဏီ အများစုမှ ရောင်းချသည့် ခမ်းတောက်မြစ်များသည် အများအပြား ထုတ်လုပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် လူအားစက်အားသုံးကာ စိုက်ပျိုးထားသည့် ဆေးပင်များ ဖြစ်ပေသည်။ တရုတ်ရိုးရာ တိုင်းရင်းဆေးပညာကို လေ့လာလိုက်စားသူများကမူ သဘာဝအတိုင်း ပေါက်ရောက်သည့် အပင်များကိုသာ ပိုမိုသဘောကျကြပေရာ ချင်းလိုင်တိ၏ စကားသည် အမှန်တကယ်ပင် အချိန်ကိုက် ဖြစ်သွားခဲ့ပေသည်။
“မင်းလည်း ယွင်လျန်ကို သိတယ်လား ...”
(ယွင်လျန်က သဘာဝတရားရဲ့ ဒြပ်စင်တွေနဲ့ သိသာထင်ရှားတဲ့ ရိုးရာဝိသေသလက္ခဏာတွေကို ပေါင်းစပ်ခြင်းလို့ ဆိုလိုပါတယ်တဲ့ ဆေးဖော်တာကို ပြောချင်တာလားတော့ မသိပေမယ့် raw မှာ ဒါနဲ့ပတ်သက်ပြီး ရှင်းပြထားတာ မပါတော့ အသံထွက်အတိုင်းပဲ ရေးလိုက်ပါတယ်)
“နည်းနည်းပါးပါးလေးပဲ သိတာပါ .. အရိုးသားဆုံး ပြောရရင် ငယ်ငယ်လေးတုန်းကတော့ အဘိုးနဲ့အတူတူ တိုင်းရင်းဆေးအကြောင်းကို နှစ်တော်တော်များများ လေ့လာခဲ့ဖူးပါတယ် တစ်ခါတစ်လေကျ သူ့နောက်ကို လိုက်ပြီး တောင်ပေါ်က ဆေးပင်တွေကို လိုက်ကြည့်တာမျိုး၊ ခူးတာမျိုး လုပ်ခဲ့ဖူးပါတယ် ...”
သမားတော်အိုကြီးက ခေါင်းငြိမ့်ပြလိုက်သည်။ စင်စစ်အားဖြင့် ပြည်သူများအကြားတွင် ကျွမ်းကျင်ပညာရှင်များ ရှားပါးခြင်း မရှိပေ။ သို့သော် တရုတ်တိုင်းရင်းဆေးပညာသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံခေတ် စတင်ချိန်ကတည်းက ပြင်းပြင်းထန်ထန် ဖိနှိပ်ခံခဲ့ရသည်။
တရုတ်တိုင်းရင်းဆေးပညာကို စွန့်လွှတ်ရန် ဖိအားပေးသည့် လုပ်ရပ်များပင် ရှိခဲ့ကာ အချို့သော ပညာရှင်များဆိုလျှင် လူသူအရောက်အပေါက်နည်းသည့် ကျေးလက်တောင်ပေါ်ဒေသများသို့ သွားရောက်ကာပင် အငြိမ်းစား ယူသွားကြတော့သည်။ ထို့ကြောင့် ထိုသို့သော ကျွမ်းကျင်သူများက သူတို့ တတ်ထားသည်များအား မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းပေးခဲ့မည်မှာ ပုံမှန်ပင် ဖြစ်ပေသည်။
“ဟေး .. ဘယ်လို ....”
ရိုးရိုးသာမန် ယွင်လျန်တောင် မဟုတ်ဘူး ...
ချင်းလိုင်တိက အလျင်အမြန် ရှင်းပြလိုက်သည်။
“ကျွန်မက ဒါကို ဝူကျူးယွီနဲ့ ရောပြီးတော့ လုပ်ထားတာပါ ဒါက ခမ်းတောက်မြစ်ရဲ့ ခါးသက်ပြီး အေးစက်တဲ့ အရသာကို လျော့ချပေးပြီးတော့ အစာအိမ်နဲ့ သရက်ရွက်အတွက်လည်း ကောင်းတယ်လေ ...”
ခမ်းတောက်မြစ်ကို ဆေးဖော်သည့် နည်းလမ်းများစွာ ရှိပေသည်။ အသုံးအများဆုံး နည်းလမ်းမှာ ၎င်းကို ရှာလကာရည်၊ အရက်၊ ဆားနှင့် ဂျင်းတို့ကို အသုံးပြု၍ ကြော်ချက်ခြင်းပင် ဖြစ်သည်။ သို့သော် ခမ်းတောက်မြစ်ကို ဆေးဖော်သည့် လုပ်ငန်းစဉ်မှာ အလွန် ဝန်များသည့်အပြင် အချိုးအစား လွဲမှားသွားပါက ပါဝင်ပစ္စည်းများ၏ ဆေးဖက်ဝင် အာနိသင်များ အလွယ်တကူ ပျက်စီးသွားနိုင်သည့်အတွက် အတွေ့အကြုံ ရင့်ကျက်သည့် ပြင်ဆင်သူမှအပ ထိုခမ်းတောက်မြစ်ကို ပြင်ဆင်နိုင်သူ များများစားစား မရှိချေ။ ထို့ကြောင့်လည်း ရှားပါးနေခြင်း ဖြစ်ပေသည်။